← Chapters

အခန်း (၇၇၆-၇၈၀)

Vol. 52 Ch. 776-780

အခန်း (၇၇၆-၇၈၀)

Vol. 52 Ch. 776-780

အခန်း ၇၇၆ ကျန်းဝမ်ဟောက်

ကုနင်းအကြောင်း သိရှိပြီးသည့်နောက်တွင်တော့ မန်နေဂျာတင်းလဲ သူမအလုပ်နှင့်သူမပြန်ရှုပ်နေရပေပြီ။

အလှပြင်ဆိုင်သည် အမြတ်အစွန်းမရရှိသော်လည်း သူတို့တွင် ဗီအိုင်ပီအဖွဲ့ဝင်များရှိနေသေးပေသည်။ ထိုသို့သာမရှိနေလျှင် ဟိုးယခင်အချိန်ကတည်းက ဆိုင်ကို ပိတ်လိုက်ရပြီးနှင့်လောက်ပြီ။

ထို့ကြောင့် ဆိုင်လက်လွှဲယူခြင်းပြီးဆုံးသည့်နောက် သူမအနေနှင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ ဆိုင်၏ဗီအိုင်ပီအဖွဲ့ဝင်များထံသို့ ဖုန်းဆက်ကာ ဆိုင်ပိုင်ရှင်အသစ်ပြောင်းသွားသည့်အကြောင်း သတင်းလှမ်းပေးရပေမည်။ ဒါ့အပြင် ဆိုင်ကိုပုံမှန်အတိုင်းပြန်မဖွင့်ခင် တစ်ပတ်လောက် ဆိုင်အတွင်းပိုင်းကို ပြန်လည်ပြင်ဆင်ကာ အလှကုန်ပစ္စည်းအသစ်ကိုလဲ ပြန်လည်ဖြည့်သွင်းရဦးမည်။ အဖွဲ့ဝင်များအနေဖြင့် ပြန်ဖွင့်မည့်နေ့တွင် အလှကုန်အသစ်ကို စမ်းသုံးကြည့်နိုင်ကာ အာနိသင်မရှိဟုထင်ပါက သူတို့၏အဖွဲ့ဝင်ကြေးများကို ပြန်လည်ထုတ်ယူနိုင်ပေမည်။

အလှဖန်တီးရှင်များကတော့ ဤပုံစံအတိုင်း ပစ္စည်းကိုကြော်ငြာရုံနိုင်ဖို့ ယုံကြည်ချက်မရှိလှပေ။ ကုနင်းဆိုလျှင် အဆင့်မြင့်အလှကုန်ပ္စည်းများကိုသာ သုံးမည်မှန်း သူတို့သိကြသော်လည်း ထိုပစ္စည်းများက သုံးလိုက်လျှင် သုံးလိုက်ချင်း ဘယ်လောက်ကောင်းကြောင်း တန်းသိရမည်ဟုတော့ သူတို့ကိုယ်တိုင်လဲ မယုံကြည်ပေ။

ကုနင်းသည် လုံးဝကိုသာမာန်သူဌေးများနှင့် လုပ်ပုံကိုင်ပုံကအစ ကွာခြားလွန်းလှသည်။

ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ကုနင်း၏အစီအစဉ်ကိုသာ ယုံကြည်လိုက်ဖို့ ရွေးချယ်ကြကာ စိတ်လက်တက်ကြွစွာဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

အလှကုန်ပ္စည်းအသစ်၏အာနိသင်က ထိရောက်ပါက အလှပြင်ဆိုင်သည်လဲ မကြာခင်အချိန်အတွင်း အောင်မြင်လာပေမည်။

ဗီအိုင်ပီအဖွဲ့ဝင်တော်တော်များများက ဆိုင်အပေါ် စိတ်ပျက်နေကြပြီဆိုလျှင်တောင်မှ အသစ်ပြောင်းလဲသည့်သတင်းကြောင့် စမ်းကြည့်ဖို့တော့ စိတ်ဝင်စားနေကြသေးသည်။ တစ်ကြိမ်လောက် စမ်းသပ်အသုံးပြုကြည့်လိုက်လို့လဲ ထိခိုက်သွားနိုင်တာမှမဟုတ်ဘဲ။ တကယ်လို့ အာနိသင်ထိရောက်မှုမရှိပါက သူတို့၏အဖွဲ့ဝင်ကြေးကိုလဲ ပြန်လည်ထုတ်ယူနိုင်သေးသည်ပင်!

ဗီအိုင်ပီအဖွဲ့ဝင်အများစုက ဆိုင်မှာ ဘယ်အလှကုန်ပစ္စည်းတံဆိပ်ကို ပြောင်းလဲအသုံးပြုမည်လဲဆိုသည်ကို အလှဖန်တီးရှင်များအားမေးမြန်းခဲ့ကြကာ အလှဖန်တီးရှင်များဘက်က ခိုကျီအမှတ်တံဆိပ်ကို သုံးမည့်အကြောင်း ပြန်လည်ဖြေကြားကြသည်။

တကယ်တော့ အလှဖန်တီးရှင်များကိုယ်တိုင်ပင်လျှင် ခိုကျီအမှတ်တံဆိပ်ကို တစ်ခါမျှမကြားဖူးကြသေးပေ။ မန်နေဂျာတင်းပင်လျှင် ထိုအမှတ်တံဆိပ်မှာ အသစ်ပေါ်လာခြင်းဖြစ်ကြောင်းလောက်ကိုသာ အနည်းအကျဉ်းသိထားပေသည်။

အမှတ်တံဆိပ်အသစ်ဖြစ်နေခြင်းအပေါ်ကို မန်နေဂျာတင်း မယုံကြည်သော်လည်း ကုနင်းကိုတော့ အပြည့်အဝယုံကြည်ပေသည်။

တကယ်တမ်း ခိုကျီသည် မြို့တော်တွင် အလွန်နာမည်ကြီးနေပြီဖြစ်သော်လည်း Bမြို့တွင်တော့ ကြားဖူးသူများများစားစားမရှိသေးပေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဗီအိုင်ပီအဖွဲ့ဝင်များထဲမှ သုံးဦးသည် ခိုကျီအမှတ်တံဆိပ်အကြောင်း ကြားဖူးနေကြသည်။ ထိုထဲမှနှစ်ယောက်ဆိုလျှင် သုံးပင်သုံးဖူးကာ ကျန်တစ်ယောက်ကတော့ မသုံးဖူးသေးတာကြောင့် အလှပြင်ဆိုင်က အသုံးပြုမည့် အလှကုန်အမှတ်တံဆိပ်အသစ်က ခိုကျီဖြစ်ကြောင်း သိလိုက်ရချိန်တွင် အလွန်စိတ်လှုပ်ရှားသွားတော့သည်။

“ဘာ? တကယ်ပဲ ခိုကျီလား? မြို့တော်ရဲ့ ကိုလိန်းကုမ္ပဏီက ထုတ်တဲ့အသားအရေထိန်းအလှကုန်ပ္စည်းပေါ့?” ထိုအမျိုးသမီးက ခိုကျီအကြောင်းကြားလိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။

ဗီအိုင်ပီအဖွဲ့ဝင်၏ ထူးခြားသည့်တုံ့ပြန်ပုံကြောင့် သူမကို ဖုန်းဆက်သည့် အလှဖန်တီးရှင်ပင်လျှင် အံ့ဩသွားရသည်။ ဒီဗီအိုင်ပီအဖွဲ့ဝင်က ခိုကျီအကြောင်း သိနေတာ သိသာလှသလို အရမ်းလဲ သဘောကျနေပုံပင်။ ခိုကျီက အရမ်းကောင်းတဲ့အမှတ်တံဆိပ်များလား?

“ဟုတ်ပါတယ်၊ မြို့တော် ကိုလိန်းကုမ္ပဏီက ထုတ်လုပ်တဲ့ ခိုကျီအမှတ်တံဆိပ်ပါ။” အလှဖန်တီးသူက အတည်ပြုဖြေကြားပေးလိုက်သည်။

“ကောင်းလိုက်တာ! ခိုကျီက တံဆိပ်အသစ်ဆိုပေမည့် အရမ်းအစွမ်းထက်တာ။ ငါ့ရဲ့မြို့တော်က သူငယ်ချင်းကတောင် ငါ့အတွက် တစ်စုံဝယ်ပို့လိုက်သေးတယ်၊ အဲ့ဒါသုံးပြီး ငါ့အသားအရေလဲ ပိုကောင်းလာတယ်။ Bမြို့မှာ ဘယ်တော့များမှ ခိုကျီဆိုင်ခွဲဖွင့်မလဲတောင် တွေးနေမိတာ။ မင်းတို့ကတောင် ပြောင်းသုံးတော့မယ်ပေါ့!” ဖုန်းတစ်ဖက်မှ အမျိုးသမီး၏အသံမှာ အလွန်ဝမ်းသာနေဟန်ပေါ်ပေသည်။

ခိုကျီက တကယ်ကိုအံ့ဩစရာကောင်းလောက်အောင် အာနိသင်ရှိတာများလား?

ထိုအမျိုးသမီးကပဲ ဆက်ပြီး၊ “အမှန်အတိုင်းပြောရရင်၊ ခိုကျီကိုသုံးမိပြီးကတည်းက မင်းတို့ဆိုင်ရဲ့ ဝန်ဆောင်မှုကို ဆက်မသုံးတော့ဖို့ စိတ်ကူးထားတာ။ မင်းတို့ဆိုင်မှာလဲ အခု ခိုကျီပဲသုံးတော့မယ်ဆိုမှတော့ နောက်ဆိုခနခနလာတော့မယ်!”

