အခန်း (၇၉၁-၇၉၅)
Vol. 53 Ch. 791-795
အခန်း ၇၉၁ အသံတူနေတယ်!
ဇာတ်လမ်းကြောင်းကို နားထောင်ပြီးသည်နှင့် သရဲမဘာကြောင့် ကမ္ဘာကြီးပေါ်မှ မထွက်ခွာနိုင်ဖြစ်နေရသလဲဆိုသည်ကို ကုနင်းနားလည်သွားတော့သည်။ ဖြစ်နိုင်မယ်ဆိုလျှင် သရဲမက ထိုလူ ဆိုးဆိုးရွားရွားနာကျင်ခံစားရသည်ကိုပင် မြင်ချင်နေသည်။
ကုနင်းလဲ သူမအတွက် လွန်စွာဂရုနာသက်မိသွားသည်။ တကယ်တော့ ထန်အိုက်နင်းသည်လဲ သူမချစ်ရသည့်ယောက်ျား၏သစ္စာဖောက်ခြင်းကြောင့်သာ သေခဲ့ရခြင်းမဟုတ်လား။
အတိတ်အကြောင်းကိုပြောလာတော့ ထောင်တင်းလင်သည် သေသည်အထိ အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် ထန်အိုက်နင်းထက်ပင် ပိုလို့ခံစားခဲ့ရကြောင်း သိလိုက်ရသည်။ ထောင်တင်းလင် သေဆုံးသွားရသော်လည်း သူမ၏ဝိညာဉ်ကတော့ မထွက်ခွာသွားချင်ပေ။
ပြောရလျှင် ထန်အိုက်နင်းသည် တစ်ခြားတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်နိုင်ခဲ့ကာ လက်စားချေဖို့အခွင့်အရေးလဲရလာတာကြောင့် ထောင်တင်းလင်ထက် များစွာကံကောင်းပေသည်။
“ဒီတော့ အဲ့ဒီလူကို သတ်ပေးစေချင်တာလား?” ကုနင်းမေးလိုက်ပေမည့် လုပ်ချင်စိတ်တော့သိပ်မရှိပေ။ ထိုယောက်ျားသည် သူစိမ်းတစ်ယောက်သာဖြစ်ကာ သူမနှင့်လဲ မည်သည့်ရန်ငြှိုးမှရှိခဲ့ဖူးသည်မဟုတ်ဘဲ။ ပြီးတော့ သူမကလဲ အာဏာပါးကွပ်သားမှမဟုတ်တာ။
“မလိုပါဘူး။ ဒါပေမယ့် သူ့ရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကိုတော့ ငါသိထားတယ်။ မင်းက ဒီလျှို့ဝှက်ချက်ကို လူတစ်ယောက်ဆီပြောပေးဖို့ပဲလိုတယ်။ အဲ့ဒီလူကပဲ သူ့ကိုအပြစ်ပေးသွားလိမ့်မယ်!” ထောင်တင်းလင်၏အမုန်းများကို စကားသံကနေပင် ခံစားမိနေရသည်။ “ငါ့ချစ်သူနာမည်က ကုန်းကျန်းယန်၊ ချမ်းတာတဲ့မိသားစုက ကောင်မလေးကတော့ ယောင်လီဟွာ။ ငါ့အထင်တော့ သူတို့လက်ထပ်ပြီးတာ တော်တော်ကြာလောက်ပြီ။ ယောင်မိသားစုက လွန်ခဲ့တဲ့၅နှစ်တုန်းကတော့ Bမြို့မှာ နည်းနည်းကျော်ကြားလာတဲ့ ချမ်းသာတဲ့မိသားစုတစ်ခုပဲ။ ငါက ဒီကနေထွက်သွားလို့မရတာကြောင့် အခုထိတော့ အရင်လိုပဲလားဆိုတာ မသိဘူး။”
“ကုန်းကျန်းယန်က လျှို့ဝှက်ချက်ကို ဒီနေရာမှာပဲ ငါသေပြီးတဲ့ညတစ်ညမှာ ထုတ်ပြောခဲ့တာ။ သူကတော့ ငါသေပြီး မရှိတော့ဘူးလို့ပဲ တွေးမှာပေါ့၊ ငါသရဲဖြစ် ဆက်ရှိနေမယ်လို့ ဘယ်ထင်ပါ့မလဲ။ ဒါကြောင့်ပဲ အဲ့ဒီလျှို့ဝှက်ချက်ကို ငါသိခဲ့ရတာ။ တကယ်တော့ ကုန်းကျန်းယန်က ယောင်လီဟွာအဖေရဲ့ သားအရင်းပဲ၊ တစ်နည်းပြောရရင်တော့ ယောင်လီဟွာက သူ့ရဲ့သွေးတစ်ဝက်တော်စပ်တဲ့ညီမပေါ့။ ယောင်လီဟွာရဲ့အဖေက ကုန်းကျန်းယန်အမေနဲ့ အိပ်ပြီး စွန့်ပစ်ခဲ့တယ်။ ကုန်းကျန်းယန်မွေးလာတော့လဲ တာဝန်ယူဖို့ ငြင်းလိုက်တယ်လေ။ ယောင်လီဟွာအဖေက ကုန်းကျန်းယန်ကို သတ်ဖို့တောင် ကြံခဲ့လို့ ကုန်းကျန်းယန်အမေက သူ့အသက်၁၀နှစ်မှာပဲ မိဘမဲ့ဂေဟာကို ပို့လိုက်ပေမယ့် အဆက်အသွယ်ကတော့ မပြတ်ခဲ့ကြဘူး။ နောက်တော့မှ ကုန်းကျန်းယန်က ယောင်လီဟွာကိုတွေ့ပြီး သူ့သွေးတစ်ဝက်နှောညီမနဲ့ အိပ်ခဲ့တာ။ ဒါက သွေးသားရင်းချင်းစပ်ယှက်တာပဲ!” ထောင်တင်းလင်၏အသံကရုတ်တရက် ကျယ်လောင်သွားသည်။ “ဒီလျှို့ဝှက်ချက်အကြောင်း မင်းသွားပြောပေးရမယ့်လူက ယောင်လီဟွာရဲ့အဖေကိုပဲ။”
ဇာတ်လမ်းအဆက်ကို နားထောင်ပြီးနောက် ကုန်းကျန်းယန်၏လက်စားချေမှုပုံစကြောင့် ကုနင်းပင် အံ့ဩသွားတော့သည်။ သွေးသားရင်းချင်းစပ်ယှက်တာက တကယ့်ကိုရွံစရာကောင်းတာပဲ။
“ကုန်းကျန်းယန်က ယောင်လီဟွာအဖေရဲ့ သားအရင်းလေ။ ယောင်လီဟွာရဲ့အဖေက သူ့ကိုအပြစ်ပေးလိမ့်မယ်ဆိုတာ သေချာရဲ့လား?” ကုနင်းပြန်ပေးလိုက်သည်။
“ဒါပေါ့၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက သူက ကုန်းကျန်းယန်ကိုတောင် သတ်ပစ်ချင်နေခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ကုန်းကျန်းယန်က ယောင်မိသားစုကို လက်စားချေဖို့ကြိုးစားပြီး သူ့သမီးနဲ့တောင်မှ အိပ်လိုက်သေးတာပဲ!” ထုံတင်းလင် ယုံကြည်ချက်ရှိရှိပြန်ပြောသည်။ “ယောင်လီဟွာရဲ့အဖေသာ အပြစ်မပေးချင်ဘူးဆိုရင် မင်း ယောင်လီဟွာရဲ့အမေကို ဒီလျှို့ဝှက်ချက် ပြောပြလိုက်။ ယောင်လီဟွာအမေကတော့ ဒါကို လက်ခံထားလိမ့်မယ်လို့ မထင်ဘူး။” မိန်းမတစ်ယောက်က ခင်ပွန်းဖြစ်သူ၏ တိတ်တိတ်ပုန်းကလေးကို လက်ခံပေးနိုင်လျှင်တောင်မှ ထိုတိတ်တိတ်ပုန်းကလေးက သူမသမီးနှင့်အိပ်သည်အထိကိုတော့ လက်ခံပေးဖို့ မဖြစ်နိုင်ပေ။
ထုံတင်းလင်က ဆက်ပြီးတော့၊ “ယောင်လီဟွာမှာ အစ်ကိုတစ်ယောက်လဲရှိသေးတယ်။ ကုန်းကျန်းယန်ရဲ့တည်ရှိမှုက မိသားစုထဲက သူ့နေရာကို ခြိမ်းခြောက်သလိုဖြစ်နေလို့ သူကတော့ ကုန်းကျန်းယန်ကို အလွတ်ပေးမှာမဟုတ်လောက်ဘူး။”
“ကောင်းပြီလေ၊ ငါကူညီပေးမယ်။” ကုနင်းသဘောတူလိုက်သည်။
ထုံတင်းလင် စိတ်ကျေနပ်စွာပြုံးလိုက်သော်လည်း သူမပုံစံက အနည်းငယ်ကြောက်ဖို့ကောင်းနေသည်။
ထို့နောက် ကုနင်း ဟွားဖုတောင်ကုန်းသို့ ပြန်လာခဲ့သည်။
သူမအိမ်ပြန်ရောက်ချိန်တွင် ကုမန့်နှင့်ချောင်ယတို့လဲ ပြန်ရောက်နေပြီဖြစ်ကာ သူတို့နှင့်စကားခဏပြောပြီးမှပဲ အခန်းသို့ပြန်ခဲ့သည်။
သူမအခန်းသို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် ယောင်မိသားစုအကြောင်းရှာဖို့အတွက် ကွန်ပျူတာကို ဖွင့်လိုက်သည်။ သို့ပေမည့် ရုတ်တရက်ဆိုသလို ဖေ့ဟဲနာနှင့်ပတ်သတ်သည့် သတင်းတစ်ပုဒ်ကို သူမတွေ့လိုက်ရသည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှ အဆိုတော်အသစ် ရှားယီချူးမှာ နာမည်ကြီးအဆိုတော် ဖေ့ဟဲနာနဲ့ တစ်ထပ်တည်းတူတဲ့အသံရှိနေတယ်။ ဘာတွေဖြစ်ကုန်တာလဲ?
