အခန်း (၈၄၆-၈၅၀)
Vol. 57 Ch. 846-850
အခန်း ၈၄၆ ကျီပိုင်ယင်း အိမ်ပြန်ရတော့မယ်
ယုကျီ သူ့ကို မုန်းတော့မမုန်းဘူးဆိုတာကို ယန်ကျီချင် သိသော်လည်း သဘောကျမကျကိုတော့ မသေချာခဲ့ပေ။ ဒါကြောင့်ပဲ သူမကိုချစ်ရေးဆိုချိန်တွင် အလွန်စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူမဘက်က သူ့ချစ်သူကောင်မလေးဖြစ်ဖို့ သဘောတူခဲ့ပေသည်။
ယန်ကျီချင် စားပွဲထိုးလက်ထဲမှ နှင်းဆီပန်းစည်းကို ယူလိုက်ကာ ယုကျီကိုပေးလိုက်သည်။ “မင်းအတွက်။”
ရုတ်တရက်ဆိုသလို ယုကျီငိုချင်မိသွားသော်လည်း ပန်းစည်းကိုလက်ခံကာ ပြုံးပြီး ကျေးဇူးတင်လိုက်သည်။
………
ထိုအချိန်တွင်ပဲ တစ်ဖက်မှာတော့ ကျီပိုင်ယင်းကို ကျီရှောက်မင်ဖုန်းဆက်လာခဲ့သည်။ သူတို့အဖေ ပြန်သတိရလာပြီဆိုသည့်အကြောင်း လှမ်းပြောခြင်းဖြစ်တာကြောင့် သူမလဲ အိမ်ပြန်သင့်ပေပြီ။
ကျီမိသားစုသည် မိန်းကလေးများအပေါ် အထင်သေးခြင်းမရှိတာကြောင့် ကျီပိုင်ယင်းသည် သူမအစ်ကိုနည်းတူ ကောင်းမွန်သည့်ပညာရေးနှင့် လေ့ကျင့်မှုများ သင်ကြားပေးခြင်းခံခဲ့ရသည်။ သူမအဖေကလဲ သူမကိုအလိုလိုက်ထားပေမည့် ပျက်စီးလောက်သည်အထိတော့ အလိုလိုက်ထားခြင်းမဟုတ်ပေ။ သို့သော်လည်း သူမအစ်ကိုကတော့ မိသားစု၏အမွေဆက်ခံသူဖြစ်နေသေးသည်။
ကျီပိုင်ယင်းလဲ Bမြို့မှာအချိန်ကြာကြာဆက်နေဖို့မလိုတော့ပေ၊ အထူးသဖြင့် လင်ရှောင်းထင်၏ချစ်သူကောင်မလေးက ကုနင်းဖြစ်မှန်း သိသွားပြီဖြစ်တာကြောင့် သူမအိမ်ပြန်လို့ရနေပေပြီ။
သူမမထွက်သွားခင်တော့ ကုနင်းနှင့်ထမင်းတစ်နပ်လောက်စားဖို့ စိတ်ကူးထားသည်။ ကုနင်းကို သူမသူငယ်ချင်းအဖြစ် စိတ်ရင်းနှင့်သတ်မှတ်ထားသည်မဟုတ်လား။
“ဒါနဲ့၊ ရှောက်မင်၊ ငါပြောစရာရှိသေးတယ်။” ကျီရှောက်မင်နှင့် ဖုန်းချခါနီးတွင်ပဲ ကျီပိုင်ယင်းပြောလိုက်သည်။
“ဘာလဲ?”
“ရှောင်းထင်မှာ ချစ်သူကောင်မလေးရှိနေပြီ။” ကျီပိုင်ယင်း၏အသံမှာ တည်ငြိမ်လှသည်။
“တကယ်လား?” ကျီရှောက်မင်းသည်တော့ အတော်လေးလန့်သွားမိပေသည်။
လင်ရှောင်းထင်ဆိုသူသည် မိန်းမများအပေါ် စိတ်ဝင်စားသည့်အရိပ်အယောင်ပင် မပြဖူးမှန်း သူသိထားတာကြောင့် ဒါက တကယ်ကို ထိတ်လန့်ဖွယ်သတင်းဖြစ်နေသည်။ ထို့အကြောင့် လင်ရှောင်းထင်တွင် ချစ်သူကောင်မလေးရှိနေပြီမှန်း သိလိုက်ရချိန်မှာ သူအလွန်အံ့အားသင့်ကာလန့်သွားခြင်းဖြစ်သည်။
“မင်းအဆင်ပြေရဲ့လား?” သူ ကျီပိုင်ယင်းကို စိတ်ပူကာမေးလိုက်သည်။ ကျီပိုင်ယင်း လင်ရှောင်းထင်ကို ဘယ်လောက်တောင် သဘောကျကြောင်း သူသိသည်။
“အဆင်ပြေပါတယ် အစကတော့ ဝမ်းနည်းမိတယ်၊ ဒါပေမယ့် သူ့ချစ်သူကောင်မလေးကို မြင်ပြီးတော့ လုံးဝဝမ်းမနည်းတော့ဘူး။”
“ဘာကြောင့်လဲ?” ကျီပိုင်ယင်း သိချင်သွားသည်။
“သူ့ချစ်သူကောင်မလေးက ငါ့ကို မှော်ဆေးလုံးတွေပေးလိုက်တဲ့ မိန်းကလေးပဲလေ။ ငါ့မိသားစုက သူ့ထက် ပိုပြီးအင်အားကြီးတယ်ဆိုပေမယ့် သူကတော့ အရာရာတိုင်း ငါ့ထက်ပိုသာတယ်။ ဒါကြောင့် ငါသူ့ကိုတကယ်လေးစားမိတာ။” ကျီပိုင်ယင်း၏ အသံမှာတည်ငြိမ်ပြတ်သားလှသည်။
“ဘာ? မှော်ဆေးလုံးပိုင်ရှင်က လင်ရှောင်းထင်ရဲ့ချစ်သူပေါ့?” ကျီရှောက်မင်အလွန်အံ့ဩသွားတော့သည်။
“အဟုတ်ပဲ။” ကျီပိုင်ယင်းသည် ကုနင်းကို လေးစားသဘောကျတာကြောင့် မနာလိုမဖြစ်မိပေ။
ကျီရှောင်မင်ဘက်က တစ်ခဏမျှတိတ်ဆိတ်လို့သွားပြီးကာမှ၊ “ပိုင်ယင်း၊ တကယ်တော့ ရှုကျင်းချန်ကလဲ ရွေးချယ်မှုကောင်းလို့ ငါတော့ထင်တယ်။”
“လုပ်ပြန်ပြီ! ငါမှ သူ့အပေါ်ခံစားချက်မရှိတာကို။” ဒါက သူမအစ်ကို ရှုကျင်းချန်ကိုထောက်ခံပေးတာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ရုတ်တရက် သူမစိတ်ကူးတစ်ခုပေါ်လာကာ စနောက်လိုက်သည်။ “ရှောက်မင်၊ မဟုတ်မှ၊ နင်သူ့ကိုစိတ်ဝင်စားနေတာလား?”
ထိုစကားကြောင့် ကျီပိုင်ယင်းဘေးမှာရပ်နေသည့် မန်တနှင့်နန်ပင်လျှင် အံ့ဩသွားကြတော့သည်။
“အဓိပ္ပါယ်မရှိတာ!” ကျီရှောက်မင် အော်လိုက်ကာ၊ “ငါမိန်းမတွေကိုပဲ ကြိုက်တယ်၊ ဟုတ်ပြီလား?”
“ဟုတ်ပါပြီ၊ နောက်ထပ် ရှုကျင်းချန်အကြောင်း ထပ်မပြောနဲ့တော့!”
ကျီရှောက်မင်မှာ သူဘာထပ်ပြောရမလဲဆိုတာကို မသိတော့တာကြောင့် ဖုန်းချပစ်လိုက်တော့သည်။
ထိုဖုန်းခေါ်ဆိုမှုပြီးနောက် ကျီပိုင်ယင်းက ကုနင်းကို ချက်ချင်းဖုန်းဆက်လိုက်ကာ လင်ရှောင်းထင်နှင့်အတူ သူမအိမ်မပြန်ခင် ထမင်းတစ်နပ်လောက်အတူစားကြဖို့ ဖိတ်လိုက်သည်။ ကုနင်းဘက်ကလဲ သဘောတူပေသည်။
ကျီပိုင်ယင်းက ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ကိုလဲ ဖိတ်ခဲ့ကာ နှစ်ဦးလုံးသဘောတူကြသည်။
ကုနင်းကတော့ လင်ရှောင်းထင်ကို ကျီပိုင်ယင်းကြိုက်ခဲ့သည့်အကြောင်း မသိသေးပေ။ လင်ရှောင်းထင်ကလဲ သူ့အမြင်တွင် အရေးမကြီးသည့်ကိစ္စဖြစ်နေတာကြောင့် တကူးတကမပြောနေပေ။ ကျီပိုင်ယင်းဘက်ကလဲ သူ့ကို လက်လျှော့သွားပြီဖြစ်တာကြောင့် ပြန်အစဖော်နေဖို့ မလိုတော့ပေ။
ချိန်းဆိုထားသည့်အချိန်မှာ ညနေ၆နာရီဆိုပေမည့် အခုစောနေသေးတာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ကားလျှောက်စီးနေကြသည်။
“ကျွန်မ သန်ဘက်ခါ HKကိုသွားရမယ်။”
“ဘာအတွက်သွားမှာလဲ?”
