အခန်း (၈၁၆-၈၂၀)
Vol. 55 Ch. 816-820
အခန်း ၈၁၆ ကျီပိုင်ယင်းနှင့် ငြင်းခုံခြင်း
သို့သော်လည်း ကုနင်း၏ တစ်နေ့တာက ဒီလောက်နဲ့ မပြီးဆုံးသွားခဲ့ပါဘူး။ ကုနင်း အိမ်သို့ ကားပြန်မောင်းလာချိန်တွင် လမ်းတစ်ဝက်မှာပဲ မတော်တဆမှုတစ်ခုနှင့် ကြုံသွားရသည်။
လူတစ်စုက လမ်းဘေးမှာပဲ အပြန်အလှန်ချနေကြတာဖြစ်သည်။ သို့ပေမည့် ရုတ်တရက် လူတစ်ယောက်က အကန်ခံလိုက်ရကာ ကုနင်းကား၏အမိုးပေါ်သို့ ပြုတ်ကျလာသည်။ ဖြစ်ပျက်သွားသမျှမှာ မြန်ဆန်လှတာကြောင့် ကုနင်း ရှောင်ဖို့အချိန်မရှိလိုက်ပေ။ “ေ*ာခ်!” ကုနင်း မနေနိုင်စွာ ညစ်ညမ်းစကားလုံးပင် ထုတ်ပြောမိသွားသည်။
သူမကားက ယွမ်၁၀သန်းကျော်တာကြောင့် ကားအမိုးလဲဖို့ကလဲ ယွမ်သန်းနှင့်ချီကုန်ပေလိမ့်မည်။ ကုနင်းမှာ ငွေမရှိတာတော့မဟုတ်ပေမယ့် သူမငွေကို အလကားသုံးဖြုန်းနေမယ်လို့တော့ မဆိုလိုပေ။
ထိုလူက ကုနင်း၏ကားအမိုးပေါ်ကျပြီးနောက် ပြန်လိမ့်ကာ မြေပေါ်သို့ပြုတ်ကျသွားသည်။ ကံကောင်းလို့ ကုနင်း အချိန်မှီ ဘရိတ်အုပ်လိုက်၍သာ၊ မဟုတ်လိုကတော့ ထိုလူကို သူမကားနှင့် တက်ကြိတ်မိပြီးလောက်ပြီ။
ကားအမိုး အကြီးကြီးချိုင့်သွားသည်ကို မြင်လိုက်ရတော့ ကုနင်း ဒေါသများထွက်လာတော့သည်။ သူမ ချက်ချင်းပင် ကားထဲမှဆင်းလိုက်ကာ ထိုလူကို ဆွဲပြီး လျော်ကြေးကိစ္စပြောရန်ပြင်လိုက်သည်။
ထိုလူ ပြင်းပြင်းထန်ထန်ရိုက်မိသွားပေမည့် ဒဏ်ရာကြီးကြီးမားမားမရဘဲ အသက်အနည်းငယ်ရှူပြီးသည်နှင့် ရန်ပွဲထဲ ပြန်ပြေးဝင်ရန် ပြင်နေသည်။ ဒါကပဲ ဒီလူသည် နည်းစနစ်ကျကျလေ့ကျင့်ထားသူဖြစ်ကြောင်း ဖော်ပြနေတာပင်။
ကုနင်း ထိုလူကို ဆွဲထူလိုက်ရုံရှိသေး နောက်လူတစ်ယောက်ကလဲ အကန်ခံရကာ ရောက်လာပြန်သည်။ ဒါကြောင့် သူမအလိုအလျောက်ပဲ နောက်လူကို ပြန်ကန်ထုတ်လိုက်တာကြောင့် ထိုလူမှာ သူပထမအကန်ခံလိုက်ရသည့် လားရာအတိုင်း ပြန်ရောက်သွားကာ ရှိနေသည့် အနက်ဝတ်လူတစ်ယောက်နှင့် တိုက်မိသွားသည်။
ဒီမြင်ကွင်းက လမ်းပေါ်ရှိလူတိုင်းကို အံ့အားသင့်သွားစေကာ အားလုံး ကုနင်းကို ဝိုင်းကြည့်လာကြသည်။ ကုနင်းက မိန်းမငယ်လေးဖြစ်မှန်း သိလိုက်ရသည်နှင့် အားလုံးပိုလို့တောင် အံ့ဩသွားတော့သည်။ ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြတ်လတ်သန်မာတာပဲ။ သူတို့ ကုနင်းကို ကြာကြာ အာရုံမစိုက်လိုက်ကြဘဲ ပြင်းထန်နေသည့် ရန်ပွဲဘက်သို့ အာရုံပြန်ရောက်သွားကြသည်။
ထို့နောက် ကုနင်းလဲ အနားတွင်ကပ်ရပ်ကာ ရန်ပွဲကို ကြည့်နေလိုက်သည်။ သူတို့ရန်ပွဲပြီးသွားမှသာ သူမလျော်ကြေးကိုတောင်းပေတော့မည်။
ရန်ပွဲတွင်တော့ လူနှစ်စုပါဝင်နေသည်။ တစ်စုကတော့ အားလုံးအနက်ဝတ်များဝတ်ထားသည့် လူ၇ယောက်အဖွဲ့ဖြစ်ကာ သူတို့ပုံစံက သက်တော်စောင့်လိုလို ထင်ရပြီး ကျန်တစ်ဖက်ကတော့ အမျိုးသမီးနှစ်ယောက်နှင့်အမျိုးသားတစ်ယောက်ပါသည့် အဖွဲ့ဖြစ်သည်။ အမျိုးသမီးနှစ်ယောက်နှင့်အမျိုးသား၏ တိုက်ခိုက်ရည်မှာ အထူးကောင်းမွန်လှကာ လူ၇ယောက်နှင့်ယှဉ်တိုက်နေရ၍လဲ ဖိအားများနေပုံမပေါ်ပေ။
၅မိနစ်မျှကြာပြီးနောက်တွင်တော့ လူ၇ယောက်အဖွဲ့မှာ မြေပေါ်သို့ အလဲအသိပ်ခံလိုက်ရကာ အမျိုးသမီးနှစ်ယောက်နှင့်အမျိုးသားတစ်ယောက်တို့ အဖွဲ့က ထွက်သွားတော့မည့်ဟန်ပြင်နေတာကြောင့် ကုနင်းဝင်တားလိုက်သည်။ “ဟေ့၊ အစောက ဒီလူကို ဘယ်သူကန်လိုက်တာဖြစ်ဖြစ် လျော်ကြေးပေးသင့်တယ်! သူက ငါ့ကားကိုဖျက်ဆီးသွားတယ်။” ကုနင်း ထိုလူတွေကို ဒီအတိုင်းထွက်သွားခွင့်မပေးပေ။
“မန်တ၊ သူ့ကို ယွမ်၂သိန်းပေးလိုက်။” လှပသည့်အမျိုးသမီးက ပြောလိုက်သည်။ သူမကတော့ ကျီပိုင်ယင်းပင်ဖြစ်ကာ အမျိုးသား သူမ၏သက်တော်စောင့်ဖြစ်သည့် မန်တပင်ဖြစ်သည်။ မန်တသည် အသက်၃၀ ဝန်းကျင်ရှိပြီဖြစ်ကာ ခန္ဓာကိုယ်က အလယ်အလတ်အဆင့်လောက် တောင့်တင်းပေမည့် ကိုယ်ခံပညာမှာတော့ ထူးချွန်သူဖြစ်သည်။
ကျီပိုင်းယင်ဘေးရှိ အမျိုးသမီးကတော့ နန်ဖြစ်ကာ အသက်၃၇နှစ်ရှိပြီဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သော်လည်း အတိုက်အခိုက်ကောင်းသူဖြစ်သည်။
ကျီပိုင်ယင်းသည် အရှေ့တောင်အာရှမှ အကြီးဆုံးလက်နက်တင်သွင်းသူသုံးဦးထဲတွင်ပါဝင်သည့် မိသားစုမှမွေးဖွားလာတာကြောင့် သူမ၏သက်တော်စောင့်များမှာ အတော်ဆုံးတိုက်ခိုက်ရေးသမားများဖြစ်ကြသည်။ သူတို့သာ ကောင်းယိနှင့်ချောင်ယတို့နှင့် တိုက်ခိုက်ခဲ့ပါက ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ခက်လှသည်။
ကျီပိုင်ယင်းသည် လျော်ကြေးမပေးဘဲ ထွက်သွားဖို့ စိတ်ကူးမရှိပေ။ အကြောင်းကတော့ ယွမ်၂သိန်းလောက်က သူ့မျက်လုံးထဲထည့်နေစရာမလိုသည့် ပမာဏဖြစ်ခြင်းကြောင့်ပင်။
“ယွမ်၂သိန်းတဲ့လား? မလုံလောက်ဘူး။” ကုနင်းပြန်ပြောလိုက်သည်။
“ဘာ? မလောက်ဘူး၊ ဟုတ်လား?”ကျီပိုင်ယင်း မျက်မှောင်ကြုတ်သွားသည်။ ကားအမိုးတစ်ခုလောက်က သိပ်များများစားစားမတန်ဘူးလို့သာ သူမထင်ထားခဲ့သည်။
“မင်း ငါ့ကားကိုတစ်ချက်လောက် ကြည့်လိုက်ဦး၊ ဒီလိုဆို မင်းပေးတဲ့ပမာဏက လုံလောက်လား မလုံလောက်ဘူးလား သိသွားလိမ့်မယ်။”
ကျီပိုင်ယင်း မန်တကိုတစ်ချက်ကြည့်လိုက်သည်။ မန်တက ရှေ့ထွက်ကာ ကြည့်လိုက်သည်။
ခဏအကြာတွင်တော့ မန်တာက သူမအနားသို့ပြန်ရောက်လာကာ၊ “သခင်မလေးပိုင်ယင်း၊ ဒါက အကန့်အသတ်ထုတ်Lamborghiniပဲ၊ ယွမ်သန်း၂၀နီးပါးလောက်တန်တယ်။ သူ့ရဲ့ကားအမိုးကလဲ ယွမ်၃သန်းဝန်းကျင်လောက်ကျမှာပါ။”
“ယွမ်၃သန်း?” ကျီပိုင်ယင်းမှာ ကားတန်ဖို့ကြောင့် အံ့ဩသွားရသည်။ ယွမ်၃သန်းဆိုတာလဲ သူမမျက်လုံးထဲမှာ မပြောပလောက်သေးပေမယ့် လျော်ကြေးအပြည့်ကို သူမတစ်ယောက်တည်းတော့ မပေးချင်သေးပေ။ ဒါက ဘာပဲဖြစ်ဖြစ် သူမအမှားချည်းပဲမှမဟုတ်ဘဲ။
