အခန်း (၇၇၁-၇၇၅)
Vol. 52 Ch. 771-775
အခန်း ၇၇၁ ဆိုင်ခန်း အငြင်းပွားမှု
အိမ်ပြန်ရောက်သည်နှင့် ကုနင်း အခန်းထဲသို့ပြန်လာကာ ငှားဖို့ရှိသည့် အလှပြင်ဆိုင်များကို အင်တာနက်မှတစ်ဆင့် ရှာဖွေခဲ့သည်။
ငှားရန်တင်ထားသည့် အလှပြင်ဆိုင်များစွာရှိသော်လည်း ကုနင်းကတော့ ထိုထဲမှတစ်ဆိုင်ကို တစ်ချက်ကြည့်ရုံနှင့်သဘောကျသွားတော့သည်။ အကြောင်းကတော့ ထိုဆိုင်သည် ဖန်ရှန်းဈေးဝယ်စင်တာထဲတွင်ပဲရှိနေကာ Kameiအလှပြင်ဆိုင်ထက်လဲ နှစ်ဆမျှပို၍ကြီးတာကြောင့်ပင်။ ဒါတင်မကသေး ဆိုင်သည် တော်တော်လေးသစ်နေသေးကာ စဖွင့်ခဲ့သည်က နှစ်နှစ်မျှသာကြာမြင့်သေးသည်။
ကုနင်း ထိုအလှပြင်ဆိုင်အကြောင်းရေးထားသည့် မှတ်ချက်များကို ဖတ်ကြည့်လိုက်ပြီးနောက် ထိုဆိုင်၏ဖောက်သည်အများစုသည် ဆိုင်မှအလှကုန်ပစ္စည်းများကို စိတ်တိုင်းမကျခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ထိုဆိုင်တွင်သုံးသည့် အလှကုန်ပစ္စည်းများမှာ အရည်အသွေးနိမ့်တာကြောင့် အမြတ်အစွန်းမရပုံရသည်။
နောက်တစ်နေ့တွင်တော့ ကုနင်းကိုယ်တိုင် ဆိုင်ကိုကြည့်ပြီး ငှားဖို့ရန်အတွက် ဖန်ရှန်းဈေးဝယ်စင်တာသို့ ထွက်လာခဲ့သည်။
ထိုဆိုင်သည် အထူးသီးသန့်ဈေးကြီးလှသည့် ဆိုင်ဖြစ်တာကြောင့် အလှဆင်ပစ္စည်းများနှင့် ဆိုင်တွင်းပစ္စည်းများမှာလဲ အထူးကောင်းမွန်လှသည်။
“ကြိုဆိုပါတယ်!” ကုနင်း ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ဝန်ထမ်းတစ်ဦးက သူမထံသို့လျှောက်လာကာ နှုတ်ဆက်စကားဆိုသည်။
ဆိုင်က ငှားဖို့ရန်တင်ထားပြီးဖြစ်သော်လည်း ဝန်ထမ်းများကတော့ ဆိုင်ဖွင့်နေသည်နေသ၍ ဖောက်သည်တိုင်းကို လှိုက်လှဲပျူငှာစွာ ကြိုဆိုနေဦးမည်သာ။
“ဟိုင်း၊ ဒီဆိုင်ကို ငှားမယ်ဆိုတဲ့အကြောင်း အင်တာနက်ပေါ်ကနေ တွေ့ခဲ့လို့ လာကြည့်တာပါ။” ကုနင်း လိုရင်းကိုသာ တန်းပြောလိုက်သည်။
“ခဏလေးစောင့်ပေးပါနော်၊ ကျွန်မတို့မန်နေဂျာကို သွားခေါ်ပေးပါ့မယ်။” ဝန်ထမ်းက ပြောပြီးသည်နှင့် မန်နေဂျာကို ခေါ်ဖို့ရန် ထွက်သွားတော့သည်။
ထိုအချိန်အတွင်း ကုနင်းကတော့ အလှပြင်ဆိုင်၏အတွင်းပိုင်းကို လှည့်ပတ်ကြည့်ရှုနေကာ ပိုလို့ပင် စိတ်တိုင်းကျသွားသည်။
တစ်စုံတစ်ယောက်က အလှပြင်ဆိုင်ကို ကြည့်ရန်လာကြောင်း သိလိုက်သည်နှင့် မန်နေဂျာလဲ မြန်မြန်ဆန်ဆန်ပင် ထွက်လာခဲ့သည်။ ဆိုင်မန်နေဂျာသည် အသက်၃၀ကျော်အမျိုးသမီးတစ်ဦးဖြစ်ကာ သူမ၏ရုပ်ရည်သွင်ပြင်က ဆွဲဆောင်မှုရှိလှသော်လည်း အသားအရေကတော့ မကောင်းလှချေ။
အလှပြင်ဆိုင်တွင် လုပ်ကိုင်သည့် သူမကိုယ်တိုင်က ကိုယ့်အသားအရေကို သေချာထိန်းသိမ်းခြင်းမရှိပါက ဖောက်သည်များကို ဆိုင်မှာ ငွေသုံးခိုင်းဖို့ရန် ဘယ်လိုများ ဆွဲဆောင်နိုင်တော့မတဲ့လဲ။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေး၊ ကျွန်မက ဒီဆိုင်ရဲ့မန်နေဂျာ၊ မျိုးရိုးကတော့ တင်းပါ။ မိန်းကလေးရဲ့ နာမည်ကို သိခွင့်ရှိမလား?” မန်နေဂျာအမျိုးသမီးက ကုနင်းကို ယဉ်ကျေးစွာပင်နှုတ်ဆက်ကာ ကုနင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“မင်္ဂလာပါ၊ မန်နေဂျာတင်း၊ ကျွန်မမျိုးရိုးက ကုပါ။”
“မိန်းကလေးကု အရင်ဆုံးဆိုင်ကို ပတ်ကြည့်ချင်လား ဒါမှမဟုတ် ကျွန်ပဲ ဆိုင်အကြောင်း မိတ်ဆက်ပေးရမလား?”
“အရင်ဆုံး ဆိုင်အကြောင်းနည်းနည်းပါးပါး ပြောပြပေးပါ။ ရှင်တို့ ဘာကြောင့် ဆိုင်ကို ငှားဖို့တင်လိုက်လဲသိလို့ရမလား?”
“ဆိုင်က အမြတ်မရဘဲ ငွေအများကြီးဆုံးရှုံးနေရလို့ပါ၊ ဒါကြောင့် ကျွန်မတို့သူဌေးက ငှားပစ်ချင်နေတာ။” မန်နေဂျာတင်းက ထိုမျှသာပြောပြီး သူတို့အသုံးပြုသည့် အလှကုန်ပစ္စည်း၏အရည်အသွေးနိမ့်သည့်အကြောင်းကိုတော့ ကုနင်းကို ထည့်မပြောခဲ့ပေ။
ဒီအလှပြင်ဆိုင်သည် ဆိုင်အပြင်အဆင်ကိုတော့ အကောင်းဆုံးပြင်ဆင်ထားပေမည့် အရည်အသွေးမြင့်အလှကုန်ပစ္စည်းကိုတော့ အသုံးမပြုထားတာကြောင့် တကယ်တမ်း ဖောက်သည်များကို အမြင်ဖြင့်အရူးလုပ်နေခြင်းသာဖြစ်သည်။ သို့သော်လည်း မန်နေဂျာတင်းက ဆိုင်ပိုင်ရှင်မဟုတ်တာကြောင့် ဆိုင်မှာဘယ်အလှကုန်ပစ္စည်းကိုတော့ သုံးသင့်သည်ဆိုသည်ကို သူမဆုံးဖြတ်မပေးနိုင်ပေ။
သူမသူဌေးကို အလှကုန်ပစ္စည်းများပြောင်းလဲအသုံးပြုရန် နားချခဲ့ဖူးသော်လည်း သူမသူဌေးကတော့ ထိုအလှကုန်ပစ္စည်းများက သူမမိတ်ဆွေတစ်ဦးထုတ်လုပ်ခြင်းဖြစ်ကြောင်းကြောင့်လို့သာ ပြန်ပြောခဲ့သည်။ သူတို့သာ ပစ္စည်းကိုပြောင်းသုံးလိုက်ပါက သူမမိတ်ဆွေ မကျေမနပ်ဖြစ်သွားစေနိုင်သည်။
မန်နေဂျာတင်းအနေနှင့်ကတော့ စီးပွားရေးကို စီးပွားရေးအနေနှင့်သာ ကြည့်သင့်သည်ဟု တွေးကာ မိတ်ဆွေကို မကျေမနပ်မဖြစ်စေချင်ရုံနှင့် ဆိုင်စီးပွားရေးကို ဖျက်စီးနေခြင်းကတော့ ကျိုးကြောင်းမသင့်ဟု ထင်မိသည်။ သို့ပေမည့် တချို့လူတွေကတော့ ကျေးဇူးကြွေးကိုအကြောင်းပြကာ သူတို့ကို ထပ်ကာထပ်ကာမျက်နှာသာပေးဖို့ရန် တောင်းဆိုကြသည်။ သူမသူဌေး၏မိတ်ဆွေသည် တစ်ခါတုန်းက သူမသူဌေးကို အကူအညီပေးခဲ့ဖူးတာကြောင့် သူမသူဌေးက အလှကုန်ပစ္စည်းကို ဆက်လက်,လက်ခံပေးနေခြင်းဖြစ်သည်။
ဒါကြောင့်ပဲ ငွေအမြောက်အများဆုံးရှုံးသွားချိန်တွင်တော့ သူမသူဌေးက အလှကုန်ပစ္စည်းကို ပြောင်းသုံးရမည့်အစား ဆိုင်ကိုသာ ငှားရမ်းဖို့လုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကုနင်းနှင့်မန်နေဂျာတင်းတို့ ဆိုင်ငှားရမ်းမည့်အကြောင်းများ ဆက်လက်ပြောဆိုခဲ့ကြသည်။ ငှားရမ်းနှုန်းကတော့ ဖန်ရှန်းဈေးဝယ်စင်တာမှ သတ်မှတ်ထားသည့် တရားဝင်ဈေးနှုန်းအတိုင်းပင်ဖြစ်ကာ ကုနင်းအနေနှင့် ဆိုင်တွင်းရှိပစ္စည်းများအတွက်ကိုတော့ ငွေအပိုထပ်ပေးဖို့လိုအပ်ပေသည်။