ကုနင်းက အမှန်အတိုင်းပင် ပြောပြလိုက်သည်။ “မတ်လ၂၈ရက်နေ့က ဟဲမိသားစုပိုင်ကာစီနို အနှစ်၅၀ပြည့်နှစ်ပတ်လည်အခမ်းအနားပဲ။ အဲ့ဒီနေ့မှာ လက်ရှိဟဲမိသားစုခေါင်းဆောင် ဟဲဟုန်ကျဲ့နဲ့သူ့ညီဟဲဟုန်ယွမ်တို့က ခေါင်းဆောင်နေရာအတွက် လောင်းကစားလုပ်ပြီး ပြိုင်ကြမှာ။ ဟဲဟုန်ကျဲ့ရဲ့အကြားအာရုံက ဆုံးရှုံးထားပြီး မိသားစုထဲက အတော်ဆုံးလောင်းကစားသမားဖြစ်တဲ့ သူ့ရဲ့ဒုတိယသားကလဲ ပျောက်နေတယ်။ ဒါကြောင့် သူ့သမီးဖြစ်တဲ့ ဟဲစစ်ရင်က ကျွန်မကို အကူအညီလာတောင်းတာ။ သူက ကျွန်မကို ယွမ်သန်း၅ရာနဲ့ကမ်းလှမ်းထားတယ်။ တကယ်လို့ ကျွန်မနိုင်သွားရင် ဟဲဟုန်ယွမ်နဲ့ပြိုင်တဲ့ လောင်းကစားပွဲမှာ လောင်းထားတဲ့ပိုက်ဆံတွေကိုရမယ်။ ကျွန်မရှုံးသွားခဲ့ရင်လဲ လျော်ကြေးပေးဖို့မလိုဘူး၊ ဒါကြောင့် သဘောတူလိုက်တာ။”
“ကိုယ်မနက်ဖြန် မြို့တော်ကိုပြန်မယ်၊ အဲ့ဒီရက် ကိုယ်အားရင် HKမှာတွေ့ကြတာပေါ့။” ကုနင်း HKကိုတစ်ယောက်တည်းသွားမည်အား လင်ရှောင်းထင် စိုးရိမ်မိပေမည့် သူမစိတ်ဆုံးဖြတ်ပြီးသားအရာကို သူမတားနိုင်ပေ။ ဒါကြောင့် သူမကိုကာကွယ်ဖို့ သူလုပ်နိုင်တာအားလုံးလုပ်ပေးလိုက်ပေမည်။
“ကောင်းတာပေါ့။”
………
ညနေ၄နာရီတွင်တော့ လုကျန်းက ကုနင်းကို ဖုန်းဆက်လာကာ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ဇာတ်ကားကြီးပြီးသွားသည့်အကြောင်း ပြောလာသည်။
ကုနင်းလဲ မနက်ဖြန် မြို့တော်မှ သူမကုမ္ပဏီ သူ့ကိုတာဝန်သွားထမ်းဆောင်ဖို့ ပြောလိုက်ပြီး မူရင်းဇာတ်လမ်းကို ကူးယူဖို့ပြောလိုက်သည်။ တစ်ယောက်ယောက်ကို သူမလွှတ်လိုက်ပေမည်။ လုကျန်းကလဲ သဘောတူကာ မနက်ဖြန် မြို့တော်သို့သွားမည့်အကြောင်း ပြောလိုက်သည်။
ထို့နောက် ကုနင်းက လုကျန်းပြောခဲ့သည့်အတိုင်း ကေကိုပြောလိုက်ပြီး နောက်တော့ လုရှောင်းကို ဖုန်းဆက်လိုက်သည်။ လုရှောင်းက လုကျန်း၏အလုပ်အတွက် စီမံပေးပေလိမ့်မည်။
***
အခန်း ၈၄၇ ညအိပ်လို့ရမလား?
ညနေ၅နာရီဝန်းကျင်မှာတော့ ဆရာတန်က ကုနင်းကို ဖုန်းဆက်လာခဲ့သည်။ သူက သူမအခုထိလဲ နောက်ဆုံးပွဲစဉ်ဝင်ရမည့်ကျောင်းသားများထဲတွင် အဆင့်တစ်ဖြစ်နေသေးကြောင်း ပြောပြလာသည်။ သူမထပ်ပြီး အမှတ်ပြည့်ရပြန်ပြီ။ စုအန်းယာကတော့ အဆင့်၁၁ရတာကြောင့် နောက်ဆုံးပြိုင်ပွဲမှထွက်ရမည်ဖြစ်ပြီး ကျန်းကျီခိုင်က အဆင့်၇ရကာ စုန့်ရှီယောင်သည်တော့ အဆင့်၁၀ရတာကြောင့် နှစ်ယောက်လုံး နောက်ဆုံးပြိုင်ပွဲတွင်ပါဝင်သည်။
နောက်ဆုံးပွဲကို မနက်ဖြန် ဆက်သွယ်ရေးအခန်းတွင် မနက်၁၀နာရီစတင်ကျင်းပမည်ဖြစ်ပြီး ကျောင်းသားတိုင်း မနက်၉နာရီခွဲတွင် ကောင်းကင်ပြာဟိုတယ်၌ စုရပေမည်။
နောက်ဆုံးပွဲ၏ အကဲဖြတ်ဒိုင်များနှင့်ပရိသတ်များကတော့ နာမည်ကြီးအထက်တန်းကျောင်းများနှင့် ကောလိပ်များမှ ပါမောက္ခများ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်။ ထိုအချိန်တွင် စိတ်ကိုတည်ငြိမ်အောင်မထားနိုင်ရင်တော့ ရလဒ်ကောင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ကုနင်းအတွက်တော့ အဆန်းတကြယ်မဟုတ်ပေ။
……………
၅နာရီဝန်းကျင်တွင် ကျီပိုင်ယင်းသည် သူတို့ညစာစားကြမည့်နေရာဖြစ်သည့် Bမြို့ဆင်ခြေဖုံးနားတွင်ရှိသော မြင်ကွင်းလှသည့် အဆင့်မြင့်တောင်ဗီလာတွင် ရောက်ရှိနေပြီဖြစ်သည်။
ထို့နောက် တောင်ဗီလာထဲတွင် သဘောတကျ လှည့်ပတ်ကြည့်နေခဲ့သည်။
တောင်ဗီလာထဲတွင် ကုနင်း ယနေ့သွားခဲ့သည့် ဥယျာဉ်လောက် ရင်သက်ရှုမောဖွယ်ရာမကောင်းသော်လည်း လှပသည့်ပန်းများစွာဖူးပွင့်နေပေသည်။
ရှုကျင်းချန်သည် တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ဘာမှလုပ်စရာမရှိ၍ သူလဲပဲ တောင်ဗီလာသို့ စောရောက်နေခဲ့သည်။
ဒီတစ်ခေါက် ရှုကျင်းချန်ကို ကျီပိုင်ယင်းမြင်လိုက်ရချိန်တွင်တော့ ဖုန်းထဲတွင် သူမအစ်ကိုပြောသည့် စကားများကို ပြန်အမှတ်ရသွားကာ အနည်းငယ်နေရခက်သွားသော်လည်း အမူအရာမပေါ်စေပေ။
“ဟမ်း၊ ငါတို့နှစ်ယောက်ပဲ တစ်ကိုယ်တည်းသမားတွေဖြစ်နေတော့တာပေါ့၊ ကျန်တဲ့လူတွေက အတွဲကိုယ်စီနဲ့ဖြစ်ကုန်ကြပြီ။” ရှုကျင်းချန်က စကားစလိုက်သည်။
“ဟုတ်တယ်၊ ရှင့်သူငယ်ချင်းတွေအားလုံး အတွဲကိုယ်စီရကုန်ပြီဆိုမှတော့ ရှင်ရော ချစ်သူကောင်မလေးတစ်ယောက်လောက် ဘာလို့မရှာတာလဲ? သူတို့ချိန်းတွေ့နေတာတွေ မြင်ပြီး ဝမ်းမနည်းမိဘူးလား?”
