← Chapters

အခန်း (၈၆၁-၈၆၅)

Vol. 58 Ch. 861-865

အခန်း (၈၆၁-၈၆၅)

Vol. 58 Ch. 861-865

အခန်း ၈၆၁ ရတနာရှာမှာလား? ပင်လယ်စာရှာမှာလား?

ကုနင်းသာ သင်္ဘောပျက်ထဲမှပစ္စည်းများကို ယူလိုလျှင် အရင်ဆုံး သရဲထီးကို အနိုင်ယူမှရပေမည်။

ကုနင်း ဆက်မတိုက်ခိုက်တော့တာကြောင့် သရဲထီးလဲရပ်သွားပေမည့် ကုနင်းကို သတိထားကာ စိုက်ကြည့်နေတုန်းပင်။

“မင်းကအခုဆို သရဲဖြစ်နေပြီ။ ဘာလို့ ပိုင်ရှင်မရှိတော့တဲ့ ဒီပစ္စည်းတွေကို စောင့်ရှောက်နေရတာလဲ?” ကုနင်း သူမပါးစပ်မှအသက်ရှူပိုက်ကိုဖြုတ်ကာမေးလိုက်သည်။

သူမအထဲသို့မဝင်ခင်ကတည်းက ကင်မရာကိုဖုံးထားခဲ့တာကြောင့် အထဲမှာဘာတွေဖြစ်နေလဲ တခြားသူများသိကြမည်မဟုတ်ပေ။

“မင်းစကားပြောနိုင်တယ်လား?” သရဲထီးမှာထပ်ပြီးအံ့ဩသွားရပြန်သည်။ “ဒါတွေက အခုချိန်မှာ ကွန်မန်ဒါဟူ နောက်ဆုံးချန်ထားနိုင်ခဲ့တဲ့ပစ္စည်းတွေပဲ။ ငါက သူ့အပေါ်မှာ အကြွေးတွေအများကြီးတင်ခဲ့တာ။ ငါရှိနေသ၍ သူ့ပိုင်ဆိုင်မှုတွေကို စောင့်ရှောက်ပေးသင့်တယ်။ မင်းဒီပစ္စည်းတွေကို သယ်ထုတ်သွားချင်ရင် ငါ့ကိုအရင်ဖျက်ဆီးမှဘဲရမယ်!”

ကုနင်းကို မယှဉ်နိုင်မှန်း သရဲထီးသိသော်လည်း သူကအခုချိန်မှာ သရဲဖြစ်နေကာ သူ့ကိုထိခိုက်အောင်လုပ်၍မရသလို သတ်၍လဲမရတာကြောင့် ကုနင်းကိုမကြောက်ခြင်းဖြစ်သည်။

“ဘာလို့များဒီလိုလုပ်နေရတာပါလိမ့်?” ကုနင်း သက်ပြင်းချမိသွားသည်။

သရဲထီး၏ ကွန်မန်ဒါဟူအပေါ်ထားရှိသည့် သဘောထားကို ကုနင်းနားလည်ပေသည်။ ကွန်မန်ဒါဟူသာ သက်ရှိထင်ရှားရှိနေဦးမည်ဆိုလျှင် သူမလဲ သူ့ပိုင်ဆိုင်မှုများကို ခိုးယူမည်မဟုတ်ပေမည့် အခုတော့ သူက သေတောင်သွားပြီလေ။ သူသေသွားမှတော့ သူ့ပိုင်ဆိုင်မှုတွေကလဲ ပိုင်ရှင်မဲ့သာဖြစ်သွားပြီဖြစ်သည်။

“မင်းဘာလို့များ တခြားလူရဲ့ပိုင်ဆိုင်မှုကို ခိုးယူချင်ရတာလဲ?” သရဲထီးကမေးလိုက်သည်။

ကုနင်း ကြောင်အသွားတော့သည်။ ဒီသရဲက အလျှော့မပေးဘူးဘဲ။ သူမဘာဆက်လုပ်သင့်လဲ?

ကုနင်းအကျပ်ရိုက်သလိုခံစားနေရချိန်မှာပဲ အကြံတစ်ခုပေါ်လာတော့သည်။ ဒီသရဲထီးကို သူမရဲ့စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်လိုက်လို့ရတာပဲ! သူမမှာ ကျောက်စိမ်းမျက်ဝန်းတစ်စုံရှိတာကြောင့် သာမာန်လူသားတွေ မမြင်နိုင် မထိနိုင်သည့်အရာများကို သူမကတော့ လုပ်နိုင်သည်။ ဒါကြောင့် သူမမျက်စိရှေ့မှာမြင်နေရတဲ့အရာကလို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်သိမ်းထားနိုင်သည်။ ဒါကြောင့် သူမ သရဲတွေကိုမြင်နိုင်တယ်ဆိုတော့ သူတို့ကိုလဲ ထည့်သိမ်းလို့ရနိုင်တာပေါ့။

တကယ်တော့ ထိုအကြံသည် ကုနင်း၏အတွေးမဟုတ်ဘဲ ကျောက်စိမ်းမျက်ဝန်းက သူမကိုထိုးသို့လုပ်နိုင်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကုနင်း ထိုအချက်ပြမှုကိုရသည်နှင့် သရဲထီးကိုတိုက်ခိုက်ကာ လက်ကောက်ဝတ်ကိုချုပ်ကိုင်လိုက်သည်။ သရဲထီးကိုထိလိုက်မိသည့်စက္ကန့်ပိုင်းမှာပဲ သရဲထီးမှာ ပျောက်ကွယ်သွားတော့သည်။

အောင်မြင်သွားပြီ!

ထို့နောက် ကုနင်း သေတ္တာများကိုချက်ချင်းသွားစစ်ဆေးကြည့်သည်။

ပင်လယ်ရေထဲမှာ နှစ်ပေါင်းများစွာနစ်မြုပ်နေရတာကြောင့် သေတ္တာတို့သော့နေရာများမှာ ဆွေးသွားပြီဖြစ်၍ ကုနင်းချက်ချင်းဖွင့်နိုင်သည်။

ပြီးနောက်မှာတော့ တန်ဖိုးအရှိဆုံးပစ္စည်းများဟုထင်ရသည့် ရှေးဟောင်းပစ္စည်းအများအပြားကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်လိုက်သည်။ ပစ္စည်းတွေက အရမ်းမများပေမည့် တန်ဖိုးကတော့ ကြီးမားသည်။ ရွှေချောင်းသေတ္တာကိုတော့ တခြားလူများနှင့်မျှဝေမည်ဖြစ်တာကြောင့် သူမမထိခဲ့ပေ။

သူမလိုချင်သမျှကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ပြီးနောက်မှာတော့ အပြင်ဘက်သို့ ပြန်လည်ကူးခတ်လာသည်။

………

ကုနင်းအထဲမှာ အချိန်တော်တော်ကြာနေတာကြောင့် အပြင်ဘက်မှလူများမှာ စိုးရိမ်လာခဲ့သည်။ သူတို့ အထဲဝင်ကာ သွားကြည့်သင့်သည်ဟု တွေးလိုက်မိချိန်မှာပဲ ကုနင်းပြန်ထွက်လာတာကြောင့် စိတ်အေးသွားကြသည်။

သူမက သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်နှင့် သူတို့လဲ ချက်ချင်းပင် သင်္ဘောရှိရာသို့ ကူးလာကြတော့သည်။ ကုနင်းက သူတို့ကိုရှေ့ဆက်လာဖို့ပြောလာမှတော့ အထဲမှအဖိုးတန်ပစ္စည်းတွေရှိရပေမည်။

ဤတစ်ခေါက်မှာတော့ သင်္ဘောပျက်ထဲသို့အောင်အောင်မြင်မြင်ကူးဝင်နိုင်ခဲ့ကာ သေတ္တာကြီးဆယ်လုံးကို တွေ့လိုက်ရသည်။

သေတ္တာများကိုဖွင့်လိုက်သည်နှင့် အားလုံးအံ့ဩမှင်သက်သွားကြတော့သည်။

ဒီသင်္ဘောထဲတွင် အဖိုးတန်ပစ္စည်းများစွာရှိလောက်မည်မှန်း သူတို့ခန့်မှန်းထားကြပြီးဖြစ်သော်လည်း အခုလိုအများကြီးတွေ့လိုက်ရချိန်မှာလဲ အံ့အားသင့်နေကြစဲပင်။

ကျောက်ကျန်းချွမ်နှင့်ရှန်ကျောက်ရွှမ်တို့မှာ စိတ်လှုပ်ရှားနေကြပေမည့် ကောင်းယိသည်တော့ ရှေးဟောင်းပစ္စည်းများကို စိတ်မဝင်စားတာကြောင့် ပုံမှန်အတိုင်းတည်ငြိမ်လို့နေသည်။

သူတို့အားလုံး အချိန်ဆွဲမနေကြဘဲ အဝတ်ကောင်းများ၊ ပိတ်စများ၊ ရွှေချောင်းများ၊ ရှေးဟောင်းပစ္စည်းအစစ်များနှင့် တခြားကောင်းသေးသည့် ပစ္စည်းအားလုံးကို စုပေါင်းထုတ်လိုက်ကာ သေတ္တာငါးလုံးအပြည့်ရသွားသည်။ ထို့နောက် ထိုသေတ္တာများကို ပင်လယ်ကြမ်းပြင်သို့ရွှေ့ထုတ်လိုက်ကြသည်။