ယွမ်၂သန်းနီးပါးလောက် တန်ဖိုးရှိသည့် ပစ္စည်းများနှင့် အဆင့်အတန်းမြင့်မြင့်နှင့်အကောင်းဆုံး ပြင်ဆင်ထားပေမည့် ကုနင်းဘက်ကတော့ ငွေပမာဏအပြည့်ပြန်ပေးစရာမလိုအပ်ပေ။ ဆိုင်ဖွင့်နေခဲ့သည်ကလဲ ၂နှစ်နီးပါးရှိနေပြီဖြစ်သောကြောင့် မူရင်းဈေးအတိုင်းမတန်တော့ပေ။ အဆုံးမှာတော့ ဆိုင်ပိုင်ရှင်က ပြင်ဆင်ပစ္စည်းအားလုံးအတွက် စုစုပေါင်းတန်ဖိုးယွမ်၁သန်းသာ တောင်းဆိုထားခဲ့သည်။
အလှကုန်ပစ္စည်းများကိုတော့ ကုနင်းဘက်က ဝယ်ချင်မဝယ်ချင် စိတ်တိုင်းကျဆုံးဖြတ်နိုင်ပေသည်။
သေချာပေါက် ကုနင်းကတော့ ထိုပစ္စည်းများကိုသုံးမည်မဟုတ်ဘဲ သူမ၏ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သည့် ခိုကျီကိုသာသုံးမည်က အသိသာပင်။
ကုနင်း ဆိုင်အနေအထားကို အလွန်ကျေနပ်နေပြီဖြစ်တာကြောင့် ချက်ချင်းပင် ငှားဖို့ဆုံးဖြတ်လိုက်တော့သည်။
ဆိုင်သည် ထန်မိသားစုပိုင်အဆောက်အဦးထဲတွင်ပဲ တည်ရှိနေတာကြောင့် သူမအနေနှင့် ဘာမှစိုးရိမ်နေဖို့မလိုအပ်ပေ။ သို့သော်လည်း သူမတို့ စာချုပ်တွင် လက်မှတ်ထိုးကြတော့မည့် အချိန်တွင်တော့ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့သည်။
ကုနင်းတို့ ဆိုင်ခန်းငှားရမ်းသည့်စာချုပ်တွင် နာမည်များရေးထိုးကြတော့မည့်အချိန်တွင်ပဲ အမျိုးသမီးနှစ်ဦးရောက်ရှိလာခဲ့သည်။ တစ်ဦးကတော့ အသက်၄၀ကျော်ဝန်းကျင်ရှိ ကျက်သရေရှိသည့်အမျိုးသမီးကြီးတစ်ဦးဖြစ်ကာ ကျန်တစ်ယောက်ကတော့ ခေတ်ဆန်ကာလှပစွာဝတ်ဆင်ထားသည့် အသက်၂၀ကျော်မိန်းမငယ်လေးဖြစ်သည်။
ကုနင်းနှင့်မန်နေဂျာတင်းတို့ စာချုပ်တွင်လက်မှတ်ထိုးဖို့ပြင်နေသည်အား ထိုအမျိုးသမီးနှစ်ဦး တွေ့လိုက်ရသည်နှင့် ဒေါသထွက်သွားကြတော့သည်။
“မန်နေဂျာတင်း၊ ငါဒီအကြောင်းစဉ်းစားဖို့ အချိန်နည်းနည်းလိုတယ်လို့ မပြောထားခဲ့ဘူးလား? မင်းက ဒါတောင် ဆိုင်ကို ဘာလို့ တခြားတစ်ယောက်ကို ငှားဖို့ လုပ်နေရတာလဲ?” မိန်းမငယ်လေးက ဖြတ်ပြောလိုက်သည်။ သူမသည် အသားအရေကောင်းမွန်ပြီး အလွန်လှပသူဖြစ်ပေမည့် သူမနှုတ်မှထွက်လာသည့် စကားလုံးများကတော့ နူးညံ့ကြင်နာမှုမရှိပေ။
ထိုသူနှစ်ဦး ဆိုင်ထဲသို့ဝင်လာသည်ကို မြင်လိုက်ရသည်နှင့် မန်နေဂျာတင်း ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ မကျေနပ်လှသောလေသံဖြင့်၊ “မိန်းကလေးကျန်း၊ ရှင်တို့ဘက်က တိကျတဲ့အဖြေမျိုးပေးခဲ့တာမဟုတ်လို့ ရှင်တို့ဆုံးဖြတ်ပြီးတဲ့အချိန်ကို ကျွန်မတို့တစ်ချိန်လုံး စောင့်ပေးမနေနိုင်ပါဘူး။”
“ငါတို့ အခုချက်ချင်းပင် ဆိုင်စာချုပ်ချုပ်ချင်တယ်၊ ဒီတော့ နင်သူနဲ့လက်မှတ်မထိုးနဲ့တော့!” သက်လတ်ပိုင်းအမျိုးသမီးက မောက်မာစွာဖြင့်ဝင်ပြောလိုက်သည်။
“ကျန်းကတော်၊ စိတ်မကောင်းပါဘူး။ ကျွန်မ ဒီမိန်းကလေးနဲ့ စာချုပ်ချုပ်ဖို့ ပြောထားပြီးသားဖြစ်နေပါပြီ။”
ကျန်းကတော် မျက်မှောင်ကြုတ်လိုက်မိသည်။ မန်နေဂျာတင်းက သူမ၏အဆိုကို ငြင်းဆန်လိမ့်မည်ဟု သူမမမျှော်လင့်ထားမိတာကြောင့် ချက်ချင်းပဲ ဒေါသလဲ ထွက်သွားရသည်။ “မန်နေဂျာတင်း၊ နင်ကများ ငါ့ကမ်းလှမ်းချက်ကို ငြင်းရဲတယ်ပေါ့? ငါဘယ်သူလဲဆိုတာ နင်သိရဲ့လား? ငါ့ကိုဆန့်ကျင်လိုက်ရင် နင့်ဆိုင်လဲ ငှားထွက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး!”
ထိုစကားကြောင့် မန်နေဂျာတင်း အနည်းငယ်စိုးရိမ်ကာ ကြောက်လန့်သွားရသည်။ ကျန်းကတော်၏မိသားစုနောက်ခံကို သူမအသေအချာတော့ မသိသော်လည်း သူတို့၏အပြုအမူအရ ချမ်းသာတာမဟုတ်ရင် အာဏာရှိတဲ့မိသားစုကဖြစ်ကြောင်း သိသာပေသည်။
သူတို့၏အလှပြင်ဆိုင်လေးမှာတော့ ဘယ်အင်အားကြီးသည့် ကျောထောက်နောက်ခံမှမရှိတာကြောင့် ချမ်းသာတဲ့လူများအနေနှင့် သူမတို့အပေါ် အမြတ်ထုတ်နိုင်ဖို့လောက်က မခက်ခဲလှပေ။
ထိုသို့ဆိုလျှင်ပင် မန်နေဂျာတင်းကတော့ သူမ၏လမ်းစဉ်အတိုင်းဆက်လက် လုပ်ဆောင်ဖို့ကိုသာ ရွေးချယ်လိုက်စဲဖြစ်သည်။ ကုနင်းနှင့်စာချုပ်ချုပ်ဖို့ အဆင်သင့်ပင်ဖြစ်နေပြီဖြစ်တာကြောင့် အာဏာ၏ဖိအားပေးမှုတစ်ခုအတွက်နှင့် နောက်မဆုတ်လိုက်နိုင်ပေ။ “ကျန်းကတော်၊ ရှင့်ရဲ့ကမ်းလှမ်းချက်ကို ကျွန်မလက်မခံပေးနိုင်လောက်ဘူး။ ရှင်ဘယ်သူလဲဆိုတာ ကျွန်မမသိပေမယ့် ကျွန်မဘက်ကတော့ ဒီမိန်းကလေးနဲ့ပဲစာချုပ်ချုပ်ဖို့ သဘောတူထားနှင့်နေပြီးပြီ။”
“နင်….” ကျန်းကတော် ပိုလို့ဒေါသထွက်လာကာ၊ “မန်နေဂျာတင်း၊ မင်းမသိဘူးဆိုမှတော့ ငါပြောပြလိုက်မယ်။ ငါက ဟဲထျန်းလုပ်ငန်းစုဥက္ကဌရဲ့ဇနီးပဲ။ နင်ငါ့ကို ဒိလိုပုံစံမျိုးနဲ့ဆန့်ကျင်မယ်ဆိုရင် ရလဒ်ကို နင်တာဝန်ယူနိုင်မှာမဟုတ်ဘူး။”
ကျန်းကတော်၏နောက်ခံကိုကြားလိုက်ရတော့ မန်နေဂျာတင်း အလွန်ထိတ်လန့်သွားတော့သည်။ ထိုအမျိုးသမီးသည် သေချာပေါက် အာဏာရှိကာ ငွေကြေးချမ်းသာသည့် မိသားစုတစ်ခုခုက ဖြစ်မည်မှန်း သူမခန့်မှန်းထားမိပြီးသားဖြစ်သော်လည်း တကယ်တမ်း နောက်ခံအစစ်အမှန်ကိုကြားလိုက်ရချိန်တွင် သူမအလွန်အံ့ဩမိသွားစဲပင်။
***
အခန်း ၇၇၂ ကျန်းဝမ်မေ့၏လက်ကောက်ဝတ်ကို ချိုးပစ်ခြင်း
ဟဲထျန်းလုပ်ငန်းစုသည် Bမြို့တွင်တော့ ရင်းနှီးငွေယွမ်၁၀ဘီလီယံကျော်ရှိသည့် ကျော်ကြားသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ ၎င်းသည် Bမြို့ထိပ်တန်းအဆင့်မိသားစုကြီးများကြားတွင် မပါရှိသော်လည်း မန်နေဂျာတင်းလို သာမာန်လူများအတက်တော့ ဆန့်ကျင်နိုင်သည့်မိသားစုမျိုးမဟုတ်ပေ။ ထိုလူများအတွက်တော့ သူမကို ရှင်းထုတ်ပစ်ဖို့မှာ အလွန်လွယ်ကူလွန်းလှသည်။
