အခန်း (၇၉၆-၈၀၀)
Vol. 54 Ch. 796-800
အခန်း ၇၉၆ လူကြားထဲ ထုတ်ပြောသင့်တဲ့အချိန်မဟုတ်ဘူး
“ဘာပြောတယ်? သူက ကုနတ်ဘုရားမပေါ့?”
“ဟုတ်တာပေါ့! သူက မယုံနိုင်လောက်အောင် ထူးချွန်တဲ့မိန်းကလေးပဲ။ သူ့ကို အိုင်ဒေါအဖြစ်မှတ်ယူတဲ့လူတွေဆိုတာမှ အများကြီး။ အခုလို ကိုယ်တိုင်တွေ့နေရတာ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ! မဖြစ်ဘူး၊ ဒီအခိုက်အတန့်လေးကို သေချာပေါက် မှတ်တမ်းတင်ထားရမယ်။”
ပြောရင်းဖြင့် လူများစွာက သူတို့ဖုန်းများကို ထုတ်ကာ ဓါတ်ပုံများရိုက်ယူကြသည်။
ထန်ဟိုင်ဖုန်းရောက်လာခြင်းက ကုနင်းကြောင့်ဆိုလျှင်ပင် တုလဲ့ဖုန်းမှာတော့ ယခုလိုပုဂ္ဂိုလ်ကြီးကို ကိုယ်တိုင်ကိုယ်ကျမြင်နေရသည့်အတွက် အလွန်ဂုဏ်ယူနေမိသည်။ သူအရင်တုန်းက ဒီလိုမျိုးအထူးပုဂ္ဂိုလ်တစ်ဦးဦးနှင့် တစ်ခါမျှမတွေ့ဖူးပေ။
“တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးထန်၊ ဘော့စ်!” တုလဲ့ဖုန်းက ရိုသေလေးစားစွာဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။
တုလဲ့ဖုန်း၏နှုတ်ဆက်စကားကြောင့် ကုနင်းက ဤရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်မှန်း သိသွားကြ၍ ဘေးမှဝိုင်းကြည့်နေသူများအားလုံး အံ့အားသင့်သွားကြသည်။
ကုနင်းသည် ယခုအချိန်တွင် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေတာကြောင့် သူမတွင် နောက်ထပ်ဆိုင်တစ်ဆိုင် ထပ်ရှိသွားသည့်အပေါ် မထိတ်လန့်သွားကြခြင်းလဲဖြစ်နိုင်သည်။
လီဖုန့်ရှာနှင့်တုမင်တတို့သည်တော့ ကုနင်းအကြောင်းများကိုကြားပြီးသည်နှင့် ဘာမှဆက်ပြီး မလုပ်ရဲကြတော့ပေ။
ထန်ဟိုင်ဖုန်း ဆိုင်သို့ရောက်ပြီးသည်နှင့် သခင်ကြီးရှောင်းထံမှ ဖုန်းဝင်လာခဲ့သည်။ သခင်ကြီးရှောင်းက သခင်ကြီးထန်ကို ရောက်ပြီလားဟုမေးကာ မည်သည့်နေရာတွင် တွေ့ဆုံကြမလဲကိုလဲ မေးခဲ့သည်။
သခင်ကြီးထန်က သူရောက်နေသည့်နေရာကို ပြောပြလိုက်တာကြောင့် သခင်ကြီးရှောင်းအလွန်အံ့အားသင့်သွားတော့သည်။ အဲ့ဒီနေရာက ကုနင်းရဲ့ဆိုင်နေရာမဟုတ်ဘူးလား။
ဘယ်တုန်းကနေ ဘယ်လိုလုပ်ပြီး ကုနင်းက ထန်ဟိုင်ဖုန်းရဲ့မြေးဖြစ်သွားတာလဲ? သခင်ကြီးရှောင်း နားမလည်နိုင်ဖြစ်သွားပေမည့် ကုနင်းကို ထန်ဟိုင်ဖုန်းက မြေးအဖြစ်မှတ်ယူခြင်းဖြစ်မည်ဟုသာ ခန့်မှန်းလိုက်သည်။ ထန်မိသားစုဝင်တိုင်းကိုက သူသိထားပြီးသားမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထန်ဟိုင်ဖုန်းကတောင် ကုနင်းကို သဘောကျနေမှတော့ သေချာပေါက် ထူးချွန်တဲ့မိန်းကလေးပဲဖြစ်ရမယ်လို သခင်ကြီးရှောင်းတွေးမိလိုက်သည်။
ထို့နောက် သခင်ကြီးရှောင်းက သူ့အလုပ်သင်နှင့်အတူ ကုနင်း၏ရှေးဟောင်းဆိုင်ရှိရာသို့ ထွက်လာကာ သိပ်မကြာခင်တွင်ပဲ ရောက်ရှိခဲ့ကြပြီး ထန်ဟိုင်ဖုန်းနှင့်ဆုံတွေ့သွားသည်။
“ဟိုင်း၊ လောင်ရှောင်း၊ ဒီကိုလာ! ငါမင်းကိုမိတ်ဆက်ပေးရဦးမယ်။” ထန်ဟိုင်ဖုန်းက ကုနင်းကို သူတို့နှင့်မိတ်ဆက်ပေးဖို့ အချိန်မဆွဲချင်တော့ပေ။ “ဒါက ငါ့မြေး ကုနင်းတဲ့။”
“ဟိုင်း၊ အဖိုးရှောင်း၊ ဦးလေးချန်!” မိတ်ဆက်ပေးလိုက်သည်နှင့် ကုနင်းက ယဉ်ယဉ်ကျေးကျေးပင် နာမည်တပ်ကာ ပြန်နှုတ်ဆက်လိုက်သည်။
ကုနင်း၏နှုတ်ဆက်ပုံကြောင့် ထန်ဟိုင်ဖုန်း အံ့ဩသွားတော့သည်။ “နင်းနင်းက လောင်ရှောင်းကို သိနေတာလား?”
“အဖိုးရှောင်းနဲ့ဦးလေးချန်တို့က မနေ့တုန်းကပဲ သမီးဆိုင်ကို လာခဲ့သေးလို့ပါ။”
“ဟ-ဟ၊ လောင်ထန်၊ ငါက မင်းပြောတဲ့ရှေးဟောင်းပစ္စည်းအစစ်တွေကို မင်းထက်တောင်အရင်ကြည့်ပြီးသွားပြီ!” သခင်ကြီးရှောင်း ကျေနပ်အားရစွာ ပြောလိုက်ပုံကြောင့် ထန်ဟိုင်ဖုန်းကတော့ မပျော်မရွှင်ဖြစ်လို့သွားသည်။ “ဘာ? နင်းနင်း၊ ဘာလို့ အဖိုးကိုအရင်ဆုံးမပြရတာလဲ?”
အဖိုးဖြစ်သူ၏ စိတ်အခြေအနေကို ခန့်မှန်းမိတာကြောင့် ကုနင်းချက်ချင်းပင် အပြုံးလေးဖြင့် ရှင်းပြရတော့သည်။ “မနေ့က အဖိုးရှောင်းနဲ့ မတော်တဆတွေ့မိသွားလို့ ဖိုးဖိုးထက်အရင် ရှေးဟောင်းပစ္စည်းတွေကို မြင်သွားခဲ့တာပါ။”
ထိုသို့ဆိုလျှင်တောင် ထန်ဟိုင်ဖုန်းကတော့ မပျော်ရွှင်နိုင်သေးပေ။
“လောင်ထန်၊ မင်းမှာ ဘယ်တုန်းကဘယ်လို နောက်ထပ်မြေးမတစ်ယောက် ထပ်ရှိသွားတာတုန်း?” သခင်ကြီးရှောင်း မမေးဘဲမနေနိုင်တော့ပေ။
“သူက ယွင်ဖန်းနဲ့တော်တော်လေးတူတယ်လို့ မင်းမတွေးမိဘူးလား?”
သခင်ကြီးရှောင်းသည် ထန်ယွင်ဖန်းနှင့် အကြိမ်အနည်းငယ်ခန့်သာတွေ့ဖူးခဲ့သလို လူကြီးတစ်ယောက်ဖြစ်တာကြောင့် မှတ်ဉာဏ်စွမ်းရည်ကလဲ လျော့နေပြီဖြစ်၍ ထန်ဟိုင်ဖုန်းမပြောမချင်း ဂရုမထားမိပေ။
သူ ကုနင်း၏မျက်နှာကို အနီးကပ်သေချာကြည့်မိသွားကာမှ တကယ်ကိုပဲ ကုနင်းက ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူနေတာကြောင့် အံ့ဩသွားတော့သည်။ ချက်ချင်းပင် သူ့စိတ်ထဲအတွေးတစ်ခုပေါ်လကာ ထိတ်လန့်စွာဖြင့် ထုတ်မေးလိုက်သည်။ “သူက ယွင်ဖန်းရဲ့….”
