← Chapters

အခန်း (၈၂၁-၈၂၅)

Vol. 55 Ch. 821-825

အခန်း (၈၂၁-၈၂၅)

Vol. 55 Ch. 821-825

အခန်း ၈၂၁ ဖန်ကျီရွေ့၏အစ်ကိုအား ကယ်တင်ခြင်း

ကုနင်း ချက်ချင်းပင် သူမကိုတားဖို့လုပ်နေသည့်ဆရာဝန်အား အနားကပ်မလာနိုင်စေရန် သူမ၏မမြင်ရသည့်စိတ်စွမ်းအားဖြင့် ဟန့်တားထားလိုက်တာကြောင့် ဆရာဝန်မျာ တခဏမျှ အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

အမျိုးသားဆရာဝန်က ကုနင်းကို မတားနိုင်သည်ကိုတွေ့ရတော့ နောက်ထပ်ဆရာဝန်တစ်ယောက်ကလဲ ရှေ့သို့တက်လာကြပေမည့် ကုနင်းအနားနီးလေ သူတို့အပေါ်သို့ ကြီးမားလေးလံသည့် ကျောက်တုံးကြီးပိကျလာသလို ခံစားရလေပင်။

နှစ်ယောက်သားမှာ ကောင်မလေး၏မမြင်နိုင်သည့်ဖိအားများကြောင့် ထိတ်လန့်လာကာ အသက်ရှူတောင် ရပ်တော့မလိုခံစားနေရသည်။

“သူ့ကို မသေစေချင်ရင် ပါးစပ်ပိတ်ထားကြ။” ကုနင်း သူနာပြုများနှင့်ဆရာဝန်များကို ခြောက်လှန့်လိုက်ကာ ခွဲစိတ်ကုတင်ပေါ်တွင် ဒဏ်ရာနှင့်လှဲနေသည့် အမျိုးသားထံသို့ဆက်လျှောက်သွားသည်။ သတိမပြုမိလိုက်သည့်အချိန်တွင်ပဲ ကုနင်း၏လက်ဖဝါးပေါ်တွင် စိတ်စွမ်းအင်သလင်းကျောက်တစ်လုံးက ရောက်နေပြီဖြစ်ကာ ဒဏ်ရာနှင့်လူကို ကူကာ ဆေးကိုတိုက်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ထိုသူ၏နဖူးကို သူမလက်ချောင်းများဖြင့်ဖိလိုက်ကာ စွမ်းအင်များကို တိတ်တဆိတ် ထည့်သွင်းပေးလိုက်သည်။ တခြားလူများအမြင်တွင်တော့ ဒဏ်ရာရနေသည့်လူကို နှိပ်နယ်ပေးရုံလောက်လို့သာ မြင်ရပေမည်။

“မင်း….”

ဆရာဝန်များနှင့်သူနာပြုများက သူမကို တားဖို့ပြင်လာသည်နှင့် ချက်ချင်းပင် အေးစက်စက်တစ်ချက်ကြည့်ပေးလိုက်တာကြောင့် ကြောက်လန့်တကြားနှင့် ပါးစပ်ပြန်ပိတ်သွားကြသည်။ သို့ပေမည့် ကျူးကျော်သူဖြစ်သည့် ကုနင်းအနားကိုတော့ ချဉ်းကပ်လာနေကြစဲပင်။

“ကြည့်လိုက်၊ သူ့နှလုံးခုန်နှုန်းပြန်တက်လာပြီ!”

ဘာဖြစ်တယ်?

ထိုစကားကြောင့် ဆရာဝန်များနှင့်သူနာပြုများအားလုံး အနားမှ စက်ကိုကြည့်လိုက်ကြသည်။ နှလုံးခုန်နှုန်းပြမျဉ်းကြောင်းလေးက ပုံမှန်အနေအထားရောက်လုနီးနီးပင် ပြန်လည်မြင်တက်လာသည်ကို မြင်လိုက်ရတာကြောင့် အားလုံးအံ့ဩသွားကာ ကုနင်းကို ဘယ်သူမှတားဖို့မကြိုးစားရဲကြတော့ပေ။

“အခုပဲ ခွဲစိတ်မှုကို အပြီးသတ်လိုက်ကြတော့!” ကုနင်း အားလုံး၏အာရုံကို ပြန်ဆွဲယူလိုက်သည်။ တခြားလူများ၏သံသယကို တိုးပွားစေနိုင်တာကြောင့် ဤလူ၏ဒဏ်ရာကို လုံးဝပျောက်ကင်းသွားသည်အထိ သူမမကုသပေးနိုင်ပေ။

ချက်ချင်းဆိုသလိုပင် ဆရာဝန်များစွာက ခွဲစိတ်မှုကို ဆက်လက်လုပ်ဆောင်ကြသည်။ ဒဏ်ရာမှသွေးယိုစိမ့်နေမှုမှာ ရပ်တန့်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၍ အားလုံးမယုံနိုင်အောင်ဖြစ်နေကြသည်။

ဒဏ်ရာရနေသည့်လူ အသက်အန္တရာယ်ရှိသည့်အခြေအနေမှ ကျော်လွှားသွားနိုင်သည်နှင့် ကုနင်း သူမလက်များကို ပြန်ဖယ်လိုက်သည်။ သို့ပေမည့် ချက်ချင်းတော့ ပြန်ထွက်မသွားသေးဘဲ လိုအပ်က ကူညီနိုင်စေရန် စောင့်ဆိုင်းနေသည်။

သို့ပေမည့် ခွဲခန်းအပြင်ဘက်ရှိ ဖန်းကျီရွေ့တို့မိသားစုသည်တော့ စိုးရိမ်ပူပန်နေကြကာ ဖန်းကတော်က စတင်မေးလိုက်သည်။ “ကျီရွေ့၊ သူ တကယ်ပဲကူညီနိုင်မယ်ဆိုတာ သေချာရဲ့လား?”

“သူအထဲမှာ ကြာကြာဆက်နေလို့လဲ မကောင်းတဲ့ကိစ္စဖြစ်လာမယ်လို့တော့ မထင်ဘူး။” လူကြီးမင်းဖန်းကသာ ပြန်ဖြေလိုက်သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင်တော့ ခွဲစိတ်မှုပြီးစီးသွားကာ ဆရာဝန်များလဲ စတင်ကာ ချုပ်ရိုးကိုအပြီးသတ်လိုက်ကြသည်။

ခဏအကြာတွင်တော့ ခွဲစိတ်ခန်းတံခါးက တစ်ဖန်ပြန်ပွင့်လာခဲ့ပြသည်။ ဖန်းကျီရွေ့တို့ မိသားစုလဲ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ဆရာဝန်အား ထပ်မေးလိုက်ပြန်သည်။ “သူဘယ်လိုအခြေအနေရှိလဲ?”

“ခွဲစိတ်မှု လုံးဝအောင်မြင်သွားပါပြီ၊ တကယ်ကိုမယုံနိုင်စရာအဖြစ်အပျက်ပါပဲ။”

“ဘာပြောတယ်? အောင်မြင်သွားပြီပေါ့?” ဖန်မိသားစုမှာ စိတ်လှုပ်ရှားကာ ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် ကျလာကြသည်။

ထို့နောက်တွင်တော့ ကုနင်းလဲ ထွက်လာကာ ဖန်မိသားစုက သူမကိုထပ်ခါတလဲလဲကျေးဇူးတင်စကားပြောတော့သည်။ “ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု! မင်းငါတို့မိသားစုကို လုပ်ပေးခဲ့တာအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။”

ဖန်းကတော်ဆိုလျှင် ဒူးပင်ထောက်ကာ ကျေးဇူးတင်မလိုလုပ်နေတာကြောင့် ကုနင်း တားလိုက်ရသည်။

“ဘော့စ်၊ ငါ မင်းကိုဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းတောင်မသိတော့ဘူး။” ဖန်းကျီရွေ့ကလဲ လေသံတိုးတိုးဖြင့် ပြောလာသည်။

“ရပါတယ်။” ကုနင်းက ဆေးပုလင်းတစ်လုံးကိုထုတ်လိုက်ကာ၊ “ဒီထဲမှာ ဆေးနှစ်လုံးရှိတယ်။ သုံးရက်တစ်ကြိမ် နင့်အစ်ကို,ကိုတိုက်လိုက်။ သူပြန်ကောင်းလာလိမ့်မယ်။”

“ကျေးဇူးပါ။” ဖန်းကျီရွေ့ ဆေးပုလင်းကို ယူလိုက်ပြီး၊ “ဒါဘယ်လောက်…”

သူ့စကားမဆုံးသေးခင်မှာပဲ ကုနင်းက ကြားဖြတ်လိုက်သည်။ “ငါတို့က သူငယ်ချင်းတွေဆိုမှတော့ နင့်ကို ကူညီပေးရမှာပေါ့၊ ငွေပေးဖို့ မလိုပါဘူး။ ဟုတ်ပြီ၊ ငါသွားလိုက်ဦးမယ်။”

ထို့နောက် ကုနင်း ပြန်ထွက်လာကာ ဖန်းကျီရွေ့ကလဲ သူမနောက်မှလှမ်းအော်လိုက်သည်။ “ဘော့စ်၊ ကျေးဇူးပဲ! မင်း နောက် ငါ့ကိုလိုအပ်ရင် အချိန်မရွေးသာခေါ်လိုက်!”