“ငါ လျော်ကြေးကိုပေးချင်ပါတယ်။ ဒါပေမယ့် မင်းကို ငါ ယွမ်၁.၅သန်းပဲ ပေးနိုင်မယ်။ ကျန်တာကိုတော့ သူ့ဆီကတောင်းလိုက်။” ကျီပိုင်ယင်း ကုနင်းလက်ထဲမှလူကို ညွှန်ပြလိုက်သည်။
“လျော်ကြေးကို မင်းတို့ဘယ်လိုခွဲမလဲဆိုတာ ငါစိတ်မဝင်စားဘူး။ ငါအခုချက်ချင်း ယွမ်၃သန်းလိုချင်တယ်။”
“ငါ့မှာငွေမရှိဘူး။” ကုနင်းလက်ထဲမှလူက ပြောလိုက်သည်။
“နင့်မှာ ငွေမရှိတာ ငါ့ကိစ္မဟုတ်ဘူး။” ကျီပိုင်ယင်း စိတ်မရှည်တော့ပေ။ “ငါ့ဘက်က ယွမ်၁.၅သန်းပဲ ပေးနိုင်မယ်၊ ယူချင်ရင်ယူ မယူချင်ရင် လစ်လိုက်တော့။”
“ငါလဲ မင်းကိုပြောပြီးသားပဲ မင်းတို့ လျော်ကြေးဘယ်လိုခွဲမလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့ဘက်ကလဲ အခုချက်ချင်းယွမ်၃သန်းတစ်ခါတည်းလိုချင်တယ်။ မင်းတို့လဲ မထွက်သွားရဘူး။ ငါရဲခေါ်ပြီးသား။”
နှစ်ဖက်လုံးက တာဝန်အပြည့်အဝယူသင့်ပေသည်။
“ငါ့သည်းခံမှုကို လာမစမ်းသပ်နဲ့။ ငါတို့သာ ထွက်သွားချင်ရင် မင်း တားနိုင်မယ်များထင်နေလား?” ကျီပိုင်ယင်း ဒေါသထွက်လာတော့သည်။ အခုချိန်တွင် သူမကျီမိသားစုတွင် ရှိနေကျပုံစံဖြစ်သည့် ချစ်စရာကောင်းကာ ကြင်နာတတ်သည့်ပုံနှင့် လုံးဝကွာခြားလို့နေသည်။
“စမ်းကြည့်လိုက်လေ။” ကုနင်း အေးစက်စက်ပင် ပြန်ပြောလိုက်သည်။
“ကြည့်ရသေးတာပေါ့!” ကျီပိုင်ယင်း ပြောရင်း ကုနင်းကို ယွမ်၁.၅သန်းပါ မပေးတော့ဖို့ စိတ်ဆုံးဖြတ်လိုက်သည်။
ကုနင်းက ချက်ချင်းပင် သူမလက်ထဲမှ လူကို လွှင့်ပစ်လိုက်ကာ ကျီပိုင်ယင်းလမ်းကို ပိတ်ဖို့ ရှေ့သို့ပြေးဝင်လိုက်သည်။
“ငါ့ရှေ့က အခုချက်ချင်းထွက်သွားစမ်း!” ကျီပိုင်ယင်း သတိပေးလိုက်သည်။
ကုနင်း အစောက လူတစ်ယောက်ကို အလွယ်လေးကန်ထုတ်လိုက်သည်ကို မြင်ထားပြီးတာကြောင့် ကုနင်းသည် အားနည်းသည့်ကောင်မလေးမဟုတ်မှန်း ကျီပိုင်ယင်း သိထားပြီးဖြစ်သော်လည်း သူတို့သုံးယောက်ကိုတော့ သူမတစ်ယောက်တည်းနှင့် အနိုင်ယူနိုင်လိမ့်မည်ဟု မထင်သေးပေ။ တကယ်တော့ သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ ကုနင်း အနိုင်ယူနိုင်မည်ဟု ထင်မထားခြင်းဖြစ်သည်။
“ရဲမရောက်မချင်း မင်းတို့ ဆက်နေရမယ်။” ကုနင်း ထပ်ပြောလိုက်သည်။
“မင်း….” ကျီပိုင်ယင်း လွန်စွာ ဒေါသထွက်လာကာ အမိန့်ပေးလိုက်တော့သည်။ “နန်၊ သူ့ကို သင်ခန်းစာပေးလိုက်။”
“ကောင်းပါပြီ။” နန်က ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းပင် ကုနင်းရှိရာသို့ပြေးသွားလိုက်ကာ ကုနင်းကလဲ ချက်ချင်းမဆိုင်း ပြန်တိုက်ခိုက်လာသည်။
ပွဲစကတည်းက ကုနင်းကပဲ တိုက်ပွဲကို ထိန်းချုပ်နေကာ နန်ကတော့ အချိန်အတော်ကြာသည်အထိ ကုနင်းကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
“မန်တ၊ နန်ကို သွားကူပေးလိုက်။” ကျီပိုင်ယင်းစိုးရိမ်လာခဲ့သည်။ ဒီကောင်လေးက နန်ထက်တောင် အတိုက်အခိုက်ပိုကောင်းတာကြောင့် သူမအံ့ဩနေရသည်။
နောက်စက္ကန့်ပိုင်းတွင်ပဲ မန်တကလဲ နန်ဘက်မှ ကူညီလာခဲ့သည်။ သို့ပေမည့် နှစ်ယောက်ပေါင်းတာတောင် ကုနင်းကို ထိခိုက်အောင် မလုပ်နိုင်သေးဘဲ မန်တကသာ ကုနင်း၏ထိုးနှက်ခြင်းကို အကြိမ်ပေါင်းများစွာ ခံနေရသည်။
ထိုမြင်ကွင်းကြောင့် ကျီပိုင်ယင်း ထိတ်လန့်သွားသလို ပိုလို့လဲ ဒေါသထွက်လာတော့သည်။
***
အခန်း ၈၁၇ ငါလက်ထပ်တော့မယ်
ကျီပိုင်ယင်းလဲ အချိန်မဆွဲနေတော့ဘဲ ရန်ပွဲထဲသို့ပါဝင်လာခဲ့ပေမည့် သူတို့သုံးယောက်လုံးတွင် ဘယ်သူကမှ ကုနင်းကို ထိခိုက်အောင် မလုပ်နိုင်ကြသေးပေ။
အနက်ဝတ်လူများနှင့်ရန်ပွဲစကတည်းက တစ်ယောက်ယောက်က ရဲကိုအကြောင်းကြားထားပြီးဖြစ်တာကြောင့် ဒုတိယရန်ပွဲပြီးဆုံးခါနီးတွင်ပဲ ရဲရောက်လာခဲ့သည်။
ပြင်းထန်လှသည့်ရန်ပွဲအနေအထားကိုတွေ့လိုက်ရတော့ ရဲများအားလုံးပင် တုန်လှုပ်သွားကြကာ ဘယ်သူကမှ ရှေ့ထွက်ကာမတားရဲကြပေ။
သို့ပေမည့် ရဲများကိုမြင်လိုက်သည်နှင့် ကုနင်း ရပ်သွားခဲ့သလို ကျီပိုင်ယင်းတို့အဖွဲ့လဲ ရပ်ပေးလိုက်ကြသည်။
အဖြစ်အပျက်များကို သိရှိပြီးနောက် ရဲများဘက်က ကုနင်းအတွက် ကျီပိုင်ယင်းကို ယွမ်၂သန်းနှင့် အနက်ဝတ်လူများကိုတော့ ယွမ်၁သန်းပေးဖို့ ဆုံးဖြတ်ချက်ချပေးလိုက်သည်။ ကျီပိုင်ယင်းနှင့်အနက်ဝတ်လူများကြားမှ ပြဿနာကိုတော့ သူတို့သာ ကိုယ်တိုင်မဖြေရှင်းချင်လျှင် ရဲများက ပါဝင်ပေးပေလိမ့်မည်။
ကျီပိုင်ယင်းဘက်ကတော့ ရဲများနှင့်အရှုပ်အရှင်းဖြစ်လာမည်ကို မလိုလားပေ။ သူမကျီမိသားစုပိုင်နက်ထဲမှထွက်လာခဲ့တာကြောင့် ပြဿနာကြီးကြီးမားမားမဖြစ်ချင်ဘဲ ဘာမှမလုပ်တာကောင်းသည်။ သူမမိသားစုနောက်ခံကို ထုတ်သုံးလိုက်ပါက လွယ်လွယ်ကူကူဖြေရှင်းနိုင်သွားမည်ဖြစ်သော်လည်း ထိုသည်ကပဲ သူမကို ပိုလို့အန္တရာယ်များသည့် အခြေအနေထဲသို့ ဆွဲသွင်းသွားပေလိမ့်မည်။ သူမမိသားစုတွင် ရန်သူများစွာရှိတာကြောင့် သူမအသက်အန္တရာယ်ရှိနိုင်မည့် အခြေအနေမျိုးမဖြစ်လိုပေ။
အနက်ဝတ်လူများဘက်ကလဲ ကုနင်းကို လိုလိုလားလားပဲ လျော်ကြေးပေးကြသည်။
ညှိနှိုင်းမှုပြီးသည့်နောက် ကျီပိုင်ယင်းက ကုနင်းကိုသာ မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။ ကုနင်းကို သူမဒေါသထွက်သလို အလွန်လဲမုန်းနေပေမည့် ကုနင်းကတော့ စိတ်အေးလက်အေးပင်။ ဒါကပဲ ကုနင်းက ဘာကိုမှဂရုမစိုက်သည့်ပုံပေါက်တာကြောင့် ကျီပိုင်ယင်းကို ပိုလို့ဒေါသထွက်ရစေသည်။
ကုနင်း၏လုံခြုံရေးကို ကာကွယ်ပေးရန်အတွက် ရဲများက ကုနင်းကို အရင်ဆုံးထွက်သွားစေခဲ့တာကြောင့် ကျီပိုင်ယင်းမှာ ကုနင်း သူမမြင်ကွင်းထဲမှပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ကုနင်း အိမ်ပြန်ရောက်သည်နှင့် ကားအမိုးပြင်ပေးဖို့ ချောင်ယကိုပြောလိုက်သည်။
……..