ထိုစကားကြောင့် ရှုကျင်းချန် ဝမ်းနည်းသွားရသည်။ “တစ်ခါတစ်လေဆို သူတို့တွေကို ခွဲတောင်ထားပစ်ချင်တာ၊ ဟ-ဟ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်တဲ့လူကို ရှာတွေ့ဖို့ဆိုတာ ခက်တယ်လေ။”
“ဟုတ်ပါတယ်၊” ကျီပိုင်ယင်း ခေါင်းညိတ်လိုက်သည်။ သူမလဲ လင်ရှောင်းထင်ကို သဘောကျခဲ့ပေမည့် လင်ရှောင်းထင်ကတော့ သူမအပေါ် ဘယ်တုန်းကမှ အာရုံမထားခဲ့ပေ။ သို့ပေမည့် သူနဲ့ကုနင်းကတော့ အပြန်အလှန်ချစ်မြတ်နိုးကြတာကြောင့် အဆုံးမှာ အတူတူရှိနေနိုင်ခဲ့ကြသည်။
“မင်းရော? လက်လျှော့ချင်ရဲ့လား?”
“ဒါပေါ့၊ လက်လျှော့လိုက်ပြီ။ သူ့ချစ်သူကသာ တခြားတစ်ယောက်ယောက်ဆိုရင်တော့ ငါသူ့ကိုလက်မလျှော့လောက်ဘူး၊ ဒါပေမယ့် ကုနင်းကိုတော့ ငါသဘောကျတယ်လေ။” ကျီပိုင်ယင်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
သူတို့လမ်းလျှောက်လာခဲ့ကြရင်း မနီးမဝေးတစ်နေရာတွင် ဒန်းတစ်ခုရှိနေသည်ကို ကျီပိုင်ယင်း သတိပြုမိသွားသည်။ သူမချက်ချင်းပင် ထိုနေရာသို့ အမြန်ပြေးသွားကာထိုင်လိုက်ပြီး သူမခြေထောက်များဖြင့် ကန်ရင်း ရှေ့နောက်လွှဲရမ်းကစားလိုက်သည်။
သူမနောက်မှ ရှုကျင်းချန် ဆက်လိုက်လာခဲ့ကာ သူမကစားနေသည်ကို ဘေးတွင်ထိုင်ကြည့်နေသည်။
ကျီပိုင်ယင်း၏မျက်နှာပေါ်မှ ကလေးဆန်ဆန်အပြုံးကြောင့် ရှုကျင်းချန်၏နှုတ်ခမ်းများပင် ကွေးညွတ်လို့သွားရသည်။
အစကတော့ ကျီပိုင်ယင်းကို စိတ်ဆိုးလွယ်ကာ ပေါင်းသင်းရမလွယ်သူဖြစ်လောက်မည်ဟု ရှုကျင်းချန်တွေးထားခဲ့သော်လည်း အခုတော့ အတွေးပြောင်းသွားပေပြီ။ တကယ်တမ်း သူမသည် သူတွေးထားသလောက် ရှုပ်ထွေးသည့်လူမျိုးမဟုတ်ပေ။ သူမအကြောင်းကို သူသိပ်မသိထားသေးဘူးပဲ။
……….
၅နာရီခွဲတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ရောက်လာကာ ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည်တော့ နောက်၁၀မိနစ်အကြာတွင်ရောက်လာခဲ့သည်။
ညစာစားပြီးနောက် သူတို့အားနေကြတာကြောင့် ကလပ်တစ်ခုတွင် အရက်သောက်ဖို့သွားခဲ့ကြသည်။
အနည်းငယ်ညနက်လာချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်က ပုံမှန်အတိုင်း ဟိုတယ်တွင်တည်းကြကာ ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်းကို ဟွားဖုတောင်ကုန်းသို့ ပြန်လိုက်ပို့ပေးသည်။
“အမ်၊ ငါအထဲဝင်ပြီး ရေတစ်ခွက်လောက်သောက်လို့ရမလား?” ရှင်းပိုင်မှာ ချောင်ဝမ်ရှင်းနှင့် သီးသန့်အချိန်လေးပိုရချင်တာကြောင့် သိသာလွန်းသည့် အကြောင်းပြချက်ပေးလိုက်သည်။
“ရတာပေါ့!” ချောင်ဝမ်ရှင်းကလဲ သဘောတူလိုက်သည်။ သူတို့နှစ်ယောက်တွဲနေပြီဖြစ်တာကြောင့် မသင့်တော်တာမရှိပေ။
ထို့နောက် ရှင်းပိုင်လဲ ချောင်ဝမ်ရှင်းနောက်မှလိုက်ကာ အိမ်ထဲသို့လိုက်ဝင်လိုက်သည်။ သို့သော်လည်း အိမ်ထဲသို့ဝင်ပြီးချင်းမှာပဲ ရှင်းပိုင်က ချောင်ဝမ်ရှင်းကို ဖက်ကာ နမ်းလိုက်ပြီး အသက်ရှူကြပ်လာမှသာ လွှတ်ပေးလိုက်သည်။
ထိုအချိန်တွင် ချောင်ဝမ်ရှင်း၏ပါးလေးနှစ်ဖက်မှာ ပန်းသီးလေးနှစ်လုံးပမာ နီရဲနေကာ ရှင်းပိုင်နှင့်လဲ အကြည့်ချင်းမဆုံရဲဖြစ်နေသည်။
ရှင်းပိုင်သည်တော့ နမ်းသည်ထက်ပိုသည့် ထိတွေ့မှုမျိုးပြုလုပ်ချင်သော်လည်း သူတို့တွဲကြသည်မှာ အချိန်ခဏလေးရှိသေးတာကြောင့် ချောင်ဝမ်ရှင်း စိတ်ဆိုးသွားမည်စိုး၍ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားလိုက်ခြင်းဖြစ်သည်။
ချောင်ဝမ်ရှင်းသည်တော့ ရှင်းပိုင် သူမကိုလွှတ်လိုက်သည်နှင့် ချက်ချင်းပင် ထွက်ပြေးတာကြောင့် ခလုတ်တိုက်ကာ လဲကျမလိုပင်ဖြစ်သွားသည်။ သို့သော်လည်း ရှင်းပိုင်က အချိန်မီ သူမကိုဆွဲထားလိုက်တာကြောင့် မလဲကျသွားခဲ့ပေ။ “အပေါ်ထပ်အထိ ပွေ့ချီသွားပေးမယ်။”
ချောင်ဝမ်ရှင်၏မျက်နှာမှာ ယခုဆိုလျှင် ကြက်သွေးရောင်တမျှနီရဲနေကာ ဘာစကားမှမဆိုဘဲ ရှင်းပိုင်၏ရင်ခွင်ထဲမျက်နှာအပ်ထားတော့သည်။
“ရှက်မနေပါနဲ့! ငါတို့ချစ်သူတွေဖြစ်နေကြပြီပဲကို!”
“လွှတ်ပေးတော့!” ရှင်းပိုင်က စနောက်နေတာကြောင့် ချောင်ဝမ်ရှင်းရုန်းကန်လိုက်ပေမည့် အချည်းအနှီးသာ။
ရှင်းပိုင်က ချောင်ဝမ်ရှင်းကို သူ့လက်မောင်းများကြားတွင် ပွေ့ချီကာ ဆိုဖာဆီသို့ခေါ်ဆောင်သွားလိုက်သည်။
“ရေသောက်ချင်တယ်လို့ ပြောလိုက်တယ်မဟုတ်ဘူးလား? ကိုယ်ဘာသာသွားသောက်လိုက်တော့၊ ငါအိပ်ချင်နေပြီ။”
“ငါဒီည ဒီမှာပဲ အိပ်လိုက်လို့မရဘူးလား? မနက်ဖြန်ကျ ထွက်သွားပါ့မယ်။” ရှင်းပိုင်က သနားစဖွယ်ကောင်းအောင် ဟန်ဆောင်ပြနေတာကြောင့် ချောင်ဝမ်ရှင်း၏နှလုံးသားက ခုန်ပေါက်သွားတော့သည်။ သူမလဲ ရှင်းပိုင်နှင့် အချိန်ကြာကြာ ဆက်ရှိနေချင်ပေသည်။
“အမ်၊ ဒါဆိုလဲ ငါနင့်အတွက် အခန်းတစ်ခန်းသွားရှင်းပေးမယ်။” ချောင်ဝမ်ရှင်းပြောလိုက်ပြီးနောက် သူမခြေထောက်နှင့်သူမပြန်ရပ်နိုင်ဖို့ ကြိုးစားလိုက်သည်။
“အလုပ်ရှုပ်မခံပါနဲ့၊ ငါတို့တစ်ခန်းတည်းနေလို့ရတာပဲ။”
“မရပါဘူး!” ချောင်ဝမ်ရှင်း ချက်ချင်းငြင်းဆန်လိုက်သည်။ ရှင်းပိုင်နေဖို့ သူမခွင့်ပြုပေမည့် တစ်ခန်းတည်းနေဖို့ကိုတော့ တစ်ခါမှမတွေးဖူးပေ။ ဒါက အဆင့်တက်အရမ်းမြန်လွန်းမနေဘူးလား။
“ဘာလို့မရတာလဲ?”