“ဟုတ်ပြီ၊ ဟုတ်ပြီ။” ကုနင်း နောက်လှည့်မကြည့်နေတော့ဘဲ လက်ဝှေ့ယမ်းကာ ဆက်လျှောက်သွားသည်။

ကုနင်း လမ်းအဆုံးသို့ကွေ့သွားပြီးလျှင်ပြီးချင်းတွင်ပဲ ဆရာဝန်တစ်ယောက်က ဆေးရုံအုပ်နှင့်အတူ အပြေးအလွှားရောက်လာသည်။ သူတို့က လူနာ၏အသက်ကို ကယ်တင်ပေးခဲ့သည့် မိန်းကလေးကို တွေ့ဖို့ လာခဲ့ခြင်းဆိုပေမယ့် နောက်ကျသွားကာ ကုနင်းက ထွက်သွားနှင့်ပေပြီ။

ခွဲစိတ်မှုရလဒ် ရုတ်ချည်းပြောင်းလဲသွားခြင်က သူတို့လို ကျွမ်းကျင်ဆရာဝန်များအတွက် ကသိကအောက်ဖြစ်စရာအနေအထားဆိုပေမည့် သူတို့အားလုံး ကုနင်းဆီမှ သင်ယူလိုနေကြစဲပင်။

ထို့နောက် ဆေးရုံအုပ်က ဖန်းကျီရွေ့ထံမှ ကုနင်း၏ဖုန်းနံပါတ်ကို မေးမြန်းခဲ့ပေမည့် ဖန်းကျီရွေ့က အရင်ဆုံး ကုနင်းဆီမှ ခွင့်ပြုချက်ကိုတောင်းရဦးမည်ဖြစ်တာကြောင့် ပေးဖို့ငြင်းဆန်လိုက်သည်။

ထို့နောက် ဖန်းကျီရွေ့ တစ်ဖက်သို့ထွက်လာကာ ကုနင်းကို ဖုန်းခေါ်လိုက်သည်။

ဖန်းကျီရွေ့ထံမှ ဖုန်းဝင်လာချိန်တွင် ကုနင်းသည် ဆေးရုံထဲမှထွက်လာရုံရှိသေးသည်။ “ဘာဖြစ်လို့လဲ?” ဖန်းကျီရွေ့၏အစ်ကို အသက်အန္တရာယ်ထပ်ရှိပြန်ပြီလားဟု တွေးမိတာကြောင့် ကုနင်းချက်ချင်းပင် ရပ်ကာ ဖုန်းဖြေလိုက်သည်။

“ဘော့စ်၊ ဆေးရုံအုပ်က မင်းရဲ့ဖုန်းနံပါတ်ကို လိုချင်နေတယ်။ ငါသူ့ကိုပေးလိုက်ရမလား?”

ဖန်းကျီရွေ့၏အစ်ကို ကိစ္စမဟုတ်မှန်း သိလိုက်တော့မှ ကုနင်းလဲ စိတ်အေးသွားတော့သည်။ “ဒီဆေးအကြောင်း ငါလဲဘာမှမသိလို့ ငါ့ကို ဆက်သွယ်လဲ မထူးဘူးလို့ ပြန်ပြောလိုက်။ တစ်ယောက်ယောက်က ငါ့ကိုဒီဆေးတွေပေးထားတာ၊ ပြီးတော့ ဆေးဝါးကျွမ်းကျင်တွေလဲ ဒီဆေးကိုစမ်းသပ်ကြည့်ပြီးပြီ၊ ဘာမှထူးထူးခြားခြားရှာမတွေ့သွားကြဘူး။”

“ဟုတ်ပါပြီ။”

ကုနင်းနှင့် ဖုန်းချပြီးနောက် ဖန်းကျီရွေ့က ဆေးရုံအုပ်ကို ကုနင်းပြောသည့်အတိုင်း ပြန်ပြောလိုက်သည်။ ဆေးရုံအုပ်မှာ အလွန်စိတ်ပျက်သွားရပေမည့် အတင်းအကြပ်တော့ မတောင်းဆိုခဲ့ပေ။

……

“အခြေအနေဘယ်လိုလဲ?” ကုနင်း ကားဆီပြန်လာတော့ ချောင်ဝမ်ရှင်းလဲ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“သူ့အစ်ကို အသက်အန္တရာယ်မရှိတော့ပါဘူး။”

“တော်သေးတာပေါ့။”

“နင် ဒဏ်ကြေးပေးလိုက်ရလား?”

“အွန်း၊ ယွမ်၂ထောင်ပေးလိုက်ရတယ်။” ချောင်ဝမ်ရှင်း အရေးမစိုက်ဟန်ဖြင့်သာ ပြန်ဖြေလိုက်သည်။ တကယ်တော့ သူမ၏နောက်ခံကိုသာ ထုတ်ပြောလိုက်လျှင် ဘယ်သူကမှ သူမဆီမှ ဒဏ်ကြေးတောင်းရဲမှာမဟုတ်ပေမည့် ထိုသို့လုပ်ရပ်မျိုးကို သူမကိုယ်တိုင်က သဘောမကျပေ။

“ငါတို့ အခုဘယ်ဆက်သွားကြမလဲ?” ချောင်ဝမ်ရှင်းမေးလိုက်သည်။

“အိမ်မပြန်ခင် ညနေစာဝင်စားကြတာပေါ့!”

***

အခန်း ၈၂၂ ကျီပိုင်ယင်းနဲ့ထပ်တွေ့ပြန်ပြီ

“နင် ဘာစားချင်လဲ?”

“ပင်လယ်စာ စားတာပေါ့။” ကုနင်း ပင်လယ်စာမစားရသည်မှာ အတော်ကြာပြီဖြစ်၍ အရမ်းကိုတမ်းတနေမိသည်။

“ကုန်သွယ်ရေးလမ်းမှာ ပင်လယ်စာဆိုင်သစ်ဖွင့်ထားတယ်လို့ ငါ့သူငယ်ချင်းပြောတယ်၊ နာမည်ကြီးတယ်တဲ့။ သွားစားကြည့်ကြမလား?”

“ကောင်းတာပေါ့။”

ထို့နောက် ကုနင်း ချောင်ယကို ဖုန်းလှမ်းဆက်လိုက်သည်။

သူမ ခွဲစိတ်ခန်းထဲတွင်ရှိနေစဉ်က ချောင်ယ ဖုန်းဆက်လာသေးပေမည့် ဖုန်းကိုင်ဖို့ အဆင်မပြေခဲ့ပေ။ တကယ်တော့ ချောင်ယက ဖုန်းဆက်မရကတည်းက သူမကို စာသာ ပို့ထားလိုက်ပြီးဖြစ်သည်။ ကုနင်း၏ကားက ပြင်ပြီးသွားပြီဖြစ်ကာ ချောင်ယက ကောင်းယိကို လေဆိပ်တွင်သွားကြိုနေခြင်းဖြစ်သည်။ ဒါကြောင့် ကုနင်းလဲ သူတို့ကိုပါ သူမတို့နှင့်အတူ ညနေစာလာစားရန်ခေါ်လိုက်သည်။

ဒီနေ့ကတော့ တော်တော်လေးအလုပ်များသွားသည့် နေ့တစ်နေ့ပဲ၊ ကုနင်း ကုန်သွယ်ရေးလမ်းသို့ မရောက်ခင်မှာပဲ နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာပြန်ကာ ဒီတစ်ခါတော့ ချီထျန်းလင် ခေါ်ဆိုခြင်းဖြစ်သည်။

“မင်းမှာ ဆေးလုံးတွေထပ်ရှိသေးလား? ငါလိုချင်တယ်။” တစ်ဖက်မှ ချီထျန်းလင်၏ အထက်စီးဆန်ဆန် မေးမြန်းသံ ထွက်ပေါ်လို့လာသည်။

အခုဆိုလျှင် သူတို့ချင်း ရင်းနှီးနေကြပြီဖြစ်တာကြောင့် ကုနင်းလဲ သူ့ပြောပုံဆိုပုံနှင့်ပတ်သတ်၍ စိတ်ထဲမထားတော့ပေ။

“ဘယ်နှလုံးလောက်လိုချင်တာလဲ?” ကုနင်း ပြန်မေးလိုက်သည်။

“များလေ ကောင်းလေပဲ။” ချီထျန်းလင်သည် ကုနင်းအရင်ပေးထားသည့် ဆေးလုံးများကို သူ၏ရင်းနှီးသောညီအစ်ကိုများနှင့် ဝေမျှခဲ့တာကြောင့် ကုန်သွားခဲ့သည်။ ချီထျန်းလင်သည် မာနကြီးကာ ရက်စက်တတ်ပေမည့် ခေါင်းဆောင်ကောင်းတစ်ယောက်တော့ ဖြစ်နေစဲပင်။ ထို့အပြင် သူ့တွင် ရဲဘော်ရဲဘက်များစွာရှိသေးသည်။ သူတစ်ယောက်တည်းနဲ့တော့ ကီရင်းဂိုဏ်းကြီးတစ်ခုလုံးကို မစီမံနိုင်ပေ။

“ငါ့မှာအများကြီးမရှိဘူး၊ အလုံး၂၀ပဲ ပေးနိုင်မယ်။ ပုံမှန်အတိုင်း တစ်လုံးကို ယွမ်၁သန်းပဲ။”

ဆေးဈေးနှုန်းကြောင့် ချောင်ဝမ်ရှင်း အလွန်အံ့ဩသွားတော့သည်။ ဒီဆေးက တကယ်ကိုမယုံနိုင်လောက်အောင် ဆေးစွမ်းထက်တယ်ဆိုပေမယ့် အရမ်းဈေးကြီးလွန်းတာပဲ! ချမ်းသာတဲ့လူတွေပဲ ဒီဆေးကိုဝယ်နိုင်လိမ့်မယ်။

ကုနင်းသည် ချမ်းသာသည့်ဝယ်သူများအတွက်ဆိုလျှင်သာ ဆေးဈေးနှုန်းကို တိုးမြှင့်ထားပြီး လိုအပ်လာလျှင် အလကားတောင်ပေးတတ်သည်ကိုတော့ ချောင်ဝမ်ရှင်းမသိပေ။