လက်ရှိတွင် ကုမန့်သည် ထန်အိမ်တော်၌နေ,နေပြီဖြစ်သော်လည်း ထန်ယွင်ဖန်းနှင့်တော့ တစ်ခန်းတည်းမအိပ်သေးပေ။
ည၁၁နောက်ပိုင်းတွင်တော့ ထန်မိသားစုဝင်အားလုံး အနားယူဖို့ရန် အခန်းကိုယ်စီသို့ထွက်သွားခဲ့ကြသည်။
ကုမန့်လဲ အိပ်ရာထက်တွင် ခဏမျှလဲလျောင်းနေပြီးနောက် ကုချင်ထံသို့ဖုန်းဆက်လိုက်သည်။
ကုချင်သည်လဲ အခုထိ မအိပ်နေသေးပေ။
“ဟိုင်း၊ မန့်၊ နင်မအိပ်သေးဘူးလား?”
“အွန်း၊ ငါတို့အလှပြင်ဆိုင်အခြေအနေကော ဘယ်လိုလဲ?”
“အရမ်းကိုကောင်းတာပေါ့! ဒီရက်တွေအတွင်း ငါတို့အရမ်းအလုပ်ရှုပ်နေတာ၊ အသားအရေထိန်းပစ္စည်းအသစ်တွေကလဲ ဖောက်သည်တွေကြားမှာ အရမ်းကိုနာမည်ကြီးနေတာ!” ကုချင်အသံမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ အသားအရေထိန်းအလှကုန်အသစ်သည် အခုဆိုလျှင် ပစ္စည်းတောင်ပြတ်တော့မလိုပင်။
“တော်သေးတာပေါ့!” ကုမန့်လဲ ပျော်ရွှင်လို့သွားသည်။ “အမ်၊ ချင်းရှန်ရော အခုဘယ်လိုနေလဲ?”
ကုချင်းရှန်အကြောင်း ပြောလိုက်တော့ ကုချင် အနည်းငယ်စိတ်ရိမ်စိတ်ဝင်သွားသည်။ “မန့်၊ နင် ငါ့ကိုစိတ်မဆိုးနဲ့နော်။”
ထိုစကားကြောင့် ကုနင်းမျက်မှောင်ကြုတ်လို့သွားသည်။ “ဘာလို့လဲ?”
“ငါတောင်းပန်ပါတယ်၊ နင် သူ့ကိုသဘောမကျမှန်း သိပေမယ့် ဘာပဲဖြစ်ဖြစ် သူက ငါ့အစ်ကိုကြီးပဲလေ။ သူအခု အများကြီးပြောင်းလဲသွားပါပြီ။ ဒါနဲ့ ငါလဲ သူ့ကုမ္ပဏီ ဒေဝါလီမခံရအောင် ယွမ်၂သန်း ချေးပေးလိုက်တယ်။ ဒါပေမယ့် သူငါ့ကို ပြန်ဆပ်မှာပါ။ အခုကစပြီးတော့လဲ ကျန်တာတွေက သူ့အပေါ်ပဲမူတည်ပါတယ်။”
ကုချင်သည် ကုမန့်လိုမျိုး ကုချင်းရှန်ကြောင့် နက်နက်ရှိုင်းရှိုင်း နာကျင်ခဲ့ရဖူးခြင်းမရှိတာကြောင့် သူမက ကူညီပေးချင်နေတုန်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ကုနင်းကို မပြောပြခဲ့မိတာကြောင့်လဲ အနည်းငယ်အပြစ်ရှိသလို ခံစားရလို့နေသည်။ ကုချင်းရှန်၏လက်ရှိအခြေအနေကို ကုမန့်မေးလာမှတော့ သူမလဲ ပြောပြလိုက်သင့်ပြီဟု ထင်လိုက်မိသည်။
ကုမန့်ကတော့ ထိုစကားများကို ကြားပြီးနောက် အတန်ကြာတိတ်ဆိတ်လို့သွားပေမည့် စိတ်တော့မဆိုးမိပေ။ “ချင်၊ ငါ ကိုယ်တိုင်တော့ သူ့ကိုကူညီပေးမှာမဟုတ်ပေမယ့် တခြားလူတွေ သူ့ကိုကူညီပေးမယ်ဆိုရင်လဲ ငါမတားပါဘူး။ နင်က သူဆင်းဆင်းရဲရဲနေရမှာမျိုးကို မကြည့်နေနိုင်မှန်း ငါနားလည်ပါတယ်။ ကိစ္စမရှိဘူး။ ငါ့ကိုတောင်းပန်စရာမလိုဘူး။”
“ကျေးဇူးပါပဲ။”
“အာ၊ ဒါနဲ့ နင် Bမြို့မှာ ဆက်နေဦးမှာလား?” ကုချင် ရုတ်တရက်ထမေးလိုက်သည်။
“ဟုတ်တယ်၊” ကုမန့် ပြန်ဖြေပြီးနောက် ခဏလောက်ရပ်လိုက်ကာ၊ “ချင်၊ ငါမကြာခင်လက်ထပ်တော့မယ်။”
တကယ်တော့ ဤသတင်းကောင်းကိုပြောပြဖို့ရန် ကုချင်ကို ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။ ထန်ယွင်ဖန်း သူမကိုလက်ထပ်ခွင့်တောင်းကတည်းက သူမပြောပြထားသင့်ပေမည့် ကုချင်ကို ဖုန်းဆက်ဖို့ရန်ပင် ထိုအချိန်က စိတ်လှုပ်ရှားလွန်းနေခဲ့သည်။
“တကယ်လား? နင်းနင်းရဲ့ အဖေအရင်းနဲ့လား?” ကုချင် အံ့ဩသွားသည်။ ထန်ယွင်ဖန်းသည် ကုနင်း၏အဖေအရင်းဖြစ်ကြောင်း သူမသိပြီးကတည်းက ထန်ယွင်ဖန်းနှင့် ကုမန့်တို့ မကြာခင် ပြန်လည်ပေါင်းဖက်သွားလိမ့်မည်ဟု ခန့်မှန်းထားမိပြီးဖြစ်သော်လည်း တကယ်တမ်း လက်ထပ်တော့မည့်သတင်းကို ကြားလိုက်ရချိန်တွင် အံ့ဩမိစဲပင်။ ကုမန့်အတွက်လဲ သူမဝမ်းသာမိပေသည်။
“ဟုတ်တယ်၊ ငါတို့ နောက်လ၁၆ရက်ကျရင် မင်္ဂလာပွဲကျင်းပကြမှာ၊ နင်Bမြို့ကို ကြိုလာပေးပါလား။”
“လာပေးရမှာပေါ့!” ကုချင်မှာ ပျော်ရွှင်ဝမ်းသာလွန်း၍ မျက်ရည်ပင်ကျမိသည်။ နောက်ဆုံးတော့ ကုမန့်လဲ သူမအချစ်ကိုရှာတွေ့သွားကာ ကုနင်းလဲ အဖေတစ်ယောင်ရှိသွားပေပြီ။ ၁၉နှစ်တောင် ကြာခဲ့ပြီဖြစ်တာကြောင့် ကုမန့်လဲ ပျော်ရွှင်စွာနေရဖို့ အချိန်ကျပေပြီ။
“အရမ်းလဲမစောတော့ဘူးဆိုတော့ ငါမနက်ဖြန်မှပဲ ချင်းယန်ကို ဖုန်းဆက်လိုက်တော့မယ်။” ကုမန့် ဆက်ပြောလိုက်သည်။
သူမ၏ဆွေမျိုးများထဲတွင် ဤသို့သောသတင်းကောင်းမျိုးကို ကုချင်နှင့် ကုချင်းယန်တို့မိသားစုများနှင့်သာ မျှဝေချင်သည်။ သူငယ်ချင်းများကိုတော့ နောက်နေ့ကျမှပဲ ဆက်သွယ်လိုက်တော့မည်။
သူမမင်္ဂလာပွဲသို့ ရင်းနှီးသည့် သူငယ်ချင်းများစွာကို ဖိတ်ကြားဖို့ ကုမန့်ဆုံးဖြတ်ထားသည်။
………..
