← Chapters

အခန်း (၈၀၆-၈၁၀)

Vol. 54 Ch. 806-810

အခန်း (၈၀၆-၈၁၀)

Vol. 54 Ch. 806-810

အခန်း ၈၀၆ မသင့်တော်ဘူး

လင်ရှောင်းထင်တို့အဖွဲ့ ပြန်တော့မည်ကို တွေ့လိုက်ရသည်နှင့် ကျီပိုင်ယင်း ချက်ချင်းပင် ထလာခဲ့သည်။ “ရှောင်းထင်၊ ချက်ချင်းကြီးပြန်မှဖြစ်မှာလား?”

“အွန်း။” လင်ရှောင်းထင် တုံးတိတိပြန်ဖြေကာ ကျီပိုင်ယင်းဘက်ကို တစ်ချက်ပင် မကြည့်ပေ။

“ကျွန်မကော အတူလိုက်လို့ရလား?” ကျီပိုင်ယင် မျှော်လင့်တကြီးမေးလိုက်သည်။

“ပိုင်ယင်း၊ ၃နှစ်ကလေးလို လုပ်မနေစမ်းနဲ့!” လင်ရှောင်းထင် ပြန်မပြောခင်လေးပင် ကျီရှောက်မင်က ဝင်ဟန့်လိုက်သည်။ “သူတို့က တာဝန်ထမ်းဆောင်ကြရဦးမှာ။”

“ငါက နည်းနည်းပါးပါးလျှောက်လည်ချင်ရုံပါ။ သူတို့နဲ့နေရာတိုင်း ခေါ်သွားပေးဖို့မလိုပါဘူး။”

“အန္တရာယ်များလွန်းတယ်။” ကျီရှောက်မင်က သဘောမတူသေးပေ။

“ငါအဲ့လောက်အားမနည်းဘူး။ အဆင်ပြေပါတယ်၊ နင်စိုးရိမ်နေလဲ မန်တနဲ့နန်တို့ကို ထည့်လွှတ်လိုက်လေ။” မန်တနှင့်နန်သည် ကျီပိုင်ယင်း၏ သက်တော်စောင့်များဖြစ်ကာ မန်တကတော့ ယောက်ျားလေးဖြစ်ပြီး နန်ကတော့ မိန်းကလေးဖြစ်သည်။

ထိုအချိ်နတွင်ပဲ လင်ရှောင်းထင်ထံမှ အကြည့်တစ်ချက်ရလိုက်သည့် ရှုကျင်းချန်ကပဲ ဆက်ပြီးပြောလာခဲ့သည်။ “မိန်းကလေးကျီ၊ အလည်သွားချင်တာဆိုရင် ကိုယ်ဘာသာ သီးသန့်ပဲသွားလိုက်ပါ၊ ငါတို့နဲ့ လိုက်ခဲ့ဖို့က မသင့်တော်ဘူး။”

လင်ရှောင်းထင်က ကျီပိုင်ယင်းနှင့် စကားမပြောလိုတာကြောင့် ရှုကျင်းချန်ကို ပြောခိုင်းလိုက်ခြင်းဖြစ်သည်။

ရှုကျင်းချန်ကပါ ပြောလာတာကြောင့် နောက်ဆုံး ကျီပိုင်ယင်းလဲ စိတ်ပျက်လက်ပျက်နှင့် လက်လျှော့သွားတော့သည်။ “ထားပါတော့။”

ထို့နောက် လင်ရှောင်းထင်တို့အဖွဲ့ ပြန်လာခဲ့ကြသည်။

ကျီပိုင်ယင်း သူတို့နှင့်အတူ လိုက်သွားခွင့်မရသော်လည်း လင်ရှောင်းထင်တို့လာရာ တိုင်းပြည်သို့ သွားရောက်လည်ပတ်ဖို့ စိတ်ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် ချက်ချင်းပင် ခရီးထွက်ဖို့ စတင်ထုပ်ပိုးခဲ့သည်။ ကျီပိုင်ယင်းက မြို့တော်နှင့်Bမြို့ကိုတော့ သွားလည်သင့်သည်ဟု စီစဉ်ထားခဲ့ကာ အင်တာနက်ပေါ်တွင် သူမနှင့် သူငယ်ချင်းဖြစ်လာသည့်တစ်ယောက်လဲရှိနေတာကြောင့် Bမြို့သို့အရင်သွားရန် ဆုံးဖြတ်လိုက်သည်။

လင်ရှောင်းထင်တို့အဖွဲ့ ဘယ်နေရာကိုသွားလဲဆိုသည်ကို ကျီပိုင်ယင်းမသိထားသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်မြို့တည်းကို ဦးတည်မိခဲ့ကြသည်။

၇နာရီလောက် ခရီးနှင်ပြီးနောက်တွင်တော့ လင်ရှောင်းထင်တို့အဖွဲ့ Bမြို့သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

သီးသန့်ဂျက်လေယာဉ်က ညနေ၄နာရီမှာပင် Bမြို့လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

………….

Bမြို့တွင်တော့ ယောင်ကွမ်းဟွေ့နှင့်ကုန်းကျန်းယန်တို့ကြား သွေးသားတော်စပ်မှုကို စစ်ထားသည့် ဒီအန်အေရလဒ်ကလဲ ထွက်လာခဲ့ပေပြီ။

ကုန်းကျန်းယန်က တကယ်ပဲ သူ့သားဖြစ်နေကြောင်း ယောင်ကွမ်းသိလိုက်ရသည်နှင့် အလွန်ထိတ်လန့်တုန်လှုပ်ကာ အရှက်ရခဲ့ရသည်။

အခု သေချာသည့်သက်သေလဲရထားပြီးဖြစ်တာကြောင့် ကုန်းကျန်းယန်ကို သူမြန်မြန်ရှင်းထုတ်ရင် ရှင်းထုတ် မဟုတ်လို့ကတော့ သူတို့ယောင်မိသားစု၏ဂုဏ်သိက္ခာများ တစ်စစီပျက်စီးသွားပေလိမ့်မည်။ သူတို့မိသားစုပိုင်ကုမ္ပဏီတောင်မှ အန္တရာယ်ဖြစ်နိုင်သည်။

ဒါကြောင့် ယောင်ကွမ်းဟွေ့ ချက်ချင်းမဆိုင်းပင် တစ်စုံတစ်ယောက်ထံသို့ ဖုန်းဆက်လိုက်သည်။

………..

တစ်ချိန်တည်းတွင်ပဲ ဖန်ပင်းဟွေ့သည်လဲ ဝမ်ယွင်ပင်းအလုပ်လုပ်ရာစက်ရုံသို့ နောက်တစ်ခေါက်ထပ်သွားခဲ့ပြန်သည်။ သို့ပေမည့် အခုထိ အလုပ်ချိန်သာရှိသေးတာကြောင့် ဖန်ပင်းဟွေ့လဲ စက်ရုံခေါင်းဆောင်နှင့်သာ တွေ့ခဲ့သည်။

ထို့နောက် စက်ရုံခေါင်းဆောင်က ဝမ်ယွင်ပင်းကို နားချိန်ပေးလိုက်သည်။ ဝမ်ယွင်ပင်းမှာတော့ ရုံးခန်းထဲတွင် ဖန်ပင်းဟွေ့ကို မတွေ့ရသေးခင်အထိ သူမကိုဘာကြောင့် နားချိန်ပေးလိုက်မှန်း နားမလည်နိုင်ခဲ့ပေ။

ဖန်ပင်းဟွေ့ကို မြင်လိုက်ရသည်နှင့် ဝမ်ယွင်ပင်း အံ့ဩသွားခဲ့သလို မကျေမနပ်လဲဖြစ်သွားပုံပေါ်သည်။ “ဘာလို့ ဒီကိုထပ်ရောက်လာပြန်တာလဲ?”

“ယွင်ပင်း၊ ကိုယ်တို့စကားပြောကြရအောင်လား?” ဝမ်ယွင်ပင်း ရောက်လာသည်နှင့် ဖန်ပင်းဟွေ့ ချက်ချင်းမတ်တပ်ထရပ်ကာ ပြောလိုက်သည်။

ထိုစကားကြောင့် စက်ရုံခေါင်းဆောင်ကလဲ အလိုက်တသိပင် ချက်ချင်းထွက်သွားပေးခဲ့သည်။ ထိုနှစ်ဦး သီးသန့်စကားပြောချင်နေကြမှန်း သူနားလည်ပေသည်။

ဖန်ပင်းဟွေ့သည့် လုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဌဖြစ်တာကြောင့် သူ့လို စက်ရုံခေါင်းဆောင်တစ်ဦးက ထိုလူကို အတိုက်အခဲမလုပ်ရဲပေ။ သို့ပေမယ့်လဲ သူ့အလုပ်သမားတစ်ယောက်က ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် သိကျွမ်းနေသည့်အတွက် အလွန်အံ့အားသင့်နေရပေသည်။

“ကျွန်မဘဝကို မနှောင့်ယှက်တော့ဖို့ မနေ့ကတည်းက ပြောထားပြီးပြီလေ။” ဝမ်ယွင်ပင်း စိတ်ပျက်နေသည့်အကြည့်များဖြင့်ကြည့်လိုက်သည်။

“ယွင်ပင်း၊ ကိုယ်မနေ့ကဘဲ လုချိုးထင်နဲ့ကွာရှင်းပြီးသွားပြီ။” တကယ်တမ်း ဖန်ပင်းဟွေ့မှာ ကွာရှင်းပြီးသွားသည့်အတွက် အတော်လေးစိတ်အေးသက်သာနေလေသည်။

“ဘာ?” ဝမ်ယွင်ပင်း ထိတ်လန့်သွားတော့သည်။ “ဘာလို့လဲ?” ဝမ်ယွင်ပင်းကတော့ ထိုသို့လုပ်လိုက်ခြင်းက မမှန်ကန်ဟုသာ ခံစားနေမိသည်။ ဖြစ်ပျက်ခဲ့သမျှကလဲ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးပြီမဟုတ်လား။