“မင်း မြေကမ္ဘာကလပ်ကနေ ငွေတွေဒီလောက်အများကြီး နိုင်ထားပြီးနေပြီလေ၊ ဒါတောင် ယွမ်သန်း၂၀က လိုနေတုန်းလား?” ချီထျန်းလင် မျက်မှောင်ကြုတ်သွားသည်။ ငွေပမာဏကို သူဂရုမစိုက်သော်လည်း ကုနင်းက သူ့ပိုင်နက်ကနေပြီး အချိန်တိုလေးအတွင်း ငွေအမြောက်အမြားနိုင်သွားတာကတော့ သူ့အတွက် ကြေကွဲစရာကောင်းလှသည်။

“ငါနဲ့ထိုက်လို့ရတာလေ။” ကုနင်း ယုံကြည်ချက်အပြည့်နှင့်ပြန်ပြောလိုက်သည်။

“ထားပါ၊ ငါအခု မြေကမ္ဘာကလပ်မှာ။ မင်းဘယ်အချိန်လာနိုင်လဲ?” ချီထျန်းလင်အသံက သိပ်အကြာကြီး မစောင့်နိုင်တော့သလိုပင်။

“၇နာရီဝန်းကျင်လောက်ပေါ့။”

နှုတ်ဆက်စကားလေးတောင်မပြောဘဲ ချီထျန်းလင်ဘက်ကအရင် ကုနင်းကို ဖုန်းချသွားသည်။ ကုနင်း၏နှုတ်ခမ်းစွန်းများ မြင့်တက်သွားကာ ဖုန်းကိုအိတ်ကပ်ထဲသာ ပြန်ထည့်ထားလိုက်တော့သည်။

“နင်းနင်း၊ နင် ချီထျန်းလင်နဲ့ ရင်းရင်းနှီးနှီးရှိတာ အဆင်ရောပြေရဲ့လား?” ချောင်ဝမ်ရှင်း စိုးရိမ်နေမိသည်။ မြေကမ္ဘာကလပ်မှာ သူမကြုံခဲ့ရသည့်ကိစ္စကို အခုထိ အမှတ်ရနေတုန်းပင်။

“စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ်။”

ကုနင်းကို ချောင်ဝမ်ရှင်း ယုံကြည်တာကြောင့် ဘာမှထပ်မပြောတော့ပေ။

မကြာခင်မှာပဲ နှစ်ဦးသား ကုန်သွယ်ရေးလမ်းသို့ရောက်လာကြကာ ပင်လယ်စာဆိုင်က လူပင်ပြည့်နေပြီကို တွေ့လိုက်ရသည်။ အခုမှ ၅နာရီခွဲရုံသာရှိသေးကာ ညစာစားဖို့စောနေသေးတာကြောင့် သူတို့အတွက် စားပွဲအလွတ်တစ်နေရာတော့ ရှာတွေ့နိုင်လောက်သည်။ ကုနင်း သီးသန့်ခန်းတစ်ခန်းကိုမှာလိုက်ကာ ဟင်းပွဲများမမှာခင် အခန်းနံပါတ်ကို ချောင်ယထံသို့ပို့ပေးလိုက်သည်။

၁၀မိနစ်ကျော်မျှကြာပြီးနောက်တွင်တော့ ချောင်ယနှင့်ကောင်းယိတို့ အခန်းထဲဝင်လာကြသည်။

“ဟိုင်း၊ လေဒီနင်း၊ မိန်းကလေးချောင်။” ကောင်းယိနှင့်ချောင်ယတို့ လေးလေးစားစားပင် နှုတ်ဆက်ခဲ့ကြသည်။

“ထိုင်ကြလေ!”

ညစာစားပြီးနောက် ည၇နာရီပင်ထိုးခါနီးပြီဖြစ်ကာ ချောင်ဝမ်ရှင်းက အိမ်ပြန်သွားခဲ့ပြီး ကုနင်းတို့သုံးယောက်အဖွဲ့ကတော့ မြေကမ္ဘာကလပ်သို့ ဆက်လက်ဦးတည်ခဲ့သည်။

၇နာရီခွဲလောက်တွင် မြေကမ္ဘာကလပ်ကိုရောက်သွားခဲ့ပေမည့် ကုနင်း ကားပေါ်မှဆင်းဆင်းချင်း ကျီပိုင်ယင်းနှင့်ထပ်မံဆုံတွေ့ခဲ့သည်။

ကျီပိုင်ယင်းသည်လဲ သူမ၏သက်တော်စောင့်များနှင့်အတူ လာခဲ့ခြင်းပင်။

ကုနင်းကို ထပ်မံတွေ့ဆုံလိုက်ရတာကြောင့် ကျီပိုင်ယင်း အံ့ဩသွားရသည်။ ခဏမျှ ကြောင်အနေခဲ့ပြီး မကြာခင်မှာပဲ ယခင်နေ့က ဒေါသများက ပြန်လည်ထွက်ပေါ်လာတော့သည်။ မနေ့ကအဖြစ်အပျက်အတွက် ကုနင်းကို ဘယ်လိုပညာပြန်ပြရမလဲဆိုသည်ကို တွေးတောနေခဲ့ကာ အခုတော့ နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပြန်သည်။

ကုနင်းအနောက်မှ နှစ်ယောက်သည် ကျွမ်းကျင်တိုက်ခိုက်သူများဖြစ်ကြောင်း ကျီပိုင်ယင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သတိထားမိသွားသည်။ သူမနှင့်သူမသက်တော်စောင့်များသည် တိုက်ခိုက်ရာတွင် ကုနင်းကို အနိုင်မယူနိုင်ခဲ့ဘဲ အခုတော့ ကုနင်းတွင် ကူညီမည့်သူနှစ်ယောက်တောင် ထပ်ရှိလာ၍ ကုနင်းကို ပညာပြန်ပြဖို့ ပိုလို့တောင် မဖြစ်နိုင်တော့ပေ။

သူတို့ကြားမှာ ရန်ကြွေးမှာ လေးနက်ပြင်းထန်လွန်းလှသည်မဟုတ်သော်လည်း ကျီပိုင်ယင်းကတော့ လက်မလျှော့လိုသေးပေ။ ကုနင်းကို အနည်းဆုံးတစ်ခေါက်လောက်တော့ အရှက်ရအောင်လုပ်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့သည်။ ထိုအချိန်တွင်ပဲ ကျီပိုင်ယင်း အကြံတစ်ခုရသွားကာ ကုနင်းဆီသို့ချက်ချင်း လျှောက်သွားလိုက်သည်။

“ဟိုင်း၊ မိန်းကလေးကု၊ ငါတို့ နည်းနည်းပါးပါး အပျော်သဘော လောင်းကစားလုပ်ကြမလား?” ကျီပိုင်ယင်းက ရန်စသည့်လေသံဖြင့် မေးလိုက်သည်။

“အိုး၊ ဘယ်များကစားချင်တာလဲ?”

“စစ်ပေါ်ကစားကြရင်ကော?” ကျီပိုင်ယင်းသည် စစ်ပေါ်ကစားနည်းတွင် တော်ကာ အရင်တုန်းကလဲ ထိုကစားနည်းဖြင့် ကာဆီနိုတစ်ခုတွင် ငွေများစွာအနိုင်ရခဲ့ဖူးတာကြောင့် အတော်လေးယုံကြည်ချက်ရှိနေသည်။

“ကိစ္စမရှိပါဘူး။” ကုနင်းသဘောတူလိုက်သည်။ တခြားကစားနည်းတစ်မျိုးသာဆိုလျှင် သူမတုံ့ဆိုင်းနေမိမှာဆိုသော်လည်း စစ်ပေါ်ကတော့ သူမ၏ကျောက်စိမ်းမျက်ဝန်းအကူအညီဖြင့်ဆိုလျှင် အလွန်လွယ်ကူလွန်းလှသည်။

“ကစားပွဲမစခင် အရင်ဆုံးလောင်းကြေးအကြောင်းပြောထားတာ ပိုကောင်းမယ်။ မင်းဘယ်လောက်လောင်းချင်လဲ?” ကုနင်းမေးလိုက်သည်။

“မိန်းကလေးကုက ယွမ်သန်း၂၀ကျော်တန်ကားကိုတောင် စီးနိုင်တယ်ဆိုမှတော့ အရမ်းချမ်းသာမှာပေါ့။ လောင်းကြေးကို ယွမ်၁သန်းထားမယ်လေ၊ ဘယ်လိုလဲ?”

“ကောင်းတာပေါ့။”

ဘာပဲဖြစ်ဖြစ် သူမသာနိုင်မည်ဖြစ်တာကြောင့် လောင်းကြေးပမာဏကို ကုနင်း ဂရုမထားပေ။ ယွမ်၁သန်းသာလောင်းကြေးထပ်သည်ဆိုလျှင်တောင်မှ သူမအခေါက်ရေများစွာ အနိုင်ယူနိုင်သေးသည်။ ဒီကစားပွဲက ကုနင်းအတွက် အနိုင်ရရန် အထူးလွယ်ကူလှပေသည်။

“ခန်းမထဲသွားကြတာပေါ့!” ကျီပိုင်ယင်းက စတင်ဦးဆောင်လိုက်သည်။ ကုနင်းကို အရှက်ခွဲဖို့ စီစဉ်ထားတာကြောင့် သူမကပဲစပြီး ကစားပွဲခန်းမဆီသို့ ခေါ်ဆောင်သွားသည်။

“ကောင်းပြီလေ။” ကုနင်းအတွက် ဘယ်နေရာမှာပဲ ကစားကစား သူမအတွက်အတူတူသာဖြစ်တာကြောင့် စိတ်ထဲမထားပေ။

ထို့နောက် သူတို့အဖွဲ့ ၆လွှာသို့တက်ခဲ့ကြသည်။

***

အခန်း ၈၂၃ ငါထွက်ပြီ

ကုနင်းက တိုကင်တစ်ပြားလျှင် ယွမ်၁သန်းနှင့်ညီသည့် ယွမ်၁၀သန်းဖိုး တိုကင်ပြား၁၀ပြားလဲဖို့ရန် ကောင်းယိကိုခိုင်းလိုက်သည်။ တိုကင်တစ်ပြားလောက်နှင့်ပင် လုံလောက်သော်လည်း သိုသိုသိပ်သိပ်နေချင်သေးသည်။

ကျီပိုင်ယင်းလဲ ပမာဏအတူတူပင် လဲလှယ်လိုက်ပြီးနောက် လောင်းကစားလုပ်ဖို့ အဆင်ပြေမည့် စားပွဲတစ်လုံးကိုရှာလိုက်ကြသည်။ ခန်းမထဲတွင် လောင်းကစားဝိုင်းပေါင်းများစွာရှိပြီး သူတို့လဲ အဆုံးဘက်မှ ဝိုင်းအလွတ်တစ်ခုကို ရွေးလိုက်ကြသည်။

ထို့နောက် ကျီပိုင်ယင်းက ဒိုင်ကိုခေါ်လိုက်ဖို့ မန်တကို ပြောလိုက်သည်။

သူတို့အချင်းချင်း အပြိုင်အဆိုင်လောင်းမှာဖြစ်တာကြောင့် လောင်းကြေးက သူတို့ပေါ်တွင်သာ မူတည်။

“မိန်းကလေးကျီ၊ ဘယ်နှပွဲကစားချင်ပါလဲ?” ကုနင်းမေးလိုက်သည်။

“ငါတို့နှစ်ယောက်လုံး တိုကင်၁၀ပြားစီလဲလာမှတော့ ၁၀ပွဲလုံးပဲ ကစားလိုက်ကြရင်မကောင်းဘူးလား?”

