← Chapters

အခန်း (၈၆၆-၈၇၀)

Vol. 58 Ch. 866-870

အခန်း (၈၆၆-၈၇၀)

Vol. 58 Ch. 866-870

အခန်း ၈၆၆ ခွဲဖို့စိတ်ကူးမရှိပါ

ဆိုင်ပိုင်ရှင်အတွက်တော့ ယွမ်၁၀သန်းနီးပါးတန်ဖိုးရှိသည့်ပစ္စည်းကို ယွမ်၁သန်းတည်းနဲ့ရောင်းလိုက်ဖို့ရန်က လက်မခံနိုင်စရာနှုန်းထားပင်။

အဖိုးကြီးရှားကြောင့်သာမဟုတ်ရင် သူဒီလိုမျိုးရောင်းဖို့ရန် တွန်းအားပေးခံရမည်မဟုတ်ပေ။

ချက်ချင်းဆိုသလိုပဲ ဆိုင်ရှင်က အဖိုးကြီးရှားဘက်သို့လှည့်လိုက်ကာ၊ “အဖိုးကြီးရှား၊ ခင်ဗျားကျေနပ်သွားပြီလား? ခင်ဗျားသေခါနီးနေလို့ ကျုပ်ဆိုင်စီးပွားရေးကို လာဖျက်ဆီးတာလား?”

“ပြီးတော့ မင်း!” ထို့နောက် ကုနင်းဘက်သို့လှည့်သွားပြန်သည်။ “မင်းကိုယ်မင်း လွန်လွန်းတယ်လို့မတွေးမိဘူးလား? ဟိုအဖိုးကြီးက ဒီပန်းအိုးမှာ ယင်စွမ်းအင်ရှိနေပါတယ်ဆိုပြီး ပြောလိုက်ရုံနဲ့ မင်းက ယွမ်၁၀သန်းတန်တဲ့ဟာကို ယွမ်၁သန်းနဲ့ယူချင်နေတယ်။ မင်းတို့ နှစ်ယောက်ပေါင်းကြံတာပဲဖြစ်မယ်! ငါရဲခေါ်ရမယ်!”

ထို့နောက် ဆိုင်ရှင်က သူ့ဖုန်းကိုထုတ်ကာ ရဲကိုအကြောင်းကြားဖို့လုပ်တော့သည်။

ကုနင်းကလဲ ပိုင်ရှင်ပြောသည့်စကားကို လက်ခံပေသည်။ ဆိုင်ရှင်မှာ ယွမ်၁သန်းနှင့် ပန်းအိုးကိုရောင်းနိုင်နေဦးမည်ဆိုသော်လည်း များစွာဆုံးရှုံးသွားပြီဖြစ်သည်။ ကုနင်းသာ ထိုပန်းအိုးတွင် ယင်စွမ်းအင်ရှိနေကြောင်း သက်သေမပြပေးနိုင်လျှင် တကယ်ကို အချောင်ဖြတ်ခုတ်သလိုဖြစ်သွားတော့မည်။

“ခဏလေးနေပါဦး။ ရှင့်ကို သက်သေပြပေးနိုင်တယ်။”

ထိုစကားကြောင့် အနားရှိလူတိုင်း ကုနင်းကိုပြန်ကြည့်ကုန်ကြသည်။

ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်လဲ အံ့ဩသွားတော့သည်။ သူ ဒီပန်းအိုးကို ယွမ်၁သန်းနဲ့မရောင်းလိုက်ချင်သော်လည်း တကယ်ကြီးယင်စွမ်းအင်ရှိနေမည်ကိုတော့ စိုးရိမ်သည်။ အမှန်သာယင်စွမ်းအင်ရှိနေခြင်းဆိုလျှင် သူပိုပြီးတောင်ဆုံးရှုံးလိမ့်မည်။ သူ့ဘာသူဖျက်ဆီးမှဖြစ်မည်ဆိုလျှင် ကုနင်းကိုရောင်းပေးလိုက်တာက ပိုကောင်းမည်။ ထိုသို့ဆိုကာမှ အနည်းဆုံးယွမ်၇သိန်းလောက် ပြန်မြတ်ပေဦးမည်။

“မင်းလုပ်နိုင်တယ်ပေါ့? ဒါဆိုလဲ အခုပဲသက်သေပြလိုက်လေ။”

ကုနင်း သူမ၏ကျောပိုးအိတ်ထဲသို့လက်နှိုက်ကာ စိတ်စွမ်းအင်အာကာပြင်ထဲမှ ရေသန့်ဘူးအသေးအရွယ်ရှိ အပြာနှင့်အဖြူစပ်ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းအံ့ဩသွားကြပြန်သည်။ ဒါသာ ရှေးဟောင်းပစ္စည်းအစစ်ဆိုရင် သူမကျောပိုးအိတ်ထဲမှာထည့်ထားတာက ဂရုမစိုက်လွန်းရာမကျဘူးလား? တစ်ယောက်ယောက်နဲ့တိုက်မိလို့ ပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ?