ဝမ်ယွင်ပင်း ထွက်သွားတော့မလိုလုပ်နေပေမည့် ဖန်ပင်းဟွေ့က ထွက်သွားခွင့်မပြုခဲ့ပေ။

“ယွင်ပင်း၊ သူ မင်းကို လုပ်ကြံခဲ့တယ်လေ။ မင်း သူ့ကိုမမုန်းဘူးလား?” ဖန်ပင်းဟွေ့မေးလိုက်သည်။ ဝမ်ယွင်ပင်းသည် အခြားလူများအပေါ် ကြင်နာတတ်သည်အား သူသိပေမည့် ဤတစ်ကြိမ်ကိစ္စကတော့ မတူပေ။

“ဒါတွေက ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့တာတွေပဲ။ ကျွန်မ သူ့ကိုမုန်းနေရင်တောင် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။” ဝမ်ယွင်ပင်း အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ သူမ လုချိုးထင်ကို မမုန်းပါဘူးဟုပြောမှသာ အလိမ်အညာဖြစ်နေမည်။ သို့သော်လည်း တကယ်တမ်း လုချိုးထင်ကို မုန်းတီးခြင်းထက် ကြောက်ရွံ့ခြင်းက ပိုအလေးသာပေသည်။

“နှစ်တွေဘယ်လောက်ပဲ ကြာခဲ့ကြာခဲ့၊ ကိုယ်ကတော့ ကိုယ်တို့ရဲ့ပျော်ရွှင်မှုနဲ့ ကိုယ်တို့ကလေးရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမနဲ့ ဆက်ပြီးမနေနိုင်ဘူး!”

“ရှင်တို့လက်ထပ်ထားတာပဲ နှစ်တွေအများကြီးကြာခဲ့ပြီလေ! ရှင်သူ့ကိုမုန်းတယ်ဆိုရင်တောင် ရှင်တို့မှာ ကလေးတွေလဲ ရှိနေပြီ။ ရှင် သူ့ကို အခုလိုကြီး ကွာရှင်းလိုက်တော့ ရှင်တို့ကလေးတွေပဲ နာကျင်ကြရမှာပေါ့။”

လုချိုးထင်က သူတို့ဘဝ၏ပျော်ရွှင်မှုများကို ဖျက်ဆီးခဲ့သည့်အပေါ် သူမသေချာပေါက် သည်းမခံလိုက်နိုင်သော်လည်း ကလေးတွေကတော့ အပြစ်ကင်းကြပေသည်။ သူတို့လေးတွေမှာ အမေသာ မရှိတော့ရင် သူတို့စိတ်ထဲ စိတ်ဒဏ်ရာရသွားကြလိမ့်မည်။

“မင်းဘာလို့များ ကိုယ့်အတွက်ကိုယ်ပဲ ဂရုမစိုက်ရတာလဲ? သူက ကိုယ်တို့မိသားစုကိုလဲ ဖျက်ဆီးခဲ့တာပဲလေ!” ဖန်ပင်းဟွေ့ ရူးတော့မလိုခံစားလိုက်ရသည်။ ဝမ်ယွင်ပင်းက အခုထိ လုချိုးထင်ကို ဘာကြောင့် ညှာတာနေရသေးတာလဲ?

ဝမ်ယွင်ပင်း နှုတ်ဆိတ်နေတာကြောင့် ဖန်ပင်းဟွေ့ကပဲ ဆက်ပြီးပြောလိုက်သည်။ “ကိုယ်သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ အဲ့ဒီကိစ္စကြောင့်သာမဟုတ်ရင်…” ပြောရင်းနှင့်ပဲ ရုတ်တရက်ဆိုသလို ထိုနေ့က သူအရက်မူးနေတုန်း လုချိုးထင်က သူ့အိပ်ရာပေါ်တွယ်တက်ခဲ့သည်ကလဲ လုပ်ကြံမှုတစ်စိတ်တစ်ပိုင်းပင်ဖြစ်ကြောင်း ပြန်သတိရသွားခဲ့သည်။ “သေစမ်း! သူ ကိုယ့်ကိုဆေးခပ်ပြီး တမင် ကိုယ်နဲ့အိပ်ဖြစ်သွားအောင် လုပ်ခဲ့တာ!”

ဖန်ပင်းဟွေ့သည် အရက်သောက်နိုင်သူဖြစ်တာကြောင့် သူ့အနေဖြင့် အသိစိတ်ပျောက်အောင် မူးသွားဖို့ မလွယ်ပေ။ သို့သော်လည်း ထိုညက သူလုချိုးထင်နှင့်အတူရှိနေကာ အရက်လဲမူးသွားခဲ့သည်။ ဖန်ရွှယ်ချင်က သူတို့နှင့်အတူရှိနေပြီးကာမှ ထွက်သွားခဲ့ခြင်းဖြစ်သည်။ တကယ်လို့များဖန်ရွှယ်ချင်သာ သူနှင့်အတူအရက်သောက်ဖို့ရန် လုချိုးထင်ကို မခေါ်ခဲ့လျှင် သူလဲ လုချိုးထင်နှင့်နှစ်ယောက်တည်း ကျန်ခဲ့မှာမဟုတ်ပေ။

သူ လုချိုးထင်ဘက်ကိုသာ အပြစ်အားလုံးပုံချကာ အပြစ်မတင်ချင်သော်လည်း ဒါကတော့ တိုက်ဆိုင်မှုသက်သက်ပါလို့ မယုံကြည်နိုင်ပေ။ ထို့အပြင် လုချိုးထင်သည် သူနှင့်အတူရှိနိုင်ရန် ဝမ်ယွင်ပင်းကိုပင် လုပ်ကြံခဲ့သူဖြစ်ကာ သူကတော့ လုချိုးထင်ကို တစ်ခါမှ သဘောမကျခဲ့ဖူးပေ။ သူတို့သာ ထိုညက အတူမအိပ်ဖြစ်ခဲ့ကြလျှင် သူလဲ လုချိုးထင်ကို သေချာပေါက် လက်ထပ်ဖြစ်ခဲ့မည်မဟုတ်ပါ။

***

အခန်း ၈၀၇ ကုန်းကျန်းယန် သေဆုံးခြင်း

ဝမ်ယွင်ပင်းလဲ ဖန်ပင်းဟွေ့ပြောလိုက်သည့်စကားက ဖြစ်နိုင်သည်ဟု တွေးမိသည်။ ဘာပဲဖြစ်ဖြစ် လုချိုးထင်က သူမကိုတောင် လုပ်ကြံခဲ့တာပဲ၊ ဒီတော့ ဖန်ပင်းဟွေ့ သူမကို လက်ထပ်အောင် ဆေးခပ်တာလောက်ကတော့ မအံ့ဟမိတော့ပါဘူး။

“ယွင်ပင်း၊ အခုကစပြီး မင်းနဲ့ ကိုယ်တို့ကလေးကို စောင့်ရှောက်ခွင့်ပြုပေးပါ။ ကိုယ့်ကိုလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ယူခွင့်ပေးပါလား။” ဖန်ပင်းဟွေ့ တောင်းဆိုလိုက်သည်။ ဝမ်ယွင်ပင်းသည် ကလေးကိုသာ ဂရုအစိုက်ဆုံးဖြစ်တာကြောင့် အခုလောလောဆယ်တော့ သူတို့ကြားမှ ဆက်ဆံရေးအကြောင်း ထည့်မပြောသေးပေ။ သူတို့ပြန်လက်တွဲနိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ သူကတော့ ထိုနှစ်ဦးကို ကောင်းကောင်းစောင့်ရှောက်သွားဖို့ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။

“ရှင်ဘာလို့ ဒီလိုလုပ်ချင်ရတာလဲ? ကျွန်မတို့ဘဝက ဆင်းရဲနွမ်းပါးတယ်ဆိုပေမယ့် ကျွန်မတို့ဘဝက ပျော်ရွှင်စရာကောင်းပါတယ်။ ရှင်တို့ရဲ့ချမ်းသာတဲ့မိသားစုကြားထဲ ဝင်ပါဖို့စိတ်ကူးမရှိဘူး။” သူမနှင့်သူမသားသာ ဖန်ပင်းဟွေ့ကို လက်ခံလိုက်လျှင် ကိစ္စများရှုပ်ထွေးသွားမည်ကို သူမသေချာသိပေသည်။

“ကျဲ့ရှန်က ကိုယ့်ရဲ့သားလဲဟုတ်တယ်လေ။ သူက ကိုယ့်သားဆိုမှတော့ ကိုယ့်မှာလဲ သူ့ကိုပျိုးထောင်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ သူ့မှာ ကိုယ့်ပိုင်ဆိုင်မှုတွေကိ ဆက်ခံပိုင်ခွင့်လဲရှိတယ်။ မင်းငြင်းလို့မရဘူး။” ဖန်ပင်းဟွေ့၏စကားများထဲမှာပင် ဝမ်ကျဲ့ရှန်ကို သူ့ပိုင်ဆိုင်မှုတစ်ချို့တစ်ဝက်အား လွှဲပြောင်းပေးသွားမည့်အကြောင်း ပါနေခဲ့သည်။

ဝမ်ကျဲ့ရှန်သည် သူ့ရဲ့တရားမဝင်သားဖြစ်နေသော်လည်း ဖန်မိသားစုဝင်တော့ဖြစ်နေစဲပင်။ အတိအကျပြောရရင် ဝမ်ကျဲ့ရှန်သည် အကြီးဆုံးသားဖြစ်တာကြောင့် သေချာပေါက် သူ့ပိုင်ဆိုင်မှုတွေကို ဆက်ခံခွင့်ရှိပေသည်။ ဖန်ပင်းဟွေ့တွင် သားနှစ်ယောက်ရှိတာကြောင့် ပို၍ထူးချွန်သည့်တစ်ယောက်ကိုသာ မိသားစုခေါင်းဆောင်ဖြစ်ခွင့်ပြုသွားမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဝမ်ကျဲ့ရှန်သည် နောင်တစ်ချိန်တွင် ဖန်ပင်းဟွေ့၏ပိုင်ဆိုင်မှုအချို့ဆက်ခံရနိုင်သလို ထိုသို့မဟုတ်ဘဲ ဖန်မိသားစုခေါင်းဆောင်ပင် ဖြစ်လာနိုင်ပေသည်။