“ကောင်းပြီလေ။”

ထို့နောက် ဒိုင်ကစပြီး အံစာခွက်ကိုခေါက်လိုက်သည်။ အံစာခွက်ကို စားပွဲထက်သို့ချလိုက်ပြီးသည်နှင့် ကျီပိုင်ယင်းနှင့်ကုနင်းတို့ လောင်းကြေးတင်ရမည့်အလှည့်ရောက်သွားပေပြီ။

ကျီပိုင်ယင်းက ပထမဆုံးပွဲတွင် ‘အကြီး’ဟု ခန့်မှန်းလိုက်ပေမည့် ဘယ်နံပါတ်တွေပါမလဲဆိုသည်ကိုတော့ ထည့်မပြောခဲ့ပေ။

သို့ပေမည့် ကုနင်းသည်တော့ အံစာခွက်ထဲတွင် ဖုံးကွယ်ထားသည့် အံစာနံပါတ်တစ်ခုချင်းစီကို မြင်တွေ့နိုင်တာကြောင့် တိကျသည့်နံပါတ်များကို ထုတ်ပြောနိုင်ပေသည်။

အံစာခွက်ထဲမှ ရလဒ်မှာ တကယ်ပဲ ‘အကြီး’ ဖြစ်တာကြောင့် ကျီပိုင်ယင်း သူမငွေများကိုဆုံးရှုံးရမည်မဟုတ်သော်လည်း နိုင်လိမ့်မည်လဲမဟုတ်ပေ။

သို့သော်လည်း ကုနင်းကတော့ သူမလောင်းကြေးကို ‘၁၃’နေရာတွင် တန်းထည့်လိုက်သည်။ အကြောင်းကတော့ အံစာခွက်ထဲမှ အံစာများသည် ၄,၄,၅ ဟု ကျထားခြင်းကို သူမသိနေတာကြောင့်ပင်။

လောင်ကြေးနိုင်နှုန်းများသည်၊ အံစာစုစုပေါင်းတန်ဖိုး ၄ သို့မဟုတ် ၁၇ ကျပါက ၅၀ဆ-၁ဆ၊ ၅ သို့မဟုတ် ၁၆ ကျပါက ၁၈ဆ-၁ဆ၊ ၆ သို့မဟုတ် ၁၅ ကျပါက ၁၄ဆ-၁ဆ၊ ၇ သို့မဟုတ် ၁၄ကျပါက ၁၂ဆ-၁ဆ၊ ၈ သို့မဟုတ် ၁၃ ကျပါက ၈ဆ-၁ဆ၊ ၉,၁၀,၁၁, သို့မဟုတ် ၁၂တို့ကျပါက ၆ဆ-၁ဆ အလျော်ရကြသည်။

ကုနင်းက ‘၁၃’ကို လောင်းထားတာကြောင့် ၈ဆ-၁ဆရမည်ဖြစ်ပြီး ပထမပွဲတွင် ယွမ်၈သန်းအနိုင်ရသွားပေပြီ။

ကုနင်းက တိကျသည့်နံပါတ်မှာတောင် လောင်းကြေးတင်လိုက်သည်ကို မြင်လိုက်ရတာကြောင့် ကျီပိုင်ယင်းတို့အဖွဲ့ အံ့ဩသွားကြတော့သည်။

သူ အထဲက အံစာသံကိုကြားနိုင်နေတာလား?

ဘာပဲဖြစ်ဖြစ် ကျီပိုင်ယင်းကတော့ ကုနင်းနိုင်လိမ့်မည်ဟု မယုံပေ။ အံစာသံကိုကြားနိုင်သည့် လောင်းကစားဘုရင်ဆိုလျှင်တောင်မှ အတိအကျမှန်ကန်အောင် ခန့်မှန်းဖို့ အလွန်တရာခက်ခဲလှပေသည်။

လောင်းကြေးများထပ်ပြီးသည့်နောက် ဒိုင်က အံစာခွက်ကိုဖွင့်လိုက်ကာ အထဲတွင်တော့ ၄,၄,၅ဆိုသည့် စုစုပေါင်း ၁၃ ရသည့်နံပါတ်များ ထွက်ပေါ်လာခဲ့သည်။

စုစုပေါင်းရလဒ်ကိုမြင်ပြီး ကျီပိုင်ယင်းတို့အဖွဲ့ မျက်ပြူးဆန်ပြာဖြစ်ကုန်ကြတော့သည်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ကျီပိုင်ယင်းလဲ ကုနင်းကို တည့်တည့်စိုက်ကြည့်နေသည်။ ကုနင်းတကယ်ပဲ အံစာသံကိုနားထောင်နိုင်နေတာလား ဒါမှမဟုတ် ကံအရမ်းကောင်းသွားရုံပဲလားဆိုသည်ကို သူမစတင်သံသယဝင်လာပေပြီ။

သို့သော်လည်း ကုနင်းကတော့ အေးဆေးတည်ငြိမ်နေကာ သူမအနိုင်ရရှိခြင်းက ကံအပေါ်မူတည်ထားခြင်းမဟုတ်ဟု ထင်ရစေသည်။

ကျီပိုင်ယင်းတို့အဖွဲ့မဆိုထားနှင့် ဒိုင်,ကောင်းယိနှင့်ချောင်ယပင်လျှင် အလွန်အံ့အားသင့်နေကြသည်။

ကောင်းယိနှင့်ချောင်ယတို့ကတော့ ကုနင်း၏ မယုံနိုင်စရာအရည်အချင်းများစွာကို ကြုံတွေ့ဖူးနေကျဖြစ်တာကြောင့် မကြာခင်တွင်ပဲ အလန့်ပြေသွားကြသည်။ ထို့အပြင် ကုနင်းက သူမမကိုင်တွယ်နိုင်သည့်အရာတစ်ခုကို ဘယ်တော့မှ လုပ်ဆောင်မည့်သူမဟုတ်ပေ။ သူမ စစ်ပေါ်ကစားနည်းကို ကစားဖို့လက်ခံလိုက်တယ်ဆိုမှတော့ သူမအနိုင်ရမည်ဟု ယုံကြည်ချက်အလွန်ရှိထားပေလိမ့်မည်။

“မိန်းကလေးကျီ၊ စုစုပေါင်းရလဒ် ၁၃ဆိုရင် ၈ဆ-၁ဆရမှာဆိုပေမယ့် မင်းလဲ ခန့်မှန်းတာမှန်ခဲ့တယ်ဆိုတော့ ၁ဆ-၁ဆရမှာပဲ။ မင်းနိုင်မယ့် ယွမ်၁သန်းကိုနှုတ်လိုက်မယ်ဆိုရင်တောင်မှ မင်းငါ့ကို နောက်ထပ်ယွမ်၇သန်းထပ်ပေးရဦမယ်နော်။” ကုနင်း အပြုံးလေးဖြင့် သတိပေးလိုက်သည်။

ကျီပိုင်ယင်း မကျေမနပ်ဖြစ်သွားပေမည့် ကုနင်းကို တိုကင်၇ပြားပေးလိုက်စဲပင်။ ဒါကြောင့် အခုချိန်တွင် သူမလက်ထဲ၌ တိုကင်၃ပြားသာ ကျန်ရစ်တော့သည်။

တစ်ချိန်တည်းတွင်ပဲ ကျီပိုင်ယင်း လန့်လာမိသည်။ သူမထပ်ရှုံးသွားမည်ကို စိုးရွံ့လို့လာသည်။ ငွေဆုံးရှုံးတာကို သူမဂရုမစိုက်ပေမည့် သူမမျက်နှာပျက်ရမှာကိုတော့ ဂရုစိုက်သည်။ နောက်တစ်ပွဲကိုတော့ သူမပိုပြီးသတိတကြီးထားသင့်ပြီ!