ထိုဝန်ခံစားက အလှဖန်တီးရှင်ကိုပင် ရယ်မိသွားရစေသည်။

ထိုရယ်စရာဖြစ်ရပ်မှန်လေးကို သူမလုပ်ဖောက်ကိုင်ဖက်များအား ပြန်ပြောင်းပြောပြချိန်တွင် လုပ်ဖောက်ကိုင်ဖက်များလဲ အံ့ဩသွားကြရကာ ချက်ချင်းပင် ခိုကျီနှင့်ပတ်သတ်သမျှကို ရှာဖွေကြတော့သည်။

………

ဆေးရုံသို့ရောက်ပြီးသည်နှင့် ကျန်းဝမ်မေ့၏လက်ကောက်ဝတ်မှာ ပုံမှန်အနေအထားအတိုင်းပြန်ဖြစ်သွားခဲ့ပေမည့် နာလွန်းလို့ လှုပ်လို့ပင်မရသေးပေ။ ကျန်းကတော်၏ဒဏ်ရာကတော့ ပြင်းထန်တာကြောင့် ရက်ပိုင်းလောက် ဆေးရုံဆက်တက်ရပေဦးမည်။

သူမတို့ ဆေးရုံသို့သွားနေကတည်းက မိသားစုထံ ဖုန်းဆက်အကြောင်းကြားထားပြီးဖြစ်သည်။ ကျန်းဝမ်မေ့၏ဖခင် ကျန်းလီလင်းသည်တော့ အစည်းအဝေးခန်းထဲရောက်နေတာကြောင့် သူမအစ်ကို ကျန်းဝမ်ဟောက်သာ ရောက်လာခဲ့သည်။

ကျန်းဝမ်ဟောက်ပေါ်လာသည်နှင့် ကျန်းဝမ်မေ့တစ်ယောက် သူမအစ်ကိုရင်ခွင်ထဲ မျက်ရည်လည်ရွဲဖြင့် တိုးဝင်လိုက်ကာ၊ “ဝမ်ဟောက်၊ ငါနဲ့အမေ့အတွက် လက်စားပြန်ချေပေးရမယ်နော်!”

ထို့နောက် ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်ပြောပြလိုက်သည်။

ဆေးရုံသို့လာနေစဉ်းအတွင်းက ကျန်းဝမ်ဟောက်ကို အသေးစိတ်အကြောင်းအရာများအား မပြောပြဖြစ်ခဲ့သလို ကျန်းဝမ်ဟောက်ကလဲ ဆေးရုံသို့လိုက်လာဖို့ အလျင်လိုနေတာကြောင့် မမေးခဲ့ပေ။

အသေးစိတ်အဖြစ်အပျက်များကို နားထောင်ပြီးသည်နှင့် ကျန်းဝမ်ဟောက် ဒေါသထွက်သွားတော့သည်။ “ဘာ? မင်းက ကျန်းမိသားစုဝင်မှန်း သိပြီးတာတောင် သူက လက်ပါရဲတယ်ပေါ့? မစိုးရိမ်နဲ့။ မင်းနဲ့အမေ့အတွက် ငါလက်စားချေပေးမယ်။”

ကျန်းဝမ်ဟောက်၊ ကျန်းကတော်နှင့် ကျန်းဝမ်မေ့တို့၏ စရိုက်မှာ ဆင်တူလှကာ အားလုံး တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်သာအကောင်းဆုံးဟု မှတ်ယူထားသူများဖြစ်ပေမည့် မိသားစုဝင်များနှင့်ပတ်သတ်လာလျှင်တော့ အချင်းချင်းအကာအကွယ်ပေးလွန်းပေသည်။ ကျန်းကတော်သည် ကျန်းဝမ်ဟောက်၏မိထွေးဖြစ်သော်လည်း သူမက ကျန်းဝမ်ဟောက်ကို အကောင်းဆုံးပျိုးထောင်ဂရုစိုက်ပေးခဲ့တာကြောင့် ကျန်းဝမ်ဟောက်ကလဲ သူမကို အမေအရင်းပမာ သဘောထားပေသည်။

ကျန်းဝမ်မေ့သည်တော့ ကျန်းဝမ်ဟောက်၏အလိုက်လိုက်လွန်ခြင်းကြောင့် ပျက်စီးနေခြင်းလဲဖြစ်သည်။

ကျန်းဝမ်ဟောက် ကတိစကားပြောပြီးသည်နှင့် ချက်ချင်းပင် သူ့မိတ်ဆွေဖြစ်သည့် ဂိုဏ်းတစ်ဂိုဏ်းမှအဖွဲ့ဝင်တစ်ဦးထံ ဖုန်းခေါ်ကာ အလှပြင်ဆိုင်ကို သွားရောက်ဖျက်ဆီးပေးရန် ပြောလိုက်သည်။ သူက ကုနင်း၏နောက်ခံအကြောင်းကိုလဲ စုံစမ်းဖို့ စိတ်ကူးမရှိနေပေ။ သူ့စိတ်ထဲတွင်တော့ သူသည် ကျန်းမိသားစု၏တစ်ဦးတည်းသောသားဖြစ်ကာ သူဘယ်လောက် အရေးပါအရာရောက်မှန်း လူတိုင်း၏သိထားသင့်သည်ဟုပင် တွေးထင်နေသည်။

ထို့နောက် ပြည့်သူ့လုံခြုံရေးဗျူရိုမှ နယ်မြေခေါင်းဆောင်တစ်ယောက်ဖြစ်သော နောက်မိတ်ဆွေတစ်ဦးထံ ဖုန်းခေါ်ပြန်ကာ ရဲသုံးဦးအား အလုပ်ထုတ်ပေးရန် ပြောလိုက်သည်။

ကျန်းဝမ်ဟောက်၏မိတ်ဆွေကလဲ သာသာယာယာပင် သဘောတူလိုက်ကာ တစ်မိနစ်အတွင်းမှာပင် ဖြေရှင်းပြီးသားဖြစ်စေရမည်ဟုတောင် ကတိပေးသွားသေးသည်။

သို့သော်လည်း သူတို့မသိလိုက်သည်က သူတို့ထက်အရင် ကုနင်းက ထန်ယွင်ဖန်းကို ဖုန်းဆက်ပြီးနှင့်ပြီကိုပင်။ သူမက ယနေ့ဈေးဝယ်စင်တာတွင် ဖြစ်ပျက်သွားသည့်ကိစ္စကို ထန်ယွင်ဖန်းအား ပြောပြကာ ရဲသုံးဦး အလှထုတ်မခံရစေရန် ကာကွယ်ပေးစေလိုကြောင်း ပြောခဲ့သည်။

ကျန်းမိသားစုက လွယ်လွယ်နှင့်လက်လျှော့သွားမည်မဟုတ်မှန်း ကုနင်းသိတာကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။

ကုနင်းသည် ထန်ယွင်ဖန်းထံမှ အကူအညီတောင်းခဲတာကြောင့် ထန်ယွင်ဖန်းလောက် သူမကိုကူညီပေးချင်လွန်းနေမည့်လူမရှိလောက်တော့ပေ။

***

အခန်း ၇၇၇ ကျန်းမိသားစု၏လက်စားချေမှု

ပြည်သူ့လုံခြုံရေးဗျူရိုမှဒါရိုက်တာသည် ထန်ယွင်ဟန်၏ နိုင်ငံရေးလောကမှ အဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့် ထန်ယွင်ဟန် စကားတစ်ခွန်းပြောလိုက်ရုံနှင့် လိုလိုလားလားကူညီပေးမည်က ပြောနေစရာပင်မလိုပေ။ ဒါ့အပြင် ယခုကိစ္စသည် ရဲသုံးဦးဘက်မှ အမှားလဲမဟုတ်တာကြောင့် ဘက်လိုက်သည်ဟုလဲ ပြော၍မရပေ။

ထုံချောင်တို့သုံးဦးသား တာဝန်ထမ်းဆောင်ရသည့် စခန်း၏ခေါင်းဆောင်ဖြစ်သည့် လျှိုကောရှန်းမှာ ရုတ်တရက်ဆိုသလို သူ့ထံသို့ ပြည်သူ့လုံခြုံရေးဗျူရို၏ဒါရိုက်တာက ဖုန်းဆက်လာတာကြောင့် ထိတ်လန့်လို့သွားရသည်။

ဒါတင်မကသေး ပြည်သူ့လုံခြုံရေးဗျူရို၏ဒါရိုက်တာ ကိုယ်တိုင်က ထုံချောင်၊ ဝူရွှမ်ကျဲ့နှင့် ဟူယိမင်တို့လို အငယ်တန်းရဲအရာရှိလေးများအတွက်ကြောင့်နှင့် ဖုန်းခေါ်လာခြင်းဖြစ်မှန်း သိလိုက်ရချိန်၌ ပိုလို့ပင် အံ့အားသင့်သွားတော့သည်။

ဒါရိုက်တာကိုယ်တိုင်က သူတို့သုံးဦးကို အလုပ်မထုတ်လိုက်ဖို့ အမိန့်ပေးလာမှတော့ လျှိုကောရှန်းအနေနှင့်လဲ အမိန့်ကို မနာခံဘဲ မနေရဲပေ။

ဒါရိုက်တာနှင့် ဖုန်းပြောပြီးသည်နှင့် ထုံချောင်တို့ ဒီနေ့ဘာတွေများလုပ်ခဲ့ကြသလဲဆိုသည်ကို မေးရန်အတွက် လျှိုကောရှန်း အခေါ်လွှတ်ရတော့သည်။ သူတို့ တစ်ခုခုလုပ်ခဲ့တာကြောင့်သာ ဒါရိုက်တာကိုယ်တိုင် သူ့တို့အလုပ်ကိုကာကွယ်ပေးဖို့ ဆက်သွယ်ခြင်းပဲဖြစ်ပေမည်။

ထုံချောင်တို့သုံးဦးသားသည်တော့ ကျန်းမိသားစုက သူတို့ကို အပြစ်ပေးလိုခြင်းကြောင့် ခေါ်ခြင်းဟု ထင်မိလိုက်ပေမည့် မကြောက်မရွံ့ဘဲ ယနေ့ဖြစ်ပျက်ခဲ့သမျှကို သူတို့ခေါင်းဆောင်အား ပြောပြပေသည်။

ရဲသားလေးသုံးဦး၏ဖြေရှင်းချက်ကို လျှိုကောရှန်းတစ်ယောက် ခေါင်းတညိတ်ညိတ်နှင့် နားထောင်ပေးနေခဲ့သည်။

