← Chapters

အခန်း (၇၅၁-၇၅၅)

Vol. 51 Ch. 751-755

အခန်း (၇၅၁-၇၅၅)

Vol. 51 Ch. 751-755

အခန်း ၇၅၁ အိုင်ဒီအတု

ကုနင်း သန့်စင်ခန်းထဲတွင် အဝတ်အစားများသွားလဲကာ ဘေ့ဘောဦးထုပ်တစ်လုံးကိုပါ ဆောင်းလိုက်တာကြောင့် သူမကို ယောကျ်ားလား မိန်းမလားတောင် ခွဲခြားနိုင်ကြတော့မည်မဟုတ်ပေ။

သူမ ချီကျီယွဲ့နှင့်ထန်ယရှင်းကို စောင့်နေရင်း ကေ့ထံသို့ဖုန်းဆက်လိုက်သည်။

ကုနင်း ဖုန်းဆက်လိုက်ပြီး စကားစမပြောရသေးခင်တွင်ပဲ ကေကစတင်စကားဆိုလာသည်။ “ဘော့စ်၊ ငါအခုပဲ မင်းဆီ မူဝမ်ချီအကြောင်း အီးမေးလ်ပို့ထားတယ်။ မင်းဆီ ပို့ထားပြီးကြောင်း စာပို့မလိုရှိသေးတယ်၊ မင်းရဲ့ဖုန်းဝင်လာရော၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ!”

“ဟုတ်ပြီ။” ကုနင်း အသိအမှတ်ပြုလိုက်ကာ၊ “နင် ငါ့အတွက် အိုင်ဒီအတုလုပ်ပေးလို့ရမလား? ရဲဘက်လုံခြုံရေးစနစ်တွေကတောင် ရှာလို့မတွေ့နိုင်မဲ့ဟာမျိုးလေ?”

“ရတာပေါ့။” ကေသဘောတူလိုက်ပြီးနောက် စနောက်ကာ၊ “ဘာလဲ? မင်းတရားမဝင်တာတစ်ခုခုလုပ်မလို့လား?”

“ဟုတ်တယ်၊ ဒါကြောင့် ငါ့အိုင်ဒီအစစ်ကို သုံးလို့မရဘူးလေ။” ကုနင်း ဝန်ခံလိုက်ပြီးနောက် ကေ့ကို ပြန်ခြိမ်းခြောက်လိုက်သည်။ “ငါ နင့်ကိုဓါတ်ပုံတစ်ပုံပို့လိုက်မယ်။ ငါနဲ့နည်းနည်းမတူအောင် ပြင်လိုက်။ မဟုတ်လို့ ရဲတွေ ငါ့ကိုမိသွားရင် ပြဿနာတက်သွားလိမ့်မယ်!”

“ဟ-ဟ၊ ရတာပေါ့။”

“ကောင်းပြီ၊ ငါအခုပဲ အချက်အလက်တွေပို့ပေးလိုက်မယ်။” ထို့နောက် ကုနင်း ဖုန်းချလိုက်ကာ ကေထံသို့ စာတစ်စောင်ပို့လိုက်သည်။

အမည် : ထန်အိုက်နင်း

အသက် : ၂၂

မွေးရပ် : Dမြို့ရဲ့ တစ်နေရာရာ

ထို့နောက် ကုနင်း ကေထံသို့ ဓါတ်ပုံ၂ပုံပါပို့လိုက်သည်။ တစ်ပုံကတော့ သူမ၏လက်ရှိပုံဖြစ်ကာ ကျန်တစ်ပုံကတော့ ‘ထန်အိုက်နင်း’၏ ပုံဖြစ်သည်။ သူမ၏အိုင်ဒီပုံကို ပြန်ယူလို့မရတာကြောင့် လက်ရှိပုံကိုသာ ‘ထန်အိုက်နင်း’နှင့်ဆင်တူအောင် ကေကို ပြင်ခိုင်းလိုက်ခြင်းဖြစ်သည်။

ပုံထဲမှ‘ထန်အိုက်နင်း’သည် ကုနင်းနှင့်အလွန်ကွဲပြားတာကြောင့် သာမာန်လူများအနေနှင့် သူမကိုမှတ်မိနိုင်စရာအကြောင်းမရှိပေ။ ဒါပေါ့ ကုနင်းနျင့်ရင်းနှီးထားတဲ့လူတွေကတော့ မှတ်မိမှာပါ။

လင်ရှောင်းထင်ဆိုလျှင်တော့ မှတ်မိနိုင်မည်ဟု ကုနင်းယုံကြည်မိသည်။

ချီကျီယွဲ့အကြောင်း ကုနင်းနားလည်ထားသလောက်တော့ သေချာပေါက် ကုနင်း ထန်အိုက်နင်းနာမည်ကို ထုတ်ပြောလိုက်သည်နှင့် ချက်ချင်းသူမအကြောင်းများ စုံစမ်းပြီး ယူအက်စ်ဘီကို ရဖို့နည်းမျိုးစုံသုံးကာကြိုးပမ်းပေလိမ့်မည်။ ထန်အိုက်နင်းကိုသာ ရှာမတွေ့ခဲ့ဘူးဆိုလျှင် ဒါက ပျော်စရာကောင်းတော့မည်မဟုတ်တာကြောင့် ကုနင်းကစားပွဲကို ဆက်လက်နိုင်ရန်အတွက် အိုင်ဒီအတုကို ပြုလုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။

‘ထန်အိုက်နင်း’၏ဓါတ်ပုံကိုမြင်လိုက်တော့ ကေကိုယ်တိုင်လဲ ကုနင်း မိတ်ကပ်အထူကြီးလိမ်းလိုက်သည်နှင့် မမှတ်မိနိုင်ဖြစ်သွားရတာကြောင့် အလွန်အံ့အားသင့်လို့သွားသည်။ သိထားပြီးသားကိစ္စဖြစ်တာကြောင့် ပုံနှစ်ပုံကြားမှာ တူညီသည့်မျက်နှာအစိတ်အပိုင်းများကို သူတွေ့ခဲ့ပေမည့် တကယ်တမ်း ထိုတူညီချက်များမှာ သိပ်မသိသာလှပေ။

“ဘာဖြစ်လို့လဲ?” ရေချိုးပြီးထွက်လာသည့် ချန်စန်းယိက ဆိုဖာထက်ရှိ ကေ၏အလွန်အံ့ဩနေသည့် အမူအရာကြောင့် သိချင်သွားကာမေးလိုက်သည်။

ထိုအခိုက်အတန့်တွင်ပဲ ကေအကြံတစ်ခုပေါ်လာကာ ပြုံးလိုက်ပြီး၊ “ငါမိန်းမလှလေးတွေပုံကြည့်နေတာ။ မင်းရော လာကြည့်ပါလား။” ကုနင်းကို ချန်စန်းယိမှတ်မိလောက်မလားဟု ကေသိချင်လာခြင်းဖြစ်သည်။

ထိုစကားကြောင့် ချန်စန်းယိ အလိုမကျစွာဖြင့် မျက်မှောင်ကြုံ့သွားတော့သည်။ ကေ့လို မိန်းကလေးတွေကို အာရုံမထားလေ့မရှိသည့်လူကို ဘယ်လိုမိန်းမလှလေးကများ ဆွဲဆောင်သွားနိုင်လဲဆိုသည်ကို သူလဲ သိချင်ပေသည်။

ချန်စန်းယိ ပုံကိုခဏလောက်ကြည့်လိုက်ပြီးနောက်၊ “သူကလှပါတယ်။ ဒါပေမယ့် သူ့မိတ်ကပ်မပါတဲ့ပုံက ဘယ်လိုများလဲ သိချင်မိသား။ ဒီနေ့ခေတ်မိန်းမတော်တော်များများက မိတ်ကပ်မပါဘဲနဲ့ လမ်းပေါ်မထွက်ရဲကြဘူးလေ။”

“ဟ-ဟ၊ မင်းပြောတာမှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိတ်ကပ်မပါတဲ့မျက်နှာကို မြင်ပြီးရင် မင်းဘာပြောမလဲ ငါမတွေးတတ်တော့ဘူး။” ကေပြုံးလိုက်သည်။ သူ့အသံအရ သူမသည် အလှစစ်လေးဖြစ်ကြောင်း ယုံကြည်ချက်ရှိနေပုံပင်။

ကုနင်းသည် တကယ်ကိုပဲ မိတ်ကပ်လိမ်းထားထား မလိမ်းထားထား အစစ်အမှန်လှပသူဖြစ်ပေသည်။

“မင်းသူ့ကို အရင်တွေ့ဖူးလို့လား?” ချန်စန်းယိ မျက်မှောင်ကြုတ်သွားသည်။ ပုံမှန်ဆိုရင် မိန်းကလေးတစ်ယောက်က မိတ်ကပ်မပါဘဲ အပြင်မှမထွက်ကြတာ။ ကေသာ ဒီမိန်းကလေးရဲ့ မိတ်ကပ်မပါတဲ့မျက်နှာကို မြင်ဖူးထားတယ်ဆိုရင် ဆိုလိုတာက….ချန်စန်းယိ ရှည်ရှည်ဝေးဝေးကို တွေးမိသွားကာ ပိုလို့ပင်မအလိုမကျဖြစ်လာတော့သည်။ သူဒီလိုမျိုးမခံစားရသင့်မှန်းလဲ သိပေမည့် မထိန်းချုပ်နိုင်ပေ။

“တွေ့ဖူးတယ်။ တကယ်တော့ မင်းတောင်မှ သူမိတ်ကပ်မပါတဲ့ပုံကိုတွေ့ဖူးသေးတယ်။”

“ဘာ?” ချန်စန်းယိ နားမလည်နိုင်ဖြစ်လို့သွားသည်။ “ငါလဲတွေ့ဖူးတာလား?”

