အခန်း (၇၆၁-၇၆၅)
Vol. 51 Ch. 761-765
အခန်း ၇၆၁ သေနတ်ပစ်ခံရခြင်း
“နင်းနင်း၊ အဖေတို့မိသားစုကို သမီးလုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။” ထန်ယွင်ဖန်း ပြောလိုက်ရင်း ဒီလိုသမီးမျိုးရှိသည့်အတွက်လဲ အလွန်ဂုဏ်ယူနေမိသည်။ မိသားစုကိုကာကွယ်ဖို့က သူ့တာဝန်ဖြစ်သော်လည်း ကုနင်းက သူတို့အစား ကာကွယ်ပေးမှုများလုပ်ပေးနေတာကြောင့်လဲ အနည်းငယ်အပြစ်ရှိသလိုခံစားနေရပြန်သည်။
သူမလိုအသက်အရွယ်မိန်းကလေးတွေက ကျောင်းတက်ရင်းပညာသင်နေသင့်တယ်ဆိုပေမယ့် ကုနင်းကတော့ အခုထိ သူတို့ကိုကူညီကာ လှည့်ကွက်များစွာကို ဖြေရှင်းပေးနေပေသည်။ ကုနင်းသည်သာမာန်ကောင်မလေးမဟုတ်မှန်း ထန်ယွင်ဖန်း နားလည်ထားပြီးဖြစ်တာတောင်မှ သူမအတွက် သူ့စိတ်ကနာကျင်နေမိစဲပင်။
ကုနင်းပြုံးလိုက်ကာ၊ “အဖေ၊ သမီးတစ်က တစ်မိသားစုထဲပဲကို၊ မိသားစုဆိုတာ အချင်းချင်းကူညီရိုင်းပင်းရမယ်လေ၊မဟုတ်ဘူးလား?”
အစကတော့ ကုမန့်က ထန်ယွင်ဖန်းကို ချစ်နေခြင်းကြောင့်သာ ကုနင်းလက်ခံထားခဲ့ခြင်းဆိုသော်လည်း တဖြည်းဖြည်းနှင့် ဒီလိုမျိုးချစ်တတ်သည့်အဖေမျိုးရှိနေသည်က အတော်လေးကောင်းကြောင်း ကုနင်းခံစားမိလာသည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” ထန်ယွင်ဖန်း၏မျက်လုံးများမှာ မျက်ရည်များဖြင့် စိုစွတ်လာတော့သည်။
“ဒါနဲ့အဖေ၊ အမေနဲ့အခြေအနေ ဘယ်လိုရှိသွားပြီလဲ?”
ထိုစကားကိုကြားရတော့ ထန်ယွင်ဖန်း ဝမ်းနည်းလာမိပြန်သည်။ “အဖေတို့ တော်တော်လေးအဆင်ပြေပါတယ်၊ ဒါပေမယ့်…”
“ဒါပေမယ့် ဘာဖြစ်လို့လဲ?”
“မိသားစုတစ်ခုတည်းလို့ အဖေတို့မခံစားရသေးဘူး။”
ထိုစကားကိုကြားရသည်နှင့် ကုနင်းချက်ချင်းနားလည်သွားသည်။ သူတို့ချင်း အလွန်အဆင်ပြေလှသော်လည်း လက်မထပ်ရသေးတာကြောင့် တရားဝင်အကြင်လင်မယားမဖြစ်ကြသေးပေ။
“အဖေ၊ စိတ်မပူပါနဲ့။ ထန်မိသားစု ဒီကပ်ကာလကြီးကို ဖြတ်ကျော်ပြီးတာနဲ့ အမေ့ကို လက်ထပ်ခွင့်တောင်းလို့ရတာပ။ အမေလဲ သေချာပေါက် လက်ခံမှာပါ!”
“ဟုတ်ပြီ၊ အဖေ ကျန်တဲ့ပြဿနာတွေကို မြန်မြန်လေးဖြေရှင်းလိုက်မယ်၊ ကျန်တာတွေ အဖေနဲ့လွှဲထားလိုက်တော့။” ထန်ယွင်းဖန် ကုနင်းစကားကြောင့် ပြန်လည်အားတက်သွားတော့သည်။
“ဟုတ်ကဲ့ပါ!” ကုနင်းလဲ ထန်မိသားစု၏စီးပွားရေးကိစ္စတွေထဲ ဝင်ပါဖို့ စိတ်ကူးမရှိပေ။ ဒါက သူမကုမ္ပဏီမှမဟုတ်ဘဲ။
ကုနင်းနှင့် ဖုန်းပြောပြီးသည်နှင့် ထန်ယွင်ဖန်း ထန်ကျားယန်ကို ဆက်သွယ်ကာ ကိစ္စများကိုပြန်လည်ပြောပြခဲ့သည်။
ထန်မိသားစုဝင်တိုင်း ထန်ဝေ့ရုန် သေပြီဟုသာ ယုံကြည်ထားကြတာကြောင့် ထန်ကျားယန်လဲ ထန်ဝေ့ရုန် အသက်ရှိနေသေးသည့် သတင်းကိုကြားရရာတွင် ထိတ်လန့်သွားခဲ့သည်။
ထန်ဝေ့ရုန်က နောက်ကွယ်မှကြိုးကိုင်နေသူမှန်း သူတို့သိထားပြီးမှတော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့ လွယ်ကူသွားပေပြီ၊ ဒါပေမယ့်လဲ ချက်ချင်းကြီးတော့ ထန်ဝေ့ရုန်ကို အပြစ်မပေးနိုင်သေးဘဲ ထန်ဝေ့ရုန်ကို ကူညီပေးနေသည့်သူများကို ဆက်လက်ရှာဖွေဖို့ လိုအပ်သေးသည်။ ပြီးတော့ ထန်ဝေ့ရုန်မှာ သားတစ်ယောက်လဲ ရှိသေးသည်မဟုတ်လား။
လက်ရှိထန်ရှင်းကျဲ့၏အခြေအနေကိုသာ သူတို့သိထားမည်ဆိုလျှင် သေချာပေါက် သူ့ကိုဂရုစိုက်နေတော့မည်မဟုတ်သော်လည်း အခုထိ ထန်ရှင်းကျဲ့အကြောင်း သူတို့မသိကြသေးပေ။
ပြီးခဲ့သည့်နှစ်များအတွင်း ထိုမိသားစုအကြောင်း မေ့ပင်မေ့နေခဲ့တာကြောင့် အခုချိန်မှာ ထန်ဝေ့ရုန်တို့မိသားစုနှင့်ပတ်သတ်သည့်ကိစ္စ ဘာမှကို မသိကြတော့ပေ။ အဆိုးဆုံးကတော့ ထန်ဝေ့ရုန်၏သားနာမည်ကိုတောင်မှ မသိကြပေ။ ကံကောင်းသည်က ထန်ဝေ့ရုန်၏သမီးမှာ ထန်ရှင်းယွဲ့ဖြစ်ကြောင်း အသုံးဝင်သည့်အချက်တစ်ခုကို တွေ့ထားခြင်းဖြစ်သည်။
…………..
နောက်တစ်နေ့တွင်တော့ ထန်ကျားယန် ပုံမှန်အတိုင်း ကုမ္ပဏီသို့သွားခဲ့သည်။ ဒီရက်ပိုင်းအတွင်း ကုမ္ပဏီက ကောင်းစွာလည်ပတ်နေခဲ့ပေမည့် သတိကတော့ ထားနေရစဲပင်။ ထန်ဝေ့ရုန်က သူ့ရည်မှန်းချက်ပြည့်ဝဖို့အတွက် တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြိုးပမ်းလာနိုင်ပေသည်။ ထန်ယွင်ဖန်း၊ ထန်ဟိုင်ဖုန်း နှင့် ကုမန့်တို့ဖြစ်သွားသည့် ကိစ္စများမှာလဲ ထန်ဝေ့ရုန်ကြံစည်ခြင်းများသာဖြစ်သည်။
ထန်ကျားယန်ကတော့ ထန်ဝေ့ရုန် နောက်ခြေတစ်လှမ်းအနေဖြင့် သူ့ကိုထိခိုက်အောင်လုပ်ဖို့ ကြံရွယ်နေသည့်အကြောင်းကို မသိခဲ့ပေ။ ထန်ဝေ့ရုန်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို ထန်ကျားယန် မကြောက်သော်လည်း နောက်ကျောမှ အလစ်ဝင်တိုက်မည်ကိုတော့ စိုးရိမ်မိသည်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ထန်ဝေ့ရုန်ဘက်က ဆုံးရှုံးစရာဘာမှမရှိတော့ဘဲ။ အရင်တစ်ခေါက်တုန်းကတောင်မှ နယ်ရုပ်ကိုသုံးကာ ထန်ဟိုင်ဖုန်းကို ကားတိုက်သတ်ဖို့ စီစဉ်ခဲ့သေးသည်မဟုတ်လား။
ထန်ကျားယန်၏စိုးရိမ်မှုများ အမှန်တကယ်ဖြစ်လာပေပြီ။ သူထန်ဟွမ်လုပ်ငန်းစုအဆောက်အဦးသို့ရောက်ကာ ကားထဲမှထွက်လိုက်,လိုက်ချင်းမှာပဲ သေနတ်သံတစ်ချက်ကိုကြားလိုက်တာကြောင့် အလိုအလျောက်သိစိတ်အရ ချက်ချင်းတိမ်းရှောင်လိုက်သည်။ သူသည်လဲ စစ်တပ်ဝန်းကျင်တွင် ကြီးပြင်းလာသူဖြစ်တာကြောင့် တစ်ယောက်ယောက် သူ့ကိုသေနတ်နှင့်ပတ်လိုက်သည်ကို မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်နိုင်ပေသည်။
ကံမကောင်းစွာပဲ သူကတော့ ကျည်ဆံထက်မမြန်နိုင်တာကြောင့် ညာဘက်ဝမ်းဗိုက်ကို ကျည်ထိမှန်သွားခဲ့သည်။ ထို့နောက် ကျည်အရှိန်ကြောင့် ကားတံခါးဖြင့်ပင် ဝင်ဆောင့်မိသွားတော့သည်။
သေနတ်ပစ်သံက သူ့အနားရှိလူများကို ကြောက်လန့်သွားစေကာ အော်ဟစ်ထွက်ပြေးကုန်ကြသည်။
ထန်ကျားယန်ကို ပစ်လိုက်သည့်လူသည်လဲ လွတ်မြောက်သွားကာ သက်တော်စောင့်များလဲ ထန်ကျားယန်အနားသို့ ချက်ချင်းပြေးလာကုန်ကြသည်။
“သခင်လေးထန်!”