မန်နေဂျာတင်း နှုတ်ဆိတ်သွားရကာ သူမကို ဖိအားပေးနေမှုကို လက်မခံလိုသေးပေ။ သို့သော်လည်း သူမက ဒီဆိုင်ပိုင်ရှင်လဲမဟုတ်တာကြောင့် သူမတင်းခံနေလို့ သူမသူဌေးဒုက္ခရောက်သွားမည်ကိုလဲ စိုးရိမ်နေမိသည်။ အခုလောလောဆယ် ကုနင်း၏နောက်ခံကိုလဲ သူမမသိသေးတာကြောင့် ကုနင်း ကျန်းမိသားစုကို အပြစ်ပြုမိကာ မကောင်းသည့်အရာများဖြစ်လာမည်ကိုလဲ စိုးရိမ်မိသည်။
မန်နေဂျာတင်း ကြောက်ရွံ့နေသည်ကို မြင်ရတော့ ကျန်းကတော် အလွန်ကျေနပ်လို့သွားတော့သည်။ “မိန်းကလေး၊ မင်းအခုပဲ လက်လျှော့လိုက်တာပိုကောင်းမယ်၊ ဒီလိုဆို ငါတို့လဲ မင်းရဲ့အပြုအမူကို ခွင့်လွှတ်ပေးမှာပါ။” ကျန်းကတော်က ကုနင်းဘက်သို့လှည့်ကာ ဆက်ပြောလိုက်သည်။
“အိုး၊ တကယ်လား?” ကုနင်း ပြန်သာမေးလိုက်သော်လည်း ကြောက်ရွံ့နေပုံတော့ အလျဉ်းမရှိပေ။ “ကျွန်မဘက်က ဒီလောက်နဲ့များလက်မလျှော့ရင် ရှင်တို့ဘာများလုပ်မလဲ သိချင်လိုက်တာ။”
ထိုစကားကြောင့် အစကကျေနပ်နေကြသည့် ကျန်းကတော်ရော ကျန်းမမလေးပါ ချက်ချင်းဒေါသထွက်သွားကြတော့သည်။
“မင်းကများ ကျန်းမိသားစုကို ဆန့်ကျင်ရဲတယ်ပေါ့!” ကျန်းကတော်၏အသံက ကျယ်လောင်လို့လာသည်။
“ကျွန်မက ရှင်တို့ကျန်းမိသားစုကို ဆန့်ကျင်နေတာမဟုတ်ဘဲ ရှင်တို့ကသာ ကျွန်မကို ဆန့်ကျင်နေတာလေ။ ဘာလဲ? ကျန်းမိသားစုဆိုတာနဲ့ သူတစ်ပါးရဲ့ပစ္စည်းကို လုယူပိုင်ခွင့်ရှိနေမယ်လို့တော့ ကျွန်မမထင်ဘူး။”
“မင်း….” ကုနင်းက ကျန်းမိသားစုကို လုံးဝကြောက်ပုံမရတာကြောင့် ကျန်းကတော် အလွန်အံ့ဩသွားရသည်။ အရှက်ခွဲခံလိုက်ရသလိုခံစားလိုက်ရတာကြောင့် သူမပိုလို့ပင် ဒေါသထွက်လာတော့သည်။ “မင်းဘာသာမင်း လက်လျှော့ချင်ချင်၊ မလျှော့ချင်ချင် ရွေးချယ်ခွင့်မရှိဘူး!”
ကုနင်း နှာမှုတ်လိုက်ပေမည့် ဘာမှထပ်မပြောဘဲ စာချုပ်တွင်သာ သူမနာမည်ကို ရေးထိုးလိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ကျန်းမမလေးက ချက်ချင်းပင် ပြေးဝင်ကာ စာချုပ်ကိုလုလိုက်သည်။ ဒါပေါ့၊ စာချုပ်ရဲ့အနားစလေးကိုတော့ သူမ,မထိနိုင်ခဲ့ပါဘူး။
“ငါဒီစာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ။ ပါတီအေဘက်ကနေပြီး စာချုပ်ကို ချိုးဖောက်ခဲ့မယ်ဆိုရင် သေချာပေါက် လျော်ကြေးပြန်ပေးရမယ်။” ကုနင်းဝံ့ကြွားစွာပြုံးလိုက်ရင်း သူမလက်ထဲမှ စာချုပ်ကို လှုပ်ရမ်းပြလိုက်သည်။
“မင်း….” ကျန်းကတော်ရော ကျန်းမမလေးပါ အလွန်ဒေါသထွက်သွားကြတော့သည်။
“မန်နေဂျာတင်း၊ ငါ့ကို စာချုပ်ပေးစမ်း၊ ဒါကိုဖြဲပစ်ပြီး ငါတို့သီးသန့်အသစ်ပြန်ချုပ်ကြတာပေါ့။” ကျန်းကတော်က အမိန့်ပေးလိုက်သည်။
ကုနင်းဘက်က စာချုပ်တွင် လက်မှတ်ထိုးနှင့်ပြီးပြီဖြစ်သော်လည်း ပါတီအေဘက်က စာချုပ်ဖျက်သိမ်းခွင့်ရှိထားစဲဖြစ်ကာ စာချုပ်အတွက် နစ်နာကြေးလောက်သာ ပေးလိုက်ဖို့ လိုအပ်ပေသည်။
စာချုပ်တွင် ကုနင်းတောင် လက်မှတ်ထိုးပြီးနေပြီဖြစ်မှတော့ မန်နေဂျာတင်းကလဲ လက်ရှိအခြေအနေအတိုင်းကိုပဲ လက်ခံကာ ကျန်းကတော်၏အမိန့်ကို ငြင်းဆန်လိုက်တော့သည်။
“ကျန်းကတော်၊ ကျွန်မ,မလုပ်ပေးနိုင်လောက်ဘူး။ ရှင်သာ ကျွန်မတို့ကို ဆက်ပြီး ဖိအားပေးနေဦးမယ်ဆိုရင် ကျွန်မအခုပဲ ရဲကိုခေါ်လိုက်တော့မယ်။”
“နင်တို့….” မန်နေဂျာတင်းက သူမကိုပင် ပြန်ပြီးခြိမ်းခြောက်လာတာကြောင့် ကျန်းကတော် တခဏမျှထိတ်လန့်သွားရသည်။
“ရဲခေါ်မယ်တဲ့လား?” ကျန်းကတော် အေးစက်စွာ ပြန်မေးလိုက်သည်။ “ရဲတွေက နင့်ကိုကူညီနိုင်မယ်လို့ ထင်နေတာလား? အိပ်မက်ပဲမက်နေလိုက်! မန်နေဂျာတင်းက ငါတို့ကို မကြောက်ဘူးဆိုရင်တောင်၊ မင်းရဲ့သူဌေးကရော? မင်းရဲ့သူဌေးဘယ်မှာလဲ? ငါသူနဲလူချင်းတွေ့ပြီး ပြောချင်တယ်။ သူကတော့ ငါတို့ကို ဆန့်ကျင်ရဲလိမ့်မယ်လို့ မထင်ဘူး။”
“စိတ်မကောင်းပါဘူး။ ကျွန်မတို့သူဌေးက အခုနိုင်ငံရပ်ခြားရောက်နေလို့ လောလောဆယ် ကျန်းကတော်ကို လာမတွေ့နိုင်သေးပါဘူး။ ဆိုင်ကိစ္စအားလုံးကို လက်ရှိကျွန်မပဲ အားလုံးတာဝန်ယူထားရတာပါ၊ ကျန်းကတော်။” မန်နေဂျာတင်း စိတ်ကိုအတည်ငြိမ်ဆုံးထားကာ ပြောလိုက်ပေမည့် တကယ်တမ်း သူမကိုယ်တိုင်တောင် ယုံကြည်ချက်သိပ်ရှိမနေပေ။
“ကျန်းကတော်၊ မမလေးကျန်း၊ ကျွန်မရဲ့သည်းခံနိုင်စွမ်းတွေ မကုန်ဆုံးသေးခင် ရှင်တို့ထွက်သွားတာကောင်းမယ်၊ မဟုတ်ရင် အကျိုးဆက်ကို ရှင်တို့ခံနိုင်မှာမဟုတ်ဘူး။” ကုနင်း ကျန်းမိသားစုဝင်နှစ်ဦးကို သတိပေးလိုက်သည်။ သူတို့သာ ထွက်သွားသည်ဖြစ်စေ၊ မထွက်သွားသည်ဖြစ်စေ ထိုနှစ်ဦးကို သေချာပေါက် ပညာပြဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ဒီလိုမျိုးရိုင်းစိုင်းတဲ့လူမျိုးတွေအတွက် ကိုယ့်ဘက်ကလဲ ပြန်ယဉ်ကျေးပေးနေစရာမလိုအပ်ပေ။
ကုနင်း၏သတိပေးစကားက ကျန်းကတော်နှင့်ကျန်းမမလေးတို့အတွက်တော့ ဟာသတစ်ခုလိုသာဖြစ်နေသည်။
“နင်ကများ ဘာလုပ်ရဲမှာတဲ့လဲ!” ကျန်းမမလေးကချက်ချင်းပင် ကုနင်းထံသို့ ပြေးဝင်ကာ လက်ကိုမြှောက်လိုက်ပြီး ကုနင်းကိုပါးရိုက်ဟန်ပြင်လိုက်သည်။ သို့သော်လည်း ကုနင်းကို ရိုက်နိုင်ဖို့ကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူမလက်ကိုမြှောက်လိုက်ရုံရှိသေး ကုနင်း၏ဖမ်းဆုပ်ခြင်းကိုခံရကာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အရိုးအက်သံက တစ်ဆက်တည်း ထွက်ပေါ်လို့လာသည်။
“အား!!” ယခုလို နာကျင်မှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့သော ကျန်းမမလေးမှာ ချက်ချင်းပင် နာနာကျင်ကျင်အော်ဟစ်မိသွားတော့သည်။
ထိုမြင်ကွင်းကြောင့် အနားရှိလူတိုင်း ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။ လူတစ်ယောက်၏လက်ကောက်ဝတ်ကို ဒီလိုမျိုးစက္ကန့်ပိုင်းလေးနဲ့ လွယ်လွယ်လေးချိုးနိုင်တယ်လား။