မိတ်ကပ်လိမ်းထားလျှင် အလွန်ကွာခြားလွန်းသည်မှန်သော်လည်း မိန်းမတစ်ယောက်၏မျက်နှာသွင်ပြင်ကို အလုံးစုံပြောင်းလဲပစ်လိုက်နိုင်သည်တော့ မဟုတ်ပေ။ ထို့အပြင် သူက ထိုမိန်းမ၏ပုံကိုလဲ သဘောမကျနေပေ။

ချန်စန်းယိ ထပ်ပြီးအနီးကပ်ကြည့်လိုက်သည်။ သူမကို နည်းနည်းလောက်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း ဘယ်မှာမြင်ဖူးလဲဆိုသည်ကိုတော့ ဘယ်လိုမှပြန်မတွေးနိုင်ပေ။ တကယ်တမ်းလဲ ချန်စန်းယိသည် ကုနင်းကို နှစ်ကြိမ်သာမြင်ဖူးတာကြောင့် လက်ရှိသူမပုံစံကို မမှတ်မိသည်က ပုံမှန်သာဖြစ်သည်။

“ဟုတ်ပါပြီ၊ ငါပဲပြောပြပါတော့မယ်။ သူက ငါတို့ဘော့စ်လေ။”

“ဘာ? တကယ်လား?” ချန်စန်းယိ အလွန်အံ့အားသင့်သွားတော့သည်။

ထို့နောက် ကေက သူ့ကိုကုနင်းလုပ်ခိုင်းသည့်ကိစ္စအကြောင်း ချန်စန်းယိကိုပြန်ပြောပြလိုက်သည်။

ထိုအမျိုးသမီးက ကုနင်းဖြစ်ကြောင်း ချန်စန်းယိသိသွားသည်နှင့် အစောဖြစ်ပေါ်လာသည့် အလိုမကျမှုများ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

ကေသည် အလုပ်အလွန်ကြိုးစားသူဖြစ်ကာ မိနစ်အနည်းငယ်နှင့်ပင် ကုနင်းပြောသလို အိုင်ဒီပုံကို ပြင်ဆင်ပြီးသွားပေပြီ။

ကုနင်းလဲ ထိုပုံကိုသဘောကျခဲ့သည်။

နောက်မိနစ်အနည်းငယ်ထပ်အကြာတွင်တော့ ကေက Dမြို့ရဲဘက်လုံခြုံရေးစနစ်ကို ဖောက်ဝင်ကာ အိုင်ဒီအတုတစ်ခုကို အောင်အောင်မြင်မြင်ထည့်သွင်းလိုက်နိုင်ခဲ့သည်။

နာရီဝက်မျှအကြာတွင်တော့ ချီကျီယွဲ့တို့အဖွဲ့ သီးသန့်ခန်းမှ ပြန်ထွက်လာကြသည်။

ကုနင်းက ဝတ်စုံသစ်ပြောင်းလဲဝတ်ဆင်ထားတာကြောင့် သူမအနားသို့ ထိုအဖွဲ့နီးလာတာတောင်မှ ဘယ်သူကမှ သူမကိုမမှတ်မိကြပေ။

“ဥက္ကဌချီ၊ သခင်လေးမူ။ နောက်မှတွေ့ကြတာပေါ့!” အတွင်းရေးမှူးကျန်းက နှုတ်ဆက်လိုက်သည်။

“နောက်မှတွေ့တာပေါ့!” ချီကျီယွဲ့လဲ ပြန်နှုတ်ဆက်လိုက်ကာ အတွင်းရေးမှူးကျန်း ပြန်သွားတော့သည်။

“ကျီယွဲ့၊ ငါတို့ ခနတဖြုတ်လောက် မြေကမ္ဘာကလပ်မှာ သွားပြီးအပန်းဖြေကြရင်မကောင်းဘူးလား?” မူဝမ်ချီက အဆိုပြုလိုက်သည်။ “ငါတို့အပျော်သဘော အလောင်းအစားလေးလဲ လုပ်လို့ရတာပေါ့။”

“သွားတာပေါ့!” ချီကျီယွဲ့သဘောတူလိုက်သည်။ ကုနင်းရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ချီကျီယွဲ့ကော ထန်ယရှင်းပါ စိတ်အခြေအနေမကောင်းကြေပေမည့် မူဝမ်ချီ၏ဖိတ်ကြားချက်ကို မငြင်းဆန်နိုင်ကြပေ။

ကုနင်းလဲ သူတို့အဖွဲ့နောက်က တောက်လျှောက်လိုက်ကာ မြေကမ္ဘာကလပ်ကို တက္ကစီငှားပြီးလိုက်သွားသည်။

သူတို့ရောက်သည့်အချိန်တွင်တော့ ကုနင်း ‘ထန်အိုက်နင်း’ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးကာမှ လောင်းကစားခန်းမရှိရာသို့ လိုက်သွားခဲ့သည်။

သူမအရင်ဆုံး ယွမ်၁သောင်းဖိုး တိုကင်လဲလိုက်ပေမည့် ချီကျီယွဲ့ရှိရာသို့ ချက်ချင်းမသွားခဲ့ပေ။ ထိုအစား တစ်ယောက်တည်း ပွဲအနည်းငယ်ခန့်ဆော့နေလိုက်ပေမည်။ ဒီလိုဆိုရင် သူမကိုရုတ်တရက်တွေ့လိုက်ရသည့်အပေါ် ချီကျီယွဲ့လဲ ထူးဆန်းသည်ဟု တွေးနေတော့မည်မဟုတ်ပေ။

ထို့နောက် ကုနင်း ရိုလာဒ်စက်ရှိရာသို့သွားလိုက်သည်။

ရိုလာဒ်စက်တစ်ခုစီတိုင်းတွင် ဒိုင်က ရိုလာဒ်ဘီးကို တစ်ဖက်သို့လှည့်လိုက်ပြီးနောက် ဘောလုံးကို ဆန့်ကျင်ဘက်လားရာအတိုင်း ဘီးပတ်လည်သို့ လှိမ့်လိုက်မည်ဖြစ်သည်။ ထိုဘောလုံး၏အရှိန်ကုန်သွားကာ လမ်းကြောင်းထဲသို့ဝင်သွားပြီးနောက် ဘီးအစွန်းတစ်လျှောက်တွင် ရှိနေမည့် အမျိုးမျိုးသော အရောင်စုံနှင့် နံပါတ်ခွက်များစီသို့ရောက်သွားမည်ဖြစ်သည်။

ကစားသူများက ဘောလုံးကျရောက်နိုင်သည့် နံပါတ်ခွက်၁-၃၆အထိ လောင်းကြေးထပ်နိုင်မည်ဖြစ်ပေမည့် လောင်းကြေးများက ကာစီနိုင်ပိုင်ဆိုင်မှုထဲရောက်သွားမည်မဟုတ်ပေ။ ဒိုင်က နိုင်ကြေးများကို လောင်းကြေးမှန်သွားသည့် မည်သည့်ကစားသူကိုမဆိုပေးလိုက်မည်သာဖြစ်သည်။

ကုနင်းက ဒီကစားနည်း၏စည်းမျဉ်းများနှင့် မရင်းနှီးတာကြောင့် အပျော်သဘောသာ ကစားမည်ဖြစ်ပြီး သူမ၏ကျောက်စိမ်းမျက်ဝန်းကလဲ ဒီလိုကစားနည်းမျိုးတွင်တော့ အသုံးမဝင်ပေ။

သူမကျောက်စိမ်းမျက်ဝန်းကို မသုံးနိုင်ရင်တောင်မှ သူမ၏ကံကောင်းမှုလေးက ရှိနေစဲဖြစ်ကာ ပွဲပေါင်းများစွာကစားပြီးနောက် ယွမ်ထောင်ပေါင်းများစွာတန်သည့်တိုကင်များနိုင်လာခဲ့သည်။ သို့ပေမည့် ကုနင်း အပျော်သာကစားခြင်းဖြစ်တာကြောင့် ငွေအများကြီးရအောင် မလုပ်ခဲ့ပေ။

***

အခန်း ၇၅၂ ကုနင်းနှင့်ချီကျီယွဲ့ ထပ်တွေ့ကြပြန်တယ်

ကုနင်း ကစားနေစဉ်အတွင်း ချီကျီယွဲ့တို့အဖွဲ့ကို မျက်စိဒေါက်ထောက်လိုက်ကြည့်ဖို့ကိုလဲ မမေ့လျော့ပေ။ သူတို့က ဘဲဥပုံစားပွဲဝိုင်းတွင် ရှိနေကြခြင်းဖြစ်ကာ စစ်ပေါ်ကစားနည်းကစားဖို့ ပြင်နေကြသည်။ ထိုမြင်ကွင်းကြောင့် ကုနင်းထိုနေရာသို့ လျှောက်သွားလိုက်သည်။

စားပွဲနားတွင် လူများစွာရှိနေခြင်းကြောင့် သူမကို သူတို့သတိမထားမိကြပေ။

ချီကျီယွဲ့တို့အဖွဲ့က ဘယ်ဘက်တွင်ထိုင်နေကာ ကုနင်းကတော့ ညာဘက်အခြမ်းကိုသွားလိုက်သည်။

ဒိုင်က အံစာခွက်ကို အချိန်တစ်ခုအထိလှုပ်ရမ်းပြီးနောက် စားပွဲပေါ်သို့ချလိုက်ပြီး ကစားသူများလဲ စတင်လောင်းကြေးထပ်ကြတော့သည်။

“လောင်းကြေးရပ်ပါမယ်။”

ဒိုင်က အံစာခွက်ကို ဖိထားကာ ရလဒ်ကိုဖွင့်တော့မည့်ပုံစံပြလိုက်သည်။

“၄, ၆, ၆, အကြီး!”