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ထန်ကျားယန်၏မျက်နှာမှာ ဖြူဖျော့လို့လာတော့သည်။
“ဆေး၊ ငါ့အိတ်ထဲမှာ….” ထန်ကျားယန် နာကျင်နေသည့်ကြားမှ အားတင်းကာ ပြောလိုက်သည်။
သက်တော်စောင့်ကလဲ ထန်ကျားယန်အိတ်ကပ်ထဲမှ ကုနင်းပေးထားသည့် ဆေးပုလင်းကို အမြန်ဆုံးထုတ်ယူကာ တိုက်လိုက်ပြီး ဆေးရုံသို့ခေါ်သွားခဲ့သည်။
ဆေးသောက်ပြီးသည်နှင့် ထန်ကျားယန်ပိုနေလို့ကောင်းလာပြီး သွေးလဲတိတ်သွားတာကြောင့် အံ့ဩသွားရသည်။ သို့သော်လည်း ကျည်ဆံက သူ့ကိုယ်ထဲတွင်ကျန်ရှိနေစဲဖြစ်တာကြောင့် အလွန်နာကျင်နေတုန်းပင်။
အချိန်တိုလေးအတွင်းမှာပဲ ထိုထိတ်လန့်စရာသင်းက ထန်ဟွမ်လုပ်ငန်းစုထဲ သို့ပျံ့နှံ့သွားကာ ဝန်ထမ်းများလဲ ကြောက်ရွံ့ကုန်ကြသည်။
သတင်းဆိုးကိုကြားသည်နှင့် ချွမ်မင်ခိုင်လဲ ချက်ချင်းသူ့ရုံးခန်းမှ ထွက်လာကာ ဆေးရုံသို့လိုက်သွားရင်း ထန်ကျားယန်၏သက်တော်စောင့်ထံသို့ ဖုန်းဆက်လိုက်သည်။
သက်တော်စောင့်က ထန်ကျားယန် ကုနင်း၏ဆေးကိုသောက်ပြီးနောက် ပိုနေလို့ကောင်းလာကာ သွေးလဲတိတ်သွားပြီဖြစ်သည့် အကြောင်းပြောခဲ့သည်။
ထိုစကားကိုကြားလိုက်ရတော့ ကုနင်း၏ဆေးမည်မျှအစွမ်းထက်မှန်း သိထားပြီးဖြစ်၍ အနည်းငယ်စိတ်အေးသွားတော့သည်။
ထို့နောက် ချွမ်မင်ခိုင်က ကုနင်းကိုလဲ ဖုန်းဆက်ကာ ထန်ကျားယန်အခြေအနေကိုပြောပြလိုက်သည်။
ကုနင်း ချွမ်မင်ခိုင်ဆီမှ ဖုန်းကိုလက်ခံရချိန်တွင် ထန်အိမ်တော်သို့သွားနေခြင်းဖြစ်သည်။ ထန်ကျားယန်သည် အန္တရာယ်ကြားထဲမှာရှိနေကြောင်း ကုနင်းလဲ သိထားတာကြောင့် သူ့ကိုဂရုစိုက်ရန် သတိပေးထားခဲ့ပေမည့် အခုတော့ ဒဏ်ရာရသွားပေပြီ။
သူမဆေးကိုသောက်ထားတာကြောင့် ထန်ကျားယန်အဆင်ပြေမည်ဆိုသော်လည်း ဒီလိုအရေးပေါ်အချိန်မျိုးတွင် သူ့ဒဏ်ရာပြန်ကောင်းအောင် အေးအေးဆေးဆေးစောင့်နေဖို့ရန် အချိန်မရှိပေ။ ဒါကြောင့် ကုနင်း ချက်ချင်းပင် ဆေးရုံသို့မောင်းပေးရန် ချောင်ယကိုပြောလိုက်သည်။ သူမ၏မှော်စွမ်းအင်ကိုသာ ထန်ကျားယန်ကိုယ်ထဲသို့ တိုက်ရိုက်သွင်းပေးနိုင်ပါက မြန်မြန်လေးပျောက်သွားပေလိမ့်မည်။
“နင်းနင်း၊ ဘာဖြစ်လို့လဲ?” ဆေးရုံသို့သွားမည့်အကြောင်းကြားလိုက်ရတော့ ကုမန့်စိုးရိမ်သွားရသည်။
***
အခန်း ၇၆၂ ပြန်ကောင်းသွားမှာပါ
“ကျားယန် အန္တရာယ်ရှိနေလို့ သမီးသွားကူပေးရမယ်။”
“ဘာဖြစ်သွားလို့လဲ? အခြေအနေဆိုးလား?” ကုမန့် လန့်သွားကာ သူမနှလုံးက လည်ချောင်းထဲမှပင် ခုန်ထွက်တော့မလို ခံစားလိုက်ရသည်။ လတ်တလော ထန်မိသားစုတွင် အန္တရာယ်များစွာဖြစ်ပွားနေကာ အရေးပါသည့်မိသားစုဝင်တိုင်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခံနေရပေသည်။
“စိတ်မပူပါနဲ့၊ သူပြန်ကောင်းသွားမှာပါ။”
ထိုစကားကိုကြားခါမှ ကုမန့်အနည်းငယ်စိတ်လျှော့သွားတော့သည်။
ထို့နောက် ကုနင်း ကေဆီသို့ ချက်ချင်းဖုန်းဆက်ကာ ထန်ဟွမ်လုပ်ငန်းစုနားက လုံခြုံရေးကင်မရာများကို ဖောက်ဝင်ပြီး သေနတ်သမားကို ရှာခိုင်းလိုက်သည်။ ထန်ဝေ့ရုန်က နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း သူမသိထားပြီးသော်လည်း သေနတ်သမားကိုလဲ သီးသန့် ဒဏ်ပြန်ခတ်ချင်သေးသည်။ သေနတ်သမားကိုရှာတွေ့သည်နှင့် သေချာပေါက် ထိုလူကို သူမ သတ်ပစ်မှာပင်။
ချွမ်မင်ခိုင်က ဆက်ပြီးထန်ယွင်ဟန်ကို ဖုန်းဆက်ကာ သတင်းဆိုးကိုပြောပြလိုက်ပေမည့် ထန်ယွင်ဖန်းကိုတော့ ပြေးထွက်လာမည်စိုးတာကြောင့် မဆက်သွယ်လိုက်ပေ။
ထန်ယွင်ဟန်လဲ ချက်ချင်းပင် ဆေးရုံသို့လိုက်လာကာ လမ်းမှာပဲ ကျန်းလီဟွာကို ဖုန်းခေါ်လိုက်သည်။
ကျန်းလီဟွာသည် မနက်အစောကတည်းက ဆေးရုံသို့လာကာ တစ်ချိန်လုံး ထန်ဟိုင်ဖုန်းအနားတွင် ရှိနေပေးသည်။ ထန်ဟိုင်ဖုန်း ကျန်းမာနေပြီဆိုသော်လည်း သူမကတော့ တခြားလူများသံသယမဝင်စေရန်အတွက် နေ့တိုင်းလာရောက်ပေးနေစဲပင်။ သတင်းဆိုးကိုကြားလိုက်ရချိန်တွင်တော့ သူမသတိပင်လစ်သွားလုနီးပါး စိုးရိမ်ပူပန်သွားရသည်။
“ဘာဖြစ်လို့လဲ?” ထန်ဟိုင်ဖုန်းလဲ မြန်မြန်ဆန်ဆန်ပင် မေးလိုက်သည်။
“ကျား-ကျားယန်၊ သေနတ်မှန်လို့တဲ့။” ကျန်းလီဟွာ မျက်ရည်များကြားမှပြန်ဖြေလိုက်သည်။
“ဘာ?” ထန်ဟိုင်ဖုန်းလဲ အလွန်ထိတ်လန့်သွားခဲ့သည်။
နောက်ထပ်တိုက်ခိုက်လာမည့်အခြေအနေများအတွက် သူတို့စိတ်ကို ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်သော်လည်း ထန်ကျားယန်က နောက်ပစ်မှတ်ဖြစ်လာသည်ကို သူတို့လက်သင့်မခံနိုင်ကြသေးပေ။
“ကျားယန်က နင်းနင်းပေးတဲ့ဆေးကိုသောက်ထားလို့ အခုအသက်အန္တရာယ်မရှိတော့ဘူး။ အရမ်းလန့်မသွားနဲ့၊ နင်းနင်းလဲ ဆေးရုံကိုလာနေပြီ။ နင်းနင်းကူညီပေးလိုက်ရင် ကျားယန်ကောင်းသွားမှာပါ။” ထန်ယွင်ဖန်းက ကျန်းလီဟွာကို နှစ်သိမ့်ပေးသည်။
“ကျားယန်က သေနတ်အပစ်ခံရတာလေ၊ အဆင်ပြေနေပါဦးမလား?” ထန်ကျားယန်သည် သူမသားဖြစ်တာကြောင့် ကျန်းလီဟွာ ဘယ်လိုမှ စိတ်မအေးနိုင်ပေ။
“ဟုတ်ပါပြီ။ အဖေနဲ့နေ,နေ၊ သူ့ကို အခန်းပြင်မထွက်လာစေနဲ့ဦး။”
“အင်းပါ။” ကျန်းလီဟွာ ဘယ်လောက်ပဲ စိုးရိမ်နေပါစေ ကုနင်းကိုယုံကြည်ထားဖို့ရန်သာ ရွေးချယ်လိုက်တော့သည်။
ကျန်းလီဟွာ ထန်ယွင်ဟန်နှင့်ဖုန်းချပြီးသည်နှင့် ထန်ဟိုင်ဖုန်းက စောင်ကိုဖယ်ကာ ထရပ်ဖို့ပြင်နေပေပြီ။ ကျန်းလီဟွာလဲ ချက်ချင်းတားမြစ်လိုက်ကာ၊ “အဖေ၊ ဘာလုပ်မလို့လဲ?”