“အမှန်ပဲ၊ ဒါပေမယ့် အခုက လူကြားထဲထုတ်ပြောသင့်တဲ့အချိန်မရောက်သေးဘူး” သခင်ကြီးရှောင်း၏မေးခွန်းအဆုံးမသတ်သေးခင်တွင်ပဲ ထန်ဟိုင်ဖုန်းက ဖြတ်ပြောလိုက်သည်။
ထန်ဟိုင်ဖုန်းစကားကြောင့် သခင်ကြီးရှောင်း နားလည်ကာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သို့ပေမည့် ရုတ်တရက်ကြီး ထန်ယွင်ဖန်းမှာ ဘယ်လိုလုပ်များ သမီးတစ်ယောက်ရှိသွားသလဲကိုတော့ သိချင်နေမိတုန်းပင်။
ထို့နောက်တွင်တော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၊ Charm နှင့် ထန်ဟွမ်လုပ်ငန်းစုတို့၏နာမည်များဖြင့် ပန်းခြင်းများစွာရောက်ရှိလာခဲ့သည်။
ခဏအကြာတွင်တော့ သခင်ကြီးလေ့နှင့် ကျောက်ယီရူတို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးကလဲ ပန်းခြင်းများကိုသာ ယူလာတာကြောင့် ရှေးဟောင်းလမ်းတစ်လျှောက် ပန်းနံ့များ ထုံသင်းနေတော့သည်။
ထန်ဟိုင်ဖုန်း၏ မိတ်ဆွေများဖြစ်သည့် ရှေးဟောင်းအဖွဲ့အစည်းမှလူများလဲ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကာ ထိုထဲတွင် အဖွဲ့အစည်းခေါင်းဆောင်တောင်မှ ပါပေသည်။
ထန်ဟိုင်ဖုန်း၏အဆင့်အတန်းမှာမြင့်မားတာကြောင့် သူ့မိတ်ဆွေများအားလုံးသည်လဲ အထူးပုဂ္ဂိုလ်များသာဖြစ်ကြသည်။
ထန်ဟိုင်ဖုန်းက သူ့မိတ်ဆွေများနှင့် ကုနင်းကို မိတ်ဆက်ပေးခဲ့ကာ အားလုံးကလဲ သခင်ကြီးရှောင်းလိုပဲ ကုနင်းအကြောင်းကို သိချင်လာကြသည်။ သို့ပေမည့် ထန်ဟိုင်ဖုန်းကတော့ ထုတ်ပြောသင့်သည့်အချိန်မဟုတ်သေးဘူးဟုသာ ပြောလာတာကြောင့် နောက်ထပ်ဆက်မမေးကြတော့ပေ။
ထိုကဲ့သို့အထူးပုဂ္ဂိုလ်များစွာရောက်ရှိလာခြင်းက ရှေးဟောင်းလမ်းတစ်ခွင် အထူးလှုပ်ခတ်သွားခဲ့သည်။ ရှေးဟောင်းပစ္စည်းမြတ်နိုးသူများစွာသည်လဲ တခြားသော ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်များနှင့်အတူ အပြေးလေးလာကြည့်ကြသည်။
ရှေးဟောင်းလမ်းတွင် ရှေးဟောင်းအဖွဲ့အစည်းမှ အဖွဲ့ဝင်များစွာ ရောက်ရှိနေတာကြောင့် သူတို့နှင့်သိကျွမ်းသည့်အခြားသောလူများလဲ ရောက်ရှိလာခဲ့သည်။ ကျန်အချိန်များတွင်တော့ အချင်းချင်းနှုတ်ဆက်ကာ စကားဝိုင်းဖွဲ့နေကြခြင်းဖြင့် ရှေးဟောင်းလမ်းအတွင်း ဆူညံလို့နေတော့သည်။
မနက်၁၀နာရီ၁၀မိနစ်တွင်တော့ ဖွင့်ပွဲအစီအစဉ်ကိုစတင်ခဲ့သည်။ တုလဲ့ဖုန်းမှ အဖွင့်အမှာစကားပြောပြီးသည်နှင့် ဖုံးအုပ်ထားသည့် ဆိုင်းဘုတ်ကိုဖွင့်လိုက်ကာ ‘ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်’ဆိုသည့်စကားလုံးတစ်စုက လူတိုင်း၏ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။
ဆိုင်းဘုတ်ကိုမြင်ပြီးနောက် လူများစွာက အံ့ဩသွားကြသည်။
“ဘုရားရေ၊ ဒါက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပေါ့!”
“အဲ့ဆိုင်က အရမ်းနာမည်ကြီးလို့လား?”
“သေချာပေါက်ပေါ့! ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဆိုတာ လက်ရှိရှေးဟောင်းပစ္စည်းလောကမှ အရမ်းကိုနာမည်ကြီးနေတာ။”
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ကုနင်းလက်လွှဲမယူခင်ကပင် အောင်မြင်မှုအချို့ရရှိထားခဲ့ကာ ကုနင်း ဆိုင်ပိုင်ရှင်အသစ်ဖြစ်ပြီးနောက်တွင်တော့ များစွာပိုလို့အောင်မြင်လာတော့သည်။
လာရောက်စူးစမ်းသူအများစုကတော့ အခုBမြို့တွင်ပါ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ခွဲရှိသွားသည့်အတွက် အံ့ဩနေကြသည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ၎င်း၏လက်မှုပညာပစ္စည်းများကြောင့် အရင်ကတည်းက နာမည်ကြီးထားပြီးဖြစ်သလို အခြားသောရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်များအတွက်တော့ဖြင့် ရှန်းယွင်တွင် ရှေးဟောင်းပစ္စည်းအစစ်များစွာရှိကြောင်း သိထားသည့်အတွက် ဖိအားများနေတော့သည်။ သို့ပေမည့် ကုနင်းတွင် နယ်ပယ်အမျိုးမျိုးမှ အဆက်အသွယ်ကောင်းများရှိကြောင်း သိထားကြသည့်အတွက် ဘယ်သူမှ ပြဿနာမရှာရဲကြပေ။
တုလဲ့ဖုန့် အဖွင့်စကားပြောပြီးသည်နှင့် ကုနင်းကဆက်ပြီး စကားအချို့ပြောခဲ့ကာ သူမအလှည့်ပြီးချိန်တွင်တော့ ဖဲကြိုးဖြတ်ဖွင့်လှစ်မည့်အချိန်သို့ရောက်ရှိလာခဲ့သည်။
တုလဲ့ဖုန်း၊ သခင်ကြီးလေ့နှင့် ရှေးဟောင်းအဖွဲ့အစည်း၏ခေါင်းဆောင်တို့က အတူတကွ ဖဲကြိုးဖြတ်ပေးခဲ့ကြသည်။
ထို့နောက်တွင်တော့ လူများက လက်မှုပညာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းအစစ်များကို ကြည့်ရှုရန် ဆိုင်ထဲသို့ဝင်နိုင်ပေပြီ။
လာရောက်စူးစမ်းသူများက လက်မှုပစ္စည်းပစ္စည်းများကို ပိုလို့စိတ်ဝင်စားကာ ရှေးဟောင်းပစ္စည်းမြတ်နိုးသူများကတော့ ရှေးဟောင်းပစ္စည်းအစစ်များကို အာရုံစိုက်ကာကြည့်ရှုကြသည်။
အခန်းထဲတွင် ရှေးဟောင်းပစ္စည်းအစစ်များကို ကျည်ကာဖန်သားများဖြင့် ဘောင်ခတ်ထည့်သွင်းကာ ခင်းကျင်းပြသထားပြီး ရှေးဟောင်းပစ္စည်းတစ်ခုတိုင်း၏အောက်တွင်တော့ ကဒ်တစ်ခုဖြင့် ထိုပစ္စည်း၏နောက်ကြောင်းနှင့်ဈေးနှုန်းကို ရေးသားထားပေသည်။
***
အခန်း ၇၉၇ ဒီလောက်လေးတောင်မှ မဖြေရှင်းနိုင်ဘူးထင်နေတာလား?
ရှန်းယွင်ဆိုင်ခွဲထဲရှိ ရှေးဟောင်းပစ္စည်းများမှာ တစ်ခုကိုပင် အနည်းဆုံးယွမ်သန်းပေါင်းများစွာ တန်ကြေးရှိတာကြောင့် ကြည့်ရှုနေကြသည့် ရှေးဟောင်းပစ္စည်းမြတ်နိုးသူများ ထိတ်လန့်အံ့အားသင့်သွားကြသည်။
ဆိုင်ထဲတွင် လူအရမ်းများနေတာကြောင့် ချောင်ယနှင့်တကွ ထန်ဟိုင်ဖုန်း၏သက်တော်စောင့်များက တစ်စုံတစ်ယောက် ခိုးယူမှုမရှိစေရန် စောင့်ကြည့်ဖို့ တာဝန်ပေးခံထားရသည်။
ကံကောင်းစွာဖြင့် သူခိုးတစ်ယောက်မှမရှိခဲ့ပေ။
………..
ရှားယီချူးနှင့်ဖေ့ဟဲနာတို့၏သတင်းသည်လဲ လူများကို ပိုလို့ပိုလို့ ဆွဲဆောင်နေခဲ့ကာ ဝဘ်ဆိုဒ်များစွာတွင် အထူးသတင်းအနေနှင့်ဖော်ပြခြင်းခံနေရသည်။ အင်တာနက်အသုံးပြုသူများစွာမှာလဲ အဆိုတော်နှစ်ဦးနှင့် သူတို့အေးဂျင့်များဘက်မှ တရားဝင်ရှင်းလင်းချက်များ ထုတ်ပြန်ပေးဖို့ တောင်းဆိုနေကြသည်။ သူတို့တွင် ကိုယ်ပိုင်ခန့်မှန်းချက်များစွာရှိထားကြပြီးဖြစ်သော်လည်း အမှန်တရားကိုလဲ သိချင်ကြသေးသည်။
နေ့လည်ဘက်တွင်တော့ နောက်ဆုံးမှာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်မှ ဖြေရှင်းချက်ပေးလာကာ သက်သေအားလုံးကို Weiboပေါ်တွင် တင်ခဲ့သည်။
ထိုအချိန်မှာတော့ ချောင်ကွမ်းရှန်နှင့်ဖေ့ဟဲနာတို့က ပြီးခဲ့သည့်နှစ်များအတွင်း ရှားယီချူးကို အသုံးချကာ ငွေများစွာရှာခဲ့ကြသည်ဆိုသည့် ထိတ်လန့်ဖွယ်အမှန်တရားက ဖော်ထုတ်ခံလိုက်ရသည်။ ရှားယီချူးက သူတို့နှစ်ဦးကြောင့်ပဲ ကားတိုက်မှုလဲ ဖြစ်ခဲ့ရသည်။
ဖုန့်ဟွာဘက်မှသတင်းတက်လာသည်က အင်တာနက်အသုံးပြသူများကြား ဗုံးတစ်လုံးပစ်သွင်းလိုက်သလို ပေါက်ကွဲထွက်သွားတော့သည်။
“ဘုရားရေ! ဘယ်လိုတောင် အရှက်မဲ့တဲ့လုပ်ရပ်မျိုး လုပ်နိုင်ကြရတာလဲ?”