“ဘာလို့ဆို ငါတို့…..” ချောင်ဝမ်ရှင်း ဘာဆက်ပြောလို့ပြောရမှန်းမသိတော့ပေ။
“ငါတို့က အခုချစ်သူတွေဖြစ်နေပြီလေ။ ကုနင်းနဲ့ရှောင်းထင်တို့ဆို စတွဲကတည်းက အမြဲတမ်း တစ်ခန်းတည်းအတူတူအိပ်နေကြတာ။ ငါတို့ကျ ဘာလို့မရ,ရမှာလဲ?”
“သူတို့ အမြဲတမ်း တစ်ခန်းတည်းအိပ်ပါတယ်လို့ နင်ကဘယ်လိုလုပ်သိနိုင်တာလဲ?” ချောင်ဝမ်ရှင်း အလျှော့မပေးချင်သေးပေ။
***
အခန်း ၈၄၈ မလှုပ်နဲ့!
“သူတို့ အမြဲတစ်ခန်းတည်းအိပ်ပါတယ်လို့ နင်ကဘယ်လိုလုပ်သိနိုင်တာလဲ?”
“ဒါက ပုံမှန်ပဲလေ။ စိတ်လျှော့စမ်းပါ၊ ငါနင့်ကိုဘာမှမလုပ်ဘူး၊ ကတိပေးတယ်။” ချောင်ဝမ်ရှင်း စိတ်တိုသွားမည်စိုး၍ ရှင်းပိုင် မြန်မြန်လေး ကတိပေးလိုက်ရသည်။
ထိုစကားကြောင့် ချောင်ဝမ်ရှင်း စိတ်အေးသွားရသော်လည်း အနည်းငယ်စိတ်ပျက်မှုကိုလဲ ခံစားလိုက်ရသည်။ သူမသည် အခုထိ ဘယ်သူနဲ့မှမအိပ်ဖူးသည့် အပျိုစင်တစ်ယောက်ဆိုသော်လည်း ထိုသို့သောကိစ္စများကို စိတ်မပါသည်မဟုတ်ဘဲ အနည်းငယ်မျှော်လင့်နေမိသည်။ တစ်ခုတည်းသော အခြေအနေကတော့ တစ်ဖက်လူမှာ သူမချစ်ရသူဖြစ်နေဖို့ပင်။
ရှင်းပိုင်က အခုဆို သူမချစ်သူဖြစ်နေပြီဖြစ်တာကြောင့် သူနှင့်အဆင့်တက်ဖို့ရန် ဆန္ဒရှိသော်လည်း အခုလောလောဆယ်မှာတော့ အရမ်းစောလွန်းသေးသည်ဟု ထင်မိသည်။ ဘာပဲဖြစ်ဖြစ် သူမ ရှင်းပိုင်ကို ယုံကြည်ပေသည်။ ထိုလူက သူမကို ထိခိုက်အောင်လုပ်လိမ့်မည်မဟုတ်ပေ။
ဒီညအဖို့ ရှင်းပိုင် အိမ်ထဲမှပြန်ထွက်ရန် ရည်ရွယ်ချက်ရှိနေပုံမပေါ်ကြောင်း မြင်ရတော့ အဆုံးမှာ ချောင်ဝမ်ရှင်းကပဲ အလျှော့ပေးကာ သဘောတူလိုက်ရသည်။ သို့သော်လည်း သူမရှက်နေမိကာ ချက်ချင်းအခန်းထဲကို မဝင်ချင်သေးပေ။
“ရေသောက်ချင်သေးလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
“ဒါပေါ့၊” ရှင်းပိုင် တကယ်ပဲရေဆာနေတာကြောင့် မငြင်းခဲ့ပေ။
ထို့နောက် ချောင်ဝမ်ရှင်းက သူတို့အတွက် ရေနှစ်ခွက်ထည့်လိုက်ကာ တီဗီလိုင်းများကို ပြောင်းနေလိုက်သည်။
“မင်းမအိပ်ချင်သေးဘူးလား? နောက်ကျနေပြီလေ။” ချောင်ဝမ်ရှင်း ဘာကိုရှောင်ချင်နေမှန်း ရှင်းပိုင်နားလည်သလို သူမရှက်နေပုံက နည်းနည်းရယ်စရာကောင်းသည်ဟုလဲ ထင်မိသည်။ သူတို့က အခုဆို ချစ်သူများဖြစ်နေပြီဖြစ်တာကြောင့် ယခုလိုအခြေအနေက အနှေးနှင့်အမြန်ဖြစ်လာမည်သာ။
တကယ်တော့ သူ အခုလို မရမက ကပ်တွယ်နေတာက ချောင်ဝမ်ရှင်းနှင့်အိပ်လို၍မဟုတ်ဘဲ သူမနှင့်သီးသန့်အချိန်ပိုများများ ရချင်ရုံသာဖြစ်သည်။ သူတို့တွဲဖြစ်သည်က သိပ်မကြာသေးသလို အနာဂါတ်မှာဘာတွေပြောင်းလဲသွားမလဲဆိုတာကိုလဲ မသိပေမည့် သူကတော့ သူနှင့်တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
“အမ်၊ ငါအခုတော့မအိပ်ချင်သေးဘူး။ နင်အိပ်ချင်နေရင် အရင်အိပ်ရာဝင်နှင့်လေ။” တကယ်တော့ သူမအရမ်းအိပ်ချင်နေပြီဖြစ်သော်လည်း ရှင်းပိုင်နှင့်တစ်ခန်းတည်းအတူဘယ်လိုနေရမှန်း မသိတာကြောင့် ငြင်းလိုက်ခြင်းဖြစ်သည်။
“ငါလဲ မအိပ်ချင်သေးပါဘူး။ မင်းနဲ့အတူ တီဗီပဲကြည့်မယ်လေ။” ရှင်းပိုင် ပြောရင်းနှင့် ချောင်ဝမ်ရှင်းဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက အိပ်ရာမဝင်ချင်သေးမှတော့ သူလဲ သူမအနားမှာ အဖော်ပြုပေးလိုက်ပေမည်။
ချောင်ဝမ်ရှင်းမှာတော့ ဧည့်ခန်းထဲတွင် တီဗီဆက်ကြည့်နေသော်လည်း သိပ်မကြာခင်တွင်ပဲ စိတ်မရှည်နိုင်တော့ပေ။ “နင်အခုထိ မအိပ်ချင်သေးဘူးလား?”