ကုနင်းက သူတို့ကိုကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့သော်လည်း လျှိုကောရှန်းကတော့ ကုနင်း၏နာမည်ကို အသေအချာကြားလိုက်သည်။ သူကိုယ်တိုင်လဲ ကုနင်းကို လေးစားသူတစ်ယောက်ဖြစ်တာကြောင့် မကြာလိုက်ဘဲ ရဲသားသုံးဦး၏အလုပ်တည်မြဲအောင် ကူညီပေးသူမှာ ကုနင်းဖြစ်ကြောင်း နားလည်သွားသည်။

ကုနင်းတွင် အဆက်အသွယ်ကောင်းများရှိကြောင်း လျှိုကောရှန်း သိထားပေမည့် ဒါရိုက်တာကိုယ်တိုင်ကိုပင် ဖုန်းဆက်စေနိုင်သည်အထိ အားကြီးကြောင်း သိလိုက်ရချိန်တွင် မအံ့ဩမိဘဲ မနေနိုင်ပေ။

“ခေါင်းဆောင်၊ ကျန်းမိသားစုမျက်နှာကြောင့် ကျွန်တော်တို့ကို အလုပ်ဖြုတ်ချင်တယ်ဆိုလဲ ရပါတယ်၊ ကျွန်တော်တို့ လက်ခံနိုင်တယ်။” ထုံချောင်က စပြောလိုက်သည်။

“ဟုတ်တယ်၊ ကုနတ်ဘုရားမက ကျွန်တော်တို့ကို ပိုကောင်းတဲ့အလုပ်တစ်ခုပေးမယ်လို့ ကတိပေးထားပြီးပြီ။” ဟူယိမင်ကလဲ ဝင်ထောက်ခံလိုက်သည်။

ဝူရွှမ်ကျဲ့ပါ ဝင်ပြောမည့်အချိန်တွင်တော့ လျှိုကောရှန်းက ကြားဖြတ်လိုက်ကာ၊ “မင်းတို့ကို အလုပ်ထုတ်မယ်လို့ ဘယ်သူကပြောနေလို့လဲ?”

“အမ်၊ ကျွန်တော်တို့ကို အလုပ်ထုတ်မှာမဟုတ်ဘူးလား?” ထုံချောင်တို့သုံးဦး အံ့ဩသွားကြရသည်။

“အခုပဲ ဒါရိုက်တာက ဖုန်းဆက်ပြီး မင်းတို့ကို အလုပ်မထုတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ်။”

ထို့အပြင် ကုနတ်ဘုရားမက သူတို့ကို ပိုကောင်းသည့်အလုပ်တောင် ခန့်ပေးမည်ဟု ကတိပေးထားသည့်အကြောင်းကို လျှိုကောရှန်း ကြားလိုက်ရတာကြောင့် သူတို့နှင့်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ထိန်းသိမ်းထားနိုင်ပါက သူပါ အကျိုးအမြတ်ရှိနိုင်မည်ဟု တွေးမိသွားသည်။

လျှိုကောရှန်းသည် ကိုယ့်အတွက်ကိုယ်ကြည့်ကာ တစ်ကိုယ်ကောင်းဆန်သူမဟုတ်သော်လည်း သူ့ဘဝလမ်းကြောင်းအတွက် မှန်ကန်သည့်လမ်းကိုတော့ ရွေးချယ်သင့်သည်ကိုတော့ သိထားပေသည်။

“ဘာ? ဒါရိုက်တာက?” ထုံချောင်တို့ အလွန်အံ့အားသင့်သွားကြသည်။

“ဝါး၊ ကုနတ်ဘုရားမရဲ့အကူအညီကြောင့် ငါတို့ဘေးကင်းသွားတာပဲဖြစ်မယ်။”

“ဟုတ်ပါတယ်၊ ဒါပေမယ့် နည်းနည်းတော့ စိတ်ပျက်မိတယ်၊ ငါက ကုနတ်ဘုရားမအတွက် အလုပ်လုပ်ပေးချင်နေတာကို။”

“ဟုတ်တယ်၊ ဘာလို့များ အခုချက်ချင်း အလုပ်မပြုတ်သွားတာလဲပဲ?”

ရဲသုံးဦးမှာ သူတို့ရှေ့တွင် ခေါင်းဆောင်ကိုယ်တိုင်ရှိနေသေးသည်ကိုပင် သတိမရစွာ စိတ်လှုပ်ရှားနေမှုများကို ထုတ်ဖော်ပြောဆိုနေကြသည်။

သူတို့သုံးဦး၏ပြောစကားများကြောင့် လျှိုကောရှန်း အမြင်ကတ်လာကာ နှင်ထုတ်ပစ်တော့သည်။

“မင်းတို့ကောင်တွေ ထွက်သွားကြတော့၊ ငါလုပ်စရာရှိသေးတယ်။”

ဒီလူငယ်လေးသုံးယောက်သည် ဖြောင့်မတ်တက်ကြွသည့်လူငယ်လေးများဖြစ်မှန်း လျှိုကောရှန်း သိတာကြောင့် သူတို့အလုပ်ပြုတ်သွားမည့်အဖြစ်မျိုး သူလဲ မဖြစ်စေလိုပေ။ သို့သော်လည်း ဒါရိုက်တာဘက်က ဖုန်းခေါ်ဆိုလာမှုမရှိလျှင်တော့ သူလဲ ကျန်းမိသားစု၏အာဏာကို ဆန့်ကျင်နိုင်မည်မဟုတ်ပေ။ သူကိုယ်တိုင်ကလဲ ဤအဖွဲ့အစည်းထဲတွင် ရာထူးမြင့်မားလှသည်မဟုတ်တာကြောင့် သူ့ကိုယ်သူတောင်မှ ကာကွယ်နိုင်စွမ်းမရှိပေ။

နာရီဝက်အကြာတွင်တော့ လျှိုကောရှန်းထံသို့ နယ်မြေခေါင်းဆောင် ဖုန်းဆက်လာပြန်သည်။ နယ်မြေခေါင်းဆောင်က ရဲသုံးဦးကို အလုပ်ထုတ်ပစ်ဖို့ရန်ပြောလာခဲ့ပေမည့် လျှိုကောရှန်း ငြင်းဆန်နိုင်ခဲ့ကာ ဒါရိုက်တာဘက်ကမှ အမိန့်ပေးထားခြင်းဖြစ်ကြောင်းကိုလဲ ပြန်လည်ပြောနိုင်ခဲ့သည်။

ထိုစကားကြောင့် နယ်မြေခေါင်းဆောင် အလွန်ထိတ်လန့်သွားသည်။ ဒါရိုက်တာကိုယ်တိုင်က ထိုရဲသုံးဦးကို ကာကွယ်ပေးနေမည်ဟု မမျှော်လင့်ထားခဲ့တာကြောင့် ဘာမှဆက်မပြောနိုင်တော့ပေ။

ကျန်းဝမ်ဟောက်ကို ဒီကိစ္စအား အမြန်ဆုံးဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း အခုတော့ မလုပ်နိုင်တော့ပေ။

သူရှုံးနိမ့်ခဲ့လျှင်ဆိုတောင်မှ ကျန်းဝမ်ဟောက်ကို အကျိုးအကြောင်း လှမ်းပြောရပေဦးမည်။

ပြည်သူ့လုံခြုံရေးဗျူရို၏ဒါရိုက်တာကိုယ်တိုင်က ရဲသုံးဦး၏အလုပ်ကို ထောက်ခံပေးထားကြောင်း ကြားလိုက်ရ၍ ကျန်းဝမ်ဟောက် အံ့ဩသွားရသလို အလွန်လဲ ဒေါသထွက်သွားရသည်။ သို့သော်လည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး သူဘာမှဆက်မလုပ်နိုင်တော့ပေ။ ကျန်းမိသားစုအနေနှင့် ပြည်သူ့လုံခြုံရေးဗျူရို၏ဒါရိုက်တာကို အပြစ်မပြုရဲပါပေ။

သို့သော်လည်း ဒီလောက်နှင့်တော့ အဆုံးမသတ်ပစ်နိုင်ပေ။ ရဲသုံးယောက်ကို အလုပ်ပြုတ်အောင်မလုပ်နိုင်ဘူးဆိုမှတော့ သူတို့ကိုရိုက်နှက်ပြီးတော့ပဲဖြစ်ဖြစ် သင်ခန်းစာပေးရမှာပေါ့။

ထို့ကြောင့် ကျန်းဝမ်ဟောက်က ရဲသုံးဦးကို ပညာပေးရန်အတွက် နောက်ထပ်ဖုန်းဆက်လိုက်ပြန်သည်။

“ဝမ်ဟောက်၊ ဘယ်လိုလဲ? သူတို့ကို အလုပ်ဖြုတ်လိုက်ပြီလား?” ကျန်းဝမ်မေ့ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

“မပြုတ်ဘူး။ သူတို့ကို အထက်အရာရှိတစ်ယောက်က ကာကွယ်ပေးထားတယ်။ စိတ်မပူပါနဲ့။ ငါ သူတို့ကိုသင်ခန်းစာပေးဖို့ လူလွှတ်ထားပြီးပြီ။ သူတို့အလုပ်ဆက်မလုပ်နိုင်စေရဘူး။”

“ကောင်းတယ်! သူတို့ကော ဟိုကောင်မလေးကိုပါ မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်ရမယ်။”

………

အလှပြင်ဆိုင်တွင်တော့ ဝန်ထမ်းများသည် အလှကုန်ပစ္စည်းများကို အမျိုးအစားခွဲခြားနေကြသည်။

သူတို့၏အရင်သူဌေးက အလှကုန်ပစ္စည်းများကို သူတို့ဘာသာရောင်းပြီး ရောင်းရငွေကို ခွဲဝေယူနိုင်ကြောင်း ပြောခဲ့သည်။

အလှပြင်ဆိုင်ပိုင်ရှင်ဟောင်းသည် ချမ်းသာသည့်အမျိုးသမီးဖြစ်တာကြောင့် ယွမ်သန်းဂဏန်းစာလောက် ဆုံးရှုံးရမည်ကို ဂရုမစိုက်ပေ။

သူတို့ဆိုင်အပြင်ဘက်တွင် လျှော့ဈေးနှင့် အလှကုန်ပစ္စည်းများရောင်းနေချိန်တွင်ပဲ သန်သန်မာမာနှင့်လူတစ်စုရောက်ရှိလာကာ အလှပြင်ဆိုင် အတွင်းအပြင်ရှိပစ္စည်းမှန်သမျှကို ဖျက်စီးကြတော့သည်။ ဝန်ထမ်းများလဲ ကြောက်လန့်နေကြ၍ ပြန်လည်မခုခံနိုင်ကြပေ။

