အခန်း (၇၅၆-၇၆၀)
Vol. 51 Ch. 756-760
အခန်း ၇၅၆ ငွေပေးစမ်း!
“နင်တို့ထဲကကော ငါပြောတာကြားလိုက်တဲ့လူရှိလို့လား? သက်သေရောရှိလို့လား!” ထန်ယရှင်း လူအုပ်ကြီးကိုပါ မေးခွန်းထုတ်လိုက်သည်။ ထိုလူများက သူမတို့လောင်းကြေးထပ်ပြီး ကစားနေချိန်မှ စတင်ရောက်ရှိလာကြခြင်းဖြစ်တာကြောင့် သူမအခုလို ငြင်းဆန်ရဲခြင်းဖြစ်ကာ ချီကျီယွဲ့နှင့်မူဝမ်ချီတို့ကလဲ သူမဘက်တွင်ရှိကြမည်ဟု ယုံကြည်ချက်ရှိထားခြင်းလဲ ပါဝင်သည်။
ထိုစကားကြောင့် လူအုပ်ကြီး ချက်ချင်းပင်တိတ်ဆိတ်သွားတော့သည်။ သူတို့ဘယ်သူကမှ လောင်းကြေးထပ်သည့်စကားကို မကြားခဲ့ကြဘဲ။ အများစုက ကုနင်းဘက်က ထောက်ခံခဲ့ကြပေမည့် နာမည်ကြီးထန်မိသားစုမှ ထန်ယရှင်းကိုတော့ မပုန်ကန်ရဲကြပေ။ ထန်ယရှင်းသည် သူမဒေါသများကို သူတို့အပေါ် ပုံချလိုက်ပါက ဘယ်လိုမှတောင့်ခံနိုင်ကြမည်မဟုတ်ပေ။
သူတို့သည်က တစ်ကိုယ်ကောင်းဆန်ကာ သွေးအေးသည့်လူများမဟုတ်သော်လည်း သာမာန်လူများသာဖြစ်သည်။
“လူကြီးမင်းချီ၊ လူကြီးမင်းမူ။ ရှင်တို့က အစကတည်းကရှိနေကြတဲ့လူတွေဆိုတော့ ရှင်တို့ရဲ့ ရပ်တည်ချက်ကိုလဲ ပြကြပါဦး။” ကုနင်း ထိုနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။ ဒါပေါ့ သူတို့နှစ်ယောက်လုံး ထန်ယရှင်းဘက်မှာသာ ရပ်တည်ကြမည်မှန်းသိထားပြီးသားပင်။ ဒါပေမယ့်လဲ သူတို့နှုတ်က ကိုယ်တိုင်ဖြေလာသည်ကိုလဲ လိုချင်သေးသည်။
ချီကျီယွဲ့နှင့်မူဝမ်ချီတို့ မျက်မှောင်ကြုတ်လိုက်ကြကာ ဘာစကားမှမပြောလာပေ။ သူတို့လဲ အလွန်စိတ်သောကရောက်နေကြသည်။ သူတို့သာ မှန်ကြောင်း လက်ခံလိုက်ပါက ထန်ယရှင်း ယွမ်၁ဘီလီယံဆုံးရှုံးသွားမည်ဖြစ်သလို သူတို့ငြင်းလိုက်ပြန်လျှင်လဲ ‘ထန်အိုက်နင်း’ကို ဒေါသထွက်စေပေမည်။ သူတို့ချင်းသိကြတာ သိပ်မကြာသေးသော်လည်း ‘ထန်အိုက်နင်း’ဆိုသူက သူတို့ရှုပ်ချင်တိုင်းသွားရှုပ်လို့ရသည့်လူမျိုးတော့ မဟုတ်ကြောင်း သိနေကြပြီဖြစ်သည်။
“ကျီယွဲ့၊ နင့်က ငါ့ခင်ပွန်းလောင်းနော်။ နင်က သူ့ကိုကူညီချင်နေတာလား?” ချီကျီယွဲ့ နှုတ်ဆိတ်နေတာကြောင့် ထန်ယရှင်း အပြစ်တင်လိုက်သည်။
‘ခင်ပွန်းလောင်း’ဆိုသည့် စကားလုံးက ကုနင်းကို စိတ်တိုသွားသေည်။
သူမ အခုချိန်မှာ ချီကျီယွဲ့ကို မချစ်တော့ဘူးဆိုလျှင်တောင်မှ သူမအရင်က ထိုလူကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးသည့် အချက်ကိုတော့ မေ့နိုင်သေးပေ။ တမင်အကြံနှင့် သူမအနားသို့ချဉ်းကပ်လာခြင်းဆိုလျှင်တောင်မှပေါ့။ သူမတွင်သာ ထိုအချိန်က ထိုနှစ်ယောက်ကို သတ်နိုင်စွမ်းရှိခဲ့လျှင် ဘယ်လိုမှအသတ်ရှင်လျှက်လွှတ်ပေးလိုက်မည်မဟုတ်ပေ။ အခုတော့ သူမတွင် ထိုနှစ်ယောက်ကို လက်စားခြေနိုင်စွမ်းရှိနေပြီဖြစ်တာကြောင့် အချိန်ဆွဲကာ ဖြည်းဖြည်းချင်းစီ ခံစားနေရအောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားပေပြီ။
“စိတ်မကောင်းပါဘူး။ ယရှင်းပြောတာ မှန်တယ်။” ချီကျီယွဲ့က အဆုံးတွင်တော့ ‘ထန်အိုက်နင်း’ကို အပြစ်ပြုဖို့သာ ရွေးချယ်လိုက်သည်။ မူဝမ်ချီသည်လဲ ချီကျီယွဲ့၏မိတ်ဆွေဖြစ်တာကြောင့် ကုနင်းကိုသာ တောင်းပန်လိုက်သည်။ “ဟ-ဟ၊ အရမ်းကိုကောင်းတယ်၊ ဒါနဲ့ ငါ့မှာသက်သေမရှိဘူးလို့ ထင်နေကြတာလား?”
ထိုစကားက ချီကျီယွဲ့ကို ထိတ်လန့်သွားစေတော့သည်။ ဘာ? သူမမှာ သက်သေရှိနေတာလား?
ကုနင်း ထိုသူများနှင့် အလုပ်ရှုပ်ခံ စကားနိုင်လုပ်မနေတော့ဘဲ သူမဖုန်းကို ထုတ်ယူလိုက်ကာ၊ “သူပြောထားတဲ့စကားတွေကို ငါဗီဒီယိုရိုက်ထားတယ်။”
ပြောရင်းဖြင့်ပင် အားလုံးရှေ့၌ ဗီဒီယိုကို ဖွင့်ပြလိုက်ကာ ထန်ယရှင်းပြောထားသည့် လောင်းကြေးကိစ္စကို လူအများရှေ့မှောက်သို့ ဖော်ထုတ်လိုက်တော့သည်။ သက်သေအခိုင်အမာရှိနေတာကြောင့် ဘယ်သူမှမငြင်းနိုင်တော့ပေ။
ချီကျီယွဲ့တို့အဖွဲ့လဲ လွန်စွာထိတ်လန့်နေကာ ‘ထန်အိုက်နင်း’တွင် သက်သေဗီဒီယိုရှိနေခြင်းကြောင့်လဲ အလွန်အံ့အားသင့်နေတော့သည်။
“မဖြစ်နိုင်ဘူး! နင်ငါတို့ကိုဗီဒီယိုရိုက်နေတာ မမြင်မိပါဘူး။!” ထန်ယရှင်းအော်ဟစ်ကာ ဖုန်းကိုလုယူရန် ပြေးဝင်သွားပေမည့် ကုနင်းလက်ထဲမှ ပစ္စည်းကို သူမလိုလူက လုယူနိုင်ဖို့ရန်က မဖြစ်နိုင်သည့်အရာသာ။
“ငါ့ကိုပေးစမ်း!” ထန်ယရှင်း ဒေါသတကြီးအော်ဟစ်တော့သည်။ တကယ်တမ်းကျ သူမဗီဒီယိုကို ဖျက်လိုက်မည်ဆိုလျှင်တောင်မှ အသုံးမဝင်တော့ပေ။
“ဒါ ငါ့ဖုန်းလေ။ ဘာကြောင့် နင့်ကိုပေးရမှာလဲ?”
“ဒါတကယ်မဟုတ်ဘူး! သူ့ကိုမယုံကြနဲ့!” ထန်ယရှင်း၏ တွေးတောဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးလာပုံပင်။
“အစစ်ဟုတ်,ဟုတ် မဟုတ်,ဟုတ် နင်နဲ့မဆိုင်ပါဘူး။”
“ဘာတွေဖြစ်နေကြတာလဲ?” ထိုအချိန်တွင်ပဲ လုံခြုံရေးတစ်ဦး သူမတို့နားသို့လျှောက်လာသည်။
“သူတို့က သူတို့ရှုံးတဲ့ငွေကို ပေးဖို့ ငြင်းနေကြလို့။” ကုနင်းပြန်ဖြေလိုက်သည်။
“မင်းတို့ရှုံးမှတော့ ပေးသင့်တာပေးလိုက်ပေါ့!”
