← Chapters

အခန်း (၈၅၆-၈၆၀)

Vol. 58 Ch. 856-860

အခန်း (၈၅၆-၈၆၀)

Vol. 58 Ch. 856-860

အပိုင်း ၈၅၆ ကုန်းကျီဟန်

ဟဲယီရှီ၏အသံကြောင့် ဟုန်ယွဲ့ဖေး အသိစိတ်ပြန်ကပ်သွားပေမည့် သူမကိုလျစ်လျူရှုထားကာ ကုနင်းဘက်ကိုသာ လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်ပြနေသည်။ “မိန်းကလေး၊ တွေ့ရတာဝမ်းသာပါတယ်။ ငါကတော့ ထျန်းတိဟွေ့ခေါင်းဆောင်ရဲ့ ဒုတိယသား ဟုန်ယွဲ့ဖေးပါ၊ မင်းနာမည်ကို သိခွင့်ရှိမလား?”

သို့ပေမည့် ကုနင်းက ဟဲစစ်ရင်ဘက်သို့သာလှည့်လိုက်ပြီး၊ “မိန်းကလေး၊ မင်းအရင်သွားနှင့်ပါ။”

ကုနင်းက ဟုန်ယွဲ့ဖေးနှင့် ဟဲယီရှီတို့ သူမနှင့်ဟဲစစ်ရင်တို့က အသိတွေမှန်း သိမသွားစေရန်အတွက် ဟဲစစ်ရင်ကို မိန်းကလေးဟဲဟုမခေါ်လိုက်ပေ။

ဟဲစစ်ရင်သည်လဲ စိတ်ကူးတူပေသည်။ ကုနင်းကို စိုးရိမ်သော်ငြား ကုနင်းက သူမကိုထွက်သွားခိုင်းနေမှတော့ သူမဘာသာကာကွယ်နိုင်လို့မှန်း နားလည်လိုက်သည်။ ဒါကြောင့် သူမလဲ ကုနင်းကို ကျေးဇူးတင်စကားပြောကာ ထွက်သွားလိုက်တော့သည်။

ကုနင်းကသာ ဟဲယီရှီကို ကန်ခဲ့သူဖြစ်တာကြောင့် ဟဲယီရှီလဲ ဟဲစစ်ရင်ထွက်သွားသည်ကို တားမနေတော့ပေ။ ဟုန်ယွဲ့ဖေးက ကုနင်းကို အာရုံစိုက်နေမှန်းလဲ သူမသိပေမည့် ကုနင်းကို ထွက်သွားခွင့်မပေးချင်သေးပေ။

“မင်းက ဒီမှာမွေးတာမဟုတ်ဘူးနဲ့တူတယ်?” ရုတ်တရက် ဟုန်ယွဲ့ဖေးက မေးလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ခန်းမထဲမှလူများစွာက အထင်သေးစွာကြည့်လာကြသည်။ HKနိုင်ငံသားတို့သည် တခြားနိုင်ငံများကလူတွေဆိုလျှင် သူတို့ထက် ဆင်းရဲသည်ဟု တွေးထားကြတာကြောင့် တခြားနိုင်ငံများမှလူများကို သဘောမကျကြပေ။

HKသည် စီးပွားရေးပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မားပေမည့် အိမ်ရာဈေးမြင့်မားသည့် သေးငယ်သည့်မြို့လေးတစ်မြို့သာဖြစ်သည်။ လူများစွာမှာ သေတ္တာအရွယ်နေရာကျဉ်းလေးများတွင် နေကြရပြီး အလွန်ချမ်းသာသည့်လူများသည်သာ အိမ်ကြီးကြီး သို့မဟုတ် အိမ်တော်များကို ဝယ်နိုင်ကြသည်။

ထို့ကြောင့် တခြားနိုင်ငံမှလူပေါင်းများစွာသည်လဲ HKနိုင်ငံသားတွေက သူတို့ကိုယ်သူတို့ ဘာလို့များတခြားသူတွေထက်သာသည်ဟု တွေးနေကြလဲဆိုသည်ကို နားမလည်နိုင်ကြပေ။

“သွားရအောင်!” ကုနင်းက ကောင်းယိနှင့်ချောင်ယကို ပြောလိုက်ကာ ချက်ချင်းထွက်သွားတော့သည်။ သူမ အစကနေအဆုံးအထိ ဟုန်ယွဲ့ဖေးဘက်ကို အကြည့်တစ်ချက်ကလေးတောင် မပေးခဲ့ပေ။

“အဲ့ဒီမှာရပ်စမ်း!” ဟုန်ယွဲ့ဖေးလှမ်းအော်လိုက်တော့သည်။

သို့ပေမည့် ကုနင်းက မရပ်သွားဘဲ ဟုန်ယွဲ့ဖေး ခေါ်နေသည့်လူက သူမ,မဟုတ်သလို ပြုမူနေသည်။

ဟုန်ယွဲ့လေးလဲ ချက်ချင်းပင် ဟဲယီရှီကို လွှတ်ချလိုက်တာကြောင့် ဟဲယီရှီမှာ လဲကျတော့မလိုဖြစ်သွားပေမည့် စိတ်ထဲမထားပေ။ ဟုန်ယွဲ့ဖေး ဒေါသထွက်သွားသည်နှင့် ထိုမိန်းကလေး သေချာပေါက် ပညာပေးခံရတော့မည်မှန်း သူမသိနေသည်။

ဟုန်ယွဲ့ဖေးက ကုနင်းရှေ့သို့အမြန်ကျော်တက်ကာ လမ်းကိုပိတ်ရပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပဲ ကောင်းယိကလဲ ကုနင်းနှင့်ဟုန်ယွဲ့ဖေးတို့ကို ခွဲရန်အတွက် ကုနင်းရှေ့တွင်ဝင်ရပ်လိုက်သည်။

ဟုန်ယွဲ့ဖေး မကျေမနပ်နှင့် ဆာလောင်နေသည့်ဝံပုလွေတစ်ကောင်လို့ ကုနင်းကို စိုက်ကြည့်လိုက်ကာ၊ “မင်းကများ ငါ့ကိုလျစ်လျူရှုရဲတယ်ပေါ့? ငါဘယ်သူလဲမသိဘူးလား? ငါ့ကိုဒေါသထွက်အောင်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို မင်းခံနိုင်မှာမဟုတ်ဘူးနော်။”

ကုနင်း သူ့ကို အမူအရာမဲ့ပြန်စိုက်ကြည့်လာတာကြောင့် ဟုန်ယွဲ့ဖေး တစ်နည်းတစ်ဖုံ ဖိအားများသွားရသည်။

“တကယ်လား? ငါမင်းကို စိတ်တိုအောင်လုပ်မိသွားတာလား?” ကုနင်းအေးစက်စက်သာမေးလိုက်သည်။ သူမပုံစံက ဟုန်ယွဲ့ဖေး၏မိသားစုနောက်ခံကို နည်းနည်းလေးမှကြောက်ဟန်မရပေ။

“မင်း…” ဟုန်ယွဲ့ဖေး ရုတ်တရက်ကြောင်အသွားရသည်။ “မင်း ငါ့မိန်းကလေးကို ကန်လိုက်တယ်!”

“ဟုတ်တယ်လေ၊ ငါ မင်းရဲ့မိန်းကလေးကို ကန်လိုက်တာ၊ မင်းကိုမဟုတ်ဘူး။ ဒီတော့ မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းရဲ့မိန်းကလေး ဒေါသထွက်နေတယ်ဆိုရင် သူ့ကိုငါနဲ့လာရှင်းခိုင်းလိုက်။ ပြီးတော့ မင်းရဲ့မိန်းကလေးကအရင် အစောကမိန်းကလေးကို ခလုတ်တိုက်မိအောင်လုပ်တာလေ။ ငါကသူ့လုပ်ရပ်အတွက် သင်ခန်းစာပြန်ပေးလိုက်ရုံပဲ။”

ဟုန်ယွဲ့ဖေး ဘာပြန်ပြောလို့ပြောရမှန်း မသိဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဟဲယီရှီ စိတ်မရှည်တော့ပေ။ “ယွဲ့ဖေး၊ ကျွန်မက ရှင့်ရဲ့မိန်းကလေးနော်။ သူ ကျွန်မကို တမင်ကန်လိုက်တယ်ဆိုတာ ရှင့်ကိုမလေးစားတာ၊ ထျန်းတိဟွေ့ကို အရှက်ရစေတာပဲ!”