“အကျင့်ဖြစ်နေပါပြီ၊ မအိပ်ချင်သေးဘူး။ ငါတို့ တစ်ခါတစ်လေ တာဝန်ထမ်းဆောင်ရင် နေ့ရောညပါမအိပ်ရတဲ့ရက်တွေအများကြီးပဲ။”
“တကယ်လား? အရမ်းပင်ပန်းမှာပဲ!” ချောင်ဝမ်ရှင်း သနားမိသွားသည်။
“ဒါပေါ့၊ ဆိုပေမယ့်လဲ ငါတို့တာဝန်ပဲလေ။” တာဝန်ထမ်းဆောင်ရတာက မလွယ်ကူသော်လည်း သူကိုယ်တိုင်ရွေးချယ်ခဲ့သည့် လမ်းကြောင်းဖြစ်တာကြောင့် ရှင်းပိုင် တစ်ခါမှ မကျေမနပ်မဖြစ်ဖူးပေ။ သူမီးတောက်နီတပ်ဖွဲ့ကိုမဝင်ခင်က ထိပ်တန်းတပ်သားများသာဖြစ်နိုင်သည့် အထူးတပ်ဖွဲ့မှအထူးစစ်သားတစ်ဦးဖြစ်ခဲ့သည်။ အထူးတပ်သားပေါင်းထောင်ကျော်ကို ကျော်ဖြတ်ကာ မီးတောက်နီအဖွဲ့ဝင်ဖြစ်လာခြင်းပင်။
ရှင်းပိုင်နှင့် ခဏလောက်စကားပြောနေပြီးနောက်ဆုံးမှာတော့ ချောင်ဝမ်ရှင်း အိပ်ချင်စိတ်ကို ဆက်မထိန်းထားနိုင်တော့ဘဲ အိပ်ခန်းထဲသို့ဝင်သွားတော့သည်။
ရှင်းပိုင်လဲ သူမနှင့်တစ်ခန်းတည်းနေမှာဖြစ်တာကြောင့် ညအိပ်ဝတ်စုံလဲမနေတော့ဘဲ သွားတိုက်မျက်နှာသစ်ကာ တန်းဝင်လှဲလိုက်သည်။ ထို့အပြင် သူမရှက်နေတာကြောင့် ရှင်းပိုင်ဘက်ကို ကျောပင်ပေးထားလိုက်သည်။
“မင်း ညအိပ်ဂါဝန်မလဲတော့ဘူးလား?” ချောင်ဝမ်ရှင်းဘာကြောင့်မလဲမှန်း သိနေတာကြောင့် ရယ်ချင်စိတ်ဖြင့်မေးလိုက်ခြင်းဖြစ်သည်။
“မလိုဘူး, အဆင်ပြေတယ်။”
ရှင်းပိုင် ဆက်မပြောတော့ဘဲ သူလဲ လက်ရှိအဝတ်အစားများနှင့်ပင် အိပ်ရာထဲဝင်လှဲလိုက်သည်။
ရှင်းပိုင် သူ့ကိုယ်ပေါ် စောင်တစ်ထည်ခြုံပြီးသည်နှင့် ချောင်ဝမ်ရှင်းလက်မောင်းကို လှမ်းဆွဲလိုက်သည်။ ချောင်ဝမ်ရှင်းကလဲ ချက်ချင်းပင် ရုန်းကန်လိုက်ကာ၊ “နင်ဘာလုပ်တာလဲ? ရပ်စမ်း။”
“ဘာပါ၊ ငါခဏလောက်ဖက်ထားချင်ရုံပါ။”
ထိုအခါမှ ချောင်ဝမ်ရှင်း ရုန်းကန်မှုကိုရပ်တန့်လိုက်သည်။
အချိန်အတော်ကြာ နှစ်ဦးသား တိတ်ဆိတ်နေပြီးကာမှ ရုတ်တရက်ဆိုသလို ရှင်းပိုင်က သူမကိုနမ်းလာခဲ့သည်။ သူတို့နှစ်ဦး အရင်လဲနမ်းဖူးနေတာကြောင့် ချောင်ဝမ်ရှင်း တွန်းထုတ်မနေတော့ပေ။
သို့သော်လည်း ချောင်ဝမ်ရှင်းကိုသာ ဆက်နမ်းနေလျှင် ထိုထက်ပိုစိတ်ပါလာမည်စိုးတာကြောင့် သိပ်မကြာခင်တွင်ပဲ ရှင်းပိုင် ရပ်တန့်လိုက်သည်။
ချောင်ဝမ်ရှင်းအတွက် အမျိုးသားတစ်ယောက်၏လက်မောင်းပေါ်တွင် အိပ်ရသည်က ပထမဆုံးအကြိမ်ဖြစ်တာကြောင့် နေသားမကျဘဲ ခဏခဏလှည့်နေသည်။
ချောင်ဝမ်ရှင်း သူမခန္ဓာကိုယ်ကို လှည့်နေတာကြောင့် ရှင်းပိုင် စိတ်လှုပ်ရှားလာကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး၊ “ဝမ်ရှင်း၊ မင်းဆက်လှည့်နေရင် ငါ့စိတ်ကိုငါဆက်မထိန်းထားနိုင်လောက်တော့မှာ စိုးရတယ်။”
ချောင်ဝမ်ရှင်း တုန်လှုပ်သွားကာ ထပ်ပြီးမလှုပ်ရဲတော့ပေ။ “နင်မသက်မသာဖြစ်နေလဲ ငါ့ကိုလွှတ်လိုက်လေ။ ငါဒီလိုပုံစံမျိုး တစ်ခါမှမအိပ်ဖူးဘူး။”
ထိုစကားက ရှင်းပိုင်ကို ပျော်ရွှင်သွားစေကာ ပိုလို့တောင်မလွှတ်ပေးတော့ပေ။ “နောက်ဆို ကျင့်သားရသွားလိမ့်မယ်။ အခုဆို ငါကမင်းရဲ့ချစ်သူဖြစ်နေပြီပဲ။”
ချောင်ဝမ်ရှင်း သဘောတူသည့်အနေဖြင့် နှုတ်ဆိတ်နေခဲ့သည်။
“ဝမ်ရှင်း၊ ငါမင်းကို ချစ်တယ်၊ မင်းကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်။ မင်း ငါ့ကိုယုံရဲ့လား?” ရှင်းပိုင် စိတ်ရင်းဖြင့်ပြောလိုက်သည်။ သူ့အတွက်တော့ ချောင်ဝမ်ရှင်းကသာ သူ့လက်ကျန်ဘဝတစ်လျှောက်လုံးစာ အတူတကွကုန်ဆုံးချင်သည့် မိန်းကလေးပင်။
ချောင်ဝမ်ရှင်းလဲ မကြာခင်တွင်ပဲ ရှင်းပိုင်၏လက်မောင်းပေါ်တွင် အိပ်ရသည်အား အဆင်ပြေလာခဲ့ပြီး အဆင့်ဆက်တက်ဖြစ်ခဲ့ကြသည်။
နောက်တစ်နေ့မနက်တွင်တော့ ချောင်ဝမ်ရှင်းမှာ ရှင်းပိုင်ကို မျက်လုံးချင်းဆုံမကြည့်ခဲ့ပေ။ ညက ကိစ္စအတွက် သူမနောင်တရနေခြင်းကြောင့်တော့မဟုတ်ဘဲ တကယ်ကိုမှော်ဆန်သည့် ညလေးတစ်ညဖြစ်ခဲ့သည်ဟုသာ ခံစားရသည်။
“မင်းရှက်နေသေးတာလား?” ရှင်းပိုင် စနောက်လိုက်တာကြောင့် ချောင်ဝမ်ရှင်း ရှက်သွားကာ ခေါင်းအထိ စောင်ထဲတိုးဝင်သွားတော့သည်။
ထို့နောက် ရှင်းပိုင် ဆက်မစတော့ဘဲ လေးနက်သည့်အသံနှင့်၊ “ငါ နေ့လည်၁၁နာရီလောက် မြို့တော်ကိုပြန်ရမယ်။ လောလောဆယ်တော့ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်နိုင်ဦးမယ်၊ ဒါပေမယ့် ငါအားတာနဲ့ ချက်ချင်းလာတွေ့မှာပါ။”
“ဟုတ်ပါပြီ။” ချောင်ဝမ်ရှင်း အနည်းငယ်ဝမ်းနည်းမိသော်လည်း ဒါက ရှင်းပိုင်အလုပ်ဖြစ်တာကြောင့် မတားခဲ့ပေ။ ရှင်းပိုင်ကို သူမချစ်သူအဖြစ် ရွေးချယ်ခဲ့မှတော့ သူ့အလုပ်ကိုလဲ သူမဘက်က နားလည်ထောက်ပံ့ပေးသင့်ပေသည်။
***
အခန်း ၈၄၉ နောက်ဆုံးပွဲ
မနက်၈နာရီတွင် ကုနင်းနိုးလာခဲ့ကာ ၉နာရီလောက်တွင်တော့ လင်ရှောင်းထင်က သူမကို ကောင်းကင်ပြာဟိုတယ်သို့ လိုက်ပို့ပေးသည်။
လင်ရှောင်းထင်၏ လေယာဉ်ချိန်က ၁၁နာရီတွင်ဖြစ်တာကြောင့် ကုနင်းကို ကောင်းကင်ပြာဟိုတယ်သို့ပို့ပြီးသည်နှင့် ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ကို ဆက်သွယ်လိုက်သည်။
ကောင်းကင်ပြာဟိုတယ်ဧည့်ခန်းမကတော့ ပုံမှန်အတိုင်း လူထူနေသည်။ ကျောင်းသားများစွာက ပြိုင်ပွဲတွင် ကျရှုံးသွားခဲ့ကြပြီဆိုသော်လည်း ပရိသတ်အဖြစ်ဆက်လက်နေဖို့ လိုနေတုန်းပင်။
ကုနင်းဝင်လာသည်ကို မြင်လိုက်ကြသည်နှင့် အားလုံးက လေးစားစွာဖြင့် လှည့်ကြည့်လာကြသည်။ သူမက သင်္ချာမေးခွန်းတွေ ဘယ်လောက်ခက်ခက် အမှတ်ပြည့်နှစ်ကြိမ်တောင်ရခဲ့တာပဲ!