“ကျားယန်ကို သွားကြည့်မလို့။” ထန်ကျားယန် အဆင်ပြေမပြေကို ကိုယ်တိုင်သွားကြည့်ဖို့ ထန်ဟိုင်ဖုန်း နည်းနည်းလေးပင် မစောင့်နိုင်တော့ပေ။
“အဖေ၊ ယွင်ဟန်က အဖေ့ကို အခန်းထဲကမထွက်ဖို့ ပြောထားတယ်။ ကျားယန်လဲ နင်းနင်းရဲ့ဆေးကိုသောက်ထားလို့ အန္တရာယ်မရှိတော့ပါဘူး။ ခနနေဆို ကျည်ဆံထုတ်ဖို့ သူဒီကိုရောက်လာမှာပါ။ သမီးတစ်ခုခုကြားတာနဲ့ အဖေ့ကိုအကြောင်းကြပါ့မယ်၊ ဟုတ်ပြီလား?”
ထန်ကျားယန် ဘေးကင်းနေကြောင်းကြားရတော့မှ ထန်ဟိုင်ဖုန်း အနည်းငယ်စိတ်လျှော့သွားရသည်။ သူ ကုနင်းကိုအလွန်ယုံကြည်သည်မဟုတ်လား။
“ထန်ဝမ်၊ ထန်ဝူ၊ မင်းတို့ ဒီမှာနေပြီး သခင်ကြီးထန်ကို သေချာဂရုစိုက်ကြ။ ငါခနသွားလိုက်ဦးမယ်။”
“ဟုတ်ကဲ့ပါ။”
သူတို့က ထန်ဟိုင်ဖုန်း၏သက်တော်စောင့်များဖြစ်ကာ ထန်ဟိုင်ဖုန်း၏အမိန့်ကိုသာ နာခံကြသော်လည်း လက်ရှိအခြေအနေတွင် ဘာကိုလုပ်သင့်လဲဆိုသည်ကိုတော့ သိနေစဲပင်။ ထန်ဟိုင်ဖုန်း ထန်ကျားယန်ကို စိုးရိမ်နေသည်ကို သူတို့နားလည်ပေမည့် အခုချက်ချိန်က သူလူလုံးထွက်ပြဖို့ မသင့်တော်ပေ။
ကံကောင်းစွာပဲ ထန်ဟိုင်ဖုန်းကလဲ ကျန်းလီဟွာစကားကိုနားထောင်ကာ အိပ်ရာပေါ်ပြန်လှဲနေသည်။
ကျန်းလီဟွာအပြင်သို့ထွက်ပြီးသည်နှင့် ဆေးရုံဝင်ပေါက်သို့ အပြေးတစ်ပိုင်းသွားတော့သည်။
တစ်ချိန်တည်းတွင်ပဲ ထန်ကျားယန်၏ကားလဲ ရောက်ရှိလာခဲ့သည်။
ကားတံခါးဖွင့်လိုက်သည်နှင့် သူနာပြုများဆရာဝန်များရောက်လာကာ ထန်ကျားဘန်ကို ကားထဲမှထွက်ဖို့ရန် ကူညီပေးကြသည်။
ကျန်းလီဟွာလဲ အနားသို့ချက်ချင်းပြေးသွားကာ မျက်ရည်များလဲ ပြန်ကျလာခဲ့သည်။ “ကျားယန်၊ ကျားယန်!”
“အမေ၊ သားအဆင်ပြေပါတယ်။”
ထန်ကျားယန်၏လက်ရှိအခြေအနေမှာ အလွန်မဆိုးရွားတော့သော်လည်း ကျန်းလီဟွာကတော့ သူမသားအတွက် စိုးရိမ်နေစဲပင်။
“ထန်ကတော်၊ ကျွန်တော်တို့ အခုချက်ချင်း သခင်လေးထန်ကိုယ်ထဲက ကျည်ဆံကိုထုတ်ရပါမယ်။ ဘေးဖယ်နေပေးပါ။” ဆရာဝန်တစ်ဦးက ကျန်းလီဟွာကို ယဉ်ယဉ်ကျေးကျေးပင်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။” ကျန်းလီဟွာချက်ချင်းပင် ဘေးကပ်ရပ်ပေးလိုက်သည်။
ဆရာဝန်များလဲ ချက်ချင်းပင် ထန်ကျားယန်အား ခွဲစိတ်ခန်းထဲသို့ တွန်းသွားကာ ကျန်းလီဟွာလဲ လိုက်သွားခဲ့ပေမည့် သူမကတော့ အပြင်ဘက်တွင်သာ စောင့်နိုင်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကုနင်းရောက်လာခဲ့သည်။
“ကျားယန်ဘယ်လိုနေသေးလဲ?” ကုမန့်က စိုးရိမ်စွာဖြင့် ကျန်းလီဟွာကို မေးလိုက်ခြင်းဖြစ်သည်။
“မသိသေးဘူး။”
“မစိုးရိမ်ပါနဲ့၊ ကျားယန်ပြန်ကောင်းသွားမှာပါ။” ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ ခွဲစိတ်ခန်းထဲသို့ကြည့်လိုက်သည်။ ထန်ကျားယန် အခြေအနေကောင်းကာ သွေးနည်းနည်းဆုံးရှုံးသွားရုံသာဖြစ်သည်။
သူမနောက်မှ ထန်ကျားယန်ကိုယ်ထဲသို့ စွမ်းအင်လွှဲပြောင်းပေးလိုက်ပါက ပြန်ကောင်းသွားပေလိမ့်မည်။
ခဏအကြာတွင်တော့ ချွမ်မင်ခိုင်နှင့်ထန်ယွင်ဟန်တို့ ရောက်ရှိလာကြသည်။
မိနစ်၂၀ကျော်ကြာပြီးနောက်တွင်တော့ ထန်ကျားယန်၏ကိုယ်ထဲမှ ကျည်ဆံကိုထုတ်ပြီးကြောင်း ဆရာဝန်က ထွက်ပြောခဲ့သည်။
ခွဲစိတ်မှုပြီးသည့်နောက် ထန်ကျားယန်ကို အပြင်ဘက်သို့ထုတ်လာကာ မေ့ဆေးအရှိန်ကြောင့် ပြန်သတိမရသေးသော်လည်း ခွဲစိတ်မှုကတော့ အောင်မြင်ပေသည်။ ကျည်ဆံက နှလုံးနားကိုထိတာလဲ မဟုတ်သလို ကုနင်း၏စွမ်းအင်သလင်းကျောက်ကို အချိန်မီသောက်ခဲ့တာကြောင့်လဲ သွေးတိတ်ကာ ကုသနိုင်ခဲ့သည်။
ထို့နောက်တွင်တော့ ထန်ကျားယန်ကို လူနာခန်းသို့ပို့ပေးခဲ့သည်။
ဆရာဝန်များထွက်သွားကာ အခန်းထဲတွင် ထန်မိသားစုဝင်ချည်းသာရှိကျန်ရှိချိန်တွင်တော့ ကုနင်း ထန်ကျားယန်ဆီသို့သွားကာ သူ့ဒဏ်ရာကိုစည်းထားသည့် ပတ်တီးအား စဖြည်တော့သည်။
“နင်းနင်း၊ ဘာလုပ်နေတာလဲ?” ကျန်းလီဟွာ အနည်းငယ်ကြောက်လန့်သွားသည်။ ကုနင်းကတော့ ထန်ကျားယန်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးဟု သူမယုံကြည်သော်လည်း သူမသားနာကျင်သွားမည်ကိုတော့ စိုးရိမ်နေစဲပင်။
“သူ့ဒဏ်ရာကို ကုပေးမလို့ပါ။” ကုနင်းကတော့ ပြောရင်းဆိုရင်းဖြင့် ပတ်တီးကိုဆက်ဖြည်နေခဲ့သည်။
ကုနင်း ပတ်တီးများကိုဖြည်နေရင်း ချောင်ယကိုလှမ်းပြောလိုက်သည်။ “ချောင်ယ၊ ငါ့ကိုရေတစ်ခွက်လောက်ခပ်ပေးဦး။”
“ဟုတ်ပြီ။” ချောင်ယချက်ချင်းပင်ရေတစ်ခွက်ခပ်ပေးကာ ကုနင်းအနားမှ စားပွဲပေါ်တွင် တင်လိုက်သည်။
ထို့နောက် ကုနင်းဆေးပုလင်းကိုတစ်ခုကို ထုတ်ယူကာ ထန်ကျားယန်ကို မလိမ်းပေးခင် အထဲသို့ရေနည်းနည်းလောင်းထည့်ကာ မွှေလိုက်သည်။ ထို့နောက် ထန်ကျားယန်၏ ဒဏ်ရာပေါ်မှ ချုပ်ရိုးကို လက်ဖြင့်ဖြည်နေလေသည်။
ထိုအချင်းအရာကြောင့် ကျန်းလီဟွာက ထပ်ပြီးကုနင်းကိုတားဖို့ပြင်လိုက်ပေမည့် ကုနင်းကိုယုံကြည်ထားသင့်ကြောင်း ပြန်တွေးမိလိုက်ပြန်သည်။
အချိန်တိုလေးအတွင်းတွင်ပဲ ချုပ်ရိုးအားလုံးကို ကုနင်းဖယ်ရှားပြီးသွားခဲ့ကာ ကျန်းလီဟွာလဲ ထန်ကျားယန် အဆင်ပြေစေဖို့ကိုသာ ဆုတောင်းနေမိတော့သည်။
***
အခန်း ၇၆၃ သေနတ်သမားကိုရှာတွေ့ပြီ!