ထိုစကားကို ဟုန်ယွဲ့ဖေးလဲ လက်ခံသည်။

“ကဲပါ၊ မင်းသာ ငါ့အပျော်မယားလေးလုပ်ချင်စိတ်ရှိရင်၊ မင်းကိုခွင့်လွှတ်ပေးလိုက်ပါ့မယ်၊ မဟုတ်ရင်တော့ မင်းလဲ ပြန်ပြီးသင်ခန်းစာအပေးခံရမယ်။” ဟုန်ယွဲ့ဖေးက ကုနင်းအနားသို့တိုးကာ ခြိမ်းခြောက်လိုက်သည်။

တစ်ဖက်မှ ဟဲယီရှီသည်တော့ ဟုန်ယွဲ့ဖေးက ထိုမိန်းကလေးကို စိတ်ဝင်စားနေသေးတာကြောင့် လွန်စွာဒေါသထွက်နေတော့သည်။

“မင်းဘာများလုပ်နိုင်လဲ၊ ပြကြည့်လေ။” ကုနင်း၏လေသံက ရေခဲတမျှအေးစက်လို့နေသည်။ သူမ ထျန်းတိဟွေ့နှင့်ပြဿနာမဖြစ်လိုသော်လည်း စိန်ခေါ်လာလျှင်တော့ တုံ့ဆိုင်းနေမည့်သူမဟုတ်ပေ။

“သခင်လေးဟုန်၊ ဒီနေရာမှာ ပြဿနာမရှာပါနဲ့။ ဒါက ကုန်းဟောင်ဟိုတယ်ပါ။ မင်းသာ ငါ့စီးပွားရေးကိုထိခိုက်စေမယ်ဆိုရင် ခေါင်းဆောင်ဟုန်နဲ့တိုက်ရိုက်စကားပြောနေရမှာစိုးတယ်။” ဟုန်ယွဲ့ဖေး ကုနင်းကိုဘာမှမလုပ်နိုင်သေးခင်တွင်ပဲ အမျိုးသားသံတစ်သံက သူ့ကိုဟန့်တားလိုက်သည်။

ဟိုတယ်အဝင်ပေါက်မှနေပြီး အသက်၂၇နှစ်အရွယ်အမျိုးသားတစ်ဦး လှမ်းလျှောက်ဝင်လာခဲ့သည်။ ထိုလူသည် ဤဟိုတယ်၏ပိုင်ရှင် သို့မဟုတ် မန်နေဂျာတစ်ဦးဖြစ်ပုံရသည်။

“အိုး၊ တိုက်ဆိုင်လိုက်တာ၊ သခင်လေးကုန်း!” ထိုလူကိုမြင်လိုက်သည်နှင့် ဟုန်ယွဲ့ဖေး၏အမူအရာပြောင်းလဲသွားသည်။ ထိုလူကို သူရိုကျိုးနေခြင်းမဟုတ်သော်လည်း အလွန်ယဉ်ကျေးကာ ပြောဆိုနေသည်။ ဟုန်ယွဲ့ဖေး ဘယ်လောက်ပဲ မောက်မာသည်ဆိုဆို သူ့အဖေကိုတော့ ကြောက်ရသူဖြစ်သည်။ သူ့အဖေသာ သူ ကုန်းဟောင်ဟိုတယ်တွင် ပြဿနာရှာမှန်း သိသွားပါက သူသာအပြစ်တင်ခံရပေလိမ့်မည်။

ကုန်းဟောင်ဟိုတယ်ကို HKမှ ထိပ်တန်းအချမ်းသာဆုံးမိသားစုဖြစ်သည့် ကုန်းမိသားစုမှပိုင်ဆိုင်ပေသည်။ ထျန်းတိဟွေ့တောင်မှ ကုန်းမိသားစုအပေါ် လေးစားမှုအချို့ပြပေးရသည်။

သခင်လေးကုန်းသည် ကုန်းမိသားစု၏ဒုတိယသား ကုန်းကျီဟန်ဖြစ်ကာ အမွေဆက်ခံသူလဲဖြစ်သည်။

ကုန်းမိသားစုတွင် ဩဇာအာဏာရှိသူအများအပြားရှိကာ ကုန်းကျီဟန်၏အစ်ကိုကြီးဆိုလျှင် နိုင်ငံတကာမှုခင်းရဲအဖွဲ့မှခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစ်မဆိုလျှင် နိုင်ငံရေးလောကမှ အရေးကြီးနေရာကိုရထားသူဖြစ်သည်။

HKရှိချမ်းသာကြွယ်ဝသူမျိုးဆက်သစ်တိုင်း ကုန်းမိသားစု၏အမွေခံကုန်းကျီဟန်အကြောင်း ကြားဖူးကြကာ ဘယ်သူကမှ သူ့ကိုဆန့်ကျင်သည့်လုပ်ရပ်မျိုး မလုပ်ရဲကြပေ။

“သခင်လေးဟုန်၊ မင်းရဲ့ပြဿနာကို အပြင်ဘက်မှာပဲရှင်းပေးပါ။” ကုန်းကျီဟန်က ပြောလိုက်ပြီးနောက် မထွက်သွားခင် ကုနင်းဘက်ကို တစ်ချက်ကြည့်သွားသေးသည်။

ကုန်းကျီဟန်ထွက်သွားသည်နှင့် ဟုန်ယွဲ့ဖေး၏ မကောင်းသည့်စရိုက်က ပြန်ပေါ်လာပြန်သည်။ “ဒီပြဿနာကို ရှင်းဖို့ အပြင်ကိုသွားကြတာပေါ့!” သူက ကုနင်းကို စိုက်ကြည့်ကာပြောလိုက်သည်။

ထိုအခါ ကုနင်းက အထင်သေးသည့်အသံဖြင့်၊ “မင်းတစ်ယောက်တည်း ငါတို့သုံးယောက်ကို တိုက်ခိုက်မှာသေချာပြီလား?”

***

အခန်း ၈၅၇ ပင်လယ်ရေအောက်မှထူးဆန်းသည့်သင်္ဘော

ဟုန်ယွဲ့ဖေးလဲ ကုနင်း၏အပြောကြောင့် သူမဘေးမှလူနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သည်။ သူကိုယ်တိုင်က ဂိုဏ်းစတားတစ်ယောက်ဖြစ်သလို ငယ်စဉ်ကတည်းက တိုက်ခိုက်ရေးနည်းလမ်းများကို လေ့ကျင့်ထားခဲ့သူဖြစ်တာကြောင့် ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အတိုက်အခိုက်ကောင်းလောက်မှန်း တန်းသိလိုက်သည်။

သူတို့နှစ်ဦး၏အရည်အချင်းက သူ့ထက်ပိုသားနေမလားဆိုတာကို သူမသိတာတောင်မှ အနိုင်ရဖို့ ယုံကြည်ချက်မရှိတော့ပေ။ ထို့အပြင် ယနေ့မှ သူ့သက်တော်စောင့်များကိုလဲ မခေါ်လာမိခဲ့ပေ။

ဟုန်ယွဲ့ဖေး တွန့်ဆုတ်နေတော့သည်။

ထိုပုံစံကြောင့် ဟဲယီရှီစိုးရိမ်လာကာ၊ “သူက ထျန်းတိဟွေ့ခေါင်းဆောင်ရဲ့ ဒုတိယသားပဲ၊ ထျန်းတိဟွေ့ဆိုတာ ဘယ်လောက်တောင် အာဏာရှိလဲဆိုတာ နင်တို့သိသင့်တယ်! နင်တို့ သူ့ကိုထိခိုက်အောင်လုပ်ရဲရင်၊ ထျန်းတိဟွေ့က နင်တို့ကို ဒီအတိုင်းလွှတ်ပေးလိုက်မှာမဟုတ်ဘူး။”

ထိုစကားကြောင့် ဟုန်ယွဲ့ဖေး၏လေသံကလဲ ပြန်ကျယ်လာကာ ထောက်ခံလိုက်သည်။ “ဟုတ်တယ်၊ ငါ့အဖေက ထျန်းတိဟွေ့ခေါင်းဆောင်ပဲ၊ မင်းတို့ ငါ့ကိုထိခိုက်အောင်လုပ်ရဲရင်၊ ထျန်းတိဟွေ့က သေချာပေါက် ပြန်လက်စားချေလိမ့်မယ်။”

ထိုအခိုက်အတန့်တွင် ကုနင်းသည်တော့ ဟုန်ယွဲ့ဖေး မိုက်မဲလွန်းသည်ဟု မတွေးမိဘဲမနေနိုင်ပေ။ သူက ထျန်းတိဟွေ့ရဲ့သားဖြစ်နေတဲ့အချက်ကိုတောင် ဟဲယီရှီ ကူညီထောက်ပြပေးသည်ကို လိုနေသေးသည်။ ဟုန်ယွဲ့ဖေးရဲ့ ချစ်သူကောင်မလေးဖြစ်လာဖို့ ဟဲယီရှီတော်တော်ကြိုးစားခဲ့ရမှာပဲ။ ဒါပေမယ့်လဲ ဒီလိုခြိမ်းခြောက်စကားလောက်ကတော့ ကုနင်းအတွက် ကလေးကစားကွက်လို့သာ ထင်မိသည်။

“မင်းတို့တွေ အခုချိန်ထိဆို ထျန်းတိဟွေ့ဆိုတဲ့နာမည်အကြောင်း ပြောလာတာ ဘယ်နှကြိမ်တောင်ရှိနေပြီလဲ၊ ဒီလောက်နဲ့ ငါကြောက်နေမယ်လို့ ထင်နေတာလား?” ကုနင်း သူတို့နဲ့တော်တော်လေး အချိန်ဖြုန်းမိနေပြီဖြစ်တာကြောင့် အခုလောလောဆယ် မြန်မြန်ထွက်သွားချင်နေပေပြီ။

“တိုက်ချင်တယ်ဆိုလဲ အပြင်ထွက်တိုက်ကြတာပေါ့။” ကုနင်းစိတ်မရှည်တော့ဘဲ ပြောပြီးသည်နှင့် အပြင်အရင်ထွက်သွားတော့သည်။

သို့ပေမည့် ဟုန်ယွဲ့ဖေးသည်တော့ တွန့်ဆုတ်နေစဲပင်။ ဟဲယီရှီလဲ ကုနင်းတို့က တကယ်ပဲ ဟုန်ယွဲ့ဖေးကို ထိခိုက်အောင် လုပ်ကြလိမ့်မည်စိုးတာကြောင့် ဘာစကားမှထက်မပြောတော့ပေ။