နောက်တစ်နေ့မနက်၌၊
၈နာရီလောက်တွင် ကောင်းယိထံမှ ဖုန်းဝင်လာခဲ့သည်။ ကောင်းယိက ကုနင်းကို ခိုင်းထားသမျှအားလုံး လုပ်ဆောင်ပြီးကြောင်းနှင့် အခုဆိုလျှင် ပါးထျန်းယန်လဲ ကလပ်တွင် အလုပ်လုပ်နေပြီဖြစ်သည့်အကြောင်း ပြောပြခဲ့သည်။
ချန်စန်းယိသည်လဲ အလုပ်ကြိုးစားတာကြောင့် ကုနင်းပြောပြီးကတည်းက နောက်နေ့မှာပဲ ကောင်းမွန်သည့်အားကစားကလပ်တစ်ခုကို ရှာတွေ့ခဲ့သည်။
ကောင်းယိအတွက် ဆက်ပြီးလုပ်စရာမရှိတော့တာကြောင့် ကုနင်းလဲ သူ့ကိုပြန်လာဖို့သာ ခေါ်လိုက်တော့သည်။
၁၀နာရီဝန်းကျင်တွင်တော့ ယုကျီက ကုနင်းကို ဖုန်းဆက်လာကာ ဂျေဆန်က သူမဆရာဖြစ်လိုသည့်ဆုံးဖြတ်ချက်ကို ပြောလာကြောင်း ပြောပြခဲ့သည်။ ယုကျီလဲ ဂျေဆန်၏ဆုံးဖြတ်ချက်ကို ကြားကြားချင်းမယုံနိုင်ခဲ့ပေ။
***
အခန်း ၈၁၈ ကျန်းဝမ်မေ့ ကုနင်းကိုထပ်ပြီးတိုက်ခိုက်လာပြန်ပြီ
ဂျေဆင်၏တပည့်ဖြစ်လာသည်နှင့် ယုကျီ၏အောင်မြင်မှုရော ကြွယ်ဝမှုကပါ တပြိုင်နက်တိုးပွားလာပေလိမ့်မည်။ သူမသာ နိုင်ငံတကာအဆင့်ထိ ကျော်ကြားသောဒီဇိုင်နာတစ်ဦဂဖြစ်လာပါက သူမ၏ဒီဇိုင်းများတန်ဖိုးသည်လဲ ဆက်တိုက်ဆိုသလို တိုးလာပေလိမ့်ဦးမည်။
သို့သော်လည်း ယုကျီက ဂျေဆင်၏ကမ်းလှမ်းချက်ကို ချက်ချင်းလက်မခံခဲ့ပေ။ သူမသည် လောလောဆယ်တွင် ကုနင်းအတွက် အလုပ်လုပ်ပေးနေသူဖြစ်တာကြောင့် ကုနင်း၏ခွင့်ပြုချက်ကို မေးမြန်းဖို့လိုနေသေးသည်။ ထို့အပြင် ယုကျီသည် ဘဝင်မြင့်တတ်သူလဲမဟုတ်ပေ။
ကုနင်းလဲ ထိုသတင်းကိုကြားရကာ အံ့ဩသွားခဲ့သည်။
“နင် ဂျေဆင်ဆီမှာ သင်ချင်လားဆိုတာ နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပေါ့၊ ဒါပေမယ့်လို့ ကုမ္ပဏီကအလုပ်တွေကိုလဲ တစ်ပြိုင်တည်း အချိန်မီလုပ်ပေးရမယ်နော်။” ကုနင်းလဲ ယုကျီအတွက် ဝမ်းသာမိကာ သူမကိုထောက်ပံ့ပေးလိုပေမည့် ကုမ္ပဏီမှ သူမ၏လက်ရှိအလုပ်ကိုတော့ လျစ်လျူရှုခွင့်ပေးမည်ဟု မဆိုလိုပေ။
“ငါနားလည်ပါပြီ။” ယုကျီ အလေးအနက်ပြန်ဖြေလိုက်သည်။ ကုနင်းသည် သူမကိုနာမည်ကြီးလာအောင် လုပ်ပေးခဲ့သူဖြစ်တာကြောင့် ထိုအရာကိုတန်ဖိုးထားသင့်သည်။ သူမ ဂျေဆင်၏တပည့်ဖြစ်သွားသည်နှင့် လက်ရှိအလုပ်မှနှုတ်ထွက်ခြင်းမျိုးကတော့ သူမစိတ်ကပင် လက်မခံနိုင်ပေ။ ယုကျီအတွက်တော့ ကုနင်းသည် ဂျေဆင်ထက်ပင် ပို၍အရေးပါသူဖြစ်သည်။
………
နေ့လည်စာစားချိန်တွင်တော့ ကုနင်းအိမ်သို့ ချောင်ဝမ်ရှင်းရောက်လာခဲ့သည်။
“နင်းနင်း၊ နင်ဘယ်လိုချက်ရမလဲသိလား? မသိရင် ငါတို့ထွက်စားကြရင်ဘယ်လိုလဲ?” ချောင်ဝမ်ရှင်းကတော့ မချက်ပြုတ်တတ်တာကြောင့် အမြဲတမ်း အပြင်ထွက်၍သာစားလေ့ရှိသည်။
“ရေခဲသေတ္တာထဲမှာလဲ ဘာမှမရှိတော့ဘူးဆိုတော့ အပြင်ပဲသွားကြတာပေါ့။” အိမ်တွင် ကုမန့်မရှိတာကြောင့် ရေခဲသေတ္တာသည်လဲ အလွတ်ဖြစ်နေသည်။ ကုနင်းကိုယ်တိုင်သာ ချက်ပြုတ်မည်ဆိုလျှင် အရင်ဆုံး ဟင်းချက်စရာများဝယ်ရန် ဈေးသွားရမည်က စိတ်ရှုပ်စရာပင်။ ကုနင်း၏ကားမှာ အခုမှပြင်ထားစဲဖြစ်တာကြောင့် ချောင်ဝမ်ရှင်း၏LandRoverကိုသာ စီးသွားရပေမည်။
“ငါတို့ ဘယ်သွားကြမလဲ?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
“ငါက Bမြို့နဲ့သိပ်မှအကျွမ်းမဝင်တာ၊ နင်ပဲဆုံးဖြတ်လိုက်။”
“ဒါဆိုလဲ ဖန်ရှန်းစင်တာကိုပဲသွားကြတာပေါ့၊ ပြီးရင်ခဏလောက် ပစ္စည်းဝင်ဝယ်လို့လဲရမယ်။” ချောင်ဝမ်ရှင်းကပဲ နေရာကိုဆုံးဖြတ်လိုက်ကာ ဖန်ရှန်းဈေးဝယ်စင်တာသို့ မောင်းလာခဲ့သည်။
အရင်ကဆိုလျှင် ချောင်ဝမ်ရှင်းသည် သူမ၏အသွင်အပြင်ကို များများစားစား ဂရုစိုက်လေ့မရှိသော်လည်း အခုတော့ ချစ်မိနေပြီဖြစ်၍ သူမစိတ်လဲပြောင်းလဲသွားပေပြီ။
“နင်းနင်း၊ ခိုကျီဆိုင်ခွဲကို Bမြို့မှာဘယ်တော့မှဖွင့်မှာလဲ? ငါ့သူငယ်ချင်းတွေအားလုံးက အခုဆို ငါ့အသားအရည်ပိုကောင်းလာတာမြင်ပြီး အသားအရေထိန်းအလှကုန်တွေ ဘယ်ကဝယ်လဲမေးကုန်ပြီ။”
“လဝက်လောက်နေရင် ဖွင့်ဖြစ်ဖို့တော့ စိတ်ကူးထားတယ်၊ ဒါပေမယ့် နောက်ရက်ပိုင်းအတွင်း Kameiအလှပြင်ဆိုင်က အရင်ဖွင့်ဖြစ်လိမ့်မယ်။ နင့်သူငယ်ချင်းတွေကို အဲ့မှာပဲ မျက်နှာအသားအရေထိန်းသိမ်းမှုလုပ်ဖို့ ပြောလိုက်ပေါ့၊ အဲ့မှာက ခိုကျီတစ်မျိုးတည်းသုံးပေးမှာလေ။”
အလှပြင်ဆိုင်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ရက်ပိုင်းလောက်လိုပေဦးမည်။
“အဲ့ဆိုင်ကလဲ နင်ပိုင်တာပဲလား?” ချောင်ဝမ်ရှင်း အံ့အားသင့်စွာမေးလိုက်သည်။ ကုနင်းက စီးပွားရေးနယ်ပယ်တိုင်းမှာ ပါဝင်နေပုံတောင်ပေါက်နေပေပြီ။