ကုနင်း သတင်းခေါင်းစဉ်ကိုဖတ်ပြီး ကြောင်အသွားရာမှ အောက်မှအကြောင်းအရာများကို ဆက်ဖတ်ကြည့်လိုက်သည်။
ယနေ့ ညနေ၆နာရီမှာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ တရားဝင်ဝဘ်ဆိုဒ်မှနေပြီး အဆိုတောင်အသစ်ရှားယီချူးနှင့် စာချုပ်ချုပ်ထားကြောင်း ဗီဒီယိုတစ်ပုဒ်တင်လာခဲ့သည်။ ထိုအဆိုတော်အသစ်၏အသံမှ အောင်မြင်ထားပြီးသည့်အဆိုတော် ဖေ့ဟဲနာ၏အသံနှင့် တစ်ထပ်တည်းတူညီနေခဲ့သည်။ ဘာတွေဖြစ်ကုန်ပြီလဲ?
သတင်းနှင့်အတူ ရှားယီချူး အသံသွင်းစတူဒီယိုတွင် သီဆိုထားသည့် ဗီဒီယိုတစ်ပုဒ်ကိုပါ တွဲတင်ထားသည်။ သူမ၏အသံက တကယ်ကိုပဲ ဖေ့ဟဲနာ၏အသံနှင့် တစ်ထပ်တည်းတူညီနေကာ အချိန်တိုလေးအတွင်းမှာပဲ အင်တာနက်အသုံးပြုသူများအကြား ဗုံးတစ်ခုနှယ်ပေါက်ကွဲသွားတော့သည်။
လူအများစုကတော့ တုပထားသည်ဟု သံသယဝင်နေကြသော်လည်း ရှားယီချူးနှင့် ဖေ့ဟဲနာတို့ကြားမှ အသံခြားနားချက်ကို မခွဲခြားနိုင်ကြတာကြောင့် မယုံနိုင်စရာအခြေအနေဖြင့်သာ အဆုံးသတ်နေကြသည်။
ရှားယီချူးက သီချင်းသီးသန့်ကို တီးလုံးမပါဘဲ သီဆိုနေကာ ဘေးမှသီချင်းဆိုသင်ကြားပေးသည့် ဆရာနှင့်လဲ စကားပြောနေတာကြောင့် ပါးစပ်လှုပ်ရုံဟန်ပြဆိုနေသည်ဟုလဲ ဘယ်သူကမှမပြောနိုင်ပေ။
ရှားယီချူး၏ စကားပြောနေစဉ် သို့မဟုတ် သီချင်းဆိုနေစဉ်အသံများမှာ အတူတူနီးပါးဖြစ်နေကြောင်း သိသာလှပေမည့် ဖေ့ဟဲနာသည်တော့ သူမစကားပြောသံက အလွန်ကွဲပြားနေသည်။
အင်တာနက်အသုံးပြုသူများမှာ ထိုသတင်းကြောင့် အလွန်ထိတ်လန့်တုန်လှုပ်သွားကြပြီး ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်ကို သတင်းအချက်အလက်များ ပိုထုတ်ပေးရန် မေးမြန်းနေကြပေမည့် ဖုန့်ဟွာဘက်ကတော့ အခုချိန်မှာ နှုတ်ဆိတ်နေကြသည်။ လုရှောင်းကတော့ ဒီထပ်ပိုပြီး အာရုံစိုက်မှုများစွာ မရခင်အထိ ဖြေရှင်းချက်ပေးဖို့ စိတ်ကူးရှိမနေပေ။
“ဘာတွေဖြစ်ကုန်တာလဲ? ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်က ဖြေရှင်းချက်ထုတ်ပေးသင့်တယ်မဟုတ်လား?”
“ဘာလို့ အသံတွေက တူနေကြတာလဲ?”
“ငါတော့ ဘာလို့များ ဖေ့ဟဲနာသီချင်းတွေရဲ့ တကယ့်အဆိုရှင်က ရှားယီချူးပါလို့ ခံစားနေမိရတာလဲ?”
“ငါလဲ အဲ့လိုပဲခံစားမိတယ်!”
“ငါ့မှာရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခုရှိတယ်။ ရှားယီချူးက ဖေ့ဟဲနာရဲ့ နောက်ခံအဆိုရှင်ဖြစ်နေနိုင်တယ်။ မင်းတို့ နောက်ခံသီဆိုသူများ ဇာတ်လမ်းကို ကြည့်ဖူးကြလား? ကောင်မလေးက အရမ်းအဆိုကောင်းပေမယ့် ရုပ်ရည်ကမလှတော့ နောက်ထပ်အဆိုတောင်တစ်ယောက်ရဲ့ နောက်ခံအဆိုရှင်လုပ်နေရတာလေ။”
“ဝိုး၊ အဲ့ဒါဖြစ်နိုင်ချေရှိတယ်။”
……….
အင်တာနက်အသုံးပြုသူများမှာ နောက်ခံအဆိုရှင်များအကြောင်း ပိုလို့ပိုလို့ ပြောဆိုနေကြကာ တစ်ချိန်တည်းတွင်ပဲ ဖေ့ဟဲနာ၏ပရိသတ်များကတော့ သူတို့အိုင်ဒေါဘက်မှ ခုခံကာကွယ်လာကြသည်။
“ရှားယီချူးကသာ ဖေ့နတ်ဘုရားမကို တုပနေတာ! လူအာရုံစိုက်အောင်လုပ်နေတာ!”
“ဟုတ်တယ်၊ ရှားယီချူးက ငါတို့ဖေ့နတ်ဘုရားမရဲ့ အောင်မြင်မှုကို မှီခိုပြီး နာမည်ကြီးချင်နေတာပဲ!”
…………..
***
အခန်း ၇၉၂ မင်းပြောနေတာတွေ နားမလည်ဘူး!
ဖေ့ဟဲနာတွင် အမာခံပရိသတ်များစွာရှိပေမည့် အများစုကတော့ အမှန်တရားမပေါ်ပေါက်ခင်အထိ နှုတ်ပိတ်နေဖို့သာ ရွေးချယ်ကြသည်။ ပရိသတ်တိုင်းကတော့ စဉ်းစားဆင်ခြင်နိုင်စွမ်းမဲ့နေကြတာမဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့အိုင်ဒေါကို ကာကွယ်ပေးကြမည်သာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အင်တာနက်အသုံးပြုသူအများစုကတော့ ရှားယီချူး၏ဖျော်ဖြေမှုဗီဒီယိုကို နှစ်သက်ကြသည်။ တုပတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူများစွာကတော့ သူမအပေါ် အမြင်ကောင်းများရှိနေကြပေပြီ။ ထို့အပြင် သူမက ဖေ့ဟဲနာထက်တောင် ပိုလှတယ်မဟုတ်လား။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် ပြီးခဲ့သည့်အခေါက် အောင်မြင်မှုများစွာရရှိခဲ့ပြီးကတည်းက လူသိများသည့်ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်နေပြီဖြစ်တာကြောင့် လူများစွာက အလိုလိုနေရင်း ဖုန့်ဟွာဘက်မှ ရပ်တည်နေကြသည်။
ဖေ့ဟဲနာလဲ သတင်းကိုဖတ်မိသွားချိန်တွင် သတိလက်လွတ်ဖြစ်သွားရသည်။ ရှားယီချူးလွတ်သွားကတည်းက ဒီလိုအခြေအနေမျိုး အနှေးနှင့်အမြန် ဖြစ်လာတော့မည်မှန်း သူမသိထားသော်လည်း လက်ခံဖို့ ခဲရင်းနေတုန်းပင်။ ဒါ့အပြင် ရှားယီချူး၏မျက်နှာက ပုံမှန်အတိုင်းပြန်ဖြစ်နေကာ သူမထက်တောင်မှ ပိုလှနေခြင်းက ဖေ့ဟဲနာကို အလွန်အံ့ဩသွားစေရသည်။ အရေးအကြီးဆုံးကတော့ သူမက ဖုန့်ဟွာနဲ့တောင် စာချုပ်ချုပ်လိုက်သည့်အချက်ပဲ။
ဖေ့ဟဲနာ၏အေးဂျင့်က ချက်ချင်းပင် ဖေ့ဟဲနာနှင့်ချောင်ကွမ်းရှန်တို့ကို ဖုန်းဆက်လာသည်။ တကယ်တော့ အေးဂျင့်က ဖေ့ဟဲနာတွင် နောက်ခံအဆိုရှင်ရှိကြောင်း သိထားပေမည့် အမြတ်အစွန်းရနေတာကြောင့် ထိုကိစ္စအတွက် ဘာမှမပြောခဲ့ပေ။ သို့ပေမည့် အခုတော့ ဖော်ထုတ်ခံလိုက်ရပြီဖြစ်တာကြောင့် ဖေ့ဟဲနာသီချင်းမဆိုနိုင်မှန်း သိနေသည့် အေးဂျင့်က ချက်ချင်းပင် ဖေ့ဟဲနာကို စွန့်ပစ်လိုက်တော့သည်။
ချောင်ကွမ်းရှန်သည်လဲ သတင်းထောက်များထံမှ မရေမတွက်နိုင်သည့် ဖုန်းခေါ်ဆိုမှများဝင်နေတာကြောင့် နောက်ဆုံး သူ့ဖုန်းကိုပင် ပေါက်ခွဲပစ်လိုက်တော့သည်။