ဟုန်ယွဲ့ဖေး ဘယ်လောက်ပဲ ကုနင်းနှင့်မတိုက်ခိုက်ချင်ဘူးဆိုလျှင်တောင်မှ ခန်းမထဲမှလူများစွာက သူ့ကိုကြည့်နေကြတာကြောင့် ထျန်းတိဟွေ့၏ဒုတိယသားအနေနှင့် စိန်ခေါ်မှုကို လက်ခံမှဖြစ်ပေတော့မည်။ ထို့ကြောင့် ဟုန်ယွဲ့ဖေးလဲ ကုနင်းနောက်လိုက်သွားကာ ပွဲကြည့်သူများစွာကလဲ သူတို့တိုက်ပွဲကိုကြည့်ဖို့ရန်အတွက် အပြင်သို့လိုက်ထွက်လာကြသည်။

ဟဲယီရှီ၏ခြေကျင်းဝတ်က နာကျင်နေတာကြောင့် သူမခြေထောက်ပေါ်သူမ ကောင်းစွာမရပ်နိုင်ပေ။ ဒါကြောင့် ဧည့်ကြိုမိန်းကလေးကို ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။ “နင့်မျက်လုံးကန်းနေလား? ငါ့ခြေကျင်းဝတ်ထောက်လို့မရတာ မမြင်ဘူးလား? လူနာတင်ယာဉ်ခေါ်လိုက်လေ!”

ဒီတော့မှ ဧည့်ကြိုမိန်းကလေးလဲ ချက်ချင်းပင် လူနာတင်ယာဉ်ခေါ်လိုက်ကာ ဟဲယီရှီကို အနားရှိဆိုဖာတွင်ထိုင်နိုင်ဖို့ရန် သွားတွဲကူရတော့သည်။

အပြင်ဘက်တွင်တော့၊

ကုနင်း ဟုန်ယွဲ့ဖေးကို မေးလိုက်သည်။ “သေချာပြီလား?”

“စကားတွေများပြီး အချိန်ဖြုန်းမနေနဲ့၊ စလိုက်ကြတာပေါ့!” ဟုန်ယွဲ့ဖေး ပြောပြီးသည်နှင့် ချက်ချင်းပင် ကုနင်းကို လက်ဦးမှုယူကာ စတင်တိုက်ခိုက်တော့သည်။

ကုနင်းနှင့်ချောင်ယတို့နှစ်ယောက်လုံးက ငြိမ်ငြိမ်လေးရပ်နေကြပြီး ကောင်းယိကသာ ဟုန်ယွဲ့ဖေးနှင့်တိုက်ခိုက်ရန် လှုပ်ရှားလိုက်သည်။ သူတစ်ယောက်နှင့်ပင် ဟုန်ယွဲ့ဖေးကို အနိုင်ယူဖို့ လုံလောက်နေပေပြီ။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဟုန်ယွဲ့ဖေးကို မြေပေါ်မှမထနိုင်သည်အထိ အနိုင်တိုက်လိုက်တော့သည်။

သာမာန်လူများအမြင်တွင်တော့ ဟုန်ယွဲ့ဖေး၏ တိုက်ခိုက်မှုစွမ်းရည်သည် အတော်လေးကောင်းနေပြီဖြစ်ပေမည့် ကောင်းယိအမြင်တွင်တော့ ပြောပလောက်သည့်အရည်အချင်းမဟုတ်ပေ။

ပွဲကြည့်နေသူများမှာတော့ အချိန်တိုလေးအတွင်းဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့် ထိတ်လန့်နေကြတော့သည်။ ဟုန်ယွဲ့ဖေးကိုယ်တိုင်တောင်မှ ကောင်းယိက သူ့ကို အခုလိုအချိန်တိုလေးအတွင်း အနိုင်ယူသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့တာကြောင့် လွန်စွာအရှက်ရကာ ဒေါသထွက်လာတော့သည်။

“သွားရအောင်!” ကုနင်း အထင်သေးသည့်အမူအရာဖြင့် ဟုန်ယွဲ့ဖေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းယိနှင့်ချောင်ယကိုခေါ်ကာ ထွက်သွားတော့သည်။

ဟုန်ယွဲ့ဖေး မကျေနပ်သော်လည်း သူဘာမှမလုပ်နိုင်တာကြောင့် ကုနင်းတို့ကို ပြန်လက်စားချေဖို့သာ စိတ်ထဲတွင်တေးမှတ်ထားလိုက်တော့သည်။

ဟုန်ယွဲ့ဖေး အလဲထိုးခံလိုက်ရသည့် သတင်းဆိုးကိုကြားလိုက်သည်နှင့် ဟဲယီရှီလဲ ဝန်ထမ်းမိန်းကလေးနှစ်ဦးအကူအညီနှင့် အပြင်ဘက်သို့ထွက်လာခဲ့သည်။ သူမခြေထောက်က လှုပ်ရှားလိုက်သည်နှင့် အလွန်နာကျင်နေသော်လည်း ဟုန်ယွဲ့ဖေးကို သူမဘယ်လောက်ဂရုစိုက်ကြောင်း ပြသဖို့လိုနေသေးသည်။ ထို့ကြောင့် ဟဲယီရှီလဲ စိတ်မပါစွာနှင့်အပြင်သို့ထွက်လာရသည်။ သူမအပြင်ရောက်ချိန်တွင်တော့ ဟုန်ယွဲ့ဖေးက မြေပေါ်တွင်ခြေပစ်လက်ပစ်ထိုင်နေခဲ့သည်။

“ယွဲ့ဖေး၊ အဆင်ပြေရဲ့လား?” ဟဲယီရှီ စိုးရိမ်မှုအပြည့်နှင့်မေးလိုက်သော်လည်း ဟုန်ယွဲ့ဖေးထံမှ ဒေါသတကြီးတုံ့ပြန်မှုကိုသာ ပြန်ရခဲ့သည်။

“မင်းမျက်လုံးကန်းနေလား? ငါဒဏ်ရာရထားတာမမြင်ဘူးလား?”

ဟဲယီရှီ ဒေါသထွက်သွားပေမည့် ဘာမှမပြောခဲ့ပေ။

မကြာခင်တွင်ပဲ လူနာတင်ယာဉ်တစ်စီးရောက်လာကာ ဟဲယီရှီနှင့်ဟုန်ယွဲ့ဖေးတို့ကို ဆေးရုံသို့ခေါ်သွားတော့သည်။

……….

၇မိနစ်လောက်ကြာပြီးနောက်တွင် လီမြောင်စုန့်တို့သူငယ်ချင်းအုပ်စုနေထိုင်ရာ ဟိုတယ်သို့ ကုနင်းတို့အဖွဲ့ ရောက်သွားခဲ့ကာ အားလုံးသီးသန့်ခန်းထဲတွင် စုလိုက်ကြသည်။

လီမြောင်စုန့်၊ စွင်းချောင်၊ ကျောက်ကျန်းချွမ် နှင့်‌ ကောယိယန်တို့အားလုံးသည် တစ်ဖွဲ့တည်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြတာကြောင့် အခန်းထဲတွင်ရှိနေကြသည်။

“ဟိုင်း၊ မိန်းကလေးကု!”

“ထိုင်ကြပါ။”

ကုနင်း ပေါ်လာသည်နှင့် အားလုံးက မတ်တပ်ပင်ရပ်ကာ စိတ်အားထက်သန်စွာ ကြိုဆိုကြသည်။

ကုနင်း အားလုံးကို အပြုံးလေးဖြင့် ပြန်နှုတ်ဆက်ပြီးနောက် ကောင်းယိနှင့်ချောင်ယတို့ခြံရံကာ ထိုင်လိုက်သည်။

“မိန်းကလေးကု၊ သူတို့တွေက?” ကောင်းယိနှင့်ချောင်ယကို ကြည့်ကာ လီမြောင်စုန့်မေးလိုက်သည်။ သူတို့က လျှို့ဝှက်အကြောင်းအရာများကို ပြောဆိုကြမည်ဖြစ်တာကြောင့် ရှိနေသည့်လူစိမ်းနှစ်ဦးက ယုံကြည်ရသည့်လူဖြစ်စေဖို့ သေချာစေရန် မေးလိုက်ခြင်းဖြစ်သည်။

ကုနင်းလဲ လီမြောင်စုန့်သဘောကို နားလည်တာကြောင့် ပြုံးလိုက်သည်။ “သူတို့က ကျွန်မရဲ့သက်တော်စောင့်တွေပါ။ စိတ်မပူပါနဲ့။”

“ကောင်းပါပြီ။”

“မိန်းကလေးကု၊ အကြောင်းကတော့ ပင်လယ်ရေအောက်မှာ စွန့်စားခရီးသွားရတာကြိုက်တဲ့ ငါ့သူငယ်ချင်းတစ်ယောက်က HKရဲ့အနောက်ဘက် ၁၀ကီလိုမီတာအကွာမှာ ပင်လယ်ကြမ်းပြင်အထိ စွန့်စားခရီးထွက်ခဲ့တယ်။ အဲ့ဒီမှာ ဆယ်စုနှစ်တော်တော်ကြာလောက်က နစ်မြုပ်ထားတဲ့ သင်္ဘောတစ်စီးကို သူတို့ရှာတွေ့ခဲ့ကြတယ်။ အထဲမှာ ရှေးဟောင်းပစ္စည်းအစစ်တွေရှိလောက်မယ်လို့ ငါထင်ပေမယ့် ဘယ်သူကမှ အဲ့ဒီသင်္ဘောနားအထိ မကူးနိုင်ကြဘူး။” လီမြောင်စုန့်က မျက်မှောင်ကြုတ်ကာ ရှင်းပြနေသည်။