မကြာခင်တွင်ပဲ ဒုတိယပွဲစတင်ကာ ဒိုင်က အံစာခွက်ကို တစ်ဖန်လှုပ်ရမ်းလိုက်ပြန်သည်။

ပွဲစတော့မည်ကိုတွေ့ရတော့ ခန်းမထဲမှ တခြားသူများလဲ ဝိုင်းအနားသို့ရောက်လာကြကာ အချို့ကတော့ သူတို့ပါ ဝင်ကစားလိုကြပေမည့် ဒိုင်က တားမြစ်လိုက်ပြီး ထိုနှစ်ဦးက ပြိုင်ပွဲလုပ်နေတာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထိုစကားကြောင့် မပါဝင်လိုက်ရသည့်လူများက စိတ်မတိုသွားကြသည့်အပြင် ကစားပွဲကိုပိုလို့တောင် စိတ်ဝင်တစား အာရုံစိုက်ကြည့်ရှုလာကြသည်။

အံစာခွက်ကို စားပွဲပေါ်ပြန်ချလိုက်သည်နှင့် ကျီပိုင်ယင်းနှင့်ကုနင်းလဲ လောင်းကြေးများစတင်ထည့်ကြသည်။

ကျီပိုင်ယင်းက သူမ၏လောင်းကြေးကို ‘ကြိုက်ရာသုံးခုတူ’ လောင်းလိုက်ကာ ၃-၁ဆရမည်ဖြစ်သည်။

သို့ပေမည့် ကုနင်းကတော့ ‘အားလုံး’ကို လောင်းခဲ့ကာ ၂၄-၁ဆရမည်ဖြစ်သည်။

‘အားလုံး’သည် ‘ကြိုက်ရာသုံးခုတူ’၏အမျိုးအစားတစ်ခုဖြစ်သော်လည်း လောင်းသူဘက်က တိကျသည့်နံပါတ်ကို ထည့်ပြောဖို့လိုသည်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် အံစာခွက်ထဲတွင် ၃,၃,၃ နံပါတ်များရှိထားသည်ကို တွေ့လိုက်ရသည်။

ကုနင်း၏လောင်းပုံကိုမြင်ရတော့ ကျီပိုင်ယင်းပိုလို့ပင် စိုးရိမ်ပူပန်လာတော့သည်။ ကုနင်း နံပါတ်အတိအကျမှန်လိမ့်မည်မဟုတ်ဟု သူမအတင်းအကြပ်ယုံကြည်ထားပေမည့် ပထမပွဲရလဒ်ကြောင့် စိုးရိမ်နေပြီဖြစ်သည်။

အနားရှိ လောင်းကစားသမားများသည်လဲ အံ့ဩသွားပေမည့် ကုနင်း၏ဆုံးဖြတ်ချက်ကို အထင်သေးသည့်အမူအရာများ ထုတ်ပြကြသည်။

“ဒီကောင်မလေး တော်တော်ရဲတာပဲ။ ‘အားလုံး’တောင် လောင်းရဲသေးတယ်။”

“အဲ့ဒါက ၂၄-၁ဆမဟုတ်လား၊ သူသာ နိုင်သွားရင်တော့ ပွပေါက်ပဲ!”

“သူနိုင်လိမ့်မှာမဟုတ်ပါဘူး။”

………

ဒိုင်က အံစာခွက်ကိုဖွင့်လိုက်ချိန်တွင် ကုနင်းလောင်းထားသလိုပဲ နံပါတ်၃‘အားလုံး’ ပေါ်လာခဲ့သည်။

“ဘုရားရေ၊ သူထပ်နိုင်ပြန်ပြီ!”

“၂၄-၁ဆ ရမှာမဟုတ်လား၊ ဒီတော့ သူက ၂၄သန်း ဟိုဘက်ကကောင်မလေးကတော့ ၃သန်းရမှာပေါ့။ ၂၄အနုတ်၃ ၂၁ဆိုတော့ ပြောရရင် သူ ၂၁သန်းတောင်နိုင်တာပေါ့!”

“အများကြီးပဲ!”

“ငါလဲ အဲ့လောက်အများကြီး နိုင်ဖူးချင်လိုက်တာ။”

…….

ကျီပိုင်ယင်း ထပ်ပြီး ထိတ်လန့်သွားပြန်ကာ မယုံကြည်နိုင်စွာကြည့်နေမိသည်။ ကုနင်း ဒုတိယပွဲလဲ နိုင်သွားပြန်ပြီလား!

ဒုတိယပွဲပြီးသည့်နောက် ကုနင်းသည် ကံကောင်းတာမဟုတ်ဘဲ တကယ်အရည်အချင်းရှိတာကြောင့်ဟု ထူးဆန်းသည့်ခံစားချက်တစ်မျိုး ကျီပိုင်ယင်းခံစားလိုက်ရသည်။

ကျီပိုင်ယင်း အရှုံးမပေးလိုက်ချင်သော်လည်း သူမသာ ဆက်ကစားနေလျှင် ထပ်ပြီးပဲရှုံးနေမည်မှန်း သိပေသည်။ ခဏလောက် စိတ်ထဲလွန်စွဲနေပြီးနောက် အရှုံးပေးလိုက်ဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။

“ငါထွက်ပြီ။” “မန်တ၊ သွားပြီး ယွမ်သန်း၂၀ဖိုး တိုကင်လဲလိုက်။”

ကျီပိုင်ယင်း ရှုံးသွားပေမည့် ငြင်းဆန်ဖို့ စိတ်ကူးမရှိပေ။

ကုနင်းလဲ ဆက်ပြီးမကစားတော့ပေ။ ယွမ်၂၈သန်းဆိုတာက ဆိုးလှတဲ့ရလဒ်မှမဟုတ်ဘဲ။

အခုတော့ ကုနင်းသည် လောင်းကစားလုပ်ရာတွင် မယုံနိုင်လောက်အောင် တော်ကြောင်း ကျီပိုင်ယင်း လက်ခံသွားပေပြီ။

ချီထျန်းလင်မှာ တစ်ချိန်လုံး ကုနင်းကို စောင့်နေခဲ့ပေမည့် ၈နာရီထိုးခါနီးတွင်တော့ စိတ်မရှည်တော့ဘဲ ကုနင်းကို ဖုန်းဆက်တော့သည်။

မန်တ တိုကင်ပြားများသွားလဲနေချိန်မှာပဲ ကုနင်းထံသို့ ချီထျန်းလင်ဆီမှဖုန်းဝင်လာခဲ့လေသည်။

***

အခန်း ၈၂၄ သူက လူသားရောဟုတ်ရဲ့လား?

ကုနင်း ဖုန်းပြန်ဖြေလိုက်သည်နှင့် ချီထျန်းလင်လဲ ဖုန်းတစ်ဖက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။ ကုနင်း ပျော်ပါးကစားနေရင်း သူနှင့်ချိန်းထားသည်ကို မေ့သွားတာဖြစ်လိမ့်မည်ဟု ချီထျန်းလင် တွေးမိလိုက်တာကြောင့် စိတ်တိုစွာဖြင့် မေးလိုက်တော့သည်။ “မင်းအခုဘယ်မှာလဲ? မင်းပြောတော့ ၇နာရီဆို? အခုပဲ ၈နာရီတောင် ထိုးခါနီးနေပြီ။”

“ငါအခု ၆လွှာက ခန်းမထဲမှာ။ နင် ဘယ်မှာလဲ?”

ကုနင်း ၆လွှာကိုတောင် ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရတော့ ချီထျန်းလင် အနည်းငယ်ပြန်ပြီးစိတ်ရွှင်သွားသည်။ “အပေါ်ဆုံးထပ်က ငါ့ရှုံးခန်းထဲမှာ။ မန်နေဂျာက လမ်းပြပေးလိမ့်မယ်။” ထို့နောက် သူ့ဘက်ကပဲ စပြီး ကုနင်းကို ဖုန်းချလိုက်ပြန်သည်။

ကုနင်း မတတ်သာစွာ မျက်ဆံလှည့်လိုက်မိသည်။ မသိရင် သူမကပဲ သူ့အကူအညီကို တောင်းခံနေသလိုလို။

မန်တပြန်ရောက်လာသည်နှင့် ကုနင်းကို ယွမ်၁သန်းတန် တိုကင်၂၁ပြားပေးခဲ့သည်။

ထို့နောက် မန်နေဂျာလုလဲရောက်လာကာ ကုနင်းကို ရိုရိုသေသေပင်နှုတ်ဆက်စကားဆိုသည်။ “မိန်းကလေးကု၊ ငါတို့ သွားကြတော့မလား?”

“သွားတာပေါ့။” ကုနင်း ပြန်ဖြေလိုက်ကာ မန်နေဂျာလုနောက်မှ လိုက်သွားသည်။

ခန်းမထဲမှ တခြားသောလူများကတော့ ထိုကောင်မလေးက မန်နေဂျာလုနှင့်သိနေတာကြောင့် အလွန်အံ့အားသင့်နေကြသည်။

လောင်းကစားသမားတစ်ယောက်က မန်နေဂျာလုနှင့်သိနေခြင်းသည် ပုံမှန်မဟုတ်တာတော့မဟုတ်ပေ။ တကယ်တော့ လာနေကျဖောက်သည်များအားလုံးကတော့ မန်နေဂျာလုကိုသိထားပေမည့် မန်နေဂျာလုက မိန်းမငယ်လေးတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်ကိုမြင်ရသည်ကတော့ ပထမဆုံးအကြိမ်ပင်။

ကျီပိုင်ယင်းလဲ အံ့အားသင့်သွားသည်။ သူမလဲ ဓါတ်လှေကားဘက်သို့ ဦးတည်လာခဲ့ပေမည့် ကုနင်းနောက်လိုက်လာခြင်းမဟုတ်ဘဲ သူမတို့လဲ သွားစရာရှိတာကြောင့်ပင်။

ကျီပိုင်ယင်းလဲ အပေါ်ထပ်သို့တက်မည်ဖြစ်ပေမည့် ကုနင်းနှင့်အတူတူ မစီးချင်တာကြောင့် နောက်ဓါတ်လှေကားကိုစောင့်နေခဲ့သည်။

ချီထျန်းလင်၏ရုံးခန်းသို့ ကုနင်းရောက်ချိန်တွင် ထိုလူက အရင်လို ဆိုဖာပေါ်တွင် ပျင်းပျင်းရိရိနှင့် ခြေချိတ်ကာထိုင်နေစဲပင်။ အနက်ရောင်ကိုယ်ကျပ်ဘောင်းဘီရှည်က ချီထျန်းလင်၏ ရှည်လျားကာ သန်မာသည့် ခြေထောက်များကို ထင်းထွက်နေစေကာ အပေါ်ရှပ်အင်္ကျီကိုလဲ ကြယ်သီးနှစ်လုံးလောက် ဖြုတ်ဝတ်ထားပေသည်။ ချီထျန်းလင်၏ လှပသည့်အသွင်အပြင်များစုစည်းထားပုံက ခန့်ညားလှကာ ဆွဲဆောင်မှုတစ်မျိုးရှိလှသည်။