ကုနင်းက ရလဒ်ကို အကြီးဘက်သို့လောင်းထားကာ ချီကျီယွဲ့နှင့်မူဝမ်ချီတို့ကတော့ အသေးဘက်ကိုလောင်းထားကြသည်။

ကုနင်း သူမအနိုင်ရသည့်တိုကင်ပြားများကို ယူဖို့လက်လှမ်းလိုက်သည့်အချိန်တွင်တော့ ချီကျီယွဲ့က သူမကိုမြင်ကာ အံ့ဩသွားတော့သည်။ သို့ပေမည့် ဘဲဥပုံစားပွဲက ကြီးမားရှည်လျားတာကြောင့် သူမနာမည်ကို လှမ်းမခေါ်ခဲ့ပေ။ ကုနင်းလဲဘဲ ချီကျီယွဲ့ကို မြင်သွားသည့်ပုံပြကာ အချင်းချင်းတည်ရှိမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်ကြသည်။

မူဝမ်ချီနှင့်ထန်ယရှင်းတို့လဲ ချီကျီယွဲ့ကြည့်သည့်ဘက်သို့လိုက်ကြည့်လာကာ မူဝမ်ချီကလဲ ‘ထန်အိုက်နင်း’ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပေမည့် ထန်ယရှင်းသည်တော့ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်သွားသည်။

“ရန်သူနဲ့တွေ့ဖို့ လမ်းကတော်တော်လေးကျဉ်းတာပဲ၊ သူ ငါတို့နောက်လိုက်လာတာပဲဖြစ်မယ်။” ထန်ယရှင်းပြောလိုက်သည်။ သူမစကားအဖြစ်သာပြောခြင်းဖြစ်ပေမည့် တကယ်အမှန်ဖြစ်လိမ့်မည်ဟုတော့ ယုံကြည်နေခြင်းမရှိပေ။

“ယရှင်း၊ သူ့လက်ထဲမှာ ယူအက်စ်ဘီရှိနေတာကို မမေ့နဲ့ဦး။” ချီကျီယွဲ့က သူမကို သတိပေးလိုက်သည်။

ထိုအမျိုးသမီး ထန်အိုက်နင်းအကြောင်းကို ဘယ်လောက်တောင် သိထားလဲ ချီကျီယွဲ့မသိပေမည့် သတိထားဖို့တော့လိုအပ်သည်။ တကယ်တော့ ထိုအမျိုးသမီး၏ နာမည်အရင်းက ထန်အိုက်နင်းဟုတ်ပါ့မလားဟုတောင် သူသံယဝင်နေပေသည်။ ထန်အိုက်နင်း၏နာမည်ကိုသုံးကာ သူတို့နားသို့ ချဉ်းကပ်လာခြင်းမျိုးလဲ ဖြစ်နိုင်သည်မဟုတ်လား။

ထိုအမျိုးသမီးက ထန်မြို့တွင်သူမကိုယ်သူမ ထန်အိုက်နင်းပါဟု ပြောဆိုခဲ့ပေမည့် လိမ်ညာနေခြင်းလဲ ဖြစ်နိုင်သည်။

ချီကျီယွဲ့သည် လွယ်လွယ်အရူးလုပ်၍ရသည့်ယောက်ျားမျိုးမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူဆိုတာ ဆင်းရဲသားကောင်လေးဘဝကနေပြီး ထန်မိသားစုလုပ်ငန်းရဲ့အကြီးတန်းအုပ်ချုပ်သူတစ်ယောက်ဖြစ်လာကာ ထန်ပင်းစန်၏ယုံကြည်မှုကိုလဲ ရယူနိုင်ခဲ့သည့်အပြင် ထန်အိုက်နင်းကိုတောင် လုပ်ကြံနိုင်ခဲ့သည့်မဟုတ်လား။ ဒါပေါ့ ထန်အိုက်နင်း၏ယခင်ဘဝက ချီကျီယွဲ့ကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့တာကြောင့် အလွယ်တကူ လိမ်ညာခံခဲ့ရခြင်းဖြစ်ကာ သူမကို ထိုလူက နာကျင်အောင်လုပ်လာလိမ့်မည်ဟုလဲ ဘယ်တုန်းကမှမထင်ခဲ့ပေ။ ထိုသို့ဆိုလျှင်ပင် သူမသည် အာဏာနှင့်ကြွယ်ဝမှုကြားမှ အသုံးချစရာနယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့ကာ နောက်ဆုံးအရှုံးသမားတစ်ဦးလဲ ဖြစ်ခဲ့သည်ကတော့ မငြင်းဆန်နိုင်ပေ။

ကုနင်း ထန်အိုက်နင်းအကြောင်းထုတ်မပြောခင်ကတော့ ကမ္ဘာပေါ်တွင် နာမည်တူများစွာရှိတာကြောင့် ချီကျီယွဲ့သံသယမဝင်ခဲ့ပေ။ သို့သော် ထုတ်ပြောပြီးနောက်တွင်တော့ ချီကျီယွဲ့၏သံသယများ ကြီးထွားလာတော့သည်။

သူ့ရဲ့အပေါ်ယံမျက်နှာအသွင်အပြင်က ယဉ်ကျေးကာ ကြင်နာတတ်ပုံပေါ်နေသေးသော်လည်း သူမဆီမှ ယူအက်စ်ဘီကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ယူဖို့ စိတ်ကူးထားပြီးဖြစ်သည်။ အခုလဲ သူမအကြောင်းစုံစမ်းကို ခိုင်းထားပြီးပေပြီ။ သူမသာ ညာပြောခဲ့ခြင်းမဟုတ်ဘဲ ထန်အိုက်နင်းနှင့်ထန်မိသားစုရဲ့ မကောင်းသည့်လျှို့ဝှက်ချက်များကို လုံးဝမသိထားဘူးဆိုလျှင်တော့ သူမလို ထူးချွန်သည့်စွမ်းရည်ရှိသူမျိုးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်သိမ်းသွားမည်ဖြစ်သည်။

သူမက ငွေရှာဖို့အတွက် သူမမိသားစု၏အသုံးချခံဖြစ်တယ်လို့ပြောခဲ့တယ်ဆိုတော့ သူမမှာ ငွေအများကြီးမရှိဘူးလို့ဆိုလိုတာများလား? ဒီလိုသာဆို သူနဲ့ပူးပေါင်းဖို့မျှော်လင့်လို့ရနိုင်တာပဲ။

သူမက သူ့ကိုကျောက်အလောင်းအစားလုပ်ရာတွင် နိုင်အောင်ကူညီပေးနိုင်ကာ သူကလဲ သူမမိသားစု၏စောင့်ကြည့်မှုမှ ပုန်းကွယ်နိုင်အောင်ကူညီပေးပြီး အကျိုးအမြတ်ကို သီးသန့်ခွဲယူနိုင်ပေမည်။ ဒီလိုသာဆို သူမလဲ သူနှင့်အတူလက်တွဲလုပ်ချင်လိမ့်မည်ဟု ယုံကြည်မိသည်။

ထန်ယရှင်းကတော့ မကျေမချမ်းဖြင့်ပင် နှုတ်ဆိတ်နေတော့သည်။ ကုနင်းလဲ သူမကိုထန်ယရှင်းရန်လိုနေကြောင်း သိပေမည့် ဂရုစိုက်ခြင်းမရှိပေ။

နောက်တစ်လှည့်တွင်လဲ ကုနင်းအနိုင်ရပြန်ကာ ချီကျီယွဲ့နှင့်မူဝမ်ချီတို့ကတော့ ထပ်ရှုံးပြန်သည်။

လူတစ်ယောက်တည်း နှစ်ပွဲဆက်တိုက်နိုင်သည်က ထူးခြားလှသည်မဟုတ်တာကြောင့် ဘယ်သူကမှ ကုနင်းကို အထူးအာရုံထားခြင်းမရှိပေ။ ထို့ကြောင့် ကုနင်း တတိယပွဲကို ခက်ခက်ခဲခဲကစားလိုက်ကာ အကြီးဆုံးကိုလောင်းလိုက်သည်။

အကြီးဆုံးကိုလောင်းခြင်းက အနိုင်ရနိုင်ဖို့ခက်လွန်းတာကြောင့် လူအနည်းငယ်လောက်ကသာ ကစားရဲပြီး ချီကျီယွဲ့နှင့်မူဝမ်ချီတောင်မှ အကြီး သို့မဟုတ် အငယ်လောက်သာ လောင်းကြသည်။ တတိယပွဲ၏ရလဒ်ထွက်ပေါ်လာချိန်တွင်တော့ ကုနင်းသာ ထပ်မံနိုင်ပြန်သည်။ ဒီတစ်ပွဲတွင်တော့ စားပွဲဝိုင်းမှ လူများစွာ၏အာရုံကို သူမဖမ်းစားနိုင်ခဲ့သည်။ လူတိုင်းကတော့ သူမ၏ကံကောင်းမှုကို အလွန်အံ့ဩလို့နေကြသည်။ ကုနင်းတွင် ကျောက်စိမ်းမျက်ဝန်းရှိကာ အံစာခွက်ကို ဖောက်ထွင်းမြင်ရမှန်း ဘယ်သူမှမသိကြတာကြောင့် သူ့တို့အမြင်တွင်တော့ ကုနင်းသည် အလွန်ကိုကံကောင်းတာကြောင့် နိုင်သည်ဟုသာ ထင်ကြသည်။ သို့ပေမည့် ချီကျီယွဲ့တို့အုပ်စုသည်တော့ ကုနင်းသည် ကံကောင်းရုံကြောင့်မဟုတ်ဘဲ သူမ၏ထူးချွန်းလှသည့်ကျောက်အလောင်းအစား အရည်အချင်းကြောင့်ဖြစ်မည်ဟု ယုံကြည်ကြသည်။ သူမ၏စွမ်းရည်နှင့်ဆိုလျှင် ငွေရှာရသည်မှာ ကိတ်မုန့်စားရသလို အလွန်လွယ်ကူပေမည်။