“ဟိုင်း၊ နင်းနင်း!”
ကုနင်းကိုတွေ့လိုက်သည်နှင့် စုအန်းယာနှင့်ကျန်းကျီခိုင်တို့ ပျော်ရွှင်စွာ ပြေးလာကြသည်။
စုအန်းယာက နောက်ဆုံးပွဲစဉ်ကို မတက်ရောက်နိုင်ခဲ့သော်လည်း အစကတည်းက သူမကိုစိတ်ကိုသူမကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့် လုံးဝဝမ်းမနည်းပေ။
စုအန်းယာ၏စိတ်အခြေအနေက ကောင်းနေစဲဖြစ်တာကြောင့် ကုနင်းလဲ သူမကို နှစ်သိမ့်ပေးနေဖို့ မလိုတော့ပေ။
စုန့်ရှီယောင်သည်တော့ ပုံမှန်အတိုင်း ကုနင်းကိုမုန်းမြဲဖြစ်သော်လည်း လူကြားထဲမှာတော့ ထုတ်ဖော်မပြောတော့ပေ။
ကုနင်းအကြောင်း သိထားကြသည့်လူများကတော့ သူမအနားသို့ကပ်လာကာ ချီးကျူးဂုဏ်ပြုကြသည်။
“ကုနတ်ဘုရားမ၊ နင်အရမ်းတော်တာပဲ!”
“အမှတ်ပြည့်နှစ်ကြိမ်တောင်ရအောင် ဘယ်လိုများလုပ်လိုက်တာလဲ?”
“တကယ့်ကို မယုံနိုင်စရာပဲ။”
“ကုနတ်ဘုရားမ၊ ငါ့အထင်တော့ ပထမဆုက နင့်အတွက်ပဲဖြစ်မယ်။”
“ဟုတ်တာပေါ့၊ ဘယ်သူမှ နင့်ကိုမယှဉ်နိုင်ဘူး။”
………
“ဟ-ဟ၊ ငါတော့မြောက်နေပြီ။” ကုနင်းပြုံးလိုက်သည်။ ထို့နောက် အချင်းချင်း စကားဝိုင်းဖွဲ့မိသွားကြတော့သည်။
“ကုနတ်ဘုရားမ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးနေပြီနော်။ နင်ဘယ်တက္ကသိုလ်တက်ဖို့ စိတ်ကူးထားလဲ?”
“မြို့တော်တက္ကသိုလ်။”
“ကုနတ်ဘုရားမက ဒီလောက်တော်တာ သူ့အတွက် ဝင်ခွင့်ရဖို့ အလွယ်လေးပါ။”
“ငါလဲ မြို့တော်တက္ကသိုလ်ကို မှန်းထားတာပဲ၊ ဒါပေမယ့် ဝင်ခွင့်ရဖို့တော့ သိပ်ယုံကြည်ချက်မရှိဘူး။”
“အစကတော့ ငါBမြို့တက္ကသိုလ်မှာ တက်ဖို့စိတ်ကူးထားတာ၊ ဒါပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ။ ကုနတ်ဘုရားမရဲ့ ပစ်မှတ်က မြို့တော်ဆိုမှတော့ ငါလဲ မြို့တော်ကိုသွားမယ်! မြို့တော်တက္ကသိုလ်အထိတော့ မဝင်နိုင်ရငတောင် ငါအားတဲ့အချိန်သွားလည်နိုင်တာပေါ့! ပြောမရဘူး၊ ကုနတ်ဘုရားမနဲ့ ပရဝုဏ်တစ်ခုတည်းတောင် ဖြစ်နိုင်သေးတယ်!”
……….
“ကဲ၊ ကဲ၊ အာရုံစိုက်ကြဦး!” တက်ရောက်လိုသည့် တက္ကသိုလ်များအကြောင်း ကျောင်းသားများ ဆွေးနွေးနေကြချိန်တွင်ပဲ ဆရာတစ်ယောက်က အသံကျယ်ကျယ်ဖြင့် လှုံ့ဆောင်လိုက်သည်။ “သွားကြရအောင်!”
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဘက်စ်ကားပေါ်သို့တက်သွားကြသည်။
ကုနင်းဘေးတွင်ထိုင်သည့် ဆရာတန်က ကားပေါ်ရောက်ချိန်တွင်၊ “ကုနင်း၊ ဒီနေ့အတွက်ရော ယုံကြည်ချက်ရှိလား?”
“ဆရာတန်၊ မစိုးရိမ်ပါနဲ့၊ ကျွန်မနိုင်မှာပါ။”
“ကောင်းတယ်! ငါမင်းကိုယုံလိုက်ပြီ။” ကုနင်း ယုံကြည်ချက်အလွန်ရှိနေကြောင်းမြင်လိုက်ရတော့ ဆရာတန်ပင် အနည်းငယ်စိတ်အေးသွားသည်။ “မင်းအရမ်း စိတ်ဖိစီးနေဖို့မလိုဘူး။ ပုံမှန်အတိုင်းလေးပဲ ပြီးသွားလိမ့်မယ်။”
ဆရာတန်သည် ကုနင်း ပထမဆုရသည် မြင်ချင်စိတ်ပြင်းပြနေသော်လည်း သူမကို အတင်းဖိအားမပေးလိုပေ။
“ဟုတ်ကဲ့ပါ။”
အမှတ်၁အထက်တန်းကျောင်းသို့ အားလုံးရောက်ကြချိန်တွင် နောက်ဆုံးပြိုင်ပွဲစတင်ဖို့ မိနစ်၂၀သာလိုတော့တာကြောင့် အားလုံးလဲ ဆက်သွယ်ရေးအခန်း၁တွင် နေရာယူကြသည်။ သင်္ချာပါမောက္ခများနှင့်ကျွမ်းကျင်ပညာရှင်များကတော့ မရောက်ရှိလာသေးပေ။
ပြိုင်ပွဲဝင်၁၀ဦးက ရှေ့ဆုံးတန်းတွင်ထိုင်ကြကာ သင်္ချာပါမောက္ခများ၊ကျွမ်းကျင်ပညာရှင်များနှင့် ပရိသတ်များကို မျက်နှာချင်းဆိုင်ထားရပေမည်။
အချိန်အတန်ကြာသည်နှင့် သင်္ချာပါမောက္ခများနှင့် ကျွမ်းကျင်ပညာရှင် ၁၀ဦးတို့ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲဝင်လာခဲ့ကြသည်။ သူတို့ထဲမှ သုံးဦးကသာ အကဲဖြတ်ဒိုင်ဖြစ်ပြီး ကျန်သူများကတော့ ဧည့်သည်များဖြစ်ကာ ဒါရိုက်တာယို့လဲ ပါဝင်သည်။ ယခုနှစ်ပြိုင်ပွဲသည် ပညာရေးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်တာကြောင့် ပညာရေးဌာန၏ဒုဒါရိုက်တာတစ်ယောက်အနေဖြင့် သူသေချာပေါက် ရှိနေသင့်သည်။
နိုင်ငံအဆင့်အထက်တန်းကျောင်းသားများ သင်္ချာပြိုင်ပွဲကို နှစ်တိုင်း မတူညီသည့်မြို့များတွင် ကျင်းပကြကာ ယခုနှစ်တွင်တော့ Bမြို့တွင်ကျင်းပပြီးနောက်တစ်ကြိမ်ဆိုလျှင် နောက်တစ်မြို့ကိုပြောင်းသွားလိမ့်မည်။
ယခုလို ပညာရှင်ကြီးများကို တွေ့လိုက်ရချိန်တွင် အခုမှဆယ်ကျော်သက်အရွယ်လေးများဖြစ်ကြသည့် ကျောင်းသားအများစုမှာ အနည်းငယ် ထိတ်လန့်နေမိကြသည်။
သို့သော်လည်း ဒိုင်များနှင့်ဧည့်သည်အများစုကတော့ အကြိုစစ်ဆေးပွဲနှင့် ဒုတိယပွဲစဉ်နှစ်ခုလုံးတွင် တစ်ဦးတည်းသော အမှတ်ပြည့်ရထားသူဖြစ်သည့် ကုနင်းကိုသာ အာရုံစိုက်လို့နေကြသည်။
ဒီလိုအမှတ်ပြည့်ရခြင်းမျိုးက ရှားပါးလှသည့်အဖြစ်ပင်။ သင်္ချာဆရာများတောင်မှ ကုနင်းလောက် မြန်မြန်ဆန်ဆန်ဖြေပြီးနိုင်ကြလိမ့်မည်မဟုတ်ပေ။
အခုချိန်မှာ ကုနင်းက အာရုံပိုစိုက်ခံနေရမှန်း စုန့်ရှီယောင်လဲ သတိထားမိတာကြောင့် လွန်စွာမနာလိုဖြစ်ကာ ဒေါသထွက်နေတော့သည်။
မကြာခင်တွင်ပဲ နောက်ဆုံးအဆင့်ပြိုင်ပွဲစတင်ခဲ့သည်။