အခုတော့ ရှားယီချူးက သူ့ကိုရွေးချယ်ခွင့်လေးတောင် မချန်ပေးထားတော့ဘူးပဲ။
တကယ်တော့ သူကသာ အရင်ဆုံး ရှားယီချူးကို ဖေ့ဟဲနာ၏နောက်ခံအဆိုရှင်အဖြစ်လုပ်ရန် ဖိအားပေးထားသူဖြစ်ကြောင်းကို မေ့နေခဲ့ခြင်းဖြစ်သည်။ သူသာ ရှားယီချူးကို သစ္စာမဖောက်ခဲ့လျှင် ရှားယီချူးကလဲ အခုထိဆက်ပြီး ဖေ့ဟဲနာ၏နောက်ခံအဆိုရှင်လုပ်ပေးကာ သူတို့အတွက် ငွေရှာပေးနေဦးမည်ဖြစ်သည်။
ကံအလှည့်အပြောင်းဆိုတာ တကယ်ကိုတည်ရှိနေတာပဲ။
……
ကုနင်းက လုရှောင်းကို လက်လွှဲထားပြီးဖြစ်တာကြောင့် သတင်းဖတ်ပြီးနောက် သူ့ကို ဖုန်းဆက်မနေတော့ဘဲ ယောင်မိသားစုအကြောင်းကိုသာ ဆက်ရှာခဲ့သည်။
ထို့အပြင် ကေထံသို့လဲဆက်သွယ်ကာ ယောင်မိသားစု၏ဖုန်းနံပါတ်များကို ရှာခိုင်းထားသည်။
ယောင်မိသားစုသည် Bမြို့မှ လူချမ်းသာမိသားစုတစ်စုဖြစ်ပေမည့် ဖန်မိသားစုကိုကော ကျန်းမိသားစုကိုပါ မယှဉ်နိုင်သေးပေ။
ကုန်းကျန်းယန်သည် ယောင်မိသားစုထဲသို့ လက်ထပ်ဝင်သွားကာ ယောင်မိသားစုလုပ်ငန်း၏ အဓိကသော့ချက်ဖြစ်သည့် ငွေစာရင်းထိန်းချုပ်သူဖြစ်လာခဲ့သည်။
မကြာခင်တွင်ပဲ ကေက ယောင်မိသားစုဝင်တိုင်း၏ ဖုန်းနံပါတ်များရလာခဲ့ကာ ကုနင်းလဲ အမည်မသိဖုန်းဆက်သူအဖြစ်နှင့် ယောင်ကွမ်းဟွေ့ကို ခေါ်ဆိုလိုက်သည်။
“ဘယ်သူလဲ?” ယောင်ကွမ်းဟွေ့ မေးလိုက်သည်။
ကုနင်း အသံပြောင်းသည့်ဆော့ဖ်ဝဲကို အသုံးပြုထားတာကြောင့် ယောက်ျားတစ်ယောက်အသံလိုဖြစ်သွားသည်။ “လူကြီးမင်းယောင်၊ ခင်ဗျားနဲ့ ပြောခွင့်ရတာ ဝမ်းသာပါတယ်။ ငါ့မှာ အခု ခင်ဗျားကို ပြောပြဖို့ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်။ ဒီတော့ တခြားလူတွေရဲ့ဝေးရာကို ထွက်လာလိုက်ပါ။”
ကုနင်း ဖုန်းထဲမှနေပြီး အခြားလူများ၏အသံကိုကြားနေရတာကြောင့် ယောက်ကွမ်းဟွေ့အား ဂရုစိုက်ရန် ပြောလိုက်သည်။
ထိုစကားကြောင့် ယောင်ကွမ်းဟွေ့ မျက်မှောင်ကြုတ်သွားသော်လည်း သူ့စာဖတ်ခန်းထဲသို့ နေရာပြောင်းလိုက်သေးသည်။
“ဘယ်သူလဲ?” ဖုန်းထဲမှ ယောင်ကွမ်းဟွေ့၏လေသံမှာ အလွန်လေးနက်နေသည်။
ကုနင်း ထိုလူ၏အမေးကို လျစ်လျူရှုကာ သူမကသာ မေးခွန်းပြန်မေးလိုက်သည်။ “ခင်ဗျားမှာ လွန်ခဲ့တဲ့အနှစ်၂၀ကတည်းက အမြဲစွန့်ပစ်ချင်နေမိတဲ့ ကောင်လေးတစ်ယောက်ရှိတာကို မှတ်မိသေးလား?”
“ဘာ?” ယောင်ကွမ်းဟွေ့ ထိတ်လန့်သွားသည်။ “မင်းဘာတွေပြောနေလဲ ငါနားမလည်ဘူး။”
“ဟမ့်” ထိုလူက မယုံကြည်ဘဲ သူမကို ပြန်လိမ်နေကြောင်း ကုနင်းသိပေသည်။ “လူကြီးမင်းယောင်၊ မင်းအဲ့ကောင်လေးအကြောင်း ပိုသိချင်တယ်ဆိုရင် ငါနဲ့တုံးအသလို လာမကစားနဲ့။ မဟုတ်ရင် နောင်အနာဂါတ်မှာ ခင်ဗျားကို သတ်မဲ့လူက ဘယ်သူမှန်း မသိသွားရဘဲနေမယ်။ လက်စားချေခြင်းဆိုတာ အကောင်းဆုံးစားတော်ဆက်ပွဲပဲ။ ခင်ဗျား သူ့အမေကို ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ စွန့်ပစ်လိုက်ပြီး သူ့ကိုတောင်မှ သတ်ချင်နေခဲ့တာမဟုတ်လား။ သူက ခင်ဗျားကို ခွင့်လွှတ်ပေးလိမ့်မယ်လို့များ ထင်နေတာလား?”
“မင်း…” ယောင်ကွမ်းဟွေ့ ထိတ်လန့်သွားတော့သည်။
ဒီလူ ဘယ်များ အရင်အကြောင်းတွေသိနေရတာလဲ? ဒီလူဘယ်သူလဲ? သူက အဲ့ကောင်လေးတော့မဖြစ်နိုင်ဘူး။ သူဘာလိုချင်နေတာလဲ?
ယောင်ကွမ်းဟွေ့မှာ သူ၏တရားမဝင်သားအကြောင်း လွန့်ခဲ့သည့်နှစ်များစွာကတည်းက မေ့ပျောက်နေခဲ့ပြီဖြစ်သည်။ ကုနင်း စကားစလာကာမှ ဆိုးရွားသည့်ကိစ္စများဖြစ်လာတော့မည်ဟု ခံစားမိသွားသည်။
အဲ့ဒီကောင်လေးသာ အသက်ရှိနေသေးလျှင် သူ့ကိုလက်စားချေလောက်မည်မှန်း သိပေသည်။ အဲ့ကောင်လေး သူ့ကိုဘာများလုပ်မှာပါလိမ့်?
ယောင်ကွမ်းဟွေ့သည် သူ့ရန်သူများနှင့် ထိပ်တိုက်တွေ့ဆုံရမည်ကို မကြောက်သော်လည်း အမှောင်ထဲမှနေကာ ဆန့်ကျင်ဖို့ကြိုးစားနေသူများကိုတော့ ဂရုစိုက်မှရပေမည်။ သူ့တရားမဝင်သားအကြောင်း ဘာတစ်ခုမှမသိထားတာကြောင့် ကြောက်ရွံ့မိသည်။
ထိုအကြောင်းတွေးလိုက်မိသည်နှင့် ယောင်ကွမ်းဟွေ့ စိတ်မအေးနိုင်တော့ပေ။ “မင်းရည်ရွယ်ချက်က ဘာလဲ?”
“ရှင်းရှင်းလေးပါ၊ ငါ့မှာ သူနဲ့ရှည်ကြာတဲ့ရန်ငြှိုးတစ်ခုရှိတယ်၊ ဒါကြောင့် ခင်ဗျား သူ့ကိုကူသတ်ပေးတာလေး လိုချင်ရုံပဲ။”
“မင်းအတွက် ငါလုပ်ပေးလောက်မယ်လို့ ဘယ်လိုလုပ်ထင်နေတာလဲ? ငါ သူ့ကို ကောင်းကောင်းမဆက်ခံခဲ့တာမှန်ပေမယ့် သူကလဲ ငါ့သားအရင်းတစ်ယောက်ပဲလေ။” ယောင်ကွမ်းဟွေ့ ပြန်ပြောလိုက်ပေမည့် ထိုသားဖြစ်သူကို အလွန်စွန့်ပစ်ချင်နေသည်ကိုတော့ မငြင်းဆန်နိုင်ပေ။ အထူးသဖြင့် သူ့အသက်ကိုတောင် ခြိမ်းခြောက်လာသည့်သားကိုပေါ့။
“ခင်ဗျားမလုပ်ရင်လဲရပါတယ်။ ငါ့ဘာသာလုပ်နိုင်တာပေါ့။ ဒါပေမယ့် ဘယ်သူကအရင်အဆုံးအသတ်ခံရမလဲကိုတော့ မသေချာဘူးနော်။”
“သူဘယ်သူလဲ ပြောစမ်းပါ?” ယောင်ကွမ်းဟွေ့ စိတ်မရှည်တော့ပေ။
“သူက ခင်ဗျားအနားမှာပဲရှိနေတာပါ။ ခင်ဗျားရဲ့သားမက် ကုန်းကျန်းယန်လေ။”
“ဘာ?” ယောင်ကွမ်းဟွေ့ သူ့ထိုင်ခုံပေါ်မှပင်ပြုတ်ကျသွားကာ အသက်ပင်မရှူနိုင်တော့သလိုဖြစ်သွားသည်။
ကုန်းကျန်းယန်၊ ကုန်းကျန်းယန်၊ ကုန်းကျန်းယန်….. ကုန်းကျန်းယန်က ငါ့သားပေါ့? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကုန်းကျန်းယန်သာ တကယ်ပဲ ငါ့သားဆိုရင် လီဟွေ့နဲ့လက်ထပ်လိုက်တာက မောင်နှမချင်းယူလိုက်တာပဲပေါ့!