စတုတ္ထမြောက်ပွဲစချိန်တွင်တော့ လူတိုင်းက ကုနင်းကိုသာ အာရုံစိုက်နေကြကာ သူမ၏ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ချင်နေကြကြောင်း သိသာလှသည်။ ဘယ်သူကမှ ငွေဝင်နိုင်မည့်အခွင့်အရေးကို လက်မလွှတ်လိုကြပေ။ ဒိုင်ကလဲ သိပ်မကျေနပ်တော့ပေ။ ဒီအမျိုးသမီးသာ ထပ်နိုင်ရင် လူတိုင်းက သူမလောင်းသည့်အတိုင်း လိုက်လောင်းကြမည်ဖြစ်ကာ ကာစီနိုဘက်က အရှုံးပေါ်ပေတော့မည်။

အံ့ဩစရာကောင်းသည်က ကုနင်း ဆက်မလောင်းတော့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အခြားလူများ စိတ်ပျက်ဝမ်းနည်းကုန်ကြပေမည့် ဘာမှတော့ ထုတ်မပြောရဲကြပေ။

ကုနင်းငါးပွဲမြောက်အထိစောင့်နေကာ အခြားလူအားလုံး သူတို့လောင်းကြေးကို တင်ပြီးကာမှ “အားလုံး” (နံပါတ်တစ်မျိုးတည်း အံစာတိုင်းတွင် ပေါ်ခြင်း)ဆီသို့ရုတ်တရက်လောင်းကြေးတင်လိုက်တော့သည်။

လူတိုင်းက ကုနင်းတမင်လုပ်လိုက်ခြင်းဖြစ်မှန်း သိကြကာ မကျေမချမ်းကြည့်ကုန်ကြတော့သည်။

ဒိုင်ကလဲ ကုနင်း ဒီတစ်ခေါက်ထပ်နိုင်ဦးမည်မှန်း တွေးမိပေမည့် အခြားလူတိုင်း သူမလောင်းသလို လိုက်မလောင်းသ၍ လက်ခံပေး၍ရပေသည်။

အံစာခွက်ဖွင့်လိုက်ချိန်တွင်တော့ အထဲတွင် ၆သုံးလုံးရှိနေသည်။

“ဘုရားရေ! သူ၄ပွဲလုံးနိုင်နေတာပဲ!”

“ဟုတ်ပါ့! ငါသူလောင်းသလို လိုက်လောင်းဖို့လုပ်တာကို သူက အလုပ်မခံဘူးလေ။”

“ငါတို့က သူငွေကိုယူသွားမှာလဲမဟုတ်ဘဲနဲ့၊ သူရွေးမှာကို ဘာလို့ဖုံးကွယ်နေတာလဲ?”

ကုနင်း၏လောင်းကစားစွမ်းရည်က သူတို့ကိုထိတ်လန့်တုန်လှုပ်သွားစေသလို မကျေမနပ်လဲပြောနေကြသည်။

“ရှင်တို့အနေနဲ့ ကျွန်မကို အပြစ်တင်ပိုင်ခွင့်ရှိတယ်လို့ မထင်ဘူး။ ရှင်တို့နိုင်ချင်ရင် ကိုယ့်အားကိုယ်ကိုးလေ။” ကုနင်း သူမကိုအပြစ်တင်လာခြင်းကိုတော့ လက်ခံမည့်သူမဟုတ်ပေ။

ထို့ကြောင့် အခြားလူများလဲ နှုတ်ပိတ်သွားကြတော့သည်။

ကုနင်း စစ်ပေါ်တွင်ပဲ ဆက်ပြီးလောင်းကြေးထပ်နေပေမည့် အားလုံးလောင်းကြေးတင်ပြီးကာမှသာ သူမလောင်းပေသည်။ အချို့လူများကတော့ ကုနင်းလက်ကို တစ်ချိန်လုံးမျက်စိဒေါက်ထောက်ကြည့်ကာ ကုနင်း၏ရွေးချယ်မှုအတိုင်း ငွေရဖို့ကြံစည်နေကြသည်။

ကုနင်းက ထိုအကြောင်းကို ဂရုစိုက်မနေသော်လည်း သူမကတော့ ကာစီနိုမန်နေဂျာ၏အာရုံကို ရရှိသွားပြီဖြစ်သည်။

***

အခန်း ၇၅၃ မန်နေဂျာလုနှင့်တစ်ခဏတာ

ဆက်လက်ပြီး ကုနင်း ပွဲတွေတစ်ပွဲပြီးတစ်ပွဲလောင်းကြေးထပ်ကာ မကြာခင်တွင်ပဲ သူမအိတ်ထဲ ယွမ်၁၀သန်းကျော်တိုကင်များရလာပြီးနောက်တွင်တော့ သူမထံ လူနှစ်ယောက်ရောက်လာတော့သည်။ ထိုနှစ်ယောက်သည် အရပ်ရှည်ကာ သက်တော်စောင့်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး သူတို့ပုံမှန်လမ်းလျှောက်လာရုံနှင့်ပင် သာမာန်လူများကို ကြောက်ရွံ့လာစေပေသည်။ ဒါပေါ့ ကုနင်းကတော့ ကြောက်သည့်ထဲတွင် သေချာပေါက်မပါ,ပါဘူး။

“မိန်းကလေး၊ ငါတို့မန်နေဂျာက မင်းရဲ့လောင်းကစားစွမ်းရည်ကို အရမ်းလေးစားမိလို့ အပေါ်ထပ်မှာ သူနဲ့သီးသန့်ပွဲနည်းနည်းလောက် ကစားဖို့ ဖိတ်ခိုင်းလိုက်ပါတယ်။” အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်တစ်ဦးက ကုနင်းကိုပြောလိုက်သည်။ သူ့စကားဆိုဟန်က ယဉ်ကျေးဟန်ရသော်လည်း အသံသည်တော့ အလွန်မာထန်လှသည်။

ကာစီနိုထဲတွင် ကစားနေကျလူများကတော့ ဒီလိုခေါ်ဆိုခြင်းက ဘာသဘောမှန်းနားလည်ကြသည်။ နိုင်ကြေးအလွန်များလာလျှင် ဘယ်သူမှ အန္တရာယ်ကင်းကင်းနှင့် ပြန်လည်ထွက်ခွာနိုင်မည်မဟုတ်ပေ။ သူတို့အားလုံးက ကုနင်းကို စာနာစိတ်များဖြင့်ကြည့်နေကာ ချီကျီယွဲ့နှင့်မူဝမ်ချီလဲ ပါဝင်ပေမည့် ထန်ယရှင်းသည်တော့ ကုနင်းကံဆိုးသွားသည့်အပေါ် အလွန်ဝမ်းမြောက်နေသည်။ နင့်ထိုက်နဲ့နင့်ကံပဲ!

“မိန်းကလေးထန်….” ချီကျီယွဲ့က ကုနင်းဆီသို့သွားကာ သူမအန္တရာယ်ကင်းစေဖို့ သူမလက်ထဲမှ တိုကင်များကို ပြန်ပေးအပ်ဖိုပြောရန် ကြံလိုက်ပေမည့် ထန်ယရှင်း၏တာမြစ်ခြင်းကိုခံလိုက်ရသည်။ “မသွားနဲ့။”

ချီကျီယွဲ့နောက်ထပ်ဘာမှထပ်မပြောနိုင်သေးခင်တွင်ပဲ ကုနင်းဘက်က သဘောတူလိုက်သည်။ “ကောင်းပြီလေ။”

ကုနင်းကတော့ ပုံမှန်အတိုင်းတည်ငြိမ်နေစဲဖြစ်ပေမည့် ချီထျန်းလင်က တော်တော့်ကို ရက်ရောမှုမရှိတဲ့ ကာစီနိုင်ပိုင်ရှင်ဘဲလို့လဲ တွေးနေမိသည်။ သူက ဘယ်သူ့ကိုမှ သူ့ပိုင်နက်ကနေ ငွေများစွာနိုင်သွားသည်ကို ခွင့်မပြုပေးခြင်းကြောင့်ဖြစ်သည်။ တကယ်တော့ ဒါက ကာစီနိုအများစုတွင်ရှိသည့် ထုတ်ဖော်မထားဘဲ လူတိုင်းသိရမည့် စည်းမျဉ်းသာဖြစ်သည်။

ထို့နောက် ကုနင်း သက်တော်စောင့်နှစ်ယောက်နောက်မှ လိုက်သွားခဲ့သည်။

ထန်ယရှင်းကြောင့် ချီကျီယွဲ့လဲ ကုနင်းကို သူမကိုယ်သူမဘယ်လိုကာကွယ်သင့်ကြောင်း သတိမပေးနိုင်တော့သလို ကီရင်းဂိုဏ်းကို ဆန့်ကျင့်ဖို့ကလဲ မဝံ့ရဲပေ။ မူဝမ်ချီ၏အတွေးသည်လဲ ထပ်တူပင်ဖြစ်ကာ ကုနင်းကို သက်တော်စောင့်နှစ်ယောက် ခေါ်ဆောင်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။ ကုနင်းဘာကြောင့် ခေါ်ဆောင်သွားခြင်းခံရမှန်း လူတိုင်းသိသော်လည်း ဘယ်သူကမှ ထိုအကြောင်းကို ဆွေးနွေးပြောဆိုမှုများမလုပ်ရဲပေ။

အကြောင်းအရင်းများစွာကြောင့် ကုနင်းကို ချီကျီယွဲ့ စိုးရိမ်မိကာ အပေါ်ထပ်သို့သာ မျှော်ကြည့်နေပြီး ကုနင်းထိုနေရာမှ ပြန်ထွက်လာဖို့ရန် မျှော်လင့်နေမိသည်။

သို့ပေမည့် ထန်ယရှင်းကတော့ ထိုအချင်းအရာအားမြင်ရသည်ကို လွန်စွာမကျေမနပ်ဖြစ်ရကာ ဒေါသတကြီး မေးမြန်းလိုက်သည်။ “ချီကျီယွဲ့၊ နင်ဒါဘာသဘောလဲ? ဘာလို့ တစ်ကြိမ်ပဲတွေ့ဖူးတဲ့မိန်းမတစ်ယောက်အကြောင်း ရုတ်တရက်ဂရုစိုက်တတ်သွားတာလဲ? နင့် သူ့ကိုကြိုက်သွားတာလား?” သူမ ချီကျီယွဲ့အပေါ် ယုံကြည်ပေးနိုင်ခြင်းမရှိပေ။