သေတ္တာများမှာ အတော်လေးလံတာကြောင့် ဘယ်သူမှ ဤကြီးမားသည့် သေတ္တာများကိုသယ်ရင်း ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်သွားဖို့မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့ကိုယ်ပေါ်မှာလဲ လေးလံသည့်အောက်ဆီဂျင်ဘူးများပါ ပါရှိနေပြီးသားပင်။ ဒါကြောင့် အတူတူရွှေ့ကြရန်ဆုံးဖြတ်လိုက်သည်။ တစ်ကြိမ်မှာ နှစ်ယောက်စီက သေတ္တာတစ်လုံးကို အတူတူသယ်သွားပြီး ကျန်နှစ်ယောက်ကိုတော့ ပင်လယ်ကြမ်းပြင်မှာပဲ စောင့်ကျန်ရစ်စေမည်။

အရင်ဆုံး ရှန်ကျောက်ရွှမ်နှင့်ကောင်းယိက သေတ္တာကြီးတစ်ခုကို သယ်သွားကြကာ ကုနင်းနှင့်ကျောက်ကျန်းချွမ်တို့က ပင်လယ်ကြမ်းပြင်တွင် စောင့်ကျန်ရစ်သည်။

သူတို့ကိုယ်မှကြိုးများကိုတော့ဖြုတ်ကာ သေတ္တာကြီးကိုချည်လိုက်ပြီးနောက် ရှန်ကျောက်ရွှမ်နှင့်ကောင်းယိတို့၏ခါးတွင် တွဲချည်လိုက်သည်။ ထို့နောက် ကင်မရာမှတစ်ဆင့် ရွက်လှေပေါ်မှ သူတို့၏အဖော်များကို လမ်းအကြောင်းကြားလိုက်သည်။

ရွက်လှေပေါ်မှလူများကလဲ သူတို့ကြိုးများကို စတင်ဆွဲတင်ပေးကြသည်။

ထိုနှစ်ယောက်ထွက်သွားသည်နှင့် ကုနင်း၏အကြည့်များက ဘေးပတ်ဝန်းကျင်သို့ လည်နေတော့သည်။ သူမက ပင်လယ်စာကြိုက်တာကြောင့် လာကတည်းက ပင်လယ်စာနည်းနည်းလောက်ဖမ်းဖို့ စိတ်ကူးကာ အိတ်အလွတ်တစ်လုံးယူလာခဲ့သည်။

ထို့နောက် ကုနင်းက ကျောက်ကျန်းချွမ်ကို ကျန်သေတ္တာများကိုစောင့်ကြည့်နေခဲ့ဖို့ လက်ဟန်ပြလိုက်ကာ သူမကတော့ ဘေးပတ်ဝန်းကျင်သို့ကူးခတ်သွားခဲ့သည်။

ပင်လယ်ထဲတွင် ပင်လယ်စာများစွာရှိပေမည့် ကုနင်းအားလုံးကိုယူသွားလို့မရတာကြောင့် အကြီးဆုံးငါးအချို့နှင့်အခွံမာအကောင်အချို့ကိုရွေးချယ်ဖမ်းယူလိုက်သည်။ အခုဆိုလျှင် သူမအိတ်ထဲတွင် ပင်လယ်ခရု၊ ပုစွန်ထုပ်များ၊ ဂဏန်းကြီးများ၊ စသည်ဖြင့် ပင်လယ်စာများစွာနှင့်ပြည့်နေတော့သည်။

ကျောက်ကျန်းချွမ်သည်တော့ ကုနင်း၏အပြုအမူများကြောင့် အံ့အားသင့်နေတော့သည်။ သူတို့ ဒီကိုရတနာရှာဖို့လာတာပေမယ့် ကုနင်းကတော့ ပင်လယ်စာရှာနေလေသည်။ တကယ်ကို ကုနင်းကတော့ သူတို့နဲ့ကွဲကိုကွဲပြားနေတာပဲ!

ကုနင်း၏အပိုအိတ်ထဲမှ ပင်လယ်စာများကို သေချာမမြင်ရတာတောင်မှ သူလဲပင်လယ်စာကြိုက်တာကြောင့် အကြံကောင်းပဲဟု ကျောက်ကျန်းချွမ်ထင်မိသည်။

မကြာခင်တွင်ပဲ ကုနင်း၏အပိုအိတ်က ပင်လယ်စာများဖြင့်ပြည့်သွားခဲ့ပေမည့် သူမကတော့ ကျောက်တန်းများဘက်တွင် ကူးခတ်နေသည့် ရွှေငါးတစ်ကောင်ကို မျက်စိကျသွားတုန်းပင်။ သူမတစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကောင်က ကြီးမားသည့် အဝါရောင်ငါးပုတ်သင်မှန်း တန်းသိလိုက်သည်။

ကြီးမားလှသည့် အဝါရောင်ငါးပုတ်သင်တစ်ကောင်သည် ၄၈ကီလိုဂရမ်လောက်လေးကာ အပြင်မှာဝယ်စားလျှင် ယွမ်၆သိန်းလောက်ပေးရမည်ဖြစ်ပြီး ရွှေထက်တောင်ပိုဈေးကြီးလှသည်။

ဒီလိုအရာမျိုးကို ကုနင်းဘယ်အလွတ်ပေးနိုင်ပါ့မလဲ! ဒါ့အပြင် ဤအဝါရောင်ငါးပုတ်သင်သည် ပုံမှန်ထက်ပိုကြီးကာ ၇၀ကီလိုဂရမ်လောက်ထိရှိပုံရသည်။

ငါးက တစ်ဖက်သို့ကူးခတ်သွားနေတာကြောင့် ကုနင်း မှော်စွမ်းအင်တစ်ချို့ကိုထုတ်ကာ ငါးကိုဆွဲဆောင်လိုက်သည်။

သူမမှော်စွမ်းအင်ကိုထုတ်လိုက်သည်နှင့် အဝါရောင်ငါးပုတ်သင်တင်မကဘဲ တခြားသောငါးများစွာကလဲ ဆွဲဆောင်ခံလိုက်ရကာ ကုနင်းအနားတွင် ငါးပေါင်းစုံဝန်းရံလာတော့သည်။

ထိုမြင်ကွင်းကြောင့် ကျောက်ကျန်းချွမ်ကတော့ ထိတ်လန့်လို့သွားသည်။

အဝါရောင်ငါးပုတ်သင်မှာ ကုနင်း၏မှောင်စွမ်းအင်၏ဆွဲဆောင်မှုမှမလွတ်မြောက်နိုင်ဘဲ သူမအနားသို့ကူးခတ်လာခဲ့သည်။

ကုနင်းလဲ မြန်မြန်ဆန်ဆန်ပဲ ၎င်းကို ဖမ်းကာ စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်တော့သည်။

***

အခန်း ၈၆၂ နတ်ဆိုးကျောင်းနှင့်တွေ့ဆုံခြင်း

အဝါရောင်ရေပုတ်သင်ကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်လိုက်ပြီးသည်နှင့် ၎င်းက စိတ်စွမ်းအင်အာကာပြင်ထဲမှာလဲ ပင်လယ်ထဲတွင်ရှိနေတုန်းကလို အနေအထားအတိုင်း ဆက်ရှိနေခဲ့သည်။ ၎င်းသည်သက်ရှိတိရိစ္ဆာန်ဖြစ်ပေမည့် လူသားမဟုတ်တာကြောင့် ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သိမ်းထားနိုင်လေသည်။

တခြားငါးတွေကိုတော့ ကုနင်းစိတ်မဝင်စားတော့ပေ။

သူမလုံလုံလောက်လောက်ဖမ်းပြီးပြီဟု ထင်သည်နှင့် ကျောက်ကျန်းချွမ်နားသို့ပြန်လာခဲ့သည်။ အရောင်အသွေးစုံလင်လှသည့်ပင်လယ်စာအိတ်ကြီးကိုမြင်ပြီး ကျောက်ကျန်းချွမ်မှာ အလွန်အံ့အားသင့်နေတော့သည်။

အထဲမှာ ပင်လယ်သတ္တဝါမျိုးစိတ်ပေါင်းဘယ်လောက်တောင်ပါလဲဆိုတာကို သိချင်လာတာကြောင့် သူတစ်ချက်လောက်ကြည့်လို့ရမလား ကုနင်းကိုမမေးဘဲမနေနိုင်တော့ပေ။

အထဲတွင်ပါရှိသည့် ပင်လယ်စာများကို အသေအချာမြင်လိုက်ရသည်နှင့် ပိုလို့တောင် အံ့ဩသွားတော့သည်။ အထဲတွင် ပင်လယ်ခရုကြီးများ၊ ပုစွန်များ၊ ဂဏန်းအကောင်ကြီးများစသည်ဖြင့် အမျိုးအစားအစုံအလင်ပါရှိသည်။ အရမ်းမရှားသော်လည်း ဈေးလဲမပေါသည့်ငါးမျိုးစုံလဲပါရှိသေးသည်။

သူတို့သာ စားသောက်ဆိုင်မှာ ဒီလောက်များသည့်ပင်လယ်စာပမာဏကို စားမည်ဆိုပါက အနည်းဆုံးယွမ်သောင်းကျော်ကျမည်သာ။

ကျောက်ကျန်းချွမ်မှာ ကုနင်းကို ပိုပြီးမလေးစားမိဘဲမနေနိုင်တော့ပေ။

ကုနင်းကတော့ ပြုံးနေကာ သူမကိုယ်သူမအတော်လေးဂုဏ်ယူနေပုံရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ရှန်ကျောက်ရွှမ်နှင့် ကောင်းယိတို့ပြန်ရောက်လာခဲ့ကာ ကုနင်း၏ခါးတွင်ချည်ထားသည့် အိတ်အပိုတစ်လုံးကိုတွေ့ပြီး အံ့ဩသွားကြသည်။ ပင်လယ်စာများမှာ သေချာပေါက်အရသာရှိမည်မှန်း တွေးမိသွားတာကြောင့် တံတွေးပင်မြိုချမိကုန်ကြသည်။

ရှန်ကျောက်ရွှမ်လို ပင်လယ်နားနီးသည့်မြို့မှာနေကာ ပင်လယ်စာများကို မကြာခဏစားနေရတာတောင်မှ ပင်လယ်စာကိုနှစ်ခြိုက်နေတုန်းပင်။

……….