ကျောင်းသားတစ်ယောက်စီ၏ရှေ့တွင် စာရွက်ဖြူအနည်းငယ်စီထားပေးထားရှိပေးထားသည်။ သင်္ချာမေးခွန်းများက ပရောဂျက်တာနှင့် ထိုးပြထားမည်ဖြစ်ပြီး ကျောင်းသားများက စာရွက်ပေါ်တွင် သူတို့အဖြေများကို ချရေးပေးကြရပေမည်။
ထို့နောက် သူတို့လက်များကို ထောင်လိုက်ကာ ဆရာများကို သူတို့အဖြေရေးထားသည့် စာရွက်များအား လာသိမ်းစေရမည်။ သူတို့အဖြေများကိုတော့ အကဲဖြတ်ဒိုင်များ အကဲဖြတ်ပေးနိုင်ဖို့ရန်အတွက် ပရောဂျက်တာဖြင့် ပြပေးလိမ့်မည်။
အဖြေမှန်သည်ကျောင်းသားက အနိုင်ရမည်ဖြစ်သည်။
ဆရာများက အရင်ဆုံးပြီးသည့် ကျောင်းသားသုံးယောက်ထံမှ အဖြေသုံးခုစီကို အကြိမ်တိုင်းပြပေးသွားမည်ဖြစ်သည်။
ပထမဆုံးကျောင်းသား၏အဖြေက မှားသွားခဲ့ပါက ဒုတိယကျောင်းသားအလှည့်ရောက်သွားပေမည်။ ဒုတိယကျောင်းသား၏အဖြေက မှန်သွားမည်ဆိုလျှင်တော့ ဒုတိယကျောင်းသားကပဲ အနိုင်ရရှိကာ တတိယကျောင်းသားအတွက် အခွင့်အရေးရတော့မည်မဟုတ်ပေ။
အကယ်၍ ဒုတိယကျောင်းသား၏အဖြေက မှားသွားခဲ့ပါက တတိယကျောင်းသားအလှည့်သို့ရောက်သွားမည်ဖြစ်သည်။ တတိယကျောင်းသား၏အဖြေက မှန်သွားခဲ့လျှင်တော့ တတိယကျောင်းသားက အနိုင်ရရှိမည်ဖြစ်သည်။ သို့မဟုတ် တတိယကျောင်းသားအထိပါ အဖြေမမှန်ခဲ့လျှင်တော့ ဆရာက နောက်ထပ်မေးခွန်းတစ်ခုကို ပြောင်းလဲပြသသွားပေလိမ့်မည်။
***
အခန်း ၈၅၀ ပထမဆုရရှိခြင်း
နောက်ဆုံးပြိုင်ပွဲကို လူထုသို့ချပြထားတာကြောင့် စာသင်ခန်းထဲတွင် သတင်းထောက်များစွာရှိနေကာ ပွဲစဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူးနေကြသည်။ သတင်းထောက်အားလုံးမှာ ကုနင်း၏ အကြိုစစ်ဆေးပွဲနှင့် ဒုတိယပွဲစဉ်မှ ရလဒ်များကို ကြားထားပြီးကြပြီဖြစ်တာကြောင့် သူတို့၏ကင်မရာအများစုကို ကုနင်းကိုသာ ချိန်ထားကြသည်။ သူတို့အမြင်တွင်တော့ ကုနင်းသည် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေပေသည်။
ယခုနောက်ဆုံးပွဲစဉ်အတွက် မေးခွန်း၁၀ခုကို မေးသွားမည်ဖြစ်သည်။ ပထမဆုံးမေးခွန်းကတော့ အခြေခံသင်္ချာမေးခွန်းတစ်ခုဖြစ်ကာ စက္ကန့်၃၀အတွင်းပြီးရပေမည်။
၄၄၈၅၉၇၇+၂၃၃၃၂၀၁-၅၆၆၁၇၇-၁၂၈၇၂၁၂=?
ကုနင်းတစ်ချက်ကြည့်လိုက်ကာ ၅စက္ကန့်အတွင်းမှာပဲ အဖြေရသွားတာကြောင့် အဖြေလွှာပေါ်တွင် ချရေးလိုက်သည်။ သူမကသာ အဖြေလွှာကို ပထမဆုံးအပ်သူပင်။
လူတိုင်းမှာတော့ သူမ၏တွက်ချက်နှုန်းကြောင့် အံ့ဩလို့နေကြသည်။
စက္ကန့်၃၀ကြာပြီးနောက် ကုနင်းကလွဲပြီးနောက်ထပ် အဖြေရေးနိုင်သူနှစ်ဦးရှိခဲ့သည်။
ကုနင်းက ပထမဆုံးပြီးသည့်လူဖြစ်တာကြောင့် ဆရာက သူမအဖြေကို အရင်ဆုံးပြခဲ့သည်။ အဖြေမှန်ပေသည်။
ကုနင်း၏အဖြေမှန်သွားပြီဖြစ်တာကြောင့် ဒုတိယကျောင်းသားနှင့် တတိယကျောင်းသားတို့၏ အဖြေမှန်လားမှားလားကို ချပြနေဖို့မလိုတော့ပေ။
ဒုတိယမေးခွန်းကတော့ ချတွက်ရမည်ဖြစ်၍ သင်္ချာမေးခွန်းတစ်ခုအတွက် ပုံမှန်ပေးလေ့ရှိသည့် အချိန်၁၀မိနစ်ပေးထားသည်။ သို့သော်လည်း ကုနင်းအတွက်တော့ ထိုမျှအချိန်အကြာကြီးမလိုအပ်ပေ။ သူမ မေးခွန်းကို တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် နားလည်သွားပြီဖြစ်ကာ ချက်ချင်းပင် အဖြေလွှာပေါ်တွင် အဖြေကိုချရေးတော့သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းအံ့ဩသွားရပြန်သည်။ ကုနင်းက တကယ်ကို သူမနဲ့သက်တူရွယ်တူတွေနဲ့ယှဉ်ရင် ကွာခြားတာပဲ!
ထိပ်ဆုံး၁၀ယောက်စာရင်းဝင်သည့် ကျောင်းသားများကပင် ထူးချွန်လွန်းနေပြီဖြစ်ကာ ကုနင်းကတော့ ထိုသူများထက် တစ်ဆင့်မြင့်နေစဲပင်။
သင်္ချာကျွမ်းကျင်ပညာရှင်များ၏အမြင်တွင်ပင် ကုနင်းသည် တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သူဖြစ်နေသည်။
နောက်ဆက်လာသည့်မေးခွန်းများတွင်လဲ ကုနင်းကသာ အဖြေကိုအရင်ဆုံးချရေးကာ အဖြေလွှာအပ်သူဖြစ်တာကြောင့် လူများမှာ စတင်ကာ မြင်သားကျလာတော့သည်။
ကုနင်းသည် မေးခွန်း၁၀ခုလုံးကို မယုံနိုင်စရာအမြန်နှုန်းဖြင့် ပြီးမြောက်သွားခဲ့ကာ ပထမဆုံးမေးခွန်းမှ နောက်ဆုံးမေးခွန်းအထိ သူမသာအနိုင်ရသူဖြစ်သည်။
အခုချိန်တွင်တော့ လူများထိတ်လန့်လွန်ကာ အံ့အားသင့်နေကြပြီဖြစ်သည်။ ကုနင်းဆိုသူမှာ နာရီဝက်တည်းနှင့်ပင် မေးခွန်းအားလုံးကို ဖြေနိုင်သူဖြစ်ခဲ့တာကြောင့် သင်္ချာကျွမ်းကျင်ပညာရှင်များပင်လျှင် သူတို့မှာ ကုနင်းထက်သာအောင် မလုပ်နိုင်လောက်ဟု ခံစားမိလာကြသည်။
အချို့သော သင်္ချာပညာရှင်များကတော့ ကုနင်းသည် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပေမည့် သူတို့အားလုံးထက် သာနေတာကြောင့် မနာလိုပင်ဖြစ်လာကြသည်။
သို့ပေမည့် စိတ်သဘောထားသေးသိမ်သူများတွင်သာ ထိုသို့အတွေးမျိုးရှိခြင်းဖြစ်သည်။ သင်္ချာကျွမ်းကျင်ပညာရှင်အများစုကတော့ ကုနင်းလို ထူးချွန်သည့်ကျောင်းသူတစ်ယောက်ကို မြင်တွေ့ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။
………..