ထိုစကားကြောင့် ချီကျီယွဲ့ မျက်မှောင်ကြုတ်သွားပြီး၊ “ယရှင်း၊ ပေါက်ကရတွေလျှောက်ပြောမနေနဲ့။ ထန်အိုက်နင်းရဲ့ယူအက်စ်ဘီက သူ့ဆီမှာရှိနေတယ်လေ။”

“သူသာအသတ်ခံလိုက်ရရင် ဘယ်သူမှ ယူအက်စ်ဘီအကြောင်း သိကြတော့မှာမဟုတ်ဘူး။” ထန်ယရှင်း မျှော်လင့်နေသည့်ပုံစံဖြင့်ပြန်ပြောလိုက်သည်။

“တုံးအမနေနဲ့၊ သူဒီနေ့ပြောသမျှစကားတိုင်း မင်းယုံနေတာလား? ထန်အိုက်နင်းအကြောင်း သူထပ်သိထားနိုင်သေးတယ်၊ ဒါကြောင့်ပဲ ငါတို့ကိုချဉ်းကပ်လာတာဖြစ်မယ်။ ဒီလိုသာဆို သူ့မှာ တခြားကူညီပေးမယ့်သူတွေ အများကြီးရှိနေဦးမှာပဲ။ ငါတို့သာ သူနဲ့အဆင်မပြေဘူးဆိုရင် သူက ငါတို့ရဲ့ရန်သူဟုတ်လား မဟုတ်လားဆိုတာကို သိရမှာမဟုတ်ဘူး။” ချီကျီယွဲ့ အခြားသူများမကြားနိုင်စေရန် ထန်ယရှင်း နား,နားသို့ကပ်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ထန်ယရှင်း၏အမူအရာချက်ချင်းပေါင်းလဲသွားတော့သည်။ သူမလဲ ထို‘ထန်အိုက်နင်း’ကို သံသယဝင်မိတာကြောင့် ယခုထိတိုင် နှုတ်ပိတ်စောင့်ကြည့်နေခဲ့ခြင်းမဟုတ်လား။ ဘာကြောင့်ပဲဖြစ်ဖြစ် ထို’ထန်အိုက်နင်း’ကို သေချာပေါက် သင်ခန်းစာပေးဖို့ စိတ်ဆုံးဖြတ်လိုက်ပြီးနှင့်ပေပြီ။

ထိုသို့စဉ်းစားလိုက်သည်နှင့် သူမမျက်ဝန်းထဲတွင် မုန်းတီးမှုအရိပ်အယောင်များပြည့်နှက်သွားတော့သည်။ သူမကိုစိတ်အနှောက်အယှက်ပြုမိလို့ကတော့ ထိုလူဘယ်သူဖြစ်ဖြစ် သေချာပေါက် ကောင်းတာဖြစ်လာမည်မဟုတ်ပေ။ ယခင်ထန်အိုက်နင်းက သာဓကဖြစ်ကာ ယခု ‘ထန်အိုက်နင်း’ကိုလဲ တစ်ပုံစံတည်းလုပ်ပြရပေမည်။

ကုနင်း သက်တော်စောင့်နှစ်ဦးနှင့်အူ မန်နေဂျာရှိသည့် သီးသန့်ခန်းသို့ လိုက်သွားခဲ့သည်။ မန်နေဂျာက ကုနင်း၏မျက်နှာကို ကြည့်လိုက်ပေမည့် ကြင်နာတတ်သည့်အမူအရာမျိုးလုံးဝမပြလာပေ။

သို့ပေမည့် ကုနင်းကတော့ အထဲသို့ဝင်ပြီးသည်နှင့် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ဆုံစည်းလိုက်ရသလိုမျိုး နှုတ်ဆက်လိုက်သည်။ “မန်နေဂျာလု မတွေ့တာတောင်ကြာပြီနော်!”

သူမပထမဆုံးအကြိမ် ချီထျန်းလင်၏အာရုံစိုက်ခံရစဉ်ကလည်း မန်နေဂျာလုက သူမကိုဒီလိုပဲဖိတ်ကြားခဲ့သေးသည်။ သူမမြေကမ္ဘာကလပ်ကိုလာပြီးနောက် နှစ်ကြိမ်မျှ မန်နေဂျာလုနှင့် တွေ့စုံခဲ့တာကြောင့်သူတို့ချင်းမရင်းနှီးကြသော်လည်း တစ်ဦးကိုတစ်ဦးတော့ သိထားကြပြီးဖြစ်သည်။

သူမနှင့်ချီထျန်းလင်ကြားက ဆက်ဆံရေးကြောင့် မန်နေဂျာလုက သူမကို အချိန်တိုင်း အထူးဧည့်သည်တစ်ယောက်လိုသာ ဆက်ဆံခဲ့သည်။

ဒီတစ်ခေါက်တော့ သူမက ကုနင်းမှန်း မန်နေဂျာလု မသိခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်ပါက သေချာပေါက် သူမလောင်းကစားလုပ်နေသည်ကို ကြားဖြတ်နှောင့်ယှက်လိမ့်မည်မဟုတ်ပေ။

သူမအသံကိုကြားလိုက်ရတော့ မန်နေဂျာလု စက္ကန့်ပိုင်းမျှ ကြောင်အသွားပေမည့် မမှတ်မိနိုင်သေးပေ။

ထို့ကြောင့် ကုနင်းပြုံးလိုက်ကာ၊ “ကျွန်မကုနင်းပါ၊ ဒီနေ့ ပုဂ္ဂိုလ်ရေးကိစ္စတချို့ဖြေရှင်းစရာရှိလို့ မိတ်ကပ်နည်းနည်းလိမ်းလာတာ။”

“မင်း-မင်းက မိန်းကလေးကုလား?” မန်နေဂျာလု ချက်ချင်းပင်မတ်တပ်ရပ်မိသွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

ဒီအမျိုးသမီးက ကုနင်းလို့ သူမသေချာသော်လည်း ကုနင်း၏အသံဖြစ်ကြောင်းကတော့ သေချာပေသည်။ “မိန်းကလေးကု၊ ကျွန်တော်တောင်းပန်ပါတယ်။ မင်းမှန်းမသိလိုက်လို့ပါ။ မင်းစိတ်ကြိုက်ဆက်ပြီး ကစားပါ။” မန်နေဂျာလု နေရခက်စွာဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးပါ!” ကုနင်း စိတ်ထဲထားမနေဘဲ ချက်ချင်းပြန်လှည့်ထွက်သွားတော့သည်။

အခန်းထဲရှိသက်တော်စောင့်နှစ်ဦးကတော့ အလွန်အံ့ဩနေကာ ဘာဖြစ်လို့ဖြစ်သွားမှန်း လိုက်မမှီတော့ပေ။ နောက်ဆုံးတစ်ယောက်က အမှတ်ရလာသည်။

“မန်နေဂျာ၊ သူက ဘော့စ်ပြောထားတဲ့ မိန်းကလေးလား?” သက်တော်စောင့်ကမေးလိုက်သည်။

“ဟုတ်တယ်၊ ငါသာ အစကတည်းက သူမှန်းသိထားရင် သူကစားနေတာကို နှောက်ယှက်မှာမဟုတ်ပါဘူး။” မန်နေဂျာလု နောင်တရစွာ ပြောလိုက်သည်။ ထို့နောက် ချီထျန်းလင်ကို ဤကိစ္စအား သတင်းပို့ခဲ့သည်။ ချီထျန်းလင်က ယခု Bမြို့တွင်ရှိမနေဘဲ တခြားမြို့က ပါတီတစ်ခုသို့ရောက်နေခြင်းဖြစ်ကာ သူပွဲမှထွက်လာချိန်တွင် မန်နေဂျာလု၏ဖုန်းခေါ်ဆိုမှုကို ရရှိလိုက်ခြင်းဖြစ်သည်။

မန်နေဂျာလု၏တင်ပြချက်ကိုကြားပြီးသည်နှင့် ကုနင်းမိတ်ကပ်လိမ်းထားရင် ဘယ်လိုပုံစံရှိလဲဆိုသည်ကို ချီထျန်းလင်သိချင်လာကာ သူမပုံအား ဓါတ်ပုံရိုက်ပို့ရန် မန်နေဂျာလုကို ပြောလိုက်သည်။

မန်နေဂျာလုလဲ ကုနင်း၏ပုံကို လုံခြုံရေးကင်မရာမှတစ်ဆင့် ချက်ချင်းရိုက်ယူကာ ချီထျန်းလင်ဆီသို့ ပို့ပေးလိုက်သည်။

ဓါတ်ပုံကို မြင်လိုက်သည်နှင့် ချီထျန်းလင် ရယ်ချင်သွားတော့သည်။ အမှန်အတိုင်းပြောရလျှင် ကုနင်းက မိတ်ကပ်အထူကြီးလိမ်းထားတာကြောင့် သူကိုယ်တိုင်လဲ ထိုအမျိုးသမီးက ကုနင်းမှန်း မမှတ်မိနိုင်ပေ။ ထိုအမျိုးသမီးကို ကုနင်းနှင့်ဆင်တူသည်ဟု ခံစားရသော်လည်း လူကိုယ်တိုင်မထင်မှတ်ဘဲ ဆုံခဲ့ပါက ထိုအမျိုးသမီးကို ကုနင်းဖြစ်မည်ဟု မှတ်မိဖို့ ခက်နေဦးမည်သာ။

ကုနင်းအပေါ် ချီထျန်းလင် ပို၍စိတ်ဝင်စားလာတော့သည်။ သူမက သူတွေ့ဖူးသမျှထဲတွင် အရယ်ရဆုံးမိန်းကလေးဖြစ်ကာ လူကိုရယ်မောစေနိုင်သည့် မိန်းကလေးများသည် အမျိုးသားများ၏စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်မြဲဖြစ်သည်။