ဖန်မိသားစုအမွေဆက်ခံသူအကြောင်းပြောရလျှင်တော့ ဝမ်ကျဲ့ရှန်သည် သူချစ်ရသောအမျိုးသမီးနှင့်သူရထားသည့် သားဖြစ်တာကြောင့် ဝမ်ကျဲ့ရှန်ကိုသာ အမွေခံအဖြစ် ပိုလို့ လေ့ကျင့်ပေးချင်သည်။ ဒါက မမျှတမှန်းတော့ သိသော်လည်း သူကိုယ်တိုင်က ထိုသို့ဆန္ဒရှိနေခဲ့သည်။

သို့ပေမည့် ဝမ်ယွင်ပင်းကတော့ အလွန်ထိတ်လန့်သွားခဲ့သည်။

“ယွင်ပင်း၊ ခွင့်ပြုပေးပါနော်။”

ဝမ်ယွင်ပင်း တုံ့ဆိုင်းလို့နေမိသည်။

“ယွင်ပင်း၊ ကိုယ့်ကို အခွင့်အရေးတစ်ခါလောက်ပဲပေးပါ။ စိတ်မပူပါနဲ့။ မင်းရဲ့ခွင့်ပြုချက်မရှိဘဲ မင်းတို့ဘဝထဲကို ကိုယ်ဝင်မစွက်ဖက်ပါဘူး။ မင်းတို့အခြေအနေတွေ ပိုကောင်းလာအောင်ပဲ ကိုယ်ထောက်ပံ့ပေးချင်ရုံပါ။”

“ကျဲ့ရှန်ရဲ့စိတ်ကူးကိုလဲ မေးချင်သေးလို့ ကျွန်မ အခုချက်ချင်းတော့ ပြန်မဖြေပေးနိုင်သေးဘူး။” တကယ်တော့ ဝမ်ယွင်ပင်း ရင်ထဲက ထိုတောင်းဆိုမှုကို လက်ခံပြီးနှင့်ပေပြီ။ သူမလဲ သူမသားကို ကောင်းမွန်တဲ့ပညာရေးစနစ်မျိုးဖြင့် သင်ကြားနိုင်စေဖို့ မျှော်လင့်မိပေမည့် နောက်ဆုံး၊ ဆုံးဖြတ်ချက်ကိုတော့ သူမသားကိုသာ ရွေးချယ်ခွင့်ပြုသွားမည်ဖြစ်သည်။

ဖန်ပင်းဟွေ့သည် ထိုနှစ်ဦးကို စောင့်ရှောက်ချင်စိတ်ပြင်းပြနေသော်လည်း သူ့ကို သဘောမကျစိတ်သာ ကြီးစိုးသွားနိုင်၍ ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့်တက်သွားသင့်ကြောင်း နားလည်တာကြောင့် ဘာမှထပ်မပြောတော့ပေ။

…….

နေ့လည်၁၂နာရီထိုးခါနီးတွင် လေဆိပ်သို့သွားရာလမ်း၌ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။ အနက်ရောင်Rolls-Royceကားတစ်စီးက ရုတ်တရက် ပေါက်ကွဲသွားခြင်းဖြစ်ည်။ ယာဉ်မောင်းက အဆင်ပြေသော်လည်း နောက်ခုံတွင်ထိုင်သည့်အမျိုးသားကတော့ ဆိုးဆိုးရွားရွားဒဏ်ရာရခဲ့ကာ အသက်အန္တရာယ်ပင် စိုးရိမ်ရပေသည်။

မကြာခင်တွင်ပဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည့်လူအကြောင်းသိလာရကာ ယောင်မိသားစု၏သားမက် ကုန်းကျန်းယန်ဖြစ်လို့နေသည်။

ထိုသတင်းကိုကြားကာမှ ယောင်ကွမ်းဟွေ့ စိတ်အေးသွားပေမည့် ဝမ်းနည်းနေသည့်ဟန်ဆောင်မျက်နှာဖုံးကိုတော့ ဆက်လက်တပ်ထားပေရဦးမည်။

ယောင်လီဟွာမှာတော့ ထိုသတင်းဆိုးကိုကြားလိုက်ရသည်နှင့် ကြောင်သွားကာ သတိလစ်မတတ်ဖြစ်သွားသည်။ သို့ပေမည့် သူမစိတ်ကို သူမပြန်ထိန်းကာ ချက်ချင်းပင် ကုန်းကျန်းယန်ရှိနေသည့် ဆေးရုံသို့လိုက်သွားခဲ့သည်။

သူမရောက်သွားချိန်တွင် ကုန်းကျန်းယန်ကို ခွဲစိတ်ကုသနေစဲဖြစ်သည်။

ခွဲစိတ်ခန်းအပြင်ဘက်တွင်တော့ ယောင်ကတော်က တုန်ရီနေသည့် ယောင်လီဟွာကို ပွေ့ဖက်ပေးနေသည်။ “သူအဆင်ပြေသွားမှာပါ။ စိတ်မပူနဲ့၊ အဆင်ပြေသွားလိမ့်မယ်။” ယောင်ကတော်က ယောင်လီဟွာကို ထိုစကားများနှင့်သာ အထပ်ထပ် နှစ်သိမ့်ပေးနေခဲ့သည်။

ယောင်ကတော်သာ ကုန်းကျန်းယန် ဘယ်သူလဲဆိုသည်ကို သိထားပါက တခြားသူများထက်တောင် မြန်မြန်သေသွားဖို့ ဆုတောင်းနေပေဦးမည်။

၁နာရီကြာပြီးနောက်တွင်တော့ ခွဲစိတ်ခန်းတံခါးပွင့်လာကာ ဆရာဝန်တစ်ဦးက လေးနက်သည့်မျက်နှာထားဖြင့် ထွက်လာပြီး ဝမ်းနည်းဖွယ်သတင်းကို ပြောပြလာသည်။ ကုန်းကျန်းယန်၏ဒဏ်ရာများမှာ ကယ်တင်နိုင်ဖို့ရန်အတွက် အလွန်ပြင်းထန်လွန်းလှသည်။

ထိုစကားကိုကြားသည်နှင့် ယောင်လီဟွာ မျက်ရည်များကျလာကာ သတိလစ်သွားတော့သည်။ ယောင်ကတော်လဲ စိတ်ထိခိုက်သွားပေမည့် ယောင်ကွမ်းဟွေ့ကတော့ တိတ်ဆိတ်ငြိမ်သက်နေစဲပင်။

တစ်ဖက်တွင်တော့ ယောင်လီဟွာ၏အစ်ကိုမှာ စိတ်ခံစားချက်များရှုပ်ထွေးနေရသည်။ သူအနည်းငယ်ဝမ်းနည်းမိသော်လည်း ငယ်ရွယ်သည့်အသက်တစ်ချောင်း ဆုံးရှုံးသည့်အပေါ်သာ စိတ်မကောင်းပိုဖြစ်မိသည်။ တကယ်တော့ ကုန်းကျန်းယန်သည် ကြောင်သူတော်တစ်ယောက်လို့သာ သူထင်မိတာကြောင့် ဘယ်တုန်းကမှ ကုန်းကျန်းယန်ကို သဘောမကျခဲ့ပေ။

ကုနင်း ထိုသတင်းကြားသည်နှင့် ချောင်ယကို ဆေးရုံသို့ပို့ကာ အသေးစိတ်အခြေအနေများကို စုံစမ်းစေသည်။ ချောင်ယလဲ ဆေးရုံသို့သွားခဲ့ကာ ဆရာဝန်ကြေညာပြီးသည်နှင့် ကုန်းကျန်းယန်သေဆုံးသည့်သတင်း ကုနင်းထံ ပြန်ပို့ခဲ့သည်။

ဒီကနေ့ လင်ရှောင်းထင် Bမြို့ကိုပြန်လာမည်ဖြစ်ကာ ညနေ၄နာရီလောက် ရောက်ရှိမည်ဖြစ်ပေမည့် ကုနင်းကတော့ သူမဒီညအားပါ့မလား မသေချာတော့ပေ။ ဒါကြောင့် ချောင်ယထံမှ တင်ပြမှုကိုရရှိသည်နှင့် နောက်ဆုံးရသတင်းကို သရဲမထုံတင်းလင်အား ပြောပြရန်အတွက် ချက်ချင်းပင် စွန့်ပစ်အဆောက်အုံသို့သွားလိုက်သည်။

အန်းကွမ်းယောင်က မနက်ဖြန်ဆိုလျှင် အလုပ်သမားအဖွဲ့ပို့လိုက်မည်ဖြစ်တာကြောင့် သရဲမ ဆက်ရှိနေလို့ မသင့်တော်ပေ။

ကုနင်းလာနေသည်ကိုမြင်ရသည်နှင့် ထုံတင်းလင်ပျော်ရွှင်သွားပေမည့် သူမျက်နှာက ဖြူဖျော့နေတာကြောင့် ကြောက်စရာပိုကောင်းနေသည်။

“ပြီးသွားပြီလား?” ထုံတင်းလင် မေးလိုက်သည်။

“အွန်း၊ သူသေသွားပြီ။” ကုနင်းပြောလိုက်ပြီးနောက် ချောင်ယရိုက်ကာပို့ထားသည့် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။

ဗီဒီယိုထဲတွင် ကုန်းကျန်းယန်ကိုတော့ ထုံတင်းလင်မမြင်ရသော်လည်း ယောင်မိသားစုဝင်များကိုတော့ သူမမှတ်မိကာ ကုန်းကျန်းယန်သေဆုံးသည့်သတင်းကို ဆရာဝန်က ကြေညာပေးနေသည်။

“ဟ-ဟ၊ဟ-ဟ!” ထုံတင်းလင် အော်ရယ်လိုက်သည်က အလွန်ကြောက်စရာကောင်းလှသည်။ ဘာပဲဖြစ်ဖြစ် သူမက လူမဟုတ်တော့သည့် သရဲတစ်ကောင်မဟုတ်လား။

ကုနင်း ခံစားရမသက်မသာဖြစ်လာတာကြောင့် သူမရယ်နေသည်ကို ရပ်ခိုင်းလိုက်ရတော့သည်။

“ကုန်းကျန်းယန်၊ ငါ ဒီနေ့အတွက် ငါးနှစ်တောင် စောင့်ခဲ့ရတာ! ငါးနှစ်တောင်မှ! ဒါတကယ်ကို နာကျင်ခဲ့ရတယ်။ အခုတော့ နင်လဲ သေသွားပြီပေါ့။ ဟ-ဟ-ဟ-!”