ကုနင်း ချုပ်ရိုးများကို ဖြည်ပြီးသည်နှင့် ထန်ကျားယောင်၏ကိုယ်ထဲသို့ မှော်စွမ်းအင်များ ထည့်သွင်းပေးလိုက်သည်။
မကြာခင်တွင်ပဲ ထန်ကျားယောင်၏ဒဏ်ရာအခြေအနေမှာ သိသိသာသာပြောင်းလဲလာကာ မကြာခင်တွင်ပဲ ပျောက်ကင်းသွားတာကြောင့် အနားရှိလူတိုင်း အလွန်အံ့အားသင့်သွားကြတော့သည်။ ကုနင်း၏ဆေးသည် အလွန်အာနိသင်ကောင်းကြောင်း သူတို့သိထားပြီးနှင့်ကြပြီဖြစ်သော်လည်း ယခုလိုအာနိသင်ကို သူတို့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ချိန်မှာလဲ မအံ့ဩမိဘဲ မနေနိုင်ကြပေ။
ပြင်ပအမာရွတ်က ကျန်နေသေးသည်ဆိုလျှင်တောင်မှ အတွင်းဘက်မှဒဏ်ရာကတော့ ကုသပေးပြီးသွားပေပြီ။
ကုနင်း၏မှော်စွမ်းအင်ကြောင့် ထန်ကျားယန်ပြန်သတိရလာခဲ့သည်။
“ကျားယန်!” ထန်ကျားယန်ပြန်သတိရလာသည်ကိုမြင်တော့ အားလုံးစိတ်လှုပ်ရှားစွာ ခေါ်လိုက်မိကြသည်။
ထန်ကျားယန်ကိုယ်တိုင်လဲ သူ့ဒဏ်ရာမှ နာကျင်မှုကို မခံစားရတော့တာကြောင့် အလွန်အံ့ဩသွားရကာ သူ့တွင် မယုံနိုင်လောက်အောင် အံ့ဩစရာကြောင်းသည့် ဝမ်းကွဲညီမရှိနေပြီဖြစ်ကြောင်းကို ပြန်သတိရသွားတော့သည်။
ထန်ကျားယန် ပြန်ကောင်းလာပြီဖြစ်တာကြောင့် တစ်ဖက်တွင် စိုးရိမ်နေဦးမည်ဖြစ်သည့် ထန်ဟိုင်ဖုန်းထံသို့ ချွမ်မင်ခိုင် ချက်ချင်းသတင်းပို့လိုက်သည်။
ထန်မိသားစုအကြောင်း ထိတ်လန့်စရာသတင်းမှာ ပျံ့နှံ့သွားနှင့်ပေပြီ။ အခုဆိုလျှင် ထန်ယွင်ဖန်း ရက်များစွာ ပျောက်ဆုံးနေခြင်းမှာ နိုင်ငံရပ်ခြားသွားနေခြင်းကြောင့် မဟုတ်ဘဲ ကားတိုက်မှုဖြစ်ကာ သတိပြန်မရလာခြင်းကြောင့်မှန်း လူများသိသွားကြပြီဖြစ်သည်။ ထန်ဟိုင်ဖုန်းသည်လဲ ပြင်းထန်သည့်ယာဉ်မတော်တဆမှုဖြစ်ခဲ့သည်။ ပြီးတော့ ဒီနေ့လဲ ထန်ကျားယန်က သေနတ်အပစ်ခံရကာ အသက်အန္တရာယ်တောင် စိုးရိမ်နေရပြန်သည်။
ထိုသတင်းများထွက်လာသည်နှင့် များစွာသော ခန့်မှန်းချက်များလဲ ထွက်ပေါ်လာသည်။ တစ်ချို့ကတော့ ထန်မိသားစုသည် ကျိန်စာမိသားတာကြောင့်သာ ယခုလို တစ်ယောက်ပြီးတစ်ယောက် မတော်တဆများဖြစ်နေရခြင်းဟု ဆိုကြသည်။
တချို့သည်တော့ ထန်မိသားစုအတွင်း သဘောထားကွဲလွဲမှုဖြစ်နေခြင်းဖြစ်မည်ဟု ယုံကြည်ကြပြန်သည်။ စီးပွားရေးလောဆိုသည်မှာ မီးခိုးငွေ့မထွက်သည့် တိုက်ပွဲကွင်းပြင်ဖြစ်ကာ ကိုယ့်ရန်သူအားလုံးကို အမြစ်ဖြတ်သုတ်သင်နိုင်ပါမှ ကိုယ်ရှင်သန်နိုင်မည့် နေရာဖြစ်သည်။
ယခု ထန်ဟွမ်လုပ်ငန်းစု ကပ်ဆိုက်နေပြီဖြစ်ကာ သတင်းထောက်များကလဲ စီးပွားဖက်များဆီသို့ သတင်းပိုမို့ရရှိစေရန် တစ်ချိန်လုံးဆက်သွယ်မှုများလုပ်လာကြသည်။
ထန်ဟိုင်ဖုန်းနှင့်ထန်ကျားယန်တို့ အသက်အန္တရာယ်ရှိကြောင်းသိရသည့်အချိန်တုန်းက သိပ်ပြီးထိတ်လန့်မှုများမဖြစ်ခဲ့သော်လည်း ထန်ယွင်ဖန်း ကုမ္ပဏီကိုဆက်ပြီးမဦးဆောင်နိုင်ကြောင်း သိရချိန်တွင်တော့ အလွန်ထိတ်လန့်စရာအခြေအနေဖြစ်သွားပေပြီ။
ထန်ဟွမ်လုပ်ငန်းစုသာ ထန်ယွင်ဖန်းကို ဆုံးရှုံးလိုက်ရလျှင် မျှော်လင့်ချက်များပျောက်ဆုံးကာ သူတို့နှင့်တွဲဖက်လုပ်ဆောင်နေသည့် စီးပွားရေးမိတ်ဖက်များလဲ စွန့်ခွာသွားကြပေလိမ့်မည်။
မကြာခင်တွင်ပဲ ထန်ဟွမ်လုပ်ငန်းစုဘက်က ထိုသတင်းများကအမှန်ဟုတ်မဟုတ် သူတို့ဘက်က ဘာမှမသိထားကြောင်း တရားဝင်စာထုတ်ပြခဲ့သည်။
ဆိုးရွားသည့်ပြဿနာများနှင့်ရင်ဆိုင်လာရသည်နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အစည်းအဝေးကို အရေးပေါ်ခေါ်ယူကျင်းပတော့သည်။
……….
ထန်သဲ့မင်သည်လဲ ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ကြိုးစားတော့သည်။
ဒါကြောင့် အစည်းအဝေးတွင် လူစုံသည်နှင့် ထန်သဲ့မင် စပြောလာခဲ့သည်။ “ကုမ္ပဏီ ပုံမှန်အတိုင်း ဆက်ပြီးတည်တည်ငြိမ်ငြိမ်လည်ပတ်နိုင်ဖို့သေချာအောင် အခုချက်ချင်း ငါတို့ ယာယီဥက္ကဌအသစ်ရွေးရမယ်။”
ထန်ကျီလင်းက ချက်ချင်းပင် တုံ့ပြန်ပြောဆိုတော့သည်။ “မင်းထပ်ပြောလိုက်စမ်း။ ကုမ္ပဏီပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ယာယီဥက္ကဌရွေးဖို့တစ်နည်းပဲ ရှိတယ်လို့ မင်းဘယ်လိုကြောင့်များ ထင်နေတာလဲ?”
“အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်မရှိဘူးဆိုရင် သဘောထားကွဲလွဲမှုတွေဖြစ်လာလိမ့်မယ်။ မင်းဒါလေးတောင် မသိဘူးလား?”
“ငါတို့က အင်အားကြီးတဲ့ခေါင်းဆောင်ပဲလိုတာ လာဘ်ကောင်လိုတာမဟုတ်ဘူး!” ထန်ကျီလင်း အော်ဟစ်လိုက်သည်။
“ယာယီဥက္ကဌလုပ်မယ့်လူက လာဘ်ကောင်သာသာပဲလို့ မင်းဘယ်လိုလုပ်သိနိုင်တာလဲ?” ထန်သဲ့မင် မေးခွန်းပြန်ထုတ်လိုက်သည်။ “ထန်ကျားယန်က ကောင်ငယ်လေးတစ်ယောက်ပဲဆိုပေမယ့် သူယာယီဥက္ကဌဖြစ်လာပြီးတော့ ကုမ္ပဏီကသောင်းကနင်းဖြစ်နေတဲ့အခြေအနေက လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့တယ်လေ။”
“အဲ့ဒါက ထန်ကျားယန်က ထန်မိသားစုဝင်ဖြစ်နေလို့လေ!”
“ငါတို့ကလဲ ထန်မိသားစုဝင်တွေပဲ မဟုတ်ဘူးလား?”
“မင်းဒီကုမ္ပဏီတည်ထောင်တုန်းက ဘာမှအားစိုက်ခဲ့တာမရှိဘူး။ ငါကတော့ မင်းဒီကုမ္ပဏီကို အုပ်ချုပ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ လုံးဝမထင်ဘူး။”
“ဟုတ်ပါပြီ။ အခုဖြစ်တဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲလို့ ဆွေးနွေးကြရမှာလေ။ ဥက္ကဌယွင်ဖန်း၊ သခင်ကြီးထန် နဲ့ ထန်ကျားယန်တို့ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုတွေဖြစ်တယ်ဆိုတာ သေချာပေါက် လုပ်ကြံခံရတာကြောင့်ပဲဖြစ်မယ်။” ကိုးယောက်မြောက်ဒါရိုက်တာက ထန်သဲ့မင်ကို တစ်ချက်လှမ်းကြည့်ရင်းပြောလိုက်သည်။
“မင်းအဲ့စကားပြောတဲ့အချို့ ဘာလို့ ငါ့ဘက်ကိုလာကြည့်နေတာလဲ?” ထန်ယွင်ဖန်း ဒေါသထွက်သွားတော့သည်။ “ငါ့ကိုသံသယဝင်နေတာလား? မင်းမှာ သက်သေရှိလို့လား?” ထန်သဲ့မင် ဒီကိစ္စများကို ကိုယ်တိုင်လုပ်ဆောင်ခြင်းသေချာပေါက် မရှိခဲ့သော်လည်း အကြံအစည်လုပ်ရာတွင်တော့ သေချာပေါက် ပါဝင်ပေသည်။
“ငါ မင်းတစ်ယောက်တည်းကို ကြည့်တာမဟုတ်ပါဘူး။ ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ? မင်းအပြစ်ရှိတယ်လို့ ခံစားနေရလို့လား?” ကိုးယောက်မြောက်ဒါရိုက်တာသည် ထန်သဲ့မင်ကို လုံးဝမကြောက်ပေ။
“ငါ့ကို ချောင်ပိတ်ရိုက်ဖို့ကြိုးစားမနေနဲ့!”