ကုနင်းက ထူးခြားလွန်းသည့်မိန်းကလေးဖြစ်တာကြောင့် စစ်ထူယဲ့လဲ သူမကို ကြိုက်နှစ်သက်ခဲ့သည်။ စစ်ထူယဲ့အကြောင်းတွေးမိသွားတော့ စစ်ထူယဲ့ကို အနိုင်ယူလိုစိတ်များ များပြားလှသည့် ချီထျန်းလင်မှာ ကုနင်းကိုပိုလို့တောင်မှ စိတ်ဝင်စားမိလာတော့သည်။

***

အခန်း ၇၅၄ ထန်ယရှင်းနှင့်ပြိုင်ပွဲ

စစ်ထူယဲ့နှင့်အပြိုင် ကုနင်း၏နှလုံးသားကို ရယူရန် ချီထျန်းလင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သို့ပေမည့် ကုနင်းတွင် ချစ်သူရှိထားပြီးပြီဖြစ်သလို လင်ရှောင်းထင်ကလဲ သူ့ချစ်သူမိန်းကလေးကို တခြားတစ်ယောက်က သူ့ဆီမှ ခိုးယူဆွဲထုတ်သွားမည့်အဖြစ်မျိုး ဘယ်တော့မှ အဖြစ်ခံမည့်သူမဟုတ်တာကြောင့် ဒါက အဓိပ္ပါယ်မဲ့လှသည့် ယှဉ်ပြိုင်ပွဲတစ်ခုသာဖြစ်ပေသည်။

မိနစ်အနည်းငယ်ကြာသည်နှင့် အေးဆေးသက်သာစွာဖြင့် ကုနင်းပြန်ရောက်လာတာကြောင့် လူတိုင်း စပ်စုချင်သွားကြသည်။ အထူးသဖြင့် သူမအိတ်ထဲတွင် တိုကင်ပြားများရှိနေသေးတာကြောင့် ပိုလို့ပင် အံ့ဩမိနေကြသည်။ ဘယ်လိုလုပ်များ တိုကင်ပြားတွေရှိနေသေးတာတောင် အန္တရာယ်ကင်းကင်းပြန်ရောက်လာနိုင်တာလဲ? “မိန်းကလေးထန်၊ မင်းအဆင်ပြေရဲ့လား?” ချီကျီယွဲ့နှင့်မူဝမ်ချီတို့ ချက်ချင်းရောက်လာကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်ကြသည်။

“အဆင်ပြေပါတယ်။” ကုနင်းအပြုံးပြလိုက်သည်။

“သူတို့မင်းကို ဘာလုပ်လိုက်သေးလဲ?” ချီကျီယွဲ့မေးလိုက်သည်။ သူ့လေသံအရ သူမဘေးကင်းရေးကို ဂရုစိုက်ဟန်ပေါ်သော်လည်း တကယ်တမ်းတော့ ကီရင်းဂိုဏ်းအကြောင်း စုံစမ်းချင်နေခြင်းသာဖြစ်သည်။

မြေကမ္ဘာကလပ်၏မန်နေဂျာနှင့်တွေ့ပြီးတာတောင် ကုနင်းဘေးကင်းစွာပြန်လာနိုင်တာကြောင့် ‘ထန်အိုက်နင်း’က သာမာန်မဟုတ်ဟု ချီကျီယွဲ့သေချာပေါက် ခံစားနေရပေသည်။ သူတို့အချင်းချင်းသိနေကြပြီးသားဆိုရင် မန်နေဂျာက ဘာကြောင့်များ ‘ထန်အိုက်နင်း’ကို ထပ်တွေ့ဖို့ခေါ်နေရသေးလဲဆိုသည်ကိုလဲ သူသိချင်နေမိသည်။ ထို့အပြင် ‘ထန်အိုက်နင်း’က မြေကမ္ဘာကလပ်မန်နေဂျာနှင့်သိသည့် သူငယ်ချင်းတစ်ယောက်ရှိနေခြင်းကြောင့်သာဆိုလျှင် ထိုသူငယ်ချင်းမှာ သေချာပေါက် အင်အားကြီးသူသာဖြစ်လောက်တာကြောင့် သူမကို သူတို့လုပ်ကြံမည်ဆိုလျှင် သေချာဂရုစိုက်မှဖြစ်ပေမည်။

“အိုး၊ မြေကမ္ဘာကလပ်မန်နေဂျာနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိလို့လေ၊ ဒါကြောင့် ကျွန်မသူငယ်ချင်းမျက်နှာထောက်ပြီး လွှတ်ပေးလိုက်တာ။”

ချီကျီယွဲ့၏လဲ ထိုသို့တွေးထားခဲ့တာကြောင့် ကုနင်း၏ရှင်းပြချက်ကို ယုံကြည်ကာ သူမကိုပိုလို့ပင် အထင်ကြီးသွားတော့သည်။ မြေကမ္ဘာကလပ်၏မန်နေဂျာက သူမကို သူငယ်ချင်းမျက်နှာကြောင့် လွှတ်ပေးလိုက်တယ်ဆိုရင် သူမသူငယ်ချင်းက သေချာပေါက် အာဏာရှိရပေမည်။

အစကတော့ ကုနင်းက ချီကျီယွဲ့ကို သူမနှင့်လောင်းကစားအတူလုပ်စေပြီး ထောင်ချောက်ဆင်ဖို့ကြံစည်ထားပေမည့် သူမမှာလဲ ငွေပေါနေတာကြောင့် အစီစဉ်ပြောင်းဖို့သာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ “ကဲ၊ ကျွန်မတခြားကစားနည်းတွေ သွားကစားဦးမလို့ ခွင့်ပြုပါဦး။” ကုနင်း ပြောကာ ထွက်သွားဖို့ပြင်လိုက်သည်။

“မိန်းကလေးထန်၊ မင်းဘာကစားမှာလဲ? ငါတို့က ဒီကိုရောက်ခဲတဲ့လူတွေဆိုတော့ ဒီကကစားနည်းတွေ ဘယ်လိုကစားရမလဲ သေချာမသိဘူး။ မင်းငါတို့ကို မိတ်ဆက်ပေးလို့ရမလား?” ချီကျီယွဲ့က ကုနင်းအကြောင်း ပိုသိချင်နေသေးတာကြောင့် သူမကို ချက်ချင်းထွက်မသွားစေချင်သေးပေ။

ဒါကလဲ ကုနင်းဖြစ်စေချင်သည့် အခြေအနေပင်ဖြစ်တာကြောင့် သူမပြုံးကာ ပြန်ဖြေလိုက်သည်။ “ကျွန်မ အကြွေစက်မှာသွားကစားမလို့ပါ။”

“အကြွေစက်? အဲ့ဒါ ကလေးတွေအတွက်မဟုတ်လား?” ထန်ယရှင်းက အထင်သေးဟန်ဖြင့် ဝင်ပြောလိုက်သည်။

“ငါကတော့ နင်တောင်မှ အဲ့စက်ကို လူကြီးတစ်ယောက်လို ကစားနိုင်မယ်မထင်ပါဘူး။” ကုနင်း ထန်ယရှင်းနှင့်ငြင်းခုန်ကာ စိန်ခေါ်လိုက်သည်။ ချီကျီယွဲ့ကို စိန်ခေါ်ဖို့ရန်က သူမအတွက်မလွယ်ကူလှပေမည့် ထန်ယရှင်းကတော့ မတူပေ။

“ငါ့ကိုအထင်မသေးနဲ့၊ နင် အံစာကစားတာတောင်မှန်း သိပါတယ်၊ ဒါပေမယ့် ကစားနည်းတိုင်းမှာလဲ တော်နေမယ်လို့တော့ မဆိုလိုဘူးလေ!” ထန်ယရှင်း ချက်ချင်းပင် အကွက်ထဲဝင်လာခဲ့သည်။ အကြွေစက်ကစားနည်းသည် ကံအပေါ်မူတည်ကာ အံစာကစားနည်းနှင့် လုံးဝမတူညီပေ။

“အိုး၊ ဒါဆိုလဲ ငါတို့တစ်ပွဲလောက်ပြိုင်ကြရင်ရော?”

“ရတာပေါ့!” ထန်ယရှင်း ချက်ချင်းပင် သဘောတူသွားသည်။

“ယရှင်း…” ချီကျီယွဲ့မျက်မှောင်ကြုတ်လိုက်ကာ ထန်ယရှင်းကို တားမြစ်ဖို့ရန် ကြိုးပမ်းလိုက်သည်။ အကြွေစက်ကစားနည်းက ကံအပေါ်ကိုသာ မူတည်တာကြောင့် ထန်ယရှင်းရှုံးသွားမည်ကို စိုးရိမ်ပူပန်မိခြင်းကြောင့်တော့မဟုတ်ဘဲ ထန်ယရှင်းကို ချက်ချင်းကြီး ကုနင်းနှင့်ရန်ငြှိုးမဖွဲ့စေလိုခြင်းကြောင့်သာဖြစ်သည်။

“ငါ့ကိုမတားနဲ့၊ သူနဲ့တစ်ပွဲလောက်ပဲ ပြိုင်ချင်ရုံပါ။” ချီကျီယွဲ့တားလာမည်မှန်းသိတာကြောင့် စကားမဆုံးသေးခင်တွင်ပဲ ထန်ယရှင်းဖြတ်ပြောလိုက်သည်။

“လူကြီးမင်းချီ၊ ရှင်ဒီကိစ္စထဲဝင်မပါသင့်ဘူး။” ကုနင်းကလဲ သူ့ကိုတားလိုက်တာကြောင့် ဝင်မပါနေတော့ပေ။

ထို့နောက် သူတို့အဖွဲ့ ဒုတိယထပ်သို့သွားကာ လောင်းကြေးအမြင့်ဆုံးတင်လို့ရသည့် အကြွေစေ့စက်ကို ရှာလိုက်သည်။

ထိုစက်သည့် တစ်တန်းလည်ဖို့ပင် ယွမ်၁ထောင်လိုအပ်တာကြောင့် ၁၀တန်းအတွက် ယွမ်၁သောင်းကျပေမည်။

အတိုဆုံးအတန်းက ၁၀:၁ဖြစ်ကာ အရှည်ဆုံးကတော့ ၁၀၀:၁ဖြစ်သည်။

“ပြိုင်ပြီဆိုမှတော့ လောင်းကြေးထပ်သင့်တာပေါ့။” ကုနင်းအကြံပြုလိုက်သည်။

“ရတယ်လေ၊ ငါတို့ ၁၀တန်းလုံးအတွက် သုံးလှည့်စီကစားမယ်။ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့တိုကင်အရေအတွက်ရဲ့ ၁၀ဆလျော်ရမယ်။ ဘယ်လိုလဲ?”