“အရင်က ငါနင့်အပေါ် ကောင်းကောင်းဆက်ဆံခဲ့ပေမယ့်၊ နင်ကတော့ ငါ့ကို ဘာလုပ်ခဲ့လဲ? နင်က ငါ့ကို ဆက်တိုက်လိမ့်ညာခဲ့ပြီး ငါ့ကို တစ်ခါမှလဲ မချစ်ခဲ့ဘူး။”

“နင်က လူမိုက်တွေငှားပြီးတောင် ငါ့ကိုသေတဲ့အထိ မုဒိမ်းကျင့်ခိုင်းသေးတယ်….”

ထုံတင်းလင် အော်ဟစ်ကာ ဟားတိုက်ရယ်နေသလို မျက်ရည်များလဲကျနေခဲ့သည်။

ထုံတင်းလင် လုံလောက်အောင် အော်ဟစ်ပြီးနောက်တွင်တော့ သူမ၏အမှန်းတရားများလဲ ပျောက်ကွယ်သွားတော့သည်။ သူမရန်သူက သေသွားပြီဆိုမှတော့ သူမရဲ့ရန်ငြှိုးတွေကို ရင်ဝယ်ပိုက်ပြီး ဤနေရာမှာ ဆက်လက်တွယ်ကပ်နေစရာအကြောင်းမရှိတော့ပေ။

ထုံတင်းလင်၏ဝိညာဉ်မှာ ကုနင်းမျက်စိရှေ့တွင်ပဲ တစ်ဖြည်းဖြည်းမှိန်ဖျော့လာခဲ့သည်။

“ကျေးဇူးပါ။” ထုံတင်းလင်း ပြုံးရယ်ကာ ကုနင်းကို ပြောလိုက်သည်။

ထို့နောက်တွင်တော့ ထုံတင်းလင်လဲ ပျောက်ကွယ်သွားကာ ကုနင်းလဲ ပြန်ထွက်လာခဲ့တော့သည်။

***

အခန်း ၈၀၈ ကောလဟာလသတင်း

လွန့်ခဲ့သောနှစ်ပေါင်းများစွာက ကုန်းကျန်းယန်၏အမေသည် ကျော်ကြားမှုသိပ်မရှိသည့် မင်းသမီးတစ်လက်ဖြစ်ခဲ့သည်။ သူမနှင့်ယောင်ကွမ်းဟွေ့ကြားမှ ကိစ္စကြောင့် သူမအလုပ်ကိုစွန့်လွှတ်ကာ တခြားမြို့သို့သွားပုန်းခဲ့ရသည်။

အရင်ကလောက် သူမငွေမရှာနိုင်တော့ဘူးဆိုသော်လည်း သူမတွင် အလှပြင်ဆိုင်များစွာ ပိုင်ဆိုင်ထားစဲဖြစ်သည်။

ယောင်ကွမ်းဟွေ့ကို ပြန်လက်စားချေဖို့ရန် ကုန်းကျန်းယန်တို့သားအမိကြံရွယ်ထားတာကြောင့် လွန်ခဲ့သော၂နှစ်ကပဲ ကုန်းကျန်းယန်အမေက Bမြို့သို့ပြန်ရောက်လာခဲ့သည်။ Bမြို့သို့ပြန်လာခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ကုန်းကျန်းယန်၏အမေသည် သူမတိုက်ခန်းထဲတွင် ရှိနေခဲ့သည်။ သူမသည် အလှပြင်ဆိုင်များ၏ပိုင်ရှင်ဖြစ်တာကြောင့် နေ့တိုင်းအလုပ်သွားနေဖို့မလိုပေ။ ယောင်မိသားစုနှင့်ထိပ်တိုက်တွေ့မည်စိုးတာကြောင့်လဲ အပြင်ထွက်ခဲသလို သူမကိုယ်တိုင်ကလဲ အပြင်ထွက်ချင်စိတ်မရှိပေ။ ပုံမှန်ဆိုလျှင် သူမအချိန်ကုန်မြန်စေရန်အတွက် အင်တာနက်ပေါ်မှ သတင်းများကိုသာ ဖတ်နေလေ့ရှိသည်။

ရုတ်တရက်ဆိုသလို ကားပေါက်ကြွသည့်သတင်းတစ်ပုဒ်ကို သူမဖတ်လိုက်မိကာ တစ်ချက်ကြည့်လိုက်ရုံနှင့် ကုန်းကျန်းယန်၏ကားဖြစ်မှန်း မှတ်မိသွားခဲ့သည်။ သူမကြောက်လန့်သွားကာ ချက်ချင်းပင် သတင်းအပြည့်အစုံကို ဆက်လက်ဖတ်လိုက်သည်။

ကုန်းကျန်းယန်ကို ဆေးရုံသို့ပို့လိုက်သည်အားသိရသည်နှင့် ကုန်းကျန်းယန်အမေက သူ့သားကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့ပေမည့် တစ်ဖက်က ပြန်လည်ဖြေကြားလာသူမရှိပေ။ တကယ်တော့ ကုန်းကျန်းယန်အမေသည် သူ့သားကို သိပ်ဂရုမစိုက်ပေ။ သူမမျက်လုံးထဲတွင်တော့ ကုန်းကျန်းယန်သည် သူမလက်စားခြေဖို့ အသုံးပြုမည့် ကိရိယာတစ်ခုသာဖြစ်သည်။

ကုန်းကျန်းယန်၏လက်ရှိအခြေအနေအကြောင်း အသေးစိတ်သိနိုင်ရန်အတွက် ကုန်းကျန်းယန်အမေလဲ ချက်ချင်းပင် ဆေးရုံသို့ထွက်လာခဲ့သည်။

ကုန်းကျန်းယန်အမေသည် သူမတို့အကြံအစည်ကို အခုထိ ယောင်မိသားစုက မသိနိုင်လောက်ဟု ယုံကြည်ချက်ရှိနေတာကြောင့် လက်ရှိဖြစ်ရပ်မှာ လူသတ်မှုမဟုတ်ဘဲ မတော်တဆမှုဟုသာ တွေးမိသည်။

ကားက အပျက်အစီးပုံတစ်ခုအဖြစ်ပြောင်းသွားကာ သက်သေမကျန်ခဲ့တာကြောင့် ရဲတွေတောင်မှ မတော်တဆမှုအဖြစ်သာ ကောက်ချက်ချခဲ့သည်။

မကြာခင်တွင်ပဲ ကုန်းကျန်းယန်အမေလဲ ဆေးရုံသို့ရောက်ရှိခဲ့ပေမည့် ကုန်းကျန်းယန်သေဆုံးသွားသည့် သတင်းကိုသာ ကြားလိုက်ရသည်။ ထိုသတင်းက သူမအတွက် ချက်ချင်းလက်ခံနိုင်လိုက်ဖို့ ခဲယင်းခဲ့သည်။ အကြောင်းကတော့ဖြင့် ကုန်းကျန်းယန်သေသွားသည်နှင့် သူမ၏လက်စားချေမှုအစီအစဉ်က ပျက်စီးသွားပြီဖြစ်တာကြောင့်ပင်။ သို့ပေမည့် သူမဒီလောက်နှင့်လက်လျှော့လိုက်ဦးမည်မဟုတ်ပေ။

ခဏလောက်စဉ်းစားကြည့်ပြီးနောက် သူမစိတ်ကူးတစ်ခုသွားသည်။ ယောင်မိသားစု၏စီးပွားရေးကို မဖျက်ဆီးနိုင်လျှင်တောင်မှ ကုန်းကျန်းယန်နှင့်ယောင်ကွမ်းဟွေ့ကြားမှ အစစ်အမှန်ဆက်သွယ်မှုကို ဖော်ထုတ်ပြီး ယောင်မိသားစုဂုဏ်သိက္ခာကျဆင်းသွားအောင် လုပ်နိုင်သေးသည်။

ထိုအတွေးရပြီးသည်နှင့် အချိန်ဆွဲမနေတော့ဘဲ ယောင်ကွမ်းဟွေ့အမေက ချက်ချင်းပင် အိမ်သို့ပြန်ကာ သတင်းတစ်ပုဒ်ရေးလိုက်ပြီးနောက် Weiboပေါ်မှ နာမည်ကြီးအတင်းအဖျင်းသတင်းရေးသူတစ်ယောက်ထံ ပို့ပေးလိုက်သည်။

ထိုနာမည်ကြီးအတင်းအဖျင်းသတင်းရေးသူသည် သူစောင့်ထိန်းရမည့်ကိုယ်ကျင့်တရားဟူ၍မရှိဘဲ သတင်းက ရယ်စရာကောင်းကာ အာရုံစိုက်ခံရနိုင်ချေများသ၍ ရေးတင်ပေလိမ့်မည်။ မကြာခင်တွင်ပဲ ယောင်မိသားစုအကြောင်း ကောလဟာလတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

အထူးသတင်း! Bမြို့ယောင်မိသားစုအတွင်းက သွေးရင်းစပ်ယှက်မှုကောလဟာလ!