ယောင်ကွမ်းဟွေ့ သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုခံစားရကာ ဘယ်လိုမှလက်မခံနိုင်ပေ။ သူ့ကိုလက်စားချေဖို့လုပ်တာဆိုရင်တောင် ဒီလိုသွေးသားအရင်းချင်းလက်ထပ်တာကတော့…. ဆိုးရွားလွန်းတယ်။
တကယ်တော့ သူကိုယ်တိုင်လဲ သူ့သားကိုသတ်ဖို့ကြံစည်နေခဲ့တာကြောင့် ကြောက်စရာကောင်းတဲ့လူဖြစ်နေပြီးသားပင်။ သူတို့နှစ်ယောက်လုံးကကို တူညီနေကြခြင်းဖြစ်သည်။
“မင်းတကယ်ပြောနေတာလား?” ယောင်ကွမ်းဟွေ့ အမှန်တရားကို လက်မခံနိုင်သေးပေ။
“ခင်ဗျားကိုယ်တိုင် အဖြေကိုသိချင်ရင် ဒီအန်အေစစ်ကြည့်လိုက်ပေါ့။”
***
အခန်း ၇၉၃ လက်ထပ်ခွင့်တောင်းခြင်း
အဖြေကိုသိရဖို့ ဒီအန်အေစစ်လိုက်ရုံဖြင့် အလွယ်လေးသိနိုင်ပေသည်။
သို့သော်လည်း ဖုန်းတစ်ဖက်မှလူကတော့ ကုန်းကျန်းယန်က သူ့သားဖြစ်လောက်မှန်း သေချာနေပြီဖြစ်သည်။
ယောင်ကွမ်းဟွေ့ ထိတ်လန့်နေခဲ့တာကြောင့် တစ်ဖက်မှဖုန်းချသွားသည်ကို သတိမထားမိခဲ့ပေ။ ကုန်းကျန်းယန်အကြောင်းကိုသာ ဆက်တိုက်တွေးနေမိသည်။
သူ့ရဲ့လက်မခံချင်တဲ့စိတ်ကို ဖိနှိပ်ကာ လက်ခံနိုင်သွားသည်နှင့် ဒေါသထွက်လာတော့သည်။ ကုနင်းကျန်းယန်ကို မျက်နှာချင်းဆိုင်သွားမေးပစ်ဖို့ မစောင့်နိုင်တော့သော်လည်း အဆုံးမှာတော့ သူ့စိတ်ကိုသာ သူပြန်လျှော့လိုက်ရသည်။ ယောင်ကွမ်းဟွေ့သည့် အတွေ့အကြုံများသည့် လူကြီးတစ်ယောက်ဖြစ်တာကြောင့် သူ့မျက်နှာမပျက်ရဘဲ ဘယ်လိုဖြေရှင်းရမလဲကို သိပေသည်။
ကုန်းကျန်းယန်နှင့်ယောင်လီဟွာတို့ အိမ်တွင်မရှိသေးတာကြောင့် ယောင်ကွမ်းဟွေ့လဲ ကုန်းကျန်းယန်တို့အခန်းသို့သွားကာ သူ့ဆံပင်ကို ရှာဖို့ ဆုံးဖြတ်လိုက်သည်။
ကုန်းကျန်းယန်သည် ယောင်မိသားစုထဲသို့ လက်ထပ်၍ဝင်ခဲ့တာကြောင့် ယောင်မိသားစုအိမ်တော်တွင်သာ နေပေသည်။ ထိုအတွဲတွင် သူတို့ကိုယ်ပိုင်အိမ်ရှိကြေသော်လည်း အများအားဖြင့် ယောင်မိသားစုအိမ်တော်တွင်သာ အချိန်ကုန်ဆုံးလေ့ရှိကြသည်။
ယောင်ကွမ်းဟွေ့သည် အိမ်၏ဒုတိယထပ်တွင်နေကာ ကုန်းကျန်းယန်နှင့်ယောင်လီဟွာတို့အခန်းကတော့ တတိယထပ်တွင်တည်ရှိသည်။
ယောင်ကွမ်းဟွေ့လဲ ချက်ချင်းပင် စာဖတ်ခန်းထဲမှထွက်ကာ အပေါ်ထပ်သို့ တက်သွားကာ ကုန်းကျန်းယန်နှင့်ယောင်လီဟွာတို့အခန်းထဲသို့ ဝင်ခဲ့သည်။
ခေါင်းအုံးများပေါ်တွင် ခဏလောက်ရှာဖွေလိုက်သည်နှင့် ကုန်းကျန်းယန်၏ဆံပင်မွေးများကို ရှာတွေ့သွားတော့သည်။ ယောင်ကွမ်းဟွေ့ ချက်ချင်းပင် ဆံပင်များကို ထုပ်ပိုးကာ မြန်မြန်ဆန်ဆန်ပဲ သူ့စာဖတ်ခန်းသို့ပြန်သွားလိုက်သည်။ ယောင်ကွမ်းဟွေ့မှာ ကုန်းကျန်းယန် အိမ်ပြန်ရောက်လာလျှင် မတွေ့ချင်တာကြောင့် တစ်နေ့လုံး စာဖတ်ခန်းထဲမှာပဲ နေဖို့ရန် ဆုံးဖြတ်လိုက်သည်။ ကုန်းကျန်းယန်နှင့်ယောင်လီဟွာကို သူ့မျက်စိရှေ့တွဲမြင်လိုက်ရပါက စိတ်မထိန်းနိုင်ပဲ ကုန်းကျန်းယန်ကို ရိုက်နှက်ပြစ်မည်စိုးရသည်။
ကုန်းကျန်းယန်သာ တကယ်ပဲ သူ့ရဲ့တရားမဝင်သားမှန်နေပါလျှင် ဆက်ပြီးလက်ခံထားပေးနိုင်စရာအကြောင်း မရှိပေ။ ကုန်းကျန်းယန် တည်ရှိနေမှုက သူ့အသက်ကို ခြိမ်းခြောက်နေသလို သူ့မိသားစုအတွက်လဲ အရှက်ရစရာပင်။
ဒီသတင်းသာ ပျံ့သွားခဲ့ပါက ယောင်မိသားစု၏ ဂုဏ်သတင်းပျက်စီးသွားပြီး မိသားစုစီးပွားရေးကိုလဲ ထိခိုက်လာမည်ဖြစ်သည်။ ဒီလိုအဖြစ်မျိုး ဘယ်လိုမှဖြစ်ခွင့်ပြုမည်မဟုတ်ပေ။
ရန်သူကို ငဲ့ညှာလိုက်ခြင်းက ကိုယ့်ကိုထိုးဖို့ ဓါးတစ်ချောင်းကမ်းပေးလိုက်သလိုသာဖြစ်သည်။ သူကိုယ်တိုင်ကလဲ ကိုယ့်ကိုကိုယ် မထိခိုက်စေချင်သူဖြစ်တာကြောင့် အခုလို သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် တရားမဝင်သားကို နှစ်ပေါင်းများစွာ လိုက်သတ်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူကျရှုံးခဲ့ပြီး ထိုကလေးက အချိန်မရွေးပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံးလို ဆက်လက်တည်ရှိနေခဲ့သည်။
ကုန်းကျန်းယန်က သူ့တရားမဝင်သားမှန်း မသိခဲ့တုန်းကတောင်မှ ကုန်းကျန်းယန်ကို မနှစ်သက်ခဲ့ပေ။ ကုန်းကျန်းယန်ဆိုသည်မှာ ဘာအောင်မြင်မှုကြီးကြီးမားမားမှမရရှိထားသည့် လူဆင်းရဲတစ်ယောက်သာဖြစ်သည်။
သို့ပေမည့် ယောင်လီဟွာက ကုန်းကျန်းယန်ကို သေလောက်အောင် ချစ်နေကာ သူတို့လက်ထပ်ပွဲကို သဘောမတူလျှင် သတ်သေမည်ဟုတောင် ခြိမ်းခြောက်ခဲ့တာကြောင့် သူလဲ မတတ်နိုင်တဲ့အဆုံး သဘောတူပေးလိုက်ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ကုန်းကျန်းယန်သည် ကုမ္ပဏီတွင် လုပ်ဆောင်မှုကောင်းများလုပ်ပြခဲ့တာကြောင့် သူလဲ သဘောမကျပေမည့် ဘာမှထပ်မပြောတော့ခြင်းဖြစ်သည်။ အခုတော့ ကုန်းကျန်းယန်က လက်စားချေဖို့အတွက် သူ့မိသားစုထဲ လက်ထပ်ဝင်ရောက်ခဲ့ခြင်းတဲ့လား။
ဖုန်းဆက်လာသည့် ဆန်းကြယ်သည့် ‘ယောက်ျား’ပေးသော ထိတ်လန့်စရာသတင်းကို ယောင်ကွမ်းဟွေ့ လက်ခံထားပြီဖြစ်တာတောင်မှ သံသယတချို့ရှိနေသေးကာ အမှန်မဟုတ်ဖို့လဲ မျှော်လင့်နေမိသည်။ ဘာပဲဖြစ်ဖြစ် ဒီအန်အေစစ်ဆေးချက်ကတော့ လုပ်ကိုလုပ်ရမည်ပင်။
တခဏအကြာတွင်တော့ ကုန်းကျန်းယန်နှင့် ယောင်လီဟွာတို့ အိမ်ပြန်ရောက်လာကြသည်။ သူတို့နှစ်ဦးသားက လက်ချင်းယှက်ကာ ဝင်လာကြကာ တကယ်ကိုချစ်ကြည်နူးနေသည့် စုံတွဲလေးလိုပင်။
အခုဆိုလျှင် သူတို့လက်ထပ်ပြီးတာ ၃နှစ်ပင်ကြာသွားပြီဖြစ်ပေမည့် အတူရှိနေရသည့် စက္ကန့်တိုင်းက သစ်လွင်နေတုန်းပင်ဖြစ်သော်လည်း ကုန်းကျန်းယန်၏ တည်ရှိမှုက မှားယွင်းနေသည်။
ကုန်းကျန်းယန်သည် အမျိုးသမီးများအကြိုက် ဆွဲဆောင်မှုရှိလွန်းပြီး ခန့်ညားချောမောကာ ဟာသဉာဏ်ရွှင်သည့်အပြင် တစ်ဖက်သားအပေါ် ကြင်နာတတ်သည့် လူကြီးလူကောင်းတစ်ယောက်ပုံစံဖြစ်တာကြောင့် ယောင်လီဟွာက မြင်မြင်ချင်းပင် သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးသွားခြင်းဖြစ်သည်။
ကုန်းကျန်းယန်၏တည်ရှိမှုက မှားယွင်းနေသည်မှန်သော်လည်း သူသည် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကာ ယောင်မိသားစုမှ ဘယ်သူကမှ သူ့ဘယ်သူမှန်း မသိကြပေမည့် အားလုံးက သူ့အပေါ် ကောင်းကောင်းမွန်မွန်သာ ဆက်ဆံခဲ့ကြသည်။
ကုန်းကျန်းယန်သည်လဲ အားလုံးအပေါ် ကြင်ကြင်နာနာပင် ဆက်ဆံကာ အလုပ်ကြိုးစားပြီး ဘာရည်ရွယ်ချက်ကိုမှ ထုတ်မပြာတာကြောင့် ယောင်မိသားစု၏ ယုံကြည်မှုကို ရသွားကာ ငွေစာရင်းထိန်းချုပ်သူဖြစ်လာခဲ့သည်။
“ဟိုင်း၊ အိမ်ပြန်ရောက်ပါပြီ!” ယောင်လီဟွာက အိမ်ထဲဝင်လာသည်နှင့် ပြုံးရွှင်ကာ နှုတ်ဆက်လိုက်သည်။
“ကြိုဆိုပါတယ် ကလေးရေ။” ယောင်လီဟွာ၏အမေကလဲ ပြုံးရယ်ကာ သူမသမီးကို ဖက်တွယ်လိုက်သည်။
ထို့နောက် ဧည့်ခန်းထဲမှာ ပျော်စရာမိသားစုလေးပမာ စကားဝိုင်းဖွဲ့ပြောခဲ့ကြသည်။
ကုန်းကျန်းယန်အသံကြားကတည်းက ယောင်ကွမ်းဟွေ့မှာ ဒေါသကြောင့် တုန်ရီလာခဲ့ပေမည့် စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချကာ စာဖတ်ခန်းထဲမှာသာနေခဲ့သည်။ တစ်ညလုံးလဲ သူအိပ်လို့မပျော်ခဲ့ပေ။
……….