“သူတို့က ကားတိုက်မှုလုပ်ပြီး ရှားယီချူးရဲ့မျက်နှာပျက်စီးသွားအောင်တောင် လုပ်ခဲ့တာပေါ့! ဒါပြစ်မှုဖြစ်သွားပြီ၊ အဖမ်းခံရသင့်တယ်။”
“ရှားယီချူးလေး သနားပါတယ်။ သူ့မှာ အချိန်အကြာကြီး လှည့်စားခံခဲ့ရတာ။”
“အခုလို အမှန်တရားကို သိပြီး လွတ်မြောက်သွားတာလဲ သူ့အတွက်ကောင်းပါတယ်။”
“ဖေ့ဟဲနာ အချိန်အကြာကြီး ပျောက်နေလို့ အံ့ဩနေတာ၊ အခုမှပဲ သူက အဆိုတော်မဟုတ်လို့မှန်းသိတော့တယ်။”
“သူတို့ကို ထောင်ချပစ်ပါ!”
……….
အချို့သော အင်တာနက်အသုံးပြုသူများကလဲ ချူးယီချူးကသာ ချောင်ကွမ်းရှန်နှင့်ဖေ့ဟဲနာတို့ကို မှီခိုကာ နာမည်ကြီးလာချင်တာကြောင့်ဟု တွေးနေကြစဲပင်။
“ဒါက တမင်ကြံစည်ထားတာလို့ပဲထင်တယ်။ ချောင်ကွမ်းရှန်က ရှားယီချူးရဲ့မျက်နှာကို ပျက်စီးအောင် ကားမတော်တဆမှုဖန်တီးခဲ့ပါတယ်ဆိုပြီး သက်သေပြစရာရှိလို့လား။ ရှားယီချူးရဲ့ ကားမတော်တဆမှုမဖြစ်ခင်နဲ့ ဖြစ်ပြီး ဓါတ်ပုံနှစ်ပုံပဲတွေ့ထားတယ်။ သူ့မျက်နှာပျက်စီးသွားတာတောင် ချောင်ကွမ်းရှန်က စေတနာနဲ့ အလုပ်ပေးထားတာလဲဖြစ်နိုင်တာပဲ။ နောက်ခံအဆိုရှင်သုံးပြီး ငွေရှာတာက မမှန်ကန်ဘူးဆိုပေမယ့် တရားမဝင်တာတော့လဲ မဟုတ်ဘူးလေ။”
“ငါ့အမြင်နဲ့အတူတူပဲ။ ရှားယီချူးကသာ သူ့မျက်နှာခွဲစိတ်ပြုပြင်ဖို့ ငွေရှိလာတာနဲ့ ချောင်ကွမ်းရှန်နဲ့ဖေ့ဟဲနာတို့ကို သစ္စာလောက်လိုက်တာဖြစ်နိုင်တယ်။”
အင်တာနက်အသုံးပြုသူများစွာက အပေါ်မှမှတ်ချက်များကို လက်ခံသဘောတူကြကာ ရှားယီချူးနှင့်ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်ကို ဝေဖန်ရှုံ့ချကြသည်။
ထိုမှတ်ချက်များမှာ ကြောင်းကျိုးသင့်သည်ဟု ထင်ရပေမည့် အမှန်တရားမှဟုတ်မနေဘဲ။
စွပ်စွဲချက်များနှင့်ရင်ဆိုင်နေရသော်လည်း ချောင်ကွမ်းရှန်၊ ဖေ့ဟဲနာနှင့် အေးဂျင့်တို့ဘက်က တစ်ချိန်လုံးနှုတ်ဆိနေကြတာကြောင့် လူတွေက ဖု့န်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်ကို ပိုလို့တိုးကာ ယုံကြည်လာကြသည်။
ထိုကိစ္စသည် ပြစ်မှုတစ်ခုဖြစ်တာကြောင့် ရဲများကလဲ စုံစမ်းစစ်ဆေးရေးတွင်ပါဝင်လာကြသည်။
တစ်ရက်ကြာပြီးနောက်တွင်တော့ ချောင်ကွမ်းရှန်နှင့်ဖေ့ဟဲနာတို့၏ အေးဂျင့်က နောက်ဆုံးထုတ်ပြန်ချက်တစ်ခု လုပ်ခဲ့ပေမည့် သူတို့ဘက်မှ ကာကွယ်ပေးခြင်းမဟုတ်ဘဲ အလုပ်မှထုတ်ပယ်လိုက်သည့်အကြောင်း ပြောထားခြင်းဖြစ်သည်။ ဒါကပဲ ချောင်ကွမ်းရှန်နှင့်ဖေ့ဟဲနာတို့တွင် အပြစ်ရှိကြောင်း သိသာပေါ်လွင်သွားတော့သည်။
ထိုအရှုပ်အရှင်းဇာတ်လမ်းကြီး ပြီးဆုံးသွားချိန်တွင်တော့ ရှားယီချူးလဲ စိတ်ဝင်စားမှုမြောက်မြားစွာ ရရှိခဲ့သည်။ သူမသီချင်းများက အလွန်နာမည်ကြီးတာကြောင့် အဆိုရှင်အစစ်ပေါ်ထွက်လာချိန်တွင် လူများစွာက သူမပရိတ်သတ်များတန်းဖြစ်လာခဲ့သည်။
ဒါပေါ့ ရှားယီချူးကို အပိုင်ကြံကာ သဘောမကျသည့်လူအချို့လဲ ရှိနေစဲပင်။ ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့ကြိုက်နှစ်သက်ခြင်းကို ခံရသည့်လူဟူ၍ရှိမှမရှိဘဲ။
ရှားယီချူးကတော့ လူတွေအတွက် သူမအကြောင်း ပိုသိဖို့ အချိန်တော့ပေးရမည့်အကြောင်း နားလည်တာကြောင့် ဝေဖန်မှုများကို ဂရုစိုက်မနေပေ။
………
နေ့လည်၁၂နာရီတွင်တော့ ကုနင်းက သူမဧည့်သည်များနှင့်အတူ နေ့လည်စာထွက်စားခဲ့သည်။
နေ့လည်စာစားပြီးနောက် အားလုံးလမ်းခွဲခဲ့ကြသည်။ ထန်ဟိုင်ဖုန်းသည်လဲ သက်တော်စောင့်များ၏ကာကွယ်မှုနှင့်အတူ ထန်အိမ်တော်သို့ပြန်သွားခဲ့သည်။ ထန်ကျားခိုင်ကတော့ ကျောင်းပြန်သွားကာ ထန်ကျားယန်သည်တော့ အလုပ်သို့ပြန်သွားသည်။
ထန်ယွင်ဖန်းက ကုမ္ပဏီသို့ပြန်ရောက်ကာ အလုပ်လုပ်နေပြီဖြစ်သော်လည်း ထန်ကျားယန်က သင်ယူလေ့လာဖို့ များစွာလိုအပ်နေသေးတာကြောင့် ထန်ယွင်ဖန်း၏မင်္ဂလာပွဲပြီးမှသာ သူ့ကျောင်းသို့ ပြန်သွားမည်ဖြစ်သည်။
ကုနင်း၊ ချောင်ဝမ်ရှင်းနှင့် ချောင်ယတို့သာ ကျန်ခဲ့တော့သည်။
ကုနင်းကတော့ သူမအတွက် မြေနေရာကို ချွမ်မင်ခိုင်ဝယ်ပေးထားပြီးပြီဖြစ်တာကြောင့် ကျန်ရှိသည့်စာရွက်စာတမ်းများ အပြီးသတ်ရန်အတွက် မြေစာရင်းဌာနသို့သွားရမည်ဖြစ်သည်။
ကုနင်းဝယ်သည့်မြေမှာ စွန့်ပစ်မြေဖြစ်တာကြောင့် ထိုသို့သောမြေမျိုးကို ရောင်းရသည့်အတွက် အစိုးရထက် ပိုပျော်သည့်သူရှိတော့မည်မဟုတ်ပေ။ အထူးသဖြင့် ထိုမြေနေရာကိုဝယ်သွားသည်မှာ ထန်မိသားစုဝင်တစ်ဦးပင်ဖြစ်နေသေးသည်။
သရဲခြောက်သည့်မြေနေရာဟုပြောကြသော်လည်း လူတိုင်းကတော့ မယုံကြည်ပေ။ ထိုသို့သော သတင်းဆိုးများထွက်ထားတာကြောင့် ဈေးနှုန်းကလဲ နိမ့်ပေသည်။
“နင်းနင်း၊ နင်အခုဘယ်ဆက်သွားမှာလဲ?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
“ငါ မြေစာရင်းဌာနသွားဖို့လိုလို့။”
“ဘာအတွက်သွားမှာလဲ?”
“မြေတစ်ခုဝယ်ထားလို့ပါ။”
“ဘယ်နေရာလဲ?”
ကုနင်း လိပ်စာကိုပြောပြလိုက်သည်နှင့် ချောင်ဝမ်ရှင်း ကြောက်လန့်သွားသည်။ “နင်းနင်း၊ နင်အဲ့နေရာဝယ်လိုမဖြစ်ဘူး! အဲ့နေရာက သရဲခြောက်တယ်!”