သတင်းခေါင်းစဉ်ကပင် မကြာခင်တွင်ပဲ အင်တာနက်အသုံးပြုသူများစွာ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

လွန်ခဲ့သည့်၂၈နှစ်လောက်တုန်းက ယောင်မိသားစုခေါင်းဆောင် ယောင်ကွမ်းဟွေ့သည် နာမည်သိပ်မကြီးသည့်မင်းသမီးတစ်ယောက်နှင့် အရှုပ်အရှင်းရှိခဲ့သည်။ သူမနာမည်ကတော့ လုရှီရှီဖြစ်ပင်။ လုရှီရှီသည် သူမတွင် ကိုယ်ဝန်ရလာပြီး ယောင်ကွမ်းဟွေ့နှင့် လက်ထပ်လိုသည့်အချိန်ရောက်ကာမှ ယောင်ကွမ်းဟွေ့တွင် အိမ်ထောင်ရှိကြောင်း သိခဲ့ရသည်။ သို့ပေမည့် ယောင်ကွမ်းဟွေ့ကတော့ သူမကို ကိုယ်ဝန်ဖျက်ချပစ်ဖို့သာ တွန်းအားပေးခဲ့သည်။

လုရှီရှီကတော့ ယောင်ကွမ်းဟွေ့စကားကို ဟန်ဆောင်သဘောတူခဲ့ပေမည့် သူမကလေးနှင့်အတူ ထွက်ပြေးသွားကာ အလုပ်လဲထွက်သွားခဲ့သည်။

ထိုအကြောင်းကို ယောင်ကွမ်းဟွေ့သိသိချင်း လုရှီရှီကို လိုက်ရှာခဲ့ပေမည့် ဘယ်လိုမှရှာမတွေ့ခဲ့ပေ။

နှစ်များစွာကြာပြီးနောက်တွင်တော့ ယောင်ကွမ်းဟွေ့နှင့်လုရှီရှီတို့ တစ်ဖန်ပြန်တွေ့ခဲ့ကာ လုရှီရှီက သူတို့သားကို မွေးဖွားခဲ့ကြောင်းလဲ သိသွားသည်။ ယောင်ကွမ်းဟွေ့သည် သူ့ဂုဏ်သတင်းကိုကာကွယ်ရန်အတွက် သူ့သားအရင်းကို သတ်ဖို့ဆုံးဖြတ်ခဲ့သည်။ လုရှီရှီလဲ ရွေးချယ်စရာမရှိတော့ဘဲ သူမသားကို မိဘမဲ့ဂေဟာသို့ပို့ကာ ကောင်လေးနာမည်ကိုလဲ ကုန်းကျန်းယန်ဟု ပြောင်းလဲပစ်လိုက်သည်။

ကုန်းကျန်းယန်ဆိုတာကတော့ ယောင်မိသားစု၏သားမက်ပင်။

ထိုသတင်းကိုဖတ်ရှုကြပြီးနောက် လူတိုင်းထိတ်လန့်သွားကြတော့သည်။

ကုန်းကျန်းယန်သည် သူ့အဖေရင်း၏စွန့်ပစ်ခြင်းကိုခံရပြီး သူ့အဖေက သူ့ကိုသတ်ပစ်ဖို့တောင်မှ ကြိုးစားခဲ့သေးသည်။ ကုန်းကျန်း သူ့အဖေကို အမုန်းဆုံးဖြစ်မည်မှာ အသေအချာပင်။

လူအများစုက စတင်ခန့်မှန်းမှုများလုပ်လာကြကာ ကုန်းကျန်းယန်က သူ့အဖေကို လက်စားချေဖို့ရန်အတွက် ယောင်မိသားစုထဲသို့ လက်ထပ်ကာဝင်ရောက်ခဲ့ခြင်းဖြစ်မည်ဟူ၍တောင် ယုံကြည်လာကြသည်။

ကုန်းကျန်းယန်လုပ်ဆောင်ချက်မှာ လွန်လွန်းပေမယ့် လူအများစုကတော့ သူဘာကြောင့် လက်စားချေချင်ရလဲကို နားလည်နိုင်ကြသည်။

ယောင်ကွမ်းဟွေ့ သူ့လုပ်ရပ်များကြောင့်သာ ဖြစ်သည်။ သူက သူ့ဇနီးအပေါ် အဖောက်ပြန်ခဲ့သင့်သလို တရားမဝင်ကလေးတစ်ယောက်လဲ မရှိခဲ့သင့်ပေ။ သူကအခုတော့ ထိုအမျိုးသမီးနှင့်ကလေးကို စွန့်ပစ်ရုံမက သတ်ဖို့ပင် ကြိုးစားခဲ့တာက လုံးဝလူမဆန်လှသည့် လုပ်ရပ်ပင်။ ဒါကြောင့် အင်တာနက်အသုံးပြုသူအများစုသည် ယောင်ကွမ်းဟွေ့ဘက်ကို ပြစ်တင်တိုက်ခိုက်လာကြတော့သည်။

တစ်ချိန်တည်းတွင်ပဲ တချို့ကလဲ ထိုသတင်းအမှန်ဟုတ်ရဲ့လားဆိုသည်ကို သံသယဝင်နေကြသည်။ ဒါက ဘာသက်သေမှမရှိတာကြောင့် အတင်းအဖျင်းသတင်းတစ်ပုဒ်နဲ့သာပိုတူနေသည်။

ထိုသို့ဆိုလျှင်ပင် ထိုကောလဟာလသည် ယောင်မိသားစု၏ဂုဏ်သတင်းကို အတော်လေးသက်ရောက်မှုရှိနေစဲပင်။ မီးမရှိဘဲ မီးခိုးငွေ့မထွက်သလိုပဲ ဘယ်သူကမှတော့ အမှန်မဟုတ်ပါဘဲနဲ့ ယောင်မိသားစုကို စွပ်စွဲရဲမည်မဟုတ်ပေ။

အချိန်တိုလေးအတွင်းမှာပဲ ထိုသတင်းသည် နေရာအရပ်ရပ်သို့ပျံ့နှံ့လို့သွားကာ ယောင်မိသားစုသည် ကြားသိသွားတော့သည်။

ယောင်လီဟွာ၏အစ်ကို ယောင်ဝမ်ယွီသည် သူ့သူငယ်ချင်းမှတစ်ဆင့် သတင်းကိုဖတ်မိသည့် ယောင်မိသားစုထဲမှ ပထမဆုံးလူဖြစ်ခဲ့သည်။ သူက လောလောဆယ် ကုန်းကျန်းယန်၏သေဆုံးမှုကို ဆောင်ရွက်ဖြေရှင်းနေရ၍ အလုပ်ရှုပ်နေတာကြောင့် အင်တာနက်သတင်းများကို အာရုံမထားနိုင်ခဲ့ပေ။

သူလဲ သတင်းကိုဖတ်မိပြီးနောက် မှင်သက်သွားပေမည့် ထိုသတင်းအမှန်ဖြစ်နိုင်သည်ဟု ယုံကြည်မိသည်။

အစကတော့ ကုန်းကျန်းယန်၏သေဆုံးမှုအပေါ် သူစိတ်မကောင်းဖြစ်ကာ ဝမ်းနည်းမိသော်လည်း အခုတော့ စိတ်သက်သာရာရသွားတော့သည်။ ကုန်းကျန်းယန်သာ မသေခဲ့လျှင် တစ်နေ့နေ့မှာ ယောင်မိသားစု၏စီးပွားရေးလုပ်ငန်းများသာ ပျက်စီးသွားပေလိမ့်မည်။

ယောင်ဝမ်ယွီက ယောင်ကတော်နှင့်ယောင်လီဟွာတို့ကို ချက်ချင်းမပြောသေးဘဲ ယောင်ကွမ်းဟွေ့ကိုတော့ ချက်ချင်းအကြောင်းကြားလိုက်သည်။

ယောင်ကွမ်းဟွေ့လဲ ထိုလျှို့ဝှက်ချက်များပေါက်ကြားသွားကြောင်းသိလိုက်ရသည်နှင့် ထိတ်လန့်သွားတော့သည်။

သူ့ကို ဆက်သွယ်ခဲ့သည့် အမည်မသိလူက သတင်းဖြန့်လိုက်တာလားဟု တွေးမိသွားသည်။ ဤရက်များအတွင်း ယောင်ကွမ်းဟွေ့ဘက်ကိုသာ အာရုံစိုက်နေခဲ့တာကြောင့် အမည်မသိလူလက်ထဲမှ သူ့ကိုယ်သူကာကွယ်ဖို့ မေ့လျော့သွားခဲ့သည်။

“အဖေ၊ ဒီသတင်းအမှန်ပဲလား?” ယောင်ဝမ်ယွီ အဖြေကိုသိပေမည့် ထပ်မံအတည်ပြုလိုက်သည်။

ယောင်ကွမ်းဟွေ့က သူ့သားကို ယုံကြည်တာကြောင့် အမှန်အတိုင်းသာ ပြောပြလိုက်သည်။ “ဟုတ်တယ်၊ အမှန်ပဲ။ မနေ့တစ်နေ့ကပဲ ငါလဲသိတာ၊ ဒါကြောင့်ပဲ သူ့ကိုသတ်လိုက်တာ။”

ယောင်ဝမ်ယွီ ခေါင်းတညိတ်ညိတ်သာ လုပ်ခဲ့သည်။ သူ့အထင်မှန်နေတာပဲ။ ယောင်ကွမ်းဟွေ့ မလုပ်ခဲ့လျှင်တောင်မှ သူလဲ အမှန်တရားကိုသိရလျှင် တစ်ပုံစံတည်း လုပ်မိမည်သာဖြစ်သည်။

ယောင်ကွမ်းဟွေ့၏ဖောက်ပြန်မှုကိုတော့ ယောင်ဝမ်ယွီ နှုတ်ဆိတ်နေဖို့သာ စိတ်ကူးထားသည်။ အကြောင်းကတော့ သူ့မှာလဲ မယားငယ်ရှိနေတာကိုး။ ဤကမ္ဘာပေါ်တွင် သူတို့လက်တွဲဖော်အား သစ္စာစောင့်သိသည့်ယောက်ျားမှာ အနည်းအကျဉ်းသာရှိတော့သည်။