“အဲ့ဒါက ငါ့အမေအတွက် မင်္ဂလာလက်ဖွဲ့ပါ။ သူ ထန်မိသားစုထဲ လက်ထပ်ဝင်ပြီးရင် ဘာမှမလိုအပ်တော့ဘူးဆိုပေမယ့်လဲ ငါကတော့ အမေ့ကို အချိန်ပြည့်အိမ်ရှင်မတစ်ယောက်ဖြစ်နေတာထက် သူစိတ်ပျော်ရာတစ်ခုခုလုပ်နိုင်နေတာမျိုးဖြစ်ဖို့ မျှော်လင့်မိတယ်။”
“နင်ပြောတာလဲ မှန်ပါတယ်။”
သို့ပေမည့် သူမတို့ စားသောက်ဆိုင်ကောင်းတစ်ဆိုင် ရှာမတွေ့ခင်တွင်ပဲ ပြဿနာနှင့်ကြုံခဲ့ရသည်။
ထိုအချိန်တွင်ပဲ စင်တာ၏ဒုတိယအလွှာမှ တစ်စုံတစ်ယောက်က ကုနင်းကို လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်လိုက်သည်။ ထိုလူကတော့ ကုနင်းနှင့်ရန်ငြှိုးရှိထားသည့် ကျန်းဝမ်မေ့ပင်ဖြစ်သည်။
လက်ဖက်ရည်ခွက်က တခြားလူများအမြင်တွင် အလွန်လျင်မြန်နေပေမည့် ကုနင်းကတော့ ထိုသို့မထင်မိပေ။ ကုနင်း တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ဖက်ရည်ခွက်ကို ပြန်ကန်လိုက်ကာ သူ့လာသည့်လားရာအတိုင်း ပြန်ကန်ထွက်သွားပြီးနောက် ကျန်းဝမ်မေ့ မရှောင်နိုင်ခင်မှာပဲ သူမထံသို့တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။ ကျန်းဝမ်မေ့မှာ သူမရင်ဘက်ကို လက်ဖြင့်အုပ်ကာ နာကျင်မှုကြောင့် အော်ဟစ်မိသွားတော့သည်။
အနားရှိလူများသည်တော့ ဖြစ်ပျက်သွားသည့် မြင်ကွင်းကြောင့် ထိတ်လန့်လို့နေကြသည်။ သူတို့ ကုနင်းကို မယုံကြည်နိုင်ဖြစ်နေသည့်မျက်လုံးများဖြင့် လှမ်းကြည့်မိကုန်ကြသည်။ သူဘယ်လိုလုပ်များ လက်ဖက်ရည်ခွက်ကို ဒုတိယလွှာရောက်အောင် ကန်တင်လိုက်နိုင်တာလဲ?
ကျန်းဝမ်မေ့ဘက်ကအရင်ဦးစွာ ကုနင်းဆီသို့ လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်ခဲ့သည်ကို လူတိုင်းမမြင်ခဲ့ကြသော်လည်း ကျန်းဝမ်မေ့ထိသွားသည့်အတွက် ဝမ်းသာနေကြသည်။ သူ့ထိုက်နဲ့သူပဲ။
“ဝမ်မေ့၊ အဆင်ပြေရဲ့လား?” ကျန်းဝမ်မေ့၏သူငယ်ချင်းက စိုးရိမ်စွာဖြင့်မေးလိုက်သည်။
ကျန်းဝမ်မေ့ကတော့ သူမအမေးကို ပြန်မဖြေဘဲ ကုနင်းကိုသာ မျက်စောင်းထိုးကြည့်လိုက်ကာ၊ “နင်ကများ ငါ့ကိုခွက်နဲ့ပေါက်ရဲတယ်ပေါ့၊ ေ*ွးမ!”
ကုနင်း သူမကိုအမေးမထုတ်နိုင်သေးခင်တွင်ပဲ ကျန်းဝမ်မေ့ကစပြီး ကုနင်းကို အပြစ်ပုံချလိုက်သည်။ သို့ပေမည့် သူမရင်ဘက်ကနာနေသေးတာကြောင့် အသံကသိပ်မကျယ်နိုင်သလို ခြိမ်းခြောက်နိုင်စွမ်းလဲမပါရှိပေ။
“နင်ပဲ ေ*ွးမ! ငါ့သူငယ်ချင်းကို နင်အရင်ခွက်နဲ့ပေါက်လိုက်တာလေ။ ဘယ်လိုတောင် အရှက်မရှိတာလဲ?” ကုနင်းမပြောနိုင်ခင်ဘဲ ချောင်ဝမ်ရှင်း ဝင်ပြောလိုက်သည်။ ချောင်ဝမ်ရှင်းမှာ ဒေါသထွက်လွန်း၍ ချက်ချင်းအပေါ်တက်ကာ ကျန်းဝမ်မေ့ပါးကို ဖြတ်ရိုက်ချင်နေလှပြီ။
ထိုစကားကြောင့် ပွဲကြည့်သူများအားလုံး ကျန်းဝမ်မေ့ကို အထင်သေးစွာကြည့်လိုက်ကြသည်။
ကျန်းဝမ်မေ့လဲ သူတို့အကြည့်များကြောင့် ရှက်လာပေမည့် လွယ်လွယ်လက်မလျှော့သေးပေ၊ “အဲ့တော့ ဘာဖြစ်လဲ? အရင်နေ့က သူပဲ ငါ့လက်ကောင်ဝတ်ကို ချိုးပြီး ငါ့အမေကို လဲကျအောင်လုပ်ခဲ့တာလေ! အားလုံး သူ့အမှားကြီးပဲ!” ကျန်းဝမ်မေ့က ထပ်ပြီး ကုနင်းကိုသာ အပြစ်ပုံချပြန်သည်။
ပွဲကြည့်သူများကလဲ တစ်ဖန် ကုနင်းဘက်သို့ အံ့ဩတကြီး ဝိုင်းကြည့်လာကြသည်။
“ဘာ? ဒီကောင်မလေးက သူ့ရဲ့လက်ကောက်ဝတ်ကိုချိုးပြီး သူ့အမေကိုလဲ လဲကျအောင်လုပ်ခဲ့တယ်တဲ့လား?”
“အရမ်းရိုင်းတာပဲ!”
“မှန်ပါ့၊ သူဘာလို့ အဲ့ကောင်မလေးကို လက်ဖက်ရည်ခွက်နဲ့ပစ်ပေါက်လဲ ငါတော့နားလည်ပေးနိုင်ပြီ။”
***
အခန်း ၈၁၉ နင့်အစ်ကိုတောင် လျော်ရတယ်!
“ငါ့မှာတော့ သူ့ဘက်ကစာနာပေးလိုက်ရတာ၊ အခုတော့ ပြောင်းသွားပြီ၊ သူကမှ မကောင်းတဲ့သူပဲ!”
………
အချို့သောပွဲကြည့်သူများက ကုနင်းကို သဘောမကျသည့်အမူအရာများ ပြုလုပ်ပြလာကြပေမည့် အချို့ကတော့ ကုနင်းတွင် အကြောင်းတစ်ခုခုရှိတာကြောင့်သာ ကျန်းဝမ်မေ့ကို လက်ပါခဲ့သည်ဟု ယုံကြည်နေကြသေးသည်။
သို့ပေမည့် ကုနင်းကတော့ ထိုသို့အားယားနေသည့်ပွဲကြည့်သူများ၏အကြည့်များကို ဂရုစိုက်နေသူမဟုတ်ပေ။ “ကျန်းမိန်းကလေးက ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကနေ သင်ခန်းစာရသေးပုံမပေါ်ဘူးဘဲ။ အဲ့ဒီနေ့က နင်ငါ့ကို အရင်စတိုက်ခိုက်ခဲ့လို့ နင့်လက်ကောက်ဝတ်ကို မတော်တဆ ငါချိုးမိသွားရုံလေးပါ။”
“နင့်အမေကတော့၊ သူကသာ ငါ့ကိုထိခိုက်အောင်လုပ်ချင်ပြီး ပြေးဝင်လာတာလေ၊ ငါက အချိန်မီလေး ရှောင်လိုက်လို့ သူ့ဘာသာ လဲကျသွားတာ။ ဘာလဲ နင်က နင့်အမေ ငါ့ကိုတိုက်မိတဲ့အထိ ငါ့ကိုငြိမ်ငြိမ်လေးရပ်နေပေးစေချင်နေတာလား? ငါက ငတုံးမို့လို့လား။”
“နင်….” ကျန်းဝမ်မေ့ ဒေါသထွက်သွားပေမည့် ပြန်လည်ခွန်းတုံ့ပြန်နိုင်စွမ်းမရှိပေ။ ကုနင်း သူမလက်ကောက်ဝတ်ကို ချိုးလိုက်တာက မတော်တဆမှုမဟုတ်ဘဲ တမင်ရည်ရွယ်ခြင်းသာဖြစ်သည်!