ဤတစ်ခေါက်မှာတော့ ကုနင်းနှင့်ကျောက်ကျန်းချွမ်က ရတနာသေတ္တာကြီးတစ်လုံးကိုသယ်ကာ ရေပြင်ပေါ်သို့တက်ကြသည်။

သူတို့ရွက်လှေပေါ်သို့ရောက်သွားချိန်တွင်တော့ အားလုံးစိတ်လှုပ်ရှားနေကြသည်။

ဒီလောက်များပြားသည့်အဖိုးတန် ရှေးဟောင်းပစ္စည်းရတနာများကို တွေ့ရချိန်မှာ လုံးဝစိတ်ငြိမ်နေဖို့ဆိုတာ မဖြစ်နိုင်ပေ။

တကယ်တော့ အားလုံးက ကုနင်းကျေးဇူးသာဖြစ်တာကြောင့် ကုနင်းပင်လယ်ရေမျက်နှာပြင်ပေါ်သို့တက်လာသည်နှင့် သူမကိုသာ ထပ်ခါတလဲလဲကျေးဇူးတင်နေကြတော့သည်။

“မိန်းကလေးကု၊ မင်းအရမ်းတော်တာပဲ! မင်းကိုချီးကျူးဖို့ စကားလုံးတောင်ရှာမတွေ့တော့ဘူး။ မင်းကြောင့်သာမဟုတ်ရင် ငါတို့လဲ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေအများကြီးရမှာမဟုတ်ဘူး!”

“ဟုတ်တယ်၊ မိန်းကလေးကု၊ တကယ်ကျေးဇူးတင်တယ်!” လီမြောင်စုန့်၏အစကားကို အားလုံးက ထောက်ခံကာ ကုနင်းကိုစိတ်ရင်းဖြင့် ကျေးဇူးတင်ကြသည်။

ကုနင်းကတော့ အားလုံးကို ကြင်နာစွာပြန်ပြုံးပြလိုက်သည်။ ဒီရှေးဟောင်းပစ္စည်းရတနာတွေကိုရဖို့ သူမအကူအညီအများကြီးပေးခဲ့တယ်ဆိုတာတော့ အမှန်ပဲလေ။

ရုတ်တရက်ဆိုသလို ကုနင်းအကြံတစ်ခုရသွားသည်။ ပင်လယ်ကြမ်းပြင်မှာ ရှေးဟောင်းကုန်တင်သင်္ဘောများစွာ နစ်မြုပ်နေနိုင်သည်။ သူတို့သာ ထိုသင်္ဘောများကို ရှာနိုင်လျှင် ရတနာများစွာကိုလဲ ရှာနိုင်ပေလိမ့်မည်။ သို့ပေမည့် ပင်လယ်ပြင်ကကျယ်ပြန့်လွန်းတာကြောင့် နစ်မြုပ်နေသည့်သင်္ဘောတစ်စီးရှာဖို့ရန်က အလွန်ခက်ခဲလှသည်။

နောင်တစ်ချိန်မှာ သူမသာအားလပ်မည်ဆိုလျှင် ပင်လယ်တစ်ခွင့်ရွက်လွှင့်ချင်သွားသည်။ သင်္ဘောပျက်ကိုရှာမတွေ့ရင်တောင်မှ အပန်းဖြေခရီးတစ်ခုတော့ဖြစ်နိုင်သေးတာပဲ။

သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် ရေမျက်နှာပြင်ပေါ်ကနေပြီး ပင်လယ်ကြမ်းပြင်အထိကို တန်းမြင်နိုင်စွမ်းရှိသည်။ ဒါကြောင့် သူမသာဆိုလျှင် ရတနာရဖို့ရန် ပင်လယ်ထဲဆင်းကာ ရေကူးရှာနေဖို့မလိုအပ်ပေ။

ကုနင်း၏ခါးမှချည်ထားသည့် ပင်လယ်စာများအပြည့်ဖြင့်အိတ်ကိုမြင်ကာ ရွက်လှေပေါ်မှလူများလဲ အံ့ဩသွားကြသည်။

“မိန်းကလေးကု၊ မင်းကတော့ သေချာပြင်ဆင်သွားတာပဲ!” လီမြောင်စုန့်စနောက်လိုက်တာကြောင့် ကုနင်းခပ်ဟဟရယ်လိုက်ကာ၊ “ဒါပေါ့၊ ကျွန်မက ပင်လယ်စာကြိုက်တယ်လေ။ ပင်လယ်ထဲရေငုပ်ဖြစ်မှတော့ စားဖို့နည်းနည်းပါးပါးမဖမ်းခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ? အားလုံးက လတ်ဆတ်နေပေမယ့် ကျွန်မကိုကူချက်ပေးမှဖြစ်မယ်နော်။”

“ဟ-ဟ၊ စိတ်မပူနဲ့။ ငါက ပင်လယ်စာအချက်ကျွမ်းတယ်၊ ငါ့ဗီလာမှာ ပင်လယ်စာသွားစားကြတာပေါ့။” ရှန်ကျောက်ရွှမ်၏သူငယ်ချင်းက ပြောလာခဲ့သည်။

ကုနင်း၏အိတ်အပိုထဲမှ ပင်လယ်စာများမှာ သာမာန်ပင်လယ်စာများဟု ထင်မှတ်ထားကြသော်လည်း သာမာန်မဟုတ်သည့်မျိုးစိတ်ပေါင်းများစွာပါနေတာကြောင့် အထင်နှင့်အမြင်လွဲနေကြောင်း သိလိုက်ရသည်။

“ငါဒီလောက် ပင်လယ်စာအမျိုးအစားစုံအောင် တစ်ခါမှမမြင်ဖူးဘူး!” ရှန်ကျောက်ရွှမ်၏သူငယ်ချင်းမှာ အလွန်အံ့ဩလို့သွားတော့သည်။

ရှားပါးပင်လယ်စာမျိုးစိတ်များကိုဖမ်းမိဖို့ဆိုတာက ကံအပေါ်လဲမူတည်သေးသည်။ သို့သော်လည်းကုနင်းကတော့ အချိန်တိုလေးအတွင်းမှာပဲ ဈေးအကြီးဆုံးသောပင်လယ်စာအမျိုးအစားပေါင်းများစွာကို ဖမ်းမိခဲ့လေသည်။

သေတ္တာကြီးကို ရွက်လှေထဲသို့ရွှေ့ပြောင်းပြီးနောက် ကုနင်းနှင့်ကျောက်ကျန်းချွမ်တို့ လေကောင်းလေသန့်ရှူဖို့ရန် မိနစ်အနည်းငယ်မျှအနားယူကြသည်။ ကုနင်းမှာ သူမကိုယ်သူမကာကွယ်ရန်အတွက် မှော်စွမ်းအင်ရှိသော်လည်း အနည်းငယ်ပင်ပန်းနေရတုန်းပင်။ ကျောက်ကျန်းချွမ်လို သာမာန်လူတစ်ယောက်ကတော့ အခုချိန်မှာ အလွန်မောပန်းနေတော့သည်။

ကြိုးများဖြင့်သာ တစ်ခါတည်း သေတ္တာများကိုချည်ကာ သယ်နိုင်ပေမည့် အထဲရှိပစ္စည်းများက အလွန်အဖိုးတန်လွန်းလှသည်။ ပစ္စည်းများထိခိုက်မှုမရှိစေရန်အတွက် အခုလို လူကိုယ်တိုင်လိုက်ထိန်းကာသယ်နေကြရခြင်းဖြစ်သည်။ ထို့အပြင် သေတ္တာများမှာ ပင်လယ်ရေထဲတွင် နှစ်ပေါင်းများစွာအစိမ်ခံထားရတာကြောင့် ဆွေးမြည့်နေပြီဖြစ်သည်။

အနားယူပြီးသည်နှင့် ကုနင်းနှင့်ကျောက်ကျန်းချွမ်တို့ ပင်လယ်ထဲထပ်ဆင်းသွားကြပြန်သည်။

ကျန်သည့်သေတ္တာအားလုံးကိုတော့ ရှန်ကျောက်ရွှမ်နှင့် ကောင်းယိအပြင် ကုနင်းနှင့် ကျောက်ကျန်းချွမ်တို့ပါ အတူတူတစ်ခါတည်းသယ်သွားကြဖို့ ဆုံးဖြတ်လိုက်ကြသည်။

သို့ပေမည့် သူတို့ သေတ္တာများကို ကြိုးများဖြင့်ချည်နေစဉ်မှာပဲ ကြီးမားကာ ရန်လိုနေပုံရသည့်တစ်စုံတစ်ခုက သူတို့ဘက်သို့ လျင်မြန်စွာကူးခတ်လို့လာသည်။ တခြားလူများက သတိမထားမိကြသော်လည်း ကုနင်းကတော့ သတိထားမိသည်။ သူမအာရုံစိုက်ကြည့်လိုက်ပြီးနောက် ကြောက်လန့်မိသွားတော့သည်။

ထိုအရာကတော့ စပါးအုံးခြွေထက်တောင်ပို၍ ကြီးမားထူထဲကာ ခေါင်းတွင်ဖုနှစ်ခုပါရှိသည့် ကျောင်းတစ်ကောင်ပင်ဖြစ်သည်။