“ဟမ့်၊ ဒီပြဿနာရဲ့အရင်းခံက ဘယ်သူမှန်း မင်းသိမှာပါ!”
“ငါတို့ ယာယီဥက္ကဌမရွေးဘူးဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲ?” ဝူပေါ်ယန်မေးလိုက်သည်။
ဒီအကြောင်းကို ဘယ်သူမှ မစဉ်းစားနိုင်တာကြောင့် နှုတ်ဆိတ်ကာ တစ်ယောက်မျက်နှာတစ်ယောက်သာ ကြည့်နေကြတော့သည်။
ထန်ဟွမ်လုပ်ငန်းစုအကြောင်း ကြီးကျယ်သည့်သတင်းကြီးက ရှယ်ယာဈေးကွက်ကိုပါ စတင်ရိုက်ခက်လာကာ ရှယ်ယာဈေးနှုန်းများလဲ ကျဆင်းလာတော့သည်။ တစ်ချိန်တည်းတွင်ပဲ တစ်စုံတစ်ယောက်က ထန်ဟွမ်လုပ်ငန်းစုရှယ်ယာများစွာကို တိတ်တဆိတ်ဝယ်ယူနေခဲ့သည်။
……….
တစ်ချိန်တည်းတွင်ပဲ ကုနင်း ကေထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ကေက လူနေဧရိယာတစ်ခုမှာ သေနတ်သမားကိုရှာတွေ့သည့်အကြောင်း ပြောလာခြင်းဖြစ်ကာ သေနတ်သမား၏ဓါတ်ပုံကိုလဲ ပို့ပေးခဲ့သည်။
သေနတ်သမားသည် အသက်၃၀ကျော်လောက်ရှိပြီဖြစ်ကာ အသေးစိတ်ကိုယ်ရေးအချက်အလက်များကိုတော့ ကေဆက်လက်ရှာဖွေနေစဲပင်။
ကုနင်း အချိန်ဆွဲမနေဘဲ သေနတ်သမားကိုရှာဖို့ရန် ထွက်လာခဲ့သည်။ သို့ပေမည့် ကုနင်းမရောက်ခင်ကတည်းက သေနတ်သမားသည် အိမ်မှထွက်ခွာသွားပြီဖြစ်တာကြောင့် ကေလဲ အွန်လိုင်းနေရာပြစနစ်မှနေပြီး ခြေရာခံကာ ကုနင်းကို လမ်းညွှန်ပေးနေသည်။
ခဏအကြာတွင်တော့ သေနတ်သမား၏ကိုယ်ရေးအချက်အလက်များကို ကေရရှိလာခဲ့ပြီဖြစ်သည်။ ထိုလူသည် သာမာန်နိုင်ငံသားတစ်ယောက်မဟုတ်ဘဲ ကြေးစားစစ်သားတစ်ယောက်ဖြစ်သည်။ ကံအားလျော်စွာပဲ ထိုလူသည် အထူးကြေးစားစစ်သားမဟုတ်ဘဲ သာမာန်သာဖြစ်သည်။ ဒါကြောင့်လဲ ထန်ကျားယန်ကို မသတ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
ကေ၏လမ်းညွှန်ပေးမှုဖြင့် ကုနင်း မြို့ဟောင်းတစ်မြို့သို့ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် လုံခြုံရေးကင်မရာများလဲ မရှိတာကြောင့် ကေလဲ နေရာအတိအကျကို ဆက်မရှာနိုင်တော့ပေ။ သို့သော်လည်း ကုနင်းကတော့ ထိုသေနတ်သမား၏မျက်နှာကို မှတ်မိနေပြီဖြစ်ကြောင့် ကျောက်စိမ်းမျက်ဝန်းဖြင့် ရှာနိုင်ပေသည်။
အချိန်တစ်ခုအထိ ရှာဖွေကြည့်ပြီးနောက် ထိုလူကို အိမ်ပျက်တစ်လုံးထဲတွင် တွေ့လိုက်ရသည်။
အိမ်ထဲတွင် ထိုလူတစ်ယောက်တည်းရှိနေကာ မြို့ထဲတွင်လဲ လူအနည်းစုသာရှိသည်။
ထိုလူအိပ်ရာပေါ်လှဲလိုက်ရုံရှိသေး ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရကာ အိမ်တံခါးက ကန်ဖွင့်ခံလိုက်ရတော့သည်။ သူလဲ သတိအနေအထားဖြင့် ချက်ချင်းထရပ်လိုက်သည်။
သူအိပ်ခန်းထဲမျ ထွက်လိုက်သည်နှင့် ကုနင်းကိုမြင်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး၊ “မင်း
ဘယ်သူလဲ? ဘာလို့ ဒီရောက်နေတာလဲ?” သူအနည်းငယ်ထိတ်လန့်သွားခဲ့သော်လည်း ကုနင်းက သာမာန်သာဖြစ်ကြောင်း မြင်လိုက်ရ၍ တမင်ကြောက်အောင် ခြောက်လှန့်လိုက်သည်။
“လက်စားချေဖို့ပေါ့” ကုနင်းအေးစက်စွာပြန်ပြောလိုက်သည်။
ထိုလူကတော့ မအံ့ဩမိပေ။ ဒါပေမယ့်လဲ ကုနင်း ထန်ကျားယန်အတွက်နှင့် ရောက်လာခြင်းဖြစ်သည်ကိုတော့ မသိသေးပေ။ တကယ်တော့ သူက ကြေးစားစစ်သားတစ်ယောက်ဖြစ်တာကြောင့် လူပေါင်းများစွာကို သတ်ခဲ့သည်။ ဒါကြောင့်လဲ သူ့ကိုပြန်သတ်ချင်နေသည့်လူများစွာရှိကြောင်း သိပေသည်။
သူ့ကို လက်စားချေဖို့ရန်အတွက် သူ့ရန်သူများလာရှာလေ့ရှိခြင်းက မထူးဆန်းလှသော်လည်း ဒီတစ်ခေါက်လာရှိသူက မိန်းမငယ်လေးဖြစ်နေတာကြောင့် အနည်းငယ်အံ့ဩမိသွားရသည်။
“မင်းပုံစံနဲ့ လက်စားချေနိုင်မယ်လို့ထင်နေတာလား?” သေနတ်သမား၏ အလွန်အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။
“လုပ်နိုင်တာပေါ့!” ကုနင်း ထေ့ငေါ့ပြောလိုက်ရင်း ချက်ချင်းပင် ထိုသေနတ်သမားအနားသို့ တစ်လှမ်းချင်းတိုးကပ်သွားတော့သည်။
***
အခန်း ၇၆၄ လူတစ်ယောက်ကို သတ်ခြင်း
သေနတ်သမား အနည်းငယ်ကြောက်ရွံ့လာမိသော်လည်း ဘာပဲဖြစ်ဖြစ် သူက သေချာလေ့ကျင့်ထားသည့် ကြေးစားတစ်ယောက်ဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ စိတ်ကိုတည်ငြိမ်အောင် လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း ဒီကောင်မလေးကိုတော့ သူပေါ့ပေါ့တန်တန် ထပ်မတွေးရဲတော့ပေ။ သူ့ကို ထိုမိန်းကလေးက သူမဘာသာ သတ်နိုင်တယ်လို့ ယုံကြည်ချက်ရှိနေတယ်ဆိုမှတော့ သာမာန်မိန်းကလေးမဖြစ်နိုင်ပေ။
ကုနင်း သေချာပေါက် သူ့ကိုသတ်နိုင်လောက်မည်ဟု သေနတ်သမား မယုံကြည်သေးသော်လည်း အခုကစပြီး သတိကပ်ထားသည်ကတော့ အကောင်းဆုံးပင်။
ကုနင်း သူ့ကိုမသတ်နိုင်ခင် သူအရင်ဦးအောင် သူမကို သတ်ဖို့ကြိုးစားရန် တွေးလိုက်မိသည်နှင့် ချက်ချင်း သူ့သေနတ်ကို ဆွဲထုတ်လိုက်ပေမည့် တစ်ချိန်တည်းမှာပဲ ကုနင်းကလဲ စတင်တိုက်ခိုက်လာခဲ့သည်။
ထိုအချင်းအရာကြောင့် သေနတ်သမားက ချက်ချင်း ခပ်ကွာကွာသို့ ပြန်ဆုတ်ကာ ကုနင်းကို ထပ်ပြီးပစ်ဖို့ လုပ်လိုက်ပေမည့် ကုနင်းကတော့ သူ့ကို သေနတ်ခလုတ်အားနှိပ်နိုင်ဖို့ရန်ပင် အခွင့်အရေးမပေးခဲ့ပေ။ သူမက ဆက်တိုက်တိုက်ခိုက်နေတာကြောင့် သူ့သေနတ်ကို ဘယ်လိုမှပစ်မှတ်ရောက်အောင် မချိန်နိုင်ပေ။ သူမကို သေနတ်နှင့်မချိန်နိုင်မှတော့ ပစ်လိုက်လို့လဲ အလကားသာဖြစ်ပေမည်။
ကုနင်းလို ကောင်မလေးတစ်ယောက်က ဒီလောက်မြန်မြန်ဆန်ဆန်လှုပ်ရှားနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်သည့်အတွက် သေနတ်သမားအလွန်အံ့အားသင့်နေမိသေးသည်။ ဒီတော့မှ သူလဲ တကယ့် အသတ်လုပြိုင်ပွဲတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်မှန်း သတိပြုမိသွားတော့သည်။
ထိုလူကို အနိုင်ယူဖို့ရန် ကုနင်းအတွက် အချိန်သိပ်မပေးရဘဲ မကြာခင်တွင်ပဲ ထိုလူ၏လက်မောင်းကို ချိုးနှင့်ခြေချင်းဝတ်ကို ကန်ချိုးလိုက်တော့သည်။ သူမ ထိုလူ၏လက်မောင်းကို မချိုးခင် ထိုလူ့အော်သံက တခြားလူများကို မဆွဲဆောင်မိသွားနိုင်စေရန်အတွက် ပါးစပ်ကို တင်းတင်းပိတ်လိုက်သေးသည်။
သူမ ဒီလူကို သတ်ဖို့ရည်ရွယ်ထားမှတော့ တခြားလူများကို မြင်ခွင့်မပြုနိုင်ပေ။ အခုတော့ ထိုလူသည် ကုနင်း၏စဉ်းတီတုန်းပေါ်က အသားတုံးတစ်တုံးဖြစ်နေပြီဖြစ်ကာ သူမစိတ်တိုင်းကျပိုင်းဖြတ်ချင်တိုင်း ပိုင်းဖြတ်၍ရနို်ငနေပေပြီ။
သေနတ်သမားမှာ နာကျင်မှုဒဏ်ကြောင့် သတိပင်လစ်သွားလုနီးနီးဖြစ်နေပေမည့် ထိုနာကျင်မှုကြောင့်ပဲ ဆက်ပြီးသတိမြဲနေရပေသည်။
အခုတော့ သေနတ်သမား အလွန်အမင်းကြောက်ရွံ့တုန်လှုပ်နေရပေပြီ၊ ဒီကောင်မလေးက သူပင် တန်ပြန်မတိုက်ခိုက်နိုင်လောက်အောင်ကို အလွန်ရက်စက်ကာ ကြမ်းတမ်းလွန်းတာက သူ့ကိုအလွန်အံ့အားသင့်သွားစေသည်။ သူမက အထူးသတ်ဖြတ်သူတွေထက်တောင်မှ ပိုတော်လွန်းနေသေးသည်။ မဟုတ်မှ၊ သူမက သူ့ရန်သူလွှတ်လိုက်သည့် လူသတ်သမားများလား?
ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက ဒီကနေ့ သူ့ကိုလက်စားချေဖို့ ရောက်လာခြင်းဖြစ်တာကြောင့် သေချာပေါက် သူဆိုးဆိုးရွားရွားကို သေရပေတော့မည်။
သူသည် ကြေးစားစစ်သားတစ်ဦးဖြစ်ကာ အချိန်မရွေးအသတ်ခံရနိုင်သည့် အခြေအနေအတွက်လဲ စိတ်ကုကြိုတင်ပြင်ဆင်လို့ထားပေမည့် တကယ်တမ်း သူ့ဘဝအဆုံးသတ်နှင့်ရင်ဆိုင်ရချိန်တွင်တော့ အလွန်ကြောက်လန့်မိနေစဲပင်။ ဖြစ်နိုင်ရင် လူတိုင်းက အသက်ရှည်ရှည်ပဲ နေချင်ကြကာ မသေချင်ကြပေ။
ဒါပေမယ့်လဲ သနားကြင်နာစိတ်မရှိသည့် လူသတ်သမားတစ်ဦးကို အသက်ချမ်းသာပေးဖို့ တောင်းပန်ခယနေလို့လဲ အချည်းအနှီးသာဖြစ်ကြောင်း သူကိုယ်တိုင်သိတာကြောင့် ဘာမှမပြောနေတော့ပေ။
ကုနင်း သူမအိတ်ကပ်ထဲမှ သေနတ်ကို ထုတ်ယူကာ သေနတ်သမားကိုချိန်လိုက်သည်။
သေနတ်သမားလဲ သူနောက်စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သေဆုံးတော့မည်မှန်း သိပေမည့် လွတ်မြောက်ဖို့ရန် အနည်းငယ်ကြိုးစားရုန်းကန်ကြည့်နေတုန်းပင်။
နောက်ကွယ်မှ အဓိကကြိုးကိုင်သူကို ကုနင်းသိနေပြီးပြီဖြစ်တာကြောင့် ဒီအသုံးမဝင်တော့သည့်လူကို သတ်ပစ်ဖို့ရန် တွန့်ဆုတ်မနေတော့ပေ။
အသံတိတ်ပြောင်းဝကြောင့် သေနတ်ပစ်လိုက်သော်လည်း ဘာဆူဆူညံညံအသံမှမထွက်သွားခဲ့ပေ။ ကျည်ဆံက ထိုလူ၏နှလုံးကိုဖောက်ဝင်သွားကာ မသေဆုံးခင် စက္ကန့်အနည်းငယ်မျှ တုန်ရီနေခဲ့သည်ကို ကြည့်ပြီးနောက် ကုနင်းပြန်ထွက်လာလိုက်တော့သည်။
ကေက မြို့ဟောင်းလမ်းတစ်လျှောက် လုံခြုံရေးကင်မရာများကို ဖောက်ဝင်ကာ မှတ်တမ်းများဖျက်ထားတာကြောင့် ကုနင်းက လူသတ်သမားမှန်း ဘယ်သူမှသိကြမည်မဟုတ်ပေ။ တကယ်လို့များ သူမတရားခံမှန်း ပေါ်ပေါက်သွားခဲ့လျှင်ပင် ထန်မိသားစုက သူမကိုကာကွယ်ပေးနိုင်ပေသည်။
လူတစ်ယောက်ကို သတ်ခြင်းက ဥပဒေနှင့်မညီညွတ်သော်လည်း ဒီလူကတော့ သေသင့်တာကြောင့် ကုနင်းနောင်တမရပေ။
ထို့နောက် ကုနင်းဆေးရုံသို့ပြန်လာခဲ့သည်။
မကြာခင်တွင်ပဲ ထန်ယွင်ဖန်းလဲ ထန်ဝေ့ရုန်အကြောင်း စုံစမ်းမှုရလဒ်များရရှိလာခဲ့သည်။ Yနိုင်ငံတွင် ထန်ဝေ့ရုန်၏ကိုယ်ရေးအချက်အလက်မှာ ယာဆိုသည့်နာမည်နှင့် သာမာန်စီးပွားရေးသမားတစ်ဦးသာဖြစ်ပြီး သူ့သားဖြစ်သူ ထန်ရှင်းကျဲ့သည်တော့ Yနိုင်ငံရှိတခြားသော မိသားစုတစ်စု မွေးစားထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုမိသားစုဝင်အားလုံးမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကပဲ ကားတိုက်မှုဖြင့် သေဆုံးသွားကြပြီးဖြစ်သည်။
ထန်ရှင်းကျဲ့ကတော့ သာမာန်လူရှုပ်လူပွေတစ်ဦးသာဖြစ်သည်။
ထန်ဝေ့ရုန်သည် အာဏာရှိသူများစွာနှင့် သိကျွမ်းထားသော်လည်း အများစုမှာ Yနိုင်ငံကဖြစ်ကာ တခြားနိုင်ငံတွင်ရောက်နေသည့် ထန်ဝေ့ရုန်ကိုတော့ ထိုလူများ ကူညီရဲလောက်မည်ဟု ထန်ယွင်ဖန်း မယုံကြည်ပေ။ ထို့အပြင် သူတို့က အကျိုးအမြတ်တစ်ခုတည်းကြောင့်သာ ထန်ဝေ့ရုန်နှင့်အလုပ်တွဲလုပ်ကြခြင်းဖြစ်သည်။ အကျိုးအမြတ်သာမရှိပါက အလုပ်ရှုပ်ခံကာ ထန်ဝေ့ရုန်ကို ကူညီပေးကြလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်ပဲ ထန်ဝေ့ရုန်ကို ပညာပြန်ပေးမည့် အစီအစဉ်တွင် ထန်ယွင်ဖန်း၏လမ်းကြောင်းကို ဝင်နှောက်ယှက်မည့်လူဘယ်သူမှမရှိပေ။
တစ်ဖက်တွင်တော့ ထန်ဟွမ်လုပ်ငန်းစုအစည်းအဝေးခန်းထဲတွင် ဒါရိုက်တာများမှာ ဆက်လက်အငြင်းပွားနေကြစဲဖြစ်ပြီး ရုတ်တရက်ဆိုသလို ထန်ရှင်းကျဲ့ပြန်ရောက်လာကာ အခြေအနေကလဲ တော်တော်လေးကောင်းနေပုံရတာကြောင့် လူတိုင်းထိတ်လန့်ကုန်ကြသည်။
“ဘုရားရေ! သူ သေနတ်အပစ်ခံလိုက်ရတယ်မဟုတ်ဘူးလား? ဘယ်လိုလုပ် နာရီပိုင်းလောက်နဲ့ ကောင်းနေပုံရတာလဲ?”
“မယုံနိုင်စရာပဲ!”
…………….
ကုမ္ပဏီအတွင်းမှာလဲ ထိုကိစ္စကို လူတိုင်းအံ့ဩတကြီးဆွေးနွေးနေကြသည်။
ထန်ကျားယန် အစည်းအဝေးခန်းထဲသို့ဝင်လိုက်ချိန်တွင် ဒါရိုက်တာတိုင်း အလွန်အံ့အားသင့်သွားကာ အထူးသဖြင့် အံ့အားအသင့်ဆုံးလူကတော့ ထန်သဲ့မင်ဖြစ်ကြောင်း ပြောနေဖို့ပင် မလိုလောက်ပေ။ ထန်သဲ့မင်မှာ မယုံကြည်နိုင်လွန်း၍ ထိုင်ခုံမှပင် ထရပ်မိသွားတော့သည်။ “မင်း သေနတ်အပစ်ခံလိုက်ရတယ်မဟုတ်ဘူးလား? ဘယ်လိုလုပ် ချက်ချင်းကြီးကောင်းသွားတာလဲ?”