အခုတစ်ဖန်မှာတော့ ပွဲကြည့်သူများက ကုနင်းဘက်က ပြန်လည်ထောက်ခံပေးလာကြပြန်သည်။
“အိုး၊ ဒီတော့ ကျန်းမမလေးက အရင် ဟိုမိန်းကလေးကို တိုက်ခိုက်တာပေါ့!”
“သူ့အမေကလဲ ဟိုမိန်းကလေးကို ထိခိုက်စေချင်နေသေးတယ်။ အရူးတွေပဲ သူတို့အရိုက်ခံရမှာကို ငြိမ်ရပ်ပြီးစောင့်နေမှာပေါ့။”
“မှန်ပါ့၊ ကျန်းမမလေးက တကယ်ကိုအရှက်မရှိတာပဲ။”
“သူကတော့ သူ့မိသားစုအတွက် အရှက်ရစရာပဲ။”
“ဟုတ်ပါ့!”
လူအများ၏ဆွေးနွေးပြောဆိုနေသံများက ကျန်းဝမ်မေ့ကို ပိုလို့မကျေမလည်ဖြစ်လာစေသည်။ “နင် ငါ့လက်ကောက်ဝတ်ကို တမင်ချိုးတာ!”
“အဲ့လိုဆိုရင်ကော ဘာဖြစ်လဲ? နင့်ဘက်ကအရင်စတိုက်လို့ ငါပြန်ခုခံလိုက်ရုံပဲ။” ကုနင်းနှာမှုတ်လိုက်သည်။ ကျန်းဝမ်မေ့၏ အရမ်းရိုင်းစိုင်းရုံမကဘဲ အမုန်းပွားလိုသည့်စရိုက်မျိုးက ကုနင်းအတွက်တော့ လက်မခံနိုင်စရာပင်။
“နင်လုပ်လို့ နင်ပြန်ခံရတာလေ!” ချောင်ဝမ်ရှင်းကလဲ ကုနင်းဘက်က ထောက်ခံပေးသည်။
“ဒါတွေဖြစ်ရတာက ငါအမေနဲ့ငါငှားချင်နေတဲ့ဆိုင်ခန်းကို နင်လုသွားလို့ပဲ!” ကျန်းဝမ်မေ့ မတော်နိုင်သေးပေ။
ထိုစကားက လူအုပ်ကြီးကို စိတ်ရှုပ်ထွေးသွားစေကာ ဘယ်သူ့အမှားမှန်း မဝေခွဲတတ်တော့ပေ။ ဒါကြောင့် ကုနင်းဘက်ကိုပဲ လှည့်ကြည့်လိုက်ကာ သူမဖြေရှင်းမည်ကို နားထောင်ချင်နေတော့သည်။
“ပြောတတ်သားပဲ! နင်တို့က ဆိုင်ကိုငှားဖို့ ဆုံးဖြတ်ချက်တောင်မချထားမှတော့ မန်နေဂျာကို နင်တို့ဆုံးဖြတ်ပြီးတဲ့အထိ စောင့်နေခိုင်းပိုင်ခွင့်မရှိဘူး!”
ကျန်းဝမ်မေ့ နေရခက်လွန်း၍ မျက်နှာတစ်ပြင်လုံးနီရဲသွားတော့သည်။
ဒီလိုနဲ့ပဲ လူအုပ်ကြီးကလဲ ကုနင်း၏စကားများကိုသာ ယုံကြည်ပေးကြသည်။
“သူတို့မဆုံးဖြတ်ရသေးမှတော့ ဆိုင်ကလဲ သူတို့ဆိုင်မှမဟုတ်တာ။”
“မန်နေဂျာက ဘယ်သူ့ကိုဖြစ်ဖြစ် ငှားပိုင်ခွင့်ရှိတာပေါ့။”
“ဟုတ်တယ်၊ ကျန်းမမလေးတို့ကတော့ အရှက်မဲ့လိုက်တာ။”
…….
“နင်…” ကျန်းဝမ်မေ့ နောက်ဆုံး သူမဘာသာ ပြန်လည်ခွန်းတုံ့မပြန်နိုင်တော့တာကြောင့် မိသားစုနောက်ခံကို ထုတ်ဖော်၍ အနိုင်ရအောင် ကြိုးပမ်းတော့သည်။ “နင် ငါ့ကိုအပြစ်ပြောလို့မရဘူး။ ငါက ဟဲထျန်းလု်ပငန်းစုကိုပိုင်တဲ့ ကျန်းမိသားစုကပဲ။”
ထိုစကားကိုကြားလိုက်သည်နှင့် ပွဲကြည့်နေသူများ ချက်ချင်းပါးစပ်ပိတ်ကုန်ကြသည်။ သူတို့ ဘယ်လောက်ပဲ ကျန်းဝမ်မေ့ပုံစံကို သဘောမကျနေပါစေ အခုတော့ ထပ်ပြီးအပြစ်မပြောရဲတော့ပေ။
သို့ပေမည့် ကုနင်းကတော့ ကျန်းဝမ်မေ့မိသားစုကို ကြောက်နေမည့်သူမဟုတ်ပေ။ “အဲ့လိုဆိုရင်လဲ ပြောပြလိုက်ပါဦးမယ်။ နင့်အစ်ကိုကတောင် ငါ့ဆိုင်ကိုဖျက်ဆီးမိတဲ့အတွက် လျော်ကြေးပေးထားရပြီးပြီ။”
ဘာပြောလိုက်တယ်?
ထိုစကားက ပွဲကြည့်ပရိသတ်များမဆိုနှင့် ကျန်းဝမ်မေ့ကိုတောင် ထိတ်လန့်သွားစေခဲ့သည်။
လူအုပ်ကြီးမှာ ကျန်းမိသားစုက ကုနင်း၏ဆိုင်ကိုဖျက်ဆီးခဲ့ကြောင်း သိရ၍ လန့်သွားရုံမကဘဲ ကုနင်းက လျော်ကြေးပင် ပြန်တောင်းလို့ရနိုင်ခဲ့တာကြောင့် သူမသည် သာမာန်မိန်းကလေးမဟုတ်မှန်း သိသာလှသည်။
ကျန်းဝမ်မေ့သည်လဲ ထိုသတင်းကို သူမအစ်ကိုထံမှလျှို့ဝှက်ထားခြင်းခံထားရတာကြောင့် ထိတ်လန့်သွားကာ လက်မခံနိုင်ဖြစ်သွားသည်။
ကျန်းဝမ်မေ့၏တုံ့ပြန်ပုံကြောင့် သူမ အခုထိ လျော်ကြေးပေးရသည့်ကိစ္စကို မသိသေးကြောင်း ကုနင်းလဲ သိသွားတော့သည်။
“ဝမ်မေ့၊ ငါတို့ သူ့ကိုသွားရှုပ်လို့မရလောက်ဘူး။ အခုတော့ သွားကြရအောင်ပါ။ နောက်တစ်ကြိမ် အခွင့်သာမှန် သူ့ကို ပညာပြန်ပြကြတာပေါ့။”
ကျန်းဝမ်မေ့၏သူငယ်ချင်းမှာ ကုနင်းကို အနည်းငယ်ကြောက်လာမိတာကြောင့် အမြန်ထွက်သွားနေချင်လှသည်။
ကျန်းဝမ်မေ့သည် ရိုင်းစိုင်းကာ မောက်မာသူဖြစ်ပေမည့် တုံးအလွန်းနေသူတော့မဟုတ်တာကြောင့် သူမသူငယ်ချင်းစကားကို နားထောင်လိုက်သည်။
“စောင့်ကြည့်နေလိုက်၊ နင်သေချာပေါက် ပြန်ပေးဆပ်ရမယ်!”