ကုနင်းဝင်လာသည်ကို မြင်တော့ သူ၏ပုံမှန်မောက်မာသည့်အမူအရာဖြင့်ပင် တစ်ချက်မျှလှမ်းကြည့်ပြီး ရန်လိုနေပုံတော့မပေါ်ဘဲ အတင်းမိုက်ချင်ယောင်ဆောင်နေသည့် ကောင်ငယ်လေးနှင့်ပိုတူနေသည်။ “မင်းတော်တော်အချိန်မလေးစားတာပဲ။” ထေ့ငေါ့ကာပြောလိုက်သည်။

“ဟုတ်တယ်လေ၊ ငါကအမြဲအချိန်ကို မလေးစားဘူး။” ကုနင်းက ချီထျန်းလင်၏ ထေ့ငေါ့စကားကို လျစ်လျူရှုကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး နောက်မှ ကောင်းယိနှင့်ချောင်ယတို့က ရပ်ပေးနေသည်။ ဒါကပဲ သူမ၏သက်တော်စောင့်များဖြစ်ကြောင်း သိသာလှသည့်ပုံဖော်မှုပင်။

ချီထျန်းလင် ထိုနှစ်ယောက်ကို တစ်ချက်ကြည့်ရုံနှင့် သာမာန်သက်တော်စောင့်များမဟုတ်ဘဲ ကျွမ်းကျင်လူသတ်သမားများဖြစ်ကြောင်း အာရုံခံစားမိလိုက်သည်။

“ဘာလဲ? ကိုယ့်ဧည့်သည်ကို လက်ဖက်ရည်လေးတစ်ခွက်နဲ့တောင် ဧည့်မခံနိုင်ဘူးလား?”

“ခဏလေးစောင့်ပါ၊ မိန်းကလေးကု။” ယွီဟောက်က ချက်ချင်းပင် ကုနင်းအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးနေကာ သူ့ဘော့စ်က အခုထိ သူ့ကိုဘာမှမပြောရသေးကြောင်းပင် သတိမရခဲ့ပေ။

တကယ်တော့ ချီထျန်းလင်လဲ ထိုကိစ္စကို စိတ်ထဲထည့်သည့်သူမဟုတ်ပေ။

ကုနင်း အလျင်စလို ဆေးများကို မထုတ်ပေးဘဲ လောလောဆယ်ရေဆာနေတာကြောင့် အရင်ဆုံး လက်ဖက်ရည်သောက်ဖို့သာ ပြင်လိုက်သည်။

ထိုအချိန်တွင်ပဲ တစ်ယောက်ယောက် တံခါးခေါက်လာသည့်အသံက ထွက်ပေါ်လို့လာသည်။

ချီထျန်းလင်က ချန်းဟွာကိုကြည့်ကာ တံခါးဖွင့်ပေးဖို့ အချက်ပြလိုက်သည်။

သာမာန်လူများကတော့ အပေါ်ထပ်သို့တက်လာကာ သူ့ရုံးခန်းတံခါးကို ခေါက်ရဲလိမ့်မည်မဟုတ်ပေ။ လာရောက်နိုင်သည့်သူကတော့ ပုံမှန်ဆိုလျှင် မန်နေဂျာလုဖြစ်ကာ တခြား သူ့ခွင့်ပြုချက်ရထားသည့် တစ်ယောက်ယောက်လဲဖြစ်နိုင်သည်။

တံခါးပွင့်သွားသည်နှင့် ကျီပိုင်ယင်းနှင့်သူမသက်တော်စောင့်နှစ်ယောက်ကို မြင်လိုက်ရတာကြောင့် ကုနင်းအံ့ဩသွားရသည်။

ကျီပိုင်ယင်းသည်လဲ ကုနင်းက ချီထျန်းလင်နှင့်အတူ လက်ဖက်ရည်အေးအေးဆေးဆေးသောက်နေသည့် မြင်ကွင်းကြောင့် အံ့ဩသွားတော့သည်။ “နင်ဘာလို့ ဒီရောက်နေတာလဲ?”

“ငါက ဘာလို့ ဒီမလာနိုင်ရမှာလဲ?” ကုနင်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် မသိနားမလည်သလိုပြန်မေးလိုက်သည်။

ကျီပိုင်ယင်းမှာတော့ ရုတ်တရက် ကြောင်အသွားတော့သည်။

တစ်ဖက်က ချီထျန်းလင်သည်လဲ ထိုနှစ်ယောက်ကို အပြန်ပြန်အလှန်လှန် ကြည့်လို့နေသည်။ ဒီနှစ်ယောက် သိနေကြတာလား? သိပ်တော့ အဆင်ပြေကြပုံမရဘူး။ ကျီပိုင်ယင်းရဲ့မိသားစုနောက်ခံကိုကော ကုနင်းသိရဲ့လား?

“ထိုင်ပါဦး၊ မိန်းကလေးကျီ။” ချီထျန်းလင်က ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်သည်။

“ကျေးဇူးပါ။” ကျီပိုင်ယင်းလဲ ဆက်လျှောက်လာကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး ချန်းဟွာက သူမအတွက်လဲ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလေသည်။

ကျီမိသားစုသည် တရားဝင်ရော တရားမဝင်စီးပွားရေးတွင်ပါ ပါဝင်ကြပြီး လက်နက်တင်ပို့သူများဆိုသည်မှာ လူမှုအသိုင်းအဝိုင်းတွင် မြင့်မားသည့်အဆင့်အတန်းရှိသူများဖြစ်သည်။ အစိုးရကတောင်မှ ဂိုဏ်းများထက် လက်နက်တင်ပို့သူများကို ပိုကြောက်ရသည်။

အစိုးရဆီတွင် သူတို့ကိုယ်ပိုင်စစ်တပ်အတွက် လက်နက်မရှားဘူးဆိုသော်လည်း ပိုမိုကောင်းမွန်သည့်လက်နက်များ တင်ပို့ပေးနိုင်မည့် လက်နက်တင်ပို့သူအချို့နှင့်လဲ ပူးပေါင်းထားဖို့ လိုအပ်နေတုန်းပင်။ ဒါကြောင့်ပဲ အစိုးရသည် လက်နက်တင်ပို့သူတစ်ယောက်နှင့် ဆန့်ကျင်တိုက်ခိုက်လိုစိတ်မရှိကြပေ။

ထို့ကြောင့် ချီထျန်းလင်သည် ကျီမိသားစုဝင်များကို လေးလေးစားစားဆက်ဆံခဲ့သည်။ သူက ထိုလူများကို မြှောက်ပင့်ခြင်းမပြုလုပ်ပေမည့် လေးစားမှုကိုတော့ အပြည့်ဖော်ပြထားသည်။

“မိန်းကလေးကျီ၊ သူနဲ့ငါ ဆွေးနွေးတာလေးပြီးအောင် ခဏလောက်စောင့်ပေးပါဦး။” ချီထျန်းလင်က ကျီပိုင်ယင်းကို ရှောင်ကာ ဆွေးနွေးလိုခြင်းမရှိပေ။

“ကောင်းပြီလေ။”

ထို့နောက် ချီထျန်းလင် ကုနင်းကို ပြန်ကြည့်လိုက်ကာ၊ “ဘယ်မလဲ?”

ကုနင်းလဲ လက်သီးစုပ်အရွယ် ကြွေဆေးပုလင်းတစ်ခုကို ထုတ်ပြီး ချီထျန်းလင်ကို ပစ်ပေးလိုက်ကာ၊ “ယွမ်သန်း၂၀၊”

ထိုစကားကြောင့် ကျီပိုင်ယင်း အလွန်အံ့ဩသွားသည်။ ယွမ်သန်း၂၀? ကြွေပုလင်းလေးတစ်လုံးအတွက်လေ?

“ယွီဟောက်၊” ချီထျန်းလင် ခေါ်လိုက်သည်နှင့် ယွီဟောက်က ချက်ချင်းပင် ကုနင်းကို ငွေလွှဲပေးဖို့ သွားရန်ပြင်လိုက်သည်။

“ခဏနေဦး။” ကုနင်းက ရုတ်တရက်လှမ်းတားလိုက်တာကြောင့်၊

“ဘာများဖြစ်လို့လဲ မိန်းကလေးကု?”

“ဒီတိုကင်ပြားတွေကိုပါ ငွေနဲ့လဲပြီး ကျွန်မအကောင့်ထဲထည့်ပေးပါဦး။” ကုနင်းပြောလိုက်သည်နှင့် ကောင်းယိက ယွီဟောက်ထံသို့ တိုကင်ပြားများ ကမ်းပေးလိုက်သည်။

ယွီဟောက်မှာ တိုကင်ပြားဘူးကိုတွေ့လိုက်ပြီး အံ့ဩသွားတော့သည်။ အထဲတွင် ၃၁ပြားရှိပြီး တစ်ခုကိုတော်တော်တန်မယ့်ပုံပဲ။

ချီထျန်းလင်လဲ သတိထားမိကာ မပျော်မရွှင်နှင့် မျက်မှောင်ကြုတ်သွားတော့သည်။ “မင်း မြေကမ္ဘာကလပ်က ပိုင်သမျှအကုန်ကို ယူဖို့စိတ်ကူးနေတာလား?”