မနက်၆နာရီလောက်တွင်ပဲ ခြံထဲမှဆူဆူညံညံအသံမျာကြားကာ ကုနင်းနိုးလာခဲ့သည်။ သူမလဲ အိပ်ရာမှထကာ အပြင်မှအခြေအနေကို ကြည့်လိုက်ချိန်တွင် ခြံထဲ၌ လူတစ်စုရှိနေကြောင်း သိလိုက်ရတာကြောင့် အံ့ဩသွားခဲ့သည်။
ဘာတို့ ဒီကိုဘာလာလုပ်ကြတာပါလိမ့်?
ယနေ့တွင် ထန်မိသားစုဝင်တိုင်းက ကုနင်း၏ခြံထဲတွင် ရောက်ရှိနေခဲ့သည်။
အချို့မှာ နှင်းဆီပန်းများနေရာချရင်းအလုပ်ရှုပ်နေသလို တချို့ကလဲ ဘောလုံးများပြင်ဆင်နေကြသည်။ ထိုမြင်ကွင်းကြောင့်ပဲ ထန်ယွင်ဖန်း လက်ထပ်ခွင့်တောင်းဖို့ပြင်နေခြင်းဖြစ်ကြောင်း ကုနင်းသဘောပေါက်သွားတော့သည်။
သူမပြုံးလိုက်ကာ ခြံထဲမှပုံရိပ်ကို ဓါတ်ပုံတစ်ပုံအဖြစ်ရိုက်ယူလိုက်သည်။
ထန်ယွင်ဖန်းနှင့်ကျန်လူများမှာ ခြံထဲတွင် မရေမတွက်နိုင်သည့် နှင်းဆီနီများနှင့် ပန်းရောင်ဘောလုံးများကို အလှဆင်နေကြသည်။ သံသယဖြစ်ရန်ပင်မလိုစွာ ထန်ယွင်ဖန်း၏အကြံဖြစ်ကြောင်း သိသာပေသည်။
အပြင်အဆင်က မဆန်းသစ်နေသော်လည်း သူလဲ အကောင်းဆုံးကြိုးစားခဲ့ခြင်းဖြစ်မည်။ ထို့အပြင် ထန်ယွင်ဖန်းက သူ့မိသားစုဝင်အားလုံးရှေ့တွင်ပင် ကုမန့်ကိုလက်ထပ်ခွင့်တောင်းဖို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ရုတ်တရက်ဆိုသလို ကုနင်း လင်ရှောင်းထင်အကြောင်း တွေးမိသွားကာ နောင်တစ်ချိန် သူမကို ထိုလူ ဘယ်လိုများ လက်ထပ်ခွင့်တောင်းမလဲ စိတ်ကူးနေမိသည်။ သူကတော့ ရိုးရိုးရှင်းရှင်းပုံစံဖြင့် လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံပေးမည်မဟုတ်ပေ။
ချောင်ယ၏အကြားအာရုံက ကုနင်းလောက်တော့ မကောင်းပေမည့် ၁၀မိနစ်လောက်နောက်ကျပြီးသည်နှင့် ကြားသွားခဲ့သည်။ သူမလဲ အိပ်ရာမှထကာ သူမအခန်းပြတင်းပေါက်မှနေပြီး ဘာတွေလုပ်နေသလဲကို စူးစမ်းလိုက်သည်။
ထိုမြင်ကွင်းက ချောင်ယရင်ထဲထိမိသွားကာ အရိုးရှင်းဆုံးအနေအထားဖြစ်ရင်တောင်မှ သူမလဲ ထိုသို့စိတ်ကူးယဉ်ဆန်သည့်လက်ထပ်ခွင့်မျိုး အတောင်းခံရဖို့ မျှော်လင့်မိသည်။
ခြံရှေ့တွင် လူများစွာက အလှဆင်ရင်း အလုပ်ရှုပ်နေကြပေမည့် အိမ်ထဲမှအိပ်နေသူများ မနိုးသွားစေရန်အတွက် ညင်ညင်သာသာလှုပ်ရှားနေကြတာကြောင့် ပြင်ဆင်မှုပြီးစီးဖို့ အချိန်ပိုယူရပေသည်။
၆နာရီခွဲချိန်တွင်တော့ ကောင်းကင်မှ အလင်းရောင်စတင်ထွက်ပေါ်လာပြီဖြစ်သော်လည်း ကုမန့်ကတော့ အိပ်မောကျနေစဲဖြစ်တာကြောင့် သူတို့အချိန်အတော်ကြာ ဆက်စောင့်နေရဦးပေမည်။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ စိတ်ရှည်ရှည်နှင့်ပင် မျှော်လင့်တကြီး စောင့်နေကြသည်။
၇နာရီထိုးချိန်တွင်တော့ ကောင်းကင်မှအလင်းရောင်က လုံးဝနီးပါး လင်းရှင်းလာပြီဖြစ်ကာ ကုမန့်လဲ အိပ်ရာမှနိုးလာပြီး မနက်စာပြင်ဖို့ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ကုမန့် အောက်ထပ်သို့ရောက်ချိန်တွင် ဧည့်ခန်းထဲ၌ ကုနင်းနှင့်ချောင်ယတို့ရောက် ရှိနေပြီဖြစ်သည်။
သူတို့နှစ်ယောက်က နေ့တိုင်းစောထနေကျဖြစ်တာကြောင့် ယနေ့မှ ကွဲပြားမှုရှိနေသည်ဟု ကုမန့်မထင်မိပေ။
ကုနင်း ဧည့်ခန်းထဲသို့ရောက်သည်နှင့် ကုနင်းက သူမလက်ကိုဆွဲကာ အိမ်ပြင်သို့ခေါ်သွားဖို့လုပ်တော့သည်။
“ဘယ်သွားမလိုလဲ?” ကုမန့် နားမလည်စွာဖြင့် မေးလိုက်သည်။
“ခဏနေသိမှာပါ!”
အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ထန်မိသားစုဝင်များမှာ စိတ်လှုပ်ရှားစွာဖြင့် တံခါးဖက်သို့ ကြည့်လာကြသည်။
***
အခန်း ၇၉၄ တစ်ဘဝလုံးစာ ကာကွယ်ပေးသွားမယ်
ကုမန့်မှာ အိမ်ပြင်ရောက်ရောက်ခြင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်သက်သွားသလို ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် စိုစွတ်လာတော့သည်။
ထန်ယွင်ဖန်း သူမကို လက်ထပ်ခွင့်တောင်းလာမည့်အကြောင်း သိတာကြောင့် သူမစိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာတောင်မှ အမှန်တကယ်ဖြစ်လာချိန်တွင် အလွန်စိတ်လှုပ်ရှားနေမိတုန်းပင်။
ထန်ယွင်ဖန်းက လက်ထဲတွင် နှင်းဆီပန်းစည်းကြီးတစ်စည်းကို ကိုင်ကာ ကုမန့်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တော့ ကုမန့်ဆီအမြန်သွားကာ ပွေ့ဖက်ပစ်ချင်စိတ်ကို ထိန်းနေရသည်။
ကုမန့်သည်လဲ ရင်ခုန်လာကာ သူမပါးပြင်များမှာလဲ နီစွေးလို့လာသည်။ စိတ်လှုပ်ရှားလွန်း၍ ထွက်တောင်ပြေးချင်လာမိသည်။ သို့ပေမည့် သူမခြေထောက်များက သူမစကားကိုနားမထောင်ဘဲ နေရာတွင်ပဲ ရပ်မြဲရပ်နေမိသည်။
ထန်ယွင်ဖန်းလဲ စိတ်လှုပ်ရှားနေကာ စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်နေရသည်။
ထန်ယွင်ဖန်းက ကုနင်းနှင့်မျက်နှာချင်းဆိုင်သို့ရောက်သည်အထိ လျှောက်လာကာ သူမကို ချစ်ရိပ်များပြည့်လျှံနေသည့် အကြည့်များဖြင့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ ကုမန့်တစ်ယောက်တည်းကိုသာ မြင်နေရကာ ဘေးမှာရှိနေသည့် ကုမန့်ပင်လဲ သူ့အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။
“မန့်၊ ကိုယ်တို့ ကွဲကွာနေရတာ ၁၈နှစ်တောင် ရှိခဲ့ပြီနော်။”
“မန့်၊ မင်းကို စိတ်ထိခိုက်စေပြီး တစ်ယောက်တည်း ခံစားစေခဲ့ရတဲ့အတွက် ကိုယ်တကယ်စိတ်မကောင်းပါဘူး။”
“မန့်၊ ဒီကျန်ရှိနေတဲ့ ဘဝတစ်သက်တာလုံး ကိုယ်မင်းကို ကာကွယ်သွားပါ့မယ်။”
“မန့်…”
ဤတစ်ကြိမ်တွင်တော့ ထန်ယွင်ဖန်းက အောက်သို့ ဒူးတစ်ဖက်ထောက် ထိုင်လိုက်ကာ စိန်လက်စွပ်ပါသည့် နှင်းဆီပန်းစည်းကြီးကို မြှောက်လိုက်ပြီးနောက် တည်ကြည်လေးနက်သည့်အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “ကိုယ့်ကို လက်ထပ်နိုင်မလား?”