“သတင်းကို မြန်မြန်ဖြတ်ပစ်လိုက်။ ငါတို့မိသားစုဂုဏ်သတင်းကို ဖျက်ဆီးခွင့်မပြုနိုင်ဘူး။”

“ဟုတ်ကဲ့ပါ။” ယောင်ဝမ်ယွီ ပြန်ဖြေပြီးနောက် ထွက်သွားတော့သည်။

***

အခန်း ၈၀၉ လေဆိပ်မှာ ထန်ချင်းယန်နဲ့တွေ့ခဲ့တယ်

ယောင်ဝမ်ယွီ ထွက်သွားသည်နှင့် ယောင်ကွမ်းဟွေ့လဲ သူ့ဖုန်းကိုထုတ်ကာ အမည်မသိလူထံသို့ တောက်လျှောက်ဆက်သွယ်ခဲ့သည်။ သို့ပေမည့် ကုနင်းက ထိုဖုန်းကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ပစ်ထည့်ထားပြီဖြစ်တာကြောင့် ပြန်လည်ဖြေကြားမည့်သူမရှိနေပေ။

ယောင်ဝမ်ယွီက ယောင်ကတော်နှင့်ယောင်လီဟွာတို့ကို လျှို့ဝှက်ထားဖို့စိတ်ကူးခဲ့သော်လည်း ဆေးရုံတွင်အလုပ်လုပ်နေသည့် သူနာပြုများကတော့ သတင်းဖတ်ပြီးသည်နှင့် ဆွေးနွေးပြောဆိုနေကြသည်။ ဒါကြောင်ပဲ ယောင်ကတော်နှင့်ယောင်လီဟွာတို့လဲ သတင်းကိုကြားသွားကြတော့သည်။

ခင်ပွန်းသည်သေဆုံးမှုကြောင့် ဝမ်းနည်းနေရသည့်ယောင်လီဟွာမှာတော့ ဒုတိယမြောက်သတင်းဆိုးကို ကြားရပြီးနောက် ရူးသွားတော့သည်။

ယောင်ကတော်လဲ ပထမအံ့ဩထိတ်လန့်သွားပြီးနောက် ဒေါသတရားကသာ ကြီးစိုးလာခဲ့သည်။ ယောင်မိသားစုဂုဏ်သတင်းသာမက သူမသမီး၏ဘဝကိုပါ ဖျက်ဆီးခဲ့သည့် သူမခင်ပွန်းကိုလဲ အလွန်ဒေါသထွက်နေသည်။ တစ်ချိန်တည်းမှာပဲ ကုန်းကျန်းယန်သာ မသေသွားလျှင် သူမကိုယ်တိုင်သတ်ပစ်မည်ဖြစ်တာကြောင့် အစကဝမ်းနည်းနေမှုများလဲ ပျောက်ကွယ်သွားခဲ့သည်။

ထုံတင်းလင်ပြောခဲ့သလိုပါပဲ ယောင်ကွမ်းဟွေ့သာ ကုန်းကျန်းယန်ကို မသတ်ရက်ခဲ့လျှင်တောင် ယောင်ဝမ်ယွီနဲ့ယောင်ကတော်ကတော့ သေချာပေါက် သတ်လိမ့်မည်။ သူတို့က ကုန်းကျန်းယန်ကို ဆက်လက်တည်ရှိနေဖို့ ဘယ်လိုမှခွင့်ပြုကြမည့်သူများမဟုတ်ပေ။

……..

တစ်ဖက်က ကုနင်းသည်တော့ ယောင်မိသားစု၏ကောလဟာလကို အာရုံမစိုက်နိုင်ဘဲ လင်ရှောင်းထင်ကို ကြိုဖို့သာ လေဆိပ်သို့ချက်ချင်းသွားခဲ့သည်။

လင်ရှောင်းထင်ကို လာကြိုမည့်သူရှိပြီးသားဖြစ်ပေမည့် သူမကတော့ ခပ်မြန်မြန်လေးတွေ့မိချင်တာကြောင့်ပင်။

ယနေ့ည လင်ရှောင်းထင် တာဝန်ထမ်းဆောင်စရာရှိနေတာကြောင့် သူတို့ညနေစာစားရုံလောက်သာ အချိန်ရပေမည်။

ကုနင်း လေဆိပ်သို့တစ်ယောက်တည်းပဲထွက်လာခဲ့ကာ ချောင်ယကိုတော့ အိမ်သို့ဝင်ပို့ပြီးခဲ့ပေပြီ။

သူမရောက်သွားချိန်တွင် ၄နာရီထိုးခါနီးပြီဖြစ်ပေမည့် လင်ရှောင်းထင်ကတော့ မရောက်သေးဘဲ နောက်မိနစ်၂၀ ဝန်းကျင်လောက်တွင်တော့ ရောက်လာပေလိမ့်မည်။

“ကုနင်း?” ရုတ်တရက် ရင်းနှီးနေသည့် အမျိုးသားသံတစ်သံကို ကုနင်းကြားလိုက်ရသည်။

ကုနင်း ထိုလူကို လှည့်မကြည့်ခင်ကတည်းက ဘယ်သူမှန်း မှတ်မိနေပြီဖြစ်သည်။ ထိုလူကတော့ သူမအရင်ဘဝမှ ဝမ်းကွဲအစ်ကိုတော်စပ်သည့် ထန်ချင်းယန်ပင်။

“ဟိုင်း၊ တိုက်ဆိုင်လိုက်တာ!” ကုနင်းပြုံးလိုက်ကာ ထန်ချင်းယန်ဆီသို့လျှောက်သွားလိုက်သည်။

သူမ၏အရင်ဘဝဖြစ်ဖြစ် အခုဘဝဖြစ်ဖြစ် သူတို့ချင်း လူမှုရေးအရ ဆက်ဆံပြောဆိုမှုနည်းပါးခဲ့ပေမည့် နှစ်ဦးသားသည် အတူတူကြီးပြင်းလာခဲ့ရသော ဝမ်းကွဲမောင်နှမများဖြစ်နေစဲပင်။ ဒါကြောင့်ပဲ သူတို့ကြားထဲမှ ဆက်ဆံရေးမှာ သာမာန်သူငယ်ချင်းများထက် ပို၍သက်သောင့်သက်သာရှိနေခြင်းဖြစ်သည်။

ထန်ချင်းယန်ဘေးတွင်တော့ နောက်ထပ်လူငယ်တစ်ယောက် မတ်တပ်ရပ်နေကာ သက်တော်စောင့်ဖြစ်ပုံရသည်။

“အိုး၊ တကယ်ပဲ မင်းကိုး။ လူမှားမှာစိုးနေတာ။” ထန်ချင်းယန်လဲ ပြန်ပြုံးပြလိုက်ကာ လူငယ်ကတော့ နောက်သို့ခြေလှမ်းဆုတ်သွားခဲ့သည်။ ဒါကပဲ သူတို့စကားပြောနေသည်အား ဝင်မစွက်ဖက်လိုမှန်း သိသာလှသည့်အပြုအမူပင်။

“ဟ-ဟ၊ မတွေ့တာကြာပြီနော်။”

“ဟုတ်ပါ့၊ ငါတို့နှစ်ယောက်လုံး အလုပ်အရမ်းများနေခဲ့ကြတာပဲ။” ထန်ချင်းယန် စိတ်ပျက်လက်ပျက်ဖြင့် ပြုံးလိုက်သည်။ သူ ကုနင်းနှင့်အကြိမ်အနည်းငယ်သာတွေ့ဖူးသော်လည်း ကုနင်းအပေါ် အလွန်အထင်ကြီးမိတာကြောင့် သူမမျက်နှာကို မေ့သွားဖို့ခက်လှသည်။

“မင်းရဲ့သတင်းတိုင်း ငါဖတ်ဖြစ်တယ်၊ မင်းကတော့ မယုံနိုင်စရာကောင်းနေတာပဲ။” ထန်ချင်းယန်မှာ ကုနင်း အခုမှ၁၈နှစ်ပဲရှိသေးတယ်ဆိုတာကို မယုံကြည်နိုင်တော့ပေ။

“အွန်း၊ နောက်ထပ် အထင်ကြီးစရာတွေအများကြီးရှိသေးလို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားလိုက်ပါဦး။” ကုနင်းစနောက်လိုက်သည်။

“ကောင်းပြီလေ။” ထန်ချင်းယန်လဲ ရယ်မောလိုက်သည်။

“အလုပ်ခရီးထွက်လာတာလား?”

“ဟုတ်တယ်၊ ပရောဂျက်တစ်ခုအတွက် ငါတို့ကုမ္ပဏီမန်နေဂျာနေရာမှာ အစားလုပ်ဖို့ Bမြို့ကိုလာခဲ့တာ။”

“မန်နေဂျာက ချီကျီယွဲ့လား?”