“ငါသိပါတယ်၊ ဒါပေမယ့် အဲ့ဒါ ကောလဟာလတွေပါ။” ကုနင်းကတော့ ကြောက်စရာတစ်ခုမဟုတ်သလိုဘဲ ပြန်ပြောလိုက်သည်။
“ဒါပေမယ့်….” ချောင်ဝမ်ရှင်းကတော့ စိုးရိမ်နေစဲပင်။
“ဘာလဲ၊ ငါ့ကို ဒီလောက်လေးတောင် မဖြေရှင်းနိုင်ဘူးလို့ ထင်နေတာလား?” ကုနင်းပြုံးကာ ပြန်မေးလိုက်သည်။
ချောင်ဝမ်ရှင်း ရုတ်တရက်ကြောင်အသွားသည်။ သို့ပေမည့် ကုနင်း၏ထူးချွန်လှသည့် အရည်အချင်းကြောင့် ကုနင်းဖြေရှင်းနိုင်မည်ဟု သူမယုံကြည်ပေသည်။
ထို့နောက် သူမတို့ မြေစာရင်းဌာနသို့အတူတူပဲသွားလိုက်ကာ မကြာခင်တွင်ပဲ လိုအပ်သည့် စာရွက်စာတမ်းကိစ္စများ ဖြေရှင်းပြီးသွားသည်။
ချွမ်မင်ခိုင် မရှိသော်လည်း ဌာနမှလူများကို ကြိုပြီး ဖုန်းဆက်ကာ ပြောထားတာကြောင့် အချိန်တိုအတွင်း လုပ်ဆောင်ပြီးသွားခြင်းဖြစ်သည်။
စာရွက်စာတမ်းများရပြီးသည်နှင့် ကျန်ကိစ္စများကိုဖြေရှင်းရန် အန်းကွမ်းယောင်ကိုသာ လက်လွှဲလိုက်တော့သည်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းနှင့်ပေါင်းစည်းကာ ကိုယ်တိုင်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပြီးကတည်းက တိုးတက်ကျယ်ပြန့်မှုနှုန်းမြန်ဆန်လာခဲ့သည်။ အခုဆိုလျှင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် Fမြို့တွင် ယွမ်၃ဘီလီယံအရင်းငွေနှင့် တတိယမြောက်အချမ်းသာဆုံး စာရင်းဝင်နေပေပြီ။
၎င်း၏လျင်မြန်စွာတိုးတက်လာမှုကလဲ Fမြို့တွင် လူသိများသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့သည်။
***
အခန်း ၇၉၈ ဝမ်ယွင်ပင်း
ကုနင်းက မြေနေရာနှင့်ပတ်သတ်သည့် ထိတ်လန့်ဖွယ်သတင်းကိုလဲ အန်းကွမ်းယောင်ကို ပြောပြခဲ့ပေမည့် အသေးစိတ်ကိုတော့ မပြောဘဲ ကောလဟာလလို့သာ ပြောလိုက်သည်။
အန်ကွမ်းယောင်ကလဲ ကုနင်းကို ယုံကြည်သူဖြစ်တာကြောင့် သူမပြောသမျှကိုလဲ ယုံကြည်ပေသည်။
……….
ကောင်းကောင်းအနားယူကာ မူးယစ်ဆေးကိုလဲ သုံးနေရပြီးနောက် ဖန်ရွယ်ချင်၏စိတ်အခြေအနေမှာ အနည်းငယ်တည်ငြိမ်လာခဲ့သည်။ သို့ပေမည့် သူမက မူးယစ်ဆေးစွဲသွားပြီဖြစ်တာကြောင့် ဖန်မိသားစုက သူမအတွက် မူးယစ်ဆေးဝယ်ပေးရပေသည်။ ကံကောင်းစွာဖြင့် ဖန်မိသားစုသည် သူမအတွက် မူးယစ်ဆေးထောက်ပံ့ဖို့ရန် လုံလုံလောက်လောက် ချမ်းသာနေ၍သာ တော်တော့သည်။
လုချိုးထင်သည် အချိန်ပြည့်အိမ်ထောင်ရှင်မတစ်ဦးသာဖြစ်တာကြောင့် အလုပ်မများ၍ အချိန်အများစုကို ဖန်ရွှယ်ချင်နားတွင်နေပေးပေသည်။ အစပိုင်းတွင်တော့ လုချိုးထင်သည် သူငယ်ချင်းဆက်ဆံရေးကြောင့် ဖန်ရွယ်ချင်ကို ကောင်းကောင်းဂရုစိုက်ပေးပေမည့် မကြာခင်တွင်ပဲ ပင်ပန်းလာတော့သည်။ သည်းခံနိုင်နေသေးတာကြောင့် ဖန်ရွှယ်ချင်နှင့်အတူ ဆက်ရှိနေဖို့ရန် သူမကိုယ်သူမ ဖိအားပေးခဲ့ပေမည့် တခါတရံတွင်တော့ ဖန်ရွှယ်ချင်ကို လျစ်လျူရှုကာ သူဖုန်းနှင့်သာ အလုပ်ရှုပ်နေတော့သည်။
အခုလဲ ဖန်ရွှင်ချင်သည် လောလောလတ်လတ်မှ မူးယစ်ဆေးသုံးထားတာကြောင့် အိပ်ရာထက်တွင် ငြိမ်သက်ကာ လှဲနေသည်။
“ဘုရားရေ၊ ထန်ယွင်ဖန်းက လက်ထပ်ခွင့်တောင်းလိုက်ပြီပေါ့!” ရုတ်တရက် လုချိုးထင်က အထိတ်တလန့်နှင့်ရေရွတ်လိုက်တာကြောင့် ဖန်ရွှယ်ချင် အံ့ဩသွားကာ “ဘာပြောလိုက်တာလဲ?” ဟု မေးလိုက်သည်။
ဖန်ရွှယ်ချင်၏အသံကိုကြားကာမှ သူမထုတ်မပြောသင့်မှန်း လုချိုးထင်အမှတ်ရသွားတော့သည်။ “ဘာ-ဘာမှမဟုတ်ပါဘူး။”
ဖန်ရွှယ်ချင်သာ ဤအကြောင်းသိသွားပါလျှင် သေချာပေါက် ဒေါသထွက်ကာ စိတ်လွတ်သွားလိမ့်မည်ဖြစ်သလို သူမ လုချိုးထင်သည်လဲ ဖန်ရွှယ်ချင်စိတ်ပြန်ငြိမ်အောင် ထပ်ခါထပ်ခါ ချော့ရပေလိမ့်မည်။
“မဟုတ်သေးပါဘူး၊ နင် ထန်ယွင်ဖန်းလို့ပြောလိုက်တာပါ။ နင်ပဲ သူလက်ထပ်ခွင့်တောင်းတယ်လို့ ပြောလိုက်တယ်လေ!” ဖန်ရွှယ်ချင်က လုချိုးထင်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ဖန်ရွှယ်ချင် ကြားပြီးနေမှတော့ လုချိုးထင် ဖုံးဖိနေလို့လဲ အသုံးမဝင်တော့ပေ။ “ဟုတ်တယ်၊ အဲ့လိုပဲ၊ ထန်ယွင်ဖန်းက အဲ့မိန်းမကို လက်ထပ်ခွင့်တောင်းလိုက်ပြီ။”
ထိုစကားကိုကြားပြီးနောက် ထူးထူးဆန်းဆန်း ဖန်ရွှယ်ချင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လုချိုးထင်လဲ သူမတွေ့ ကျော်လွှားနိုင်ပြီဟု ထင်လိုက်ပေမည့် ရုတ်ချည်းဆိုသလို ဖန်ရွှယ်ချင်က ရူးသွယ်စွာ အော်ဟစ်တော့သည်။
“သူ ဘယ်လိုလုပ် ငါ့အပေါ် ဒီလိုမျိုးလုပ်နိုင်ရတာလဲ? ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ?” ဖန်ရွှယ်ချင် အော်ဟစ်ကာ ပစ္စည်းများကိုလဲ ပစ်ပေါက်နေတာကြောင့် ဆူညံပွက်လောရိုက်နေတော့သည်။ သူမက အိပ်ရာပေါ်မှတောင် ထလာဖို့လုပ်လိုပ်ပေမည့် အားပြတ်နေသည့်အချိန်ဖြစ်တာကြောင့် ကြမ်းပေါ်သို့သာ ပြတ်ကျသွားပြီး သူမခေါင်းနှင့် ကုတင်စောင်းရိုက်မိကာ သွေးများစိမ့်ထွက်လာတော့သည်။
လုချိုးထင်လဲ ကြောက်လန့်သွားကာ ဆရာဝန်ကိုရှာဖို့ အမြန်ထွက်သွားတော့သည်။ ထိုအချိန်မှာတော့ သူမပါ ထိခိုက်သွားမည်စိုးတာကြောင့် ဖန်ရွှယ်ချင်ကို ဝင်ရောက်မထိန်းပေးချင်ခဲ့ပေ။
သို့ပေမည့် ဖန်ရွှယ်ချင်ကတော့ သူမခေါင်းမှ သွေးများကျဆင်းနေရာင်းကနေပြီး ဆက်လက်အော်ဟစ်နေကာ ထိုသွေးများက သူမမျက်နှာပေါ်သို့ပါ စီးကျနေပြီး လွန်စွာကြောက်ဖို့ကောင်းနေတော့သည်။
“ဘာလို့လဲ? ဘာလို့ ငါ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ?”
“ငါ့ကို ကြည့်ပါဦး၊ ငါ့မှာတော့ မူးယစ်ဆေးတောင် စွဲသွားတာကို နင်ကတော့ တခြားမိန်းမတစ်ယောက်ကို လက်ထပ်ခွင့်တောင်းတယ်တဲ့လား။”
“သေကြစမ်း! သေကြစမ်း!”
ဖန်ရွှယ်ချင်ပြောနေပုံက သူမကပဲ မတရားခံရသူလို ထန်ယွင်ဖန်းကပဲ သူမကို လှည့်စားသွားခဲ့သလိုပင်။ သို့ပေမည့် သူမအခုခံစားနေရသည်က သူမလုပ်ခဲ့သည့်ကိစ္စများကြောင့် ပြန်ခံရခြင်းသာဖြစ်သည်။
မကြာခင်တွင်ပဲ ဆရာဝန်ရောက်ရှိလာကာ ဖန်ရွှယ်ချင်ကို အတင်းချုပ်နှောင်ပြီး စိတ်ငြိမ်ဆေးထိုးသွင်းခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဖန်ရွှယ်ချင် အိပ်ရာပေါ် ပြန်ရောက်သွားတော့သည်။
ဆရာဝန်ပြန်ထွက်သွားသည်နှင့် လုချိုးထင်၏သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားကာ ဖန်ရွှယ်ချင်ကို အော်ဟစ်တော့သည်။ “ဖန်ရွှယ်ချင် တော်သင့်နေပြီ! နင့်အသက်ဆက်မရှင်ချင်တော့ရင်လဲ ကိုယ့်ဘာကိုယ်သာ သတ်သေလိုက်! ငါ့ကိုဒုက္ခမပေးနဲ့တော့!”
ထို့နောက်တွင်တော့ လုချိုးထင် ထွက်သွားတော့သည်။ ဆေးရုံမှာက သူနာပြုများရှိတာကြောင့် ဖန်ရွှယ်ချင်ကို သူတို့ပဲ ဂရုစိုက်ပေးပေလိမ့်မည်။
အခုတော့ ဖန်ရွှယ်ချင်၏စိတ်လဲ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်ကာ လုချိုးထင်အပေါ် မုန်းတီးမှုက များပြားလာတော့သည်။ သူမသာ ကိုယ့်ဘဝကိုယ်ကောင်းကောင်းမနေလိုလျှင် ဘယ်သူကမှ ထိန်းကျောင်းပေးနိုင်မည်မဟုတ်ပေ။
လုချိုးထင် အရင်က ငါနင့်ကိုကူညီပေးခဲ့တယ်၊ အခုတော့ နင်က ငါ့ကို သတ်သေစေချင်နေပြီပေါ့?
