← Chapters

မိစ္ဆာတစ်သန်းစစ်တပ်

Vol. 158 Ch. 2369

မိစ္ဆာတစ်သန်းစစ်တပ်

Vol. 158 Ch. 2369

ချိုးစစ်လောက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခဏမျှစဥ်းစားတွေးတောကာ မေးလိုက်၏။

“ဂိုဏ်းချုပ် ကျွန်မ မေးပါရစေ။ ရှင့်ရဲ့ ကျင့်ကြံမှုနယ်ပယ်က…”

သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုကို မပြောနိုင်ပေ။ တစ်ဖက်လူက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ မိစ္ဆာဘုရင်တစ်ပါး ဖြစ်နေပြီဆိုလျှင် သူတို့၏ စိုးရိမ်ပူပန်မှုများက အလကားသက်သက် ဖြစ်နေပေလိမ့်မည်။

“အဲ့ဒါက ပကတိဧကနယ်ပယ် ဖြစ်လောက်မယ်။”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ဒါပေမဲ့ ငါက အခုချိန်ထိ ကောင်းကင်ဘုံ ကပ်ဘေးကို မဖြတ်ကျော်ရသေးဘူး။”

ကူထုန်ယိုနှင့် ချိုးစစ်လောက မှင်သက်၍ ကြောင်အနေသွားသည်။

ထိုစကားတစ်ခွန်းမှာ သတင်းအချက်လက်များစွာ ပါ၀င်နေပြီး သူတို့နှစ်ယောက်က ခဏကြာသည့်အထိ မတုံ့ပြန်နိုင်ကြပေ။

ပုံမှန်အခြေနေအောက်မှာဆိုလျှင် ပကတိဧကနယ်ပယ်သို့ ၀င်ရောက်၍ တာအိုသစ်သီးများကိုစုခဲ့သော ကျင့်ကြံသူများသည် ကောင်းကင်ဘုံကပ်ဘေးများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။

သို့သော်လည်း ထျန်ဟွမ်ဂိုဏ်း၏ ဤဂိုဏ်းချုပ်သည် သူက ကောင်းကင်ဘုံ ကပ်ဘေးကို မဖြတ်ကျော်ရသေးဘူးဟု ပြောဆိုလိုက်ခြင်းက ဘာအဓိပ္ပာယ်လဲ။

သူ့မှာ လောကကို လှည့်စားပြီး ကောင်းကင်ဘုံလျှို့၀ှက်ချက်များကို ဖုံးကွယ်ပေးထားနိုင်သည့် နည်းလမ်းတချို့ရှိနေသည်ဟု ဆိုလိုတာလား။

ဒါ့အပြင် လူတစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးကို မဖြတ်ကျော်ရဘူးဆိုလျှင် သူတို့ကို ပကတိဧကနယ်မြေသို့ ၀င်ရောက်သွားပြီဟု မသတ်မှတ်နိုင်ပေ။

ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဥ်သည် ကောင်းကင်ဘုံကပ်ဘေးများကို ခုခံရရုံသာမကပဲ အဲ့ဒါသည် သူတို့၏ ခန္ဓာကိုယ် မျိုးဆက်သွေးနှင့် ဓမ္မတာအိုတို့ကို ဆေးကြောသန့်စင်ပေးကာ အစစ်အမှန် အမြုတေကို စုဖွဲ့စေနိုင်မည်ဖြစ်သည်။

သူက ကောင်းကင်ဘုံကပ်ဘေးကို မဖြတ်ကျော်ရသေးဘူးဆိုသည်မှာ ဘာအဓိပ္ပာယ်လဲ။

သူက ယခုအချိန်မှ ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်မည်ဆိုလျှင်တောင် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပကတိဧကနယ်ပယ်၏ ပေါင်းစည်းခြင်းနယ်ပယ်မှာသာ ရှိနေပေလိမ့်မည်။

သူက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တွေနဲ့ ဘယ်လိုတိုက်ခိုက်မှာလဲ။