ထန်ကျားယန် ပြန်ကောင်းလာသည့် အဖြစ်မှန်ကို သူလက်မခံနိုင်မှန်း သိသာလှသည်။
ထန်ကျားယန် အသက်အန္တရာယ်ရှိအောင် လုပ်ခြင်းကလဲ သူတို့အကြံအစည်ထဲမှ တစ်စိတ်တစ်ပိုင်းသာဖြစ်တာကြောင့် အခုလိုအခြေအနေကို လက်မခံနိုင်ခြင်းဖြစ်သည်။
ထန်ကျားယန်က ထန်သဲ့မင်အားစိုက်ကြည့်ကာ အေးစက်လှသောအသံဖြင့် မေးလိုက်သည်။ “ဘာလဲ? စိတ်ပျက်သွားတာလား?”
ထိုစကားကြောင့် လူတိုင်း၏သံသယဝင်နေသည့်အကြည့်က ထန်သဲ့မင်ဆီသို့ ရောက်ရှိသွားတော့သည်။ ထန်ကျားယန်၏ပြောသံအရ သူ့ကိုထန်သဲ့မင်လုပ်ကြံခြင်းလို့ ယုံကြည်နေပုံပင်။ တကယ်ပဲ ဒီကိစ္စမှာ ထန်သဲ့မင် ပါဝင်နေတာလား? ဒီလိုသာဆို ထန်သဲ့မင်က တကယ့်မကောင်းဆိုးဝါးပဲ!
ဖူခိုင်ယွီမှာ သတိလက်လွတ်ဖြင့် ထန်သဲ့မင်နှင့်ဝေးဝေးပင် ခွာလိုက်သည်။
ဖူခိုင်ယွီသည် ထန်သဲ့မင်အားထောက်ခံကာ နှစ်ယောက်အတူတူ မကောင်းမှုများစွာ ပြုလုပ်ခဲ့ကြသော်လည်း ထန်မိသားစုကို ဆန့်ကျင်ဖို့ ထန်သဲ့မင်ဘာတွေလုပ်ဆောင်နေလဲဆိုသည်ကိုတော့ မသိထားပေ။ ဒါ့အပြင် လူတစ်ယောက်ကို သတ်ဖို့ သေနတ်သမားငှားပါက ဖော်ထုတ်ခံလိုက်ရလျှင် သူပါထောင်ကျနိုင်တာကြောင့် ထိုသို့သော အလုပ်မျိုးလုပ်မည်မဟုတ်ပေ။
ထန်သဲ့မင် အနည်းငယ်ထိတ်လန့်သွားပေမည့် မကြာခင်တွင်ပဲ စိတ်ပြန်ငြိမ်သွားကာ၊ “မဟုတ်ပါဘူး။ ကျန်တဲ့လူတွေလိုပဲ ငါလဲ နည်းနည်းအံ့ဩသွားမိရုံပါ။”
ထန်ကျားယန်ကတော့ မထီမဲ့မြင်အမူအရာမျိုးတစ်ခုပြုလုပ်ကာ ထန်သဲ့မင်အား ရွံ့ရှာစက်ဆုပ်သည့်အကြည့်များဖြင့် ကြည့်နေတာကြောင့် ထန်သဲ့မင် ဒေါသထွက်လာပေမည့် အခုချိန်မှာ ဘာမှပြန်မပြောရဲပေ။
ထန်ကျားယန်ပြန်ရောက်လာသည်နှင့် ထန်ဟွမ်လုပ်ငန်းစုကို ဒုက္ခရောက်အောင်လုပ်ရန်ကြံစည်နေသူများ ချက်ချင်းရပ်တန့်သွားတော့သည်။
တကယ်တော့ ပြီးခဲ့သည့်ရက်များအတွင်းမှာလဲ ကုမ္ပဏီပေါင်းများစွာက တင်ပြချက်မမှန်ကန်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ထန်ကျားယန်၏အမှားကို ကြိုးစားပမ်းစားရှာဖွေနေခဲ့ကြပေမည့် ဘယ်သူမှမအောင်မြင်ခဲ့ပေ။
ထန်ကျားယန်သည် အတွေ့အကြုံမရှိသေးတာကြောင့် ကိစ္စတိုင်းကိုကိုယ်တွင်နိုင်ခြင်းမရှိသေးသော်လည်း ချွမ်မင်ခိုင်နှင့်ယန်ဝေ့လွင်တို့၏ အကူအညီဖြင့် ကုမ္ပဏီကိုတည်တည်ငြိမ်ငြိမ်ဆက်လက်လည်ပတ်နိုင်အောင် ဆောင်ရွက်နိုင်နေစဲပင်။
***
အခန်း ၇၆၅ ဂျဇ်ကလပ်
ဉာဏ်ကောင်းသည့် စီးပွားရေးသမားများကတော့ ထန်ဟွမ်လုပ်ငန်းစုလို ပြည်တွင်းမှာ ခြေကုပ်ကောင်းကောင်းယူထားနိုင်သည့် လုပ်ငန်းစုကြီးမျိုးက ထန်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်နေလျှင်တောင်မှ အချိန်တိုအတွင်း ကျရှုံးသွားလိမ့်မည်မဟုတ်မှန်း သိကြပေသည်။
ဒါက ပြဿနာအစပိုင်းပဲရှိသေးကာ ထန်ဟွမ်လုပ်ငန်းစုသည်လဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေစဲပင်။ ဒါကြောင့် ထန်ကျားယန်၏ပြစ်ချက်ကို ရှာဖို့ကြိုးစားနေသူတွေက ထန်သဲ့မင်နှင့်ဆက်နွယ်နေသည့်လူများသာဖြစ်သည်။
ထန်ကျားယန် ဥက္ကဌထိုင်ခုံနေရာတွင် ဝင်ထိုင်ပြီးသည်နှင့် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထန်သဲ့မင်ရှိရာသို့ရောက်ချိန်၌ သူ့အကြည့်များက တစ်စက္ကန့်စာလောက်ရပ်တန့်သွားပြီးကာမှ ရွှေ့သွားကာ၊ “ကျွန်တော့်ကိုသတ်ဖို့ကြိုးစားတဲ့လူအကြောင်း ခင်များတို့ အရမ်းသိချင်နေကြမှာပဲ။”
“ဘယ်သူလဲ?” ထန်သဲ့မင်ကလွဲပြီး အားလုံးစောင့်စားနေကြသည်။
ထိုအခိုက်အတန့်မှာ ထန်သဲ့မင်အလွန်ထိတ်လန့်နေပြီဖြစ်သည်။ ထန်ကျားယ်နက သူ့ကိုအထူးအာရုံစိုက်နေတာကြောင့် သူ့အကြောင်းဖော်ထုတ်ခံလိုက်ရပြီမှန်း သိသာပေသည်။ ဒါပေမယ့်လဲ သူသေချာဂရုတစိုက်ကြံစည်ထားသည့်ကိစ္စများဖြစ်တာကြောင့် ထန်ကျားယန်တွင် သက်သေအတိအကျရှိနေလိမ့်မည်ဟုတော့ မထင်မိပေ။ တကယ်လို့များ သက်သေရှိနေရင်တောင်မှ သူကလွတ်နေနိုင်ဦးမှာပါပဲ။ အဓိကက ထန်ကျားယန် သေနတ်ဒဏ်ရာကို ဘယ်လိုလုပ်မြန်မြန်ပြန်ကောင်းသွားသလဲဆိုတာက တကယ့်အံ့ဩစရာပင်။
“ဦးလေးသဲ့မင်၊ ဦးလေးကိုကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ။ ဘာတွေကိုများ တွေးနေမိလို့လဲ?” ထန်ကျားယန် ထန်သဲ့မင်ကိုကြည့်ကာမေးလိုက်သည်။
“ဘ-ဘာမှမဟုတ်ပါဘူး။” ထန်သဲ့မင် တံတွေးမြိုချကာ ပြန်ဖြေလိုက်ပြီး အသံကလဲ အနည်းငယ်တုန်ရီနေခဲ့သည်။
သူ့ပုံစံက မူမမှန်သလိုဖြစ်နေမှန်း သိတာကြောင့် စိတ်ကိုအတင်းပြန်ထိန်းချုပ်ကာ ထန်ကျားယန်မှာ သက်သေအခိုင်အမာမရှိပါဘူးဟုသာ စိတ်ထဲတွင်ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေတော့သည်။
ထန်သဲ့မင် ဆက်ပြီးအေးအေးလူလူအနေအထားဖြင့် ပြန်ထိုင်နေပေမည့် တခြားလူများကတော့ ထန်သဲ့မင် မူမမှန်ကြောင်း သေချာသတိထားမိနေကြပေပြီ။ ကြည့်ရတာ ထန်သဲ့မင်အတွက် နေ့တာရှည်တော့မယ့်ပုံပဲ။
“ဦးလေးသဲ့မင်၊ ဦးလေးရော ကျွန်တော့်ကို ဘယ်သူသတ်ဖို့ကြိုးစားလဲဆိုတာ မသိချင်ဘူးလား?” ထန်ကျားယန် မေးလိုက်ပြန်ကာ ထန်သဲ့မင်ကို နည်းနည်းလေးမှ အနားမပေးလိုကြောင်း ထင်ရှားလှသည်။
ထန်သဲ့မင် မျက်မှောင်ကြုတ်ကာ မကျေမနပ်ပုံစံဖြင့်၊ “ထန်ကျားယန်၊ မင်းငါ့ကို ဘာလို့ မေးခွန်းတွေဆက်တိုက်မေးနေတာလဲ?”