ထိုသို့တွေးလိုက်မိသည်နှင့် ဖန်ရွှယ်ချင် စိတ်ကို လျှော့ချကာ ဖန်ပင်းဟွေ့ထံသို့ ဖုန်းဆက်လိုက်တော့သည်။
“ဘာလဲ?” တစ်ဖက်က ဖန်ပင်းဟွေ့က စိတ်မရှည်စွာထူးလိုက်သည်။
“ပင်းဟွေ့၊ နင် ဝမ်ယွင်ပင်းအကြောင်း ဘယ်တုန်းကမှ မမေ့နိုင်ခဲ့ဘူးဆိုတာ ငါသိတယ်။ ငါမနှစ်တုန်းက သူမကိုတွေ့ခဲ့သေးတယ်။ သူ့ပုံစံက သူတောင်းစားနဲ့တောင် တူနေပြီ။ သူအဲ့လိုဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့လဲသိလား? လုချိုးထင်နဲ့ ငါပဲ။ လုချိုးထင်က ငါ့ကိုအကူအညီတောင်းပြီး နင် ဝမ်ယွင်ပင်းကို စွန့်ပစ်လိုက်အောင် ဝမ်ယွင်ပင်းနဲ့တခြားယောက်ျားတစ်ယောက် တစ်အိပ်ယာတည်းအတူရှိသလိုမျိုး လုပ်ကြံခဲ့ကြတာ။ နောက်တော့ လုချိုးထင်က နင်အရက်မူးနေတဲ့အချိန် တမင်တကာ နင်နဲ့အတူအိပ်ပြီး သူ့ကိုလက်ထပ်ဖို့ ဖိအားပေးခဲ့တယ်။” ထိုအကြောင်းအရာများကို ပြောပြီးနောက် ဖန်ရွှယ်ချင် အလွန်စိတ်ကျေနပ်သွားသည်။ အခုချိန်မှာ သူမဘာကိုမှမကြောက်တော့ပေ။
“မင်း ဘာပြောလိုက်တယ်?” ဖန်ပင်းဟွေ့ အလွန်ထိတ်လန့်သွားပေသည်။
ဝမ်ယွင်ပင်းကို သူမြတ်မြတ်နိုးနိုးချစ်ခဲ့သလို သူမကြောင့်ပဲ သူလွန်စွာ စိတ်ထိခိုက်နာကျင်ခဲ့ရတာကြောင့် သူမကို ဘယ်တုန်းကမှ မမေ့နိုင်ခဲ့သည်မှာ အမှန်တရားပင်ဖြစ်သည်။ သူ လုချိုးထင်နှင့် ဆက်ဆံရေးကောင်းမွန်စွာ ရှိခဲ့ရင်တောင်မှ ဘယ်တုန်းကမှ လုချိုးထင်ကို မချစ်ခဲ့ပေ။ သို့ပေမည့် လုချိုးထင်ကို ထိခိုက်မည့်အဖြစ်မျိုးလဲ သူဘယ်တုန်းကမှ မလုပ်ခဲ့ပေ။
သို့သော်လည်း အခုတော့ ပြီးခဲ့သည့်နှစ်များက ဖြစ်ပျက်ခဲ့သည်များမှာ တမင်လုပ်ကြံထားခြင်းဖြစ်ကြောင်း ဖန်ရွယ်ချင်က ပြောလာခဲ့သည်။
ဒီလိုသာဆို သူ ဝမ်ယွင်ပင်းအား နှစ်ပေါင်းများစွာ မုန်းတီးနေခဲ့ခြင်းမှာ ဟာသတစ်ခုလိုသာဖြစ်နေတာပေါ့၊ ရုတ်ချည်းဆိုသလို လုချိုးထင်နှင့်ဖန်ရွှယ်ချင်ကိုသာ လွန်စွာစက်ဆုပ်ရွံ့ရာမိသွားတော့သည်။
သူတို့က သူ့ပျော်ရွှင်မှုကို ဖျက်ဆီးသလို သူနှလုံးသားထဲမှာလဲ နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုချန်ထားခဲ့ရုံသာမက သူချစ်ရတဲ့အမျိုးသမီး၏ဂုဏ်သိက္ခာကိုလဲ ဖျက်ဆီးခဲ့ကြသည်။ သို့ပေမည့် သူတို့ကတော့ ဘာမှမဖြစ်သလို အခုချိန်ထိ နေခဲ့ကြတယ်တဲ့လေ!
ဖန်ပင်းဟွေ့ ဒေါသတကြီးနှင့် ပြန်မေးလိုက်သည်။ “ပြောစမ်း၊ အခု ယွင်ပင်း ဘယ်မှာရှိနေလဲ?”
ဝမ်ယွင်ပင်းသာ တကယ်ပဲ သူတောင်းစားသာသာလောက်ဖြစ်နေမည်ဆိုလျှင် သူတကယ်ကို အပြစ်ရှိစွာ ခံစားရပေမည်။
လုချိုးထင်နှင့်ဖန်ရွှယ်ချင်တို့၏အကြံအစည်ဖြစ်သော်လည်း သူကိုယ်တိုင်က ဝမ်ယွင်ပင်းကို ကိစ္စတိုင်းအတွက် အပြစ်ပုံချက သူမကိုတောင် စွန့်ပစ်ခဲ့သည်ကလဲ အမှန်တရားသာဖြစ်သည်။
“သူအခုချိန် ဘယ်မှာရှိလဲဆိုတာတော့ ငါလဲမသိဘူး။ ဒါပေမယ့် နင် အနောက်ဘက်နယ်မြေက စက်ရုံကို စစ်ကြည့်ပေါ့။ ငါအရင်တစ်ခေါက် သူ့ကိုတွေ့လိုက်တုန်းက အဲ့ဒီဘက်က စက်ရုံရဲ့ယူနီဖောင်းဝတ်ထားတယ်။” ဖန်ရွှယ်ချင်ပြန်ဖြေလိုက်သည်။ သူမနှင့် လုချိုးထင်တို့၏ သူငယ်ချင်းဆက်ဆံရေးမှာ လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်းကိုလဲ သိပေသည်။
ဖုန်းဆက်ပြီးသွားသည်နှင့် ဖန်ပင်းဟွေ့က အနောက်ဘက်နယ်မြေမှ စက်ရုံများတွင် ဝမ်ယွင်ပင်းနာမည်နှင့် အမျိုးသမီးကိုရှာဖို့ရန် လူလွှတ်ခိုင်းလိုက်သည်။
ဆေးရုံရှိ ဖန်ရွှယ်ချင်သည်တော့ ရူးသွပ်စွာအော်ဟစ်ရယ်မောနေခဲ့သည်။
လုချိုးထင်၊ နင့်ဘဝလဲ ပျက်စီးစေရမယ်။
လုချိုးထင်သည်တော့ ဆေးရုံမှထွက်လာပြီးသည်နှင့် အလှပြင်ဆိုင်တစ်ဆိုင်သို့သွားခဲ့သည်။ သူမကတော့ သူမ၏ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဘဝလေး ဖျက်ဆီးခံထားရပြီဖြစ်သည့်အကြောင်းကို လုံးဝမစဉ်းစားမိသေးပေ။
ရှာဖွေရမည့် ခန့်မှန်းခြေနယ်မြေကို သိထားတာကြောင့် လူတစ်ယောက်ရှာဖို့က မခက်ခဲတော့ပေ။
***
အခန်း ၇၉၉ ဖန်ပင်းဟွေ့၏သား
ဖန်ပင်းဟွေ့၏အတွင်းရေးမှူးက စက်ရုံနယ်မြေ၏ထိန်းချုပ်ရေးခန်းသို့ တိုက်ရိုက်ပင်ဖုန်းဆက်ကာ ဝမ်ယွင်ပင်းအမည်ရသည့် အမျိုးသမီး ထိုနေရာတွင် အလုပ်လုပ်နေသလားဆိုသည်ကို မေးမြန်းလိုက်သည်။ ထို့ကြောင့် ဖန်ပင်းဟွေ့၏အတွင်းရေးမှူးက နာရီဝက်အကြာတွင် စက်ရုံနယ်မြေသို့ရောက်ရှိသွားနောက် နောက်ထပ်မိနစ်၂၀အကြာတွင်တော့ ခြောက်လုံးမြောက်စက်ရုံတွင် ဝမ်ယွင်ပင်းအမည်နှင့် အမျိုးသမီးတစ်ယောက်ကို ရှာတွေ့သွားတော့သည်။
အတွင်းရေးမှူးက ဝမ်ယွင်ပင်းနှင့် ချက်ချင်းစကားသွားမပြောဘဲ သူမပုံကို ဓါတ်ပုံရိုက်ကာ ဖန်ပင်းဟွေ့ထံသို့သာ ပို့ပေးလိုက်သည်။
အချိန်၏တိုက်စားမှုကြောင့် ဝမ်ယွင်ပင်းလဲ အသက်၃၀ကျော်အရွယ်ပုံပေါက်နေပြီဖြစ်ပေမည့် ဖန်ပင်းဟွေ့ကတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူချစ်ရသည့်အမျိုးသမီးဖြစ်မှန်း ခံစားမိနေတုန်းပင်။
ထိုအခိုက်အတန့်မှာပဲ သူ့စိတ်ကိုသူမထိန်းချုပ်နိုင်တော့ကာ မျက်ရည်များစီးကျလာတော့သည်။
ဖန်းပင်းဟွေ့က သူ့အတွင်းရေးမှူးကို သူမအလုပ်လုပ်နေသည်အား မနှောင့်ယှက်ဖို့ရန်နှင့် သူကိုယ်တိုင်လာတွေ့မည့်အကြောင်းပြောလိုက်သည်။ ထို့နောက်တွင်တော့ သူ့အလုပ်များကို နောက်အတွင်းရေးမှူးတစ်ယောက်နှင့်ထားခဲ့ကာ ကိုယ်တိုင်ကားမောင်းထွက်ခဲ့လိုက်သည်။
နာရီဝက်အကြာတွင်တော့ ဖန်ပင်းဟွေ့လဲ စက်ရုံနယ်မြေသို့ရောက်ရှိလာသည်။
အခုမှ ညနေ၅နာရီခွဲသာရှိသေးကာ အလုပ်သမားများလဲ အလုပ်ချိန်မပြီးသေးတာကြောင့် ဖန်ပင်းဟွေ့လဲ အပြင်ဘက်ကနေသာ ဝမ်ယွင်ပင်းကို စောင့်နေလိုက်သည်။
၆နာရီ၅မိနစ်လောက်တွင်တော့ ဝမ်ယွင်ပင်း အပြင်သို့ထွက်လာသည်ကို ဖန်ပင်းဟွေ့ တွေ့ရပေပြီ။ သူမ၏မူရင်းအသက်မှာ၃၅နှစ်သာရှိသေးသော်လည်း အခုတော့ သူမ၏ပုံပန်းသွင်ပြင်မှာ အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်နှင့်ပင် တူနေသည်။
ဒီနှစ်တွေအတွင်း သူမဘာတွေများကြုံတွေ့ခဲ့ရလို့လဲ?