ချိုးစစ်လောက အနည်းငယ် ကသိကအောက်ခံစားနေရ၏ ။ သို့သော်လည်း သူမက ယဥ်ကျေးစွာ ပြုံးပြပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ် မိုးကြိုးလေပြည်နန်းတော်ရဲ့ လက်ရှိအခြေနေနဲ့ ပတ်သက်ပြီး ကျွန်မတို့က ရှင့်ကို ရှင်းရှင်းလင်းလင်း မပြောရသေးဘူးနဲ့တူတယ်။”

“ဒီတစ်ခေါက်မှာ ကမ္ဘာမြေအဆင့်ဂိုဏ်း ၁၈ဂိုဏ်းက ပူးပေါင်းပြီး မိစ္ဆာစစ်တပ် ၁၈တပ်ကို ဖွဲ့စည်းထားကြတယ်။ သူတို့ကို အန္တိမပကတိမိစ္ဆာယန်ကျစ်၊ နတ်မိမယ်ခရမ်းရောင်မြစ်၊ နဂါးမိစ္ဆာနဲ့ လီပိုထန်တို့က ဦးဆောင်ထားကြတယ်.. လူပေါင်းနှစ်သိန်း၀န်းကျင်လောက်ရှိတယ်။”

“ကမ္ဘာ​မြေအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေကို ဖယ်ထားမယ်ဆိုရင်တောင် ပကတိမိစ္ဆာ ပညာရှင်တွေချည်းသက်သက် အယောက်ရေရာချီရှိတယ်”

“ဟုတ်လား”

သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်၏။

ချိုးစစ်လောသည် စကားပြောရင်း သူ့ကို ကြည့်သည်။ သိုင်းတာအိုပင်မခန္ဓာအနေဖြင့်နှုတ်ဆိတ်နေဖို့ မသင့်လျော်သည့်အတွက်သာ သူက သာမန်ကာလျှံကာ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

ချိုးစစ်လောက ဆက်ပြောလိုက်သည်။

“မိစ္ဆာစစ်တပ် ၁၈တပ်အပြင် အဲ့ဒီမှာ အရွယ်အစားအမျိုးမျိုးနဲ့ တခြားဂိုဏ်းနဲ့ အဖွဲ့အစည်း တစ်ရာကျော်ကလည်း ပါ၀င်ပူးပေါင်းလာကြတယ်။”

“မိစ္ဆာစစ်တပ် ၁၈တပ်နဲ့ အဲ့ဒီဂိုဏ်းအဖွဲ့အစည်းတွေကို ထည့်တွက်မယ်ဆိုရင် မိုးကြိုးလေပြည်နန်းတော်ကို ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ မိစ္ဆာကျင့်ကြံသူအရေအတွက်က တစ်သန်းကျော်နေပြီ။”

ချိုးစစ်လောက မိုးကြိုးလေပြည်နန်းတော် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကို အတတ်နိုင်ဆုံး ကြိုးစား၍ ရှင်းပြပေးနေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဂရုမစိုက်သည့်အလား တစ်ချိန်လုံး တူညီသောပုံစံဖြင့်ရှိနေသည်။

အန္တိမပကတိမိစ္ဆာ၏ အမိန့်အောက်ကနေ သန်မာသော မိစ္စာစစ်တပ် ၁၈တပ်က မိုးကြိုးလေပြည် နန်းတော်ကို ၀ိုင်းပတ်ပိတ်ဆို့ထားပြီး အဲ့ဒါကို ဘယ်သူက ခုခံနိုင်မှာလဲ။

ထို့ကြောင့်ပင်လျှင် မိုးကြိုးလေပြည်နန်းတော်မှ ကျင့်ကြံသူများကို မတူညီသော ဦးတည်ဘက်များခွဲ၍ ထွက်ပြေးကြဖို့ နန်းတော်အရှင်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သို့သော်ယခုအခါ ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မိုးကြိုးလေပြည်နန်းတော်သို့ သူနှင့်အတူ လူလေးယောက်ကိုသာ ခေါ်ဆောင်သွားလို၏။ အဲ့ဒါသည် ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်ခြင်းနှင့်တူနေပြီး သူတို့က အလကားသက်သက် သေရပေလိမ့်မည်။