သူ့မှာ ငွေမပြတ်လတ်သော်လည်း ကုနင်းလာတိုင်း ယွမ်၁၀သန်းမက ယူယူသွားတာကိုတော့ လက်မခံနိုင်ပေ။

ကုနင်း မျက်ဆံကိုလှိမ့်လိုက်ပြီး၊ “စိတ်လျှော့စမ်းပါ၊ ဒီတစ်ခေါက်ကတော့ မြေကမ္ဘာကလပ်က နိုင်လာတာမဟုတ်ဘူး။ မိန်းကလေးကျီရဲ့ ငွေတွေ။”

ထိုစကားကြောင့် ကျီပိုင်ယင်း မကျေမနပ်ဖြစ်ကာ အနည်းငယ်ဝမ်းနည်းသွားတော့သည်။

“နောက်လဲ မင်း လောင်းကစားဆက်လုပ်ပြီး ရန်ဖြစ်နေချင်သေးရင် သူနဲ့ဝေးဝေးနေ။” ချီထျန်းလင်က ကျီပိုင်ယင်းကို လှမ်းပြောလိုက်သည်။ သူ့စကားက ကျီပိုင်ယင်းကို ကာကွယ်ပေးလိုဟန်ပေါက်ပေမည့် တကယ်တမ်းတော့ ကုနင်းဘက်ကိုလိုက်တာဖြစ်သည်။ ကျီပိုင်ယင်းသည် အလွန်အာဏာရှိသည့်မိသားစုကြီးမှဖြစ်ကာ ကုနင်း သူမကို စိတ်တိုအောင်သွားလုပ်လို့ ကောင်းကျိုးရှိမည်မဟုတ်ပေ။ တကယ်တမ်း ပြဿာနဖြစ်လာလျှင် ကီရင်းဂိုဏ်းတောင်မှ ကုနင်းကို ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။

“သူက ငါနဲ့ရန်ဖြစ်ပြီး ငါ့ကိုတောင် ရိုက်သွားပြီးပြီ။” ကျီပိုင်ယင်း ဝမ်းနည်းနေသည့်မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကြောင့် ချီထျန်းလင် အံ့ဩသွားကာ ကုနင်းကို ကြည့်လိုက်ပြီး ဘာမှတော့ဆက်မပြောတော့ပေ။

ကျီပိုင်ယင်းသည် ဝမ်းနည်းကာ စိတ်ပျက်နေပေမည့် ကုနင်းကိုတော့ အပြစ်မတင်ပေ။

“ထျန်းလင်၊ သူက လူသားရောဟုတ်ရဲ့လား?” ကျီပိုင်ယင်း မနေနိုင်စွာမေးလိုက်သည်။ ကုနင်းလို့ မိန်းမငယ်လေးက အတိုက်အခိုက်မှာရော လောင်ကစားပိုင်းမှာပါ ဒီလောက်ထိ ထူးချွန်လိမ့်မယ်လို့ သူမမယုံကြည်နိုင်သေးပေ။

***

အခန်း ၈၂၅ မြင်းစီး၊ သေနတ်ပစ်

“ဘာပြောတယ်?” ကုနင်း သောက်လက်စ လက်ဖက်ရည်ပင် ပြန်ထွေးထုတ်မိလုနီးနီးဖြစ်သွားသည်။

သူမပုံစံက ဂြိုဟ်သားနဲ့တူနေလို့လား? ထားပါ၊ တကယ်လဲ သူမက တခြားလူတွေနဲ့ယှဉ်ရင် တော်တော်လေးကွဲပြားတာကို။

“မဟုတ်လောက်ဘူးထင်တယ်။” ချီထျန်းလင်ကလဲ ပြန်လည်စနောက်သည်။

“နင်တို့က ငါ့ရဲ့အရည်အချင်းကို မနာလိုနေကြတာပဲ။”

“ကိုယ့်ဘက်ကိုယ်ရပ်နေတယ်။” ကျီပိုင်ယင်းက ချက်ချင်းပင် နှုတ်လှန်ထိုးလိုက်တာကြောင့် ကုနင်းကလဲ ငြိမ်ခံမနေပေ။

“ငါ့မှာ ငါ့ကိုယ်ငါဝင့်ကြွားနိုင်တဲ့ အရည်အချင်းရှိတယ်လေ။ နင့်မှာရော?”

“နင့်မိသားစုနောက်ခံနဲ့ ကြွားလုံးထုတ်ချင်နေရင်တော့ မေ့လိုက်တော့၊ ငါက သူတို့မိသားစုပေါ်မှီခိုနေတဲ့လူတွေကို အထင်မကြီးဘူး။ နင့်ကိုယ်ပိုင်အရည်အချင်းနဲ့ ငါ့ကိုစိန်ခေါ်မယ်ဆိုရင်တော့ လက်ခံပေးမယ်။”

ကျီပိုင်ယင်း၏နောက်ခံအသိုင်းအဝိုင်းကို ကုနင်းမသိသော်လည်း ချီထျန်းလင်ကတောင် သူမကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေပုံကို ကြည့်ရုံဖြင့် သာမာန်ကောင်မလေးတော့မဟုတ်ကြောင်း ကုနင်းသိပေသည်။

“ငါ့မိသားစုအာဏာအပေါ် မမှီခိုဘူး!”

ကုနင်း ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။

“ကဲ၊ ငွေလဲရပြီဆိုတော့ ငါပြန်ချိန်ရောက်ပြီ။” ကုနင်းပြောရင်းဖြင့် ချက်ချင်းမတ်တပ်ထလိုက်ချိန်မှာပဲ ကျီပိုင်ယင်းက သူမကို တားလာသည်။

“ခဏနေဦး။”

“ဘာလဲ?” ကုနင်းစိတ်ဝင်တစား ပြန်ကြည့်ပေးသည်။ ကျီပိုင်ယင်း အရှုံးသမားတစ်ယောက်အဖြစ်နှင့် အဆုံးမသတ်လိုက်လိုမှန်း သူမနားလည်ပေသည်။

“ငါနင်နဲ့ထပ်ပြိုင်ဦးမယ်။ မြင်စီးတာရယ်၊ သေနတ်ပစ်တာရယ်ဆိုရင်ကော၊ ဘယ်လိုလဲ?” ကုနင်း အရာရာတိုင်းကိုတော့ တတ်မြောက်နေလိမ့်မည်ဟု ကျီပိုင်ယင်း မယုံချင်ပေ။ သူမသည် လက်နက်တင်ပို့သည့်မိသားစုတွင် မွေးလာသူဖြစ်တာကြောင့် သူမလောက် ဘယ်သူကမှ သေနတ်များနှင့်ရင်းနှီးလိမ့်မည်မဟုတ်ပေ။ သေနတ်ပစ်ခြင်းသည် သူမအတွက်တော့ အလွန်လွယ်ကူသည့်အရာပင်။

“အခုမှောင်နေပြီ။” ကုနင်း ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို ညွှန်ပြလိုက်သည်။

“မနက်ဖြန်မှပြိုင်လဲရတာပဲ။”

“အဲ့တော့ လောင်းကြေးက ဘယ်လောက်လဲ?” ကုနင်း စိန်ခေါ်မှုကို လက်ခံနိုင်ပေမည့် လောင်းကြေးမပါဘဲနှင့်တော့ လက်ခံပေးမည်မဟုတ်ပေ။

“ယွမ်၁၀သန်း။”

“ကောင်းပြီလေ။” ကုနင်း သဘောတူလိုက်ကာ သူမလွယ်အိတ်ထဲမှ နာမည်ကဒ်ကို ထုတ်ပြီး ကျီပိုင်ယင်းကိုပေးလိုက်သည်။ “နင်အချိန်ညှိပြီးရင် ဖုန်းဆက်လိုက်၊ ဒါပေမယ့် ငါက နေ့လည်ဘက်ဆို အလုပ်ရှုပ်နေနိုင်လို့ မနက်ပိုင်းပဲ စီစဉ်ရင်ကောင်းမယ်။”

ယနေ့သည် ကြာသပတေးနေ့ဖြစ်တာကြောင့် မနက်ဖြန်ဆိုလျှင် သောကြာနေ့ဖြစ်ပြီး သန်ဘက်ခါ စနေနေ့တွင် နိုင်ငံအဆင့်အထက်တန်းကျောင်းပေါင်းစုံ သင်္ချာပြိုင်ပွဲကျင်းပမည်ဖြစ်သည်။ နိုင်ငံအနှံ့မှအထက်တန်းကျောင်းသားများက မနက်ဖြန်ဆိုလျှင် Bမြို့သို့ရောက်လာကြမည်ဖြစ်ကာ ကုနင်းလဲ ထိုအဖွဲ့များနှင့်သွားပူးပေါင်းရပေမည်။

“ရတယ်လေ။” ကျီပိုင်ယင်းလဲ သဘောတူလိုက်ပြီး နာမည်ကဒ်ကိုယူလိုက်ပြီး ကုနင်းလဲထွက်သွားတော့သည်။

……..