ထန်ကျားယန် ပြုံးလိုက်ပြီး၊ “ဦးလေးသဲ့မင်ကတော့ အကြောင်းအရင်းကို သေချာသိမှာပေါ့။”
“မင်း…” ထန်သဲ့မင်ဒေါသထွက်လာသလို အရမ်းလဲ စိုးရိမ်ပူပန်လာတော့သည်။ “ထန်ကျားယန်၊ မင်းငါ့ကို သံသယဝင်နေတယ်ဆိုလဲ သက်သေထုတ်ပြလေ။ မင်းမှာ သက်သေမရှိဘဲ ပြောနေတာဆိုရင် ဒါအသရေဖျက်တာပဲ၊ မင်းကို တရားတောင်ပြန်ဆွဲလို့ရတယ်။”
“ခင်ဗျားက သက်သေမြင်ချင်တာလား? ရတယ်လေ၊ ကျွန်တော့်မှာ ဓါတ်ပုံတွေအများကြီးရှိတယ်။ ကြည့်ပြီးသွားရင် ဘာတွေဖြစ်နေလဲဆိုတာ သေချာသိသွားမှာပေါ့။” ထန်ကျားယန်ကပြောပြီးသည်နှင့်သူ့အတွင်းရေးမှူးက ဖိုင်တစ်ခုကိုထုတ်ကာ ချက်ချင်းဖွင့်လိုက်သည်။
ထန်သဲ့မင်သည်တော့ အလွန်စိုးရိမ်လာမိပေပြီ။ သူ့မှာတကယ်ပဲ သက်သေရှိနေတာလား?
ထန်ကျားယန်မှာသာ တကယ်သက်သေရှိနေရင် သူဘာလုပ်သင့်လဲ? အခုမှ ထန်ဝေ့ရုန်ကို ဖုန်းဆက်ဖို့ကလဲ မဖြစ်နိုင်ဘူး။
ထန်သဲ့မင်၏မူမမှန်လှသည့် တုံ့ပြန်မှုကြောင့် တခြားလူများအားလုံး ထန်သဲ့မင်တွင် အပြစ်ရှိကြောင်း ယုံကြည်သွားကာ မနှစ်မြို့ဟန်ဖြင့် ကြည့်ကုန်ကြသည်။
အတွင်းရေးမှူးက ဖိုင်ထဲမှနေပြီး ဓါတ်ပုံများစွာကို ထုတ်ယူကာ စားပွဲတွင်ရှိနေသည့် ဒါရိုက်တာများထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။
ဓါတ်ပုံထဲမှလူများကို မြင်ရသည်နှင့် အားလုံးထိတ်လန့်သွားကြတော့သည်။
“ဒါ-ဒါ ထန်ဝေ့ရုန်လား? သူသေသွားပြီမဟုတ်ဘူးလား?” ထန်ကျီလင်း အံ့ဩတကြီးရေရွတ်လိုက်သည်။
ဒါရိုက်တာများသည် ထန်ဟွမ်လုပ်ငန်းစုတွင် လုပ်ကိုင်နေကြသည်မှာ အနှစ်၂၀နီးနီးရှိနေကြပြီဖြစ်တာကြောင့် လွန်ခဲ့သည့်၁၉နှစ်က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိထားကြပေသည်။
“ထန်သဲ့မင်က သူနဲ့အတူရှိနေတာပဲ။” ၉ယောက်မြောက်ဒါရိုက်တာက ဒေါသထွက်လာပုံပင်။
အမှန်တရားက ပေါ်ထွက်သွားပေပြီ။ သူတို့အားလုံး ထန်ဝေ့ရုန်နှင့်ရင်းနှီးကြကာ ထိုလူဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်နီဉာဏ်နက်များလဲဆိုသည်ကို သိထားကြသည်။ လွန်ခဲ့သည့်၁၉နှစ်က ထန်ဟိုင်ဖုန်း၏မိသားစုပိုင်စီးပွားရေးကို ခိုးယူဖို့ သူကျရှုံးခဲ့တာကြောင့် ထန်ယွင်ဖန်းကိုတောင် လုပ်ကြံခဲ့ပေသည်။
ထို့နောက် ထန်ဝေ့ရုန်တစ်ယောက် သေမလိုဖြစ်ကာ ထပ်မံပျောက်ဆုံးသွားပြီးနောက် ထန်မိသားစုဝင်များတစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုများဖြစ်လာခဲ့သည်။ အဖြေက ဒီထက်ပိုပြီးမရှင်းနိုင်တော့ပေ။
ဒါ့အပြင် ထန်သဲ့မင်သည် ထန်ဝေ့ရုန်နှင့် အကြိမ်ပေါင်းများစွာ လျှို့ဝှက်တွေ့ဆုံခဲ့သည်။ သူသာ ထန်ဝေ့ရုန်နှင့်ဘာဆက်ဆံရေးမှမရှိပါဘူးလို့ပြောလာလျှင်တောင် ဘယ်သူမှယုံကြလိမ့်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်မှာပဲ အသံကျယ်ကြီးတစ်သံထွက်လာခဲ့သည်။ ထန်ကျီလင်းက ဓါတ်ပုံများကို စားပွဲပေါ်သို့ ရိုက်တင်လိုက်ကာ ထန်သဲ့မင်အား ဒေါသတကြီးမေးမြန်းတော့သည်။ “ထန်သဲ့မင်၊ မင်းဘာလို့ ထန်ဝေ့ရုန်နဲ့ လျှို့ဝှက်တွေ့ဆုံနေတာလဲ? မင်းတို့အတူတူ ထန်မိသားစုကို လုပ်ကြံဖို့ကြံစည်နေကြတာလား?”
သူတို့မှာ ကလပ်၏လုံခြုံရေးကင်မရာမှ ဗီဒီယိုများရှိနေလိမ့်မည်ဟု ထန်သဲ့မင် မထင်မှတ်ထားတာကြောင့် ကြောင်အနေတော့သည်။ သူတင်မကဘဲ ထန်ဝေ့ရုန်ပင် ဖော်ထုတ်ခံလိုက်ရပေပြီ။
“သူတို့က ထန်ဟွမ်လုပ်ငန်းစုကို ထိန်းချုပ်နေပုံပဲ။ ဥက္ကဌယွင်ဖန်း၊ သခင်ကြီးထန်နဲ့ ကျားယန်တို့ မတော်တဆမှုတွေမှာလဲ သူတို့ပါဝင်နေလောက်တယ်!” ကိုးယောက်မြောက်ဒါရိုက်တာလဲ အလွန်ဒေါသထွက်နေသည်။
“ဒါက ဓါတ်ပုံလေးတွေတင်လေ၊ ဘာမှသက်သေမပြနိုင်ဘူး။ ပုံလေးတွေလောက်ရှိရုံနဲ့ ငါ့ကို အပြစ်ပုံချလို့မရဘူး။ မင်းတို့မှာ သက်သေအတိအကျရှိလို့လား?” ထန်သဲ့မင် အတင်းငြင်းဆန်နေပေမည့် သူလွတ်မြောက်နိုင်လိမ့်မည်တော့ မဟုတ်ပေ။
“ခင်ဗျားက အဓိကကြိုးကိုင်သူမဟုတ်ပေမယ့် ကြံရာပါပဲ။ ထန်ဝေ့ရုန် အသက်ရှိနေမှန်း ခင်ဗျားသိထားတာတောင် ဘာလို့ ကျွန်တော်တို့ကိုမပြောရတာလဲ? ငြင်းနေရုံနဲ့ ဒီပြဿနာက လွတ်မြောက်နိုင်မယ်ထင်နေလား?” ထန်ကျားယန် အေးစက်စွာ ဝင်ပြောလိုက်သည်။
ထန်သဲ့မင်မှာ စိတ်ဓါတ်ကျလာကာ ဘာဆက်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။ ထန်ကျားယန်ပြောသွားသည်က အမှန်များသာဖြစ်ပေသည်။ သူက အဓိကကြိုးကိုင်သူမဟုတ်သော်လည်း ကြံရာပါဖြစ်တာကြောင့် ဥပဒေအရ အပြစ်ပေးခံရဦးမှာပင်။
ထန်ကျားယန်အနေနှင့် ဒီဓါတ်ပုံများကိုတောင် ရနိုင်တယ်ဆိုမှတော့ တခြားတိကျသည့်သက်သေများ ရှာဖို့ရန်လဲ မခက်လောက်တော့ပေ။
ထန်ကျားယန်က ဆက်ပြီး၊ “ခင်ဗျား ဂျဇ်ကလပ်မှာ ရှယ်ယာ၁၀ရာခိုင်နှုန်းပိုင်ထားတယ်ဆိုတာလဲ ကျွန်တော်တို့ သိထားပြီးပြီ၊ ဂျဇ်ကလပ်ဆိုတာ ကောင်းတဲ့နေရာမဟုတ်ဘူး၊ နေ့တိုင်း အဲ့ဒီမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အရေးအဝယ်အပေးအယူကိစ္စတွေ အများကြီးလုပ်နေကြတာ။ အခုလောက်ဆို ရဲတွေလဲ ဂျဇ်ကလပ်ကို သွားတဲ့လမ်းဆီရောက်နေကြလောက်ပြီ။”
ဂျဇ်ကလပ်သည် Yနိုင်ငံသားတစ်ယောက်ပိုင်ဆိုင်ခြင်းဖြစ်ကာ ထန်ဝေ့ရုန်၏နေရာလဲဖြစ်သည်။
ထန်ကျားယန်၏စကားများကြောင့် ထန်သဲ့မင်လဲ သူလုံးဝကျရှုံးသွားသည့်အကြောင်း နားလည်သွားရတော့သည်။
ဂျဇ်ကလပ်သည် နိုင်ငံခြားသားတစ်ဦးပိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုနေရာတွင် ဥပဒေနဲ့မလွတ်ကင်းသည့် ကိစ္စများစွာ သူတို့လုပ်ခဲ့ကြတာကြောင့် အစိုးရက ထိုကလပ်၏ပိုင်ရှင်နှင့် ရှယ်ယာရှင်များကို အပြစ်ပေးမည်မှာ အသေချာပင်။
ထန်သဲ့မင် သူ့ထိုင်ခုံထက်တွင် အရုပ်ကြိုးပျက်ထိုင်နေမိကာ ဘာဆက်လုပ်လို့လုပ်သင့်မှန်း မတွေးတောနိုင်တော့ပေ။
***