ထိုလူမိုက်အဖွဲ့သည် ဆိုင်ကို တစ်စစီဖျက်ဆီးပြီးကာမှ တစ်ယောက်က ခြိမ်းခြောက်စကားပြောကာ ထွက်သွားကြသည်။ “ဒါမင်းတို့ ကျန်းမိသားစုကို အပြစ်ပြုမိတဲ့ ရလဒ်ပဲ။”

လူမိုက်အဖွဲ့ထွက်သွားသည်နှင့် မန်နေဂျာတင်းက ကုနင်းကို ဖုန်းဆက်ကာ ဖြစ်ပျက်သမျှကို တင်ပြခဲ့သည်။

ထိုအချိန်တွင် ကုနင်းသည် တုလဲ့ဖုန်းက မြို့တော်မှ အလှကုန်ပစ္စည်းများ ရောက်လာပြီဆိုသည့်အကြောင်းပြော၍ ရှေးဟောင်းလမ်းသို့သွားနေခြင်းဖြစ်သည်။

သူမရှေးဟောင်းပစ္စည်းများစွာကို ယူသွားပေးနိုင်မည်ဟု တွေးထားခဲ့သော်လည်း လမ်းတစ်ဝက်တွင်ပင် သတင်းဆိုးကိုကြားလိုက်ရသည်။

ကျန်းမိသားစုဘက်က လွယ်လွယ်အလျှော့ပေးမည်မဟုတ်မှန်း သိထားပြီးဖြစ်တာကြောင့် ယခုအဖြစ်အပျက်အတွက် မအံ့ဩမိသော်လည်း ဒေါသမထွက်ဖူးလို့တော့ မဆိုလိုပေ။

ကုနင်းအလွန်ဒေါသထွက်နေပြီဖြစ်သည်။

သူမကို ပြဿနာရှာရဲတာ ဘယ်သူပဲဖြစ်နေနေ သေချာပေါက် ပြန်ပေးဆပ်ရမယ်!

***

အခန်း ၇၇၈ စွန့်ပစ်အဆောက်အုံများ

မန်နေဂျာတင်းကို အခင်းနေရာအား နဂိုအတိုင်းသာထားရှိရန်နှင့် သူမလာမှ ပြဿနာကိုဖြေရှင်းမည့်အကြောင်း ကုနင်းပြန်ပြောလိုက်သည်။

မန်နေဂျာတင်းနှင့် ဖုန်းပြောပြီးသည်နှင့် ကေထံသို့ ကုနင်းဖုန်းဆက်လိုက်သည်။ ထို့နောက် အလှပြင်ဆိုင်အနီးမှ လုံခြုံရေးကင်မရာများကို ချိုးဖောက်ကာ ဆိုင်ကို ထိုလူမိုက်များ ဖျက်ဆီးနေသည့် အခိုက်အတန့်မှန်သမျှကို ရှာထားဖို့ရန် ပြောလိုက်သည်။

ထို့နောက် ရဲကိုဖုန်းဆက်အကြောင်းကြားကာ ထုံချောင်တို့သုံးဦးကို တာဝန်ပေး,ပေးဖို့ရန်ပါ တစ်ခါတည်းတောင်းဆိုလိုက်သည်။ ဒါက သူတို့သုံးဦးအတွက် ကိုယ်ပိုင်အရည်အချင်းကို သက်သေပြနိုင်မည့် အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။

ကုနင်း၏တိုင်ကြားချက်ကိုရသည့် ရဲအရာရှိက ချက်ချင်းပင် လျှိုကောရှန်းထံသို့တင်ပြလိုက်သည်။ အခင်းဖြစ်ရာနေရာမှာ ကုနင်း၏အလှပြင်ဆိုင်မှန်း သိလိုက်ရသည်နှင့် လျှိုကောရှန်းလဲ အလေးအနက်ဖြစ်သွားသည်။ ကုနင်းက ဤပြဿနာအတွက် ထုံချောင်တို့သုံးဦးကို တာဝန်ပေးချင်မှတော့ သူလဲ ငြင်းဆိုစရာအကြောင်းမရှိပေ။ ကုနင်းက ထိုသုံးဦး၏အရည်အချင်းကို ထုတ်ဖော်နိုင်ဖို့ အခွင့်အရေးပေးလိုကြောင်းလဲ လျှိုကောရှန်း နားလည်ပေသည်။

ကုနင်း၏အလှပြင်ဆိုင်ကို လူမိုက်များ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ထုံချောင်တို့သိလိုက်ရသည်နှင့် ဒေါသထွက်သွားကာ မြန်မြန်ဆန်ဆန်ပင် ဆိုင်ရှိရာသို့ ထွက်ခွာခဲ့ကြတော့သည်။

ကျန်းမိသားစု၏အကြံအစည်ဟု ကုနင်းထည့်မပြောခဲ့သော်လည်း ထုံချောင်တို့ကတော့ ကျန်းမိသားစု၏လုပ်ရပ်မှန်း သိလိုက်ကြသည်။

“ကျန်းမိသားစုကများ ကုနတ်ဘုရားမကို ဒီလိုပုံစံမျိုးလုပ်ရဲတယ်ပေါ့! သူတို့ ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ!” ထုံချောင် အလွန်ဒေါသထွက်နေခဲ့သည်။

ကျန်းမိသားစုသည် ကုနင်း၏အသွင်အမှန်ကို မသိသေးဘူးဆိုလျှင်တောင်မှ ရဲသုံးယောက်အား အလုပ်မဖြုတ်နိုင်ခဲ့သည့် အခြေအနေကိုကြည့်ကာ ကုနင်းသည် သူတို့သွားရှုပ်လို့ရသည့်လူမဟုတ်မှန်း နားလည်သင့်ပေသည်။

ကျန်းမိသားစုက သူတို့သုံးဦးသည် ပြည်သူ့လုံခြုံရေးဗျူရိုဒါရိုက်တာ၏နောက်ခံရှိနေခြင်းဟုပင် ထင်မှတ်ထားကာ တကယ်တမ်း ဒါရိုက်ကာ ကုနင်းကြောင့် သူတို့ကိုကာကွယ်ပေးထားခြင်းဖြစ်မှန်း မသိခဲ့ပေ။

ကုနင်းက သူတို့မိသားစုအာဏာကို ဂရုမစိုက်ပါဘူးဟု သေချာပြောခဲ့ပြီးဖြစ်မှတော့ လက်ရှိပြဿနာကို သေချာနားလည်ကာ ရှေ့ဆက်မတိုးသင့်တော့ပေ။

သူတို့အရမ်းကို လက်စားပြန်ချေချင်နေတယ်ဆိုလဲ အရင်ဆုံး ကုနင်း၏နောက်ခံကို ပိုစုံစမ်းသင့်ပေသည်။

ဒါကြောင့်ပဲ ကျန်းမိသားစုက ကိုယ့်ကိုကိုယ်အထင်ကြီးကာ သွေးနားထင်ရောက်နေမှန်း သိသာနေတော့သည်။

“ဟုတ်ပါ့! ကုနတ်ဘုရားမှ သူတို့ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်သင့်ပြီ!”

ငါးမိနစ်ကြာပြီးနောက် အလှပြင်ဆိုင်သို့ ရောက်ရှိလာကြသည်။

သူတို့ရောက်သည်နှင့် ချက်ချင်းပင် အလုပ်စကြကာ ထုံချောင်က မန်နေဂျာတင်းအား ဖြောင့်ချက်ပေးခိုင်းပြီး ဟူယိမင်သည်တော့ အခင်းနေရာကို ဓါတ်ပုံလိုက်ရိုက်ကာ ဝူရွှမ်ကျဲ့သည်တော့ မှတ်တမ်းတင်နေသည်။

“ကွန်ပျူတာတွေရော ပျက်စီးသွားတာလား?” ထုံချောင်မေးမြန်းလိုက်ကာ မန်နေဂျာတင်းက ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။

“လုံခြုံရေးကင်မရာတွေရဲ့ မန်မိုရီကဒ်ပေးပါလား။” ကွန်ပျူတာက ပျက်စီးသွားပြီဖြစ်တာကြော်င့ ဗီဒီယိုကို ချက်ချင်းမကြည့်နိုင်ပေ။ ထို့ကြောင့် မန်မိုရီကဒ်ကို ထုတ်ကာ တခြားကွန်ပျူတာနှင့်ကြည့်မှရပေမည်။

“ဟုတ်ကဲ့ပါ။” မန်နေဂျာတင်းလဲ ချက်ချင်းပင် မန်မိုရီကဒ်ကို ထုတ်ကာ ထုံချောင်အားပေးလိုက်သည်။

“တခြားအလုပ်လုပ်သေးတဲ့ ကွန်ပျူတာရှိသေးလား?”