“သွားကြတာပေါ့။”

သိုင်းတာအိုပင်မခန္ဓာက ယန်ပေးချန်၊ မင်းကျန်နှင့် ကောင်းကင်ဘုံ၀ံပုလွေကို ကြည့်လိုက်သည်။

“ငါတို့လေးယောက်ပဲ”

“ဟမ်”

ကူထုန်ယိုနှင့် ချိုးစစ်လောက အားပြတ်သွားသလို ခံစားလိုက်ရသည်။ ဤမျှအထိ စကားများစွာပြောဆိုပြီးတာတောင် သူတို့သည် ဂိုဏ်းချုပ်၏ သဘောထားကို ပြောင်းလဲမပေးနိုင်ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ငါတို့က လူတွေအများကြီး ခေါ်သွားမယ်ဆိုရင် မသင့်လျော်ဘူး”

ကူထုန်ယိုနှင့် ချိုးစစ်လောက သူ​ဆိုလိုသည့် အရာကို နားမလည်ဘဲ တွေဝေရှုပ်ထွေးသွားကြ၏။

သို့သော်လည်း သူတို့ထဲ မည်သူကမျှ ထပ်မံစကားပြောရန် စွမ်းအင်မကျန်ရှိတော့ချေ။

ထျန်ဟွမ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ စကားတစ်ခွန်းချင်းစီနှင့် အပြုအမူ တစ်ခုချင်းစီတိုင်းက ထူးခြားအံ့မခန်း ဖြစ်နေပုံရ၏။

“ကျုပ်တို့ အခုပဲသွားတော့မှာလား”

ကူထုန်ယိုက မသေချာသည့်အသံဖြင့် မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်သည်။

ချိုးစစ်လောက ထပ်မံ၍ သတိပေးလိုက်ရသည်။

“ဂိုဏ်းချုပ် ရှင်က ကပ်ဘေးဆင်းသက်ခြင်းကို အရင်ဖြတ်ကျော်လိုက်မယ်ဆိုရင် ပိုမကောင်းဘူးလား။”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“အဲ့ဒါကို အလောတကြီးလုပ်စရာ မလိုပါဘူး။”

ကူထုန်ယိုနှင့် ချိုးစစ်လော နှစ်ယောက်လုံး ပြောစရာစကားမဲ့သွားရ၏။

ထိုအချိန်မှစ၍ သူတို့နှစ်ယောက်သည် နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်ပြီး ထပ်မံ၍ မဖျောင်းဖျတော့ပေ။

သူတို့က ခန်းမထဲကနေ လျှောက်လှမ်းထွက်လာကြသည်။ ကောင်းကင်ဘုံ၀ံပုလွေက တစ်စုံတစ်ရာကို တွေးမိနေပုံရပြီး ရှေ့သို့နောက်တစ်ဖန် တက်လာခဲ့၏။ သူက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ပြောလိုက်၏။

“သခင် ကျုပ်ရဲ့ ပါရမီအလားအလာကို ကြည့်ပါဦး။ ကျုပ်က စိတ်ခံစားချက် ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေထဲက ဘယ်ဘွဲ့နဲ့ ကိုက်ညီမှုရှိမလဲ။”

ယန်ပေးချန်နှင့် မင်းကျန်တို့သည် စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများထဲမှာ ပါ၀င်လာပြီဆိုမှတော့ သူတို့သည် သူ့အမိန့်ကို နားထောင်ကြမည့်သူများ မဟုတ်ပေ။

ထိုသို့ဆိုမှတော့ သူကလည်း ထိုအဖွဲ့ထဲမှာ ၀င်ပါတာ ပိုကောင်းပေလိမ့်မည်။

စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများသည် အနာဂတ်တွင် မိစ္ဆာမဟာနယ်မြေမှာ အန္တိမနာမည်ဂုဏ်သတင်းတစ်ခုကို သေချာပေါက်ဖော်ဆောင်နိုင်တော့မည်ဟု သူက ယုံကြည်မိလာသည်။ သူက နေရာတစ်ခုကို ကြိုတင်ဦးထားရပေမည်။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို သေချာ ကြည့်လိုက်သည်။

“မင်းက အဆင့်မမီဘူး”

“ငါ...”