“ငါ့သူငယ်ချင်းက အဲ့နားနီးတဲ့အထိ ကူးသွားတဲ့အချိန်မှာပဲ သူ့ကို အားကောင်းတဲ့အရာတစ်ခုခုက ပြန်တွန်းလွှတ်လိုက်တယ်။”

ကုနင်း ထိုအရာက သရဲများဖြစ်လောက်မလားဟု တွေးမိသွားသည်။ လီမြောင်စုန့်တို့အုပ်စုတွင်လဲ ထိုအတွေးမျိုးရှိကြသည်။ ဇွန်ဘီကိုပင် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရတာကြောင့် သရဲများရှိသည်ကိုလဲ စတင်ယုံကြည်နေကြသည်။

ထို့နောက် ကျောက်ကျန်းချွမ်းက “သတင်းကြားလိုက်ကတည်းက ငါတို့အတွေးတူကြတာကြောင့် မင်းကိုမပြောခင် အရင်ဆုံးသွားစစ်ဆေးကြည့်ဖို့ စီစဉ်ထားကြတာ။”

“ပစ္စည်းအစစ်တွေရှိနိုင်ချေများပါတယ်၊ ဒါပေမယ့် ကျွန်မတို့ကိုယ်တိုင်သွားကြည့်ဖို့တော့ လိုမယ်။” ကုနင်းလဲ အလွန်စိတ်ဝင်စားသွားတာကြောင့် လီမြောင်စုန့်တို့နှင့်အတူ လိုက်သွားဖို့တွေးလိုက်သည်။

***

အခန်း ၈၅၈ မင်းသွားရှုပ်လို့ရတဲ့လူမဟုတ်ဘူး

အစတုန်းကတော့ လီမြောင်စုန့်တို့အဖွဲ့မှာ သူတို့ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေကြပေမည့် ကုနင်းပါ သူတို့နှင့်အတူလိုက်မည်မှန်း သိရသည်နှင့် စိတ်အေးသွားတော့သည်။ ကုနင်းသာဆိုလျှင် သူတို့အပြည့်အဝယုံကြည်ပေသည်။

“မိန်းကလေးကု၊ ဒီသတင်းတွေကို ငါ့သူငယ်ချင်းစီကနေ ကြားခဲ့တာဆိုတော့ သူနဲ့သူ့သူငယ်ချင်းတွေပါ ငါတို့နဲ့အတူသွားကြမှာ။ တန်ဖိုးရှိတာတစ်ခုခုရှာတွေ့ရင် သူတို့လဲ ငါတို့နဲ့အတူခွဲယူကြမယ်။ မင်းအဆင်ပြေရဲ့လား?” လီမြောင်စုန့်မေးလိုက်သည်။

“ရတာပေါ့။”

တကယ်တော့ သင်္ဘောထဲတွင် တကယ်အဖိုးတန်သည့်ပစ္စည်းများရှိနေလျှင် ကုနင်း အရင်ဆုံး ထိုပစ္စည်းများကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားလိုက်လို့ရကာ ကျန်သည့်ရှေးဟောင်းပစ္စည်းတွေကိုမှ သူတို့နှင့်ခွဲဝေလို့ရပေသည်။

ကုနင်း၏ရက်ရောတတ်မှုကို သူတို့သိထားသော်လည်း သူမထံမှသဘောတူညီချက်ကို ထပ်မေးကြည့်ကြခြင်းဖြစ်သည်။

“ငါတို့ မနက်ဖြန်မနက်၇နာရီ ဒီဟိုတယ်မှာဆုံကြတာပေါ့၊ မင်း ဒီမှာပဲ ငါတို့ကိုလာတွေ့မလား၊ ဒါမှမဟုတ် လာကြိုပေးရမလား?”

“မနက်ဖြန် ၇နာရီမတိုင်ခင် ကျွန်မတို့ ဒီမှာပဲစုံကြတာပေါ့။”

ထိုသို့ဖြင့် ညှိနှိုင်းမှုပြီးစီးသွားသည်။

အရေးကြီးစီးပွားရေးကိစ္စများကိုပြောပြီးနောက် သာမာန်စကားဝိုင်းကိုစတင်ကြသည်။ ထိုအချိန်တွင်ပဲ ကောယိယန်က စိတ်လှုပ်ရှားနေဟန်ဖြင့်၊ “မိန်းကလေးကု၊ ငါဒီရက်တွေအတွင်း အင်တာနက်ပေါ်မှာ မင်းအကြောင်းသတင်းတွေအများကြီးဖတ်ခဲ့ရတယ်။ မင်းရဲ့အောင်မြင်မှုတွေက တကယ်ကို လေးစားမိစေတာပဲ။”

“အဟုတ်ပဲ! မိန်းကလေးကု၊ မင်းမလုပ်နိုင်တဲ့အရာကော ရှိသေးရဲ့လား?” ကျောက်ကျန်းချွမ်ကပါ စနောက်လိုက်သည်။

ကုနင်းပြုံးလိုက်ကာ၊ “ကျွန်မက သာမာန်လူအများစုထက် တချို့အရာတော်တော်များများမှာ ပိုတော်နေရုံပါ အရာရာတိုင်းလုပ်နိုင်တယ်လို့တော့ မဆိုလိုပါဘူး။”

“မင်းမိဘတွေကတော့ မင်းအတွက်အရမ်းဂုဏ်ယူနေကြရမှာပဲ။” လီမြောင်စုန့်မှာ ထိုစကားပြောပြီးနောက် သူ့ဇနီးနှင့်သမီးလေးအကြောင်းတွေးမိကာ ဝမ်းနည်းသွားတော့သည်။ သူလဲ ချစ်ရသည့်မိသားစုရှိချင်ပေမည့် လွန်ခဲ့သည့်၁၀နှစ်ကပဲ ကားတိုက်မှုတစ်ခုကြောင့် သူချစ်ရသည့် သမီးနှင့်ဇနီးကို ဆုံးရှုံးလိုက်ရသည်။ ထိုစိတ်ဒဏ်ရာကိုကုစားဖို့ သူ့အတွက်အချိန်များစွာလိုအပ်ခဲ့သည်။

သူ့မှာပြုစုစောင့်ရှောက်ပေးရမည့် သက်ကြီးရွယ်အိုမိဘနှစ်ပါးကလဲ ရှိနေသေးတာကြောင့်သာ သူ့ဘဝကိုကြံကြံခိုင်ကာ အသက်ဆက်ရှင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့ရဲ့ကွယ်လွန်ပြီးသားဇနီးကို ချစ်နေသေးတာကြောင့် ဘယ်တော့မှ ထပ်ပြီးလက်မထပ်ခဲ့ပေ။

လီမြောင်စုန့်သည် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့သည့် ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်ခဲ့သော်လည်း ထိုဆိုင်က အမြတ်မရခဲ့ပေ။ နောက်တော့ သူ့ဖခင် ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ခဲ့ကာ ဆေးဖိုးငွေအမြောက်အမြားကုန်ကျခဲ့တာကြောင့် ငွေရှာဖို့အတွက် ဂူသင်္ချိုင်းဖောက်ထွင်းသူဖြစ်လာခဲ့ခြင်းဖြစ်သည်။

အခုတော့ သူ့မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာနှင့် ကောင်းမွန်စွာနေထိုင်နေကြပေမည်။

…………

ခဏလောက်ဆက်နေပြီးနောက် ကုနင်းတို့ပြန်လာခဲ့ကြသည်။

သူတို့ ဟိုတယ်ထဲသို့ဝင်ခါနီးတွင်ပဲ လူမိုက်တစ်စုက သူတို့ကိုဝန်းရံထားလိုက်ကြသည်။

ထိုလူများကို ဟုန်ယွဲ့ဖေးလွှတ်လိုက်ခြင်းဖြစ်မည်မှန်း ကုနင်းတန်းသိလိုက်သည်။

တစ်ချက်လေးပင် မဆိုင်းဘဲ ထိုလူမိုက်များဘက်က ကုနင်း၊ ချောင်ယနှင့်ကောင်းယိတို့ကို စတင်တိုက်ခိုက်လာကြကာ အတိုက်အခိုက်လဲမဆိုးကြပေ။

ဟုန်ယွဲ့ဖေးသည် တုံးအသူမဟုတ်တာကြောင့် သူမတို့ကို ရိုက်နှက်ရန် ထျန်းတိဟွေ့မှ အရည်အချင်းအရှိဆုံးတိုက်ခိုက်ရေးသမားဒါဇင်ကျော်ကို ပို့လိုက်သည်။ သို့သော်လည်း ကုနင်း၊ ကောင်းယိနှင့် ချောင်ယတို့ကို ယှဉ်နိုင်ဖို့ကတော့ အဝေးကြီးလိုသေးပေသည်။ တစ်မိနစ်အတွင်းမှာပဲ သုံးယောက်သား ထိုလူမိုက်တစ်စုလုံးကို အနိုင်ယူလိုက်ကြသည်။

ထိုလူများမှာ သူတို့ဒီလောက်မြန်မြန် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားတာကြောင့် ကြောင်အနေကြတော့သည်။