ကုမန့်၏မျက်ရည်များ မထိန်းချုပ်နိုင်တော့ဘဲ ပျော်ရွှင်မှုကြောင့် ငိုကြွေးမိကာ စကားတစ်ခွန်းပင် မဆိုနိုင်တော့ပေ။
အနားရှိလူများရင်ထဲသို့လဲ ထိုမြင်ကွင်းက ထိရှသသွားခဲ့ကာ ကုမန့် ချက်ချင်းလက်မခံသေးတာကို မြင်လိုက်တာကြောင့် တစ်စုံတစ်ယောက်မှနေပြီး စတင်အော်ဟစ်လိုက်သည်။ “လက်ခံလိုက်ပါ! လက်ခံလိုက်ပါ!”
ထို့နောက်တွင်တော့ လူတိုင်းက အတူတကွ အော်ဟစ်ပေးကြသည်။ “လက်ခံလိုက်ပါ! လက်ခံလိုက်ပါ!”
အခုချိန်က အလုပ်သွားချိန်လဲဖြစ်တာကြောင့် လက်ထပ်ခွင့်တောင်းသည့်မြင်ကွင်းက လမ်းသွားလမ်းလာများကိုပါ ဆွဲဆောင်သွားသည်။
“ဘုရားရေ၊ သူက ထန်ဟွမ်လုပ်ငန်းစုရဲ့ ဥက္ကဌမဟုတ်လား?” တစ်စုံတစ်ယောက်ကစတင်က ထန်ယွင်ဖန်းအား မှတ်မိသွားခဲ့သည်။
“ဘာ? ထန်ဟွမ်လုပ်ငန်းစုရဲ့ ဥက္ကဌလား?”
ထိုစကားကြောင့် တခြားလူများလဲ အံ့ဩသွားတော့သည်။
“ဘုရားရေ၊ ထန်ဟွမ်လုပ်ငန်းစုရဲ့ဥက္ကဌက သူချစ်ရတဲ့အမျိုးသမီးကို လက်ထပ်ခွင့်တောင်းနေတာပဲ!”
လမ်းသွားလမ်းလာများက ချက်ချင်းပင် သူတို့ဖုန်းများကိုထုတ်ကာ လက်ထပ်ခွင့်တောင်းပွဲကြီးကို ဓါတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးကြတော့သည်။
လူအများ၏ ‘လက်ခံလိုက်ပါ’ဟူသော စကားကိုကြားနေရတာကြောင့် ကုမန့်လဲ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ထန်ယွင်ဖန်းလက်ထဲမှ နှင်းဆီပန်းစည်းကို ယူလိုက်တော့သည်။
သူမလက်ခံလိုက်ပေပြီ။ ထန်ယွင်ဖန်းလဲ အလွန်ပျော်ရွှင်သွားကာ ကုမန့်အတွက် အထူးမှာထားသည့် စိန်လက်စွပ်ကို ကုမန့်လက်ချောင်းလေးတွင် စွပ်ပေးလိုက်ပြီးနောက် သူမလက်ကိုဆွဲကာ သူ့လက်မောင်းမှာ တွယ်ချိတ်စေလိုက်သည်။
သူတို့က လူကြီးစုံတွဲဖြစ်တာကြောင့် လူငယ်များလို လူမြင်ကွင်းတွင် စိတ်လွတ်လက်မလွတ်နေနိုင်ကြတာကြောင့် လူအများရှေ့တွင် ကုမန့်ကို ထန်ယွင်ဖန်း မနမ်းခဲ့ဘဲ ပွေ့ဖက်ရုံသာ ပွေ့ဖက်လိုက်သည်။
ထန်ယွင်ဖန်းအတွက် ကုမန့်ကို မပွေ့ဖက်ရသည်မှာ အချိန်ကြာရှည်ခဲ့ပြီဖြစ်တာကြောင့် သူမကိုပွေ့ဖက်ရသည့်ခံစားချက်ကိုပင် မေ့လုနီးပါးဖြစ်နေပေပြီ။ အခုတော့ သူမခန္ဓာကိုယ်မှရသည့် မွှေးပျံ့သည့်အနံ့လေးကပင် သူ့ကို စိတ်လှုပ်ရှားလာစေသည်။
ကုမန့်သည်လဲ ထန်ယွင်ဖန်းနှင့်အလားတူပင် ခံစားမိသည်။
အနားရှိလူတိုင်းက ကောင်းချီးပေးကြကာ ကောင်းကင်မှနေပြီးလဲ နှင်းဆီပန်းမိုးများရွာချလာသည်။ ထိုအချိန်တွင်ပဲ ရောင်စုံမျိုးပျံ့ပူဖောင်းများကိုလဲ လွှတ်တင်လိုက်တာကြောင့် ရင်သပ်ရှုမောဖွယ်ရာလှပလွန်းသည့် မြင်ကွင်းတစ်ခုပင်!
ထို့နောက်တွင်တော့ ကုနင်းက သူတို့ကို အိမ်ထဲသို့ခေါ်သွားခဲ့သည်။
သို့ပေမည့် လမ်းသွားလမ်းလာများကတော့ ချက်ချင်းပင် လက်ထပ်ခွင့်တောင်းပွဲမှ ဓါတ်ပုံများ၊ ဗီဒီယိုများကို သူတို့၏Weiboပေါ်တွင် တင်ကြတော့သည်။ ထန်ဟွမ်လုပ်ငန်းစုသည် အလွန်ကျော်ကြားတာကြောင့် ထိုသတင်းကိုမြင်သူတိုင်း ပြန်လည်မျှဝေကြတော့သည်။
ထန်ယွင်ဖန်းနှင့်သိသူများသည်လဲ အလွန်လန့်ဖြန့်သွားကြသည်။ ထန်ယွင်ဖန်းလို အသက်၄၀ကျော်အထိ တစ်ကိုယ်တည်းနေခဲ့တဲ့လူက အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တာကြောင့် လွန်စွာအံ့ဩနေကြသည်။ လက်ထပ်ခွင့်တောင်းပွဲမြင်ကွင်းမှာ သာမာန်လူချမ်းသာများလို အလွန်အကျူးသုံးစွဲထားခြင်းမဟုတ်သော်လည်း အလွန်ရိုမန့်တစ်ဆန်ကာ ချစ်ခင်မှုကို ခံစားရသည်။
Bမြို့မှ ထိပ်တန်းမိသားစုဖြစ်သည့် ထန်မိသားစုထဲ လက်ထပ်ကာ ဝင်ရောက်ချင်နေသည့်အမျိုးသမီးကိုလဲ လူတိုင်းမနာလိုအားကျနေကြသည်။ တချို့ကတော့ ကုမန့်ကို ဝိုင်းဝန်းတိုက်ခိုက်ကာ ငွေကြောင့်နှင့် ချဉ်းကပ်လိုက်ခြင်းဟု သမုတ်ကြပေမည့် ကုမန့်ဘက်မှ ထောက်ခံသူက ပို၍များပေသည်။
“ချမ်းသာလွန်းတဲ့မိသားစုနဲ့ လက်ထပ်သွားတဲ့အမျိုးသမီးတိုင်းက ငွေရဖို့အတွက်ကြောင့်ပဲမဟုတ်ဘူး။”
“ထားပါ၊ သူတို့က မနာလိုလို့ပြောနေကြတာ။”
“ပုံတွေနဲ့ ဗီဒီယိုထဲက အမျိုးသမီးက ဘယ်သူမှန်းတောင် သူတို့သိကြတာမဟုတ်သေးဘဲနဲ့ ဝိုင်းတောင် တိုက်ခိုက်နေကြပြီ။”
“ဝေဖန်ရေးသမားတွေများ ရွံ့စရာကောင်းလိုက်တာ။”
“အဲ့ဒါ ဟွားဖုတောင်ကုန်းမှာမဟုတ်လား။ Bမြို့ရဲ့ ဈေးအကြီးဆုံးလူနေအိမ်ရာတွေထဲက တစ်ခုလေ! တစ်အိမ်ကိုတောင် အနည်းဆုံး ယွမ်၁၀သန်းကျော်ပေးရတာ။ အဲ့ဒီအမျိုးသမီးကလဲ သာမာန်လို့တော့ မထင်ဘူး။”
ဟွားဖုတောင်ကုန်းဖြစ်ကြောင်း သိလိုက်ရတာကြောင့် ဝေဖန်ရေးသမားများမှာ ကုမန့်ကို ဆက်ပြီး မတိုက်ခိုက်ရဲတော့ပေ။ ဟွားဖုတောင်ကုန်းမှ အိမ်တစ်အိမ်ဆိုတာ လူချမ်းသာတွေပဲ နေနိုင်တာမဟုတ်လား။
လက်ထပ်ခွင့်တောင်းခြင်းပြီးသွားပြီးနောက် မင်္ဂလာပွဲအတွက် ပြင်ဆင်ကြတော့သည်။
ထန်ဟိုင်ဖုန်း လက်ထပ်ပွဲအတွက် ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပေးခဲ့တာကြောင့် နောက်လ၁၆ရက်နေ့တွင် မင်္ဂလာပွဲကျင်းပသွားမည်ဖြစ်သည်။
ဒါကြောင့်ပဲ သူတို့အတွက် ပြင်ဆင်ချိန် လဝက်သာရှိပေသည်။
…………
ယောင်ကွမ်းဟွေ့သည် မနက်၈နာရီလောက်ကတည်းက ကုမ္ပဏီသို့ထွက်လာကာ သူ့အတွင်းရေးမှူးအား ကုန်းကျန်းယန်၏ဆံပင်နမူနာကို ယူပြီး ဆေးရုံသို့သွားကာ ဒီအန်အေစစ်ဆေးစေသည်။
သူ့အတွင်းရေးမှူးကို ယုံကြည်စိတ်ချသော်လည်း အခုက အတင်းအဖျင်းများထွက်လာနိုင်တာကြောင့် တခြားလူတစ်ယောက်အား မသိစေချင်ပေ။ ဒါကြောင့်ပဲ ဘယ်သူ့ဆံပင်လဲဆိုသည်ကို မပြောခဲ့ပေ။
ယောင်ကွမ်းဟွေ့က သူ့အတွင်းရေးမှူးကို ဂရုတစိုက်လုပ်ကာ လူအာရုံစိုက်ခံရမှုအနည်းဆုံးဖြစ်အောင် သတိထားဖို့ထပ်မှာလိုက်သည်။
အတွင်းရေးမှူးထွက်သွားပြီး မကြာခင်တွင်ပဲ ကုန်းကျန်းယန်က ယောင်ကွမ်းဟွေ့၏ရုံးခန်းသို့ ရောက်လာခဲ့သည်။
ယောင်ကွမ်းဟွေ့မှာ ကုန်းကျန်းယန်ကို တွေ့လိုက်သည်နှင့် သူ့မျက်လုံးထဲမှ အမုန်းတရားအရိပ်များဖြတ်ပြေးသွားကာ ကုန်းကျန်းယန်ကလဲ သတိထားမိသွားသည်။
ကုန်းကျန်းယန် ဘာမှမတွေးနိုင်သေးခင်တွင်ပင် ယောင်ကွမ်းဟွေ့မှာ သူထိုသို့မထုတ်ဖော်သင့်သေးကြောင်း အမှတ်ရသွားကာ ကုန်းကျန်းယန်၏အတွေးကို ဖြတ်တောက်လိုက်သည်။ “မနေ့က ကားပါကင်မှာ မင်း မိန်းမတစ်ယောက်နဲ့ တွန်းလားဆွဲလားလုပ်နေတာကို တစ်ယောက်ယောက်မြင်လိုက်တာ။ မင်းဘာတွေလုပ်နေတာလဲ?”