“ရှိပါသေးတယ်၊ ရုံးခန်းထဲမှာပါ။”

“ကျွန်တော့်ကို ခေါ်သွားပေးပါဦး၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်ကြည့်ချင်လို့။”

ထို့နောက် မန်နေဂျာတင်းက ထုံချောင်တို့ကို ရုံးခန်းထဲသို့ခေါ်သွားကာ လုံခြုံရေးကင်မရာမှတ်တမ်းများကို ကြည့်ရှုခဲ့ကြပြီး နောက်ထပ်က ကူးယူခဲ့ကြသည်။

မိနစ်၂၀မျှကြာပြီးနောက်တွင်တော့ ကုနင်းလဲရောက်ရှိလာခဲ့သည်။

ကုနင်းကို တွေ့လိုက်ရသည်နှင့် လူတိုင်းစိတ်လှုပ်ရှားသွားကြသည်။

“ကုနတ်ဘုရားမ၊ လူမိုက်တွေက ကီရင်းဂိုဏ်းရဲ့ ဂိုဏ်းသားငယ်တွေပါ။” ထုံချောင်က လူမိုက်အဖွဲ့၏ဇစ်မြစ်ကို ကုနင်းအားပြောပြလိုက်သည်။

ထိုလူမိုက်အဖွဲ့သည် ဤနယ်မြေတွင် ပြဿနာများစွာရှာထားကြတာကြောင့် သူတို့ကိုရင်းနှီးလို့နေပြီဖြစ်သည်။

“ကောင်းပြီ၊ ခဏနေ သူတို့ကိုဖမ်းဖို့ ငါ့နောက်လိုက်ခဲ့ပေးကြ။”

“ရတာပေါ့။”

ကုနင်း၏တိုက်ခိုက်စွမ်းရည်ကို ကိုယ်တွေ့မြင်နိုင်တော့မည်ဖြစ်တာကြောင့် ထုံချောင်တို့ စိတ်လှုပ်ရှားနေကြကာ သူတို့ကိုယ်သူတို့ ရဲများဖြစ်ကြောင်းနှင့် သူတို့ကသာ လူဆိုးများကို ဖမ်းရမည့်တာဝန်ရှိကြောင်းကိုတော့ မေ့လျော့သွားကြသည်။

“မန်နေဂျာတင်း၊ ဘယ်လောက်ဆုံးရှုံးသွားလဲ?” ကုနင်းမေးလိုက်သည်။

“ဆိုဖာ၊ စားပွဲ၊ ထိုင်ခုံ၊ ကွန်ပျူတာတွေနဲ့ အလှကုန်ပစ္စည်းတန်ဖိုးတွေပါပေါင်းရင် ယွမ်၁.၅၈သန်းလောက်ရှိမယ်။” မန်နေဂျာတင်းက ပျက်စီးစာရင်းကို ကုနင်းဆီပြလိုက်သည်။ “အိုး၊ ဝမ်ထမ်းတွေရယ် ဆိုင်ခန်းပြင်ဆင်ထားမှုတွေပါ ထည့်ပေါင်းရင်တော့ ယွမ်၂သန်းရှိမယ်။”

“ကောင်းပြီ၊ ငါ သူတို့ကို အလျော်ပြန်တောင်းခဲ့မယ်။” ကုနင်း ပျက်စီးစာရင်းကို ယူလိုက်သည်။

ထို့နောက် ထုံချောင်တို့ကိုပါခေါ်ကာ ဆိုင်မှပြန်ထွက်လာသည်။ မန်နေဂျာတင်းနှင့် ကျန်ဝမ်ထမ်းများကတော့ မပျက်စီးသွားသည့် အလှကုန်ပစ္စည်းများ ဈေးလျှော့ရောင်းဖို့နေခဲ့သည်။ ပစ္စည်းအားလုံးကို စွန့်ပစ်လိုက်ဖို့က ဖြုန်းတီးရာကျတာကြောင့် ဆက်ပြီးရောင်းချဖို့ စိတ်ကူးလိုက်ခြင်းဖြစ်သည်။

ကုနင်းတို့အဖွဲ့ ကားပါကင်သို့ရောက်သည်နှင့် ကုနင်းက ကေဆီသို့ဖုန်းခေါ်ကာ လူမိုက်များ၏တည်နေရာကို လှမ်းမေးလိုက်သည်။

ကေ၏လမ်းညွှန်ပေးမှုဖြင့် ကုနင်း ရဲသုံးဦးကိုခေါ်ကာ လူမိုက်များကို ရှာဖို့ထွက်လာခဲ့သည်။

ကေက လုံခြုံရေးကင်မရာများမှတစ်ဆင့် လူမိုက်များ၏ကားက စွန့်ပစ်နယ်မြေတစ်ခုတွင် ရပ်ထားကြောင်းတွေ့ရှိခဲ့သည်။ ထိုနေရာတွင် စွန့်ပစ်အဆောက်အုံသုံးခုရှိကာ တစ်လုံးထဲတွင်တော့ လူမိုက်များပုန်းနေမည်မှန်း သေချာပေသည်။

၁၀မိနစ်ကျော်မျှ မောင်းနှင်ပြီးနောက်တွင်တော့ စွန့်ပစ်နယ်မြေသို့သွားသည့် လမ်းမသို့ ကုနင်းတို့ရောက်ရှိလာကြသည်။ ကုနင်းက ထိုနေရာတွင် ကားရပ်လို့ဖို့ ထုံချောင်ကို ပြောလိုက်ပြီး ချက်ချင်းဆက်သွားဖို့ အလျင်မလိုနေပေ။

စွန့်ပစ်အဆောက်အုံသုံးလုံးက တစ်တန်းတည်း တည်ရှိနေကာ တစ်လုံးလျှင် အနည်းဆုံးစတုရန်းမီတာ၇၀၀ကျော်လောက်စီ ကျယ်ဝန်းပေးသည်။

ပထမဆုံးအဆောက်အဦးသည်တော့ လုံးဝဖျက်ဆီးပြီးလုနီးပါးဖြစ်သော်လည်း ကျန်နှစ်လုံးကတော့ ကောင်းနေသေးသည်။ ဒီနေရာများကို စွန့်ပစ်ထားသည်မှာ ကြာလှပြီမှန်း သိသာလှကာ ဖျက်ဆီးသည့်လုပ်ငန်းစဉ်ကိုလဲ ရပ်ဆိုင်းထားပုံပင်။

အကြောင်းအရင်းကိုတော့ ကုနင်းမသိသော်လည်း နေရာအနေအထားကမဆိုးလှတာကြောင့် ဖြုန်းတီးရာကျသည်ဟု တွေးနေမိသည်။ မြေနေရာသည် စတုရန်းမီတာသုံးထောင်ဝန်းကျင်ရှိတာကြောင့် လူနေအိမ်ရာဆောက်လုပ်ဖို့ မသင့်တော်လှသော်လည်း ရုံးအဆောက်အဦးများ၊ ဟိုတယ်နှင့် ကလပ်တို့ဆောင်ဖို့လောက်တော့ ကျယ်ဝန်းပေသည်။

Bမြို့တွင် လူချမ်းသာများစွာရှိသောကြောင့် လာရောက်လည်ပတ်မည့်သူကလဲ များပေလိမ့်မည်။

ကုနင်း ထိုအကြံအစည်ကိုတွေးမိသွားသည်နှင့် မြေနေရာကို ဝယ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

မကြာခင်တွင်ပဲ စွန့်ပစ်အဆောက်အုံတစ်လုံးရှေ့တွင် ဗင်ကားတစ်စီးရပ်ထားသည်ကို ကုနင်းတွေ့လိုက်ရသည်။ ပထမထပ်ရှိအခန်းထဲတွင်တော့ လူ၈ယောက် စားသောက်ကာ တီဗီကြည့်နေကြသည်။ ထိုနေရာကို သူတို့အတွက် ယာယီနေထိုင်ရာအဖြစ်ပင် သတ်မှတ်ထားပုံရပေသည်။

“ဒီနေရာကို ဘာလို့ ရင်းနှီးသလိုခံစားနေရတာပါလိမ့်။” ရုတ်တရက် ဟူယိမင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီရှေ့က ဖြတ်သွားဖူးလို့လား?” ဝူရွှမ်ကျဲ့ပြန်မေးလိုက်သည်။

“မဖြစ်နိုင်တာ၊ ငါ Bမြို့မှာနေရာ သုံးနှစ်ရှိပြီ။ ဒီနေရာကိုတော့ တစ်ခါမှမရောက်ဖူးဘူး။” ဟူယိမင်က အသေအချာကိုပြန်ပြောသည်။

“ငါလဲ ရင်းနှီးနေသလိုပဲ၊ ဒါပေမည့် မရောက်ဖူးတာတော့ သေချာတယ်။” ထုံချောင်သည်လဲ ထိုအတိုင်းပင်ခံစားနေမိတာကြောင့် ထူးဆန်းလို့နေသည်။

ထိုသုံးဦး၏စကားများကြောင့် ကုနင်းမျက်မှောင်ကြုတ်သွားသည်။ ဘာလို့များလဲ?

***

အခန်း ၇၇၉ သရဲမနှင့်တွေ့ဆုံခြင်း

“တကယ်ကြီးလား? မင်းတို့ ငါ့ကိုခြောက်နေတာမဟုတ်လား။” ဝူရွှမ်ကျဲ့ အနည်းငယ်စိုးထိတ်လာမိသည်။

ဝူရွှမ်ကျဲ့သည် တစ်ခါမှတော့ သရဲတစ္ဆေကို ကိုယ်တိုင်မတွေ့ဖူးသော်လည်း ရှိကြောင်းကိုတော့ ယုံကြည်သူဖြစ်သည်။

သူ့အသက်၁၅နှစ်တွင် အဖိုးဖြစ်သူဆုံးပါးသွားတာကြောင့် မိဘများနှင့်အတူ ဇာတိမြို့သို့ပြန်ဖြစ်ခဲ့ကြသည်။

သို့ပေမည့် သူ၏၈နှစ်အရွယ်ဝမ်းကွဲတစ်ဦးက အဖိုးကို မြေချပြီး နောက်တစ်ရက်တွင်ပဲ ရုတ်တရက်ဆိုသလို ဘာရောဂါမှမရှိပါဘဲ သတိလစ်သွားခဲ့သည်။

အဖိုးကြီးတစ်ဦးကတော့ သူ့အဖိုးအသက်ရှိစဉ်က သူ့ဝမ်းကွဲကို အလွန်ချစ်ခဲ့တာကြောင့် ဆုံးပါးသွားသည့်အချိန်တွင်လဲ ထိုကလေးကို မထားရစ်ခဲ့နိုင်ပဲ ကလေး၏ဝိညာဉ်ကို သူနှင့်အတူ ခေါ်ယူသွားတာကြောင့် ယခုလို ရုတ်တရက် သတိမေ့မျောသွားခြင်းဟု ဆိုခဲ့သည်။ သူတို့ကသာ ကလေးငယ်၏အသက်ကို ကယ်ဆယ်လိုလျှင် သူ့အဖိုး၏အုတ်ဂူကို ပြန်ဖွင့်ကာ ကလေး၏ဝိညာဉ်ကို ပြန်လွှတ်ပေးရပေလိမ့်မည်။