ထန်ယရှင်းအတွက် ယွမ်သိန်းဂဏန်းလောက်မှာ ပြောပလောက်သည့်ပမာဏမဟုတ်တာကြောင့် ကစားပွဲကို အမြင့်ဆုံးလောင်းကြေးဖြင့် ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ကုနင်းကို သူမရှိတာမှန်သမျှ ရှုံးသွားစေဖို့လဲ မျှော်လင့်နေသည်။

“ကောင်းပြီလေ၊ နင်အရင်လုပ်။” ကုနင်း သဘောတူကာ ထန်ယရှင်းကို အရင်ကစားစေသည်။

ထန်ယရှင်းလဲ တုံ့ဆိုင်းမနေဘဲ အကြွေစေ့များထည့်ကာ စက်ကိုစလှည့်လိုက်သည်။ သူမလောက် အကြွေစေ့စက်နှင့်ရင်းနှီးသူမရှိနိုင်ပေ။ ကစားတိုင်းလဲ အများအားဖြင့် အနိုင်ရသည်ချည်းသာဖြစ်တာကြောင့် အခုလို ယုံကြည်ချက်ရှိရှိနှင့် ယှဉ်ပြိုင်ခြင်းဖြစ်ကာ ကုနင်းကို အနိုင်ပိုင်းဖို့ရန် ဆုံးဖြတ်ထားသည်။

ပထမတစ်လှည့်အပြီးတွင်တော့ ပုံများက အကြိမ်၂၀၊ အကြိမ်၄၀ နှင့် အကြိမ်၇၀ကိုကျကာ အားလုံးပေါင်း ယွမ်၁.၃သန်းဖြစ်သွားတာကြော်င့ ၁၀ဆဆိုလျှင် ယွမ်၁၃သန်းရသွားပေပြီ။

ကုနင်း စစ်ပေါ်ဂိမ်းတွင် ယွမ်၁၀သန်းကျော်နိုင်ခဲ့ပြီးဖြစ်သော်လည်း အကြွေစက်ပထမပွဲအတွက် လျော်ဖို့ရန်ပင် မလောက်ငှပေ။ ထန်ယရှင်းကတော့ နောက်အလှည့်များတွင် ပိုပြီးနိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

ဒုတိယအလှည့်တွင်တော့ အကြိမ်၅၀တစ်ခုတည်းကိုသာ ပြခဲ့ပြီး ယွမ်၅သိန်းနိုင်သွားသည်။

တတိယအလှည့်တွင်တော့ အကြိမ်၃၀နှင့်အကြိမ်၄၀ကိုကျခဲ့သည်။

သုံးပွဲကစားပြီးနောက် ယွမ်၂.၅သန်း ထန်ယရှင်းနိုင်သွားကာ ၁၀ဆဆိုလျှင် ယွမ်၂၅သန်းနိုင်သွားပြီဖြစ်သည်။

ကုနင်းသည်တော့ စိုးရိမ်ပူပန်ခြင်းမရှိပေမည့် အကြွေစက်ကစားနည်းက အံစာလဲမဟုတ်တာကြောင့် သူမအမှားလုပ်လိုက်နိုင်၍ ယုံကြည်ချက်ရှိနေသည့် အမူအရာမျိုးလဲ မဖော်ပြပေ။ ဘာပဲဖြစ်ဖြစ် ယွမ်၂၅သန်းလောက်ပေးလျော်လိုက်ရလို့လဲ သူမအတွက် များလွန်းတာမှမဟုတ်ဘဲ။

ကုနင်း တိုကင်ပြားများကို စက်ထဲသို့တည့်ကာ စတင်ကစားလိုက်သည်။ ကုနင်းယခင်က ကစားခဲ့ဖူးသည့် အတွေ့အကြုံနှင့် ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ အချိန်ကိုက်ရောက်သည်နှင့် ရပ်သည့်ခလုတ်ကို နှိပ်လိုက်သည်။

အကြွေစက်မှာ တစ်ယောက်ယောက်က ဘရိတ်ဆောင့်နင်းလိုက်သလိုမျိုးကျယ်လောက်သည့် အသံနှင့် ၁၀တန်းလုံး တစ်တန်းပြီးတစ်တန်းရပ်သွားခဲ့သည်။

လူတိုင်းက စက်ကိုသာသေချာအာရုံထားကြည့်နေကာ ယုံကြည်ချက်ရှိနေသည့်ထန်ယရှင်းပင်လျှင် စိတ်လှုပ်ရှားလာခဲ့သည်။

ပထမဆုံးအလှည့်ပြီးသည့်နောက်တွင်တော့ ၁၀ကြိမ်၊ အကြိမ်၃၀၊ အကြိမ်၆၀ နှင့်အကြိမ်၇၀တို့ရခဲ့ကာ ပထမတစ်ပွဲတည်းနှင့် ယွမ်၁.၇သန်းနိုင်သွားခဲ့သည်။

***

အခန်း ၇၅၅ အရှုံးကိုလက်မခံခြင်း

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ထန်ယရှင်း ဘယ်လိုမှမယုံကြည်နိုင်ဘဲ ရလဒ်ကိုလက်မခံနိုင်ပေ။ ဒီ ‘ထန်အိုက်နင်း’ ဘယ်လိုကြောင့်များ ဒီလောက်ကံကောင်းနေတာလဲ? ငွေကအရေးမကြီးလှသော်လည်း ဒီကစားပွဲမှာ သူမရှုံးသွားပါက အလွန်အရှက်ရစရာကောင်းပေမည်။ ဒါကြောင့် ‘ထန်အိုက်နင်း’ထပ်ပြီး မနိုင်ပါစေနဲ့ဟုသာ ထန်ယရှင်း ဆုတောင်းနေတော့သည်။

ချီကျီယွဲ့နှင့်မူဝမ်ချီတို့သည်တော့ အစပိုင်းတွင် ‘ထန်အိုက်နင်း’ဘက်ကို စိုးရိမ်နေမိသော်လည်း အခုတော့ ထန်ယရှင်းအတွက် ပိုလို့စိုးရိမ်နေရပေပြီ။ မဖြစ်နိုင်မှန်းသိသော်လည်း သူတို့နှစ်ဦး သရေကျသွားဖို့ကိုသာ မျှော်လင့်နေမိသည်။ မဟုတ်လဲ ရလဒ်ချင်းအတူတူနီးပါးလောက်ဖြစ်စေချင်သည်။ အကယ်၍ ထန်ယရှင်းဘက်ကသာ ရှုံးသွားကာပါ အလွန်အရှက်ရသွားနိုင်ခြင်းကြောင့်ပင်။

သူတို့နှစ်ဦးပြိုင်ဆိုင်နေသည်ကို မြင်လိုက်ရတော့ လူများစွာက သူတို့ကစားပွဲကို ကြည့်ဖို့ရန်အတွက် စုဝေးလာကြသည်။ ထန်ယရှင်းနှင့်ကုနင်းတို့လက်ထဲတွင် တိုကင်ပြားများစွာရှိနေသည့်အတွက်လဲ အလွန်အံ့ဩထိတ်လန့်ကုန်ကြသည်။

“ဘုရားရေ! ဒီနှစ်ယောက်ရဲ့ ကံကောင်းမှုက မယုံနိုင်လောက်အောင်ပဲ!”

“ဒီလောက်တိုကင်ပြားအများကြီးနိုင်တဲ့လူကို တွေ့ရခဲတယ်။”

“ဟုတ်တယ်! အကြွေစေ့စက်က လောင်းကြေးလဲမြင့်တော့ သူတို့အများကြီးနိုင်တာဖြစ်မယ်။”

“မနာလိုလိုက်တာ!”

………..

ကုနင်း အကြွေစေ့စက်ထဲသို့ တိုကင်ပြားများ ထပ်မံထည့်ကာဒုတိယအလှည့်ကို စတင်လှည့်လိုက်တော့သည်။

“ဒီတစ်ကြိမ်ကော သူနိုင်လိမ့်မယ်လို့ထင်လား?”