အဆုံးမှာတော့ ကျန်းဝမ်မေ့ ကုနင်းကို ခြိမ်းခြောက်ကာ ဒေါသတကြီးပြန်ထွက်သွားတော့သည်။ ကုနင်းကတော့ ဒဏ်ရာမရတာကြောင့် ချောင်ဝမ်ရှင်းနှင့်အတူ ခရီးဆက်ခဲ့ကြသည်။
“အဲ့ကောင်မလေးကို ငါရင်းနှီးနေတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်? သူ့ကို တစ်နေရာရာမှာများ မြင်ဖူးတာလား။” ကုနင်းထွက်သွားပြီးနောက် ရုတ်တရက် ကောင်လေးတစ်ယောက်က ပြောလိုက်ခြင်းပင်။
“မေ့လိုက်စမ်းပါကွာ! မင်း မိန်းမချောလေးတွေတွေ့တိုင်း ဒါမျိုးနဲ့ပဲ စကားစနေကျကို။ သူကဖြင့်ထွက်တောင်သွားပြီ။” နောက်ကောင်လေးတစ်ယောက် အထင်သေးစွာ ပြန်ပြောလိုက်သည်။
“ငါ သူနဲ့စကားပြောချင်လို့ ပြောလိုက်တာမဟုတ်ပါဘူး။ သူကဖြင့်သွားတောင် သွားနေပြီကို တကယ် သူ့ကိုရင်းနှီးနေတယ်လို့ထင်တာ။” ကောင်လေးကလဲ အလျှော့မပေးပေ။ သူ တကယ်ပဲ ကုနင်းကို ရင်းရင်းနှီးနှီးမြင်ဖူးနေသည်။
“မင်း တစ်နေရာရာမှတွေ့ဖူးထားလို့ဖြစ်မှာပါ။” နောက်ကောင်လေးတစ်ယောက်ကလဲ ဝင်ပြောလိုက်သည်။
“ဒီလောက်လှတဲ့မိန်းကလေးကို တစ်နေရာရာမှာတွေ့ဖူးထားရင် သူ့မျက်နှာမြင်ရုံနဲ့ သေချာပေါက်မှတ်မိမှာပေါ့”
“အိုး၊ သူက ကုနတ်ဘုရားမ, မဟုတ်ဘူးလား?” ကောင်လေး၏ နောက်သူငယ်ချင်းတစ်ယောက်က အံ့ဩတကြီးဝင်ပြောလိုက်သည်။
“ဟုတ်သားပဲ၊ သူက ကုနတ်ဘုရားမပဲ! အိုးမိုင်ဂေါဒ်! ငါမမှတ်မိလိုက်ဘူး။” ကောင်လေးကလဲ စိတ်လှုပ်ရှားနေခဲ့သည်။
“ကုနတ်ဘုရားမဆိုတာ ဘယ်သူလဲ?” နောက်ကောင်လေးတစ်ယောက်က မေးလိုက်တာကြောင့် အခြားကောင်လေးများက အထင်သေးစွာဖြင့် ကြည့်လာကြကာ၊ “မင်း သူ့ကိုတောင် မသိဘူးလား?” ဟု တပြိုင်တည်းပင် ပြောလိုက်ကြသည်။
***
အခန်း ၈၂၀ ခွဲစိတ်ခန်းထဲဇွတ်ဝင်ခြင်း
“ငါက ဘာလို့ သူ့ကိုသိနေရမှာလဲ? သူက နာမည်ကြီးကြယ်ပွင့်လည်းမဟုတ်ပါဘူး။”
“သူက နာမည်ကြီးကြယ်ပွင့်မဟုတ်ပေမယ့် နာမည်ကြီးတွေထက်တောင် ပိုကျော်ကြားသေးတယ်။ မင်းအင်တာနက်ပေါ်ကနေ သူ့နာမည်ရိုက်ရှာကြည့်လိုက်၊ သိသွားလိမ့်မယ်။”
“တကယ်လား?” ကောင်လေးလဲ ချက်ချင်းပင် ဖုန်းကိုထုတ်လိုက်သည်။
ကုနင်းအကြောင်း သတင်းပေါင်းများစွာကို ဖတ်ပြီးနောက်တွင်တော့ အလွန်အံ့ဩသွားကာ ချက်ချင်းပင် သူမပရိသတ်တစ်ဦးဖြစ်သွားတော့သည်။
ကုနင်း လုပ်ဆောင်ခဲ့သည့် ကိစ္စများကို သိရှိပြီးနောက် သူမကို သဘောမကျသွားသည့်လူမှာ အနည်းငယ်မျှသာရှိသည်။
…..
တစ်ချိန်တည်းတွင်ပဲ ပြန်သွားသည့် ကျန်းဝမ်မေ့မှာ ချက်ချင်းပင် ကျန်းဝမ်ဟောက်ထံဖုန်းဆက်ကာ ငိုချင်းချနေခဲ့သည်။ “ဝမ်ဟောက်၊ ငါဒီနေ့ အမေနဲ့ငါ့ကို ထိခိုက်အောင်လုပ်သွားတဲ့ ေ*ွးမနဲ့တွေ့ခဲ့တယ်။ ငါ သူ့ဆီ လက်ဖက်ရည်ခွက်နဲ့ပစ်လိုက်ပေမယ့် သူက ပြန်ကန်ထုတ်လိုက်လို့ ငါ့ရင်ဘက်ကိုပဲ ထိသွားတယ်! အခု ငါ့ရင်ဘက်ကြီးရောင်နေပြီ။” ကျန်းဝမ်မေ့က သူမဘက်ပဲ မတရားခံရသလိုမျိုး တိုင်တန်းလို့နေသည်။
ကျန်းဝမ်မေ့သည် ကျန်းဝမ်ဟောက်က သူမဘက်ကပဲ ရှိမည်မှန်းသိတာကြောင့် အမှန်တရားကိုဖုံးကွယ်မနေပေ။ ဒါက ကျန်းဝမ်မေ့၏အမှားသာဆိုသော်လည်း ကျန်းဝမ်ဟောက်ကတော့ ပုံမှန်အတိုင်းဘဲ သူမဘက်ကသာ ကာကွယ်တုံ့ပြန်ပေးလိမ့်မည်။
“ဘာ? မင်းအဲ့ကောင်မလေးနဲ့ တွေ့ခဲ့တယ်ပေါ့?” ကျန်းဝမ်ဟောက် စိုးရိမ်လို့သွားသည်။ ထိုကောင်မလေးသည် သာမာန်လုံးဝမဟုတ်ဘဲ သူမကို လက်စားပြန်ချေဖို့ နည်းလမ်းကောင်းကိုပင် သူမစဉ်းစားနိုင်သေးပေ။
“မင်းအခု ဘယ်လိုနေသေးလဲ? သူနဲ့ထပ်ပြီး စကားမများနဲ့တော့။ မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး။ ငါ့ကိုသာလွှဲထားလိုက်၊ သူ့ကိုတစ်နည်းနည်း ပညာပြန်ပေး,ပေးမယ်။ မင်း ရင်ဘက်ကရောင်နေတယ်ဆိုမှတော့ ဆေးရုံကိုအရင်သွားပြီး စစ်ကြည့်ရမယ်မလား? အခုဘယ်ရောက်နေလဲ? ငါလာခေါ်မယ်။”
ကျန်းဝမ်မေ့ထိခိုက်သွားသည်ကို ကြားလိုက်ရသည်နှင့် ကျန်းဝမ်ဟောက် ရင်ထဲမှနာကျင်လာခဲ့သည်။ သူမအစား သူသာ အစားနာကျင်ပေးလို့ရလျှင်တောင် ခံပေးမည့်ပုံပင်။
“ငါ အခုဖန်ရှင်းဈေးဝယ်စင်တာမှာ အခုပဲ အပြင်ကိုထွက်လာတာ။” ကျန်းဝမ်မေ့သည်လဲ သူမက ကုနင်း၏ပြိုင်ဘက်မဖြစ်နိုင်မှန်း သိနေတာကြောင့် လက်လျှော့လိုက်ခြင်းဖြစ်သည်။
“ငါအခုပဲလာခဲ့မယ်။”
“ကျေးဇူးပဲ။”
ကျန်းဝမ်မေ့သူငယ်ချင်းကတော့ သူမကို ထားသွားဖို့ တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းခဲ့တာကြောင့် သူမအစ်ကို လာကြိုမည်ဆိုမှပဲ စိတ်အေးသွားရသည်။
၁၀မိနစ်ကြာပြီးနောက် ကျန်းဝမ်ဟောက်ရောက်လာကာ ချက်ချင်းပင် ကျန်းဝမ်မေ့ကို ဆေးရုံသို့ လိုက်ပို့ပေးတော့သည်။
“ဝမ်ဟောက်၊ နင် သူ့ဆိုင်ကိုဖျက်ဆီးပြီးတော့ လျော်ကြေးပါပေးလိုက်ရတယ်ဆိုတာ ငါ့ကိုဘာလို့မပြောတာလဲ?” ကျန်းဝမ်မေ့ မကျေမနပ်မေးမြန်းလိုက်သည်။
ထိုစကားကြောင့် ကျန်းဝမ်ဟောက်ပင် စက္ကန့်ပိုင်းမျှ ကြောင်အသွားရသည်။
“ငါ-ငါက မင်းစိတ်မပျော်တော့မှာစိုးလို့ပါ။ စိတ်မပူနဲ့။ နောက်တစ်ခါဆို ငါပိုဂရုစိုက်ပါ့မယ်၊ မင်းအတွက် ပြန်လက်စားချေပေးမယ်!” ကျန်းဝမ်ဟောက်က ကျန်းဝမ်မေ့ကို ကြိုးစားနှစ်သိမ့်ပေးတာကြောင့် ကျန်းဝမ်မေ့လဲ ပြန်လည်ပျော်ရွှင်သွားသည်။
………
ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ကတော့ စားသောက်ဆိုင်တစ်ခုသို့သွားကာ စားသောက်ခဲ့ကြပြီးနောက် အဝတ်အစားများပတ်ဝယ်ကြသည်။
အစကတော့ ကုနင်းတွင် အဝတ်အစားအသစ်ဝယ်ဖို့ စိတ်ကူးမရှိခဲ့သော်လည်း ချောင်ဝမ်ရှင်းက သူမကိုတစ်စုံပြီးတစ်စုံစမ်းဝတ်ကြည့်ခိုင်းပြီးနောက် အများကြီးဝယ်ဖြစ်သွားတော့သည်။ သူမတို့ သုံးနာရီလောက် လျှောက်ပတ်ဝယ်ခြမ်းပြီးနောက် သူတို့လက်များတွင် အိတ်ပေါင်းများစွာနှင့်ပြည့်နေတော့သည်။
နောက်တော့ နည်းနည်းမောလာသည်ဟု ခံစားရတာကြောင့် အနားရှိကော်ဖီဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကာ ခဏလောက်နားလိုက်သည်။
ထိုအချိန်တွင်ပဲ ကုနင်း၏ဖုန်းမှမြည်လာခဲ့ကာ ခေါ်ဆိုသူသည်တော့ ဖန်ကျီရွေ့ပင်။ ဖန်းကျီရွေ့နှင့်သူမအဆက်အသွယ်သိပ်မရှိတာကြောင့် သူ့ကိုမေ့တောင်မေ့လုနီးနေပေပြီ။
ကုနင်းဘက်က စကားပြန်မပြောရသေးခင်တွင်ပဲ ဖန်းကျီရွေ့က စိုးရိမ်ပူပန်စွာဖြင့်၊ “ဘော့စ်၊ အခုဘယ်မှာလဲ? ငါ့ကိုကူညီပါဦး!”