ထိုအသံအရ သူ့သမီးကို ကာကွယ်ပေးနေပုံသာပေါက်ပေသည်။ တကယ်လဲ ယောင်ကွမ်းဟွေ့က ကုန်းကျန်းယန် အမျိုးသမီးတစ်ယောက်နှင့် တွန်းလားဆွဲလားလုပ်နေသည်ကို မြင်ခဲ့ပေမည့် သူတို့ကြားထဲ ဘာအကန့်မှမရှိသည်ကိုလြ သိပေသည်။ အခုက သူ့ရဲ့ရုတ်တရက် ဖြစ်သွားသည့် အမှားကို ဖုံးကွယ်ချင်ရုံသာဖြစ်သည်။
ကုန်းကျန်းယန်ဘက်က ချက်ချင်းရှင်းပြလာသည်။ “အဖေ၊ နားလည်မှုလွဲနေတာပါ။ အဲ့ဒီမိန်းမက ကျွန်တော့်ကို တမင်ချဉ်းကပ်လာတာ၊ ဒါပေမယ့် ကျွန်တော်က လက်ထပ်ပြီးသားပါလို့ ပြောလိုက်လို့ သူလဲ မကြာဘူး ပြန်ထွက်သွားပါတယ်။ ကျွန်တော်တို့ကြားထဲ ဘာအကန့်မှမရှိပါဘူး။”
***
အခန်း ၇၉၅ သွေးရင်းစပ်ယှက်မှု
“ကောင်းပြီလေ၊ ငါ လီဟွာကို မထိခိုက်စေရုံပါ။” ယောင်ကွမ်းဟွေ့ ပြောရင်းဖြင့် စက်ဆုပ်နေမိသည်။
“အဖေ၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် လီဟွာကို ထိခိုက်အောင် ဘာမှမလုပ်ဘူးလို့ ကတိပေးပါတယ်။”
ကုန်းကျန်းယန်သည် သူ့လက်စားချေမှုအပေါ်သာ အထူးဂရုစိုက်တာကြောင့် မိန်းမတွေအကြောင်း အာရုံမထားနိုင်ပေ။ တခြားမိန်းမတွေနှင့်ဖောက်ပြန်နေဖို့အသာထား သူ့ဆီကိုယ်တိုင်လာရောက်ဝပ်တွားလာသည့် မိန်းမများကိုပင် စိတ်မဝင်စားပေ။ သူ့အတွက် ယောင်လီဟွာနှင့်ပင် ပင်ပန်းနေရပြီဖြစ်ကာ သူ့အချိန်တွေ အလကားနေကုန်ဆုံးရသည်ဟုတောင် တွေးမိသည်။ သို့ပေမည့် သူသာ ယောင်လီဟွာနှင့် ဆက်ဆံရေးမကောင်းနေပါက သူ့လက်စားချေခြင်းအတွက် အကူအညီမဖြစ်ဘဲ နေပေလိမ့်မည်။
ပန်းတိုင်တစ်ခုအတွက် စွန့်လွှတ်ရမှာတော့ရှိတာပေါ့။
သူလက်စားချေဖို့အတွက် သူ့ညီမဖြစ်သူနှင့် အိပ်ခဲ့ရပေမည့် သူ့ညီမအရင်း၏ကလေးကိုလက်ခံဖို့အထိ စိတ်မရှိတာကြောင့် သူတို့နှစ်ယောက်တွင် ကလေးရှိလာမည်မဟုတ်ပေ။
“မင်း ငါ့ကိုဘာအကြောင်းပြောချင်လို့လာတာလဲ?”
ထို့နောက် ကုန်းကျန်းယန်နှင့်ယောင်ကွမ်းဟွေ့တို့ ကုမ္ပဏီကိစ္စများ ဆွေးနွေးခဲ့ကြသည်။
……….
ထန်ယွင်ဖန်းနှင့်ကျန်လူများမှာ ထန်မိသားစုအိမ်တော်သို့မပြန်ခင် ဟွားဖုအိမ်တော်တွင် အချိန်အတော်ကြာ နေဖြစ်ခဲ့ကြသည်။ ကုမန့်က သူတို့နှင့် နေ့လည်စာစားဖို့ရန်လိုက်သွားကာ ထန်ယွင်ဖန်းကတော့ နေ့လည်ပိုင်း ကုမ္ပဏီသို့သွားရပေမည်။
ယနေ့က ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်မည့်နေဖြစ်တာကြောင့် ကုနင်း ရှေးဟောင်းလမ်းသို့သွားရပေမည်။ ထန်ဟိုင်ဖုန်းကိုလဲ သူမနှင့်အတူလိုက်မလားဟု မေးကာ ထန်ဟိုင်ဖုန်းက မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။
ထန်ဟိုင်ဖုန်းသည် ရှေးဟောင်းပစ္စည်းများကို နှစ်သက်သည်မှာ ကြာလှနေပြီဖြစ်သလို သူက ကုနင်း၏အဖိုးတစ်ယောက်လဲဖြစ်တာကြောင့် ကုနင်း၏ဆိုင်ဖွင့်ပွဲကို မသွားစရာအကြောင်းမရှိပေ။
“ငါလဲလိုက်မယ်!” ချောင်ဝမ်ရှင်းက ချက်ချင်းထရပ်လိုက်သလို ထန်ကျားခိုင်ကလဲ နှောင့်နှေးမနေပေ။ “ငါရောပဲ!”
“အားလုံးအတူတူသွားကြရင်ကော?” ထန်ယွင်ဖန်းက အကြံပေးလိုက်သည်။ သူက ရှေးဟောင်းပစ္စည်းတွေကိုတော့ စိတ်မဝင်စားပေမည့် သူ့သမီး၏ဆိုင်ဖွင့်ပွဲကိုတော့ တက်ရောက်ချင်သည်။ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲနှင့် သတင်းထုတ်ပြန်ပွဲတုန်းကလဲ သူပျက်ကွက်ခဲ့တာကြောင့် ဤတစ်ခေါက်တော့ အခွင့်အရေးကို လက်မလွှတ်လိုပေ။
သို့ပေမည့် ကုနင်းက သူ့အကြံကို ချက်ချင်းငြင်းပယ်လိုက်သည်။ “မရဘူး။ သမီးဆိုင်ကို မလိုအပ်ပဲ အာရုံစိုက်ခံရအောင် မလုပ်ကြပါနဲ့။”
ထိုသူများမှာ Bမြို့မှ အချမ်းသာဆုံးလူ၊ မြူနီစီပါယ်ပါတီကော်မတီ၏အတွင်းရေးမှူး နှင့် နိုင်ငံရေးအဖွဲ့အစည်းတို့မှ ဒါရိုက်တာတို့ဖြစ်ကြပေသည်။ တခြားလူများအနေဖြင့် သူတို့ကို အာရုံမစိုက်မိဖို့မှာ မဖြစ်နိုင်ပေ။
ထန်ယွင်ဖန်းက ကြောင်အသွားပြီးကာမှ စိတ်မကောင်းဖြစ်သွားရသည်။ “မင်းက အဖေ့ကို ရှေ့မထွက်စေချင်တာလား?”