“မင်း သူ့ကိုသိတယ်ပေါ့?” ထန်ချင်းယန် အံ့အားသင့်သွားသည်။ ကုနင်းသာ ချီကျီယွဲ့နှင့် ဆက်ဆံရေးကောင်းနေလျှင် သူမက သူ့ရန်သူဖြစ်လာနိုင်သည်။

ထိုအတွေးကိုတော့ ထန်ချင်းယန် သူ့မျက်နှာထက်တွင် မဖော်ပြသော်လည်း ကုနင်းကတော့ ခံစားမိတာကြောင့် ချက်ချင်းရှင်းပြလိုက်သည်။ “ဒါပေမါ့ သူတို့ Bမြို့ကနေ မြို့တော်ကို ပြန်သွားရတဲ့အကြောင်းအရင်းက ကျွန်မကြောင့်ပဲလေ။”

ကုနင်းအထင်သာမှန်လျှင် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ မြို့တော်သို့ပြန်သွားရခြင်းမှာ ထန်ယရှင်း ယွမ်၁ဘီလီယံရှုံးသွားတာကြောင့် ဖြစ်ပေမည်။

“ဘာ?” ထန်ချင်းယန် အလွန်အံ့ဩသွားတော့သည်။ ကုနင်းနဲ့ချီကျီယွဲ့က ဆက်ဆံရေးမကောင်းကြဘူးပေါ့။

“သူတို့ဘာကြောင့်ထွက်သွားတာလဲ ပြောပြပါလား?” ကုနင်းမေးလိုက်သည်။

“ချီကျီယွဲ့ရဲ့ဇနီးလောင်း ထန်ယရှင်းက ကာစီနိုမှာ ယွမ်၁ဘီလီယံရှုံးသွားလို့လေ။” ကုနင်း သူ့ရန်သူမဟုတ်ဘဲ မဟာမိတ်ဖြစ်နိုင်လောက်သည်ဟု ထန်ချင်းယန် ခံစားလိုက်ရသည်။

“အမှန်ပဲပေါ့။ ထန်ယရှင်းယွမ်၁ဘီလီယံရှုံးအောင် ကျွန်မပဲ ထောင်ချောက်ဆင်ခဲ့တာ။” ကုနင်း ကလိမ်ကကျစ်မြေခွေးလေးတစ်ကောင်လို ပြုံးလိုက်သည်။

ကိုယ့်ရန်သူရဲ့ရန်သူက သူ့အတွက်တော့ မိတ်ဆွေပင်။ ကုနင်းလဲ အနာဂါတ်မှာ ထန်ချင်းယန်နှင့် ပူးပေါင်းလုပ်ကိုင်လိုတာကြောင့် တချို့ကိစ္စများကို အနှေးနှင့်အမြန်ပြောပြမည်သာဖြစ်သည်။

“တကယ်လား?” ထန်ချင်းယန် အလွန်ထိတ်လန့်အံ့ဩမိသွားသည်။

ကုနင်းက ထန်ယရှင်းကို ယွမ်၁ဘီလီယံတောင် ရှုံးအောင်လုပ်ခဲ့တာလား? ယွမ်၁ဘီလီယံဆိုတာ အရမ်းများတာလေ!

တကယ်တော့ ထန်ယရှင်း၏ရှုံးနိမ့်မှုအပေါ် သူလဲဝမ်းသာနေခဲ့တာကြောင့် အမှန်တရားကိုသိလိုက်ရချိန်တွင် ကုနင်းအပေါ် အဆိုးမမြင်မိပေ။ သို့ပေမည့် ထန်ယရှင်းနှင့်အလောင်းအစားလုပ်ခဲ့သည့် အမျိုးသမီး၏နာမည်က ထန်အိုက်နင်းပင်။ ဘာတွေဖြစ်ကုန်တာလဲ?

ထန်ချင်းယန် အသေးစိတ်အခြေအနေတွေကိုတော့ မသိထားဘဲ ထန်ယရှင်းထောင်ချောက်ဆင်ခံရမှန်းက သေချာမှန်းတော့ သိသည်။

“မင်းတကယ်ပဲ ထန်အိုက်နင်းကိုသိတာလား?” ထန်ချင်းယန်မေးလိုက်သည်။

ကုနင်းသာ ထန်အိုက်နင်းကို မသိဘူးဆိုလျှင် ထန်ယရှင်းကို အပြစ်ပေးဖို့အတွက် ထိုနာမည်ကိုသုံးလိမ့်မည်မဟုတ်ပေ။ သူက ထန်အိုက်နင်းအတွက် ထန်ယရှင်းကို လက်စားချေနေတာပဲဖြစ်ရမည်။

ထန်အိုက်နင်းသေဆုံးမှုသည် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့နှင့်ပတ်သတ်နေကြောင်းကို ထန်ချင်းယန်မသိထားပေ။ သူ့အမြင်မှာတော့ ကုနင်း ထန်ယရှင်းကို အပြစ်ပေးခြင်းမှာ ထန်အိုက်နင်းနှင့်သူမအမေတို့ဘဝပျက်စီးအောင် ထန်ယရှင်းတို့သားအမိလုပ်ခဲ့တာကြောင့်လို့သာ ထင်မိသည်။

ထန်ချင်းယန်နှင့် ထန်အိုက်နင်းတို့ အရွယ်ရောက်ပြီးနောက် အဆက်အသွယ်လုပ်ဖြစ်သည်မှာရှားလှသော်လည်း သူတို့သည် ကလေးဘဝကတည်းက အတူတူကြီးပြင်းလာခဲ့သူများသာဖြစ်ကြသည်။ ထန်အိုက်နင်းတို့သားအမိ၏အဖြစ်ကို သူကြားသိရချိန်တွင် သူလဲ သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။

ထန်အိုက်နင်းကို စောင့်ရှောက်ပေးခဲ့ချင်ပေမည့် သူမနှင့်အဆက်အသွယ်ပြတ်နေခဲ့သည်။ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံချိန်တွင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို နိုင်ငံများလဲ ခြားနားခဲ့ပြီဖြစ်တာကြောင့် နှုတ်ဆက်ရုံသာတတ်နိုင်ပြီး ရင်းနှီးမှုမရှိကြတော့ပေ။

***

အခန်း ၈၁၀ သခင်လေးလင်က ကုနင်းရဲ့ချစ်သူပါ

ထန်ချင်းယန်၏အမေးကို ကုနင်းပြန်ဖြေမည်ပြင်နေတုန်းမှာပဲ ထန်ချင်းယန် အနောက်ဘက် သိပ်မဝေးသည့်နေရာမှ အမျိုးသားတစ်ဦးထံ သူမအကြည့်ရောက်သွားခဲ့သည်။

လင်ရှောင်းထင် ရောက်ရှိလာခဲ့ပြီဖြစ်ပေမည့် မကျေမနပ်ဖြစ်နေပုံပင်။ အစကတော့ ကုနင်းနှင့်တွေ့ရတော့မည်ဖြစ်၍ ပျော်ရွှင်နေသော်လည်း သူထွက်လာချိန်တွင် သူမက တခြားယောက်ျားတစ်ယောက်နှင့် ရယ်ရယ်မောမောစကားပြောနေသည်ကို တွေ့လိုက်ရတာကြောင့် မကျေနပ်ဖြစ်သွားခြင်းပင်။ သူမက သူ့ကိုကြိုဖို့လာတာပေမယ့် တခြားယောက်ျားတစ်ယောက်နဲ့ စကားပြောကာ ပျော်ရွှင်နေတာကြောင့် သူအနားရောက်လာတာတောင် မမြင်ဘူးပေါ့။ ဒီမြင်ကွင်းက လင်ရှောင်းထင်အတွက် သဝန်မတိုမိဖို့ရန် ခက်ခဲလှသည်။

လင်ရှောင်းထင်ဘေးမှအတူလိုက်လာသည့် ရှုကျင်းချန်နှင့်ရှင်းပိုင်တို့သည်လဲ သူ့ရဲ့မပျော်ရွှင်မှုကို ခံစားမိကာ မနိုင်သည့်ပုံစံဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ဘော့စ်က တကယ်ကို သဝန်တိုတတ်လွန်းတဲ့ချစ်သူပဲ။ ကုနင်း တခြားယောက်ျားလေးတစ်ယောက်နဲ့စကားပြောနေတာက သူတို့အမြင်တွင်တော့ ကိစ္စကြီးတစ်ခုမဟုတ်ပေ။ သို့ပေမည့် ထိုသို့ဖြစ်ရပ်မျိုး သူတို့ကိုယ်တိုင်တွင် ကြုံတွေ့လာရမှသာ ခံစားချက်များမတူညီကြောင်း နားလည်ကြပေလိမ့်မည်။

ကုနင်း၏တုံ့ပြန်ပုံကိုမြင်တော့ ထန်ချင်းယန်လဲ သူမအကြည့်လားရာအတိုင်း လှည့်ကြည့်လိုက်သည်။ လင်ရှောင်းထင်၏အေးစက်စက်မျက်နှာထားကို မြင်လိုက်ရတော့ သူအနည်းငယ်စိုးရိမ်ပူပန်သွားကာ ထိုလူက သူ့ကြောင့် မကျေမနပ်ဖြစ်နေတာမှန်းလဲ သိသွားခဲ့သည်။

ဒီလူက သဝန်တိုလွယ်လိုက်တာလို့ ထန်ချင်းယန် မတွေးမိဘဲမနေပေ။ သူက ကုနင်းနဲ့စကားပြောရုံလေးပြောနေတာကို ထိုလူကတော့ သူကို မုန်းတီးမှုအပြည့်နဲ့တောင် ကြည့်လာနေပြီ။ ဒါကပဲ ကုနင်းကို ထိုလူဘယ်လောက်ချစ်ကြောင်း သက်သေပြန်နေတာပင်။

ကုနင်းလဲ သူမချစ်သူတော့ ထပ်ပြီးသဝန်တိုနေပြန်ပြီမှန်း နားလည်လိုက်သည်။ ဒါက အကျင့်ကောင်းတစ်ခုဟု သူမမထင်မိပေမည့် သူ့ကို နှစ်သိမ့်မှုပေးဖို့ စိတ်ကူးနေစဲဖြစ်တာကြောင့် ထန်ချင်းယန်ကို ချက်ချင်းလျစ်လျူရှုကာ လင်ရှောင်းထင်ဆီသို့လျှောက်သွားလိုက်သည်။

လင်ရှောင်းထင်သည်လဲ ကုနင်းထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ သူမလက်ကို သူလက်ဖဝါးပြင်ကျယ်ကြီးများဖြင့် ဖမ်းဆုပ်ထားသည်က သူသာနည်းနည်းလောက် အားလျှော့လိုက်ပါက ကုနင်းထွက်ပြေးသွားတော့မလိုပင်။

ကုနင်းလဲ အခုက လင်ရှောင်းထင်ကို ရှင်းပြနေရမယ့်အချိန်ကောင်းမဟုတ်တာကြောင့် ဘာပြောလို့ပြောရမှန်းမသိတော့ပေ။

“ဟိုင်း၊ သခင်လေးလင်။” ထန်ချင်းယန်ကပဲ စပြီး လင်ရှောင်းထင်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။

လင်ရှောင်းထင်ကတော့ မျက်မှောင်ကြုတ်သွားကာ၊ “ငါ့ကို သိတယ်လား?”