ကျောင်း သို့မဟုတ် ကျောင်းလုံသည် နဂါးများပေါ်ထွန်းသည့်ခေတ်က နဂါးသွေးပါခဲ့သည့် ရေသားရဲအမျိုးအစားဖြစ်သည်။ ၎င်းသည် ခက်ခဲသည့်ဘေးဒုက္ခကို ဖြတ်ကျော်ကာ အားကောင်းသည့်ခွန်အားကိုပိုင်ဆိုင်နိုင်ပြီဆိုသည်နှင့် နဂါးအဖြစ်သို့ကူးပြောင်းနိုင်သူဖြစ်သည်။ သို့ပေမည့် ၎င်းက ကြမ်းတမ်းခက်ထန်မှုကြောင့် နတ်ဆိုးကျောင်းဟုသာ ခေါ်တွင်ခဲ့ကြသည်။

သရဲများ၊ ဇွန်ဘီများလို ပုံပြင်ထဲမှာသာရှိသည့် အရာများနှင့် ကုနင်းထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီးဖြစ်သော်လည်း ကျောင်းကိုတွေ့လိုက်ရချိန်မှာ မထိတ်လန့်မိဘဲမနေပေ။

နတ်ဆိုးကျောင်းသည် သူတို့ရှိရာဘက်သို့ အလွန်လျင်မြန်သည့်အရှိန်နှင့်ကူးခတ်လာခဲ့သည်။ ကုနင်းလဲ ချက်ချင်းပင် သူမခါးမှကြိုးကို ကောင်းယိ၏ခါးသို့ပြောင်းချည်ပေးလိုက်သည်။

ကံကောင်းစွာဖြင့် ကောင်းယိသည့် တစ်ယောက်တည်း သေတ္တာနှစ်လုံးကိုသယ်နိုင်သည့်အထိ ခွန်အားရှိနေလို့ပင်။

ကျန်လူများကတော့ ကုနင်းသေတ္တာအလေးကြီးကိုမသယ်နိုင်တော့တာကြောင့် လွှဲပေးလိုက်ခြင်ဟု ထင်လိုက်ကြသော်လည်း သူမက ချက်ချင်းပင် သူတို့ကို အမြန်သွားဖို့အချက်ပြနေကာ အလွန်စိုးရိမ်ပူပန်နေပုံလဲပေါက်သည်။

သူတို့အချင်းချင်းစကားဖြင့် ဆက်သွယ်မပြောဆိုနိုင်တာကြောင့် ကိုယ်ဟန်အမူအရာဖြင့်သာ နားလည်အောင်ပြောပြရသည်။ ကုနင်းက သူတို့ကို ချက်ချင်း ထွက်ခွာစေချင်နေမှန်း သိကြပေမည့် သူမကတော့ ထိုနေရာတွင်ကျန်နေရစ်ခဲ့သည်။ ဒါကြောင့် သူတို့လဲ သူမကို အသံတိတ်ဖြင့် လှမ်းမေးကြသည်: မင်းကရော?

ကုနင်းလဲ သူမလက်ကို ယမ်းက သူမကိုထားခဲ့ဖိုးထပ်ပြောလိုက်သည်။

သို့ပေမည့် ကုနင်း၏စိုးရိမ်ထိတ်လန့်နေပုံကိုမြင်တာကြောင့် တစ်ခုခုဆိုးရွားတာဖြစ်သွားမည်ကို စိုးရိမ်ကြပြီး သူတို့ချက်ချင်းမထွက်သွားခဲ့ကြပေ။

ကုနင်း အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားတော့သည်။ သူတို့က သူမကိုစိုးရိမ်နေကြခြင်းဖြစ်မှန်းသိပေမည့် သူတို့ဆက်နေလျှင်လဲ သူမအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်ကြမည်သာ။

ကောင်းယိလဲ ကုနင်းကိုစိုးရိမ်ပေမည့် သူမအမိန့်ကိုနာခံကာ ကျောက်ကျန်းချွမ်နှင့်ရှန်ကျောက်ချွမ်တို့ကို အကြည့်ဖြင့် အမြန်သွားဖို့အချက်ပြလိုက်သည်။

………Book 58 Part 862…………

အခန်း ၈၆၃ နတ်ဆိုးကျောင်းကိုနှင်ထုတ်ခြင်း

ကျောက်ကျန်းချွမ်နှင့်ရှန်ကျောက်ရွှမ်တို့သည် ကောင်းယိနှင့်ယှဉ်လျှင် ကုနင်းအကြောင်းအနည်းအကျဉ်းသာသိကြတာကြောင့် ကောင်းယိက သူတို့ကိုထွက်သွားဖို့ပြောသည်နှင့် သူတို့လဲ ထွက်သွားကြသည်။

အားလုံးထွက်သွားသည်ကို မြင်ကာမှ ကုနင်း စိတ်အေးသွားကာ ချက်ချင်းပင် နတ်ဆိုးကျောင်းရှိရာသို့ ဦးတည်ကူးခတ်လိုက်သည်။ သူမမိတ်ဆွေများကို တိုက်ခိုက်မည်စိုးတာကြောင့် ထိုကောင်ကြီးကို သူမရပ်တန့်မှဖြစ်ပေမည့် ထို့အပြင် နတ်ဆိုးကျောင်းကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်သွင်းပစ်ဖို့နည်းလမ်းကိုလဲ ရှာရမည် မဟုတ်ပါက ပြဿနာအကြီးအကျယ်တက်သွားပေလိမ့်မည်။

နတ်ဆိုးကျောင်းက လူသားများကို တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုခဲ့လျှင်တောင်မှ ပင်လယ်ထဲမှာ သူ့ခန္ဓာကိုယ်ကိုတစ်ချက်ယမ်းလိုက်ရုံဖြင့် ကြမ်းတမ်းသည့်လှိုင်းလုံးကြီးများဖြစ်ပေါ်လာပေလိမ့်မည်။ လှိုင်းလုံးများက ဘယ်လောက်အခြေအနေအထိပဲ ကြမ်းတမ်းမည်ဖြစ်စေ ပင်လယ်မျက်နှာပြင်ပေါ်ရှိ သင်္ဘောများကိုတော့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည်ဖြစ်တာကြောင့် အပြစ်မဲ့သည့်လူများစွာကို သေစေနိုင်သည်။

နတ်ဆိုးကျောင်းသည် သူမ၏မှောင်စွမ်းအင်ကြောင့် ရောက်လာခြင်းဖြစ်နိုင်တာကြောင့် ကုနင်း ထိုကောင်ကို ဆွဲဆောင်ဖို့ရန် မှော်စွမ်းအင်များထပ်မံထုတ်လွှတ်လိုက်သည်။ သူမမိတ်ဆွေများ ပင်လယ်ထဲမှအခြေအနေကို သိမသွားစေရန်အတွက်လဲ သူမကိုယ်ပေါ်တွင်တပ်ဆင်ထားသည့် ကင်မရာကိုဖုံးထားလိုက်သည်။

ပင်လယ်ကြမ်းပြင်သည် မှောင်မဲနေကာ ရေမှော်ပင်များဖြင့် ပြည့်နှက်နေတာကြောင့် နတ်ဆိုးကျောင်းကတော့ ကုနင်း သူ့ကိုမတွေ့လောက်ဟု တွေးနေသည်။ ဒါကြောင့် သူတို့ကြားမှအကွာအဝေးက ပိုလို့ ပိုလို့နီးကပ်လာသည်ကိုတွေ့လိုက်ရသည်နှင့် အလွန်အံ့ဩသွားတော့သည်။ ကုနင်းက သူ့ဘက်ကိုကူးခတ်လာနေတာလား။

ဒီလူသားက ငါ့ကိုမကြောက်ဘူးလား?

နတ်ဆိုးကျောင်းက ကုနင်းနှင့်၅မီတာအကွာတွင်ရပ်လိုက်တာကြောင့် ကုနင်းလဲ ရပ်လိုက်သည်။ သူမထပ်ပြီးရွှေ့လိုက်တာနဲ့ တစ်ဖက်က နတ်ဆိုးကျောင်းကို ဒေါသထွက်အောင်လုပ်မိမည်အား စိုးရိမ်နေမိသည်။

ရုတ်တရက်ဆိုသလို နတ်ဆိုးကျောင်းက ကုနင်းဘက်ကိုအော်လိုက်ပေမည့် အရမ်းမကျယ်တာကြောင့် လှိုင်းများမဖြစ်သွေားစေပေ။

“သူဘယ်လိုလုပ်များ ငါ့နားတိုးရဲတာလဲ?” နတ်ဆိုးကျောင်းက ပြောလိုက်သည်။ ကုနင်း သူပြောတာကိုမကြားလောက်ဘူးလို့ ထင်တာကြောင့် သူ့ဘာသာပြောလိုက်ခြင်းဖြစ်ပေမည့် ကုနင်းကတော့ ကြားလိုက်ကာ သူမကိုယ်တိုင်လဲ အံ့ဩသွားပေမည့် မကြာခင်မှာပဲ ကျောက်စိမ်းမျက်ဝန်း၏အကျိုးသက်ရောက်မှုကြောင့်ဖြစ်မည်မှန်း နားလည်သွားသည်။ ဒါကြောင့် သူမ၏အသက်ရှူပိုက်ကိုဖြုတ်လိုက်ကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး၊ “ဘာလို့မကပ်ရမှာလဲ?”

ဤတစ်ခေါက်မှာတော့ ကုနင်း၏ပြန်ပြောစကားကြောင့် ထိတ်လန့်သွားရသူမှာ နတ်ဆိုးကျောင်းပင်ဖြစ်သည်။

“မင်း-မင်းဘယ်လိုလုပ်ငါပြောတာကိုကြားနေတာလဲ?” နတ်ဆိုးကျောင်းက မရေမရာဖြင့်ပြန်မေးလိုက်သည်။

“မသိဘူးလေ၊ ဒီအတိုင်းကြားနေရတာပဲ။” နတ်ဆိုးကျောင်းမှာ မယုံကြည်နိုင်ဖြစ်နေတော့သည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ကုနင်း၏မှော်စွမ်းအင်ကို ပိုစိတ်ဝင်စားနေတာကြောင့် လောဘကြောင့်တောက်လက်နေသည့်မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်ကာ၊ “ပြောပါဦး၊ မင်းမှာဘယ်လိုလုပ်ပြီး မှော်စွမ်းအင်ရှိနေရတာလဲ?”