“မဟုတ်လာ၊ အခုတော့ အဖေ့ရဲ့သတို့သမီးလောင်းကို အိမ်ပြန်ခေါ်သွားပြီး နေ့လည်စာစားလိုက်ပါ! သမီးကတော့ အဖိုးနဲ့ပဲသွားလိုက်ပါ့မယ်။”
ထန်ယွင်ဖန်း အတင်းအကြပ်မပြောတော့ပေမည့် ထန်ဟွမ်လုပ်ငန်းစုနာမည်ဖြင့်တော့ လက်ဆောင်ပို့ပေးဦးမည်ပင်။
ထို့နောက် ထန်ယွင်ဖန်းနှင့် ကျန်လူကြီးများက ထန်မိသားစုအိမ်တော်သို့ ပြန်သွားကြကာ ထန်ဟိုင်ဖုန်း၊ ချောင်ဝမ်ရှင်း၊ ထန်ကျားခိုင် နှင့် ထန်ကျားယန်တို့ကတော့ ကုနင်းနှင့်အတူ ရှေးဟောင်းပစ္စည်းဆိုင်သို့လိုက်သွားသည်။
ကုမန့်လဲ အန္တရာယ်ရှိသည့်အခြေအနေမဟုတ်တော့တာကြောင့် ချောင်ယသည် ကုနင်းဘေးသို့ပြန်ရောက်သွားပေပြီ။
ချောင်ဝမ်ရှင်း၊ ကုနင်းနှင့် ထန်ဟိုင်ဖုန်းတို့က တစ်ကားတည်းစီးကာ ချောင်ယက ကုနင်း၏အဖြူLamborghiniကိုမောင်းပြီး ညီအစ်ကိုယ်နှစ်ယောက်ကတော့ ကားတစ်စီးစီးသည်။
ထန်မိသားစုသည် သိုသိုသိပ်သိပ်သာနေကြတာကြောင့် သူတို့ကားများမှာ ဇိမ်ခံကားများသာဖြစ်သော်လည်း လူအာရုံစိုက်ခံရမှုနည်းပေသည်။ သူတို့ထဲတွင် ကုနင်း၏အဖြူရောင်Lamborghiniကားကသာ အထင်ရှားဆုံးဖြစ်သည်။ ဒါပေမယ့်လဲ လောလောဆယ် သူမမှာ ဤတစ်စီးသာရှိတာကြောင့် မမောင်းလို့မရပေ။
လမ်းတွင်တော့ ထန်ဟိုင်ဖုန်းက သူ့မိတ်ဆွေဟောင်းကြီးများကို သူနှင့်အတူ ရှေးဟောင်းပစ္စည်းလိုက်ကြည့်ဖို့ ခေါ်နေကာ သခင်ကြီးလေ့နှင့် ကျောင်းယီရူကိုလဲ ဖိတ်လိုက်သည်။
ကျောက်ယီရူသည် တခြားတစ်မြို့တွင် နေသော်လည်း သူ့သမီးက Bမြို့တွင် လက်ထပ်ထားတာကြောင့် သူလဲ Bမြို့ကို မကြာခဏလာလည်တတ်ပေသည်။ သူက အနားယူထားပြီဖြစ်တာကြောင့် အားလပ်ချိန်များစွာရှိနေခဲ့သည်။
ကုနင်းက Bမြို့တွင် ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်ထားသည်ကို သိလိုက်ရတော့ ထိုလူအိုကြီးနှစ်ယောက်လုံး အံ့ဩသွားကြသည်။ ယနေ့ခေတ်လူငယ်တွေထဲမှ ရှေးဟောင်းပစ္စည်းကို စိတ်ဝင်စားသူအနည်းငယ်သာရှိသည်မဟုတ်လား။ သူတို့လဲ ရှေးဟောင်းပစ္စည်းများကို အကဲဖြတ်ဖို့ရန် စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ကုနင်း၏ဆိုင်မှန်း သိလိုက်ရချိန် ပိုလို့တောင် စိတ်လှုပ်ရှားနေသည်။
ထန်ဟိုင်ဖုန်းသည် ရှေးဟောင်းအဖွဲ့အစည်းမှ မိတ်ဆွေများစွာကို ဆက်သွယ်ခဲ့ကာ ထိုထဲတွင် သခင်ကြီးရှောင်းလဲပါဝင်ပေသည်။
“ဟေ့, လောင်ရှောင်း၊ မင်းအခုဘာလုပ်နေတာလဲ?” ထန်ဟိုင်ဖုန်း ပြုံးရွှင်စွာဖြင့်မေးလိုက်သည်။
“ငါအခု ရှေးဟောင်းလမ်းကိုသွားနေတာ၊ ဘာသတင်းကောင်းများရှိလို့လဲ?” သခင်ကြီးရှောင်း ပြန်မေးလိုက်သည်။ သူတို့ချင်း အဆက်အသွယ်လုပ်ခဲကာ တွေ့ခဲ့လျှင်လဲ ရှေးဟောင်းပစ္စည်းများအကြောင်းသာ ပြောဖြစ်ကြသည်။
“ကောင်းလိုက်တာ! ငါလဲ အခု ရှေးဟောင်းလမ်းကိုသွားနေတာ။ ဒီနေ့ ငါ့မြေးမလေးရဲ့ ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်မှာလေ။ မင်းရော ငါနဲ့တူသွားပါလား? အဲ့ဒီမှာ ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီးရှိတယ်!” ထန်ဟိုင်ဖုန်းက ဂုဏ်ယူဝံ့ကြွားစွာပြောနေသော်လည်း ကုနင်းမှာတော့ ထိုပစ္စည်းများကို သခင်ကြီးရှောင်းမြင်ထားပြီးသားဖြစ်တာကြောင့် ရှက်နေမိသည်။
ကုနင်းက ဖုန်းထဲမှသခင်ကြီးရှောင်း၏အသံကို မှတ်မိလိုက်ကာ သခင်ကြီးရှောင်းက သူ့အဖိုး၏မိတ်ဆွေဖြစ်နေသည့်အတွက် အံ့ဩမိသွားသည်။
ထန်ဟိုင်ဖုန်း၏စကားကြောင့် သခင်ကြီးရှောင်းသည်လဲ အံ့ဩသွားပေသည်။
ဘယ်လိုလုပ် တစ်နေ့တည်းနဲ့ရှေးဟောင်းပစ္စည်းဆိုင်နှစ်ဆိုင်ဖွင့်ဖြစ်သွားတာလဲ? ထန်ဟိုင်ဖုန်းရဲ့မြေးမကလဲ ၂၀ကျော်ရုံလေးပဲရှိသေးတာ။ ဘာကြောင့်များ ရုတ်တရက်ကြီး လူငယ်တွေက ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားကုန်တာလဲ?
သခင်ကြီးရှောင်းမှာ ထန်ဟိုင်ဖုန်း၏မြေးမလေးဆိုသူကို ချောင်ဝမ်ရှင်ဟုသာ ယုံကြည်နေသည်။ အခုထိလဲ ထန်မိသားစုတွင် မြေးမဟူ၍ ချောင်ဝမ်ရှင်းတစ်ယောက်သာ ရှိသည်မဟုတ်လား။
“ကောင်းပြီလေ၊ ခဏနေတွေ့ကြတာပေါ့။” သခင်ကြီးရှောင်း သဘောတူလိုက်သည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ယနေ့မနက်၁၀နာရီတွင် ဖွင့်လှစ်မည်ဖြစ်သည်။
လီဖုန့်ရှာနှင့်တုမင်တတို့ကတော့ ဆိုင်ကိုတစ်ချိန်လုံး အာရုံစိုက်နေကြကာ တုလဲ့ဖုန်းနှင့်သူ့ဆိုင်ကို မြင်ရသည်က သူတို့ဒေါသများကို ဆူပွက်လာစေပေမည့် အခုချိန်မှာ သူတို့ဘာမှမလုပ်နိုင်ပေ။
၉နာရီခွဲသည်အထိ ဆိုင်သို့ဖောက်သည်အနည်းငယ်လောက်သာ ရောက်လာတာကြောင့် တုလဲ့ဖုန်း၏ကျရှုံးမှုအပေါ် သူတို့အလွန်ဝမ်းသာနေကြသည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ဆိုင်းဘုတ်က အခုထိ အဝတ်စဖြင့် ဖုံးထားသေးတာကြောင့် တခြားလူများက ဤဆိုင်သည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ ဆိုင်ခွဲဖြစ်မှန်း မသိကြသေးပေ။ မဟုတ်လို့ကတော့ အခုချိန်တွင် လူကျိတ်ကျိတ်တိုးနေလောက်ပေပြီ။ အခုဆိုလျှင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ရှေးဟောင်းပစ္စည်းလောကတွင် အောင်မြင်ကျော်ကြားသည့်နာမည်တစ်ခုဖြစ်နေပြီဖြစ်သည်။
ခဏအကြာတွင်တော့ ကုနင်တို့ရောက်ရှိလာခဲ့သည်။
ထန်ဟိုင်ဖုန်း ကားထဲမှထွက်လာသည်နှင့် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားခဲ့သည်။
“ဘုရားရေ၊ သူက Bမြို့ရဲ့အချမ်းသာဆုံးမိသားစုက သခင်ကြီးထန်မဟုတ်လား?”
“ဟုတ်မယ်ထင်တယ်! ဝိုး၊ သခင်ကြီးထန်ကို ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ အရမ်းဂုဏ်ယူသွားပြီ။”
ထိုသူများ၏စကားများကို ကြားရတာကြောင့် လူများစွာက စိတ်လှုပ်ရှားစွာဖြင့် တဖြည်းဖြည်း စုံဝေးလာကြသည်။ ထန်ဟိုင်ဖုန်းသည် Bမြို့တွင် အလွန်ကျော်ကြားကာ သူ့မိသားစုက Bမြို့တွင် အာဏာလွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်းကို မသိသူမရှိပေ။
လီဖုန့်ရှာနှင့်တုမင်တတို့လဲ ထိတ်လန့်သွားကြသည်။ သခင်ကြီးထန်က တုလဲ့ဖုန်း၏ဆိုင်သို့ လာရောက်နေသည့်မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြောင်ငေးနေမိသည်။
“ပြီးတော့ သခင်ကြီးထန်ဘေးက ကောင်မလေး။ သူက အခုရက်တွေအတွင်း အင်တာနက်ပေါ်မှ နာမည်ကြီးနေတဲ့ ကုနတ်ဘုရားမ၊မဟုတ်လား? သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်လဲဟုတ်တယ်လေ။”
***
စာစဉ် ၅၃ ပြီး၏။