“မပေးဘူး!” ထန်ယရှင်းကတော့သူမငွေများကို ပေးပစ်ဖို့ ငြင်းဆန်နေစဲဖြစ်သည်။
“နင်အခုချက်ချင်း ပေးလိုက်တာ ကောင်းမယ်၊ မဟုတ်လို့ကတော့ ဒီည ဒီနေရာကနေထွက်သွားရမယ်စိတ်မကူးနဲ့။” ကုနင်းခြိမ်းခြောက်လိုက်သည်။
‘ထန်အိုက်နင်း’သည် မြေကမ္ဘာကလပ်နှင့်ကောင်းမွန်သည့် ဆက်ဆံရေးရှိမှန်း ချီကျီယွဲ့နှင့်မူဝမ်ချီတို့သိထားတာကြောင့် အနည်းငယ်ကြောက်ရွံ့သွားကြသည်။
“ငါတို့ အခုချက်ချင်းတော့ မပေးနိုင်သေးဘူး။ အရမ်းများလွန်းတယ်!” ချီကျီယွဲ့ ပြန်ပြောလိုက်သည်။ တကယ်တော့ သူသာ အမှန်တကယ်ပေးလိုလျှင် တစ်နည်းမဟုတ်တစ်နည်းရှိသော်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မလားဆိုသည့် စိတ်ကြောင့် တမင်အချိန်ဆွဲနေလိုခြင်းဖြစ်သည်။
“ငါ့ကိုအရူးမလုပ်နဲ့။ ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ ဒီကိစ္စလောက်က ရှင်တို့အတွက် အလွယ်လေးဖြေရှင်းနိုင်တယ်။” ကုနင်းပြောသည့်အချက်က မှန်နေတာကြောင့် ချီကျီယွဲ့ ရှက်ရွံ့သွားတော့သည်။
“ဖုန်းဆက်ရုံနဲ့ ဖြေရှင်းနိုင်မှတော့ စကားများပြီး အချိန်ဖြုန်းမနေနဲ့တော့။ မင်းတို့ကြောင့် ငါတို့စီးပွားရေးကို ထိခိုက်စေရန် သေချာပေါက် အကောင်းအတိုင်းရှိမှာမဟုတ်ဘူးနော်။” လုံခြုံရေးကလဲ ဝင်ပြောလာသည်။ လုံခြုံရေးမှာ ကုနင်းကို သိသည့်လူမဟုတ်တာကြောင့် သူမကိုလာကူပေးခြင်းမဟုတ်သလို လျော်ကြေးဘယ်လောက်လဲဆိုသည်ကိုလဲ မသိတာကြောင့် အလွယ်လေးတွေးနေခြင်းဖြစ်သည်။
ထိုအချိန်တွင်ပဲ ကုနင်းကို မန်နေဂျာလုနှင့်တွေ့ဖို့ရန်ခေါ်သွားပေးသည့် သက်တော်စောင့်က သူတို့နားသို့ရောက်လာခဲ့သည်။ လုံခြုံရေးဝန်ထမ်းက ထိုသက်တော်စောင့်ကို မြင်လိုက်သည်နှင့် ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။ “ထျန်းကော!”
ထျန်းကောသည် မန်နေဂျာလု၏သက်တော်စောင့်ဖြစ်ကာ မြေကမ္ဘာကလပ်တွင် သူ့ကိုမသိသူမရှိပေ။
ထျန်းကောက လုံခြုံရေးဝန်ထမ်းကို လျစ်လျူရှုထားပြီး ကုနင်းဘက်သို့လှည့်ကာ၊ “မိန်းကလေးထန်၊ ကျွန်တော်တို့မန်နေဂျာက အမိန့်ပေးထားပါတယ်။ မင်းဘာပဲလိုအပ်အပ် ကျွန်တော်တို့ကို အချိန်မရွေးပြောပါ။”
ကုနင်းက သူမဒီကို တခြားနာမည်တစ်ခုနှင့်လာကြောင့် ပြောထားပြီးဖြစ်တာကြောင့် ထျန်းကောကလဲ သူမကိုမျိုးရိုးနာမည်အစစ်ကို မခေါ်ခဲ့ပေ။ အကြွေစေ့စက်မှနေပြီး တိုကင်ပြားများစွာ ကုနင်းနိုင်သွားသည်ကို လုံခြုံရေးကင်မရာမှနေပြီး သူမြင်ခဲ့တာကြောင့် အလွန်အံ့အားသင့်သွားခဲ့ရသည်။ သို့သော်လည်း ကုနင်းကသာမာန်မိန်းကလေးတစ်ဦးမဟုတ်မှန်းလဲ သိထားပြီးဖြစ်တာကြောင့် ဒီဖြစ်ရပ်ကို လက်ခံနိုင်ဖို့ရန် မခဲယဉ်းလိုက်ပေ။ သို့ပေမည့် ကုနင်း ထန်ယရှင်းနှင့် ဘယ်လောက်ပမာဏကြေးလောင်းထားသည်ကိုတော့ သူမသိပေ။ မဟုတ်လို့ကတော့ အလွန်ထိတ်လန့်သွားလောက်သည်။
မန်နေဂျာလု၏သက်တော်စောင့်ဖြစ်သည့် ထျန်းကောရောက်လာသည်ကို မြင်တော့ လူတိုင်းအံ့ဩသွားကြသည်။ မိန်းကလေးထန်သည် မန်နေဂျာလု၏မိတ်ဆွေဖြစ်နေမည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
ချီကျီယွဲ့လဲ ဆက်ပြီး မငြင်းနိုင်တော့ဘဲ။ “ကောင်းပါပြီ၊ ငါ့ကို ဖုန်းတစ်ချက်လောက်ဆက်ခွင့်ပြုပါ။”
“မဆက်နဲ့…” ထန်ယရှင်း သတိလက်လွတ်တုံ့ပြန်လိုက်ပေမည့် သူမစကားမဆုံးသေးခင်တွင်ပဲ ချီကျီယွဲ့က ဒေါသဖြင့် ပိတ်အော်လိုက်သည်။ “မင်းပါးစပ်ပိတ်ထား!”
ချီကျီယွဲ့သည် ယခုလိုမျိုး ထန်ယရှင်းကို ဘယ်တုန်းကမှ ဒေါသမထွက်ဖူးတာကြောင့် သူမကြောက်လန့်သွားကာ ချက်ချင်းပါးစပ်ပိတ်သွားပြီး သူမတို့အန္တရာယ်တောထဲရောက်ရှိနေသည့် အချက်ကိုလဲ ပြန်သတိရသွားတော့သည်။
***
အခန်း ၇၅၇ သတ်လိုက်!
ထန်ယရှင်း ဘယ်လိုမှသဘောမတူနိုင်သော်လည်း ကီရင်းဂိုဏ်း၏ခြိမ်းခြောက်ခြင်းခံလာရချိန်တွင်တော့ သူမ ဘာမှဆက်မပြောနိုင်တော့ပေ။
ဒီ ‘ထန်အိုက်နင်း’ကိုလဲ အခုကစပြီး သေလောက်အောင် မုန်းတီးသွားပြီဖြစ်ကာ ယခင် ‘ထန်အိုက်နင်း’လိုမျိုး သူမကိုလဲ သတ်ပစ်ဖို့ရန် စိတ်ထဲ၌ ကြံစည်နေတော့သည်။ သေချာလေ့ကျင့်ထားတဲ့သတ်ဖြတ်သူတစ်ယောက်ကိုတော့ သူမတို့သတ်နိုင်ခဲ့မှတော့ ဒီလိုအားနည်းလှသည့်သာမာန်မိန်းမတစ်ယောက်ကို သတ်ဖို့ကအလွယ်လေးပင်။
သူမအတွေးများနှင့် ဆန့်ကျင်စွာ ကုနင်းသည် အားနည်းသည့်မိန်းမတစ်ယောက်မဟုတ်ဘဲ ယခင် ‘ထန်အိုက်နင်း’ထက်တောင်မှ ပိုလို့သန်မာသည့် မိန်းကလေးတစ်ဦးဖြစ်လို့နေသည်။ ဒါ့အပြင် သူတို့ ထန်အိုက်နင်းကို သတ်နိုင်ခဲ့ခြင်းကလဲ ထန်အိုက်နင်းသည် ထိုကဲ့သို့နောက်ကျောဓါးနှင့် အထိုးခံရနိုင်သည့် အခြေအနေကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိသလို အားနည်းကာ ဒဏ်ရာလဲ ရထားခြင်းကြောင့်သာဖြစ်သည်။ ယခုကုနင်းကိုတော့ သူတို့ ထိခိုက်အောင် လုပ်နိုင်လျှင်ဆိုလျှင်တောင်မှ သူမ၏မှော်စွမ်းအားကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ ပြန်လည်ကုသလိုက်နိုင်ပေမည်။
သူတို့ငွေမလွှဲကြခင် အရင်ဆုံးလက်ထဲမှ တိုကင်ပြားများကို ရေတွက်ကြကာ ထျန်းကောက တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်။
ထျန်းကောက တစ်ခါတည်း တိုကင်ပြားများကို ရေတွက်နိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်းများစွာကို ခေါ်ယူလိုက်သည်။ သူတို့လမ်းဖယ်ကာ ဝင်မလာမခြင်း ကုနင်း စက်ထဲမှ တိုကင်အားလုံးကို နိုင်သွားခဲ့မှန်း မသိကြသလို တိုကင်ပြားပုံကြီးကို မြင်လိုက်ရတာကြောင့်လဲ အလွန်အံ့ဩမှင်တက်သွားကြသည်။