“မှော်စွမ်းအင်? အဲ့ဒါဘာကြီးလဲ?” ကုနင်း တုံးသလိုအသလိုဟန်ဆောင်လိုက်သည်။

နတ်ဆိုးကျောင်းက မကျေမနပ်ဖြစ်ကာ နှာမှုတ်လိုက်ပြီး၊ “ငါ့ကိုအရူးလာလုပ်မနေနဲ့။ မင်းမပြောရင်၊ မင်းကိုမြိုချပစ်မယ်။” နတ်ဆိုးကျောင်းက ကုနင်းကိုခြိမ်းခြောက်လိုက်သည်။ ကုနင်းကိုယ်ထဲတွင်ရှိသည့် မှော်စွမ်းအင်သည် သူ့ရဲ့အတွင်းပိုင်းနည်းဥပဒေသများတိုးတက်လာဖို့ အထောက်အကူပြုပေသည်။

“မလုပ်ပါနဲ့၊ ငါပေးပါ့မယ်။” ကုနင်း ကြောက်သလိုဟန်ဆောင်နေပေမည့် တကယ်တော့ နတ်ဆိုးကျောင်းကို ဆွဲဆောင်လိုခြင်းဖြစ်သည်။ သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သွင်းဖို့ရန်အတွက် နတ်ဆိုးကျောင်းကိုထိလိုက်ဖို့လိုပေသည်။

ထိုအချိန်မှာပဲ ကုနင်း၏လက်ထဲတွင် ညလင်းပုလဲပေါ်လာခဲ့ကာ ပင်လယ်ကြမ်းပြင်တစ်ခုလုံးကို ချက်ချင်းလင်းလက်သွားစေတော့သည်။ နတ်ဆိုးကျောင်းကတော့ ကြောက်ရွံ့ထိတ်လန့်သွားကာ ခပ်ဝေးဝေးသို့ ဆုတ်ခွာသွားတော့သည်။ ရုတ်တရက် သူ့ကိုသူတောင် မထိန်းချုပ်နိုင်ဖြစ်သွားသည်။

နောက်တော့မှ ညလင်းပုလဲဆီမှထွက်ပေါ်လာနေသည့် မှော်စွမ်းအင်များကို ခံစားမိကာ စိတ်လှုပ်ရှားသွားတော့သည်။ သူသာ ထိုထဲမှမှော်စွမ်းအင်များကို ဆုပ်ယူနိုင်မည်ဆိုလျှင် ကျောင်းကနေပြီး တကယ့်နဂါးအဖြစ် သိပ်မကြာခင်မှာပဲ ကူးပြောင်းနိုင်ပေလိမ့်မည်။

“အဲ့ဒါဘာကြီးလဲ?” နတ်ဆိုးကျောင်းမေးမြန်းလိုက်သည်။

“ဒါက ညလင်းပုလဲပဲ။”

“ညလင်းပုလဲ?” နတ်ဆိုးကျောင်းသည် ညလင်းပုလဲကိုမသိပေမည့် ဂရုလဲမစိုက်ပေ။ သူက ချက်ချင်းပင် ကုနင်းရှိရာသို့ကူးခတ်သွားကာ ညလင်းပုလဲကိုမြိုချရန်ကြံစည်တော့သည်။

နတ်ဆိုးကျောင်းသည် သူ့ကို ကုနင်း ပြန်လည်ခုခံရဲမည်မဟုတ်ဟု အလွန်ယုံကြည်နေတာကြောင့် ညလင်းပုလဲကိုလုယူဖို့သာ အာရုံရှိနေသည်။ တဖြည်းဖြည်းနှင့် နတ်ဆိုးကျောင်းသည် ကုနင်းအနားသို့တိုးကပ်လာတော့သည်။

ညလင်းပုလဲကိုဝါးမြိုရန်အတွက် နတ်ဆိုးကျောင်း ပါးစပ်ကိုဖွင့်ဟလိုက်ချိန်မှာပဲ ကုနင်းက လက်ကိုလှုပ်ရှားကာ ၎င်း၏ရှည်လျားသည့်လည်ဆံမွေးကို ဆုပ်ကိုင်လိုက်တော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ နတ်ဆိုးကျောင်းမရုန်းကန်နိုင်ခင်တွင်ပင် ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကုနင်းလဲ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်သွားတော့သည်။

ရွက်လှေထဲရှိလူများကတော့ ကုနင်း အတော်ကြာပေါ်မလာတာကြောင့် စိုးရိမ်လို့နေကြသည်။ ပင်လယ်ရေအောက်ထဲတွင်က အန္တရာယ်မျိုးစုံကြုံတွေ့ရနိုင်သညမဟုတ်လား။ အထူးသဖြင့် ကုနင်းက တခြားသူများကိုသွားခိုင်းသည့်အချိန်တွင် စိုးရိမ်ပူပန်နေသည့်ပုံလဲပေါက်နေသေးသည်။ သူမ၏ကင်မရာကိုတောင်မှဖုံးထားတာကြောင့် သူတို့လဲ အခြေအနေကိုမသိနိုင်ပေ။

ကုနင်းအခြေအနေကိုသွားကြည့်ရန် ရေထဲသို့ဆင်းလိုကြပေမည့် သူတို့ သူမကိုအကူအညီပဲဖြစ်မလား ဝန်ထုပ်ဝန်ပိုးပဲဖြစ်သွားမလားကတော့ မသေချာပေ။

“မိန်းကလေးကုရဲ့ ကင်မရာပြန်အလုပ်လုပ်လာပြီ။ သူကြိုးတစ်လျှောက်ပြန်ကူးလာတယ်။ မြန်မြန်ဆွဲတင်ကြ!” ကင်မရာများကို တာဝန်ယူကြည့်နေသည့် ရှန်ကျောက်ရွှမ်၏သူငယ်ချင်းတစ်ယောက်ပြောလိုက်သည်။

ထိုစကားကြောင့် အားလုံးဝမ်းသာသွားကာ ကုနင်းကိုအမြန်ဆွဲတင်ကြတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ကုနင်း ပင်လယ်ထဲမှထွက်လာကာ ရွက်လှေပေါ်သို့တက်လာခဲ့သည်။

“မိန်းကလေးကု၊ အဆင်ပြေရဲ့လား?” လူတိုင်းက စိုးရိမ်ပူပန်စွာမေးနေကြတာကြောင့် ကုနင်းပြုံးမိသွားသည်။

“အဆင်ပြေပါတယ်။”

“မိန်းကလေးကု၊ ဘာတွေဖြစ်သွားတာလဲ? ဘာလို့ သူတို့ကိုအရင်ထွက်သွားခိုင်းတာလဲ?” လီမြောင်စုန့်က မေးလိုက်သည်။

“ဘာလို့လဲ?” ကျန်လူများကလဲ ကုနင်းအတွက်စိုးရိမ်နေခဲ့ရတာကြောင့် ထိုမေးခွန်းကိုပဲမေးကြသည်။

“အမ်၊ ရေထဲမှာ မူမမှန်တဲ့အားတစ်ချို့ခံစားမိလို့၊ အရင်ထွက်သွားခိုင်းလိုက်တာပါ။ စိတ်မပူပါနဲ့။ ကျွန်မဖြေရှင်းပြီးသွားပြီ။” ကုနင်း နတ်ဆိုးကျောင်းအကြောင်း အသေးစိတ်ကိုတော့ မပြောပြခဲ့ပေ။

ကုနင်း၏အဖြေကြောင့် အားလုံးစိတ်အေးသွားကာ ပင်လယ်ရေထဲမှ မူမမှန်သည်အားဆိုတာကလဲ ကုနင်းဖြေရှင်းနိုင်မည်မှန်း သိတာကြောင့် ဆက်မမေးကြတော့ပေ။

ထို့နောက် ကုနင်း အဝတ်အစားသွားလဲကာ ရွက်လှေသည်လဲ သင်္ဘောကျင်းဘက်သို့ ပြန်လည်ဦးတည်လာခဲ့သည်။

ရတနာသေတ္တာများကို သူတို့ချက်ချင်းမဖွင့်ကြသေးဘဲ ဗီလာသို့ပြန်ရောက်ကာမှသာ ပစ္စည်းများကို ခွဲဝေကြမည်ဖြစ်သည်။

ကုနင်းအဝတ်အခြောက်များကိုပြန်လဲပြီးချိန်မှာတော့ စိတ်စွမ်းအင်အာကာပြင်ထဲမှ သရဲထီးနှင့်နတ်ဆိုးကျောင်းကို ဘယ်လိုဖြေရှင်းရမလဲ စတွေးတော့သည်။

သူမ၏ယနေ့လုပ်ရပ်က ထိုနှစ်ဦးအား‌ဒေါသထွက်စေခဲ့သည့်မှာ အသေအချာပင်။ သူမသာ ထိုနှစ်ဦးကို ပင်လယ်ထဲပြန်လွှတ်ပေးလိုက်ပါက သူမကိုသေချာပေါက် ပြဿနာပြန်ရှာကြပေလိမ့်မည်။ သူမကြောင့်နှင့် အပြစ်မဲ့သည့်လူများ သေဆုံးရမည့်အဖြစ်မျိုးကိုတော့ မဖြစ်လိုပေ။

ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းကိုရှာမတွေ့သေးခင်မှာတော့ ထိုနှစ်ဦးကို စိတ်စွမ်းအင်အာကာပြင်ထဲမှာပဲ ဆက်သိမ်းထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

***

အခန်း ၈၆၄ ယင်စွမ်းအင်လွှမ်းခြုံနေသည့် ပန်းအိုး

အခုဆို တန်ဖိုးကြီးပစ္စည်းများစွာကို ရရှိလာခဲ့ပြီဖြစ်သော်လည်း နေထိုင်ရာမြို့များဆီသို့ ဘယ်လိုပြန်သွားရမလဲဆိုသည်က ပြဿနာတစ်ခုဖြစ်နေသေးသည်။

လူတစ်ယောက်ဖြတ်သန်းသွားလာဖို့အတွက် လုပ်ထုံးလုပ်နည်းများကပင် အလွန်ရှုပ်ထွေးနေပြီဖြစ်ကာ ကုန်ပစ္စည်းများပါလျှင်တော့ ပိုလို့ခက်ခဲပေသည်။ ထိုရှေးဟောင်းပစ္စည်းများကို ရှာတွေ့သွားကြသည်နှင့် သူတို့အဖမ်းခံရနိုင်သည်။ ပြောရရင် ရှေးဟောင်းပစ္စည်းများနှင့်ရွှေချောင်းများကို တရားဝင်စာချုပ်စာတမ်းများမပါဘဲ ရွှေ့ပြောင်းခြင်းသည် တရားမဝင်လုပ်ရပ်သာဖြစ်သည်။

ထို့ကြောင့် လီမြောင်စုန့်တို့အဖွဲ့သည် မှောင်ခိုပြန်သယ်သွားဖို့ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ရှန်ကျောက်ရွှမ်က သူ့ဝမ်းကွဲညီငယ်တစ်ယောက်က ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်တာကြောင့် သူကူညီပေးနိုင်သည်ဟု ပြောလာခဲ့သည်။

ထိုစကားကြောင့် လီမြောင်စုန့်တို့အဖွဲ့မှာတော့ စိတ်လှုပ်ရှားသွားကြတော့သည်။

လီမြောင်စုန့်နှင့်ရှန်ကျောက်ရွှမ်တို့၏ရင်းနှီးမှုကြောင့် သူတို့လဲ ရှန်ကျောက်ရွှမ် စီစဉ်ပေးမည်ကို ယုံကြည်ကြသည်။

“မိန်းကလေးကုရော ငါကူညီပေးဖို့လိုသေးလား?” ရှန်ကျောက်ရွှမ်က ကုနင်းကိုလဲ စေတနာဖြင့်မေးလိုက်သည်။

“ကျေးဇူးပါ၊ ကျွန်မဘာသာ ပြန်သယ်သွားနိုင်ပါတယ်။” ကုနင်း ငြင်းဆန်လိုက်ကာ သယ်ယူမည့်ပုံစံအထိတော့မပြောပြတာကြောင့် သူတို့လဲ ဆက်မမေးဖြစ်ကြပေ။

………

သူတို့ဗီလာသို့ပြန်ရောက်ချိန်တွင် နေ့လည်၁၂နာရီပင်ထိုးခါနီးပြီဖြစ်ကာ ဗီလာပိုင်ရှင်ဖြစ်သည့် ရှန်ကျောက်ရွှမ်၏သူငယ်ချင်းက ပင်လယ်စာများချက်ဖို့ပြင်ဆင်တော့သည်။

“မိန်းကလေးကု၊ မင်းစားချင်တဲ့အရသာမျိုးရှိလား?”

“မရှိပါဘူး၊ ပုံမှန်ချက်နေကြအတိုင်းပဲ ချက်လိုက်ပါ။”

ထို့နောက် အားလုံးလဲ ယနေ့ရလာသည်များကို စတင်ခွဲဝေကြသည်။

လီမြောင်စုန့်ကနေပြီး၊ “မိန်းကလေးကု၊ ငါတို့ ဒီအဖိုးတန်ပစ္စည်းတွေကို လေးပုံခွဲလိုက်မယ်။ ဒီနေ့အတွက် မင်းအများဆုံးလုပ်ဆောင်ပေးခဲ့တာဆိုတော့ မင်းနှစ်ပုံယူသင့်တယ်လို့ထင်တယ်။ မင်းကောဘယ်လိုထင်လဲ?”

“ဒါပေါ့၊ မိန်းကလေးကုကြောင့်သာမဟုတ်ရင် ငါတို့ပင်လယ်ထဲကနေ သယ်ထုတ်လာနိုင်မှာတောင်မဟုတ်ဘူး။” ရှန်ကျောက်ရွှမ်ကလဲ သဘောတူကာ ကျန်လူများကလဲ ကုနင်းကိုဝေစုအကြီးယူစေချင်ကြသည်။

သို့ပေမည့် ကုနင်းကတော့ သဘောမတူခဲ့ပေ။ “ကျွန်မတို့ သုံးပုံပဲခွဲကြတာပေါ့၊ တစ်ဖွဲ့ကိုတစ်ပုံစီယူကြမယ်။ ဒီနေ့ကျွန်မလုပ်ဆောင်ချက်ကများတယ်ဆိုပေမယ့် သင်္ဘောအကြောင်း အချက်အလက်ဝေမျှပေးတာကကို အရမ်းသဘောထားကြီးရာရောက်နေပါပြီ။”

“ဒါက….” ကျန်လူများ အနည်းငယ်စိတ်မသက်မသာဖြစ်သွားကြသည်။

“ဒါကိစ္စကြီးလဲမဟုတ်ပါဘူး။ ဒီအတိုင်းပဲခွဲကြတာပေါ့။”

ကုနင်းကပြောလာတာကြောင့် သူတို့အတင်းမတိုက်တွန်းတော့သော်လည်း ကုနင်းကို ပိုလို့ပင် လေးစားသဘောကျသွားတော့သည်။ သို့သော် ကုနင်းက အဖိုးအတန်ဆုံးသောပစ္စည်းအများအပြားကို ကုနင်းက သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ကြိုထည့်ပြီးထားသည်ကိုတော့ သူတို့မသိလိုက်ကြပေ။

ကုနင်း၏လုပ်ရပ်က မမှန်ကန်သလို မတရားရာရောက်ပေမည့် ခေါင်းပုံဖြတ်သည့်သဘောတော့မဟုတ်ပေ။

သူတို့ပြောခဲ့သလိုပဲ ယနေ့ သူတို့အောင်မြင်ရသည်မှာ ကုနင်းအားထုတ်မှုများကြောင့်ဖြစ်၍ သူမဘာသာ အကောင်းဆုံးရှေးဟောင်းပစ္စည်းများကို ကြိုယူထားသည်က နားလည်ပေး၍ရသည်။ ထို့အပြင် ဒါကပဲ ကုနင်းလွန်စွာရက်ရောကြင်နာပေးနေခြင်းဖြစ်သည်။ သူမသာ မရက်ရောတတ်ပါက တွေ့သမျှပစ္စည်းများကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်နိုင်သလို သူမလုပ်ရပ်ကိုလဲ ဘယ်သူကမှသိကြမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ကုနင်းထိုသို့မလုပ်ခဲ့ပေ။

ထို့နောက် ရွှေချောင်းများ၊ ရှေးဟောင်းပစ္စည်းများ၊ ရတနာများနှင့်အခြားပစ္စည်းများကို စားပွဲပေါ်တွင်ဖြန့်ခင်းကာ ရွေးချယ်ကြသည်။

ကုနင်းလဲပဲ တန်ဖိုးကြီးပစ္စည်းအများအပြားကို ရွေးယူခဲ့သည်။

ထို့နောက် ရှန်ကျောက်ရွှမ်၏သူငယ်ချင်းက ကုနင်း သူမပစ္စည်းများကိုဟိုတယ်သို့ပြန်သယ်သွားနိုင်ဖို့ရန် ခရီးဆောင်အိတ်နှစ်လုံးကိုစီစဉ်ပေးသည်။

ကျန်လူများကတော့ သူတို့ဝေစုများကို ရွက်လှေဖြင့်သယ်ကြမည်ဖြစ်ပြီး အဖမ်းမခံရစေရန်အတွက် ညဘက်မှသင်္ဘောပေါ်သို့ရွှေ့ကြပေလိမ့်မည်။ သူတို့လဲ သူတို့မြို့များသို့ပြန်မည်ဖြစ်တာကြောင့် မနက်ဖြန်အတွက် သင်္ဘောလက်မှတ်များကိုလဲ ဝယ်ကြလိမ့်မည်။

မကြာခင်တွင်ပဲ ပင်လယ်စာများလဲ စားဖို့အဆင်သင့်ဖြစ်လာသည်။

……….

