တစ်ယောက်ကိုတစ်ယောက်ကူညီရမယ်။
Vol. 158 Ch. 2368
ကောင်းကင်ဘုံ၀ံပုလွေ၏ မျက်လုံးထဲရှိ နတ်ဆိုးဆန်ဆန် အလင်းတစ်ခုက တောက်ပလာပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က အဆက်မပြတ် တင်းကျပ်ကာ ဖော်မပြတတ်သော အကြောက်တရားတစ်ခုက တစ်လိပ်လိပ် တိုးထွက်လာ၏။
“ကိုယ်တော်လေး မင်းကြောက်နေလား”
ကောင်းကင်ဘုံ၀ံပုလွေ၏ အသံက ခပ်ယဲ့ယဲ့ထွက်ပေါ်လာပြီး မကောင်းဆိုး၀ါးဆန်ဆန်ဖြင့် ခန်းမထဲမှာ ပဲ့တင်ထပ်သွား၏။
မင်းကျန်က သူ၏ ကြည်လင်ရှင်းလင်း၍ အပြစ်ကင်းစင်သော မျက်လုံးများနှင့် အတူ ကောင်းကင်ဘုံ၀ံပုလွေကို လှည့်ကြည့်လိုက်သည်။
ထိုမျက်လုံးများက လောကမှာရှိသော အသန့်စင်ဆုံးအရာဖြစ်ပုံရပြီး လျှို့၀ှက်ဆန်းကြယ်သော မြင့်မြတ်စွမ်းပကားနှင့် အန္တိမအကြင်နာမေတ္တာဓာတ်ကို ပိုင်ဆိုင်ထား၏။ အဲ့ဒါက လူတစ်ယောက်၏ နှလုံးသားထဲရှိ အပြစ်များအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်သည့်အလားပင်။
ထိုမျက်လုံးများနှင့်ဆုံမိသောအခါ ကောင်းကင်ဘုံ၀ံပုလွေက အရှက်ရမှုကို တကယ်ပဲခံစားလိုက်ရသည်။
အကြောက်တရားမျက်လုံး၏ ဓမ္မတာအိုကလည်း တိတ်တဆိတ်ပျက်ပြယ်သွား၏။
“ဒကာ ဘာများဖြစ်လို့လဲ။”
မင်းကျန်က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာမေးလိုက်သည်။
“ခင်ဗျားက ဘာလို့ကြောက်နေတာလဲ ကျုပ်ကို ပြောပြလေ။ ကျုပ်က ခင်ဗျားရဲ့ ပြဿနာကို ဖြေရှင်းပေးချင်ပေးနိုင်မှာပါ။”
“ငါ...”
ကောင်းကင်ဘုံ၀ံပုလွေက အလောတကြီး ရှင်းပြလိုက်သည်။
“ငါ့မှာ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘူး။ ငါက မင်းကို အရူးလုပ်ချင်ခဲ့ရုံပါပဲ။”
ထိုသို့ပြောပြီးနောက် ကောင်းကင်ဘုံ၀ံပုလွေက စိတ်သက်သာရာရပြီး ကျေနပ်နှစ်ခြိုက်သွား၏။
“ဟေး”
“ဟီးဟီးဟီး”
ကောင်းကင်ဘုံ၀ံပုလွေက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မင်းကျန်ကို ရူးကြောင်ကြောင်ပြုံးပြနေ၏။
မင်းကျန်၏ အကြည့်အောက်မှာ ကောင်းကင်ဘုံ၀ံပုလွေသည် ထူးဆန်းသော အခြေနေတစ်ခုသို့ ကျဆင်းသွားသည်။
ဘာကြောင့်ရယ်မသိ သူသည် အရမ်းကို ကျေနပ်သဘောကျလာပြီး သူ၏ ပတ်ပတ်လည်မှာရှိသော အရာရာတိုင်းက အရမ်းကိုလှပနေသည့်အလားပင်။
“အကုန်လုံးက မိုက်နေတာပဲ။”
ကောင်းကင်ဘုံ၀ံပုလွေက သူ၏ ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး အူမြူးအားရသော အမူအရာဖြင့် လက်ခုပ်လက်၀ါးတီးကာ ကြောင်တိကြောင်တောင်ပြုံးနေ၏။
ဘေးတစ်ဖက်မှာ ယန်ပေးချန်က ကြက်သီးမွေးညင်းများ ထလာခဲ့သည်။
ကူထုန်ယိုနှင့် ချိုးစစ်လောကလည်း ရင်ထိတ်သွား၏။
ကောင်းကင်ဘုံ၀ံပုလွေ၏ ကျင့်ကြံခြင်းနယ်ပယ်သည် ကိုယ်တော်လေးထက် ပိုမိုမြင့်မားသော်လည်း ကိုယ်တော်လေးက ဗုဒ္ဓဘာသာမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး သက်ရောက်ခြင်း လုံးဝမခံရသည်ကို ဘေးကနေရပ်ကြည့် နေသူများအနေဖြင့် သူတို့နှစ်ယောက်က တွေ့မြင်နေရ၏။