တိုကင်ပြားများကို နာရီဝက်နီးနီးကြာအောင် ရေတွက်ခဲ့ကြရပြီး ယွမ်သန်း၁၀၀ကျော် ကုနင်းနိုင်ခဲ့ကာ ၁၀ဆဆိုတော့ ယွမ်၁ဘီလီယံဖြစ်ပေမည်။
သူတို့ တိုကင်ပြားများ ရေတွက်နေချိန်တွင် ကုနင်းက ကေဆီသို့ စာလှမ်းပို့ကာ ကေ၏ဘဏ်အကောင့်နံပါတ်ကို တောင်းလိုက်သည်။ သူမကိုယ်ပိုင်ဘဏ်အကောင့်ကိုသုံးပါက သူမနာမည်အရင်းကို ဖော်ထုတ်နိုင်သွားကြမည်အား စိုးတာကြောင့် ယခုလို အကောင့်ငှားလိုက်ခြင်းဖြစ်သည်။
ကေကချက်ချင်းပင် စာပြန်လာကာ ချီကျီယွဲ့၏နာမည်နှင့်ဘဏ်အကောင့်ကို ပေးခဲ့သည်။ မကြာခင်တွင်ပဲ တိုကင်ပြားများ ရေတွက်ခြင်းပြီးဆုံးလို့သွားသည်။
ချီကျီယွဲ့သည် ထန်မိသားစုပိုင် လုပ်ငန်းစု၏အကြီးတန်းအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်သော်လည်း သူ့တွင် ကုမ္ပဏီပိုင်ငွေများကို ထုတ်ယူသုံးစွဲခွင့်မရှိတာကြောင့် ထန်ပင်းစန်၏ခွင့်ပြုချက်ကို လှမ်းတောင်းရသည်။ သူ့ဘဏ်ကဒ်ထဲတွင်တော့ ထိုမျှပမာဏငွေကြေးရှိသည်မှန်သော်လည်း ထန်ယရှင်းအစား ထုတ်ပေးဖို့တော့ ဆန္ဒမရှိပေ။ ထို့အပြင် ထန်မိသားစုက ဒီလောက်ငွေပမာဏကိုတော့ တတ်နိုင်ကြောင်းသူသိပေသည်။
ထန်ယရှင်းသည် သူ၏ဇနီးလောင်းဖြစ်သော်လည်း သူ့ဘက်က သူမမိသားစု၏ကြွယ်ဝမှုကို ရယူလိုခြင်းကြောင့်သာ သူမကိုလက်ထပ်လိုခြင်းဖြစ်သည်။ ဒါကြောင့် ထန်ယရှင်း၏ ယနေ့ပြုလုပ်လိုက်သော ဉာဏ်နည်းသည့်အမှားကြောင့် သူမဘာသာ အပြစ်ပေးခံရပါစေ ဆူပူခံရပါစေ သူဂရုမစိုက်ပေ။
………
ထန်ပင်းစန်နှင့် သူ့မယားငယ် ထျန်းဖေးဖေးသည် သီးသန့်ကလပ်တစ်ခု၏ သီးသန့်ခန်းထဲတွင် ရာထူးမြင့်ပုဂ္ဂိုလ်များနှင့် အတူရှိနေကာ အခန်းထဲတွင်တော့ စိတ်တက်ကြွစေသည့်လေထုက ဆောင်ကျဉ်းနေသည်။
ဒီလိုကျိကျိတက်ချမ်းသာကြသည့် လူချမ်းသာအများစုသည် အရက်နှင့်မိန်းမကို သုံးဆောင်ရခြင်းအား ပျော်မွေ့ကြသူများဖြစ်သည်။ ထို့အပြင် သူတို့က သူတို့၏ကိုယ်ပိုင်မိသားစုများ မသိအောင် ယခုလိုမျိုး လူစုပျော်ပါးလေ့ရှိတတ်ကြသည်။ မျိုးတူများ တစ်စုတည်းနေကြသလိုမျိုး သူတို့၏မကောင်းသည့်လျှို့ဝှက်ချက်များကိုလဲ အချင်းချင်းမျှဝေထားကြတာကြောင့် ဘယ်သူကမှ အဖွဲ့ဝင်အချင်းချင်း သစ္စာဖောက်ခြင်းမလုပ်ပေ။
ချီကျီယွဲ့ဖုန်းဆက်သည့်အချိန်တွင် ထန်ပင်းစန်ကလဲ သီးသန့်ခန်းထဲတွင် ဆူညံလွန်းနေတာကြောင့် ပြန်ထွက်လာချိန်ဖြစ်သည်။
“ဥက္ကဌထန်၊ ယရှင်းက မိန်းမတစ်ယောက်နဲ့ လောင်းကစားလုပ်ပြီး ယွမ်၁ဘီလီယံရှုံးသွားတယ်။ အခု အဲ့မိန်းမက ငွေချက်ချင်းပေးဖို့ တောင်းနေပြီ။ ကျွန်တော်တို့သာ သူ့ကိုမပေးရင် ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး။” ထန်ပင်းစန်ကို ဒီကိစ္စပြောရခြင်းက ချီကျီယွဲ့အတွက်လဲ မလွယ်ကူလှပေ။
“ဘာ?” ထန်ပင်းစန် သူကြားလိုက်ရသည်ကို မယုံနိုင်စွာဖြင့်၊ “ထပ်ပြောစမ်း!”
“ယရှင်းလောင်းကစားလုပ်ပြီး ယွမ်၁ဘီလီယံ ရှုံးသွားတယ်။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူဘာတွေလျှောက်လုပ်နေတာလဲ?” ထန်ပင်းစန် ဒေါသထွက်လာတော့သည်။
ယွမ်၁ဘီလီယံ! လောင်းကစားလုပ်ပြီး ယွမ်၁ဘီလီယံရှုံးတဲ့လူမျိုး သူတစ်ခါမှတောင် မတွေ့ဖူးဘူး။
ထန်မိသားစုတွင် ယွမ်ဘီလီယံပေါင်းများစွာ ကြွယ်ဝသည်မှန်သော်လည်း ယွမ်၁ဘီလီယံကလဲ အလွန်များပြားသည့် ပမာဏဖြစ်နေစဲပင်။
“သူတို့အကြွေစေ့စက်နဲ့ကစားကြပြီး ယရှင်းက လောင်းကြေးထပ်ခဲ့တာ။ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့၁၀ဆကို လျော်ပေးရမယ်ဆိုပြီး၊ အဲ့ဒီမိန်းမက စက်ထဲက တိုကင်အားလုံးနိုင်သွားလို့ ယရှင်းက ယွမ်၁ဘီလီယံ လျော်ရမှာပါ။” ချီကျီယွဲ့ သေချာရှင်းပြလိုက်သည်။
ထန်ပင်းစန် ရုတ်တရက်ဆွံ့လို့သွားကာ၊ “တကယ်ကြီးလား? အကြွေစေ့စက်နဲ့ကစားပြီး ယွမ်၁ဘီလီယံတောင် ရှုံးသွားတယ်လား? မင်း သူ့ကိုဘာလို့ မတားတာလဲ?”
“ကျွန်တော် တားပါသေးတယ်၊ ဒါပေမယ့် ဥက္ကဌလဲသိတဲ့အတိုင်းပဲ သူ့ကို ဘယ်သူမှတားလို့ရတာမှမဟုတ်တာ။” ချီကျီယွဲ့ မကျေမနပ်ဖြစ်သွားသည်။
“အဲ့မိန်းမက ဘယ်သူလဲ? သူသာ သာမာန်လူတစ်ယောက်ဆို ယရှင်းက မြို့တော် ထန်မိသားစုကလို့ပြောလိုက်။” ထန်ပင်းစန်သည်လဲ ငွေကိုမပေးချင်တာကြောင့် မိသားစုအရှိန်အဝါနှင့် ပြဿနာကိုဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
“သူ့နောက်ခံကိုတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် သူ့မှာ ကီရင်းဂိုဏ်းရဲ့ ထောက်ပံ့မှုရှိနေတာတော့ သေချာတယ်။” ထန်မိသားစုအရှိန်အဝါကို သုံး၍သာ ပြဿနာကို ဖြေရှင်းလို့ရလို့ကတော့ သူအစောကြီးကတည်းက လုပ်ပြီးနေပြီပေါ့။
“ဘာ? ကီရင်းဂိုဏ်းလား?” ထိုစကားကြောင့် ထန်ပင်းစန် အနည်းငယ်ထိတ်လန့်သွားသည်။
ကီရင်းဂိုဏ်းပါ,ပါဝင်ပတ်သတ်လာပြီဆိုမှတော့ ဒါက ဖြေရှင်းရခက်သည့်ပြဿနာဖြစ်သွားပေပြီ။ သူ့မှာလဲ ဂိုဏ်းတစ်ဂိုဏ်း၏အထောက်အပံ့ရှိထားပေမည့် ကီရင်းဂိုဏ်းကို ယှဉ်နိုင်ဖို့ကတော့ အလှမ်းဝေးလွန်းသည်။
“ဥက္ကဌထန်၊ နောက်ထပ်သိထားသင့်တဲ့ ကိစ္စရှိသေးတယ်။” ထို့နောက် ချီကျီယွဲ့က သူတို့ဒီနေ့ နောက်ထပ်ထန်အိုက်နင်း တစ်ဦးနှင့်တွေ့ဆုံခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။
ထန်ပင်းစန်လဲ ‘ထန်အိုက်နင်း’ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် တုန်လှုပ်သွားခဲ့သည်။ “ဘာ? သူ့မှာ ယူအက်စ်ဘီရှိတဲ့အပြင် ငါတို့ရဲ့ တချို့လျှို့ဝှက်ချက်တွေကိုတောင် သိနေတာလား?”