…………

ကုန်းဟောင်ဟိုတယ်၏၁၆လွှာမှ အခန်းတစ်ခန်းတွင်တော့ ပြင်သစ်မှန်ပြတင်းပေါက်ရှည်နားတွင် အမျိုးသားနှစ်ယောက်မတ်တပ်ရပ်နေကာ အောက်ဘက်ရှိမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။

တစ်ယောက်ကတော့ ကုနင်းနှင့် ခန်းမထဲတွင်ဆုံခဲ့သည့် ကုန်းကျီဟန်ဖြစ်ကာ ကျန်တစ်ယောက်သည်တော့ သာမာန်ထက်ထူးကဲကာ ခန့်ညားချောမောသည့်ရုပ်ရည်နှင့် အသက်၃၀အရွယ်အမျိုးသားဖြစ်သည်။ အထူးသဖြင့် ထိုအမျိုးသား၏ရုပ်ရည်သည် ရှုကျန်းချန်နှင့်ဆင်တူလှသည်။ တကယ်တော့ ထိုလူသည် ရှုကျင်းချန်၏အစ်ကို ရှုကျင်းလင်ပင်ဖြစ်သည်။

“မင်းညီဆိုရင်ကော သူတို့ထက်ပိုသာလောက်လား?” ကုန်းကျီဟန်မေးလိုက်သည်။

“သူတို့လှုပ်ရှားတာအရမ်းမြန်လွန်းတယ်။ ပြောဖို့ခက်မယ်။”

ကုနင်းတို့အဖွဲ့လှုပ်ရှားမှုသည် လျင်မြန်လွန်းတာကြောင့် သူတို့အတိုက်အခိုက်ဘယ်လောက်ကောင်းမှန်း မြင်သူတိုင်းကို သိစေနိုင်သည်က အမှန်ပင်။

ရှုကျငန်းချန်ဆိုလျှင် ကောင်းယိနှင့်ချောင်ယကိုတော့ ယှဉ်နိုင်မည်ဖြစ်သော်လည်း ကုနင်းကိုတော့ ဘယ်လိုမှမသာနိုင်ပေ။

……

ကုနင်းတို့ လူမိုက်အုပ်စုကို အလဲထိုးပြီးသည်နှင့် ဟိုတယ်ထဲသို့ဝင်သွားခဲ့သည်။

လူမိုက်ခေါင်းဆောင်သည်တော့ ချက်ချင်းပင် ဟုန်ယွဲ့ဖေးကို ဖုန်းဆက်ကာ အခြေအနေကို တင်ပြလိုက်သည်။

“ဘာ? တကယ်ပြောတာလား? မင်းတို့အားလုံးကို တစ်မိနစ်တည်းနဲ့ အနိုင်ယူသွားတယ်ပေါ့? မင်းတို့က အမှိုက်တွေမို့လို့လား?”

ဟုန်ယွဲ့ဖေး ပိုလို့တောင် ဒေါသထွက်လာတော့သည်။ ကုနင်းတို့အဖွဲ့က ထျန်းတိဟွေ့မှအရည်အချင်းအရှိဆုံးတိုက်ခိုက်ရေးသမားများကို တစ်မိနစ်အတွင်း အနိုင်ယူလိုက်ကာ အံ့ဩဖို့ကောင်းလှသည်!

သူ ထျန်းတိဟွေ့ရဲ့ထိပ်တန်းတိုက်ခိုက်ရေးသမားတွေကို ပို့လိုက်သင့်လား? သို့ပေမည့် ထျန်းတိဟွေ့မှ ထိပ်တန်းတိုက်ခိုက်ရေးသမားများသည် သူ့အဖေနှင့်အစ်ကို၏အမိန့်ကိုသာ လိုက်နာကြသူများဖြစ်သည်။

ဟုန်ယွဲ့ဖေး အလျှော့မပေးချင်သေးတာကြောင့် ချက်ချင်းပင် သူ့အစ်ကိုကို ဖုန်းဆက်လိုက်သည်။

သို့ပေမည့် ဟုန်ယွဲ့ဖေး၏အစ်ကိုကတော့ သူ့ကိုကူညီဖို့ ငြင်းဆန်လိုက်သည့်အပြင် ဖုန်းထဲမှနေပြီး အချိန်အကြာကြီးဆူပူနေတော့သည်။ ဟုန်ယွဲ့ဖေးအကြောင်းကို သူကောင်းကောင်းသိသည်။ ဟုန်ယွဲ့ဖေးသာ တစ်ဖက်လူကို ရန်သွားမရှာလျှင် အခုလို သူဒုက္ခရောက်စရာအကြောင်းမရှိပေ။

တစ်ဖက်မိန်းကလေးက ဟုန်ယွဲ့ဖေး သွားရှုပ်လို့ရသည့်လူမဟုတ်မှန်း သိသာလှသည်။

ထျန်းတိဟွေ့သည်HKမှ အာဏာရှိသည့်ဂိုဏ်းတစ်ခုဖြစ်ခဲ့သော်လည်း အချိန်တွေက ပြောင်းလဲသွားခဲ့ပေပြီ။ သူတို့သာ အစိုးရကို ပြဿနာများစွာရှာခဲ့လျှင် သူတို့လဲ အပြစ်ပေးခံကြရမည်သာ။

အခြေအနေဆိုးဆိုးရွားရွားမဟုတ်လျှင်သာ အစိုးရက မမြင်ချင်ယောင်ဆောင်ပေးမည်ဖြစ်သည်။

***

အခန်း ၈၅၉ ပင်လယ်ထဲမှာ ရတနာရှာ

ယခုခေတ်တွင် ဂိုဏ်းအများစုသည် စီးပွားရေးလုပ်ငန်းများတွင်ပါဝင်နေကြပြီဖြစ်ကာ ပြစ်မှုကျူးလွန်ခြင်းက ရှားပါးသွားပေပြီ။ သို့သော်လည်း သူတို့၏နာမည်ကိုက ဂိုဏ်းဖြစ်နေသေးတာကြောင့် မူးယစ်ဆေး နှင့် လက်နက်များကို ရောင်ဝယ်နေစဲဖြစ်ပေမည့် လမ်းကြောင်းကိုတော့ အထူးပိုလို့ဂရုစိုက်ကြသည်။

ဟုန်ယွဲ့ဖေးဆိုလျှင်လဲ သူ့ဖခင်က အင်အားကြီးဂိုဏ်းကြီး၏ခေါင်းဆောင်ဖြစ်တာကြောင့် ကုနင်းနှင့်ရင်မဆိုင်ရခင်အထိ ဘာမဆို သူလုပ်နိုင်သည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့သည်။

ဟုန်ယွဲ့ဟွမ်က ဟုန်ယွဲ့ဖေးကို သူတို့တစ်မိသားစုလုံးပါ ငြိသွားနိုင်တာကြောင့် ပြဿနာထပ်မရှာဖို့ သတိပေးလိုက်သည်။

ဟုန်ယွဲ့ဖေးကတော့ သူ့အစ်ကို၏အပြုအမူအပေါ် မအံ့ဩမိသော်လည်း အလွန်တရာမကျေမနပ်ဖြစ်နေတုန်းပင်။ သူ့အစ်ကိုနှင့်လဲ ဆက်ပြီး အချေအတင်မပြောရဲတာကြောင့် ရှည်လျားလှသည့် ဆူပူသတိပေးမှုများအပြီးတွင် ဖုန်းချလိုက်တော့သည်။

ဟုန်ယွဲ့ဟွမ်သည် ထျန်းတိဟွေ့၏အမွေဆက်ခံသူဆိုသော်လည်း ဟုန်ယွဲ့ဖေးလို ပြောရဆိုရမခက်သလို ဒေါသကြီးသူလဲမဟုတ်ပေ။ ထိုအစား သူက ကြင်နာတတ်ကာ သိုသိုသိပ်သိပ်နေတတ်သူဖြစ်သည်။

ဟုန်ယွဲ့ဖေး လက်စားချေရာတွင် သူဝင်မကူညီပေးသော်လည်း ကောင်မလေးအကြောင်းကိုတော့ စုံစမ်းမှုများပြုလုပ်ပေဦးမည်။ သူသာ ထိုမိန်းကလေးနှင့် မိတ်ဆွေများဖြစ်နိုင်မည်ဆိုလျှင် မဆိုးလှပေ။

ညအချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖုန်းပြောဖြစ်ခဲ့ကြပေမည့် လင်ရှောင်းထင် စိုးရိမ်နေမည်စိုးတာကြောင့် သူမ မနက်ဖြန်ပင်လယ်ထဲ ရတနာရှာထွက်မည့်အကြောင်းကို မပြောပြခဲ့ပေ။

…….