နေ့လည်စာစားပြီးနောက် သူတို့မြို့ထဲသို့ပြန်လာခဲ့ကြသည်။

ရှန်ကျောက်ရွှမ်၏သူငယ်ချင်းက ကုနင်းတို့အဖွဲ့ကို ဟိုတယ်သို့ပြန်လိုက်ပို့ပေးပြီး လီမြောင်စုန့်တို့အဖွဲ့သည်တော့ ဗီလာတွင်သာနေခဲ့သည်။

ကုနင်း ခရီးဆောင်အိတ်နှစ်လုံးကို သူမအခန်းထဲသို့ချက်ချင်းမသယ်သွားဘဲ ဟဲစစ်ရင် သူမတို့အတွက်ပေးထားသည့် ကားပေါ်သို့တင်ခိုင်းလိုက်သည်။ ထို့နောက် ကောင်းယိနှင့်ချောင်ယတို့ကို ဟိုတယ်မှာသွားနားဖို့ပြောပြီး သူမကတော့ ပြန်ထွက်လာခဲ့သည်။

ကုနင်းက သူတို့ကို သူမနောက်မလိုက်လာစေချင်မှန်း ကောင်းယိနှင့်ချောင်ယလဲ နားလည်တာကြောင့် သူတို့အခန်းသို့သာပြန်ခဲ့ကြသည်။

ကုနင်းကားဆီသို့ပြန်ရောက်သည်နှင့် ရှေးဟောင်းပစ္စည်းအားလုံးကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်သွင်းလိုက်ကာ HKမြို့ထဲသို့ ကားမောင်းထွက်လာခဲ့သည်။

သွားရင်းနှင့် လမ်းဘေးတွင် ရှေးဟောင်းလမ်းဟူသည့်ဆိုင်းဘုတ်ထောင်ထားသည်ကို ကုနင်းသတိပြုမိသွားကာ စိတ်ဝင်စားသွားပြီး ချက်ချင်းလှည့်ဝင်လိုက်တော့သည်။

သူမတွင် အခုဆို ရှေးဟောင်းပစ္စည်းပမာဏများစွာရှိနေပြီဖြစ်ပေမည့် ပိုများလေ ပိုကောင်းလေပဲမဟုတ်လား။

ရှေးဟောင်းလမ်းအပြင်ဘက်တွင် ကားပါကင်နေရာအကျယ်ကြီးတစ်ခုရှိကာ ကုနင်းလဲ ကားရပ်လိုက်ပြီးနောက် လမ်းလျှောက်ကာ ဝင်လာခဲ့သည်။

HKရှိရှေးဟောင်းလမ်းသည် ပိုလို့ရှေးဆန်လှသည်။

HKသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအချက်အချာကျတာကြောင့် ဤနေရာရှိရှေးဟောင်းလမ်းတစ်လျှောက်မှာလဲ မရေမတွက်နိုင်သည့် ပစ္စည်းများစွာရှိလို့နေသည်။

ပုံမှန်အတိုင်း ကုနင်းရှေးဟောင်းလမ်းထဲတွင်လျှောက်ပတ်ရင်း ကျောက်စိမ်းမျက်ဝန်းဖြင့် ပစ္စည်းများကိုကြည့်သွားသည်။

“ဒါက ယင်ဓါတ်ကြီးစိုးနေတာ! မင်းဝယ်လို့မရဘူး။ ဒီပစ္စည်းကြောင့် မင်းသေရလိမ့်မယ်!”

ရုတ်တရက် စိုးရိမ်ပူပန်နေသည့် အမျိုးသားသံကျယ်ကျယ်က ကုနင်းနားထဲသို့စီးဝင်လာခဲ့သည်။

အနားရှိရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်တွင် လူများဝိုင်းအုံနေကာ အလယ်မှာတော့ အသက်၆၀ ဝန်းကျင်အဖိုးကြီးတစ်ဦးရှိနေသည်။ သူက သက်လတ်ပိုင်းအရွယ်အမျိုးသားကို တားဖို့ရန်လှမ်းဆွဲလို့နေသည်။ ထို့အပြင် ထိုအဖိုးကြီး၏နဖူးသည် အနည်းငယ်မည်းနက်နေတာကြောင့် ယင်စွမ်းအင်သက်ရောက်မှုကို ခံထားရပုံပင်။

အဖိုးကြီး၏နှုတ်ကလဲ ရှေးဟောင်းပစ္စည်းတစ်ခုတွင် ယင်စွမ်းအင်လွှမ်းခြုံနေကြောင်း ပြောနေခဲ့သည်။

ကုနင်းတစ်ချက်လောက်လှမ်းကြည့်လိုက်တော့ ကောင်တာပေါ်တွင် အဖြူရောင်ကြွေထည်ပန်းအိုးတစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအိုးသည် ရေသန့်ဘူးတစ်ဘူးလောက်ကြီးကာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်ပြီး တကယ်ကိုပဲ ယင်စွမ်းအင်ဖုံးလွှမ်းလို့နေသည်။

***

အခန်း ၈၆၅ ရောင်းမှာလား မရောင်းဘူးလား

အဖိုးကြီး၏စကားကြောင့် သက်လတ်ပိုင်းလူကြီးက တွန့်ဆုတ်သွားကာ လူအုပ်ကြီးသည်နှင့် သူတို့ပင် ယင်စွမ်းအင်ထိစပ်ခံရမည်စိုးတာကြောင့် နောက်ဆုတ်သွားကြသည်။ ယင်စွမ်းအင်ရှိသည်ကို သူတို့မယုံကြည်ကြသော်လည်း ကြားလိုက်သည်နှင့်ဝေးဝေးနေမိကြစဲပင်။

သို့ပေမည့် နောက်ထပ်သက်လတ်ပိုင်းအရွယ်လူကြီးကတော့ ဒေါသထွက်နေခဲ့သည်။ “အဖိုးကြီးရှား၊ ခင်ဗျား ကျုပ်ဆိုင်ကိုဖျက်ဆီးဖို့ တမင်လုပ်နေတာမဟုတ်လား? ဒီပန်းအိုးမှာ ယင်စွမ်းအင်ရှိနေပါတယ်လို့ ခင်ဗျားမှာ ဘာသက်သေမှမရှိဘူး!” ထိုလူကတော့ ဤရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်ဖြစ်ကာ တစ်စုံတစ်ယောက်က သူ့စီးပွားရေးကို ဖျက်ဆီးနေတာကြောင့် ဒေါသထွက်နေတော့သည်။

“ဟုတ်သားပဲ! ဒီပစ္စည်းက ယင်စွမ်းအားရှိနေတယ်ပြောမှတော့ ခင်ဗျားသက်သေပါတစ်ခါတည်းပြလေ။”

“ခင်ဗျား တမင်သက်သက် သူ့ဆိုင်ရဲ့ စီးပွားရေးကိုကော ဂုဏ်သတင်းကိုပါ ဖျက်ဆီးနေတာပဲ။”

“အသက်ကြီးလွန်းလို့ ကောင်းကောင်းမစဉ်းစားနိုင်တော့ဘူးထင်တယ်။”

………..

လူများစွာသည် ယင်စွမ်းအင်ရှိသည်ဆိုသည်ကို မယုံကြည်ကြတာကြောင့် အဖိုးကြီးရှားကိုအပြစ်တင်ကာ သူ့ဘက်မှရပ်တည်ပေးသူဟူ၍မရှိပေ။

အဖိုးကြီးရှားသည်လဲ ဒေါသထွက်လာရပေမည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်ကြီး တစ်ဖန်ပြန်လည်ဖြစ်ပွားလာမည်ကို တားမြစ်ဖို့ရန်အတွက် သူ့ဒေါသများကိုထိန်းချုပ်ထားလိုက်သည်။ “ဒီအပြာနဲ့အဖြူစပ်ကြွေထည်ပန်းအိုးက ငါပိုင်ခဲ့တာ။ ဒီပန်းအိုး ငါ့အိမ်ကိုရောက်လာပြီးကတည်းက ငါ့ကျန်းမာရေးက တစ်နေ့တစ်ခြားပိုဆိုးလာတယ်။ ဒါကြောင့် ငါဖျက်ဆီးပစ်ဖို့တောင် စီစဉ်ထားပြီးကာမှ တစ်ယောက်ယောက်ကခိုးသွားတာ။ အခုတော့ မင်းဆိုင်မှာပြန်ပေါ်လာတယ်။”

ထိုစကားကြောင့် အားလုံး၏အကြည့်များက ရှေးဟောင်းဆိုင်ပိုင်ရှင်ဆီသို့ရောက်ရှိသွားကြသည်။ ထိုသူခိုးက ဆိုင်ပိုင်ရှင်များဖြစ်နေမလားဟု သံသယဝင်လာကြသည်။

ဆိုင်ပိုင်ရှင်၏ဒေါသများမှာတော့ ချက်ချင်းဆိုသလို ထိန်းသိမ်းမရနိုင်အောင် ပေါက်ကွဲထွက်လာကာ၊ “အဖိုးကြီးရှား၊ ခင်ဗျားဘာသဘောနဲ့ပြောလိုက်တာလဲ? ကျုပ်က ခင်ဗျားအိမ်ကနေ ဒီပန်းအိုးခိုးလာတယ်လို့ ဆိုလိုတာလား? ဒါက တစ်ခြားတစ်ယောက်စီက ဝယ်လာတာဗျ! ပြီးတော့ ဒီပစ္စည်းက ခင်ဗျားအပိုင်ပါလို့ သက်သေပြစရာကောရှိလို့လား?” သူ့ကိုသာ သူခိုးတစ်ယောက်လို့ လူအများယုံကြည်သွားပါက သူ့ဂုဏ်သိက္ခာကိုဘယ်လိုမှပြန်အဖက်ဆယ်လို့ ရတော့မည်မဟုတ်ပေ။

အဖိုးကြီးရှားသည် ကျွမ်းကျင်ရှေးဟောင်းပစ္စည်းရာဖြတ်တစ်ဦးဖြစ်တာကြောင့် အဖိုးကြီးရှားပြောလိုက်သည့်စကားများကို ဆိုင်ပိုင်ရှင်မှာ ယုံနေမိသည်။ ဒါကြောင့်လဲ စိုးရိမ်ပူပန်မှုကိုမခံစားမိဘဲမနေနိုင်ခဲ့ပေ။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သေဆုံးခဲ့သည့်လူများနှင့်အတူယှဉ်တွဲထားသည့် တချို့သောရှေးဟောင်းပစ္စည်းများတွင် ယင်ဓါတ်ဖုံးလွှမ်းနေလေ့ရှိသည့်အကြောင်းကိုလဲ သူအရင်ကတည်းကကြားဖူးထားသည်။

သက်ရှိလူသားတစ်ဦးသည် ယင်စွမ်းအင်ဖုံးလွှမ်းနေသည့်အရာတစ်ခုကို တစ်ချက်ထိလိုက်ရုံဖြင့် ချက်ချင်းသက်ရောက်ခံရမည်ဖြစ်သည်။ တစ်ခါတရံထိုလူသည် အိပ်မက်ဆိုးများမက်ကာ မအိပ်နိုင်ဖြစ်တတ်ကြပြီး ထိုထက်ပိုဆိုးလျှင်တော့ အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။

အဖိုးကြီးရှား၏ လက်ရှိအခြေအနေက မကောင်းသည်မှာ သိသာလှသည်။

သူတကယ်ပဲ ဒီပန်းအိုးကြောင့်နဲ့ ယင်ဓါတ်သက်ရောက်မှုခံလိုက်ရတာလား?