တစ်ချိန်တည်းတွင်ပဲ ထိုယူအက်စ်ဘီထဲတွင် ထန်မိသားစုကို ဖျက်ဆီးပစ်နိုင်မည့် မကောင်းသည့်လျှို့ဝှက်ချက်များပါဝင်နေမည်ကို ထန်ပင်းစန် အလွန်စိုးရိမ်ပူပန်သွားတော့သည်။
“သူ့ကိုသတ်ပစ်။” ထန်ပင်းစန် နှစ်ကြိမ်ပင်တွေးတောမနေဘဲ အမိန့်ပေးလိုက်သည်။
“ဒါသာ သူမတမင်ကြံစည်ထားတာဆိုရင် သူ့မှာ တခြားအကူတွေရှိနေလောက်ဦးမယ်။ ကျွန်တော်တို့ သူ့ကိုသတ်လိုက်ရင်တောင်မှ ယူအက်စ်ဘီထဲက အကြောင်းတွေ ပေါ်ထွက်သွားမှာကို စိုးရိမ်မိတယ်။”
ထန်ပင်းစန် မျက်မှောင်ကြုတ်ကာ ပြန်စဉ်းစားလိုက်ပြီး ချီကျီယွဲ့၏ထင်မြင်ချက်ကို လက်ခံလိုက်သည်။
“သူ့အကြောင်း အရင်စုံစမ်းလိုက်၊ ပြီးမှ သတ်လို့ရရင် သတ်ပစ်။”
“ကောင်းပါပြီ။”
သူတို့လမ်းကို ပိတ်ကာ ခြိမ်းခြောက်နိုင်သည့် ကိစ္စရှိရပ်နေခြင်းမျိုးကို သူတို့လုံးဝသည်းမခံနိုင်ပေ။
“ပြီးတော့ ယွမ်၁ဘီလီယံက…” ချီကျီယွဲ့ ထပ်ပြီးစကားစလိုက်ပြန်သည်။
“ငါအခုပဲ ဘဏ္ဍာရေးဌာနကို ဖုန်းဆက်လိုက်မယ်။” ကီရင်းဂိုဏ်း၏အရှိန်အဝါနှင့် ယူအက်စ်ဘီကြောင့် ထန်ပင်းစန် နည်းနည်းထိတ်လန့်သွားပေပြီ။
“ဟုတ်ကဲ့ပါ။” ထို့နောက် သူတို့နှစ်ဦး ဖုန်းချလိုက်ကြသည်။
နှစ်မိနစ်အတွင်းမှာပဲ ထန်မိသားစုပိုင်လုပ်ငန်းစု၏ ဘဏ္ဍာရေဌာနမှ ဒါရိုက်တာက ချီကျီယွဲ့ကို ဖုန်းဆက်လာကာ ချီကျီယွဲ့လဲ ဒါရိုက်တာကို ဘဏ်အကောင့်နှင့်နာမည်ကို ပြောပြလိုက်သည်။
ထို့နောက် ဒါရိုက်တာလဲ ချက်ချင်းပင် ဆွဇ်ဘဏ်ကိုဖုန်းဆက်ကာ ဆွဇ်ဘဏ်အကောင့်မှနေပြီး တစ်ဖက်ဘဏ်အကောင့်ထဲသို့ ငွေလွှဲစေလိုက်သည်။
***
အခန်း ၇၅၈ ယွမ်၁ဘီလီယံ ရပြီ
ဖုန်းဆက်ခြင်းများပြီးနောက် ချီကျီယွဲ့ပြန်ရောက်လာသည်။
တကယ်တော့ ကုနင်းလဲ ယနေ့ထန်ယရှင်းနှင့် လောင်းကစားလေးတစ်ပွဲလုပ်ပြီး ယွမ်၁ဘီလီယုံတောင် ရှာနိုင်ခဲ့သည့်အတွက် သူမကိုယ်သူမအံ့ဩနေမိသည်။ ယွမ်၁ဘီလီယံဆိုသည်မှာ ထန်မိသားစုကြွယ်ဝမှု၏ ၅၀ပုံမှ၁ပုံစာလောက်သာ ရှိသော်လည်း ထိုမျှပမာဏကို ပေးဖို့ရာက ထိုသူများအတွက်လဲ တော်တော်လေးနာကျင်သွားရပေမည်။
ထန်ပင်းစန်လဲ ကလပ်တွင် ထပ်ပြီးပျော်ပါးချင်စိတ်မရှိတော့တာကြောင့် ခွင့်တောင်းကာ ပြန်လာခဲ့သည်။ ထန်ပင်းစန်၏ပါတနာဖြစ်သည့် ထျန်းဖေးဖေးသည်လဲ သေချာပေါက် သူနှင့်အတူ ပြန်လာခဲ့သည်။
“ဘော့စ်၊ ရှင့်မျက်နှာကြည့်ရတာ သိပ်မကောင်းသလိုပဲ။ စိတ်အခြေအနေမကောင်းဘူးလား?” ထျန်းဖေးဖေး စိုးရိမ်စွာမေးလိုက်ပေမည့် မယားငယ်တစ်ယောက်အနေနှင့် ဘာကိုတော့ မမေးသင့်ဘူးဆိုသည်ကို သိတာကြောင့် အကြောင်းအရင်းကိုတော့ မေးမြန်းခြင်းမပြုပေ။
“ဟုတ်တယ်။” ထန်ပင်းစန် ထိုစကားမှလွဲပြီး ကျန်သည့်အကြောင်းပြချက်များမပြောခဲ့ပေ။
“အခုမှအစောကြီးရှိသေးတယ်။ ကျွန်မအခန်းကိုလိုက်ပြီး ခဏလောက်အနားယူရင်မကောင်းဘူးလား?” ထျန်းဖေးဖေး မေးလိုက်သည်။ သူမပြောသည့် အနားယူသည်ဆိုခြင်းက သေချာပေါက် အနားယူခြင်းမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။
ထန်ပင်းစန်သည် သူပြဿနာတစ်ခုခုရှိတိုင်း ထျန်းဖေးဖေးဆီသို့သွားကာ သူမအနားတွင် စိတ်ဖြေလေ့ရှိသည်။
ထန်ပင်းစန်မှာ သူမ၏ရှူးဂါးဒယ်ဒီဖြစ်တာကြော်င့ သေချာပေါက် ထန်ပင်းစန်စိတ်ချမ်းသာအောင် သူမလုပ်ပေးသင့်တာပေါ့။ ထိုလူနှင့်ဆက်ယှက်ရသည်ကို သူမှန်းသော်လည်း သူမကို မစွန့်ပစ်သွားစေရန်အတွက် အရာရာသည်းခံရသည်။ ထန်ပင်းစန်လိုမျိုး အပေးအကမ်းရက်ရောသည့် နောက်ထပ်ရူးဂါးဒယ်ဒီတစ်ယောက်ကိုလဲ သူမမရှာနိုင်ပေ။
“ဒီနေ့တော့ မသွားသေးဘူး။” ထန်ပင်းစန်၏ စိတ်အခြေအနေ တော်တော်လေးမကောင်းတာကြောင့် ငြင်းဆိုလိုက်သည်။
ထန်ပင်းစန်ကိုယ်တိုင်က စိတ်မပါတာကြောင့် သူမလဲ အတင်းအကြပ်မတိုက်တွန်းနေတော့ပေ။ ထိုအစား ထိုလူအိုကြီးကို အိပ်ရာထဲတွင် မြူဆွယ်နေရန် မလိုတော့သည့်အတွက်တောင် ပျော်ရွှင်နေမိသေးသည်။ ဒီလူအိုကြီးနှင့်အတူနေရမည့်အစား သူမ၏ငယ်ရွယ်သန်မာသေးသည့် ကိုယ်စားလှယ်နှင့်သာ ပို၍နေချင်စိတ်ရှီပေသည်။ ထိုသို့တွေးမိလိုက်သည်နှင့် သူမတို့အခုပြန်ပြီးသည်နှင့် သူမ၏ကိုယ်စားလှယ်ကိုခေါ်တွေ့ရန် ဆုံးဖြတ်လိုက်တော့သည်။
၅မိနစ်ကြာပြီးနောက်တွင်တော့ ကေက ကုနင်းကို ဖုန်းဆက်လာကာ ငွေရောက်ရှိသည့်အကြောင်းပြောခဲ့သည်။ သူ့အကောင့်ထဲကို ငွေများများစားစားဝင်လောက်မည်မှန်း ကေတွေးထားမိပြီးသားဖြစ်သော်လည်း ယွမ်၁ဘီလီယံတောင် ဝင်လာမည်ဟုတော့ မထင်ထားခဲ့ပေ။
ဒါကြောင့် ၁နောက်က သုညပေါင်းများစွာကို တွေ့ပြီးနောက် အလွန်ထိတ်လန့်လို့သွားခဲ့သည်။
“ဘော့စ်၊ မင်းဘာတွေလုပ်လိုက်ပြန်တာလဲ?” ကေ အလွန်အံ့အားသင့်ကာ မေးလိုက်မိသည်။
“လောင်းကစားလုပ်ပြီး နိုင်လာတာပါ။” ကုနင်းဘက်က မထူးခြားသည့် ကိစ္စတစ်ခုလို ပုံမှန်အတိုင်းပြောလိုက်ပေမည့် ကေကတော့ အသက်ရှူပင် ရပ်မိသွားသည်။ လောင်းကစားလုပ်ပြီး နိုင်လာတယ်ဆိုရင်တောင် ဒါက အရမ်းကိုများပြားလွန်းတဲ့ ပမာဏကြီးလေ!
ကေက ဆက်ပြီး၊ “ဒီငွေတွေကို ကုမ္ပဏီအတွက်သုံးလိုက်လို့ရတယ်။”
“ဟုတ်ပါပြီ။”
ကုနင်းဖက်မှ ဆူညံသံများကိုကြားနေရတာကြောင့် ကုနင်းအလုပ်များနေတုန်းမှန် ကေသိလိုက်၍ ကြာကြာဆက်မပြောတော့ဘဲ ဖုန်းချပေးလိုက်သည်။
“ကဲ၊ ရှင်တို့ထွက်သွားလို့ရပါပြီ။” ကုနင်း ချီကျီယွဲ့ကို ကြည့်ကာပြောလိုက်သည်။ ချီကျီယွဲ့တို့အဖွဲ့လဲ ကုနင်းကို တစ်ချက်ကြည့်ကာ ထွက်သွားကြတော့သည်။
ထန်ယရှင်း၏မုန်းတီးမှုများဖြင့်ပြည့်နေသည့် အကြည့်များကို ကုနင်းသတိထားမိသော်လည်း ဂရုစိုက်မနေပေ။ အခုချိန်က ဘယ်သူ့ဘက်က ဘယ်သူ့ကိုဖြစ်ဖြစ် သတ်ဖြတ်ဖို့ရန်က စောလွန်းနေသေးသည်!
……….