ထို့နောက် လူတစ်စုက သူ့အဖိုးအုတ်ဂူကို သွားတူးခဲ့ကာ သူတို့ရွာမှအဖိုးကြီးကလဲ သူနားမလည်သည့်စကားများကို ပြောခဲ့သည်။ မကြာခင်တွင်ပဲ သူ့ဝမ်းကွဲကလေးငယ် ပြန်နိုးထလာခဲ့တော့သည်။

ဒါက တိုက်ဆိုင်သွားတာလဲဖြစ်နိုင်သည် ဆိုပေမည့် ဝူရွှမ်ကျဲ့ကတော့ ထိုအချိန်ကစကာ ဖြစ်ရပ်ဆန်းကိစ္စများကို ယုံကြည်သွားတော့သည်။

“အိုး၊ ဟုတ်သားပဲ၊ အင်တာနက်ပေါ်ကနေ ဒီနေရာက သရဲခြောက်တယ်ဆိုတဲ့သတင်း ငါဖတ်ဖူးထားတယ်။” ထုံချောင် ရုတ်တရက် သတိပြန်ရသွားသည်။

“ဟုတ်သားပဲ၊ ငါလဲ ဒီနေရာက သရဲခြောက်တဲ့အကြောင်း ဖတ်ဖူးတယ်! လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဒီနေရာကို ဖြိုချရေးလုပ်ငန်းစတော့မှာမို့ နေထိုင်သူတွေ ပြောင်းရွှေ့ကုန်ကြပေမည့် ဖြိုချရေးလုပ်ငန်းမစခင်တစ်ရက်မှာပဲ ကောင်မလေးတစ်ယောက် သေတဲ့အထိ မတော်မတရားပြုကျင့်ခံလိုက်ရတယ်။ နောက်တစ်နေ့ ဖြိုချရေးလဲလုပ်ရော ကောင်မလေးခေါင်းထဲက ဦးဏှောက်အပိုင်းအစတွေ ထွက်ကျပါကုန်လေရော!” ဟူယိမင် ပြောရင်းပြောရင်းဖြင့်ပင် ကြောက်လွန်းလို့ ဖြူဖျော့သွားသည်။

ခဏလောက်ရပ်လိုက်ပြီးကမှ ဟူယိမင်ကပဲ ထပ်ပြီး၊ “ဖြိုချရေးလုပ်ငန်းလဲ ရက်သတ္တပတ်နည်းနည်းလောက် ရပ်သွားရတယ်။ အလောင်းကို ရှင်းလင်းလို့မပြီးမချင်း ဆက်မလုပ်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းခွင့်မှာ လူတွေအများကြီး တစ်ယောက်ပြီးတစ်ယောက် သေကုန်ပြန်လို့ ဖြိုချရေးကို လုံးဝရပ်ပစ်လိုက်ရတယ်။ ဒီသတင်းပျံ့သွားတဲ့နောက် ဘယ်သူကမှ ဒီနေရာကိုမယူရဲကြတော့ဘူး။”

ခြောက်ခြားဖွယ်ရာဇာတ်လမ်းကြောင်းကြောင့် ဝူရွှမ်ကျဲ့ တစ်ကိုယ်လုံးတုန်ရီကာ ကြောက်လန့်လာသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကုနင်းသည်တော့ တည်ငြိမ်နေစဲဖြစ်ကာ ဤနေရာက တကယ်ပဲသရဲခြောက်သည့်နေရာဖြစ်နိုင်လောက်သည်ဟု တွေးနေမိသည်။

ဇွန်ဘီတွေနှင့်တောင် သူမထိပ်တိုက်ရင်ဆိုင်ဖူးပြီးနေမှတော့ သရဲတစ်ကောင်လောက်ရှိနေခြင်းက ထူးဆန်းသည့်ကိစ္စမဟုတ်တော့ပေ။

“ကုနတ်ဘုရားမ၊ မင်းမကြောက်ဘူးလား?” ကုနင်း အေးဆေးနေသည်ကိုမြင်ရတော့ ထုံချောင် မနေနိုင်ဘဲ ထုတ်မေးမိသွားတော့သည်။

“မကြောက်ပါဘူး!”

ကုနင်း၏တုံ့ပြန်ပုံက သူတို့ကိုရှက်ရွံ့သွားစေသည်။ မိန်းမငယ်လေးတစ်ယောက်ကတောင် မကြောက်ပါဘဲ သူတို့လို အရွယ်ရောက်ပြီးသားအမျိုးသားများကတော့ အလွန်ကြောက်ရွံ့နေမိပေသည်။

“ဒီကိစ္စအတွက် ဖြေရှင်းချက်နှစ်ခုထွက်လာခဲ့တယ်။ ပထမတစ်ခုကတော့ ကောင်မလေးရဲ့ဝိညာဉ်က ပြဿနာရှာနေတာ၊ နောက်တစ်ခုကတော့ ကောင်မလေးရဲ့မိသားစုကနေပြီး ကောင်မလေးအတွက် လက်စားချေပေးတဲ့အနေနဲ့ ဒီမြေနေရာကို မဖွံ့ဖြိုးလာအောင် တမင်နှောင့်ယှက်နေတာလို့ပဲ၊ ဒါပေမယ့် ဘယ်သူကမှတော့ သက်သေအတိအကျမပြနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရလဒ်အနေနဲ့ ဒီမြေကို ဘယ်သူကမှ တည်ဆောက်ရေးမလုပ်ရဲတော့သလို ဖြတ်တောင် မလျှောက်ရဲကြတော့ဘူး။” ထုံချောင် ဆက်ပြောပြလိုက်သည်။

“ငါအထဲဝင်မလို့၊ မင်းတို့ငါ့နောက်လိုက်ရဲလား?” ကုနင်းမေးလိုက်သည့်စကားကြောင့် အားလုံးထိတ်လန့်လို့သွားတော့သည်။ “ဘာပြောတယ်?”

“ကုနတ်ဘုရားမ၊ မင်းဘာကိစ္စ ဒီထဲဝင်မှာတုန်း?” ဝူရွှမ်ကျဲ့ နားမလည်နိုင်ပေ။

“အထဲမှာ လူမိုက်တွေရှိတယ်။” ကုနင်းပြောရင်းဖြင့် ကားတံခါးကိုဖွင့်ကာ ဆင်းသွားတော့သည်။ ထုံချောင်တို့ကိုတော့ သူမနောက်သို့ လိုက်လာဖို့ အတင်းမတိုက်တွန်းပေ။ ဒီနေရာကလဲ လုံခြုံဘေးကင်းသည့်နေရာတစ်ခုမဟုတ်တာကြောင့် လူတိုင်းအထဲကို ဝင်ရဲသည့်သတိ္တမျိုးမရှိကြပေ။

သရဲခြောက်သည့်ဇာတ်လမ်းက အစစ်အမှန်ဟုတ်မဟုတ် ကုနင်းမသေချာသော်လည်း သူမအတွက်တော့ ဤနေရာက စိတ်ဝင်စားဖို့ကောင်းလှသည်။ တကယ်ပဲ သရဲမရှိနေပါက သူမ ထိုသရဲမနှင့် အပေးအယူလုပ်နိုင်သလို ဇွန်ဘီများလိုလဲ မီးရှို့ဖျက်ဆီးပစ်နိုင်ပေသည်။

ကုနင်းကတော့ ဘာပဲဖြစ်ဖြစ် သူမဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိလို့နေသည်။

ထုံချောင်တို့သုံးယောက်သည်တော့ ဤနေရာကို သိပ်သဘောမကျလှသော်လည်း ကုနင်းလို ကောင်မလေးတစ်ယောက်ကတောင် ဘာမှဂရုစိုက်မနေဘဲ ဝင်ဖို့လုပ်နေမှတော့ သူတို့လို အရွယ်ရောက်နေသည့်လူများက မဝင်ပါက အရှက်ကွဲရပေလိမ့်မည်။ ဒါကြောင့်ပဲ ကုနင်းထွက်သွားသည်ကို မြင်သည်နှင့် သူတို့လဲ ချက်ချင်းလိုက်ထွက်ကာ စွန့်ပစ်အဆောက်အုံဆီသို့ လျှောက်လာလိုက်ကြသည်။

ကုနင်း သွားရင်းဖြင့်ပင် စွန့်ပစ်အဆောက်အုံ၏အတွင်းအပြင်နေရာတိုင်းကို ကျောက်စိမ်းမျက်ဝန်းဖြင့် စစ်ဆေးကြည့်နေကာ သရဲမဇာတ်လမ်းကြောင်း အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ကိုလဲ စိတ်လှုပ်ရှားလို့နေသည်။

ရုတ်တရက်ဆိုသလိုပဲ အေးစက်လှသည့်အကြည့်စူးစူးကို ခံစားမိလိုက်တာကြောင့် ကုနင်းချက်ချင်းပင် ထိုလာရာနေရာကို လှမ်းကြည့်လိုက်သည်။ ပထမဆုံးပျက်စီးနေသည့်အဆောက်အုံနားတွင် မိန်းမတစ်ယောက် မတ်တပ်ရပ်နေကာ ကုနင်းဆီသို့ စိုက်ကြည့်လို့နေသည်။ သူမက တော်တော်လေးငယ်သေးကာ အသက်၂၀ကျော်ရုံလောက်သာ ရှိပေဦးမည်။ သူမက ချုန်းဆမ်းဝတ်စုံခပ်တိုတိုကို ဝတ်ဆင်ထားကာ ဆံပင်ခွေခွေနှင့်ဖြစ်ပြီး မျက်နှာကတော့ ဖြူဖျော့လို့နေသည်။ ထိုအမျိုးသမီးကတော့ သေချာပေါက်ကို ဇာတ်လမ်းထဲက သရဲမသာဖြစ်ပေတော့သည်!