ထိုအစား ကောင်းကင်ဘုံ၀ံပုလွေသည် ကိုယ်တော်လေး၏ အကြည့်ဖြင့် သန့်စင်ရှင်းလင်းခံရပြီး သူက ထင်ယောင်ထင်မှား စိတ်ခံစားချက်တစ်ခုမှာ ကျဆင်းသွားခဲ့သည်။
ကူထုန်ယိုက သူ၏ ပုလွေကို လေထဲတွင် ညင်သာစွာရိုက်ချလိုက်သည်။
သူတို့က ငိုကြွေးနေသည့်အလား ပူဆွေးဝမ်းနည်းစရာကောင်းသော ရှိုက်သံကဲ့သို့ အသံတစ်ချို့ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံ၀ံပုလွေက ဆတ်ခနဲ တုန်ခါ၍ နိုးထလာခဲ့၏။
“ငါ.. စောစောက...”
ကောင်းကင်ဘုံ၀ံပုလွေ၏ မျက်လုံးက ပြူးကျယ်နေပြီးသူက စောစောက သူ၏ အပြုအမူကို တဖြည်းဖြည်းပြန်လည်မှတ်မိသွား၏။ ချက်ချင်းပင် သူ၏ မျက်နှာက နီမြန်းသွားပြီး သူက တွင်းတစ်တွင်းတူးကာ ပုန်းကွယ်ချင်စိတ် ပေါက်သွား၏။
“သေစမ်း ငါဆိုးဆိုးရွားရွား အရှက်ကွဲသွားခဲ့ပြီ။”
ကောင်းကင်ဘုံ၀ံပုလွေက စိတ်ထဲကနေ မကျေမနပ်နှင့် ကျိန်ဆဲလိုက်သည်။
“ဒကာ”
မင်းကျန်က ညင်သာစွာခေါ်လိုက်သည်။
“မလာနဲ့.. မခေါ်နဲ့.. ငါ့ကို မကြည့်နဲ့။”
ကောင်းကင်ဘုံ၀ံပုလွေက အရမ်းကို ကြောက်လန့်သွားပြီး သူ၏ ခေါင်းကို ဆတ်ခနဲခါကာ သူ၏ ဧရာမ၀ံပုလွေဦးခေါင်းက ပေါ်ထွက်လာ၏။
သူက သိုင်းတာအိုပင်မခန္ဓာနောက်သို့ အလောတကြီးပြေးသွားပြီး ပုန်းကွယ်နေလိုက်၏။
တကယ်တော့ မင်းကျန်သည် ကောင်းကင်ဘုံ၀ံပုလွေကို စတင်တိုက်ခိုက်ခဲ့ခြင်းမရှိပေ။
ကောင်းကင်ဘုံ၀ံပုလွေမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိနေသောကြောင့်သာ သူသည် မင်းကျန်၏ ဓမ္မတာအိုမှ တန်ပြန်ရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရခြင်းဖြစ်၏။
မင်းကျန်သည် ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကို ဆက်ခံထားပြီး အ၀ီစိကနေ ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်ကိုလည်း ရရှိထားခဲ့သည်။
သူ၏ ယခင်ဘဝမှာပင်လျှင် ကောင်းကင် ဘုံ၀ံပုလွေသည် ကျင့်ကြံမှုနယ်ပယ်တူပါက မင်းကျန်ကို ညှို့ငင်ဖမ်းစားနိုင်လိမ့်မည် မဟုတ်ချေ။
သက္ကတဘာသာစကားအရ အာနန္ဒာသည် ဝမ်းသာပျော်ရွှင်ခြင်းနှင့် အောင်ပွဲခံခြင်းဟု အဓိပ္ပာယ်ရပြီး စိတ်ခံစားချက် ခုနှစ်မျိုးမှာ ဝမ်းသာပျော်ရွှင်ခြင်းနှင့် ကိုက်ညီမှုရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် မင်းကျန်ကို စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများအကြောင်း ရှင်းပြပြီး ဝမ်းသာခြင်းရာထူးကို လက်ခံယူပေးဖို့ ထိုသူအား တောင်းဆိုလိုက်၏။
မင်းကျန်က ငြင်းပယ်ခြင်းမရှိပဲ အလွယ်တကူ သဘောတူလိုက်သည်။