မကြာလိုက်ပါပဲ ကုနင်း၏မိသားစုနောက်ခံသည် ကျန်းမိသားစုထက် ပို၍ အာဏာရှိကြောင်း မန်နေဂျာတင်း သိရှိသွားတော့သည်။ မဟုတ်ရင် ကျန်းမမလေး၏လက်ကောက်ဝတ်ကို ကုနင်း ဘယ်ချိုးရဲပါ့မလဲ။ အာဏာပိုရှိတာသာမဟုတ်ရင် ကုနင်းက လုံးဝကို လောကကြီးအကြောင်း မသိနားမလည်သည့် မိန်းကလေးသာဖြစ်ပေလိမ့်မည်။ သို့ပေမည့် ကုနင်း၏ပုံစံမှာ အလွန်ရင့်ကျက်လှသည့်မိန်းမပျိုတစ်ယောက်ပုံဖြစ်တာကြောင့် လောကကြီးအကြောင်း နားမလည်တာတော့ မဖြစ်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးတာလဲ ဖြစ်ပြီးနှင့်ပြီဆိုမှတော့ ကုနင်း၏မိသားစုနောက်ခံက ကျန်းမိသားစုထက် ပို၍အာဏာရှိနေဖို့သာ မန်နေဂျာတင်း မျှော်လင့်မိတော့သည်။ ဒီလိုမှသာ သူမရော အလှပြင်ဆိုင်ပါ ဘေးကင်ပေလိမ့်မည်။
“ဝမ်မေ့!” ကျန်းကတော် ထိတ်လန့်သွားတော့သည်။
ကုနင်း ကျန်းဝမ်မေ့လက်ကို လွှတ်ပေးလိုက်သည်နှင့် ကျန်းကတော်က ချက်ချင်းပင် သူမသမီးအနားသို့ပြေးသွားကာ တွဲပေးလိုက်သည်။
“အမေ၊ လက်ကအရမ်းနာတာပဲ!” ကျန်းမမလေးမှာ သေလောက်သည့်ဒဏ်ရာရနေသလို ငိုကြွေးနေတော့သည်။
ကျန်းအိမ်တော်၏မမလေးဖြစ်သည့် ကျန်းဝမ်မေ့ကို ထိခိုက်အောင် လုပ်ရဲသူတစ်ခါမှမရှိခဲ့ဖူးတာကြောင့် ယခုအကြိမ်က သူမဘဝတွင် အနာကျင်ရဆုံးအခိုက်အတန့်ဖြစ်နေခဲ့သည်။
“ခွေးမလေး! နင်ကများ ငါ့သမီးကို နာအောင်လုပ်ရဲတယ်ပေါ့! နင့်ကိုသတ်ပစ်မယ်!” ကျန်းကတော်မှာ တွေးတောဆင်ခြင်နိုင်စွမ်းများပျောက်ကွယ်လို့သွားကာ ကုနင်းကို အော်ဟစ်ရင်း တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ကုနင်းသည်တော့ အထင်အမြင်သေးစွာနှင့် နှာတစ်ချက်ရှုံ့လိုက်ကာ ဘေးသို့အနည်းငယ်သာ ရွှေ့လိုက်ပြီး ကျန်းကတော်ကို ခြေထိုးခံလိုက်ပေသည်။ ကျန်းကတော်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ဆိုဖာဘက်သို့ပြုတ်ကျသွားတော့သည်။ ဆိုဖာပေါ်သို့ပြုတ်ကျသည်မှာမှန်သော်လည်း ဆိုဖာထောင့်စွန့်နှင့် ဆောင့်မိတာကြောင့် ကျန်းကတော်လဲ နာနာကျင်ကျင် အော်ညည်းမိသွားရပြန်သည်။
***
အခန်း ၇၇၃ ကုနင်း၏ပရိသတ်
“အမေ့!!” ကျန်းဝမ်မေ့ကြောက်လန့်ကာ သူမအမေနားသို့ အမြန်သွားလိုက်သည်။ သို့ပေမည့် သူမလက်ကောက်ဝတ်ကလဲ ထိခိုက်ထားတာကြောင့် သူမအမေကို ဘယ်လက်ဖြင့်သာ ကူထိန်းပေးထားနိုင်မည်ဖြစ်သော်လည်း ထိုသို့ထိန်းပေးနိုင်ဖို့အထိလဲ သူမကလုံလောက်အောင် သန်မာမှုမရှိပေ။
ကျန်းဝမ်မေ့ ကူကယ်ရာမဲ့နေကာ ချက်ချင်းပင် မန်နေဂျာတင်းကို လှမ်းကြည့်လိုက်ပြီး၊ “နင်ဘာကြည့်နေတာလဲ? ငါ့အမေကိုလာကူပေးလေ! လူနာတင်ယာဉ်နဲ့ရဲကိုလဲ ချက်ချင်းလှမ်းခေါ်လိုက်။ ဒီလူသတ်သမားကို ဖမ်းရအောင်!”
မန်နေဂျာတင်းက အရင်ဆုံး ကုနင်းဘက်ကို လှမ်းကြည့်လိုက်သည်။ ကုနင်းကလဲ စိတ်အေးလက်အေးရှိနေစဲပင်။ “ကျွန်မကို မစိုးရိမ်ပါနဲ့။ ရဲခေါ်လိုက်ပါ။”
မန်နေဂျာတင်းသည် ကုနင်းဘက်က ရပ်တည်သူဖြစ်သော်လည်း ကျန်းကတော်ရော ကျန်းမမလေးပါ ထိခိုက်သွားတာကတော့ ကောင်းသည့်ကိစ္စမဟုတ်ပေ။
ကျန်းဝမ်မေ့က ကုနင်းကို စိုက်ကြည့်လိုက်ကာ၊ “နင့်ကို သေချာပေါက် ထောင်ထဲအရောက်ပို့ပစ်မယ်!” သူမ၏ပြောဆိုပုံက အကျဉ်းထောင်စနစ်ကို သူမတို့ကျန်းမိသားစုကပဲ ထိန်းချုပ်ထားသလို ထင်ရပေသည်။
“နင်နဲ့နင့်အမေက ငါ့ကိုအရင်စပြီးတိုက်ခိုက်တာလေ။ နင်တို့ဘက်ကသာ မစရင် ဒီလိုထိခိုက်ကြမှာမဟုတ်ဘူး။ ငါက ငါ့ကိုယ်ငါကာကွယ်လိုက်ရုံတင်ပဲ။”
ကုနင်းကတော့ သူမဘာအမှားမှမလုပ်ခဲ့ဟု ယုံကြည်ချက်ရှိနေတာကြောင့် ရဲခေါ်လိုက်လဲ နည်းနည်းလေးမှ မစိုးရိမ်ပေ။
“အဲ့တော့ ဘာဖြစ်လဲ? ရဲတွေကရော နင့်ဘက်မှာ ရပ်တည်ပြီး ကူညီကြမလား ကြည့်ရသေးတာပေါ့!” ကျန်းဝမ်မေ့မှာ ယခုလိုအခြေအနေအထိ သူမမာနကို မလျှော့သွားသေးပေ။
ကုနင်း၏မိသားစုသာ ကျန်းမိသားစုထက် အာဏာနည်းပါက ယနေ့ ပြဿနာအကြီးကြီးတက်သွားမည်ဖြစ်ပေမည့် မဟုတ်သည်က ခက်လှသည်။
ကုနင်း အချိန်ကုန်ခံကာ ကျန်းဝမ်မေ့နှင့် စကားနိုင်လုမနေဘဲ မန်နေဂျာတင်းဘက်သို့လှည့်လိုက်ကာ စာချုပ်ကို ကမ်းပေးလိုက်သည်။ “စာချုပ်မှာ ငါလက်မှတ်ထိုးပြီးသွားပြီ၊ နောက်ကျန်တဲ့ ဥပဒေပိုင်းကိစ္စတွေကိုတော့ နောက်မှအပြီးသတ်ကြတာပေါ့။”
“ကောင်းပါပြီ။” မန်နေဂျာတင်းက စာချုပ်ကို လှမ်းယူလိုက်သော်လည်း ရဲများရောက်လာပြီးနောက် သူမတို့ ထွက်သွားနိုင်မည်လားကိုတော့ မသေချာပေ။ ကုနင်းကိုသာ ယုံကြည်လိုက်ဖို့ သူမရွေးချယ်နှင့်ပြီးပြီဖြစ်သော်လည်း ပြဿနာအဆုံးထိ မဖြေရှင်းမပြီးမချင်း သူမစိုးရိမ်နေမိစဲပင်။
ကုနင်းသည် အကူအညီတောင်းဖို့ရန်အတွက် ဖုန်းခေါ်ဆိုနေခြင်းမျိုးမရှိဘဲ စိတ်အေးသက်သာစွာဖြင့်ပင် ဆိုဖာထက်တွင်ထိုင်ကာ ရဲများရောက်အလာကို စောင့်နေခဲ့သည်။
ကျန်းကတော်သည်တော့ ခပ်ပြင်းပြင်းဆောင့်မိသွားသည်ဖြစ်၍ ချက်ချင်းကြီး ပြန်မလှုပ်ရှားနိုင်ခဲ့ပေ။
“နင်-နင် ဒီနေ့လုပ်လိုက်တဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်!” ကျန်းကတော်က ကုနင်းကို စိုက်ကြည့်ရင်း မနည်းအားတင်းကာ ဝါကျတစ်ကြောင်းကို ဆုံးအောင် ပြောလိုက်သည်။
“ငါက ဒီမှာပဲရှိနေတယ်လေ၊ ရှင်တို့က ဘာများလုပ်နိုင်မှာတဲ့လဲ?” ကုနင်း အရေးမစိုက်ဟန်ဖြင့် ဆိုဖာထက်တွင် ခြေချိတ်၍တောင် ထိုင်ကာ ပြောလိုက်သေးသည်။
“ကြည့်နေလိုက်!” ကျန်းဝမ်မေ့ကလဲ ခြိမ်းခြောက်လိုက်ပြန်သည်။
“ဟ-ဟ-ဟ!” ကျန်းဝမ်မေ့၏ ခြိမ်းခြောက်သံကိုပါ ကြားလိုက်ရတော့ ကုနင်း မအောင့်အီးနိုင်ပဲ အသံထွက်ရယ်မိသွားတော့သည်။ “မမလေးကျန်း၊ မင်းက ငါ့ကိုခြိမ်းခြောက်တာကလွဲပြီး ဘာများလုပ်နိုင်သေးတုန်း?”