ချီကျီယွဲ့တို့အဖွဲ့ ကလပ်အပြင်သို့ရောက်သည်နှင့် ချက်ချင်းမပြန်ဖြစ်ကြသေးပေ။
ချီကျီယွဲ့က ကားပါကင်နှင့် ဓါတ်လှေကားဘက်ကို သေချာစောင့်ကြည့်ထားရန် မူဝမ်ချီအားပြောလိုက်သည်။ တကယ်လို့ ‘ထန်အိုက်နင်း’သာ ထွက်လာခဲ့လျှင် မူဝမ်ချီက သူ့ကိုအသိပေးပေလိမ့်မည်။ တစ်ဖက်တွင်တော့ ချီကျီယွဲ့နှင့်ထန်ယရှင်းတို့က ရှေ့တံခါးဝမှာစောင့်နေကြသည်။
သို့ပေမည့် ကုနင်းက သူမ,မထွက်လာင် အရင်ဆုံး အဝတ်အစားပြန်လဲလိုက်တာကြောင့် သူမမြေကမ္ဘာကလပ်မှ ထွက်လာချိန်တွင် ဘယ်သူကမှ သူမကို ‘ထန်အိုက်နင်း’မှန်း မသိကြတော့ပေ။
ထိုအချိန်တွင်ပဲ ထန်ယရှင်းသည်တော့ ထန်ပင်းစန်ကို ဖုန်းဆက်ကာ ဆူပူမှုကို ခံယူနေရသည်။
ဒါက သူမအမှားမဟုတ်ဟု ထန်ယရှင်း တစ်ဖက်သတ်ယုံကြည်ထားတာကြောင့် ဖြစ်ပျက်သမျှတိုင်းအတွက် ‘ထန်အိုက်နင်း’ကိုသာ အပြစ်တင်နေတော့သည်။ ဒါ တမင်ကြံစည်ထားခြင်းလို့သာ သူမယုံကြည်နေသော်လည်း ထန်ပင်းစန်နှင့်တော့ အငြင်းမပွားရဲပေ။ ဒါကြောင့် ‘ထန်အိုက်နင်း’ကိုပဲ ပိုလို့မုန်းတီးမိကာ သူမကိုသတ်ပစ်ဖို့ရန် စိတ်ထဲတေးမှတ်ထားလိုက်တော့သည်။
“မင်းသူ့ကိုမုန်းနေမှာ သိပေမယ့် မင်းစိတ်နဲ့မင်း ဘာမှလျှောက်မလုပ်မိစေနဲ့။ မင်းအဖေပဲ ဒီကိစ္ကို ဖြေရှင်းလိမ့်မယ်။ မင်းသာ သူ့အကြံအစည်ကို သွားဖျက်ဆီးမိရင် သေချာပေါက် မင်းပဲ အပြစ်တင်ခံရမှာ။” ချီကျီယွဲ့က ထန်ယရှင်းကို အကြံပေးလိုက်သည်။
တကယ်တော့ ထန်မိသားစု၏မကောင်းသည့်လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံလိုက်ရလျှင်တောင် သူကတော့ ထိုပြဿနာထဲပါဝင်သွားမည်မဟုတ်ပေ။ ထိုလျှို့ဝှက်ချက်များမှာ လျှို့ဝှက်လွန်းကာ ထန်ပင်းစန်ကလဲ သူ့ကိုသိပ်အများကြီး မပြောပြထားပေ။ သူသိထားတာတော်တော်များများကလဲ သူကိုယ်တိုင် စုံစမ်းဖော်ထုတ်ထားခြင်းကြောင့်သာဖြစ်သည်။ ဒီပြဿနာထဲ သူမပါဝင်သော်လည်း သူ့ရည်ရွယ်ချက်က ထန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်သိမ်းယူဖို့ဖြစ်တာကြောင့် ထန်မိသားစုပျက်စီးသွားမည့် အရေးကိုလဲ မမြင်လိုပေ။
ထန်ယရှင်းကတော့ ချီကျီယွဲ့၏သတိပေးမှုကြောင့် မကျေမနပ်ဖြစ်နေပေမည့် ထန်ပင်းစန်၏အကြံအစည်ကို ဖျက်မိသွားမည်စိုးတာကြောင့် သူမလက်ခံလိုက်ရသည်။
မကြာခင်တွင်ပဲ ‘ထန်အိုက်နင်း’အကြောင်း စုံစမ်းထားသည့်သတင်းများ ချီကျီယွဲ့ရရှိခဲ့သည်။
အစကတော့ ‘ထန်အိုက်နင်း’ဆိုသည်မှာ ထိုမိန်းမ၏နာမည်အရင်းမဟုတ်လောက်ဟု ထင်ခဲ့မိသော်လည်း ‘ထန်အိုက်နင်း’ဆိုသည့် နာမည်ကို တကယ်ရှိနေခဲ့သည်။ သို့သော်လည်း သူမနှင့်ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကိုတော့ မရှာဖွေနိုင်ခဲ့ပေ။
‘ထန်အိုက်နင်း’ သူ့ကိုပြောခဲ့တာတွေက အမှန်တွေများလား?
ချီကျီယွဲ့လဲ ‘ထန်အိုက်နင်း’အကြောင်း ပိုသိအောင် စုံစမ်းဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
……….
ကုနင်း ဟွားဖုတောင်ကုန်းသို့ပြန်ရောက်သည်အထိ ချီကျီယွဲ့တို့အဖွဲ့ကတော့ သူမကိုစောင့်ဆိုင်းနေစဲဖြစ်သည်။
သူမပြန်ရောက်သည်က ၁၀နာရီပင်ထိုးပြီဖြစ်တာကြောင့် ကုမန့်နှင့်ချောင်ယတို့လဲ ပြန်ရောက်နေကြပြီဖြစ်သည်။
“နင်းနင်း၊ အလှကုန်အသစ်တွေက အခုအရမ်းနာမည်ကြီးနေပြီလို့ သမီးအန်တီဖုန်းဆက်တယ်။ ပြီးတော့ ဒီရက်ပိုင်းအလှပြင်ဆိုင်မှာ လူအရမ်းပြည့်နေတာပဲတဲ့!” ကုမန့် အလွန်စိတ်လှုပ်ရှားကာ ပြောပြလိုက်သည်။
“ကောင်းတာပေါ့။” ကုမန့်ပျော်တာကြောင့် ကုနင်းလဲ ပျော်ရပေသည်။
“ဒါနဲ့၊ ထန်မိသားစုရော အဆင်ပြေရဲ့လား?” ကုနင်းမေးလိုက်သည်။
“ပြေပါတယ်။”
ဒါပေမယ့် အခုလိုအဆင်ပြေနေသည့်အချိန်က သိပ်ကြာရှည်မခံနိုင်တော့ပါဘူး။
အချိန်အကြာကြီး စောင့်ပြီးသည်အထိ ‘ထန်အိုက်နင်း’ပြန်ထွက်လာသည့် အရိပ်အယောင်ကို မတွေ့ရသေးတာကြောင့် ‘ထန်အိုက်နင်း’ တခြားလမ်းကြောင့်က ထွက်သွားတာ ဒါမှမဟုတ် ဒီညအတွက် မြေကမ္ဘာကလပ်မှာပဲ နေတော့မှာဖြစ်ကြောင်း ချီကျီယွဲ့သိသွားတော့သည်။
ဘာပဲဖြစ်ဖြစ် ‘ထန်အိုက်နင်း’ သူတို့ဒီနေ့အဖို့ ထပ်တွေ့နိုင်တော့မည်မဟုတ်ကြောင်းကိုတော့ ချီကျီယွဲ့နားလည်သွားပေပြီ။ သူမကို ဒီနေ့ထပ်မတွေ့ရဘူးဆိုလျှင် သူမကိုထပ်တွေ့နိုင်ဖို့က တော်တော်ခက်သွားပေပြီ။
နောက်ဆုံး ချီကျီယွဲ့လဲ ဘာမှဆက်မလုပ်နိုင်တော့တာကြောင့် လက်မလျှော့ချင်ဘဲ လက်လျှော့ကာ အပြန်ခရီးကိုစတင်ရတော့သည်။
……….