“ထျန်ဟွမ်ဂိုဏ်းချုပ် မိုးကြိုးလေပြည် နန်းတော်က ကျင့်ကြံသူတွေကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ကျုပ်တို့မှာ အရေးကြီးကိစ္စရှိနေသေးတဲ့အတွက် ထျန်ဟွမ်ဂိုဏ်းမှာ ဆက်ပြီးတော့ ကြန့်ကြာနေလို့ မရတော့ပါဘူး။”
ကူထုန်ယိုနှင့် ချိုးစစ်လောက ရှေ့သို့ တက်လာပြီး နှုတ်ဆက်လိုက်ကြ၏။
“မင်းတို့နှစ်ယောက်က မိုးကြိုးလေပြည်နန်းတော်ကို ပြန်သွားကြမလို့လား။”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ကူထုန်ယိုက ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်တို့က ဒီတစ်ခေါက်မသေခဲ့ဘူးဆိုရင် ကျုပ်တို့နှစ်ယောက်က ဂိုဏ်းချုပ်ကို ကျေးဇူးတင်စကားပြောဖို့အတွက် ပြန်လာခဲ့ပါ့မယ်။”
ထိုသို့ပြောလိုက်သော်လည်း သူတို့က မိုးကြိုးလေပြည်နန်းတော်သို့ ရောက်လျှင် သေချာပေါက်သေရတော့မည်ကို ကူထုန်ယိုက သူ၏ ရင်ထဲမှာ သိထား၏။
“သွားကြတာပေါ့ ငါလည်း မင်းတို့နဲ့လိုက်ခဲ့မယ်။”
သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာ ပြောလိုက်၏။
ကူထုန်ယိုနှင့် ချိုးစစ်လော၏ မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုဖြင့် ဝင်းလက်သွား၏။
ချိုးစစ်လောက အဲ့ဒါကို မယုံကြည်နိုင်သေးဘဲ မေးလိုက်သည်။
“ဂိုဏ်းချုပ် ရှင်က ကျွန်မတို့ကို ကူညီဖို့ အတွက် မိုးကြိုးလေပြည်နန်းတော်ကို လိုက်လာမလို့လား။”
ထျန်ဟွမ်ဂိုဏ်းသည် မိုးကြိုးလေပြည်နန်းတော်မှ ကျင့်ကြံသူများကို လက်ခံပေးထားသည့်အတွက် သူတို့နှစ်ယောက်က ကျေနပ်နေကြပြီဖြစ်၏။ ယခု ထျန်ဟွမ်ဂိုဏ်းချုပ်ကပါ သူတို့ကို အကူညီပေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ယန်ပေးချန်က ပြောလိုက်၏။
“မပူပါနဲ့ မိုးကြိုးလေပြည်နန်းတော်က ဒုက္ခရောက်နေတယ်ဆိုမှတော့ ငါတို့တွေက ကီလိုမီတာသန်းချီကွာဝေးပြီး ကြီးမားတဲ့ အန္တရာယ်တောကို ဖြတ်ကျော်ရမယ်ဆိုရင်တောင် ငါတို့က ဒီတိုင်းထိုင်နေမှာမဟုတ်ဘူး။”
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက လူသားဧကရာဇ်၊ မိုးကြိုးဧကရာဇ်နှင့် ရှေးဟောင်းခေတ်မှ တခြားသောဧကရာဇ်များကြောင့် လူသားမျိုးနွယ်သည် ကျွန်ပြုခံရခြင်းကနေ လွတ်မြောက်လာပြီး စည်ပင်ထွန်းကားသောခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။
ဆူဇီမို၊ ယန်ပေးချန်နှင့် မင်းကျန်တို့အနေဖြင့် သူတို့သည် လူသားဧကရာဇ်၊ မိုးကြိုးဧကရာဇ်နှင့် ရှေးဟောင်းခေတ်မှ အခြားသောဧကရာဇ်များကို အစဥ်အမြဲ ရိုသေလေးစား၍ ကျေးဇူးတင်နေခဲ့ကြသည်။
ဒါ့အပြင် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူများအနေဖြင့် သူတို့သည် အထက်ဘုံသို့ တက်လှမ်းခဲ့ပြီး ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် ကြုံတွေ့ရကာ သူတို့အနေနှင့် ကျင့်ကြံဖို့က မလွယ်ကူလှပေ။ ထိုသို့ဆိုလျှင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကူညီရပေမည်။