နောက်တစ်နေ့တွင်တော့ ကုနင်းတို့အဖွဲ့ မနက်၆:၅၀တွင် လီမြောင်စုန့်တို့နှင့်သွားတွေ့ခဲ့သည်။ လူ၇နှစ်ယောက်ဝင်ဆံ့ဖို့ရန်အတွက် MPVတစ်စီးကို စီစဉ်ထားခဲ့ကာ လီမြောင်စုန့်၏မိတ်ဆွေများနှင့်တော့ ပင်လယ်အော်မှာ တွေ့ဖို့ရန် ချိန်းဆိုထားသည်။

လီမြောင်စုန့်က ကုနင်း အရင်က သူတို့ကို ကူညီပေးခဲ့သည့်အကြောင်းများကို သူ့မိတ်ဆွေအားပြောပြထားပြီးဖြစ်တာကြောင့် သူ့မိတ်ဆွေတွေကလဲ ကုနင်းနှင့် တွေ့ဖူးချင်နေကြသည်။ လီမြောင်စုန့်ကိုယ်တိုင် ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်ကြောင်း ပြောပြထားတာကြောင့် သူတို့လဲ မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။

မိနစ်၄၀မျှမောင်းနှင်ပြီးချိန်မှာတော့ ပင်လယ်အော်နားသို့ရောက်ရှိခဲ့ကြသည်။

ပင်လယ်အော်သည် နိုင်ငံ၏အစွန်အဖျားတွင်တည်ရှိတာကြောင့် ဖွံ့ဖြိုးမှုမရှိသေးသော်လည်း လူချမ်းသာများ အပန်းဖြေအနားယူဖို့ရန်အတွက် ဗီလာများ နည်းနည်းပါးပါးရှိသည်။

ကောင်းကင်ပြာနှင့်ပင်လယ်ပြာအတူယှဉ်တွဲနေသည့် မြင်ကွင်းမျိုးဖြစ်တာကြောင့် နေရာမှာ လွန်စွာလှပလှသည်။

သင်္ဘောကျင်းတွင်လဲ ရွက်လှေပေါင်းများစွာ ရပ်ထားသေးသည်။

လီမြောင်စုန့်၏သူငယ်ချင်းတစ်ဦးသည် ဤနေရာတွင် ဗီလာတစ်ခုပိုင်ကာ သူ့ရွက်လှေကိုလဲ ဤနေရာတွင်ပဲ ရပ်ထားသည်။ ပိတ်ရက်များတွင် သူအားလပ်သည်နှင့် ဤနေရာသို့ လာရောက်အပန်းဖြေလေ့ရှိသည်။ ဒီနေ့ကတော့ ဗုဒ္ဓဟူးနေဖြစ်တာကြောင့် လီမြောင်စုန့်နှင့်တွေ့ဖို့ရန် အလုပ်ဖျက်လာရခြင်းဖြစ်သည်။

သူတို့အဖွဲ့က လီမြောင်စုန့်တို့အဖွဲ့ထက် ကြိုတင်ရောက်နေကြကာ ကမ်းခြေတွင်ထိုင်ပြီး နစ်မြုပ်နေသည့်သင်္ဘောအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။

ပြီးခဲ့သည့်ရက်များအတွင်း သတင်းအချက်အလက်ပိုမိုရရှိရန်အတွက် သူတို့ထပ်ပြီးစုံစမ်းဖြစ်ခဲ့ကြသေးသည်။

မတော်တဆမှုကတော့ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့ခြင်းပင်။ ကွန်မန်ဒါဟူ အမည်ရသည့်လူက Fပြည်နယ်မှနေပြီး HKသို့ တစ်မိသားစုလုံးပြောင်းရွှေ့လာခဲ့ပေမည့် HKနားသို့ရောက်ခါနီးမှာပဲ ဆူနာမီနှင့်ကြုံသွားတာကြောင့် သင်္ဘောနစ်သွားရသည်။ သို့သော်လည်း ပင်လယ်သည်က အလွန်ကြီးမားသည့်နေရာမဟုတ်လား။ လူပေါင်းများစွာက နှစ်ပေါင်းများစွာကြအောင် ရတနာရှာဖွေဖို့ လာရောက်ခဲ့ကြသော်လည်း လက်ဗလာနှင့်သာ ပြန်ခဲ့ကြရသည်။

လီမြောင်စုန့်၏သူငယ်ချင်းများကတော့ မတော်တဆဆိုသလို သင်္ဘောကို တွေ့သွားခဲ့ကြသည်။

ကားရောက်လာသည်ကိုမြင်သည်နှင့် လီမြောင့်စုန့်ပဲဖြစ်လောက်မှန်းတွေးမိတာကြောင့် စကားစကိုဖြတ်ကာ ကားဆီသို့လျှောက်လာကြသည်။

“ဟိုင်း၊ မြောင်စုန့်!” နောက်ထပ်လူနှစ်ယောင်နှင့်အတူ လျှောက်လာသည့် အမျိုးသားက လီမြောင်စုန့်ကို နှုတ်ဆက်လိုက်သည်။

“မတွေ့တာတောင်ကြာပြီ၊ ကျောက်ရွှမ်။” လီမြောင်စုန့်လဲ ပြန်လည်ပြုံးပြလိုက်ကာ၊ “ငါမင်းကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါကတော့ ငါပြောပြဖူးတဲ့ မိန်းကလေးကုပဲ။ မိန်းကလေးကု၊ ဒါကတော့ ငါ့သူငယ်ချင်း ရှန်ကျောက်ရွှမ်။ မင်းစိတ်မရှိရင် သူ့ကို ဦးလေးရှန်လို့ခေါ်လို့ရတယ်။”

ရှန်ကျောက်ရွှမ်သည် အသက်၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဆိုသော်လည်း အားကစားလိုက်စားသူဖြစ်တာကြောင့် မူရင်းအသက်ထက် ပိုလို့နုပျိုသည်။ သူ့နောက်မှ နောက်ထပ်အမျိုးသားနှစ်ဦးသည်လဲ အသက်၃၀ကျော်များဖြစ်လောက်သည်။

“မင်္ဂလာပါ၊ ဦးလေးရှန်။”

“မင်္ဂလာပါ၊ မိန်းကလေးကု။” ရှန်ကျောက်ရွှမ်ကလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်သည်။ ကုနင်း၏အသက်က အရမ်းငယ်နေရုံနှင့် သူမကိုအထင်သေးသလို မဆက်ဆံပေ။ လီမြောင်စုန့်က ထိုမိန်းကလေး ဘယ်လောက်ထိအံ့ဩဖို့ကောင်းကြောင်း သူ့ကိုပြောပြထားပြီးဖြစ်သည်။ ဒါကြောင့် သူကုနင်းကို မယုံလျှင်တောင်မှ လီမြောင်စုန့်ကို ယုံတာကြောင့် လီမြောင့်စုန့်မျက်နှာထောက်ကာ ကုနင်းကို ယဉ်ကျေးစွာဆက်ဆံပေးသည်။

ထို့နောက် အားလုံးအချင်းချင်းအပြန်အလှန်နှုတ်ဆက်ကြကာ ရွက်လှေပေါ်သို့တက်ခဲ့ကြသည်။

အားလုံးရွက်လှေပေါ်တွင် ထိုင်လိုက်ကြပြီးနောက် ရှန်ကျောက်ရွှမ်က သူတွေ့ရှိထားသမျှ အချက်အလက်များကို ပြန်ပြောပြသည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီနားတစ်ဝိုက်မှာဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတွေအကြောင်း ငါရှာခဲ့တယ်။ ကွန်မန်ဒါဟူ လို့ခေါ်တဲ့တစ်ယောက်က Fပြည်နယ်ကနေပြီး HKကို တစ်မိသားစုလုံးပြောင်းလာခဲ့ကြတယ်။ ဒါပေမယ့် HKနားရောက်ခါနီးမှာပဲ ဆူနာမီနဲ့တိုးသွားပြီး သူတို့သင်္ဘောနစ်သွားတာ။ သူ့ရဲ့ရာထူးကမြင့်တာကြောင့် သင်္ဘောထဲမှာ တန်ဖိုးကြီးပစ္စည်းတွေအများကြီးပါမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် သင်္ဘောနားကိုကပ်လိုက်တာနဲ့ ထူးထူးဆန်းဆန်းတွေဖြစ်လာရောပဲ။”

လီမြောင်စုန့်တို့အဖွဲ့ကတော့ သရဲများ၊ မကောင်းဆိုးဝါးများဖြစ်လောက်မည်ဟု တွေးမိကြသော်လည်း ရှန်ကျောက်ရွှမ်တို့ကတော့ သရဲများ၊ မကောင်းဆိုးဝါးများကို မျက်မြင်မတွေ့ဖူးဘဲ ယုံကြည်ကြမည့်လူများမဟုတ်တာကြောင့် သူတို့အတွေးများကို မပြောပြခဲ့ပေ။

ကုနင်းသည်လဲ လီမြောင်စုန့်တို့ကို ထိုအကြောင်းလျှို့ဝှက်ထားဖို့ သတိပေးထားသည်။ လူနည်းနည်းပဲသိလေ၊ ပိုကောင်းလေပင်။

ရုတ်တရက်ဆိုသလို ရှန်ကျောက်ရွှမ်က ကုနင်းကို မေးခွန်းတစ်ခုမေးလာခဲ့သည်။ “မိန်းကလေးကု၊ မင်းရော ဒီထူးဆန်းဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဘယ်လိုတွေးလဲ?”