ကုနင်း သူမကြွေပုလင်းကို ပန်းအိုးနှင့် ၅၀စင်တီမီတာလောက်ပဲကွာသည့်နေရာကနေပြီး ကောင်တာပေါ်တွင်သာ တင်ပေးလိုက်သည်။ “ဒီပုလင်းက အစစ်ပဲ။ ရှင် ကျွန်မပုလင်းကို တစ်မိနစ်လောက်ကိုင်ပြီး ခံစားကြည့်နိုင်တယ်။ ဘာမှမသက်မသာခံစားရမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ပန်းအိုးကိုလဲ ဒီအတိုင်းပြန်ကိုင်ကြည့်လိုက်ရင် တစ်မိနစ်အတွင်းမှာပဲ ဆိုးဆိုးရွားရွားမသက်မသာခံစားရလိမ့်မယ်။”

ဆိုင်ရှင်၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားတော့သည်။ သူထိုပန်းအိုးကိုကိုင်လိုက်တိုင်း မသက်မသာဖြစ်ကာ အေးစက်စက်ခံစားရသည်။ ဒါပေမယ့် အကြောင်းအရင်းကိုတော့ သိပ်မတွေးခဲ့သလို သိလဲမသိခဲ့ပေမယ့် အခုတော့ ထိတ်လန့်လို့လာပေပြီ။

ဒီလိုနည်းနဲ့ ပန်းအိုးမှာယင်စွမ်းအင်ရှိနေတယ်ဆိုတာ သက်သေပြမှာလား?

ကုနင်းသာ သူ့ပန်းအိုးကိုထိခဲ့မည်ဆိုလျှင် သူမကိုယုံကြည်မည်မဟုတ်သော်လည်း ကုနင်းက တစ်ခါလေးတောင်မှ ပန်းအိုးကိုမထိခဲ့သေးပေ။

ဆိုင်ပိုင်ရှင်လဲ ကုနင်းပြောသည်ကို လက်ခံပေမည့် ချက်ချင်းရောင်းပေးလိုက်ဖို့ရန်တော့ တုံ့ဆိုင်းနေသေးတာကြောင့် ကုနင်းပြောသလို လုပ်ကြည့်လိုက်သည်။ ကုနင်း၏ပုလင်းကို တစ်မိနစ်ခန့်ကိုင်ထားချိန်တွင် ဘယ်လိုမသက်မသာခံစားမှုကိုမှ မခံစားရသော်လည်း ပန်းအိုးကိုကိုင်လိုက်ချိန်တွင်တော့ စက္ကန့်ပိုင်းအတွင်းမှာပဲ အေးစက်မှုကိုခံစားလိုက်ရသည်။

ဆိုင်ပိုင်ရှင်လဲ သူ့အသက်အန္တရာယ်ရှိလာမည်စိုးတာကြောင့် ပန်းအိုးကိုချက်ချင်းပင် ချလိုက်တော့သည်။

“ကဲပါ၊ ဒီပန်းအိုးမှာ ယင်စွမ်းအင်ရှိနေတယ်ဆိုတဲ့သတင်းလဲ ပျံ့သွားလောက်ပြီပဲ။ အမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် တခြားသူတွေကို မရောင်းနိုင်လောက်တော့ဘူး။ မင်းပဲ ယွမ်၁သန်းနဲ့ယူလိုက်ပါတော့။” ဆိုင်ပိုင်ရှင်သည် မသက်မသာခံစားချက်ကိုရရှိခဲ့ပေမည့် ထုတ်မပြောခဲ့ပေ။ သို့သော်လည်း တခြားလူများကတော့ ပန်းအိုးမူမမှန်သည်ကို သိလိုက်ကြသည်။

ကုနင်းလဲ သူမပုလင်းကိုပြန်ယူကာ ငွေရှင်းလိုက်ချိန်မှာပဲ တစ်ယောက်ယောက် သူမကိုဟန့်တားလာသည်။

“ခဏလေး။” ယင်စွမ်းအင်ရှိနေသည့် ပန်းအိုးကိုဝယ်မလိုဖြစ်ခဲ့သည့် သက်လတ်ပိုင်းအရွယ်လူကြီးက ပြောလိုက်သည်။ “မိန်းကလေး၊ ဒီပုလင်းက ရှေးဟောင်းပစ္စည်းအစစ်လား? ငါ့ကိုရောင်းပေးလို့ရမလား?”