“နိုင်လောက်တယ်၊ ဒါပေမယ့် ဘယ်လောက်များများ နိုင်မလဲတော့ မသိဘူး။”

“မနိုင်လောက်ပါဘူး! ဒီလောက်ကြီးကံကောင်းစရာလား! အခုတောင် အများကြီးနိုင်ထားပြီးနေပြီကို၊”

“သူအများကြီးနိုင်ထားပြီးတာမှန်ပေမယ့် ငါကတော့ ထပ်နိုင်လိမ့်ဦးမယ်လို့ ထင်တယ်။”

“တော်တော်ကြာတုန်းကလဲ ကောင်မလေးတစ်ယောက် အကြွေစေ့စက်ထဲက တိုကင်ပြားတွေအားလုံးကို နိုင်သွားဖူးတယ်လို့ ငါကြားထားသေးတယ်။”

“မယုံပါဘူး။ အကုန်နိုင်ဖို့ ဒီလောက်ခက်တာကို။”

သူတို့၏ဆွေးနွေးချက်များကိုကြားလေ ထန်ယရှင်း၏မျက်နှာကြောများ ပို၍ရှုံ့တွလာရလေပင်။ ဒီ’ထန်အိုက်နင်း’ အကြွေစေ့စက်ထဲက တိုကင်ပြားအားလုံးကို နိုင်လိမ့်မည်ဟု သူမမယုံကြည်သော်လည်း ဆုထုပ်ကို ပေါက်သွားပါက အနည်းဆုံးယွမ်သန်း၁၀၀လောက်ရှိတာကြောင့် သူမအနည်းငယ်စိုးရိမ်လာမိသည်။ ဒါကိုသာ ဆယ်ဆပေးရမည်ဆိုလျှင် ယွမ်၁ဘီလီယံပင်ဖြစ်သွားပေမည်။

ယွမ်၁ဘီလီယံဆိုသည့်ပမာဏကိုတွေးမိရုံဖြင့်ပင် ထန်ယရှင်းအလွန်တုန်လှုပ်သွားတော့သည်။

ထန်မိသားစုသည် ယွမ်ဘီလီယံပေါင်းများစွာကြွယ်ဝတာကြောင့် ယွမ်၁ဘီလီယံလောက်တော့ ပေးနိုင်သည်မှန်သော်လည်း အလွန်များပြားလှသည့်ပမာဏဖြစ်နေစဲပင်။ သူမဖခင်သာ သူမယွမ်၁ဘီလီယံကို လောင်းကစားလုပ်ပြီး ရှုံးသွားမှန်း သိသွားပါက အလွန်ဒေါသထွက်ပေလိမ့်မည်။ ဒါ့အပြင် သူမကိုယ်တိုင်ကလဲ ယွမ်၁ဘီလီယံကို မတတ်နိုင်ပေ။

ထန်ယရှင်း စိတ်ကိုပြန်လျှော့ကာ မဖြစ်နိုင်လောက်ပါဘူးဟုသာ သူမကိုယ်သူဆက်တိုက်နှစ်သိမ့်နေတော့သည်။ မမျှော်လင့်ထားဘဲ သူမမျှော်လင့်ထားသည့်ရလဒ်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။

နောက်စက္ကန့်များစွာကြာပြီးနောက်တွင်တော့ ကုနင်း ရပ်သည့်ခလုတ်ကို နှိပ်လိုက်တာကြောင့် စက်ကလဲ ဖြည်းဖြည်းချင်းရပ်တန့်လာခဲ့သည်။

စက်ပေါ်ရှိရုပ်ပုံများတစ်ခုပြီးတစ်ခုပေါ်လာသည်ကို မြင်ရသည်နှင့် ထန်ယရှင်းတို့အုပ်စု အလွန်စိတ်ဓါတ်ကျသွားတော့သည်။ ထန်ယရှင်းဆိုလျှင် ထိတ်လန့်လွန်း၍ ခြေထောက်များပင်မခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားတော့သည်။

ချီကျီယွဲ့နှင့်မူဝမ်ချီတို့လဲ အလွန်အံ့အားသင့်နေကြတာကြောင့် ထန်ယရှင်းကို အချိန်မီမထိန်းပေးထားလိုက်နိုင်ပေ။

“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး…” ထန်ယရှင်း ထိုစကားလုံးကိုသာ ထပ်ခါတလဲလဲရေရွတ်နေသည်။ သူမမဆိုထားနှင့် ချီကျီယွဲ့နှင့်မူဝမ်ချီတောင်မှ စက်မှပြသနေသည့်ရလဒ်ကို မယုံကြည်နိုင်ကြပေ။

“မဖြစ်နိုင်ဘူး! သူစက်ထဲကအားလုံးကိုနိုင်သွားတာလား?” ဒီထိတ်လန့်တုန်လှုပ်စရာရလဒ်ကို ဘယ်သူကမှ မယုံကြည်နိုင်သလို လက်မခံနိုင်ကြပေ။

ဒုတိယအလှည့်တွင်ပဲ ဆုအထုပ်ကပွင့်သွားပြီဖြစ်ကာ စက်ထဲမှတိုကင်ပြားများ ဆက်တိုက်ထွက်ကျလာတော့သည်။

ဆုအထုပ်ပွင့်သွားတာကြောင့် အကြွေစေ့စက်နားသို့ လူများပို၍ပို၍စုပြုံလာပြီး အလွန်အံ့အားသင့်နေကြတော့သည်။ “မိန်းကလေးထန်၊ ငါတို့ကစားပွဲကိုအဆုံးသတ်လို့ရပြီထင်တယ်။” ကုနင်းစပြောလိုက်သည်။

“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး! ဘယ်လိုမှမဖြစ်နိုင်ပါဘူး!” ထန်ယရှင်းကတော့ သူမစိတ်ကို လှည့်စားကာ ထိန်းချုပ်နေသော်လည်း အကျိုးမရှိခဲ့ပေ! ဒီလောက်ပမာဏကို သူမဘယ်လိုလုပ်တတ်နိုင်မှာလဲ!

ချီကျီယွဲ့မျက်မှောင်ကြုတ်ကာ ထန်ယရှင်းကို အရင်ဦးစွာ မတ်တပ်ရပ်နိုင်စေရန် ကူညီလိုက်ပြီးနောက် ကုနင်းကိုကြည့်ကာ တောင်းပခယလိုက်သည်။ “မိန်းကလေးထန်၊ မင်း လောင်းကြေးကို လျှော့ပေးလို့ရမလား? ဒါကအရမ်းများလွန်းတယ်။”

“လူကြီးမင်းချီ၊ ဒီလောင်းကြေးကို မိန်းကလေးထန် ကိုယ်တိုင်ပြောထားတာပါ။ ရှင်က အခုမှဘယ်လိုလုပ် လာငြင်းနိုင်ရတာလဲ?” ကုနင်း မကျေနပ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဒါ…” ထန်ယရှင်း ကိုယ်တိုင်လောင်းထားသည့်နှုန်းဖြစ်ကြောင်း ချီကျီယွဲ့လဲ သိပေမည့် ယွမ်၁ဘီလီယံဆိုသည်က သူတို့အတွက် အလွန်များသည့်ပမာဏဖြစ်နေသည်။

“ငါတို့ပေးဖို့ မတတ်နိုင်လောက်ဘူး။” ချီကျီယွဲ့ဆက်ပြောလိုက်သည်။

“ရှင်တို့က မတတ်နိုင်ဘူး? မြို့တော် ထန်မိသားစုဆိုတာ အရမ်းကိုလူသိများတဲ့ ကြွယ်ဝလွန်းတဲ့မိသားစုပါ။ ယွမ်၁ဘီလီယံလောက်ကို ပေးဖို့မတတ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ဘာ? ယွမ်၁ဘီလီယံ? လူအုပ်ကြီးမှာ ပမာဏကြောင့် ထပ်မံတုန်လှုပ်သွားကြပြန်သည်။

အစောပိုင်းက ဘာတွေဖြစ်ထားခဲ့မှန်း လူအုပ်ကြီးမသိသော်လည်း သူတို့ချင်းယှဉ်ပြိုင်နေခြင်းဖြစ်ကာ လောင်းကြေးအဖြစ် ယွမ်၁ဘီလီယံတင်ထားသည်ကိုတော့ နားလည်နိုင်သေးသည်။

ပုံမှန်ဆုအထုပ်သည် ယွမ်သန်း၁၀၀လောက်ရှိတာကြောင့် ကုနင်းအနည်းဆုံးယွမ်သန်း၁၀၀လောက်နိုင်မည်က အသေအချာပင်။

သူတို့သည်လဲ မြို့တော်ထန်မိသားစုအကြောင်း ကြားဖူးကြတာကြောင့် ချီကျီယွဲ့၏ ပေးဖို့မတတ်နိုင်ဆိုသည့်စကားကို ဘယ်သူမှမယုံကြပေ။

ကုနင်း၏မယုံနိုင်စရာကံကောင်းမှုကြီးကို သူတို့မနာလိုဖြစ်မိကြတယ်ဆိုရင်တောင် ကစားလို့ရှုံးသွားပြီးကာမှ လောင်းကြေးမပေးသည့်လူကိုတော့ ပိုမုန်းမိသည်။ “ဟုတ်သားပဲ! ငါတို့အားလုံးလဲ ထန်မိသားစုဘယ်လောက်တောင်ချမ်းသာလဲ သိကြတာကို။ ယွမ်၁ဘီလီယံတောင်မှ မင်းမတတ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“ဒါသပ်သပ် လောင်းကြေးကို မပေးချင်ကြတာ။”

“အစကတည်းက ရလဒ်ကို လက်သင့်မခံနိုင်ရင် မကစားပါနဲ့လား!”

လူအုပ်ကြီး၏ဝေဖန်ပြစ်တင်မှုကြောင့် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ အလွန်ဒေါသထွက်လာကြပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။ မူဝမ်ချီသည်လဲ ပြဿနာထဲသူပါ, ပါသွားမည်စိုးတာကြောင့် နှုတ်ဆိတ်လို့နေသည်။ ထိုအခိုက်အတန့်တွင်ပဲ ထန်ယရှင်းက ကုနင်းကို စိုက်ကြည့်ကာ၊ “ယွမ်၁ဘီလီယံလောင်းကြေးထပ်ပါ့မယ်လို့ ငါဘယ်တုန်းကပြောလိုက်လို့လဲ။ နင့်မှာ သက်သေရှိလို့လား?” ထိုစကာကြောင့် ကုနင်းမျက်ခုံးများပင့်တက်သွားကာ အေးစက်လှသည့်အသံအနေအထားနှင့် ပြန်မေးလိုက်သည်။ “ဘာလဲ? နင်က ငြင်းချင်တာလား?”

“အရှက်မရှိလိုက်တာ!”

“ငါတောင် သူ့အစားရှက်မိသေးတယ်!”

………..

လူများက ထပ်ပြီးထန်ယရှင်းကို တိုက်ခိုက်ပြောဆိုကြပြန်သည်။

***

All Chapters