ရှန်ကျောက်ရွှမ်အမြင်တွင်တော့ ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ပေ။ သူမအရမ်းငယ်နေသေးတယ်ဆိုရင်တောင်မှ သူမ၏အပြုအမူများကတော့ အရွယ်ရောက်ပြီးရင့်ကျက်သည့်လူတစ်ဦးလိုပင်။

“ကျွန်မလဲ ဒါမျိုးတွေနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိတော့ မပြောတတ်ဘူး။”

ကုနင်း ထိုသို့ပြောလာပြီဖြစ်တာကြောင့် ရှန်ကျောက်ရွှမ်လဲ ဆက်မမေးတော့ပေ။

ရွက်လှေက မိနစ်၂၀လောက် ရှေ့ဆက်လာပြီးနောက် သူတို့ဦးတည်ရာနေရာသို့ ရောက်ရှိသွားကြသည်။

ဤနေရာကနေဆိုလျှင် ခပ်လှမ်းလှမ်းမှကျွန်းငယ်တစ်ခုကလွဲပြီး နေရာတိုင်းတွင် ပင်လယ်ရေများကသာ ဝန်းရံလို့နေသည်။

ထိုကျွန်းငယ်လေးကို ကုနင်းသတိထားမိသွားသည်နှင့် ရုတ်တရက်ဆိုသလို ဟဲစစ်ရင်ပြောပြဖူးသည့်အကြောင်းတွေးမိသွားသည်။

“အဲ့ဒါဘာကျွန်းလဲ?” ကုနင်းမေးလိုက်သည်။

ထိုအခါ ရှန်ကျောက်ရွှမ်ကပဲ၊ “အဲ့ဒီကျွန်းက မဖွံ့ဖြိုးသေးလို့ နာမည်လဲမရှိသေးဘူး။ ကျွန်းက သိပ်မကြီးဘူး၊ ဘောလုံးကွင်း ၂ကွင်း၊၃ကွင်းစာလောက်ပဲရှိတာ။ သိပ်မကြာခင်တုန်းကပဲ အဲ့ဒီနားမှာ လူတစ်ချို့ပျောက်သွားဖူးတယ်လို့ ငါတို့ကြားလို့ သိချင်တာနဲ့ သွားကြည့်ဖူးတယ်။ ကျွန်းပေါ်မှာတော့ ရှေးခေတ်မိသားစု ဒါမှမဟုတ် လူမျိုးစုငယ်တစ်ခုက ပိုဆိုင်ပုံရတဲ့ ရှေးကျတဲ့အဆောက်အဦးနည်းနည်းပါးပါးရှိတယ်။”

ထိုစကားကြောင့် ပျောက်ဆုံးသွားသည့်လူများမှာ ဟဲစစ်ရင်၏ဒုတိယအစ်ကိုနှင့်သူ့သူငယ်ချင်းများဖြစ်နိုင်ချေများသည်ဟု ကုနင်းတွေးလိုက်မိသည်။

***

အခန်း ၈၆၀ စစ်ဝတ်စုံနှင့် သရဲထီး

“ကျွန်မတို့ ဒီကကိစ္စတွေပြီးရင် ကျွန်းပေါ်ကိုသွားကြည့်ကြမလား? အရမ်းစိတ်ဝင်စားနေလို့။” ကုနင်းတောင်းဆိုလိုက်သည်။

“ရတာပေါ့!” ရှန်ကျောက်ရွှမ် သဘောတူလိုက်သည်။ ရှေးဟောင်းအဆောက်အဦးတွေက တကယ်လဲစိတ်ဝင်စားဖို့ကောင်းပေသည်။

ရွက်လှေရပ်သွားပြီးနောက် ရှန်ကျောက်ရွှမ်က၊ “ဒီနေရာမှာပဲ၊ ဒါပေမယ့် နေရာအတိအကျတော့ သေချာမပြောနိုင်ဘူး။ ရေငုပ်ပြီးရှာမှရမှာ။”

“အဆင်ပြေပါတယ်။”

ထို့နောက် ရှန်ကျောက်ရွှမ်က ရေငုပ်ဝတ်စုံနှင့်အောက်ဆီဂျင်ဘူးများကို ထုတ်ယူလိုက်သည်။ ကုနင်းကတော့ ရေအောက်တွင် ထိုပစ္စည်းအကူများမပါဘဲ ကောင်းကောင်းကူးနိုင်ပေမည့် ပင်လယ်ရေကြောင့် အနှောင့်အယှက်မဖြစ်စေရန်အတွက် ဝတ်ရပေမည်။

ဘာပဲဖြစ်ဖြစ် သူတို့ရေအောက်တွင်အချိန်အတော်ကြာနေရမည်ဖြစ်သည်။ သူမ သင်္ဘောပျက်နားသို့မကပ်နိုင်တာ ဒါမှမဟုတ် အထဲမှာဘာမှရှိမနေဘူးဆိုရင်တောင်မှ အသွားအပြန် အနည်းဆုံးတစ်နာရီထက်မနည်းကြာနိုင်သည်။ သင်္ဘောထဲမှတစ်ခုခုရှိနေမည်ဆိုလျှင် ပစ္စည်းများကို ယူထုတ်ဖို့ အချိန်ပိုကုန်ဦးမည်။ အောက်ဆီဂျင်သာမပါလျှင် အမျိုးသားတစ်ယောက်ဆိုလျှင်တောင်မှ ပင်လယ်ရေအောက်တွင် မိနစ်အနည်းငယ်သာနေနိုင်ပေသည်။

ပင်လယ်ထဲသို့ လူလေးယောက်ဆင်းလျှင် လုံလောက်ပြီဖြစ်တာကြောင့် ရေငုပ်ဝတ်စုံလေးစုံသာ ပြင်ဆင်ခဲ့သည်။ ကျန်လူများကတော့ ရွက်လှေပေါ်ကနေပြီး ကြိုးစားကိုင်ပေးထားရမည်။ တစ်ခုခုအမှားအယွင်းဖြစ်လာခဲ့ပါက ထိုကြိုးကနေပြီး အောက်မှလူများကို ဆွဲတင်နိုင်ပေမည်။

ရေငုပ်မည့်လူတိုင်း ကပ်မရာတစ်လုံးစီတပ်ဆင်သွားမည်ဖြစ်တာကြောင့် ရွက်လှေပေါ်မှလူများလဲ အောက်ဘက်မှာဘာတွေဖြစ်နေတယ်ဆိုတာနှင့် ရေငုပ်သူများ၏အရေအနေများကို သိနိုင်လိမ့်မည်။

ကုနင်း၊ ရှန်ကျောက်ရွှမ်၊ ကျောက်ကျန်းချွမ်နှင့် ကောင်းယိတို့ ပင်လယ်ထဲရေငုပ်ကြမည်ဟု ဆုံးဖြတ်ထားသည်။ လီမြောင်စုန့်နှင့်စွန်းချောင်က အသက်ကြီးနေပြီဖြစ်သည်။ သူတို့၏ကိုယ်ခန္ဓာပိုင်းက သန်စွမ်းနေတုန်းဆိုသော်လည်း ပင်လယ်ရေအောက် လေးလံသည့်အရာများနှင့် ရေငုပ်ဖို့ကတော့ အခက်အခဲဖြစ်ရစဲပင်။ ရှန်ကျောက်ရွှမ်၏ သူငယ်ချင်းတစ်ဦးကတော့ သူ့ခန္ဓာကိုယ်ကိုချည်ထားသည့် ကြိုးကို ထိန်းပေးမည်ဖြစ်ကာ ကျန်တစ်ယောက်ကတော့ ရွက်လှေကပ္ပတိန်ဖြစ်တာကြောင့် ရှန်ကျောက်ရွှမ်ဘဲ ရေငုပ်မည်ဖြစ်သည်။

ချောင်ယကတော့ ကုနင်း၏ကြိုးကို ထိန်းပေးမည်ဖြစ်ပြီး ကောယိယန်သည်တော့ ကောင်းယိ၏ကြိုးကို တာဝန်ယူထိန်းပေးမည်ဖြစ်သည်။

ကုနင်းနှင့်ကျန်သုံးယောက် ပင်လယ်ထဲသို့ သင့်တင့်သည့်အလျင်နှုန်းနှင့် ငုပ်လျှိုးသွားကြပေမည့် ၁၀မိနစ်ဝန်းကျင်လောက်နှင့် ပင်လယ်အောက်ခြေသို့ရောက်ရှိသွားနိုင်ကြစဲပင်။

ပင်လယ်ကြမ်းပြင်တွင်တော့ လုံးဝမဲမှောင်နေကာ ပင်လယ်ရေမှော်များ၊ ကျောက်တန်းများ နှင့် ငါးမျိုးစုံတို့ရှိနေကာ ရှေ့မီတာအနည်းငယ်လောက်ကိုသာ မြင်နိုင်စွမ်းရှိသည်။ သို့ပေမည့် ကုနင်းအတွက်တော့ ပြဿနာတစ်ရပ်မဟုတ်ပေ။ သူမတွင် ကျောက်စိမ်းမျက်ဝန်းအစုံရှိတာကြောင့် မီတာဒါဇင်ပေါင်းများစွာအထိ ရှင်းလင်းစွာမြင်နိုင်ပေသည်။

ရှန်ကျောက်ရွှမ်က သင်္ဘောပျက်ကို မြင်ဖူးထားသော်လည်း နေရာအတိအကျကိုတော့မပြောနိုင်တာကြောင့် အနားတစ်ဝိုက်မှာလှည့်ပတ်ရှာကြရသည်။

ကုနင်း၏ကျောက်စိမ်းမျက်ဝန်းကြောင့် သင်္ဘောက်ကိုရှာဖွေ့ဖို့ရန် အလွန်လွယ်ကူလှကာ သူတို့ရောက်နေသည့်နေရာမှ ညဘက်၁၀မီတာအကွာတွင် ရှိနေသည်ကို တွေ့သွားခဲ့သည်။

နစ်မြုပ်နေသည့်သင်္ဘောသည် အလွန်ကြီးမားလှပေမည့် အပျက်အစီးများစွာရှိထားပြီးဖြစ်သည်။ လက်ရှိသင်္ဘာကြီးသည် နှစ်ထပ်ရှိရာမှ တစ်ထပ်သာကျန်ရှိတော့ပြီး စုတ်ပျက်နေသည်။ အထဲမှာတော့ မဟော်ဂနီသေတ္တာဒါဇင်လောက်ရှိနေကာ တစ်ချို့မှာတော့ ပျက်စီးနေသည့်ကြွေထည်များရှိနေသည်။