ဖန်ပင်းဟွေ့တွင် မလိုလားသည့်အရိပ်အယောင်လုံးဝမရှိဘဲ သူမအတွက် နှလုံးသားထဲကပဲ နာကျင်လာမိသည်။
သူသာ ဝမ်ယွင်ပင်းနှင့်လက်ထပ်ခဲ့လျှင် သူတို့နှစ်ဦးသား ပျော်ရွှင်စွာ နေနိုင်ခဲ့ကြပေမည်။
ဖန်ပင်းဟွေ့ ချက်ချင်းထွက်မတွေ့လိုက်ဘဲ သူမနောက်မှလိုက်ကာ အခုချိန်မှာ သူမဘဝအခြေအနေဘယ်လိုဖြစ်နေလဲဆိုသည်ကို လိုက်လံကြည့်ရှုခဲ့သည်။
ဝမ်ယွင်ပင်းက ဘက်စ်ကားမှတ်တိုင်သို့ လမ်းလျှောက်သွားကာ ခဏလောက်စောင့်နေခဲ့သည်။ သူမ ဘက်စ်ကားပေါ်တွင်သွားသည်နှင့် ဖန်ပင်းဟွေ့လဲ သူ့ကားနှင့် အနောက်မှ ဆက်လိုက်ခဲ့သည်။
လေးမှတ်တိုင်ကျော်ပြီးနောက်တွင်တော့ ဝမ်ယွင်ပင်းက ဆင်ခြေဖုံးရပ်ကွက်များနားတွင် ဆင်းနေခဲ့သည်။ သို့ပေမည့် သူမက မှတ်တိုင်မှ မထွက်သွားသေးဘဲ နောက်ထပ်ဘက်စ်ကားများ လာနေသည်ကို ခဏလောက်ထပ်စောင့်ကြည့်နေသည်။
ဖန်ပင်းဟွေ့ကတော့ သူမနောက်ထပ်ဘက်စ်ပြောင်းစီးလိုခြင်းကြောင့် စောင့်နေသည်ဟု တွေးလိုက်မိသော်လည်း သူမကတော့ ဘက်စ်တွေတစ်စီးပြီးတစ်စီး ရပ်ပြီးသွားတာတောင်မှ နောက်ဘက်စ်ကားပေါ် တက်ဖို့ရန် စိတ်ကူးမရှိပုံပင်။
၂မိနစ်ကြာပြီးနောက် ဘက်စ်ကားတစ်စီးဆိုက်ရောက်လာကာ ၁၆နှစ်အရွယ်ကောင်လေးတစ်ယောက် ဆင်းလာခဲ့သည်။ ထိုကောင်လေးကိုမြင်လိုက်သည်နှင့် ဝမ်ယွင်ပင်းကလဲ ပြုံးရွှင်ကာ ကောင်လေးအနားသို့လျှောက်သွားသည်။ ထို့နောက် သူတို့ချင်း စကားဖောင်ဖွဲ့ကြရင်း လမ်းလျှောက်ထွက်သွားပေသည်။
နောက်ယောင်ခံလိုက်နေသည့် ဖန်ပင်းဟွေ့သည်တော့ ကောင်လေး၏မျက်နှာသွင်ပြင်ကြောင့် ထိတ်လန့်တုန်လှုပ်လို့နေသည်။ ထိုကောင်လေးသည် သူငယ်စဉ်အချိန်ကနှင့် အလွန်ဆင်တူနေခြင်းကြောင့်ပင်။ ဒီကောင်လေးက သူနဲ့ဝမ်ယွင်ပင်းတို့ရဲ့ ကလေးများလား?
ထိုနှစ် သူ့ကို ဝမ်ယွင်ပင်းထားသွားခဲ့ချိန်က သူမမှာ ကိုယ်ဝန်ရှိနေခဲ့ပေမည့် သူကတော့ တခြားယောက်ျားတစ်ယောက်၏ကလေးကိုလွယ်ထားရသည်ဟုသာ တွေးခဲ့သည်။
အခုတော့ ထိုကောင်လေးက သူ့သားဖြစ်နိုင်ချေအလွန်များလှသည်။
ထိုနှစ်များက သူတို့ချင်း တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြကာ လက်ထပ်ဖို့အထိလဲ ရည်ရွယ်ထားခဲ့ကြတာကြောင့် သူတို့အတူအိပ်ဖြစ်ကြပြီး မကြာခင်တွင်ပဲ ဝမ်ယွင်ပင်းလဲ ကိုယ်ဝန်ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖန်ပင်းဟွေ့၏ စိတ်ခံစားချက်များမှာ ရောထွေးလို့နေတော့သည်။ ထိုကောင်လေးသည် သူနှင့် ဝမ်ယွင်ပင်းတို့၏ နက်ရှိုင်းလှသည့်အချစ်သင်္ကေတဖြစ်တာကြောင့် သားတစ်ယောက်ရှိနေသည့်အပေါ် အလွန်ဝမ်းသားပျော်ရွှင်မိသည်။
ထိုအတွင်းက လုချိုးထင်အပေါ် မတရားပုံပေါက်သော်လည်း သူ့ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့သူမှာ လုချိုးထင်သာ ဖြစ်ပေသည်။ သူမကြောင့်သာ မဟုတ်ရင် သူလဲ သူချစ်ရသည့်အမျိုးသမီးနှင့်ဝေးကွာရမည်မဟုတ်သလို သူ့သားသည်လဲ အမေတစ်ယောက်တည်းရှိကာ ကြီးပြင်းခဲ့ရမည်မဟုတ်ပေ။
ဥပဒေအရဆိုလျှင် လုချိုးထင်ကို ထောင်ပင်ချပစ်နိုင်ပေသည်။
အခုချိန်မှာ ဝမ်ယွင်ပင်းတွင် မိသားစုသစ်ရှိနေပြီဖြစ်စေ သူတို့အတူ ပြန်ပေါင်းထုပ်နိုင်သည်ဖြစ်စေ သူကတော့ လုချိုးထင်နှင့် ဘယ်လိုမှ ဆက်လက်ပေါင်းသင်းနိုင်မည်မဟုတ်တော့ပေ။ သူတို့လက်ထပ်ပေါင်းသင်းခဲ့ကြသည့် နှစ်များအတွက် သူမကို တရားစွဲမည်တော့ မဟုတ်သော်လည်း ကွာရှင်းဖို့ကိုတော့ စိတ်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဘယ်ယောက်ျားကမှ မိန်းမတစ်ယောက်က သူ့အပျော်ကို ဖျက်ဆီးပစ်ကာ သူချစ်ရသည့်အမျိုးသမီးကတော့ သူတို့ကလေးနှင့် ဆင်းဆင်းရဲရဲရှင်သန်ခဲ့ရသည်ကို သည်းခံခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။
ဖန်ပင်းဟွေ့ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် သူ့ကားနှင့် ဝမ်ယွင်ပင်းတို့သားအမိနောက်သို့ ဆက်လိုက်ခဲ့သည်။
၁၀မိနစ်အကြာတွင်တော့ ထိုနှစ်ဦးသည် လူနေရပ်ကွက်တစ်ခုအတွင်းသို့ ဝင်သွားကာ အိမ်မပြန်ခင် စားသောက်စရာအချို့ကို ဝယ်ခဲ့သည်။
ထိုနှစ်ယောက်ဝင်သွားသည့်နေရာသည် လမ်းသွယ်လေးဖြစ်တာကြောင့် ကားမောင်ဝင်၍မရ၍ ဖန်ပင်းဟွေ့လဲ လမ်းဘေးတစ်နေရာတွင် သူ့ကားကို ရပ်ခဲ့ကာ ခြေကျင်ပဲ ဆက်လိုက်ခဲ့သည်။
မီတာ၅၀နီးပါးမျှ လမ်းဆက်လျှောက်ပြီးချိန်တွင်တော့ ထိုနှစ်ဦးသည် အဆောက်အုံဟောင်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဝမ်ယွင်ပင်းတို့သားအမိသည် ပထမထပ်တွင် နေကြကာ အခန်းကလဲ သိပ်မကြီးပေ။ ဝမ်ယွင်ပင်းက အတွင်းခန်းတွင်အိပ်ကာ သူမသားကတော့ အပြင်ဘက်ရှိ ဧည့်ခန်း၊ မီးဖိုခန်းနှင့် ထမင်းစားခန်းတို့ တစ်ဆက်တည်းရှိသည့် အပြင်ခန်းတွင် အိပ်ရသည်။
ဤနေရာမျိုးတွင် ဆင်းရဲသူများသာ နေထိုင်ကြပေသည်။
ထိုနှစ်ဦးအထဲသို့ဝင်သွားပြီးကာမှ ဖန်ပင်းဟွေ့ အနားသို့ကပ်သွားခဲ့ပေမည့် ချက်ချင်းတော့ တံခါးမခေါက်လိုက်ဘဲ အပြင်ဘက်ကနေသာ အတွင်းမှာအခြေအနေများကို ခိုးနားထောင်နေသည်။
“အမေ၊ အခုထိ တိုက်ခန်းကောင်းတာလေး ရှာမတွေ့သေးဘူးလား?” ဝမ်ယွင်ပင်း၏သား ဝမ်ကျဲ့ရှန်က မေးလိုက်သည်။
“မတွေ့သေးဘူး၊ အမေ ရှာနေပါတယ်။ စိတ်မပူနဲ့၊ အဆောက်အဦးကို မဖျက်ချခင်တော့ တိုက်ခန်းကောင်းတာလေးတစ်ခုလောက် အမေတို့ ရှာတွေ့မှာပါ။”
“အမေ၊ သား စာကြိုးစားသင်ပြီး ငွေတွေအများကြီးရှာမယ်၊ ဒါမှ နောက်ကျရင် သားတို့ အိမ်ကောင်းကောင်းမှာနေနိုင်မှာ။” ဝမ်ကျဲ့ရှန်က အလေးအနက်ပြောလိုက်သည်။ ထိုကိစ္စက သူ့ဘဝတွင် အဖြစ်ချင်ဆုံးဆန္ဒသာဖြစ်သည်။
“လိမ္မာလိုက်တဲ့ကလေး၊ အမေ မင်းကိုယုံတယ်။ တစ်နေ့ကျရင် သားအောင်မြင်လာမှာပါ!” ဝမ်ယွင်ပင်းကလဲ ဝမ်ကျဲ့ရှန်ကို အားပေးလိုက်သည်။
အပြင်ဘက်မှ ဖန်ပင်းဟွေ့သည်တော့ ငိုချင်လာခဲ့သည်။ သူတို့မှာ နေဖို့နေရာကောင်းလေးတောင် မရှိကြဘူးပဲ။
ထို့နောက် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ကာ အခန်းတံခါးကို ခေါက်လိုက်တော့သည်။
“လာပါပြီ!” ဝမ်ယွင်ပင်းက အမြန်ပဲ တံခါးနားသို့လျှောက်လာခဲ့သည်။
ဤနေရာရှိ အိမ်နီးချင်းများမှာ တစ်ခါတစ်ရံ လာလည်လေ့ရှိတာကြောင့် ဝမ်ယွင်ပင်း သိပ်မတွေးခဲ့ပေ။ သို့ပေမည့် သူမတံခါးကိုဖွင့်လိုက်ကာ အပြင်ဘက်မှ အမျိုးသားကို မြင်လိုက်ရချိန်တွင်တော့ ကြောင်အသွားတော့သည်။
ဖန်ပင်းဟွေ့? သူက ဒီကိုဘာလာလုပ်တာလဲ? ငါဒီမှာနေတာ သူဘယ်လိုလုပ်သိသွားတာလဲ?