“နင်…” ကျန်းဝမ်မေ့ အလွန်ဒေါသထွက်သွားပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။
မကြာခင်တွင်ပဲ ရဲသားသုံးဦးရောက်ရှိလို့လာခဲ့သည်။
“ဘယ်သူရဲကို အကြောင်းကြားတာလဲ?” ဦးဆောင်လာသည့် ရဲသားက မေးလိုက်သည်။
“ကျွန်မခေါ်လိုက်တာပါ။” မန်နေဂျာတင်းက ရှေ့ထွက်လို့လာသည်။
ရဲဘက်က နောက်ထပ်အမေးစကားများ မပြောရသေးခင်တွင်ပဲ ကျန်းဝမ်မေ့က ကြားဖြတ်ကာ၊ “ဟိုင်း၊ ငါက ဟဲထျန်းလုပ်ငန်းစု ဥက္ကဌရဲ့သမီး ကျန်းဝမ်မေ့ပဲ၊ ဒီမိန်းကလေးက…” ကျန်းဝမ်မေ့က ပြောရင်းဖြင့် ကုနင်းကို လက်ညှိုးထိုးပြလိုက်ကာ၊ “ငါ့လက်ကောက်ဝတ်ကို ချိုးပြီး ငါ့အမေကိုလဲ လဲကျအောင်လုပ်သေးတယ်။ အခု ငါ့အမေက လှုပ်တောင် မလှုပ်နိုင်တော့ဘူး၊ ဒါကြောင့် ရှင်တို့ သူ့ကို သေချာအပြစ်ပေး,ပေးဖို့ မျှော်လင့်တယ်။”
ရဲသားသုံးဦးမှာ သူတို့ကို အမိန့်ပေးသလိုပြောဆိုနေသည်အား ဘဝင်မကျလှသော်လည်း ဟဲထျန်းမိသားစုနှင့်ကျန်းမိသားစုကိုတော့ ကြောက်ရပေသည်။
ထိုခံစားချက်တွေက ကျန်းဝမ်မေ့ ညွှန်ပြကာ တိုင်တန်းနေသည့် ကုနင်းဘက်ကို ကြည့်မိလိုက်ချိန်တွင် ပျောက်ဆုံးလို့သွားသည့်အပြင် သူတို့သုံးဦးသား၏မျက်လုံးများပင် တောက်ပလို့လာပြီး ကုနင်းအနားသို့ အလျင်အမြန်ပြေးသွားလိုက်ကြတော့သည်။
ကျန်းဝမ်မေ့ကတော့ ရဲများ ကုနင်းကို ဖမ်းဖို့ရန်သွားသည်ဟု ထင်လိုက်မိပေမည့် နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူမထိတ်လန့်လို့သွားတော့သည်။
“ဟိုင်း၊ မင်း-မင်းက ကုနတ်ဘုရားမလား?” ရဲတစ်ယောက်က အရင်ဆုံးစမေးမြန်းလိုက်သည်။ တကယ်တမ်းတော့ ထိုမေးခွန်းအတွက် အဖြေကိုတော့ သူသိထားပြီးသားပင်။
“ဟုတ်ပါတယ်၊ ကျွန်မပါ၊ တွေ့ရတာဝမ်းသာပါတယ်။” ကုနင်းပြုံးကာ ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်စကားဆိုလိုက်သည်။ သူမကို ထိုသူများမှတ်မိနေသည့်အတွက်လဲ မအံ့ဩမိပေ။
ကုနင်း၏အတည်ပြုချက်ကြောင့် ရဲသုံးယောက်လုံး ပိုလို့ပင် စိတ်စိတ်လှုပ်ရှားသွားကြတော့သည်။
“ကုနတ်ဘုရားမ၊ တွေ့ရတာ အရမ်းဝမ်းသာလိုက်တာ! ငါက မင်းရဲ့အမာခံပရိသတ်ပါ၊ မင်းအကြောင်း သတင်းတွေနဲ့ ဗီဒီယိုမှန်သမျှလဲကြည့်ဖူးတယ်! မင်းကအရမ်းအံ့ဩဖို့ကောင်းတာပဲ။”
“ဟုတ်တယ်! ငါတို့တင်မကဘူး ငါတို့စခန်းက လုပ်ဖော်ကိုင်ဖက်တွေလဲ မင်းရဲ့ပရိသတ်တွေချည်းပဲ!”
“မင်းက ငါတို့စိတ်ထဲမှာတော့ ကွန်ဖူးဆရာကြီးပဲ!”
……….
ရဲများ၏စိတ်လှုပ်တရှားပြောဆိုနေမှုများကြောင့် အနားရှိလူတိုင်း နားမလည်နိုင်ဖြစ်နေကြသည်။
“ဟေ့၊ ဘာတွေဖြစ်နေတာလဲ? ငါတို့ ရဲခေါ်တယ်ဆိုတာ သူ့ကိုဖမ်းဖို့လေ၊ သူ့ကိုလေးစားပြနေဖို့ မဟုတ်ဘူး!” ကျန်းဝမ်မေ့ ဒေါသများပေါက်ကွဲလုမတတ်ပင်။ သူမအမြင်တွင်တော့ ကုနင်းသည် ဘာကုနတ်ဘုရားမမှမဟုတ်ဘဲ မကောင်းဆိုးဝါးမသာဖြစ်သည်။
ကျန်းဝမ်မေ့ အလွန်ဒေါသထွက်နေတာကြောင့် ရဲသုံးဦး ကုနင်းကို ဘာကြောင့် လေးစားနေရလဲဆိုသည့် အချက်ကို မတွေးနိုင်လိုက်ခြင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပဲ ယခင်လို မောက်မောက်မာမာဆက်ပြောနေခြင်းဖြစ်ပေမည်။
ထိုအခါ ရဲသုံးယောက်က ကျန်းဝမ်မေ့ဘက်ကို ပြန်လှည့်ကြည့်လာပေမည့် ရုတ်တရက်ပဲ သူတို့၏ပုံစံမှာ အလွန်လေးနက်သွားကြသည်။
“အိုး၊ ဒီတော့ သူကဘာလုပ်ခဲ့လို့လဲ?” ရဲတစ်ယောက်က အေးစက်လှသောအသံဖြင့် ပြန်မေးလာသည်။
အစောပိုင်းက ပြောခဲ့သည့် ကျန်းဝမ်မေ့၏တိုင်ချက်ကို လုံးဝမေ့သွားပြီမှန်း သိသာလှကာ သူ၏အပြုအမူကလဲ ကုနင်းကို ပြောဆိုဆက်ဆံတုန်းကဖြင့် လွန်စွာကွဲပြားသွားခဲ့သည်။
“နင်တို့…” ကျန်းဝမ်မေ့ ထပ်ပြီး ဒေါသထွက်ရပြန်သည်။ သူတို့က သူမပြောသမျှကို လုံးဝအာရုံမထားကြဘူးပဲ!
ကျန်းဝမ်မေ့ သည်းခံနိုင်စွမ်းများပျောက်ဆုံးလာနေပေမည့် တိုင်ချက်ကို ထပ်ပြောပြလိုက်စဲပင်။ “သူက ငါ့လက်ကောက်ဝတ်ကို ချိုးပြီး ငါ့အမေကို လဲကျအောင် လုပ်ခဲ့တယ်။ အခုဆို ငါ့အမေက မတ်တပ်တောင် ပြန်မရပ်နိုင်တော့ဘူး။ ဒီတော့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေး,ပေးကြ။”
“ငါ့အထင်တော့ မင်းဘက်ကအရင် သူ့ကို အမှားတစ်စုံတစ်ရာလုပ်ခဲ့တာပဲဖြစ်မယ်။” နောက်ရဲတစ်ဦးက သေချာနေဟန်ဖြင့် ပြန်ပြောလိုက်သည်။ သူက အသေးစိတ်အဖြစ်အပျက်ကိုပင် မေးဖို့စိတ်ကူးမရှိဘဲ ကုနင်းကိုသာ ယုံကြည်လိုက်သည်။
ရဲတစ်ယောက်အနေနှင့်တော့ ထိုအပြုအမူမှာ မမှန်ကန်လှသော်လည်း သူက ကုနင်း၏အမာခံပရိသတ်ဖြစ်နေသည်မဟုတ်လား!