သရဲမနှင့်ကုနင်းမျက်လုံးချင်းဆုံမိသွားသည်နှင့် ကုနင်းက သူမကို မြင်နိုင်နေတာကြောင့် အလွန်ထိတ်လန့်လို့သွားတော့သည်။ ထို့နောက် သရဲမက ရှေ့ကို ပြေးထွက်လာဖို့ ကြံလိုက်ပေမည့် အလင်းရောက်နှင့်တွေ့လိုက်သည်နှင့် နောက်သို့ ပြန်ဆုတ်သွားရသည်။ ၎င်းသည် အမှောင်ထဲမှမထွက်နိုင်ဘဲ အလင်းရောင်နှင့်ထိမိသည်နှင့် မှိန်ဖျော့လာတာကြောင့် ညအချိန်မှသာ နိုးထနိုင်ကြသည်။

“ဟေ့၊ နင် ငါ့အသံကိုကြားရလား? ငါ့ကိုကူညီပေးပါ!” သရဲမက ကုနင်းကို အော်ပြောနေသည်။ ကုနင်းကြားနိုင်မလားဆိုသည်ကို မသေချာပေမည့် ကုနင်းမြင်နိုင်နေတာကြောင့် ကြားဖို့ပါ မျှော်လင့်နေမိသည်။

သရဲမ၏အသံက စိတ်လှုပ်ရှားပူပန်နေကာ ရိုးသားပုံရသည်။

တကယ်တော့ ကုနင်း သရဲမ၏အသံကိုကြားသလို မြင်လဲမြင်နိုင်ပေမည့် လောလောဆယ် သူမဖြေရှင်းရမည့်ကိစ္စရှိသေးတာကြောင့် စက္ကန့်ပိုင်းလောက် ကြည့်ပြီးသည်နှင့် ချက်ချင်းလျစ်လျူရှုလိုက်တော့သည်။

သရဲမကတော့ ကုနင်းမကြားခြင်းဟုထင်မိကာ ကုနင်း တကယ်ရောမြင်နိုင်ရဲ့လားဟုပင် သံသယဝင်လာမိသည်။ လူသားတစ်ယောက်အတွက် သရဲမြင်နိုင်ဖို့ မဖြစ်နိုင်သလို သာမာန်လူသားတစ်ယောက်သာ သရဲကိုမြင်လိုက်ရပါက အလွန်ကြောက်လန့်သွားပေလိမ့်မည်။ ထိုသို့ပြန်တွေးကြည့်မိပြီးနောက် သရဲမစိတ်ပျက်လို့သွားတော့သည်။

ကုနင်းတို့ လူမိုက်၈ယောက်ရှိနေသည့် အခန်းသို့ရောက်သွားသည်နှင့် ကုနင်းကပဲ တံခါးကို ကန်ဖွင့်လိုက်သည်။ ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ တံခါးကလဲ ပွင့်ထွက်သွားတာကြောင့် အထဲမှလူများကြောက်လန့်သွားကြသည်။ ထုံချောင်တို့ပင်လျှင် ကုနင်း၏သန်မာမှုအပေါ် အံ့အားသင့်လို့နေကြသည်။

“ဘယ်သူ…” အခန်းထဲရှိ လူမိုက်များ ချက်ချင်းဆိုသလိုပင် ဒေါသထွက်လာကြကာ ကုနင်းကို အော်ဖို့ကြံလိုက်သော်လည်း သူမနောက်မှ ရဲသုံးယောက်ကို မြင်လိုက်တာကြောင့် ချက်ချင်းပါးစပ်ပိတ်သွားကြတော့သည်။

ကုနင်းလဲ ထိုလူမိုက်များနှင့် စကားများနေချင်စိတ်မရှိသေးတာကြောင့် ချက်ချင်း ပြေးဝင်တိုက်ခိုက်လိုက်ကာ ထုံချောင်တို့လဲ သူမနောက်မှ ထပ်ကြပ်မခွာ လိုက်လာကြသည်။

လူမိုက်တို့လဲ ပြန်လည်တုံ့ပြန်တိုက်ခိုက်ကြပေမည့် အားလုံး အရက်မူးနေကာ သွက်သွက်လက်လက်မလှုပ်ရှားနိုင်တာကြောင့် ရန်ပွဲစသည်နှင့် သူတို့တုတ်များကိုပင် ကောက်ဖို့ အချိန်မရှိကြတော့ပေ။

ထုံချောင်နှင့်ကျန်နှစ်ဦးသည် သေချာလေ့ကျင့်ထားကြသည့် ရဲအရာရှိများဖြစ်ပေမည့် ကုနင်းကိုတော့ ဘယ်လိုမှမယှဉ်နိုင်သေးပေ။ သူတို့သုံးယောက်ပေါင်းကာ လူမိုက်တစ်ယောက်ကို အနိုင်ယူဖို့ အချိန်အကြာကြီး ယူနေရပေမည့် ကုနင်းကတော့ တစ်ယောက်တည်းနှင့် လူမိုက်များစွာကို တိုက်ခိုက်အနိုင်ယူပြီးနှင့်ပြီ။

ဒါကြောင့် သူတို့သုံးဦး လူမိုက်တစ်ယောက်ကို အနိုင်ယူပြီးချိန်တွင် ကုနင်းကတော့ ငါးယောက်ကိုတော့ အနိုင်ယူပြီးပေပြီ။

ထုံချောင်တို့မှာတော့ သူတို့လိုအရွယ်ရောက်ပြီးသားယောက်ျားသုံးက ကောင်မလေးတစ်ယောက်လောက်တောင် မသန်မာကြ၍ ရှက်ရွံ့နေမိကြတော့သည်။ သို့ပေမည့် ကုနင်းကိုတော့ မနာလိုမဖြစ်မိကြဘဲ သူမကို ပိုလို့ပင် လေးစားသဘောကျမိသွားကြသည်။

***

အခန်း ၇၈၀ ကီရင်းဂိုဏ်းက နင်တို့ကို ကာကွယ်ပေးမှာမဟုတ်ဘူး

မကြာခင်တွင်ပဲ လူမိုက်အားလုံး မြေပေါ် အမှောက်သိပ်နိုင်သွားကာ နာကျင်စွာအော်ဟစ်သံများသာ ပျံ့လွင့်လို့နေတော့သည်။

“ကုနတ်ဘုရားမကတော့ အံ့ဖွယ်ပဲ!”

“ငါတို့သုံးယောက်က တစ်ယောက်တည်းကို အတူအနိုင်ယူနေရတဲ့အချိန် မင်းကတော့ တစ်ခါတည်း ငါးယောက်တောင် အနိုင်ယူနိုင်တာပဲ!”

“ဒီလောက်က မပြောပလောက်ပါဘူး။ ကုနတ်ဘုရားမဆိုတာ လုံခြုံရေးတစ်ဖွဲ့လိုက်ကြီးကိုတောင် တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့တဲ့သူပဲကို!”

“ဟုတ်သားပဲ!” ထုံချောင်တို့သုံးယောက်သား ကုနင်းကို ချီးမွမ်းပြောဆိုနေကြကာ ကုနင်းကတော့ ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

“မင်းတို့ ငါတို့ဘယ်သူလဲဆိုတာသိရဲ့လား? ငါတို့က ကီရင်းဂိုဏ်းသားတွေပဲ။ မင်းတို့ ငါတို့ကို ထိခိုက်အောင်လုပ်ရဲမှတော့ ကီရင်းဂိုဏ်းက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး!” လူမိုက်တစ်ယောက်က အခြေအနေကို နားမလည်စွာ ခြိမ်းခြောက်လိုက်သည်။

သူတို့က ရဲများဆိုလျှင်တောင် ကီရင်းဂိုဏ်းကတော့ အာဏာမရှိသေးသည့် ရဲအရာရှိအငယ်လေးတွေကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

“အိုး၊ တကယ်လား?” ကုနင်း နှာခေါင်းရှုံ့လိုက်ကာ၊ “မင်းတို့က ကီရင်းဂိုဏ်းသားတွေမှန်း ငါသိတာပေါ့၊ ဒါပေမယ့် မင်းတို့က ဂိုဏ်းရဲ့အမှိုက်သာသာလူတွေပါ။ ကီရင်းဂိုဏ်းက မင်းတို့ကို ကာကွယ်ပေးနေမှာမဟုတ်ဘူး။”

“မင်း…”

ကုနင်း၏စကားကြောင့် လူမိုက်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က အခြားလူများကို ကီရင်းဂိုဏ်းနာမည်သုံးကာ အနိုင်ကျင့်နေကြပေမည့် တကယ်တမ်း သူတို့အဖမ်းခံလိုက်ရလျှင် ကီရင်းဂိုဏ်းက သူတို့ကိုကာကွယ်ပေးလိမ့်မည်မဟုတ်ပေ။ အခုတော့ ကုနင်းမှာ သူတို့ကို သူမစိတ်တိုင်းကျ အပြစ်ပေးနိုင်သည့် အရည်အချင်းရှိကြောင်း ယုံကြည်သွားကြပေပြီ။

“မင်း-မင်းတို့ ဘာလုပ်ချင်လို့လဲ?” လူမိုက်တစ်ဦးက ကြောက်လန့်စွာဖြင့် မေးမြန်းလိုက်သည်။

“မင်းတို့ ငါ့ဆိုင်ကို ဖျက်ဆီးခဲ့မှတော့ ပြန်လျော်ရမှာပေါ့။”

“ရဲစခန်းကိုသွားပြီး မင်းတို့နောက်ကွယ်က စေခိုင်းသူကိုပြောလိုက်၊ ပြီးရင် လျော်ကြေးယွမ်၂သန်းပေး။”

ကုနင်း၏စကားကိုကြားကာမှ သူမက အလှပြင်ဆိုင်ကိစ္စအတွက် လာခြင်းဖြစ်ကြောင်း လူမိုက်များနားလည်သွားတော့သည်။ ကုနင်း သူတို့ကို အချိန်တိုအတွင်း ရှာနိုင်ခဲ့သည့်အပေါ် အံ့ဩနေမိရသည့်အပြင် လျော်ကြေးငွေပမာဏကြောင့်မှာ ထိတ်လန့်သွားကြရသည်။

ယွမ်၂သန်းတဲ့လား! သူတို့က အလုပ်လက်မဲ့လူမိုက်လေးတစ်စုပဲလေ၊ ဘယ်လိုလုပ်များယွမ်၂သန်း လျော်ပေးနိုင်မှာတဲ့လဲ? ယွမ်၂သန်းမပြောနဲ့ ယွမ်၂သိန်းဆိုရင်တောင် မတတ်နိုင်ဘူး!