“ယွင်ပင်း၊” ဖန်ပင်းဟွေ့က သူတို့ချစ်ခဲ့ကြသည့်နှစ်က ခေါ်ဆိုခဲ့သလိုပင် နှုတ်ဆက်လိုက်သည်။
ခဏအကြာတွင်မှ ဝမ်ယွင်ပင်းလဲ သတိပြန်ဝင်လာကာ တံခါးကို ပိတ်ပစ်ဖို့ လုပ်သော်လည်း ဖန်ပင်းဟွေ့တားသည်ကို ခံလိုက်ရသည်။ “ယွင်ပင်း၊ ကိုယ်တို့ စကားပြောကြရအောင်လား?”
“ကျွန်မတို့ကြား ဘာမှပြောစရာအကြောင်းမရှိဘူး။” ဝမ်ယွင်ပင်း ပြန်ပြောလိုက်သည်။ ဖန်ပင်းဟွေ့သည် ဒီကမ္ဘာပေါ်တွင် သူမ,မမြင်ချင်ဆုံးယောက်ျားပင်ဖြစ်သည်။
ကုန်လွန်ခဲ့သည့်ဆယ်နှစ်ကျော်အချိန်က ဖြစ်ရပ်များမှာ သူမနှလုံးသားထဲတွင် ဒဏ်ရာတစ်ခုလို ကျန်ရစ်နေစဲပင်။ ဖန်ပင်းဟွေ့ကလဲ ထိုစဉ်အခါက မတရားခံခဲ့ရသူသာဖြစ်တာကြောင့် သူမထိုလူကို အပြစ်မတင်လိုပေ။ သို့ပေမည့် ဘာမှမဖြစ်သလို ထားခဲ့လိုက်ဖို့ကလဲ ခက်ခဲပေသည်။
“အမေ၊ ဘာဖြစ်လို့လဲ? ဘယ်သူမို့လို့လဲ?” ဝမ်ကျဲ့ရှန်က ချက်ချင်းပင် ပြေးလာကာ ဝမ်ယွင်ပင်းကို သူ့နောက်တွင် ထားကာ, ကာကွယ်ပေးလိုက်ပြီး ဖန်ပင်းဟွေ့ကိုတော့ သတိတကြီး စိုက်ကြည့်နေခဲ့သည်။
သူတို့ချင်းအကြည့်စုံသွားချိန်တွင်တော့ ထိုလူနှင့် တစ်နည်းနည်းကြောင့် ရင်းနှီးနေသလို ခံစားလိုက်ရပြီး ဖန်ပင်းဟွေ့သည်လဲ အနီးကပ်မြင်လိုက်ရသည်နှင့် ဝမ်ကျဲ့ရှန်က သူ့သားဖြစ်ကြောင်း ပိုလို့ယုံကြည်သွားတော့သည်။
***
အခန်း ၈၀၀ ဆင်းရဲတာကလဲ စိတ်ခွန်အားတစ်မျိုးပဲ
“ယွင်ပင်း၊ သူက ကိုယ်တို့ရဲ့သားမဟုတ်လား?” ဖန်ပင်းဟွေ့ အဖြေကို သေချာနေပြီးသားဖြစ်သော်လည်း ဝမ်ယွင်ပင်းနှုတ်မှ အတည်ပြုလာမည်ကို ကြားချင်နေစဲပင်။
“ဘာ?” ဝမ်ကျဲ့ရှန်ကတော့ မယုံနိုင်အောင်ဖြစ်သွားရသည်။ သူ့အမေက သူ့အဖေ ကားတိုက်မှုကြောင့် ဆုံးပါးသွားပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား?
ဝမ်ယွင်ပင်းလဲ စိုးရိမ်ထိတ်လန့်သွားကာ ချက်ချင်းပင် ငြင်းဆန်တော့သည်။ “မဟုတ်ဘူး၊ သူက ရှင်နဲ့ဘာမှမပတ်သတ်ဘူး!”
“မဟုတ်ဘူးဆို သူက ဘာလို့ ကိုယ်ငယ်ငယ်တုန်းကနဲ့တူနေရတာလဲ?”
“အဲ့ဒါ….” ဝမ်ယွင်ပင်း၏ ဘာပြန်ပြောရမှန်း မသိဖြစ်နေပုံကပဲ ဝမ်ကျဲ့ရှန်သည် ဖန်ပင်းဟွေ့၏သားဖြစ်ကြောင်း သက်သေပြသွားခဲ့သည်။
“အမေ၊ ဒါအမှန်ပဲလား?” ဝမ်ကျဲ့ရှန် မေးလိုက်သည်။
ဝမ်ကျဲ့ရှန်သည် အလွန်ဉာဏ်ကောင်းသည့်ကလေးဖြစ်တာကြောင့် ဝမ်ပင်းဟွေ့တုံ့ပြန်ပုံမှ ဆိုလိုရင်းကို နားလည်ပေသည်။ ထို့အပြင် သူသည်လဲ ထိုလူနှင့်သူအလွန်ဆင်တူကြောင်း သတိပြုမိထားပြီးဖြစ်သည်။ သို့ပေမည့် ချက်ချင်းကြီးတော့ သူ့အတွက် အမှန်တရားကို လက်ခံဖို့ရန် ခက်ခဲလှသည်။ သူ့မှာသာ အဖေရှိရင် နှစ်တွေအများကြီး ဘာကြောင့် သူ့အဖေက ပေါ်မလာရတာလဲ? အမေကရော ဘာလို့ သူ့အဖေကို သသွေားပြီလို့ ပြောထားရတာလဲ?