နောက်ဆုံးပြိုင်ပွဲပြီးသွားချိန်တွင်တော့ ဆုပေးပွဲအခမ်းအနားစတင်ခဲ့သည်။
ကုနင်းက မေးခွန်းတိုင်းကိုမှန်ကန်ကာ ပထမဆုံးဖြေဆိုနိုင်သူဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များအနေဖြင့် နောက်ထပ်အမှတ်အမြင့်ဆုံးရသည့် ပြိုင်ပွဲဝင်နှစ်ယောက်ကိုသာ ရွေးခဲ့ရသည်။
ဒုတိယဆုရသည့်ကျောင်းသားကတော့ တခြားတစ်မြို့မှ ကောင်လေးတစ်ယောက်ဖြစ်ကာ တတိယဆုကိုတော့ ကျန်းကျီခိုင်က ဆွတ်ခူးသွားသည်။
စုန့်ရှီယောင်သည်တော့ ကုနင်းရော ကျန်းကျီခိုင်ပါ ဆုရသည်ကိုမြင်ကာ လွန်စွာဒေါသထွက်နေတော့သည်။ ထို့အပြင် သူမဆုမရခဲ့တာကြောင့် ကားလဲမရနိုင်တော့ပေ။
ပထမဆုအတွက် ဆုတံဆိပ်တစ်ခု၊ ဆုမှတ်တမ်းတစ်ခုနှင့် ယွမ်၅သောင်းကို ချီးမြှင့်သည်။ ဒုတိယဆုအတွက်ကိုတော့ ဆုမှတ်တမ်းတစ်ခုနှင့်ယွမ်၃သောင်းချီးမြှင့်ကာ တတိယဆုကိုတော့ ဆုမှတ်တမ်းတစ်ခုနှင့် ယွမ်၂သောင်းချီးမြှင့်ပေသည်။
ဆုကြေးငွေက သိပ်မများလှသော်လည်း ဒါက ကြိုးစားအားထုတ်ခဲ့မှုအတွက် အားပေးသည့်နည်းလမ်းတစ်မျိုးသာဖြစ်သည်။
ဆုပေးပွဲအခမ်းအနားပြီးနောက် သတင်းထောက်များက ဆုရရှိသူများအနားသို့ ချက်ချင်းပင် ဝန်းရံလာကာ အင်တာဗျူးကြသည်။
ကောင်လေးနှင့် ကျန်းကျီခိုင်တို့ကတော့ ကင်မရာများရှေ့တွင် လွန်စွာစိတ်လှုပ်ရှားနေကြသော်လည်း ကုနင်းကတော့ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေတာကြောင့် လူတိုင်းသဘောကျသွားကြသည်။
သတင်းထောက် : ကုနင်း၊ မင်းအချိန်တိုလေးအတွင်းမှာ အဖြေမှန်တွေရအောင် ဘယ်လိုများဖြေနိုင်ခဲ့လဲဆိုတာ လူတော်တော်များများက အရမ်းသိချင်နေကြတယ်။ မင်းရဲ့ကျွမ်းကျင်မှုအကြောင်း ငါတို့ကိုပြောပြပေးနိုင်မလား?
ကုနင်း : ကျွန်မရဲ့မှတ်ဉာဏ်ကကောင်းလို့ပါ။ ကျွန်မက တစ်ခါဖတ်ရုံနဲ့ အားလုံးကို စိတ်ထဲမှာ မှတ်ထားနိုင်တယ်လေ။
ထိုစကားကြောင့် အားလုံးအံ့ဩသွားကြပေမည့် သံသယဝင်ရဲသူတော့မရှိပေ။ ပညာရေးဌာနမှ ဒုဒါရိုက်တာကလဲရှိနေတာကြောင့် သူမအဖြေတွေကို ကြိုရပါတယ်လို့လဲ သူတို့မစွပ်စွဲရဲကြပေ။ ထို့အပြင် သင်္ချာကျွမ်းကျင်ပညာရှင်အချို့က ကုနင်းကို ပြိုင်ပွဲတွင်မပါသည့် သင်္ချာမေးခွန်းများစွာကို မေးခဲ့ကြကာ ကုနင်းကလဲ အချိန်တိုအတွင်းမှာပဲ အဖြေမှန်ကို ပြန်လည်ဖြေကြားနိုင်ခဲ့သည်။
သတင်းထောက်များသည် ပညာတတ်များဖြစ်တာကြောင့် သူတို့ဘာကိုတော့ မပြောသင့်မှန်းကို နားလည်ကြသည်။
ယနေ့ ကုနင်း၏ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်ချက်ကြောင့် သင်္ချာကျွမ်းကျင်ပညာရှင်များစွာက သဘောကျနေကြကာ သူတို့၏တပည့်ပင်ဖြစ်လာစေချင်နေကြသည်။ ကုနင်း၏သင်္ချာစွမ်းရည်က အလွန်ကောင်းသော်လည်း အထက်တန်းကျောင်းသူသာဖြစ်သေးတာကြောင့် သူမဆက်လက်သင်ယူဖို့ လိုအပ်နေတုန်းပင်။
တစ်ဖက်တွင်တော့ သင်္ချာကျွမ်းကျင်ပညာရှင်များသည် သင်္ချာနှင့်ပတ်သတ်သည့် အသိပညာမြောက်မြားစွာရှိကာ ဆရာကောင်းများလဲဖြစ်သည်။
သို့ပေမည့် ကုနင်းကတော့ သူတို့အားလုံး၏ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပေသည်။
………..
သင်္ချာပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်တာကြောင့် ကျောင်းသားများမှာ နေ့လည်တွင် သူတို့ဆရာများနှင့်အတူ သက်ဆိုင်ရာမြို့အသီးသီးသို့ ပြန်ကြပေလိမ့်မည်။
ကုနင်းကတော့ Bမြို့ကဖြစ်တာကြောင့် ဆက်နေမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက်မှသာ Fမြို့သို့ပြန်ပေလိမ့်မည်။
စုအန်းယာနှင့်ကျန်းကျီခိုင်တို့မှာ ကုနင်းနှင့်မခွဲနိုင်သော်လည်း နောက်ဆုံးမှာတော့ နှုတ်ဆက်စကားပြောကြရသည်။
……….
ပြိုင်ပွဲပြီးနောက် ကုနင်း ထန်မိသားစုအိမ်သို့သွားခဲ့သည်။
ကုနင်းအတွက်တော့ ပထမဆုရသည်က ကိစ္စကြီးတစ်ခုမဟုတ်သော်လည်း ထန်မိသားစုမှလူကြီးများကတော့ သူမအတွက် ပျော်ရွှင်နေကြသည်။ တကယ်တော့ ကုနင်း ပြိုင်ပွဲဝင်ရမည်ဟု သူတို့ကိုပြောလာကတည်းက ကုနင်းပထမဆုရလိမ့်မည်ဟု ယုံကြည်နေကြပြီးသားပင်။ သူမအတွက် ကြိုတင်ပြီးတောင် ဂုဏ်ပြုပွဲပြင်ဆင်ထားကြလေသည်။
ဆုတံဆိပ်နှင့်ဆုမှတ်တမ်းကို မြင်ရချိန်တွင် ထပ်ပြီးစိတ်လှုပ်ရှားလာမိကြပြန်ကာ ကုနင်းအတွက် ဂုဏ်ယူမိနေကြတော့သည်။
ထန်ဟိုင်ဖုန်းဆိုလျှင် သူ့သူငယ်ချင်းများထံပင် ဖုန်းဆက်ကာ သူ့မြေးမလေး၏အောင်မြင်မှုကို ကြွားဝါနေတော့သည်။
ထန်ဟိုင်ဖုန်း၏သူငယ်ချင်းများသည်လဲ သတင်းကြောင့် အလွန်အံ့ဩသွားကြကာ သူ့ကိုတောင် အားကျကုန်ကြသည်။ သူတို့မြေးလေးတွေလဲ ကုနင်းလို ထူးချွန်နိုင်ဖို့ ဆုတောင်းနေကြသည်။
မကြာခင်တွင်ပဲ နောက်ဆုံးပွဲစဉ်၏ဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်တင်လိုက်ကာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကုနင်းသည်လဲ အင်တာနက်ပေါ်တွင် လူပြောအများဆုံးဖြစ်လာခဲ့ပြန်သည်။
***