***
အခန်း ၇၇၄ ကျန်းမိသားစုလား? ဂရုကိုမစိုက်ဘူး
ပရိသတ်ဖြစ်ရုံကြောင့်တင်မကဘဲ ကုနင်းသည် သူမ၏ကြင်နာမှုနှင့် အကူအညီပေးတတ်မှုကြောင့် လူသိများလာခြင်းဖြစ်၍ သူမ၏ပရိသတ်တွေက ဘယ်လိုလုပ်များ သူမကို ပြဿနာရှာတတ်သူဟု ထင်ကြပါ့မလဲ။
“နင်တို့….” ကျန်းဝမ်မေ့တစ်ယောက် ရဲများက ဖြစ်စဉ်အသေးစိတ်ကိုပင် မေးမြန်းခြင်းမရှိဘဲ ကုနင်းကိုသာ ယုံကြည်ပေးနေတာကြောင့် အလွန်အံ့အားသင့်နေရတော့သည်။ “သူက ငါတို့ဆိုင်ကို ခိုးသွားတာ၊ ငါတို့က အေးအေးဆေးဆေးပြန်ပေးလိုက်ဖို့ပြောတာကို သူကငြင်းတဲ့အပြင် ငါတို့ကိုတောင် ထိခိုက်အောင် လုပ်သွားသေးတယ်လေ!”
“တကယ်လား? ဒီဆိုင်က တကယ်ပဲခင်ဗျားတို့ဆိုင်လား?” ရဲက ပြန်မေးလိုက်သည်။ အသံအအနေအထားကတော့ ကျန်းဝမ်မေ့စကားကို မယုံကြည်မှန်း သိသာလှသည်။
“မဟုတ်သေးဘူးပေါ့၊ ဒါပေမယ့်….” ကျန်းဝမ်မေ့ ရှင်းပြဖို့လုပ်လိုက်ပေမည့် ရဲက သူမစကားကို ဖြတ်ပြောလိုက်ပြန်သည်။ “ဒီဆိုင်က ခင်ဗျားတို့ဆိုင်မဟုတ်မှတော့ သူက ခင်ဗျားတို့ဆီက ခိုးယူတယ်လို့ ဘယ်ပြောလို့ရတော့မလဲ။”
ကျန်းဝမ်မေ့ ဆွံ့အလို့သွားတော့သည်။
ထိုအချင်းအရာကြောင့် ကျန်းကတော်လဲ သူမသမီးကို ကူညီရန် စကားဝင်ပြောရတော့သည်။ “ဒီဆိုင်က ငှားဖို့တင်ထားတဲ့ဆိုင်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ငါတို့ငှားပါမယ်လို့ ကတိပေးထားပြီးပြီ။ ဒီနေ့ ငါတို့ဆိုင်စာချုပ်,ချုပ်ဖို့လဲ လာရော သူက ငါတို့ထက်ဦးပြီး လက်မှတ်ထိုးသွားတာ၊”
ဒီဆိုင်ကို သူတို့ငှားဖို့ပြောဆိုထားခြင်းက အမှန်တရားဆိုသော်လည်း နောက်ဆုံးအတည်တကျဆုံးဖြတ်ချက်ကိုတော့ မထားခဲ့တာကြောင့် ဆိုင်ပိုင်ရှင်အနေနှင့် အခြားဘယ်သူ့ကိုမဆို ငှားလိုက်နိုင်ပေသည်။
“ခင်ဗျားက ဒီဆိုင်ကို ငှားချင်တယ်လို့ ပြောခဲ့တယ်နော်၊ ဒါဆို ဘာလို့ စာချုပ်ကျတော့ မချုပ်ခဲ့တာလဲ?” ရဲဘက်က ပြန်မေးလိုက်သည်။ ကုနင်းလက်ထဲတွင် စာချုပ်ရှိနေသည်ကို သူမြင်ထားတာကြောင့် ကုနင်းက ထိုအမျိုးသမီးနှစ်ဦးထက်အရင် စာချုပ်,ချုပ်လိုက်သည်ဟု အဓိပ္ပါယ်ရပေသည်။
ကျန်းကတော်လဲ ဘာပြန်ပြောလို့ ပြောရမှန်း မသိဖြစ်သွားတော့သည်။
“ဘယ်လိုအရောင်းအဝယ်မျိုးပဲဖြစ်ပါစေ ဥပဒေကြောင်းအရ တရားဝင်ဖြစ်အောင် ခင်ဗျားတို့ဘက်က အရင်ဆုံး ငွေချေပြီး စာချုပ်,ချုပ်ထားရမယ်။ ဒါတောင် မသိထားဘူးလား?”
ရဲ၏တုံ့ပြန်စကားကြောင့် ကျန်းကတော်မှာ ဒေါသတကြီး စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်တွင်ပဲ လူနာတင်ယာဉ်ရောက်လာခဲ့ပေမည့် ကျန်းကတော်နှင့် မမလေးကျန်းတို့ကတော့ မထွက်သွားချင်သေးဘဲ ကုနင်းကိုဖမ်းကာ ထောင်ချပစ်ဖို့ရန်သာ ရဲများကို အမိန့်ဆန်ဆန်ပြောကြနေသည်။ ဒါတင်မကသေး ထိုရဲသုံးဦးသာ သူမတို့အမိန့်ကို မလိုက်နာပါက အလုပ်ထုတ်ခံရအောင်ပင် လုပ်မည့်အကြောင်း ခြိမ်းခြောက်နေသေးသည်။
ကျန်းမိသားစု၏အရှိန်အဝါကို ရဲသုံးဦးကြောက်ရွံ့မိကြပေမည့် ကုနင်းကို ကာကွယ်ပေးဖို့ရန်သာ ရွေးချယ်နေကြစဲပင်။ “ဒါက ခင်ဗျားတို့ဘက်ကအမှားပဲလေ၊ ခင်ဗျားတို့စလို့ ခံရတာပဲ။” ရဲသုံးယောက်သည် ကျန်းကတော်နှင့် ကျန်းမမလေး၏ ခြိမ်းခြောက်မိန့်ကို မနာခံသည့်အပြင် သူမတို့ကိုပြန်ပြီးတောင်မှ သတိပေးလိုက်ကြသည်။
“ကောင်းတယ်၊ အရမ်းကိုကောင်းတယ်၊ ငါတို့ကျန်းမိသားစုက ဒီကိစ္စအတွက် မင်းတို့ကိုလဲ လုံးဝအလွတ်ပေးမှာမဟုတ်ဘူး!” ကျန်းဝမ်မေ့က ထိုစကားကိုပဲ ထပ်ခါထပ်ခါ ခြိမ်းခြောက်ပြောဆိုနေတာကြောင့် ကုနင်းနှင့်အခြားလူများမှာ ကြားရပါများကာ နားရည်ပင်ဝလုနေပေပြီ။
ရဲသုံးဦး၏ သူမကိုကာကွယ်ပေးမှုကြောင့် ကုနင်းဝမ်းမြောက်နေမိသည်။ သူတို့ သူမကိုကာကွယ်ပေးခြင်းမှာ သူမ၏ကြွယ်ဝချမ်းသာမှုကြောင့်မဟုတ်ဘဲ သူမကို လေးစားသဘောကျခြင်းကြောင့်သာဖြစ်သည်။ ဒါကြောင့်ပဲ သူမအတွက်နှင့် သူတို့အလုပ်များကို မဆုံးရှုံးစေလိုပေ။
“ကျန်းမိသားစုက ဥပဒေကိုတော့ ဆန့်ကျင်နိုင်မှာမဟုတ်ဘူး။ နင်တို့ကြောင့်နဲ့ သူတို့ အလုပ်ပြုတ်နိုင်စရာအကြောင်း မရှိဘူး။ မဟုတ်လဲ ငါက သူတို့ကိုပိုကောင်းတဲ့ အလုပ်တစ်ခုပေးထားနိုင်တယ်။ နင်တို့ကျန်းမိသားစုကို ဂရုစိုက်မနေဘူး။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ လတ်တလော အခြေအနေကြောင့် ကြွားဝါပြောဆိုခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ကို သူမတွင်လုပ်နိုင်သည့် အရည်အချင်းရှိတာကြောင့်ဖြစ်သည်။
ကုနင်း၏စကားကြောင့် ရဲသုံးဦးမှာ အလွန်ဝမ်းသာပျော်ရွှင်လို့သွားတော့သည်။ အထူးသဖြင့် ကုနင်းပြောလိုက်သည့် ကျန်းမိသားစုကို အရေးမစိုက်ဘူးဆိုသည့်စကားက သူမကို ပိုလို့ပင် လေးစားသွားမိစေသည်။
ကုနင်း၏အဆက်အသွယ်များနှင့်ဆိုလျှင် ကျန်းမိသားစု၏အာဏာမှာ သူမကိုဘယ်လိုမှ မယှဉ်ပြိုင်နိုင်ပေ။
အခုမှပဲ ကုနင်း၏မိသားစုသည် ကျန်းမိသားစုထက် ပိုလို့အာဏာရှိကြောင်း မန်နေဂျာတင်းလဲ သေချာသွားရသည်။
ကျန်းကတော်နှင့်ကျန်းဝမ်မေ့တို့လဲ ကြောက်လန့်လာမိပေပြီ။ ကုနင်းသည် သူတို့မိသားစု ရန်သွားစ၍မရနိုင်သည့် သူများဖြစ်နေမလားလို့ မတွေးမိဘဲ မနေနိုင်တော့ပေ။
ကျန်းကတော်နှင့်ကျန်းမမလေးတို့ အတွေးမဆုံးနိုင်သေးခင်တွင်ပဲ ဆရာဝန်များစွာက သူတို့ကို ဆွဲခေါ်သွားကြတော့သည်။
ကျန်းကတော်နှင့်ကျန်းမမလေးတို့ ထွက်သွားသည်နှင့် ကုနင်းက ရဲသုံးဦးဘက်သို့လှည့်ကာ၊ “နင်တို့ နာမည်က ဘယ်လိုခေါ်လဲ?”