ကုနင်းဆိုင်ကို ဖျက်ဆီးဖို့ရန် ကျန်းမိသားစုကို ကူညီသည့်အတွက် သူတို့အားလုံးပေါင်းမှ ယွမ်၅သောင်းသာရခဲ့ကာ ကျန်သည့်ပမာဏများစွာကိုတော့ သူတို့ခေါင်းဆောင်ကသာ ယူခဲ့သည်မဟုတ်လား။

“ငါ-ငါတို့မှာ အဲ့လောက် ငွေအများကြီးမရှိဘူး။”

“မပေးနိုင်ရင် ထောင်ထဲဝင်လိုက်လေ။”

“မဖြစ်ဘူး!”

“ငါ-ငါတို့ငွေစုဖို့ အချိန်တစ်ရက်လောက်ပေးနိုင်မလား?”

“ဟုတ်တယ်၊ အချိန်တစ်ရက်ပဲပေးပါ၊ ငါတို့ လျော်ပေးပါ့မယ်။”

ထောင်ထဲရောက်ရမှာထက်စာလျှင် လျော်ကြေးကိုသာ ပေးလိုက်ချင်ပေသည်။

ကုနင်းက သူတို့သွားရှုပ်လို့ရသည့်လူမဟုတ်မှန်း နားလည်နေပြီဖြစ်တာကြောင့် သူမစကားကို နားထောင်ဖို့သာတတ်နိုင်တော့သည်။

“မရဘူး။” ကုနင်း ငြင်းဆိုလိုက်သည်။ “မင်းတို့ လျော်ကြေးမပေးနိုင်ဘူးဆိုရင် ဗီဒီယိုတစ်ပုဒ်ရိုက်ပြီး ငါ့ဆိုင်ကိုဖျက်ဆီးဖို့ ဘယ်သူလွှတ်လိုက်တယ်ဆိုတာရယ် နောက်ကွယ်က ဘယ်သူခိုင်းနေတယ်ဆိုတာရယ်ကို ပြောလိုက်။”

သူတို့ ဆိုင်ကိုလာရောက်ဖျက်ဆီးစဉ်က ကျန်းမိသားစုအကြောင်း ထည့်ပြောသွားခဲ့သော်လည်း ကုနင်းတွင် အသံသွင်းထားတာမျိုး၊ ဗီဒီယိုလိုမျိုး တိကျသည့်သက်သေမရှိနေပေ။ သက်သေမရှိဘဲနှင့်ဆိုလျှင် ဥပဒေကြောင်းအရလျော်ကြေးတောင်း၍လဲ ရမည်မဟုတ်ပေ။

ကျန်းမိသားစုပြဿနာရှာတာကို လူသိပ်မသိတာနဲ့ယှဉ်လျှင် ကုနင်းကတော့ လူထုကိုချပြပြီး သူတို့ကိုအရှက်ခွဲပစ်ဖို့ ပိုလို့စိတ်အားထက်သန်သည်။

“ဘာ?” လူမိုက်များစိုးရိမ်သွားရသည်။

သို့ပေမည့် ကုနင်းကတော့ စိတ်မရှည်တော့ပေ။ “မင်းတို့ လုပ်မှာလား မလုပ်ဘူးလား? မင်းတို့နဲ့ အချိန်ဖြုန်းနေဖို့အထိ ငါမအားဘူး။”

“မိန်းကလေးကု၊ ဒါကို ကျွန်တော်တို့ခေါင်းဆောင်က တာဝန်ပေးခဲ့တာပါ၊ အသေးစိတ်ကိစ္စတွေကိုတော့ မသိပါဘူး။ သူက ကျန်းမိသားစုရဲ့အမိန့်ဆိုတာလောက်ပဲ ပြောပြခဲ့တာ။” လူမိုက်တစ်ယောက်ကပြောပြလိုက်သည်။ သူတာဝန်ယူရမည့်အပိုင်းမှရှောင်ထွက်ချင်လို၍မဟုတ်ဘဲ အမှန်အတိုင်းပြောပြခြင်းသာဖြစ်သည်။

“အိုး၊ ဒီတော့ မင်းတို့ခေါင်းဆောင်နာမည်နဲ့ အခုဘယ်မှာရှိနေလဲဆိုတာ ပြောလေ?” ကုနင်းဆက်မေးလိုက်သည်။

“သူ့နာမည်က လော့ကျုံးမင်ပါ၊ အခု မြေကမ္ဘာကလပ်မှာ ရှိပါတယ်။” လူမိုက်တစ်ဦးက ဖြေပေးလိုက်သည်။ သူ့ခေါင်းဆောင်ကို သစ္စာမဖောက်ချင်သော်လည်း လက်ရှိအခြေအနေအရ သူ့တွင် ရွေးချယ်စရာမရှိနေပေ။

“ကောင်းပြီ၊ ဒါဆိုလဲ မြေကမ္ဘာကလပ်ကို အတူသွားကြတာပေါ့။” ကုနင်း အားလုံးကို ရည်ရွယ်ကာပြောလိုက်သည်။

“ကုနတ်ဘုရားမ…” ထုံချောင်တို့သုံးယောက်သည်တော့ မြေကမ္ဘာကလပ်မှာ ကီရင်းဂိုဏ်းနယ်မြေဖြစ်တာကြောင့် စိုးရိမ်နေမိသည်။ ကုနင်းကို သူတို့ယုံကြည်ကြသော်လည်း ကီရင်းဂိုဏ်းကိုတော့ ကြောက်နေမိစဲသာ။

“အဆင်ပြေပါတယ်။” ကုနင်း ထုံချောင်တို့ကို ဖြေသိမ့်ပေးလိုက်သည်။

ကုနင်းတောင် ထိုသို့ပြောလာမှတော့ သူတို့လဲ အနည်းငယ်စိတ်ချလို့သွားကြသည်။

ထို့နောက် လူမိုက်များမှာ တစ်ယောက်ကိုတစ်ယောက် ကူတွဲရင်း အပြင်သို့ထွက်လာခဲ့ကြသည်။

ထုံချောင်က လူမိုက်အဖွဲ့၏ဗင်ကားကို မောင်းလာကာ ကုနင်းလဲ သူတို့ထွက်ပြေးမည်စိုး၍ ထိုကားထဲမှာပင် ဝင်ထိုင်လိုက်ပြီး ဝူရွှမ်ကျဲ့နှင့်ဟူယိမင်တို့ကတော့ သူတို့ကားနောက်မှနေပြီး ရဲကားကိုမောင်းလာကြသည်။

ကုနင်း ပြဿနာတွေကြုံတွေ့ရတိုင်း မြေကမ္ဘာကလပ်ကပါ ပါဝင်နေတာကြောင့် မြေကမ္ဘာကလပ်နှင့် သူမ အတိတ်ဘဝကရန်ငြှိုးများရှိလားဟုပင် တွေးလိုက်မိသည်။

အချိန်လဲမဖြုန်းချင်တော့တာကြောင့် ကုနင်း မန်နေဂျာလုထံသာ တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

မန်နေဂျာလုက သူ့နာမည်ကဒ်ကို ကုနင်းအားပေးထားကာ မြေကမ္ဘာကလပ်တွင် သူမအကူအညီလိုပါက ခေါ်ဆိုနိုင်ကြောင်း ပြောထားပေသည်။

“ဟိုင်း၊ မန်နေဂျာလ၊ ကျွန်မကုနင်းပါ၊ အခု ရှင့်အကူအညီတစ်ခုလောက် လိုနေလို့။” တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် ကုနင်းချက်ချင်းပြောလိုက်သည်။

“ဟိုင်း၊ မိန်းကလေးကု၊ ငါဘာများ လုပ်ပေးရမလဲ?”

“ရှင်တို့ဂိုဏ်းထဲမှာ လော့ကျုံးမင်လို့ခေါ်တဲ့လူများရှိလား? သူက ကျွန်မဆိုင်ကို ဖျက်ဆီးဖို့ လူတွေအများကြီးပို့လိုက်လို့ ကျွန်မသူနဲ့စကားပြောချင်တယ်။ အခုပဲ မြေကမ္ဘာကလပ်ကို လာတဲ့လမ်းရောက်နေပြီ။”

ထိုစကားများကိုနားထောင်ပြီးနောက် မန်နေဂျာလုအလိုမကျဖြစ်သွားကာ လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ “မိန်းကလေးကု၊ မစိုးရိမ်ပါနဲ့။ ငါဒီကိစ္စကို သေချာဖြေရှင်းပေးမှာပါ။ မင်းကို ကြိုဖို့ ထျန်းကိုလွှတ်လိုက်ပါ့မယ်။” ထျန်းဆိုသည်က မန်နေဂျာလု၏သက်တော်စောင့် ထျန်းကောပင်ဖြစ်သည်။

“ကျေးဇူးပါပဲ။”

လူမိုက်အဖွဲ့သည်တော့ ကုနင်းနှင့်မန်နေဂျာလုတို့ ဖုန်းပြောနေသည့်အသံများကို နားထောင်ပြီးနောက် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဖလှယ်မိသွားကြသည်။ မန်နေဂျာလုဆိုတာ မြေကမ္ဘာကလပ်က မန်နေဂျာလုသာဆိုလျှင် သူတို့တော့ ဘဝပျက်ပေပြီ။

လူမိုက်၈ယောက်လုံး သက်ပြင်းချလိုက်မိကာ သူတို့ယနေ့ သူတို့ဘဝ၏အဆိုးရွားဆုံးလုပ်ရပ်ကို လုပ်ခဲ့မိကြောင်း နားလည်သွားကြတော့သည်။

“အမ်, မိန်း-မိန်းကလေးကု၊ ငါတို့က ငါတို့ခေါင်းဆောင်အမိန့်အတိုင်း လုပ်ခဲ့ကြရုံပါ။ ဒီတစ်ကြိမ်တော့ ငါတို့ကို ခွင့်လွှတ်ပေးလိုက်လို့ရမလား?”

“ဟုတ်ပါတယ်၊ ငါတို့လဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားနေကြပြီပဲ။”

………..

လူမိုက်များ ကုနင်းကို စတင်တောင်းပန်တိုးရှိုးလာကြပေမည့် ကုနင်းကတော့ တစ်လမ်းလုံး နှုတ်ပိတ်နေခဲ့သည်။

***

All Chapters