ကောင်းကင်ဘုံ၀ံပုလွေသည် သိုင်းတာအိုပင်မခန္ဓာကိုကြည့်ရင်း ဆဲဆိုတော့မည့်မတတ်ဖြစ်သွား၏။ သူက သူ၏ ပါးစပ်ကို ခပ်မြန်မြန်ပိတ်ပြီး သတိလစ်လုမတတ်ပင်။

“ကျုပ်က ဘာလို့ အဆင့်မမီရတာလဲ”

ကောင်းကင်ဘုံ၀ံပုလွေက မကျေမနပ်နှင့် အော်မေးလိုက်သည်။

“မင်းက သူတို့ကို ယှဥ်နိုင်လို့လား”

သိုင်းတာအိုပင်မခန္ဓာကိုယ်သည် ယန်ပေးချန်နှင့် မင်းကျန်ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။

ကောင်းကင်ဘုံ၀ံပုလွေသည် စောစောကတင် မင်းကျန်ကို ရှုံးနိမ့်ခဲ့ရပြီး သူသည် ယန်ပေးချန်ကိုလည်း အနိုင်မရလောက်ပေ။ သူသည် ယန်ပေးချန်နှင့် မင်းကျန်ကို တကယ်ပင် မယှဥ်နိုင်ပေ။

“အခုချိန်မှာ ခင်ဗျားက ဂိုဏ်းချုပ်ဖြစ်လာပြီး ကျုပ်ကတော့ ဘာမှမဟုတ်တော့ဘူး။ ခင်ဗျား ကျုပ်အတွက် ရာထူးတစ်ခုတော့ စီစဥ်ပေးရမယ်။”

ကောင်းကင်ဘုံ၀ံပုလွေက ဆက်ပြောလိုက်သည်။

“အဲ့ဒါက သိပ်ပြီးနိမ့်ကျနေလို့ မဖြစ်ဘူး။ အဲ့ဒါက ကျုပ်အပြင်ထွက်တဲ့အခါ မော်ကြွားနိုင်ပြီး ကျုပ်သွားလေရာ နေရာတိုင်းမှာ လူတိုင်းဖိန့်ဖိန့်တုန်ရတဲ့ ရာထူးတစ်ခုဖြစ်နေရမယ်။”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ စဥ်းစားတွေးတောပြီး ပြောလိုက်၏။

“ငါက အစီးအနင်းတောကောင်တစ်ကောင် လိုအပ်နေသေးသလိုပဲ”

ကောင်းကင်ဘုံ၀ံပုလွေသည် ခါးသက်သောအမူအရာတစ်ခုနှင့်အတူ ဆဲဆိုချင်စိတ်ကို ချုပ်တည်းလိုက်ရသည်။ သို့သော်လည်း ထျန်ဟွမ်ဂိုဏ်းကနေ ထွက်ခွာလာပြီးနောက် သူသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားပြီဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ ရောက်ရှိလာခဲ့၏။

ကောင်းကင်ဘုံ၀ံပုလွေအပါအ၀င် သိုင်းတာအိုပင်မခန္ဓာတို့ ခြောက်ယောက်အုပ်စုသည် ထျန်ဟွမ်ဂိုဏ်း၏ ပို့ဆောင်ရေး၀င်္ကပါသို့ သိပ်မကြာမီ ရောက်ရှိလာပြီး မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသသို့ ထွက်ခွာသွားကြ၏။