ကုနင်းက နာမည်ကိုပင် မေးလာတာကြောင့် ရဲသုံးဦး အလွန်ဂုဏ်ယူနေတော့သည်။
“မင်္ဂလာပါ၊ ကုနတ်ဘုရားမ၊ ငါ့နာမည်က ထုံချောင်ပါ။”
“ငါကတော့ ဝူရွှမ်ကျဲ့။”
“ငါ့နာမည်က ဟူယိမင်၊”
“ကောင်းပြီ၊ ထုံချောင်၊ ဝူရွှမ်ကျဲ့၊ ဟူယိမင်၊ စိုးရိမ်စရာမလိုဘူး။ မင်းတို့ အဆင်ပြေစေရမယ်လို့ ငါကတိပေးတယ်။”
ကုနင်း၏ ကတိစကားကြောင့် ရဲသုံးဦး စိတ်အေးသွားတော့သည်။
“ကုနတ်ဘုရားမ၊ ငါတို့အလုပ်ပြုတ်သွားလဲ ဂရုမစိုက်ပါဘူး။” ထုံချောင်က ပြန်ပြောလိုက်သည်။ ကုနင်းကို ကာကွယ်ပေးဖို့လမ်းကို သူတို့ကိုယ်တိုင် ရွေးလိုက်ပြီးမှတော့ နောင်တရစရာအကြောင်းမရှိပေ။
“ဟုတ်တယ်၊ ငါတို့မကြောက်ဘူး။ ငါတို့လုပ်လိုက်တာ မှားနေတာမှမဟုတ်ဘဲ။ အကုန် သူတို့အမှားပဲလေ၊ သူတို့ကိုသာ ဥပဒေအရအပြစ်ပေးသင့်တာ။ ငါတို့ခေါင်းဆောင်က သူတို့ရဲ့အာဏာနဲ့ ကြွယ်ဝမှုကြောင့် ငါတို့ကို အလုပ်ဖြုတ်ပစ်မယ်ဆိုရင် ငါတို့အတွက် ဒီအလုပ်က ဆက်လုပ်နေလဲ အဓိပ္ပါယ်မှမရှိတော့ဘူး။” ဟူယိမင်ကလဲ ထောက်ခံလိုက်သည်။
“အမှန်ပဲ! ငါတို့က ရဲအရာရှိဖြစ်နေမှတော့ ဥပဒေမဲ့လုပ်ရဲကို မလုပ်ချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ငါတို့ မင်းအတွက်တောင် အလုပ်,လုပ်ပေးနိုင်တယ်၊ ကုနတ်ဘုရားမ။” ဝူရွှမ်ကျဲ့က ဝင်ရောက်နောက်ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ ထိုသို့ဖြစ်လာဖို့မျှော်လင့်မိနေသေးသည်။
အခြားလူများ၏အမြင်တွင်တော့ သူတို့၏လုပ်သည် သေရာပါဂုဏ်ရှိမည့်အလုပ်ဖြစ်တာကြောင့် အဓိပ္ပါယ်မရှိသည့် ဆုံးဖြတ်ချက်ဟုတွေးမိကာ နှမြောနေပေလိမ့်မည်။ သို့သော်လည်း လူအမျိုးအမျိုးအတွက် သူတို့ကိုယ်ပိုင်တန်ဖိုးထားသည့် အမြင်များကလဲ မတူညီတာကြောင့် သူတို့အနေနှင့် ပိုကောင်းသည့် အလုပ်သစ်တစ်ခုကို လုပ်ရလို့လဲ မဆိုးလှပေ။ ဒါ့အပြင် သူတို့လေးစားရသူအတွက် အလုပ်လုပ်ပေးရဖို့ဆိုပါက ပိုလို့တောင် လုပ်ချင်ပေးချင်ပေသည်။
“ငါတို့ အားလုံးကိုတော့ သိတတ်ကျွမ်းမယ်လို့ ကတိမပေးနိုင်ပေမယ့် ငါတို့ လေ့လာသင်ယူနိုင်တယ်!” ထုံချောင်က ထပ်ပေါင်းပြောလိုက်ပြန်သည်။
“ကုနတ်ဘုရားမ၊ ငါတို့မင်းအတွက် အလုပ်,လုပ်ပေးဖို့ နောက်ထပ် အသစ်သစ်သော ပညာတွေ သင်ယူချင်ပါတယ်!” ဝူရွှမ်ကျဲ့ကလဲ အပြုံးကြီးကြီးပြုံးကာ ဝင်ရောက်ထောက်ခံပြန်သည်။
***
အခန်း ၇၇၅ ကုနင်း၏အာဏာလွှမ်းမိုးနိုင်မှု
ဆိုင်ထဲရှိ အခြားလူများသည် ရဲသုံးဦး၏စကားများနှင့် ကုနင်းကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကြောင့် အလွန်အံ့အားသင့်နေကြသည်။ သူတို့ ဘယ်လိုလုပ်များ ကုနတ်ဘုရားမဆိုသူရဲ့ အမာခံပရိသတ်တွေ ဖြစ်လာကြတာလဲ? ဘယ်လိုအကြောင်းကြောင့်နဲ့များ သူမအတွက်နဲ့ အလုပ်ပြုတ်ခံနိုင်ပြီး သူမအတွက်တောင် အလုပ်,လုပ်ပေးလိုနေကြတာလဲ?
ဘာပဲဖြစ်ဖြစ် ဒီရဲသားသုံးယောက်သည် ဖြောင့်မတ်သူများဖြစ်နေပေသည်။ ပြဿနာအစအဆုံးက ကျန်းကတော်နဲ့ကျန်းမမလေးတို့ရဲ့ အမှားတွေပဲမဟုတ်လား။
ရဲသုံးယောက်က အမှန်တကယ်ကို ရိုးရိုးသားသားနှင့် ပြောဆိုနေခြင်းဖြစ်ကြောင်း ကုနင်းနားလည်တာကြောင့် သူတို့ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးလိုက်ချင်သည်။ “ကောင်းပြီလေ၊ တစ်နေ့နေ့၊ မင်းတို့ အလုပ်ပြုတ်သွားတာ၊ ဒါမှမဟုတ် အလုပ်သစ်ပြောင်းချင်တဲ့အချိန်ကျရင် ကျွန်မကို ဆက်သွယ်လိုက်ပါ။ ငါ့ကုမ္ပဏီမှာ ပိုကောင်းတဲ့လစာနဲ့ မင်းတို့ကို ခန့်ထားပေးမယ်လို့ ကတိပေးတယ်။ ”
အလုပ်ပြုတ်သွားနိုင်တာတောင်မှ သူတို့က သူမကို ကာကွယ်ပေးနေကြမှတော့ သူမဘက်ကလဲ သူတို့ကို သေချာပြန်ဆက်ဆံသင့်သည်။ ရဲသားများဖြစ်တာကြောင့် သေချာပေါက် လူယုံများဖြစ်လာနိုင်ပေသည်။ ချက်ချင်းကြီးတော့ သူတို့လဲ အဆင့်မြင့်အရာရှိကြီးများဖြစ်မလာနိုင်သေးပေမည့် အလယ်အလတ်အဆင့် အရာရှိများတော့ဖြစ်လာနိုင်ကာ သူတို့မှာ စွမ်းရည်သူပြည့်ဝလျှင် အဆင့်မြင့်အရာရှိဖြစ်လာဖို့လဲ အချိန်တစ်ခုသာ လိုအပ်ပေသည်။
ထို့နောက် ကုနင်း သူမ၏နာမည်ကဒ်ကို ရဲသုံးဦးအားပေးလိုက်သည်။
ရဲသုံးဦးမှာ အစက ကြောင်အနေကြရမှ အလွန်ပျော်ရွှင်လို့သွားကြတော့သည်။
ကုနင်း စိတ်ပြောင်းသွားမည်စိုး၍ မြန်မြန်ဆန်ဆန်ပဲ နာမည်ကဒ်ကို လက်ခံလိုက်ကြသည်။
“ကောင်းလိုက်တာ!”
“ကျေးဇူးတင်ပါတယ်၊ ကုနတ်ဘုရားမ!”
“ငါတို့ ထပ်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။”
ကုနင်းလဲ ပြုံးလိုက်ကာ၊ “နောက်မှ ထပ်တွေ့ကြတာပေါ့။”
“ကောင်းပါပြီ!” ရဲသုံးယောက်မှာ နှုတ်ခမ်းစွန်းများ နားရွက်တက်ချိတ်တော့မတတ် ပြုံးရယ်နေမိကြသည်။
သူတို့မှာ လုပ်စရာအလုပ်ရှားပါးနေတာကြောင့်မဟုတ်ဘဲ ကုနင်းနှင့်အလုပ်တွဲလုပ်ချင်ရုံသာဖြစ်သည်။
မကြာခင်တွင်ပဲ ရဲများပြန်လည်ထွက်ခွာသွားခဲ့သည်။
“မန်နေဂျာတင်း၊ ကျန်တဲ့စာရွက်စာတမ်းကိစ္စ အပြီးသတ်ကြရအောင်!” ထိတ်လန့်တုန်လှုပ်နေစဲဖြစ်သည့် မန်နေဂျာတင်းကို ကုနင်း စကားစပြောလိုက်သည်။
“အိုး၊ ဟုတ်တာပေါ့!” ကုနင်း၏အသံကြားကာမှ မန်နေဂျာတင်း အသိပြန်ကပ်သွားကာ ကုနင်းနှင့်အတူ အပြင်လိုက်ထွက်သွားတော့သည်။
သူမတို့အပြင်ထွက်သွားသည်နှင့် အလှပြင်ဆိုင်ထဲမှ ဝန်ထမ်းများ စတင်ဆူပူလာကြတော့သည်။
“အဲ့ဒီမိန်းကလေးက ဘယ်သူလဲ? သူက ကျန်းမိသားစုကို လုံးဝတောင် ဂရုမစိုက်ဘူးပဲ!”