“မိုးကြိုးဧကရာဇ် ဒုက္ခရောက်နေတယ်ဆို ငါလည်းလိုက်မယ်”
မင်းကျန်ကလည်း ရှေ့သို့ ထွက်လာခဲ့၏။
ကူထုန်ယိုက သူ၏ လက်သီးကို အနည်းငယ်ဆုပ်ပြီး စိတ်ခံစားချက် မြင့်မားစွာ မေးလိုက်၏။
“ဂိုဏ်းချုပ်.. ခင်ဗျားက တစ်ရက်အတွင်း လူဘယ်နှစ်ယောက်စုစည်းနိုင်မလဲ မသိဘူး။”
“ငါတို့သုံးယောက်ပဲလေ။”
သိုင်းတာအိုပင်မခန္ဓာက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
“အမ်”
ကူထုန်ယိုနှင့် ချိုးစစ်လောက မှင်သက်သွားကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ နောက်ဘက်မှာရပ်နေသာ ကောင်ကင်ဘုံ၀ံပုလွေကို တစ်ချက်ကြည့်လိုက်သည်။
“သူပါ ပါမယ်ဆိုရင် လေးယောက်ပေါ့။”
ကူထုန်ယိုနှင့် ချိူးစစ်လောက အကြည့်ခြင်း ဖလှယ်လိုက်ကြ၏။
သူတို့၏ စိတ်လှုပ်ရှားတက်ကြွမှုက တဖြေးဖြေးဖျော့တော့သွားပြီး သူတို့၏ စိတ်ခံစားချက်များကလည်း မှေးမှိန်သွား၏။
“ဂိုဏ်းချုပ် ခင်ဗျားက သန်မာတယ်ဆိုတာ ကျုပ်သိပါတယ်။”
ကူထုန်ယိုက ခဏမျှတွေးဆပြီးနောက် ပြောလိုက်၏။
“ဒါပေမဲ့ ဒီတစ်ခေါက် မိုးကြိုးလေပြည်နန်းတော် ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်လောက်ကြောက်စရာကောင်းလဲ ခင်ဗျားသိမှာ မဟုတ်လောက်သေးဘူး။”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။
“အန္တိမပကတိမိစ္ဆာ ယန်ကျစ်မလား။ ဟိုနှစ်ယောက်က အဲ့ဒါကို ပြောခဲ့သားပဲ။”
“မဟုတ်ဘူး အဲ့ဒါက ယန်ကျင်တင် မကဘူး။”
သိုင်းတာအိုပင်မခန္ဓာသည် အန္တိမ ပကတိမိစ္ဆာကို အလေးနက်ထားခြင်းရှိပုံ မရသည်ကို ကူထုန်ယိုက ခံစားနေရသည်။
သူက ရင်ထဲမှာ ဆို့နင့်သွားပြီး မကောင်းသောခံစားချက်တစ်ခုကို ရရှိလိုက်၏။
ကျင့်ကြံသူများကြား တိုက်ပွဲတစ်ခုမှာ အကြီးမားဆုံးပြုလုပ်တတ်သော အမှားသည် သူတို့၏ ပြိုင်ဘက်ကို အထင်သေးမိတတ်ကြခြင်းဖြစ်၏။
ဒါ့အပြင် သူ၏ ပြိုင်ဘက်က အန္တိမပကတိမိစ္ဆာ ဖြစ်နေ၏။
သူသည် နန်းတော်အရှင်နှင့် အန္တိမပကတိမိစ္ဆာ ယန်ကျစ်အကြား ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲကို သူ၏ မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့သည်။
အဲ့ဒါကို ကိုယ်တိုင်တွေ့ရခြင်းမရှိပဲ သူတို့သည် ထိုစွမ်းအား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို နားလည်သဘောပေါက်နိုင်လိမ့်မည် မဟုတ်ချေ။
ကူထုန်ယိုက သတိပေးလိုက်၏။
“ဂိုဏ်းချုပ်.. ယန်ကျစ်အပြင် အဲ့ဒီမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က ပကတိမိစ္ဆာသုံးဦးရှိနေသေးတယ်။ သူတို့တွေက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်-၄ နတ်မိမယ် ခရမ်းရောင်မြစ်ရယ် အဆင့်-၆ နဂါးမိစ္ဆာရယ်နဲ့ အဆင့်-၇ မိစ္ဆာဆေဘာလီပိုထျန်တို့ပဲ”