ကုနင်းထွက်သွားပြီးတော့မှ ချီထျန်းလင်က စကားစလာသည်။ “သူလက်ခံလိုက်တယ်ဆိုတာ သူနိုင်ဖို့ ယုံကြည်ချက်ရှိနေလို့ပဲ။ မင်းဘက်က ဘယ်လိုရလဒ်ကိုပဲ ဖြစ်ဖြစ် လက်ခံပေးနိုင်တဲ့လူဆိုတာ သိပေမယ့် တကယ်လို့များ မင်းရှုံးသွားခဲ့ရင် သူ့ကို လက်စားပြန်မချေဖို့ သတိပေးပါရစေ။ မင်း သူ့ကိုအနိုင်ကျင့်ဖို့လုပ်လိုက်တာနဲ့ ကိစ္စက ကြီးသွားလိမ့်မယ်။ မင်းမှာ အင်အားကြီးတဲ့မိသားစုရှိတယ်ဆိုပေမယ့် သူကလဲ ရန်သွားစလို့ရတဲ့လူမျိုးမဟုတ်ဘူး။”

ကုနင်း၏မိသားစုသည် ကျီမိသားစုလို အင်အားမကြီးပေမည့် သူမကိုယ်တိုင်ကိုက သူမကိုယ်သူမကာကွယ်ဖို့အတွက် နည်းမျိုးစုံသုံးနိုင်သည်။ ကုနင်းသာ ကျီပိုင်ယင်းကို သတ်လိုလျှင် ခက်ခဲသည့်ကိစ္စတော့မဟုတ်ပေ။

ထိုစကားမျိုးကြားရသည့်အတွက် ကျီပိုင်ယင်း စိတ်မခုသွားပေ။ ချီထျန်းလင်က သူမကိုစေတနာဖြင့်ပြောမှန်းလဲသိသလို သူမကလဲ စိတ်သဘောထားသေးသိမ်သူတစ်ယောက်မဟုတ်ပေ။ ကုနင်းသည် သူမ၏ပြိုင်ဘက်တစ်ဦးသာဖြစ်ပြီး ရန်သူတစ်ယောက်မဟုတ်ပေ။

ကုနင်းက သူမစိန်ခေါ်မှုကို လွယ်လင့်တကူ လက်ခံပေးလိုက်သည့်အတွက် ကျီပိုင်းယင်း နည်းနည်းလန့်သွားရသော်လည်း သူမစကားကို ပြန်ရုတ်သိမ်းဖို့ကတော့ မဖြစ်နိုင်ပေ။ သူမသာ ပြန်ရုတ်သိမ်းလိုက်ပါက ပြိုင်ပြီးရှုံးသွားရတာထက် ပိုလို့အရှက်ကွဲပေလိမ့်မည်။

ထို့နောက် ချီထျန်းလင်ဘက်ကပဲ စပြီး သူတို့ပူးပေါင်းမှုကိစ္စအကြောင်း စတင်ဆွေးနွေးခဲ့သည်။

ကျီမိသားစုတွင် ကျီပိုင်ယင်းသည် အားနည်းသည့်သခင်မလေးဖြစ်ပေမည့် တကယ်တမ်း သန်မာသည့်အမျိုးသမီးတစ်ဦးလဲဖြစ်သည်။ မိသားစုထဲမှ သူမရန်သူများ သူမကို အာရုံမထားစေဘဲ ထိုလူများမသိခင် သူမဘက်က အခွင့်ကောင်းများရယူနိုင်စေရန်အတွက် အားနည်းသလိုဟန်ဆောင်ပြနေခြင်းဖြစ်သည်။

………..

မနက်ပိုင်းတွင်တော့ အန်းကွမ်းယောင်က ဝန်ထမ်းတစ်ချို့နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကိုယ်တိုင်သွားရောက် စစ်ဆေးကြည့်သည်။ ထို့နောက် ကုနင်းထောက်ခံပေးထားသည့် မန်နေဂျာကို ဆက်သွယ်ခဲ့သည်။

ပူးပေါင်းမှုမှာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စဖြစ်တာကြောင့် တစ်ဖက်မန်နေဂျာကလဲ သဘောတူပေသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကောလဟာလများကို လူတိုင်းယုံကြည်နေကြသည်တော့မဟုတ်ပေ။

မန်နေဂျာဘက်ကတော့ လုပ်ငန်းခွင်တွင် မတော်တဆမှုတစ်ခုခုဖြစ်လာသည်နှင့် ပူးပေါင်းမှုကို ချက်ချင်းရပ်စဲမည့်အကြောင်း တစ်ခါတည်းပြောထားစဲပင်။

အန်းကွမ်းယောင်ကလဲ ထိုအချက်ကို လက်ခံတာကြောင့် မနက်ဖြန်ကစပြီး ဆောက်လုပ်ရေးတင်နိုင်တော့ပေမည်။

……….

ကုနင်း အိပ်တော့မည့်အချိန်တွင် တချို့လူများကတော့ တခြားနေရာ၌ ပျော်ပါးလို့ကောင်းနေကြစဲပင်။

ဘားတစ်ခု၏သီးသန့်ခန်းတစ်ခန်းထဲတွင် ကျန်းဝမ်မေ့သည် သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပလို့နေသည်။ မနက်ခင်းတုန်းက သူမရင်ဘက်ထိခိုက်သွားပေမည့် နေ့လည်ပိုင်းတွင်တော့ ပြန်ကောင်းနေခဲ့ပြီဖြစ်တာကြောင့် ညဘက်တွင် သူမသူငယ်ချင်းများနှင့်အတူ အပြင်ထွက်ပျော်ပါးခြင်းဖြစ်သည်။

သူမသူငယ်ချင်းများထဲတွင် သူမကို ပိုးပန်းနေသူလဲပါရှိသည်။

တကယ်တော့ ကျန်းဝမ်မေ့လဲ ထိုအမျိုးသားကို သဘောကျပေမည့် အခုထိတော့ တွဲဖို့ကိုလက်ခံထားခြင်းမရှိသေးပေ။ အခုချိန်တွင်တော့ အရက်ရှိန်လေးလဲပါနေတာကြောင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကလူမြူဆွယ်နေကြသည်။

ထိုအချိန်တွင်ပဲ အမျိုးသား၏လက်က ကျန်းဝမ်မေ့ခါးပေါ် ရောက်လာကာ ကျန်းဝမ်မေ့ဘက်ကလဲ မငြင်းဆန်ဘဲ ထိုခံစားချက်ကိုပင် သဘောကျလို့နေသည်။ သူတို့ချင်းစကားအတော်ကြာပြောနေရင်း တဖြည်းဖြည်းနီးကပ်လာသည်က နမ်းပင်နမ်းမိတော့မတတ်ပင်။

ခဏအကြာတွင်တော့ ကျန်းဝမ်မေ့၏ကျန်သူငယ်ချင်းများက သန့်စင်ခန်းသို့ထွက်သွားကြကာ သီးသန့်ခန်းထဲတွင် သူမနှင့် သူမကိုပိုးပန်းနေသည့်အမျိုးသားသာ ကျန်ခဲ့တော့သည်။ ထိုအမျိုးသားကလဲ အချိန်ဆွဲမနေဘဲ ကျန်းဝမ်မေ့အနားသို့ ပိုတိုးကပ်ကာ မေးလိုက်သည်။ “ဝမ်မေ့၊ ငါမင်းကိုနမ်းလို့ရမလား?” ထိုသို့ ခွင့်ပြုချက်တောင်းခံပေးခြင်းကပင် ကျန်းဝမ်မေ့ကို လေးစားမှုရှိကြောင်း ပြနေခြင်းဖြစ်သည်။

ကျန်းဝမ်မေ့လဲ နည်းနည်းရစ်မူးနေပြီဖြစ်ကာ တွေးခေါ်နိုင်စွမ်းများ ရှင်းရှင်းလင်းလင်းမရှိပေ။ ထို့အပြင် ထိုအမျိုးသားကို သူမလဲကြိုက်တာကြောင့် လက်ခံပေးလိုက်သည်။

ကျန်းဝမ်မေ့သည် တစ်ကိုယ်ကောင်းဆန်ကာ မောက်မာသူဖြစ်နေလျှင်တောင်မှ ဖြူစင်သည့်မိန်းကလေးဖြစ်ကာ သူမချစ်သူကောင်လေးနှင့်သာ အတူအိပ်ဖို့ဆန္ဒရှိသူဖြစ်နေသေးသည်။ ဤအမျိုးသားကတော့ သူမကြိုက်သူဖြစ်တာကြောင့် ယခုလိုနမ်းခွင့်ပြုပေးလိုက်ခြင်းပင်။

တဖြည်းဖြည်းအရှိန်ရလာသည်နှင့် တစ်ဖက်အမျိုးသားမှာ ပိုလို့စိတ်တက်ကြွလာခဲ့ပေမည့် ထိုအချိန်တွင်ပဲ ကျန်းဝမ်မေ့ တွန်းထုတ်တာကိုခံလိုက်ရသည်။

“ငါ-ငါ တောင်းပန်ပါတယ်။” အမျိုးသားက ချက်ချင်းပင် အသိစိတ်ဝင်ကာ တောင်းပန်လိုက်သည်။

“မဟုတ်တာ၊ ရပါတယ်။”

“ဝမ်မေ့၊ ငါမင်းကို တကယ်သဘောကျတာပါ။ မင်း ငါ့ချစ်သူဖြစ်ပေးနိုင်မလား?”

“ကောင်းပြီလေ။” ကျန်းဝမ်မေ့ နောက်ဆုံးတော့ ခေါင်းညိတ်လက်ခံပေးလိုက်တာကြောင့် အမျိုးသားမှာ စိတ်လှုပ်ရှားသွားပြီး သူမကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်ပြန်သည်။

ရုတ်တရက်ဆိုသလိုပဲ အခန်းတံခါးက ပွင့်သွားခဲ့ကာ ကျန်းဝမ်မေ့၏သူငယ်ချင်းစုံတွဲပြန်ရောက်လာခဲ့သည်။ ထိုနှစ်ယောက်ပြန်ဝင်လာတာကြောင့် ကျန်းဝမ်မေ့လဲ သူမ၏လောလောလတ်လတ်ချစ်သူကို ချက်ချင်းတွန်းထုတ်လိုက်ကာ ရှက်ရွံ့နေတော့သည်။

“ဘာလဲ? နင်နောက်ဆုံးတော့ လက်ခံလိုက်ပြီပေါ့?” ကျန်းဝမ်မေ့၏သူငယ်ချင်းက စနောက်လိုက်သည်။

ထိုအမျိုးသား ကျန်းဝမ်မေ့ကို လိုက်ပိုးပန်းနေသည်အား သူတို့အားလုံးသိထားကြတာကြောင့် ထိုနှစ်ဦးမကြာခင် တွဲဖြစ်သွားမည်မှန်းလဲ ခန့်မှန်းမိထားကြပြီးသားပင်။ အခု တကယ်တွဲဖြစ်သွားပြီဆိုတော့ သူငယ်ချင်းများဖြစ်သည့် သူတို့လဲ ဝမ်းသာမိပေသည်။

***

စာစဉ် ၅၅ ပြီး၏။

All Chapters