တစ်ဖက်တွင်တော့ ထန်ရှင်းယွဲ့သည် ထန်ဝေ့ရုန်၏မယားငယ်နှင့် တွေ့ဆုံနေသည်။
သူမ၏နာမည်ကတော့ မီကျားမိန်ဖြစ်သည်။
မီကျားမိန်သည် ထန်ရှင်းယွဲ့နှင့်အတူ သိက္ခာမရှိသည့်အလုပ်များ လုပ်ဖို့စိတ်မဝင်စားဘဲ သူမနှင့်စကားထိုင်ပြောရုံသာ ပြောခဲ့သည်။
သီးသန့်ခန်းထဲတွင် မီကျားမိန်နှင့်ထန်ရှင်းယွဲ့တို့ နှစ်ဦးတည်း သီချင်းနားထောင်ရင်း အရက်သောက်နေကြသည်။
“ချီးယားစ်!” မီကျားမိန်က သူမခွက်ကို ထန်ရှင်းယွဲ့ရှိရာသို့မြှောက်ပြလိုက်ကာ ထန်ရှင်းယွဲ့လဲ ခွက်ကိုပြန်မြှောက်ပြီး မီကျားမိန်၏ခွက်နှင့်တိုက်ကာ သောက်လိုက်သည်။
ခွက်ရေတော်တော်များများ သောက်ပြီးနောက် မီကျားမိန်ဘက်က စကားစပြောလာခဲ့သည်။ “ရှင်းယွဲ့၊ ငါဒီနေ့ မင်းကိုပြောစရာရှိတယ်။ မင်း နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ ဒါကို ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်အဖြစ်ပဲ ရှိစေချင်တယ်။”
***
အခန်း ၇၅၉ ခွေးနှင့်ကျားယှဉ်သော်
“ဟုတ်ပါပြီ၊ ကျွန်မတစ်ယောက်ပဲ သိပါ့မယ်။” ထန်ရှင်းယွဲ့ပြန်ဖြေလိုက်သည်။
ဒါပေမယ့် သူမနှင့်မီကျားမိန်က ရင်းနှီးလှသည်လဲ မဟုတ်တာကြောင့် သေချာပေါက် သတိနှင့်နေဦးမည်ဖြစ်ကာ သူတို့အချင်းအချင်းကြား လျှို့ဝှက်ချက်များဝေမျှနိုင်သည့် အခြေအနေမျိုးရှိနေပြီဟုလဲ မယုံကြည်သေးပေ။
မီကျားမိန်က ထန်ရှင်းယွဲ့ကို ခဏမျှစိုက်ကြည့်နေပြီးနောက် စိတ်မသက်မသာအပြုံးမျိုးပြုံးလိုက်ကာ၊ “အမှန်အတိုင်းပြောရရင် ငါမင်းကိုအရမ်းသနားမိတယ်။”
“ဘာလို့လဲ?” မီကျားမိန်ဘာအကြောင်းပြောချင်လဲ ထန်ရှင်းယွဲ့နားလည်ပေမည့် မသိသလိုသာ ဟန်ဆောင်ခဲ့သည်။
“ဟမ်…” ထန်ရှင်းယွဲ့ဘယ်လိုတွေးနေလဲဆိုသည်ကို မီကျားမိန်လဲ နားလည်ပေသည်။ ထန်ရှင်းယွဲ့အနေနှင့် သူမကို သင်္ကာမကင်းဖြစ်နေသည်ကလဲ နားလည်ပေး၍ရပေသည်။
မီကျားမိန်က နောက်ထပ်စကားဆက်မပြောခင် အရက်တစ်ငုံလောက်သောက်လိုက်ကာ၊ “မင်းအဖေက မင်းအပေါ် မမျှမတဆက်ဆံလွန်းလို့ သနားမိတာပေါ့။”
“ကျွန်မအဖေသာ ရှင်ပြောနေတာတွေ ပြန်ကြားသွားရင် ရှင့်ကိုဒေါသထွက်သွားမှာ မကြောက်ဘူးလား?” ထန်ရှင်းယွဲ့ မီကျားမိန်ကို စွေကြည့်လိုက်သည်။ မိကျားမိန်က သူမအဖေကိုယ်စားသူမကိုစမ်းသပ်နေတာများလား? ဒီလိုသာဆိုရင်တော့ တော်တော်လေးရွံ့စရာကောင်းပေမယ့် ဒါမျိုးအများကြီးကြုံဖူးပြီးသားဖြစ်သည်။
“မင်းသာမပြောရင် သူသိစရာအကြောင်းမရှိပါဘူး။” မီကျားမိန်ပြန်ပြောလိုက်သည်။ ဒီစကားတွေကို သူမဘာသာတော့ ထန်ဝေ့ရုန်ကို ပြန်ပြောစရာအကြောင်းမရှိပေ။ “မင်း ငါ့ကိုမယုံမှန်းသိပါတယ်။ ဒီအတိုင်းနားထောင်ရုံ နားထောင်ကြည့်ပေါ့။”
ထန်ရှင်းယွဲ့ ဘာမှပြန်မပြောတော့ဘဲ မီကျားမိန်ကိုသာ စိုက်ကြည့်နေလိုက်တော့သည်။
“ထန်ရှင်းကျဲ့နဲ့ မင်းအဖေက ဘယ်လိုလူစားမျိုးတွေလဲဆိုတာ ငါတို့နှစ်ယောက်လုံး သိကြတာပဲ။ မင်းအဖေ မင်းအပေါ်ဆက်ဆံတဲ့ပုံစံကို ငါသဘောမကျပေမယ့် ငါ့အနေနဲ့လဲ ဘာမှမလုပ်ပေးနိုင်ဘူး။ ငါလဲ မိန်းမတစ်ယောက်ဖြစ်သလို ငါ့အဖေကလဲ မင်းအဖေမင်းကိုဆက်ဆံသလိုမျိုးပဲ ငါ့ကိုဆက်ဆံခဲ့တယ်။ သူက ငါ့မောင်ကျောင်းဆက်တက်နိုင်ဖို့အတွက် ငါ့ခန္ဓာကိုယ်ကိုရောင်းစားခဲ့တယ်။ ဒါကြောင့် မင်းကို ကိုယ်ချင်းစားမိလို့ ကူညီပေးချင်ရုံပါ။” မီကျားမိန်၏ပုံစံမှာ အလွန်ရိုးသားနေဟန်ပေါ်သည်။
ထိုသို့ဆိုလျှင်ပင် ထန်ရှင်းယွဲ့ကတော့ သူမကိုမယုံကြည်သေးပေ။
“အိုး၊ ကျွန်မကို ကူညီပေးချင်တာပေါ့? ဘယ်လိုပုံစံမျိုးနဲ့လဲ?” ထန်ရှင်းယွဲ့ အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။
“တစ်ခုတည်းသောနည်းလမ်းက မင်းအဖေနဲ့ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကိုယ့်ဘဝကိုယ်ရှင်သန်ဖို့ပဲ။ မင်းအခုချိန် ဘာပဲကြံစည်နေနေ သေချာပေါက် ရှုံးနိမ့်သွားမှာပဲ။” မီကျားမိန် သွယ်ဝိုက်မနေဘဲ ပြောလိုက်သည်။
ထိုစကားများကိုကြားရလျှင်တောင်မှ ထန်ရှင်းယွဲ့၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိသေးပေ။ တကယ်တမ်း သူမလဲ သူမဘယ်လောက်ပဲ အလုပ်ကြိုးစားကြိုးစား ထန်ဝေ့ရုန်က သူ့ပိုင်ဆိုင်မှုများကို သူမအား ဆက်ခံပိုင်ခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း သိပေမည့် သူမနှင့်လဲ သက်ဆိုင်သည့်အရာအတွက် ဒီအတိုင်းလက်မလျှော့လိုက်လိုပေ။
“ဘာလို့လဲ?” ထန်ရှင်းယွဲ့ပြန်မေးလိုက်သည်။ မီကျားမိန်ဘက်က အကြောင်းအရင်းကို ပြောပြပေးနိုင်လိမ့်မည်ဟုလဲ ထိုအခိုက်အတန့်မှာ ယုံကြည်မိသွားသည်။ သူတွေးနေသလိုများဖြစ်နေမလား?
“မင်း သူ့နောက်ကွယ်မှာ ဘာတွေလုပ်နေလဲဆိုတာ မင်းအဖေမသိဘူးများထင်နေလား? မင်း ထန်ရှင်းကျဲ့ကို ထပ်ခါထပ်ခါ ဖျက်ဆီးဖို့ သူခွင့်ပြုနေတာက မင်းရဲ့ဦးတည်ချက်ကို လွဲမှားအောင် တမင်လုပ်နေတာပဲ။ တကယ်တော့ သူ့ရဲ့အမွေဆက်ခံသူက ထန်ရှင်းကျဲ့မဟုတ်ဘူး။”
“ဘာ?” ဒီစကားကတော့ ထန်ရှင်းယွဲ့ကို အလွန်ထိတ်လန့်သွားစေသည်။ သူမအဖေက အားလုံးသိနေတာလား? ထန်ရှင်းကျဲ့ကလဲ အမွေဆက်ခံသူအစစ်မဟုတ်ဘူးလား?
ထန်ရှင်းယွဲ့၏ထင်မြင်ချက်များ မှန်နေခဲ့သည်။ သို့သော်လည်း သူမကိုယ်တိုင်နားနှင့်ဆက်ဆက်ကြားလိုက်ရသည်၌ မတုန်လှုပ်ဘဲ မနေမိပေ။ ပိုလို့အံ့ဩဖို့ကောင်းသည့်အချက်ကတော့ သူမထန်ရှင်းကျဲ့ကို ဆက်တိုက်လုပ်ကြံနေသည်အား ထန်ဝေ့ရုန် သိနေခဲ့ခြင်းပင်။
“ဒါက အချိန်ကုန်ရုံပဲ၊ မင်းအဖေအောင်မြင်သွားဖို့ဆိုတာကလဲ ပြောရခက်တယ်။ မင်းအဖေက ထန်မိသားစုနဲ့ လုံးဝမလိုက်ဖက်တဲ့လူပဲ။”
ထန်ဝေ့ရုန် ဘယ်လိုပဲအကြံကြီးပါစေ သူက ကျားအစစ်ဖြစ်သည့် ထန်မိသားစုနှင့်ယှဉ်လျှင် လေလွင့်ခွေးတစ်ကောင်သာသာ ရှိသည်။ ကျားနဲ့ခွေး၏တိုက်ပွဲမှာ ဘယ်ဘက်ကနိုင်မလဲဆိုတာကတော့ စဉ်းစားနေဖို့ရန်တောင် မလိုပါဘူး။
အခုချိန်တွင် ထန်ယွင်ဖန်းနှင့်ထန်ဝေ့ရုန်တို့ သတိမေ့မျောနေကြသော်လည်း တကယ်ဟုတ်ရဲ့လားဆိုတာကို ဘယ်သူမှမသိကြပေ။ သူတို့နှစ်ဦး၏ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး ဒီအတိုင်းပြန်သတိမရလာကြရုံသာဖြစ်သည်။ မီကျားမိန်ကတော့ ဒါတမင်သက်သက်ကြံစည်ခြင်းလို့သာ မြင်မိသည်။ ဒါပေါ့ သူမ၏ထင်မြင်ချက်ကိုတော့ ထန်ဝေ့ရုန်ကိုပြောပြမည်မဟုတ်သလို ထန်ဝေ့ရုန်၏အကြံအစည်များ အောင်မြင်သွားမည့်အဖြစ်မျိုးကိုလဲ သူမမမြင်ချင်ပေ။ ထန်ဝေ့ရုန်အကြောင်း သူမ,မဖော်ထုတ်လိုက်သည်ကပင် အလွန်ကောင်းပေးရာရောက်နေပြီ။
“ဘာလို့ အခုမှဒါတွေလာပြောပြနေရတာလဲ?” ထန်ရှင်းယွဲ့ စိုးရိမ်ပူပန်နေကာ မီကျားမိန်ကိုလဲ နားမလည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ “ကျွန်မကို ဒါတွေပြောပြနေတာက ကျွန်မအဖေကို သစ္စာဖောက်လိုက်တာပဲဆိုတာ မသိလို့လား? ရှင်ဒုက္ခရောက်သွားမှာ မကြောက်ဘူးလား?”