“ဪ ဟုတ်လား”
သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
ကူထုန်ယိုသည် ထိုအမည်လေးခုကို ပြောဆိုရင်း သိုင်းတာအိုပင်မခန္ဓာ၏ တုံ့ပြန်မှုကို လေ့လာအကဲခတ်ကြည့်နေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး သူ၏ အမူယာကို မတွေ့မြင်ရပေ။ သူ၏ မျက်လုံးများက မည်သည့်စိတ်ခံစားချက်မှမရှိပဲ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်နေ၏။
ယခု သိုင်းတာအိုပင်မခန္ဓာ၏ တုံ့ပြန်မှုကို တွေ့မြင်လိုက်ရပြီး ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုသူများ၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို မကြားဖူးလောက်ဘူးဟု ကူထုန်ယိုက ကောက်ချက်ချလိုက်သည်။
အဲ့ဒါက အမှန်ပင်ဖြစ်၏။ သိုင်းတာအို ပင်မခန္ဓာသည် သူတို့ကို တကယ်ပင် မကြားဖူးခဲ့ချေ။
ကူထုန်ယိုက ခဏမျှစဥ်းစားတွေးတောပြီး ရှင်းပြလိုက်၏။
“ဂိုဏ်းချုပ်.. စောစောက ခင်ဗျားသတ်ခဲ့တဲ့ ပကတိမိစ္ဆာနှစ်ဦးကို ပကတိဧကနယ်ပယ်မှာ အားနည်းတဲ့ ပကတိမိစ္ဆာတွေလို့ ဆိုနိုင်တယ်။”
“ပကတိဧကနယ်ပယ်ကို အဆင့် လေးဆင့်ခွဲထားတယ်.. အဲ့ဒါက ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ နတ္ထိ၀ိညာဥ်နဲ့ သုခဘုံလေဟာနယ်တို့ပဲ။”
“စောစောက သေသွားတဲ့ စန်းယန်နဲ့ ရှဲ့ဖုန်က အလွန်ဆုံး အာကာသသက်ရှိနယ်က ပကတိမိစ္ဆာတွေပဲ။ ပကတိမိစ္ဆာ အဆင့်သတ်မှတ်ချက်ပေါ်မှာ လူလေးယောက်ကတော့ သူတို့အားလုံးက ပကတိဧကနယ်ပယ်ရဲ့ အဆင့်-၄ သုခဘုံလေဟာနယ် နယ်ပယ်က ထိပ်သီးပညာရှင်တွေပဲ။”
“အင်း”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်၍ ခဏမျှရပ်တန့်ပြီးနောက် ပြောလိုက်၏။
“ငါ့အတွက်တော့ ကွာခြားမှုမရှိဘူး”
ကူထုန်ယိုသည် သိုင်းတာအိုပင်မခန္ဓာ ခေါင်းညိတ်ပြလိုက်သည်ကို တွေ့မြင်ချိန်မှာ တစ်ဖက်လူက သူဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားပြီဟု တွေးမိလိုက်၏။
သို့သော်လည်း နောက်ထပ်ထွက်ပေါ်လာသော ထိုသူ၏ စကားသံက သူနှင့် ချိုးစစ်လောကို တုန်လှုပ်သွားစေ၏။
သူတို့နှစ်ယောက်သည် သိုင်းတာအို ပင်မခန္ဓာကို ကြောင်အမှင်သက်နေသော အမူယာများဖြင့် ကြည့်လိုက်သည်။
သူတို့သည် အရင်က မောက်မာ ၀ံ့ကြွားသောလူများကို တွေ့မြင်ဖူးခဲ့သော်လည်း သူတို့သည် ဤမျှအထိ မောက်မာသောလူတစ်ယောက်ကို တွေ့မြင်ဖူးခဲ့လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အဲ့ဒါကို ရိုးရှင်းသောအရာတစ်ခုကို ပြောဆိုနေသည့်အလား သာမန်ကာလျှံကာ ပြောဆိုနေ၏။
သူတို့သည် အန္တိမပကတိမိစ္ဆာ၏ ကြောက်ဖို့ကောင်းသော နည်းလမ်းများကို ကိုယ်တိုင်မြင်တွေ့ခဲ့ခြင်း မရှိလျှင် သူတို့က သူ၏ စကားများကို ယုံကြည်ကောင်းယုံကြည်မိပေမည်။