ထာ၀ရသစ်ပင်ကိုဗဟိုပြု၍ မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသက အဆက်မပြတ်ဖြန့်ကျက်သွားပြီး ကျယ်ပြောသော နယ်မြေဒေသတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ထာ၀ရသစ်ပင်သည် မိစ္ဆာမဟာနယ်မြေ၏ အထွတ်အမြတ် သစ်ပင်တစ်ပင်ဖြစ်၏။

ထာ၀ရသစ်ပင်ကြောင့် ဗဟိုချက်ဒေသ၏ နယ်မြေဒေသက နေရာတိုင်းမှာ သတ်ဖြတ်ခြင်းနှင့် ပြည့်နှက်နေ၏။ မရေမတွက်နိုင်သောဂိုဏ်းများနှင့် အဖွဲ့အစည်းများက နေရာတိုင်းမှာ တိုက်ခိုက်နေတတ်ကြပြီး အတောမသတ်နိုင်သော သွေးထွက်သံယိုတိုက်ပွဲများကို ဖြစ်ပေါ်နေစေသည်။

မရေမတွက်နိုင်သော ပညာရှင်များနှင့် သက်ရှိများက ဤနယ်မြေဒေသမှာ မြှုပ်နှံခံထားကြရ၏။ ဤနယ်မြေဒေသမှာ သေဆုံးခဲ့သော ကျင့်ကြံသူများက များလွန်းသောကြောင့် ဤကုန်းမြေက သွေးရောင်ပင်ပေါက်နေပြီဖြစ်၏။

မိစ္ဆာမဟာနယ်မြေ၏ ဘယ်ထောင့် ဘယ်နေရာက ထွက်ခွာလာသည်ဖြစ်စေ အနီရောင်ကုန်းမြေကို တွေ့မြင်ရသည်နှင့် သူတို့က ဗဟိုချက်ဒေသသို့ ၀င်ရောက်လာပြီဟု ဆိုလို၏။

မိုးကြိုးလေပြည်နန်းတော်…

နှစ်ပေါင်းထောင်ချီကာလအတွင်း မိစ္ဆာနယ်မြေ၏ ဗဟိုချက်ကုန်းမြေမှာ ဤဂိုဏ်းက ရုတ်တရက် ပေါ်ထွက်လာပြီး နန်းတော်အရှင် ဖုန့်စန်းထျန်ကြောင့် အလွန်တစ်ရာ လျင်မြန်စွာ မြင့်မားတိုးတက်လာခဲ့၏။

နန်းတော်အရှင်ဖုန့်စန်းထျန်က အရမ်းကို သန်မာပြီး အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သည်။ သို့သော်လည်း မိုးကြိုးလေပြည်နန်းတော်၏ အယူအဆနှင့် သဘောထားသည် ဘေးပတ်၀န်းကျင်မှ မိစ္ဆာဂိုဏ်းများနှင့် သဟဇာတမဖြစ်ခဲ့ပေ။

မိုးကြိုးလေပြည်နန်းတော်မှာ အောက်ဘုံလောကနှင့် အထက်ဘုံလောကမှ သက်ရှိများအားလုံးကို တူညီစွာဆက်ဆံရ၏။ မိစ္ဆာနယ်မြေမှ ကျင့်ကြံသူအများစုအတွက် အဲ့ဒါသည် အစဥ်အလာကိုသွေဖယ်နေခြင်း ဖြစ်သည်။

မိုးကောင်ကင်းကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာဖြစ်စေ မိစ္ဆာမဟာနယ်မြေမှာဖြစ်စေ ခွန်အားကသာ အရာရာကိုကြီးစိုးသည်ဟု သူတို့က ယုံကြည်ကြ၏။