လူများစွာက သူ့မှာ အဖေမရှိသည့်အတွက် လှောင်ရယ်ခဲ့ကြချိန်တွင် သူလဲ အဖေတစ်ယောက်ရှိလာဖို့ စိတ်ကူးခဲ့ဖူးသည်။ သူ့အမေက တစ်ချိန်တည်းမှာ အလုပ်ကိုကြိုးစားရင်း သူ့ကို ပျိုးထောင်နေရသည်ကို မြင်ရချိန်တွင်လဲ သူတွင် အဖေတစ်ယောက်ရှိဖို့ ဆုတောင်းမိသေးသည်။
သူ့ရှေ့က လူကတကယ်ပဲ သူ့ရဲ့အဖေရင်းဖြစ်နေမည်ဆိုလျှင်တော့ ထိုလူအတွက် ဝမ်ကျဲ့ရှန်တွင် အမုန်းသာရှိပေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး!” ဝမ်ယွင်ပင်း ထပ်ငြင်းလိုက်ပြန်သည်။ သူမသားနှင့်ထိုလူကိုလဲ မတွေ့စေချင်ပေ။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး… ပင်းဟွေ့ ကျွန်မတို့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးပြီပဲ၊ ကျွန်မဘဝကို မနှောင့်ယှက်ပါနဲ့တော့။”
“ယွင်ပင်း၊ အဲ့ဒီနှစ်က ဖြစ်ခဲ့တဲ့အမှန်တရားကို ကိုယ်သိခဲ့ရပြီ။ အဲ့ဒါက လုချိုးထင်နဲ့ဖန်ရွှယ်ချင်တို့ လုပ်ကြံခဲ့တာ၊ ဒီနေ့ပဲ ဖန်ရွှယ်ချင်က ကိုယ့်ကိုအားလုံးပြောပြပြီးသွားပြီ။” ဖန်ပင်းဟွေ့က သူနှင့်ဝမ်ယွင်ပင်းတို့ အတူပြန်ရှိနေနိုင်ဖို့ မျှော်လင့်ကာ ရှင်းပြလိုက်သည်။
သို့ပေမည့် ဝမ်ယွင်ပင်းကတော့ အစကတည်းက လုပ်ကြံထားခြင်းမှန်း သိတာ၍ ထိုစကားများကြောင့် မအံ့ဩသွားပေ။ သူမသိသွားခဲ့လျှင်တောင် ဘာမှပြောင်းလဲသွားမှာမှမဟုတ်ဘဲ။
“ပြီးခဲ့တာတွေလဲ ပြီးပါစေတော့၊ ကျွန်မအခုချိန်မှာ ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ကျွန်မဘာသာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တော့တယ်။” ဝမ်ယွင်ပင်း ပြောရင်းဖြင့် ဝမ်းနည်းလာခဲ့သည်။ ထိုဆိုးဝါးလှသည့် မှတ်ဉာဏ်ဟောင်းများကို ပြန်တွေးမိတာ နာကျင်နေမိစဲဆိုသော်လည်း သူမတွင် သူမကိုနာကျင်စေခဲ့သူများကို ပြန်လည်လက်တုံ့ပြန်ဖို့ စိတ်ကူးရော အင်အားပါမရှိပေ။ အခုလက်ရှိဘဝနှင့်လဲ သူမနေသားကျနေပေပြီ။
“အမေ၊ အရင်ကဘာတွေဖြစ်ခဲ့လို့လဲ?” ဝမ်ကျဲ့ရှန် မခံမရပ်နိုင်စွာ မေးလိုက်မိတော့သည်။
‘လုပ်ကြခံရသည်’ဆိုခြင်းက ကောင်းသည့်စကားလုံးမှမဟုတ်ဘဲ! ထိုဖြစ်ရပ်မှာ လွန်ခဲ့သည့်နှစ်များကတည်းက ဖြစ်ပြီးသွားခဲ့ပြီးသားဆိုလျှင်တောင် ဝမ်ကျဲ့ရှန်ကတော့ သူ့အမေက တစ်စုံတစ်ယောက်၏အကောက်ကြံခြင်းကို ခံရသည်အား သိရချိန်တွင် ဒေါသထွက်မိစဲပင်။
“ကျဲ့ရှန်၊ အခန်းကိုပြန်တော့။” ဝမ်ယွင်းပင်းက သူမသားကို ထိုအရာများအကြောင်း ထပ်ပြီးမသိစေလိုပေ။
“မပြန်ဘူး။” ဝမ်ကျဲ့ရှန်က ငြင်းလိုက်သည်။ သူက သူ့အမေစကားကို အမြဲတမ်းနားထောင်ခဲ့ပေမည့် ဒီကနေ့တော့ နားမထောင်နိုင်ပေ။ သူ့အမေ၏ ကံအကြောင်းမလှခဲ့သည့်အကြောင်းကို သိလိုက်ပြီးမှတော့ မသိသလိုဆက်ဟန်ဆောင်လိုက်ဖို့ မဖြစ်နိုင်ပေ။
“ကျဲ့ရှန်!” ဝမ်ယွင်ပင်း အနည်းငယ်စိတ်တိုလာပေမည့် သူမနောက်ထပ်စကားလုံးများ မပြောနိုင်သေးခင်တွင်ပဲ ဖန်ပင်းဟွေ့က ဖြတ်ပြောလိုက်သည်။ “ယွင်ပင်း၊ သူတို့ မင်းကိုလုပ်ကြံတာမှန်း သိနေမှတော့ ဘာကြောင့် ကိုယ့်ကိုမပြောရတာလဲ?”
ဖန်ပင်းဟွေ့ အလွန်အံ့ဩသွားသလို ဒေါသလဲဖြစ်မိသွားသည်။ ဝမ်ယွင်ပင်း ဘာကြောင့် သူ့ကို အမှန်တရားအား မပြောခဲ့ခြင်းမှန်း နားမလည်နိုင်ပေ။ သူမသာ ပြောခဲ့ပါက အခြေအနေများမှာ လက်ရှိနှင့် ကွဲပြားသွားနိုင်ပေသည်။
“ပြောလဲ ဘာမှမကွာခြားသွားဘူး။ အဲ့ဒါတွေက ဖြစ်ပြီးသွားပြီ၊ ကျွန်မကလေးရှေ့ အဲ့အကြောင်းတွေ မပြောချင်တော့ဘူး။ ရှင်အခု ထွက်သွားလိုက်တော့!”
“ယွင်ပင်း၊ ကိုယ်မင်းကို ကူညီပေးချင်ရုံပါ။” ဖန်ပင်းဟွေ့ ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။ ထိုနှစ်ဦး ယခုလိုဆင်းဆင်းရဲရဲနှင့် နေနေရသည်ကို သူသိပြီးမှတော့ ဘာမှမလုပ်ပေးဘဲ မနေနိုင်ပေ။
“ရှင့်အကူအညီကို မလိုချင်ဘူး! ဖန်ပင်းဟွေ့၊ ကျွန်မတို့ကို လာမနှောက်ယှက်ပါနဲ့။ လုချိုးထင်သာ ရှင် ကျွန်မဆီလာတာသိသွားရင် သူက ကျွန်မကိုပဲ ထပ်ပြီးထိခိုက်အောင် လုပ်မှာ။ အခု ကျွန်မမှာ သားလေးပဲရှိတာ၊ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူး။” ဝမ်ယွင်ပင်း နောက်ဆုံး ဒေါသတကြီးပြောလိုက်သည်။ ယခုအချိန်တွင် ဝမ်ကျဲ့ရှန်ကသာ သူမအတွက် အရာရာဖြစ်ကာ သူ့ကိုကာကွယ်ဖို့အတွက် သူမဘာမှလုပ်ပေမည်။
“မင်းကို ဘယ်သူမှထပ်ပြီး ထိခိုက်အောင်မလုပ်စေရဘူးလို့ ကိုယ်ကတိပေးပါတယ်။”
“မလိုဘူး၊ ရှင်သာ ပျောက်ကွယ်နေသ၍ ကျွန်မတို့လဲ ဘေးကင်းကင်းနဲ့ အဆင်ပြေနေမှာ။ အခုရှင့်မှာ မိသားစုလဲရှိနေပြီပဲ၊ ရှင် ကျွန်မဆီထပ်ခါထပ်ခါလာရှာနေရင် လူတွေက ကျွန်မကို သူများမိသားစုကို ကြားဝင်တဲ့လူလို့ ပြောလာကြလိမ့်မယ်။ အဲ့လိုကောလဟာလတွေက ကျွန်မတို့ဘဝကိုတောင် ဖျက်ဆီးပစ်နိုင်တယ်!”
ထိုစကားကြောင့် ဝမ်ကျဲ့ရှန် မျက်မှောင်ကြုတ်မိသွားသည်။
“အခုချက်ချင်းတော့ မင်း ကိုယ့်ကိုလက်ခံပေးဖို့ ခက်မှန်း သိပါတယ်။ ဒါပေမယ့် ကျဲ့ရှန်က ကိုယ့်သားပဲလေ။ သူ့ကို ပြုစုပျိုးထောင်ပြီး ကောင်းမွန်တဲ့ဘဝမျိုးပေးဖို့ကလဲ ကိုယ့်တာဝန်ပဲ။ မင်း သူ့ကို ပိုကောင်းတဲ့ဘဝမှာ ကောင်းမွန်တဲ့ပညာရေးမျိုးရှိမလာစေချင်ဘူးလား?” ဖန်ပင်းဟွေ့ ဝမ်ယွင်ပင်းနှင့် ညှိနှိုင်းဖို့ကြံလိုက်သည်။ ဝမ်ယွင်ပင်း သူ့ကိုပြန်လက်ခံဖို့က အချိန်ပေးဖို့လိုမည်ဖြစ်ကြောင်း သိ၍ အဖေတစ်ယောက်အနေဖြင့် သူ သူမအပေါ် လုပ်ခဲ့သည့်အပြစ်များကို လျော့ဖို့ရန် အခွင့်အရေးတစ်ခုလောက် ပေးဖို့ မျှော်လင့်မိသည်။
သူမနှင့်အတူ ပြန်နေချင်သော်လည်း အရင်ဆုံး လုချိုးထင်ကို ကွာရှင်းရပေမည်။ ဒါ့အပြင် သူတို့အတူပြန်နေနိုင်ဖို့က ဝမ်ယွင်ပင်းအပေါ်လဲ မူတည်နေသေးသည်။
ထိုနှစ်ကဖြစ်ခဲ့သည့် ကိစ္စရပ်မှာ လုပ်ကြံမှုတစ်ခုသာဖြစ်မှန်း သိပြီးမှတော့ သူစိတ်ထဲထားတော့မည်မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့နှစ်ယောက်လုံး များစွာ ကြုံတွေ့ဖြတ်ကျော်ခဲ့ရမှတော့ ထိုကိစ္စလောက်က မပြောပတော့ပေ။
“ကျွန်မ…” ဝမ်ယွင်ပင်း တုံ့ဆိုင်းသွားရသည်။ ဒါပေါ့ သူမသားကို ပညာကောင်းကောင်းသင်နိုင်မယ့် ကောင်းမွန်တဲ့ဘ၎င်းမျိုးမှာ နေစေချင်တာကြောင့်၊ ဒါပေမယ့်လဲ ဖန်ပင်းဟွေ့က သူမသားကို ပျိုးထောင်ပေးတာကိုတော့ မမြင်ချင်ပေ။
“အမေ၊ သား အမေနဲ့အတူရှိနေနိုင်သ၍ ပညာရေးနဲ့ဘဝအဆင့်အတန်း ဘယ်လိုပဲဖြစ်ဖြစ် သားအကောင်းဆုံးကြိုးစားမှာပါ။ ကောင်းမွန်တဲ့ဘဝ ကောင်းမွန်တဲ့ ပညာရေးမျိုးရှိတာက လူတစ်ယောက်ကို အောင်မြင်နိုင်ချေပိုများတယ်ဆိုပေမယ့် ဆင်းရဲတာကလဲ သားဘဝကို ပြောင်းလဲဖြစ်ဖို့ စိတ်ခွန်အားတစ်ခုပါပဲ။” ဝမ်ကျဲ့ရှန်၏စကားများမှာ ရင့်ကျက်သူတစ်ယောက်လိုပင်။
ဖန်ပင်းဟွေ့တောင်မှ သူ့သား၏အကောင်းဖက်ကိုတွေးသည့်အပေါ် သဘောကျသွားရသည်။
***