ထို့နောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် သေတ္တာများအတွင်းထဲသို့ပါ ကြည့်လိုက်သည်။ အဝတ်အစားသေတ္တာနှစ်လုံး၊ ပိတ်အုပ်များက တစ်လုံး၊ ရေစိုနေသည့်စာအုပ်များနှင့် စာလိပ်များက တစ်လုံး။ သေနတ်များက တစ်လုံး။ ရွှေချောင်းများကတစ်လုံး၊ ကျောက်စိမ်းနှင့်အခြားသော လက်ဝတ်ရတနာများကတစ်လုံး၊ ကြွေထည်ပစ္စည်းအစုံအလင်ကတစ်လုံးနှင့် တခြားရှေးဟောင်းပစ္စည်းများထည့်ထားသည့် သေတ္တာကနှစ်လုံးရှိနေသည်။

ထိုရှေးဟောင်းပစ္စည်းများသည် မင်းဆက်ပေါင်းများစွာမှဖြစ်တာကြောင့် ကွန်မန်ဒါဟူသည်လဲ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ယောက်ဖြစ်ဟန်ရသည်။

ရေအောက်တွင် သူတို့အချင်းချင်းစကားပြော၍ဆက်သွယ်လို့မရတာကြောင့် ကုနင်း လက်ဟန်ဖြင့် ညာဘက်သို့သွားရန် ပြသလိုက်သည်။

အမှောင်ထဲတွင်ရှာဖွေနေရခြင်းဖြစ်တာကြောင့် ကုနင်းရှာတွေ့သွားပြီလို့ မထင်ခဲ့ပေမည့် တစ်စုလုံး အတူတူညာဘက်သို့သွားလိုက်ကြသည်။

၁၀မီတာလောက်ကူးခတ်ပြီးနောက်မှာတော့ နစ်မြုပ်နေသည့်သင်္ဘောကြီးက သူတို့မျက်စိရှေ့ထွက်ပေါ်လာတော့သည်။ အားလုံးအံ့ဩသွားကြပေမည့် ထွေထွေထူးထူးမတွေးကြပေ။ သင်္ဘောနှင့်၅မီတာအကွာမှာ အားလုံးရပ်လိုက်ကာ ကုနင်းကိုသာ တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။

လီမြောင်စုန့်နှင့်ကောင်းယိကတော့ ကုနင်းသာဆိုလျှင် သေချာပေါက် တစ်ခုခုလုပ်နိုင်မည်ဟု ယုံကြည်ကြကာ ရှန်ကျောက်ရွှမ်သည်တော့ ကုနင်းဘာများလုပ်နိုင်မလဲကို သိချင်တာကြောင့်ဖြစ်သည်။

ကုနင်းက လက်ဟန်ဖြင့် ကောင်းယိကို အရင်စမ်းသွားကြည့်ဖို့ ပြလိုက်သည်။ ကောင်းယိလဲနားလည်တာကြောင့် ချက်ချင်းပင် ရှေ့သို့ဆက်လက်ကူးခတ်သွားသည်။ သို့ပေမည့် သင်္ဘောနားရောက်ဖို့ သုံးမီတာလောက်အလိုတွင်ပဲ ဆန်းကြယ်သည့်အားတစ်ခုက သူ့ကိုအနောက်သို့ပြန်တွန်းလိုက်သည်။

ကောင်းယိအနောက်သို့ ပြန်အတွန်းခံလိုက်ရချိန်တွင် ကုနင်းကတော့ သင်္ဘောပေါ်မှ ဖြူဖျော့အမူအရာမဲ့နေသည့်မျက်နှာနှင့် စစ်ယူနီဖောင်းဝတ်ထားသည့် လူငယ်တစ်ယောက်ကို သတိပြုမိလိုက်တာကြောင့် အနည်းငယ်ကြောက်သွားသည်။ သူမတစ်ချက်လောက်ကြည့်ရုံဖြင့် ထိုလူငယ်က လူသားမဟုတ်ဘဲ သရဲတစ်ကောင်ဖြစ်မှန်းလဲ သိလိုက်သည်။

သရဲဆိုမှတော့ ကောင်းယိနဲ့ကျန်လူတွေဘယ်မြင်နိုင်မလဲ။ ကောင်းယိပြန်အတွန်းခံလိုက်ရသည့်အပေါ် တခြားလူများက မအံ့ဩပေ။ သူတို့အစကတည်းကကို သိပ်မမျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင်ပဲ ကုနင်းက သူမလာခွင့်မပြုမချင်း ဝေးဝေးတွင်နေဖို့ အချက်ပြလိုက်သည်။

အားလုံးကလဲ သဘောတူကာ ခေါင်းညိတ်ပြကြသည်။

ထို့နောက် ကုနင်း ရှေ့သို့ဆက်ကူးခတ်သွားပြီး မျက်လုံးများကတော့ သရဲထီးကိုသာ ဆက်တိုက်ကြည့်နေသည်။ သရဲထီးကလဲ ကုနင်းသူ့ကို ကြည့်နေတာကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူမတကယ်ပဲ မြင်နိုင်တာလားဆိုပြီး အံ့ဩသွားပေမည့် သာမာန်လူသားတွေက သရဲကိုမမြင်နိုင်ကြပေ။

ကုနင်းအနားနီးလာသည်နှင့် သရဲထီးက သူ့လက်ကိုဆန့်ထုတ်ကာ ကုနင်းကို တွန်းထုတ်ဖို့ ကြိုးစားပေမည့် ကုနင်းကအရင် လှမ်းဖမ်းလိုက်သည်။

သရဲထီးမှာထိတ်လန့်လို့သွားကာ၊ “မင်းဘယ်လိုလုပ် ငါ့ကိုမြင်နိုင်ပြီး ဖမ်းတောင်ဖမ်းနိုင်ရတာလဲ?”

ဒါက အမှန်တရားဖြစ်နေလျှင်တောင်မှ သရဲထီးမှာ မယုံကြည်နိုင်သေးပေ။

ကုနင်း စကားမပြောနိုင်တာကြောင့် ခေါင်းညိတ်ရုံသာညိတ်ပြလိုက်ရသည်။

ကုနင်းတို့အဖွဲ့ ဒီကိုရောက်လာသည်က ကောင်းသောလာခြင်းမျိုးမဟုတ်မှန်း သရဲထီးနားလည်တာကြောင့် စတင်တိုက်ခိုက်တော့သည်။

ရေအောက်တွင် အလေးချိန်ကြောင့် ကုနင်းမလျင်မြန်သော်လည်း သရဲထီးကိုထိန်းချုပ်နိုင်ဖို့ကတော့ လွယ်ကူနေစဲဖြစ်တာကြောင့် အချိန်သိပ်မယူလိုက်ရပေ။

သို့ပေမည့် ရှန်ကျောက်ရွှမ်နှင့်အခြားလူများကတော့ ကုနင်း ပင်လယ်ရေများကို ထိုးနှက်နေသည်ကိုကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။ သူမဘာလုပ်နေလဲဆိုသည်ကို သူတို့မသိကြပေ။

သရဲထီးမှာ နောက်သို့ဆုတ်ခွာဖို့ရန် ဖိအားပေးနေရပြီး ကုနင်းလဲ သင်္ဘောပျက်ထဲသို့ရောက်သည်အထိ တောက်လျှောက် တွန်းသွားခဲ့သည်။ ထိုမြင်ကွင်းကောင့် ရှန်ကျောက်ရွှမ်တို့ကတော့ စိတ်လှုပ်ရှားကုန်သည်။

ရှန်ကျောက်ရွှမ်က ကုနင်းနောက်သို့လိုက်သွားဖို့ ပြင်လိုက်ပေမည့် ကောင်းယိကတားလိုက်သည်။ ကုနင်း၏အမိန့်မရှိဘဲ သူတို့ဝေးဝေးတွင်သာ နေရပေမည်။

ရှန်ကျောက်ရွှမ်ကလဲ စိတ်မဆိုးသွားခဲ့ဘဲ သူနည်းနည်းအလျင်လိုနေမှန်း သိလိုက်တာကြောင့် သူ့စိတ်သူပြန်လျှော့လိုက်သည်။

ကုနင်း၏တွန်းအားပေးမှုကြောင့် သရဲထီးမှာ သင်္ဘောပျက်ထဲသို့ဆုတ်လိုက်ရကာ ကုနင်းလဲ အပြည့်အဝထိန်းချုပ်နိုင်သွားသည်။ သို့ပေမည့် ၎င်းက သရဲဖြစ်တာကြောင့် ထိခိုက်အောင်လုပ်မရသလို သတ်ပစ်၍လဲမရပေ။ ကုနင်း သရဲထီးကိုရှင်းပစ်ချင်ပေမည့် သရဲတစ်ကောင်ကိုရှင်းပစ်နိုငမည့် နည်းလမ်းတစ်ခုကိုသာ သူမသိသည်။ ၎င်းကတော့ သရဲကိုမီးလောင်ကျွမ်းအောင်လုပ်ခြင်းဖြစ်ကာ အခုက ပင်လယ်ရေအောက်ရောက်နေခြင်းဖြစ်တာကြောင့် ထိုနည်းလမ်းက အလုပ်မဖြစ်ပေ။

***

All Chapters