“ရဲတွေကလဲ သူ့ကို ကုနတ်ဘုရားမလို့ခေါ်ကြသေးတယ်၊ သူမအတွက်နဲ့ အလုပ်တောင်မှ အပြုတ်ခံနိုင်နေကြတယ်နော်။”
“ငါတော့ သူဘယ်သူလဲ အရမ်းသိချင်နေပြီ!”
“အလှပြင်ဆိုင်ကို သူလက်လွှဲယူလိုက်ပြီဆိုတော့ ငါတို့ဆက်လုပ်လို့ရပါဦးမလား?”
“မသိဘူးလေ။”
“ငါတော့ ဆက်လုပ်ချင်သေးတယ်၊ အဲ့ဒီမိန်းကလေးကုက သာမာန်တော့မဟုတ်လောက်ဘူး။”
“သူက အောင်မြင်မယ်လို့ ယုံကြည်ချက်အရမ်းရှိနေပုံပဲ။”
ဝန်ထမ်းအများစုက ကုနင်းကို အကောင်းမြင်နေကြပေမည့် ကုနင်းကို မနာလိုဝန်တိုကာ သဘောမကျသည့် အလှဖန်တီးရှင်တစ်ဦးလဲ ရှိနေသေးသည်။
“ ‘ကုနတ်ဘုရားမ’ဆိုတဲ့ နာမည်ကို ငါအရင်ကကြားဖူးသလိုပဲ၊ မမှတ်မိတော့ဘူး။” ဝန်ထမ်းမိန်းကလေးတစ်ဦးက ဝင်ပြောလိုက်တာကြောင့် အားလုံး၏အကြည့်က သူမဆီသို့ဦးတည်သွားတော့သည်။
“တကယ်လား? နင် သူ့နာမည်ကိုကြားဖူးတယ်ပေါ့?”
လူတိုင်း သိလိုစိတ်ပြင်းပြနေကြသည်။
“သူက အနုပညာရှင်ရော နာမည်ကြီးရောမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာလဲ သူ့သတင်းမတွေ့ဖူးဘူး။ နင်က ဘယ်လိုများ အဲ့နာမည်ကို ကြားဖူးသွားရတာလဲ?” အလှဖန်တီးရှင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ သူမကတော့ ကုနင်းကို နတ်ဘုရားမတစ်ပါးလို့မမြင်ဘဲ သာမာန်လှပသည့်မိန်းမငယ်လေးတစ်ဦးလို့သာ မြင်ပေသည်။
သို့ပေမည့် သူမ ပြောလိုက်သည့် ‘အင်တာနက်’ဆိုသည့် စကားလုံးက ဝန်ထမ်းမိန်းကလေးကို ပြန်အမှတ်ရသွားစေသည်။ “အိုး၊ ဟုတ်သားပဲ၊ ငါသူ့နာမည်ကို အင်တာနက်ပေါ်ကနေ ဖတ်မိဖူးတာ!”
ပြောရင်းဆိုရင် သူမဖုန်းကိုထုတ်ကာ ကုနင်း၏နာမည်ကို ရိုက်နှိပ်ရှာဖွေလိုက်သည်။
“မဖြစ်နိုင်တာ!”
အခြားလူများလဲ အံ့ဩသွားကြကာ ကုနင်းကို အနုပညာရှင်တစ်ယောက်များဖြစ်နေမလားဟု ခန့်မှန်းလာကြသည်။ ချက်ချင်းမဆိုင်းပင် သူတို့လဲ သူတို့ဖုန်းများကို ထုတ်ယူကာ ကုနတ်ဘုရားမအကြောင်း ရှာဖွေကြတော့သည်။
တစ်မိနစ်နေသည်နှင့် ကုနတ်ဘုရားမနှင့် သက်ဆိုင်သည့် သတင်းမြောက်များစွာကို သူတို့ရှာတွေ့သွားကြသည်။
အင်တာနက်ပေါ်မှ ကုနင်း၏ဓါတ်ပုံကို သူတို့မြင်လိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားကြရသည်။ “ဘုရားရေ၊ အဲ့မိန်းကလေးက တကယ်ကြီး ကုနတ်ဘုရားမပဲ!”
ကုနင်းအကြောင်း သတင်းများစွာကို ဖတ်ပြီးနောက် အလွန်ထိတ်လန့်သွားကြတော့သည်။
“ရဲတွေ ကုနင်းကို ဒီလောက်လေးစားနေတာ မအံ့ဩတော့ပါဘူး။ ငါတောင် သူ့ပရိသတ်ဖြစ်သွားပြီ။”
“ဟုတ်သားပဲ! သူက လူအများကြီးရဲ့ အသက်တွေကို ကယ်တင်ခဲ့တာ။”
“အိုး၊ သူက JadeBeautyလက်ဝတ်ရတနာဆိုရဲ့ ပိုင်ရှင်လဲဖြစ်သေးတယ်!”
“အဲ့ဆိုင်က လက်ရှိ အကျော်ကြားဆုံးလက်ဝတ်ရတနာဆိုင်တွေထဲက မဟုတ်လား!”
“အား! ငါဘာလို့များ သူ့ဓါတ်ပုံကို မရိုက်လိုက်မိတာပါလိမ့်!”
…………
ကုနင်းက ကုနတ်ဘုရားမဖြစ်ကြောင်း သိလိုက်ရတာကြောင့် ဝန်ထမ်းများ အလွန်စိတ်လှုပ်ရှားသွားကြသလို ကုနင်းကို မနာလိုဖြစ်ခဲ့သည့် အလှဖန်တီးရှင်သည်လဲ သူမကိုယ်သူမ ရှက်မိသွားတော့သည်။
မကြာခင်တွင်ပဲ မန်နေဂျာတင်း ပြန်ရောက်လာကာ အလှပြင်ဆိုင်တွင် ပစ္စည်းအသစ်များဖြင့် ပြန်လည်ပြင်ဆင်မည့်အကြောင်း ပြောကြားခဲ့သည်။ ဝန်ထမ်းများအနေဖြင့်လဲ သူတို့စိတ်သဘောအတိုင်း အလုပ်ဆက်လုပ်ချင်လုပ် မလုပ်ချင်လဲ ထွက်နိုင်ပေသည်။
ထိုစကားကြောင့် ဝန်ထမ်းအားလုံးက သူတို့ဆက်ချင်ကြောင်း ပြန်ပြောခဲ့ကြသည်။
မန်နေဂျာတင်းသည်တော့ အကြောင်းအရင်း မသိသေးတာကြောင့် ဝန်ထမ်းများ၏ စိတ်လှုပ်ရှားနေမှုကို မြင်ရ၍ အံ့ဩနေရသည်။ အလုပ်သစ်ရှာဖို့က မလွယ်ကူတာကြောင့် သူတို့အနေနှင့် အလုပ်မထွက်လိုခြင်းဖြစ်ကြောင်းကိုတော့ နားလည်ပေမည့် ဘာကြောင့် ဒီလောက်ထိ စိတ်အားထက်သန်နေကြရလဲကိုတော့ သူမနားမလည်နိုင်ပေ။
ဒါကြောင့် မန်နေဂျာတင်းက ဝန်ထမ်းများကို အကြောင်းအရင်အားမေးရတော့သည်။
“ကုနတ်ဘုရားမအတွက်ဆိုမှတော့ အရမ်းအလုပ်လုပ်ပေးချင်တာပေါ့!”
“ကုနတ်ဘုရားမသာဆို ဆိုင်ကို အကောင်းဆုံးလည်ပတ်အောင် လုပ်နိုင်မှာ!”
“ဟုတ်တယ်! သူသာဘော့စ်ဆို ကျွန်မတို့ဘဝတွေလဲ ပိုကောင်းမွန်လာလိမ့်မယ်!”
……….
အချိန်တိုလေးအတွင်းမှာပဲ အားလုံး၏ ကုနင်းကို ခေါ်ဆိုပုံက ပြောင်းလဲနေကြပြီဖြစ်တာကြောင့် သူတို့နှလုံးသားထဲကပင် ကုနင်းကို လေးစားနေကြပြီဖြစ်ကြောင်း သိသာလှသည်။
မန်နေဂျာတင်းသည်တော့ နားမလည်နိုင်ဖြစ်နေရစဲပင်။ “သူ့ကို ဘာလို့ ကုနတ်ဘုရားမလို့ ခေါ်နေကြတာလဲ?”
“ဒါကို ကြည့်လိုက်။” အလှဖန်တီးရှင်တစ်ဦးက သူမဖုန်းကို မန်နေဂျာတင်းအား ပြလိုက်သည်။
သတင်းများကို ဖတ်ပြီးနောက် မန်နေဂျာတင်းလဲ အံ့ဩသွားရသည်။ သူမရဲ့ ဘော့စ်အသစ်က ဒီလိုမယုံနိုင်စရာကောင်းလောက်သည့်လူဖြစ်မယ်လို့ မထင်ထားမိပေ။
ဖန်ရှန်းဈေးဝယ်စင်တာထဲတွင် JadeBeautyကို မကြားဖူးသူမရှိတော့သလို ထိုအမှတ်တံဆိပ်က အလွန်အောင်မြင်မှန်းလဲ မန်နေဂျာတင်း သိပေသည်။
သတင်းများဖတ်ကြည့်ပြီးနောက် သူမ၏အနာဂါတ်အခြေအနေအတွက် ပိုလို့ပင် ယုံကြည်ချက်ရှိသွားတော့သည်။