“သစ္စာဖောက်တယ်?” မီကျားမိန် ရယ်မိသွားသည်။ “ထန်ရှင်းယွဲ့၊ မင်းအဖေကို ငါသစ္စာရှိနေတုန်းပဲလို့ မင်းတကယ်ကြီးထင်နေတာလား?”
“ဘာ?” ထန်ရှင်းယွဲ့ အံ့ဩသွားရပြန်သည်။
“အရင်တုန်းက မင်းအဖေ ငါ့အသက်ကိုကယ်ခဲ့တာကြောင့် ကျေးဇူးတင်လွန်းလို့ သူ့အပေါ် သစ္စာရှိပေးခဲ့တာတော့ အမှန်ပဲ။” မီကျားမိန်၏အမူအရာက ချက်ချင်းပြောင်းလဲသွားကာ မုန်းတီးမှုများ ပေါ်ထွက်လာသည်။ “ဒါပေမယ့် မင်းအဖေကလဲ ငါ့အဖေလိုပဲ။ သူတို့နှစ်ယောက်လုံးက သူတို့လိုချင်တာရဖို့အတွက် ငါ့ကိုရောင်းစားကြတယ်။ ငါ့မှာအခု အေအိုင်ဒီအက်စ်ဖြစ်နေပြီ၊ ပြီးတော့ ကင်ဆာဆဲလ်လဲပြန့်နေတယ်။ ငါအချိန်ကြာကြာ အသက်မရှင်နိုင်တော့မှတော့ သူ့ကိုသစ္စာဖောက်မိတာကို ဂရုစိုက်နေတော့မတဲ့လား။”
“ဘာဖြစ်တယ်?” ထန်ရှင်းယွဲ့ မှင်တက်သွားတော့သည်။ မီကျားမိန်မှာ အေအိုင်ဒီအက်စ်ရှိနေတာလား!
မီကျားမိန်သည်တော့ ထိုရလဒ်ကိုအစောကတည်းက လက်ခံနေနိုင်ပြီဖြစ်တာကြောင့် အေးဆေးတည်ငြိမ်နေခဲ့သည်။
“ရှင့်မှာ အေအိုင်ဒီအက်စ်ရှိနေပြီဆိုရင် ရှင်အခုထိ ကျွန်မအဖေနဲ့ အိပ်နေတုန်းပဲဆိုတော့…သူလဲ….” ထန်ရှင်းယွဲ့ ထိတ်လန့်သွားတော့သည်။
မီကျားမိန်ကတော့ ကင်ဆာဆဲလ်ကြောင့် အသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူးဆိုပေမယ့် ထန်ဝေ့ရုန်မှာကော အေအိုင်ဒီအက်စ်ရှိနေမလားဆိုသည်ကိုတော့ သူမသိချင်မိသည်။
မီကျားမိန်က သူမမှာအေအိုင်ဒီအက်စ်ရှိမှန်း သိသိကြီးနှင့် ထန်ဝေ့ရုန်နှင့် တမင်ဆက်အိပ်နေခြင်းဖြစ်ကြောင်း ထန်ရှင်းယွဲ့သိလိုက်ပေမည့် ထိုအတွက် ဒေါသမထွက်မိတဲ့အပြင် တော်တော်လေးတောင်မှ ဝမ်းသာနေမိသေးသည်။ သူမသွေးအေးလွန်းမှန်း ဝန်ခံပေမယ့် ဒါတွေအကုန်လုံးက သူမအဖေဘက်ကအရင် သူမအပေါ် ကောင်းကောင်းမဆက်ဆံခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
သူမ ထန်ဝေ့ရုန်နှင့် ရှိနေချိန်တိုင်း အဖေနှင့်သမီးကြားမှ ကြည်နူးမှုချစ်ခြင်းမေတ္တာကို တစ်ကြိမ်တစ်ခါပင် မခံစာခဲ့ရဖူးပေ။
***
အခန်း ၇၆၀ ထန်ဝေ့ရုန်အကြောင်း ဖော်ထုတ်ခြင်း
ထန်ဝေ့ရုန် သူလုပ်ခဲ့သည့်ကိစ္စအတွက် သူပြန်ခံသွားရခြင်းသာဖြစ်သည်။ ထန်ဝေ့ရုန်သည် သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုတန်ဖိုးထားကာ သူမကိုတော့ သူ့ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အသုံးချခဲ့သည်။ ဒါကြောင့် ထန်ရှင်းယွဲ့အနေနဲ့ ထန်ဝေ့ရုန်ကို သေလောက်အောင် မုန်းမိသည်က ပုံမှန်သာ။ သူမတို့မိသားစုဆက်ဆံရေးကြောင့် ကိုယ်တိုင်တော့ သတ်မည်မဟုတ်သော်လည်း တခြားလူများလုပ်လျှင်တော့ တားမည့်ထဲမပါပေ။ မီကျားမိန်ပြောသည့် ထန်ဝေ့ရုန်အနေနှင့် ထန်မိသားစုကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက်မရှိသည့် အမှန်တရားကိုတော့ သူမလဲ လက်ခံပေသည်။ တကယ်တော့ ထန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းကို သူမအမွေဆက်ခံနိုင်ခဲ့ရင်တောင်မှ ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ဖို့ ယုံကြည်ချက်မရှိပေ။
“ရှင်အမှန်တွေပြောနေတာလား?” မီကျားမိန်၏ အမူအရာတစ်ခုချင်းစီကို မမြင်လိုက်ရဘဲဖြစ်နေမည်စိုးတာကြောင့် ထန်ရှင်းယွဲ့ သေချာစိုက်ကြည့်နေခဲ့သည်။
“ယုံချင်ယုံ၊ မယုံချင်နေ၊ ငါလဲ တကယ့်ဆက်ခံသူဘယ်သူလဲဆိုတာကို မသိဘူး။ မင်းအဖေက အရမ်းသတိကြီးလို့ ငါ့ကိုတောင် သိပ်အများကြီးမပြောပြဘူး။”
မီကျားမိန်၏ပြောစကားအများစုကို ထန်ရှင်းယွဲ့ ယုံကြည်သော်လည်း သူမတွင် သက်သေအတိအကျမရှိသေးတာကြောင့် အလုံးစုံယုံကြည်ပစ်မည်တော့ မဟုတ်ပေ။
ထို့နောက် ထန်ရှင်းယွဲ့ ဘာမှထပ်မပြောတော့ဘဲ ဝိုင်ကိုသာဆက်သောက်လိုက်သည်။
မီကျားမိန်၏အကြံပြုချက်ကိုလဲ သူမပြန်တွေးကြည့်နေသည်။ သူအခုကတည်းက ထွက်သွားသင့်လား? ထန်ဝေ့ရုန်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်သင့်ပြီလား? ထန်ဝေ့ရုန်ကို သူမမယှဉ်နိုင်မှန်း သိပေသည်။ ထန်ရှင်းကျဲ့ကို သူမထောင်ချောက်ဆင်နေခြင်းသာ ထန်ဝေ့ရုန်သိထားရင် သူမလုပ်သမျှအရာရာတိုင်းကိုလဲ သိထားလောက်ပေသည်။
မီကျားမိန်က ထိတ်လန့်စရာအမှန်တရားကို ထန်ရှင်းယွဲ့အားပြောပြခဲ့ပေမည့် နောက်ဘာဆက်လုပ်သင့်သလဲကတော့ ထန်ရှင်းယွဲ့နှင့်သာ သက်ဆိုင်ပေသည်။
………
ကုမန့် အိပ်ရာဝင်သွားသည့်အခါမှ ကုနင်း သူမအခန်းသို့ပြန်ကာ ကေ သူမကိုပို့ထားသည့် မူဝမ်ချီနှင့်ပတ်သတ်သော အကြောင်းအချက်အလက်များကို ဖတ်ဖြစ်သည်။
မူဝမ်ချီသည် Yနိုင်ငံသားအယ်ဂါဖွင့်ထားသည့် ကလပ်တစ်ခုသို့ မကြာခဏသွားရောက်နေကြဖြစ်သည်။ အယ်ဂါသည်လဲ ကလပ်သို့လာခဲပေမည့် မူဝမ်ချီလာတိုင်းတော့ အမြဲလာတွေ့လေ့ရှိသည်။ တစ်ခါတစ်လေဆို ထန်သဲ့မင်ပင်လျှင် ထိုတွေ့ဆုံပွဲ၌ ပါဝင်ခဲ့သည်။
သူတို့သုံးဦးဆုံမိသည့်အချိန်များတွင် တစ်ခါတစ်ရံ နောက်ထပ်အမျိုးသားတစ်ဦးလဲ ပေါ်,ပေါ်လာတတ်သည်။
ကုနင်း အောက်ဘက်ရှိပုံများကို မမြင်ခင်အထိ ဘာမှသံသယမဝင်ခဲ့ပေ။
အောက်ဘက်ရှိပုံများကတော့ လုံခြုံရေးကင်မရာများမှတစ်ဆင့် ထန်ရှင်းယွဲ့၏အိမ်ကို ရိုက်ထားမိသည့်ပုံများဖြစ်သည်။
ထန်ရှင်းယွဲ့၏အိပ်ပြတင်းပေါက်ကနေပြီး အမိန့်ပေးနေဟန်ရသည့် လူတစ်ယောက်ကို ကုနင်းမြင်ခဲ့ရသည်။ ထိုလူကတော့ မူဝမ်ချီတို့အဖွဲ့နှင့် တစ်ခါတစ်လေလာတွေ့သည့် သက်လတ်ပိုင်းလူကြီးပင်ဖြစ်သည်။
ဒီလူက နောက်ကွယ်ကကြိုးကိုင်သူများလား? ဒါမှမဟုတ် ကြိုးကိုင်သူရဲ့အကူလက်ထောက်တစ်ယောက်ယောက်လဲ ဖြစ်နိုင်တာပဲ။
အရှင်းလင်းဆုံးမြင်ရသည့်ပုံကို ရသည်နှင့် သူမထန်ယွင်ဖန်းဆီ ချက်ချင်းပို့ပေးလိုက်သည်။ ထန်ယွင်ဖန်း ထိုလူကို မှတ်မလောက်မလားဟု သူမသိလိုခြင်းကြောင့်ပင်။
ကုနင်းထံမှ ဓါတ်ပုံကိုရရှိချိန်တွင် ထန်ယွင်ဖန်းသည် စာကြည့်ခန်းထဲတွင် ထန်ယွင်ဟန်နှင့် အချို့သော အကြောင်းအရာများ ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။ ချက်ချင်းပင် ကုနင်း၏စာနှင့်ဓါတ်ပုံကို ကြည့်ခဲ့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူအသက်ရှင်နေသေးတာလား?” ထန်ယွင်ဖန်း အံ့ဩတကြီးရေရွတ်လိုက်ပြီး ယုံလဲ မယုံကြည်နိုင်ခဲ့ပေ။ ထန်ဝေ့ရုန် အသက်ရှင်နေသေးတာလား!