လင်ရှောင်းထင်က ထန်ချင်းယန်ကို မသိတာကြောင့် ထန်ချင်းယန် သူ့ကိုသိနေ၍ အံ့ဩသွားခြင်းပင်။

“သိတာပေါ့။ အခွင့်ကြုံတုန်းက ခင်ဗျားကို တစ်ခေါက်တွေ့ခဲ့ဖူးတယ်။ ပြီးတော့ သခင်လေးလင်က ကုနင်းရဲ့ချစ်သူလို့လဲ ကြားပါတယ်။”

ထိုစကားကိုကြားကာမှ လင်ရှောင်းထင်၏ခံစားချက်များပြန်ကောင်းလာခဲ့သည်။

ထိုအချိန်မှာပဲ ရှုကျင်းချန်နှင့်ရှင်းပိုင်တို့လဲ ရောက်လာခဲ့ကြသည်။ “ဟိုင်း၊ ကုနင်း၊ မတွေ့တာကြာပေါ့!”

“ဟိုင်း၊ ” ကုနင်းပြန်ပြုံးပြလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ သခင်လေးရှု။” ထန်ချင်းယန်က ရှုကျင်းချန်ကိုလဲ နှုတ်ဆက်လိုက်သည်။ ရှင်းပိုင်ကိုတော့ သူမသိတာကြောင့် ဘာမှမပြောတော့ဘဲ ခေါင်းညိတ်၍သာနှုတ်ဆက်လိုက်သည်။

“ငါ့ကိုရောသိတာလား?” ရှုကျင်းချန်လဲ အံ့ဩသွားရသည်။

“ငါလဲ မြို့တော်မှာနေတာဆိုတော့ မြို့တော်ကအဆင့်အတန်းမြင့်တဲ့လူတွေအကြောင်း နည်းနည်းပါးပါးသိထားလို့ပါ။ ငါ့နာမည်ကတော့ ထန်ချင်းယန်၊ ငါက ကျန်းယွေ့ချင်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းလဲဟုတ်တယ်။”

“အိုး၊ မင်းက ယွေ့ချင်ရဲ့သူငယ်ချင်းပေါ့! တွေ့ရတာဝမ်းသာပါတယ်။”

“ကဲ၊ ငါလဲ အခုသွားရတော့မယ်၊ နောက်တစ်ခေါက်မှတွေ့ကြတာပေါ့။” ထန်ချင်းယန် နှုတ်ဆက်ကာ ထွက်သွားတော့သည်။

“မင်းတို့သွားကြတော့၊ စားဖို့နေရာကောင်းတွေ့မှ ငါ့ကိုလှမ်းပြော။” လင်ရှောင်းထင် အခုက ကုနင်းနှင့်နှစ်ယောက်တည်း ရှိရမည့်အချိန်လေးဖြစ်တာကြောင့် ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ကို ပထုတ်လိုက်တော့သည်။

“ဟုတ်ပါပြီ။” ရှုကျင်းချန်လဲ ရှင်းပိုင်ကိုဆွဲကာ ထွက်သွားတော့သည်။

ထို့နောက် လင်ရှောင်းထင်နှင့်ကုနင်းတို့ ကားပါကင်သို့ထွက်လာခဲ့သည်။

ကုနင်းကို ယုံကြည်တာကြောင့် ထန်ချင်းယန်နှင့် ဘာတွေပြောနေလဲဆိုသည်ကိုတော့ လင်ရှောင်းထင်မမေးခဲ့ပေ။

လင်ရှောင်းထင်က ဘာမှမမေးသော်လည်း ကုနင်းကတော့ ကားထဲရောက်သည်နှင့် သူမစိတ်နှင့်သူမရှင်းပြဖို့ရန် ဆုံးဖြတ်ထားသည်။

လင်ရှောင်းထင် ကုနင်းလက်ကိုတွဲထားရက်နှင့်ပင် လေဆိပ်မှထွက်လာခဲ့သည်။ လှပလွန်းသည့်မိန်းကလေးနှင့် ခန့်ညားလွန်းသည့်အမျိုးသားတို့အတွဲက လမ်းတစ်လျှောက်မှ လူပေါင်းများစွာ၏အာရုံကို ဖမ်းစားလို့သွားသည်။ သူတို့ဖြတ်ကျော်သွားပြီးနောက်တွင်မှ လူငယ်တစ်စုက ကုနင်းကိုမှတ်မိသွားကြသည်။

“အိုး၊ အဲ့မိန်းကလေးက ကုနတ်ဘုရားမမဟုတ်လား?” ကောင်မလေးတစ်ယောက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“တကယ်လား? ဘယ်မှာလဲ?” သူမသူငယ်ချင်းများက ကုနင်းကိုရှာဖွေကြတော့သည်။

“သူထွက်သွားပြီ၊ နှမြောလိုက်တာ!”

အခုတော့ ကုနင်းကိုသာ သူတို့လိုက်ရှာနေကြတော့သည်။

“အဲ့မိန်းကလေးက သူဆိုတာသေချာလို့လား?” သူငယ်ချင်းတစ်ယောက် သံသယဖြစ်စွာမေးလိုက်သည်။

“သေချာတာပေါ့၊ သူ့ကြည့်ရတာ ရင်းနှီးနေပုံရတာနဲ့ ငါလဲတောက်လျှောက်ကြည့်နေမိတာ။”

“ဘာလို့စောစောမပြောတာလဲ၊ အဲ့လိုဆို သူနဲ့ဓါတ်ပုံလေးဖြစ်ဖြစ် ရိုက်လိုက်ရမှာကို။”

“ငါသူ့ကိုမြင်မြင်ချင်းမမှတ်မိလိုက်တာပါ။ ငါ့အမှား၊ ငါ့အမှား။”

အားလုံးမှာ ကုနင်းနှင့်ဓါတ်ပုံတွဲရိုက်နိုင်မည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရ၍ နှမြောတသ ဖြစ်နေကြတော့သည်။

လင်ရှောင်းထင်နှင့်ကုနင်းတို့ ကားပါကင်သို့ရောက်သည်နှင့် လင်ရှောင်းထင်က ယာဉ်မောင်းနေရာတွင်ဝင်ထိုင်ကာ ချက်ချင်းကားစက်နှိုးပြီး ထွက်ခွာခဲ့ကြသည်။

“ကျွန်မ ရှင့်ကိုအရင်ကပြောဖူးတဲ့ ကျွန်မဆရာအကြောင်း မှတ်မိသေးလား?”

“အွန်း၊ သူက မြို့တော်ထန်မိသားစုကလို့ ပြောဖူးတယ်လေ။”

“ဟုတ်တယ်၊ ထန်ချင်းယန်က ကျွန်မဆရာရဲ့အစ်ကိုဝမ်းကွဲပဲ။ ထန်ချင်းယန်အဖေက မြို့တော်ထန်မိသားစု သတ်တာခံလိုက်ရလို့ ကျွန်မတို့ရန်သူတွေက အတူတူပဲ၊ ဒါကြောင့် လက်စားချေတဲ့နေရာမှ သူနဲ့တွဲလုပ်ဖို့ စိတ်ကူးထားတာ။ ကျွန်မအစကတော့ ထန်မိသားစုကို ဖျက်ဆီးပစ်သင့်တယ်လို့ပဲ အမြဲတွေးနေမိပေမယ့် ထန်ချင်းယန်နဲ့တွေ့ပြီးတော့ စိတ်ပြောင်းသွားပြီ။ ထန်မိသားစုမှာ ခေါင်းဆောင်အသစ်ရှိလာသင့်တယ်။”

ထိုစကားများကြောင့် လင်ရှောင်းထင် ခေါင်းညိတ်ပြလိုက်ပေမယ့် ကုနင်းကို လက်စားချေဖို့အတွက် သူအလွယ်လေးကူညီပေးနိုင်တာကြောင့် အနည်းငယ်မသက်မသာခံစားမိတုန်းပင်။ သူမအနေနဲ့ ထန်ချင်းယန်နဲ့ပူးပေါင်းနေဖို့ မလိုအပ်ပေ။

ဘာပဲဖြစ်ဖြစ် ကုနင်းက သူမဘာသာ ကိုင်တွယ်ဖြေရှင်းဖို့ စိတ်ဆုံးဖြတ်ထားကြောင်း သူ့ကိုပြောထားပြီးဖြစ်တာကြောင့် ကုနင်းမပျော်မရွှင်ဖြစ်မည်စိုး၍ လင်ရှောင်းထင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

“အိုး၊ ကျွန်မအဖေက အမေ့ကို လက်ထပ်ခွင့်တောင်းလိုက်ပြီ။ အရမ်းကိုရိုမန့်တစ်ဆန်တာပဲ၊ မင်္ဂလာပွဲကလဲ လဝက်နေရင်ကျင်းပမှာ။”

“ဝမ်းသာစရာသတင်းပဲ!” လင်ရှောင်းထင်လဲ ကုမန့်အတွက် ပျော်ရွှင်မိသည်။ သူက ကုနင်းကိုချစ်သလို သူမမိသားစုအရေးကိုလဲ ဂရုစိုက်တာကြောင့် ကုမန့်လဲ ပျော်ရွှင်တဲ့ဘဝမှာနေနိုင်သွားဖို့ မျှော်လင့်မိသည်။ ကုန်လွန်ခဲ့သည့်၁၈နှစ်အတွင်း ကုမန့်လဲ ကိစ္စပေါင်းများစွာ ဖြတ်သန်းခဲ့ရတာပဲ။

“သိပ်မကြာခင် ကျွန်မ မြို့တော်ကိုသွားတော့မယ်။ အဖေနဲ့အမေလဲ အခုဆိုအတူတူပြန်ပေါင်းဖက်ကြပြီဆိုတော့ အမေတစ်ယောက်တည်း အထီးကျန်မှာ စိုးရိမ်စရာမလိုတော့ဘူး။”

***

စာစဉ် ၅၄ ပြီး၏။

All Chapters