ထိုသို့တွေးမိသည်နှင့် ဆိုင်ပိုင်ရှင်မှာ ကြောက်ရွံ့လာကာ ဆက်မတွေးရဲတော့သလို အမှန်မဟုတ်ဖို့လဲ မျှော်လင့်နေတော့သည်။

“ငါ့-ငါ့မှာ ဘာသက်သေမှမရှိဘူး။ ဒါပေမယ့် ဒီပန်းအိုးက တကယ်ပဲ ယင်စွမ်းအင်ရှိနေတာ။ သေချာပေါက်ဖျက်ဆီးပစ်ရမယ်!” အဖိုးကြီးရှားက ပြောပြောဆိုဆိုနှင့် ကောင်တာဆီသို့ပြေးသွားကာ ပန်းအိုးကိုဆွဲလုပြီး ခွဲပစ်ဖို့ကြိုးစားတော့သည်။ သို့ပေမည့် သူစလှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်က သူ့ကိုဟန့်တားထားသည်။

အဖိုးကြီးရှား၏စကားများမှန်နေသည်ဆိုလျှင်တောင်မှ ယွမ်သန်းပေါင်းများစွာတန်သည့် ပန်းအိုးကိုဖျက်ဆီးပစ်ဖို့ကိုတော့ ပိုင်ရှင်တစ်ယောက်အနေဖြင့် တွန့်ဆုတ်နေမိစဲပင်။ “အဖိုးကြီးရှား၊ ခင်ဗျားတစ်ကယ်ပဲ ဒီပန်းအိုးကိုဖျက်ဆီးချင်ရင်၊ အရင်ဆုံးဝယ်မှရမယ်။ ခင်ဗျားငွေမပေးနိုင်ရင်တော့ ဒါကကျုပ်အပိုင်ပဲမို့လို့ ခင်ဗျားမှာ ဖျက်ဆီးပိုင်ခွင့်မရှိဘူး။”

ပိုင်ရှင်သည် ထိုရှေးဟောင်းပစ္စည်းကို ဂရုမစိုက်သော်လည်း သူသာ ထိုပန်းအိုးကို ရောင်းထွက်ခဲ့ပါက ငွေများစွာရနိုင်မည်ဖြစ်သည်။

“ငါ-ငါ့မှာငွေမရှိဘူး။” အဖိုးကြီးရှားဝမ်းနည်းစိတ်ပျက်သွားသည်။

“ခင်ဗျားမှာငွေမရှိဘူးဆိုမှတော့ ကျုပ်တို့ကိစ္စပြီးပြီ၊ ခင်ဗျားထွက်သွားတော့။ မဟုတ်ရင် ရဲကိုခေါ်လိုက်တော့မယ်။”

“ကျွန်မဝယ်မယ်။” ထိုအချိန်မှာပဲ ကုနင်း သူတို့အနားသို့တိုးလာခဲ့သည်။ ပန်းအိုးတွင်တကယ်ကို ယင်စွမ်းအင်ရှိနေတာကြောင့် ဤနေရာတွင်မထားခဲ့သင့်ပေ။ ထို့အပြင် ပစ္စည်းကလဲ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်တာကြောင့် သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲကိုသာ ထည့်ထားမည်ဆိုလျှင် သန့်စင်ပြီးသားဖြစ်သွားပေမည်။

ကုနင်း လက်ရှိပေါက်ဈေးအတိုင်း မပေးလိုသော်လည်း ဆိုင်ရှင်ဝယ်တုန်းကဈေးထက် နည်းနည်းပါးပါးပိုလျှင်တော့ သူမပေးပေမည်။ ယင်စွမ်းအင်ပါဝင်နေသည့်သတင်းသာ ပျံ့သွားပါက ဆိုင်ရှင်လဲ ပန်းအိုးကိုရောင်းဖို့ခက်သွားမည်ဖြစ်ကာ ဘယ်သူကမှလဲယုံကြည်ကြတော့မည်မဟုတ်ပေ။

တစ်ယောက်ယောက်ဝယ်လိုကြောင်းကြားလိုက်သည်နှင့် လူတိုင်း ကုနင်းဘက်သို့လှည့်ကြည့်လာကာ သူမ၏အလှကြောင့် အံ့အားသင့်သွားကြသော်လည်း ကုနင်း၏ဆုံးဖြတ်ချက်မှန်ကန်သည်ဟုတော့ မတွေးကြပေ။ ဖျက်ဆီးပစ်ရမည့်ရှေးဟောင်းပစ္စည်းတစ်ခုကို ဘယ်သူကမှလဲဈေးအမြင့်ကြီးပေးကာ မဝယ်လိုပေ။

အဖိုးကြီးရှား၏အတွေးကတော့မတူပေ။ ကုနင်း ဝယ်ဖို့ဆန္ဒရှိတယ်ဆိုမှတော့ သူမမှာ ငွေပိုငွေလျှံ့ရှိတာကြောင့်ပဲဖြစ်မည်။

“မင်းသေချာရဲ့လား?” ဆိုင်ပိုင်ရှင်က သံသယဖြင့်မေးလိုက်သည်။ ကုနင်း၏ပုံစံအရအလွန်ငယ်ရွယ်တာကြောင့် သိပ်ပြီးချမ်းသာပုံမရနေပေ။

“ဒါပေါ့၊ ဘယ်လောက်ပေးရမလဲ?”

“ယွမ်၈သန်း။”

“ယွမ်၈သန်း?” ကုနင်းလှောင်ရယ်လိုက်ကာ၊ “အခုချိန်မှာ ဒီပန်းအိုးက ယွမ်၈သန်းတန်သေးတယ်လို့ထင်နေတာလား?”

ထိုစကားက ဆိုင်ရှင်ကိုမကျေမနပ်ဖြစ်သွားစေသည်။ ကုနင်းဘာကိုဆိုလိုချင်မှန်းကိုလဲ သူသိသည်။ ဤအပြာနှင့်အဖြူရောင်စပ်ကြွေထည်ပန်းအိုးတွင် တကယ်ပဲ ယင်စွမ်းအင်ရှိသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ အဖိုးကြီးရှားကြောင့် သူဈေးမြင့်မြင့်နှင့်ရောင်းနိုင်တော့မည်မဟုတ်ပေ။ သူသာ အခုချက်ချင်း ကုနင်းကိုမရောင်းလိုက်နိုင်ပါက အနာဂါတ်မှာ ရောင်းထွက်ဖို့ ပိုခက်ခဲသွားစေတော့မည်။

“ဒါဆိုလဲ ယွမ်၅သန်း။” ဆိုင်ရှင် ၃သန်းလျှော့ပေးလိုက်သည်။

သို့ပေမည့် ကုနင်းအမြင်တွင်တော့ အရမ်းဈေးကြီးလွန်းနေတုန်းပင်။ “ကျွန်မ ယွမ်၁သန်းပဲပေးနိုင်မယ်။ ရှင်ဒါကိုဝယ်တုန်းကတောင် အဲ့လောက်မပေးခဲ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်နေဦးမှာပါ။”

“မင်း….” ကုနင်း ထိုမျှဈေးနှိမ်လိမ့်မည်ဟု ဆိုင်ရှင်မှာ မထင်ထားခဲ့ပေ။ ဒီကြွေထည်ပန်းအိုးက တကယ်ဆို ယွမ်၁၀သန်းလောက်နီးနီးအဖိုးတန်တာလေ! ဒါ့အပြင် သူဝယ်လာတုန်းက ယွမ်၃သိန်းသာပေးခဲ့ရသည်ဟူသော အချက်ကို ကုနင်းကို ထောက်ပြခဲ့တာကြောင့်လဲ အလွန်စိတ်ရှုပ်သွားတော့သည်။

ပန်းအိုးကိုရောင်းလိုက်သူမှာ အတွေ့အကြုံမရှိသူဖြစ်တာကြောင့် ဈေးနည်းနည်းနဲ့ဝယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ရှေးဟောင်းပစ္စည်းဆိုင်များတွင်တင်ရောင်းသည့် ရှေးဟောင်းပစ္စည်းများဆိုလျှင် မူရင်းတန်ကြေးထက် သုံးပုံတစ်ပုံ သို့မဟုတ် ထက်ဝက်မျှ နည်းကြသည်။

ဆိုင်ရှင်၏တုန့်ပြန်ပုံကြောင့် သူမဈေးနည်းနည်းနှင့်ဝယ်နိုင်တော့မည်မှန်း သိလိုက်တော့သည်။

“ရှင်ရောင်းမှာလား မရောင်းဘူးလား? အခုချက်ချင်းသာ မရောင်းလိုက်ဘူးဆိုရင် နောင်အနာဂါတ်မှ ရောင်းနိုင်ဖို့မလွယ်တော့ဘူးနော်။”

ဆိုင်ရှင်မှာ ကုနင်းကိုစိုက်ကြည့်ကာ ပြောစရာစကားများဆွံ့အနေတော့သည်။

All Chapters