သူအသက်ရှင်နေသေးတယ်ဆိုတော့ အဲ့တုန်းကမသေခဲ့ဘူးပေါ့၊ အကြောင်းရင်းကို ထန်ယွင်ဖန်း ချက်ချင်းပင်နားလည်သွားတော့သည်။ ထန်ဝေ့ရုန် သူတို့ကိုလှည့်စားသွားတာပဲ။
ထန်ယွင်ဖန်း၏အမူအရာပျက်သွားပုံက ထန်ယွင်ဟန်ကိုပင် တုန်လှုပ်သွားစေကာ အလောတကြီး မေးမြန်းလိုက်သည်။ “ဘာဖြစ်တာလဲ? ဘယ်သူအသက်ရှိနေလို့လဲ?”
“ထန်ဝေ့ရုန်။”
“ဘာ?” ထန်ယွင်ဟန်လဲ အံ့ဩလွန်းလို့ မတ်တပ်ပင်ထရပ်မိသွားသည်။ “ထန်ဝေ့ရုန် အသက်ရှင်နေသေးတာလား?”
“ဟုတ်တယ်။” ထန်ယွင်ဖန်း ချက်ချင်းပင် ကုနင်းကို ဖုန်းပြန်ခေါ်လိုက်သည်။
“နင်းနင်း၊ သမီး ဒီပုံကိုဘယ်ကနေရလာတာလဲ?”
“မူဝမ်ချီနဲ့ထန်သဲ့မင်တို့ တိတ်တဆိတ်တွေ့နေတာကို သမီးတွေ့လိုက်လို့ မူဝမ်ချီအကြောင်း စုံစမ်းလိုက်တာ။ နောက်တော့ ကလပ်တစ်ခုမှာ ဒီလူက ထန်သဲ့မင်နဲ့ မူဝမ်ချီကို တစ်ခါတစ်လေလာတွေ့တာကို တွေ့လိုက်ရတယ်။”
“သူက သမီးအဖိုးရဲ့ညီ ထန်ဟိုင်မင်ရဲ့သား ထန်ဝေ့ရုန်ပဲ။ ထန်ဝေ့ရုန်က အဖေ့ရဲ့ ဝမ်းကွဲအစ်ကိုဆိုလဲ ဟုတ်တယ်။ လွန်ခဲ့တဲ့၁၉နှစ်တုန်းက သူနဲ့သူ့အဖေက အဖေ့ကို လုပ်ကြံပြီး ကားတိုက်မှုဖြစ်အောင်လုပ်ခဲ့တယ်။ အဖေအိမ်ပြန်ရောက်တာနဲ့ သူတို့ ထွက်ပြေးပြီး လမ်းမှာပဲ ကားတိုက်မှုဖြစ်သွားကြတာ။ ထန်ဟိုင်မင်ကတော့ ဆုံးသွားပြီး ထန်ဝေ့ရုန်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်။ သူ့ဇနီး၊ သားနဲ့သမီးကိုပဲ ကယ်တင်နိုင်ခဲ့တာ။ ထန်ဟိုင်မင်နဲ့ထန်ဝေ့ရုန်မှာ အပြစ်ရှိတယ်ဆိုပေမယ့် ထန်ဝေ့ရုန်ရဲ့ဇနီးနဲ့ကလေးတွေကတော့ အပြစ်ကင်းတယ်လေ၊ ဒါကြောင့် သူတို့ကိုတော့ အပြစ်မပေးခဲ့ကြဘူး။ နောက်တော့ ထန်ဝေ့ရုန် သေသွားပြီလို့ ကြားခဲ့ပေမယ့် အမှန်ဟုတ်မဟုတ်ကိုတော့ အဖေတို့ မသိဘူး။ သူအခုအသက်ရှင်နေတုန်းဆိုရင် သေချာပေါက် နောက်ကွယ်ကကြိုးကိုင်သူက သူပဲဖြစ်ရမယ်။” ထန်ယွင်ဖန်း ဇာတ်လမ်းဟောင်းရှည်ကြီးကို ကုနင်းအားပြန်ပြောပြလိုက်သည်။
ကုနင်းလဲ ထိုပုံထဲမှလူက နောက်ကွယ်ကကြိုးကိုင်သူဖြစ်လောက်သည်ဟု သံသယရှိခဲ့ပေမည့် မသေချာခဲ့ပေ။
ထန်ယွင်ဖန်း၏ရှင်းပြချက်ကိုကြားပြီးနောက်တွင်တော့ ထန်ဝေ့ရုန်သည် နောက်ကွယ်ကကြိုးကိုင်သူဖြစ်သည်ဟု သေချာသွားကာ ပြီးခဲ့သည့်၁၉နှစ်လုံး ထန်မိသားစုကို လက်စားပြန်ချေဖို့ အစီအစဉ်ဆွဲနေခြင်းသာဖြစ်ပေမည်။
တကယ်ဆို ထန်ယွင်ဖန်းကသာ မတရားခံရသူဆိုပေမည့် ထန်ဝေ့ရုန်ကတော့ ထိုသို့မတွေးခဲ့ပေ။ သူက ဖြစ်ပျက်သွားသမျှအတွက် ထန်မိသားစုကိုသာ အပြစ်တင်ကာ ထန်မိသားစုကို လက်စားချေဖို့ဆုံးဖြတ်ခဲ့သည်။
ကုနင်း ထိုလူကိုရွံ့ရှာသွားကာ၊ “သူအခု …လမ်းပေါ်က အိမ်နံပါတ်..မှာနေတယ်။”
“လိပ်စာတောင်ရှာပြီးသွားပြီလား?” ထန်ယွင်ဖန်း အံ့ဩသွားရသည်။
“အဲ့ဒီအိမ်အကြောင်းသိထားတာ တော်တော်ကြာပြီ၊ ဒါပေမယ့် ထန်သဲ့မင် အဲ့အိမ်ကိုသွားဖူးတာနဲ့ အိမ်ပိုင်ရှင်က ထန်ဟွမ်လုပ်ငန်းစုရဲ့ စာရင်းဌာနမှာလုပ်တဲ့ ထန်ရှင်းယွဲ့ဆိုတာပဲသိခဲ့တာ။ ထန်ရှင်းယွဲ့နဲ့ထန်သဲ့မင်တို့ ဆက်သွယ်နေတာ သိတာနဲ့ သူ့ကိုအကြောင်းရှာပြီး အလုပ်ထုတ်ဖို့ ဦးလေးချွမ်ကို ပြောထားတယ်။ အခုလေးတင်ပဲ ထန်ဝေ့ရုန်လဲ အဲ့အိမ်မှာနေတဲ့အကြောင်းသိလို့ တစ်ခုခုဆက်နွယ်မှုရှိမယ်ဆိုပြီး ထင်လိုက်မိတာ။”
ထန်ရှင်းယွဲ့အကြောင်းကို ထန်ယွင်ဖန်းလဲ သိထားပြီးပြီဖြစ်သည်။
ထန်ရှင်းယွဲ့၏ကိုယ်ရေးအချက်အလက်များတွင်က သူမသည် မိဘမဲ့တစ်ဦးဖြစ်ကာ Yနိုင်ငံမှအမျိုးသမီးတစ်ဦးက မွေးစားခဲ့သည်ဟု ဖော်ပြထားပေမည့် ယခုပုံကိုမြင်ပြီးနောက်တွင်တော့ သူမနှင့်ထန်ဝေ့ရုန် တော်စပ်မှုရှိမည်ဟု ထန်ယွင်ဖန်း သေချာသိလိုက်သည်။ သူ့အထင်သာမှန်မည်ဆိုလျှင် ထန်ရှင်းယွဲ့သည် ထန်ဝေ့ရုန်၏သမီးပင်ဖြစ်နေနိုင်သည်။
ထန်ဝေ့ရုန်၏သမီးနာမည်ကတော့ ထန်ရှင်းယွဲ့မဟုတ်သော်လည်း နာမည်လောက်ကတော့ အလွယ်လေးပြောင်းလို့ရပေသည်။ ထန်ဝေ့ရုန်လဲ သေချာပေါက် သူ့ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲထားလောက်သည်။
***