“ဘာဖြစ်လို့လဲ?” ကုနင်းပြန်မေးလိုက်သည်။
“ငါ့-ငါ့အစ်ကို ကားတိုက်မှုဖြစ်ပြီး သွေးအရမ်းဆုံးရှုံးထားတယ်။ အရင်တစ်ခေါက်ကမှော်ဆေး ငါ့ကိုရောင်းပေးလို့ရမလား? ဘယ်ောလက်ဈေးကြီးကြီး ကိစ္စမရှိဘူး၊ ငါပေးပါ့မယ်။” သူ့အစ်ကို၏အခြေအနေတွင်တော့ ကုနင်း၏ဆေးက အကျိုးရှိပါ့မလား ဖန်းကျီရွေ့မသိသော်လည်း စမ်းကြည့်ချင်သေးသည်။
“နင်အခုဘယ်မှာလဲ?”
ဖန်းကျီရွေ့က သူမအကူအညီကိုလိုနေမှတော့ သူမလဲ ကူညီပေးလိုက်ကာ အလကားကူညီပေးဦးပေမည်။ ဖန်းကျီရွေ့က သူမသူငယ်ချင်းပဲမဟုတ်လား။
ကုနင်း၏အမေးကြောင့် သူမ သူ့ကိုကူညီပေးတော့မည်ဖြစ်ကြောင်း ဖန်ကျီရွေ့သိလိုက်ရ၍ အတော်လေးစိတ်အေးသွားရသည်။ “ငါအခု ဗဟိုဆေးရုံရဲ့ ခွဲစိတ်ခန်း၂ အပြင်ဘက်မှာ။”
“မစိုးရိမ်နဲ့၊ ငါအခုပဲလာခဲ့မယ်။” ကုနင်းပြန်ပြောလိုက်ပြီးနောက် ချောင်ဝမ်ရှင်းကို သွားဖို့ပြောလိုက်သည်။
“နင်းနင်း၊ ဘာဖြစ်တာလဲ?” ကုနင်း၏တည်တံ့လွန်းနေသည့်မျက်နှာထားကြောင့် ချောင်ဝမ်ရှင်း စိုးရိမ်သွားသည်။
“ဖန်းကျီရွေ့ရဲ့အစ်ကို ကားတိုက်မှုဖြစ်လို့၊ သူက ငါ့ဆေးကိုလိုချင်နေတာ။”
ထိုစကားကြောင့် ချောင်ဝမ်ရှင်းလဲ သူမအရှိန်ကိုမြှင့်ကာ ကုနင်းနောက်မှအမှီလိုက်သွားသည်။
ဤတစ်ခေါက်တော့ ကုနင်း၏ ကားမောင်းစွမ်းရည်က ပိုမြင့်တာကြောင့် သူမပဲ ကားကိုမောင်းလိုက်သည်။ အချိန်ကုန်သက်သာစေရန်အတွက် လမ်းတစ်လျှောက် အရှိန်လွန်မောင်းနှင်လာခဲ့ကာ ယာဉ်ထိန်းရဲများ၏အာရုံကို အောင်မြင်စွာပဲ ဖမ်းစားမိသွားသည်။ သို့ပေမည့် ယာဉ်ထိန်းရဲများအတွက်တော့ ကုနင်းကို ဖမ်းမိဖို့မလွယ်ကူပေ။
သူမတို့ ဆေးရုံသို့ရောက်သည်နှင့် ကုနင်းက ချောင်ဝမ်ရှင်းကို ယာဉ်ထိန်းရဲများနှင့် စာရင်းရှင်းဖို့ နေခဲ့ခိုင်းကာ သူမကတော့ ချက်ချင်းပဲ ခွဲစိတ်ခန်း၂ဆီသို့ အပြေးသွားတော့သည်။ ခွဲစိတ်ခန်းအပြင်ဘက်တွင်တော့ ဖန်းကျီရွေ့နှင့်သူ့မိဘများ စောင့်ဆိုင်းနေကြသည်။
ကုနင်းရောက်လာသည်နှင့် ခွဲစိတ်ခန်းတံခါးသည်လဲ ပွင့်သွားကာ ဆရာဝန်တစ်ယောက် ထွက်လာသည်။ “အခြေအနေဘယ်လိုပါလဲ?” ဖန်ကျီရွေ့တို့မိသားစုက ချက်ချင်းပင် အနားကပ်ကာ မေးမြန်းကြသည်။
“စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပေးပြီးသွားပါပြီ။” ဆရာဝန်က ဝမ်းမည်းစွာဖြင့် ပြောလာသည်။ ဒဏ်ရာကြောင့်နဲ့ အခုထိ သေသေးသည်မဟုတ်သော်လည်း အသက်ကိုကယ်တင်ပေးဖို့ကတော့ မဖြစ်နိုင်ပေ။
“ဘာ?” ဖန်းကျီရွေ့တို့တစ်မိသားစုလဲ ထိုထိတ်လန့်စရာသတင်းကို လက်မခံနိုင်ကြပေ။ ဖန်းကတော်ဆိုလျှင် မေ့လဲကျလုမတတ်ဖြစ်သွားပေမည့် လူကြီးမင်းဖန်းက သူမကိုအချိန်မီ ဖမ်းထိန်းပေးထားနိုင်လိုက်သည်။
ကုနင်းလဲ သူတို့ကိုနှုတ်ဆက်နေဖို့ အချိန်မရှိတော့တာကြောင့် ချက်ချင်းပဲ ခွဲစိတ်ခန်းထဲသို့သာ တဟုန်ထိုးဇွတ်ပြေးဝင်သွားတော့သည်။
“ဟေ့၊ မင်းဘာလုပ်တာလဲ? မင်းဝင်လို့မ…..” ဆရာဝန်မှာ ထိတ်လန့်သွားကာ အလျင်စလို ကုနင်းကို တားဖို့ကြိုးစားတော့သည်။
“ဘာတွေဖြစ်နေတာလဲ? သူက ဘာလို့ပြေးဝင်သွားတာလဲ? ကျီရွေ့၊ သူ့ကိုဆွဲထုတ်စမ်း!” ဖန်းကျီရွေ့အဖေက ဒေါသတကြီးအော်လိုက်သည်။
သို့ပေမည့် ဖန်းကျီရွေ့ကတော့ နည်းနည်းမှမလှုပ်ဘဲ သူ့အဖေကို ရှင်းပြလိုက်သည်။ “အဖေ၊ သူက ကျွန်တော့်ရဲ့ဘော့စ်ပါ၊ သူဆို အစ်ကို့ရဲ့အသက်ကို ကယ်နိုင်တယ်။” ဖန်းကျီရွေ့ကတော့ ကုနင်းကို ယုံကြည်ထားသည်။
လူကြီးမင်းဖန်းဘက်က ဘာမှဆက်မပြောတော့သော်လည်း ကုနင်းလုပ်နိုင်မည်ဟုတော့ မယုံကြည်သေးပေ။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူတို့လဲ လုပ်နိုင်တာ ဘာမှ,မှမရှိဘဲ။
ခွဲစိတ်ခန်းထဲမှ သူနာပြုများနှင့်ဆရာဝန်များမှာ ရုတ်တရက်ကြီး ကုနင်းရောက်လာတာကြောင့် အံ့ဩသွားကြသည်။
“မင်းဘယ်သူလဲ? အခုချက်ချင်းထွက်သွား!” အမျိုးသားဆရာဝန်တစ်ဦးက ကုနင်းကိုအော်လိုက်သည်။