မိစ္ဆာမဟာနယ်မြေမှာ ဤကဲ့သို့သော သဘောတရားတစ်ခုက ပို၍ပင် အစွန်းရောက်နေ၏။

အောက်ဘုံလောကမှ တက်လှမ်းလာသော ကျင့်ကြံသူများနှင့် သက်ရှိများသည် ကျွန်ပြုခံရဖို့အတွက် မွေးဖွားလာပြီး အခြားသူများထက် ပိုမိုနိမ့်ကျသည်။ သူတို့က မွေးရာပါ နိမ့်ကျသက်ရှိများဖြစ်ကြသည်။

တကယ်တော့ မိုးကြိုးလေပြည်နန်းတော်၏ အယူအဆနှင့် သဘောထားကို လိုလားသော လူတစ်ချို့ကလည်း မိစ္ဆာမဟာနယ်မြေမှာ ရှိနေ၏။

ကူထုန်ယိုနှင့် ချိုးစစ်လောက သူတို့ထဲမှာ ပါ၀င်လေသည်။

သို့သော်လည်း မိုးကြိုးလေပြည်နန်းတော် ကြီးထွားလာသည်နှင့်အမျှ သူတို့သည် ဘေးပတ်၀န်းကျင်ရှိ ဂိုဏ်းများ၊ အဖွဲ့စည်းများနှင့် ပဋိပက္ခများ ဖြစ်ပွားပြီး ပို၍ပင်ပြင်းထန်ကြမ်းတမ်းလာ၏။

အစပိုင်းမှာတော့ ထိုအဖွဲ့စည်းများသည် မိုးကြိုးလေပြည်နန်းတော်မှ နန်းတော်အရှင်၏ ခွန်အားကို စိုးရိမ်ထိတ်လန့်နေပြီး အလျင်စလို မတိုက်ခိုက်ရဲကြပေ။

နောက်ပိုင်းမှာ မိုးကြိုးလေပြည်နန်းတော်၏ နန်းတော်အရှင်သည် ဂမ္ဘီရမိုးကောင်ကင်အင်မော်တယ် မဟာနယ်​မြေကနေ ရောက်ရှိလာသည်ဆိုတာကို သူတို့ဖော်ထုတ်မိချိန်မှာ မျှခြေက ချက်ချင်းပင်ကျိုးပျက်သွားပြီး ဗဟိုချက်ဒေသမှ မိစ္ဆာများက သူ့ကို တိုက်ခိုက်လာကြသည်။

အန္တိမပကတိမိစ္ဆာယန်ကျစ်က ပေါ်ထွက်လာပြီး ဖုန့်စန်းထျန်နှင့် တစ်ယောက်ချင်းတိုက်ခိုက်ဖို့အတွက် မိုးကြိုးလေပြည်နန်းတော်သို့ ရောက်ရှိလာခဲ့၏။

ဤတိုက်ပွဲက လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့၏။

တိုက်ပွဲက သရေရလဒ်ဖြင့် အဆုံးသတ်သွားပြီး ယန်ကျစ်က အချည်းနှီးပြန်သွားခဲ့ရသည်။

ထို့နောက် ယန်ကျစ်သည် အင်အားများစွာကို စုစည်းခဲ့ပြီး နတ်မိမယ်ခရမ်းရောင်မြစ်အပြင် နဂါးမိစ္ဆာနှင့် မိစ္ဆာဆေဘာလီပိုထျန်တို့က တစ်ယောက်ပြီးတစ်ယောက် သူနှင့် ပူးပေါင်းလာကြသည်။ သူတို့သည် မိစ္ဆာစစ်တပ် ၁၈တပ်ကို ဖွဲ့စည်းခဲ့ကြ၏။ အနီးအနား ၀န်းကျင်မှာ ရာနှင့်ချီသောဂိုဏ်းများ၊ အဖွဲ့စည်းများနှင့်အတူ မိုးကြိုးလေပြည်နန်းတော်ကိုတိုက်ခိုက်ရန် သန်မာသော မိစ္ဆာတစ်သန်းစစ်တပ်ကို သူတို့က ဖွဲ့စည်းလိုက်ကြ၏။

All Chapters