ထိုလူကြီးက တစ်စုံတစ်ယောက်ကို လက်ဆောင်အဖြစ်ပေးဖို့ရန်အတွက် အပြာနှင့်အဖြူစပ်ကြွေထည်တစ်ခုကို လိုနေသည်။ သူလက်ဆောင်ပေးမည့်လူက အပြာနှင့်အဖြူစပ်ထားသည့် ကြွေထည်ပစ္စည်းများကို အလွန်နှစ်သက်သူဖြစ်သည်။ သူအချိန်အကြာကြီးယူကာ အပြာနှင့်အဖြူစပ်ထားသည့် ကြွေထည်ပန်းအိုးအစစ်တစ်လုံးကို ရှာတွေ့ခဲ့သော်လည်း ယင်စွမ်းအင်ရှိနေကြောင်း သိလိုက်ရသည်။ သူအတော်လေး ဒေါသထွက်ကာ စိတ်ပျက်သွားရပေမည့် တစ်ချိန်တည်းမှာပဲ ကံကောင်းသည်ဟုလဲ ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယင်စွမ်းအင်ရှိနေမှတော့ ပစ္စည်းကောင်းမှမဟုတ်ဘဲ။

“ရတာပေါ့၊ ကျွန်မဒီကကိစ္စတွေပြီးရင် ရာဖြတ်ခန်းမကိုသွားကြမယ်လေ။”

တကယ်တော့ ကုနင်း ဈေးပြောကာ တန်းရောင်းလိုက်နိုင်သော်လည်း ပုလင်းက အစစ်ဆိုသည်ကို အတည်ပြုပေးရန်အတွက် ရာဖြတ်ခန်းမကိုသွားဖို့ ပြောလိုက်ခြင်းဖြစ်သည်။

“အဆင်ပြေတာပေါ့။” လူကြီးကလဲ စိတ်လှုပ်ရှားသွားသည်။

ထို့နောက် ကုနင်း သူမကဒ်နှင့်ငွေရှင်းကာ စာချုပ်တွင်လက်မှတ်ထိုးလိုက်ပြီးနောက် ပန်းအိုးကိုယူသွားသည်။

ပန်းအိုးကိုဝယ်ပြီးသည်နှင့် သူမက သက်လတ်ပိုင်းလူကြီးကို သွားကြဖို့ရန်ပြောလိုက်တာကြောင့် ပန်းအိုးကို ဖျက်ဆီးပစ်ဖို့ရန် ရည်ရွယ်ချက်မရှိပုံပေါ်သည်။

အဖိုးကြီးရှားလဲ စိုးရိမ်သွားကာ ကုနင်းကိုတားလိုက်သည်။ “မိန်းကလေး၊ မင်းဒီပန်းအိုးကို ဘယ်နေရာမှာသွားဖျက်ဆီးမလို့လဲ? လူတိုင်းစိတ်အေးသွားအောင် ဒီနေရာတင်ပဲ ဖျက်ဆီးလိုက်တာမကောင်းဘူးလား?”

ကုနင်းပြုံးပြလိုက်ကာ၊ “စိတ်မကောင်းပါဘူး။ ကျွန်မ ဒါကိုဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒီအတွက် ကျွန်မငွေတွေအများကြီးသုံးထားတာလေ။”

ထိုစကားက အားလုံးကိုအံ့အားသင့်သွားစေကာ ကုနင်းက လူလိမ်တစ်ယောက်ဖြစ်ပြီး ပန်းအိုးကိုရောင်းကာ ငွေဖော်ချင်လိုခြင်းဖြစ်မည်ဟု တွေးသွားကြသည်။

ဒါဆို ကုနင်းက ကိုယ်ကျင့်တရားမကောင်းတဲ့သူပဲပေါ့! လူတိုင်းက ကုနင်းကိုစိုက်ကြည့်နေကာ အတင်းအဖျင်းပြောကြတော့သည်။

“မင်း….” အဖိုးကြီးရှား ဒေါသထွက်သွားတော့သည်။ ကုနင်းကို ဖြောင့်မတ်ကာ ရက်ရောသည့်မိန်းမငယ်လေးဟု သူထင်ထားခဲ့သော်လည်း တကယ်တော့ လောဘကြီးသူဖြစ်နေသည်။

ရှေးဟောင်းဆိုင်ပိုင်ရှင်သည်လဲ ဘယ်လိုမှလက်မခံနိုင်ပေ။ ကုနင်းသာ တစ်ခြားနေရာမှာ သွားရောင်းမည်ဆိုလျှင် သူလဲ ဒီပန်းအိုးနဲ့ ငွေအများကြီးထပ်ရှာလို့ရနိုင်သေးတာပဲပေါ့။

လူတိုင်း သူမကိုထပ်ပြီးအပြစ်မတင်နိုင်ကြသေးခင်မှာပဲ ကုနင်းနှုတ်ဟလိုက်သည်။ “အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီပန်းအိုးက တခြားပစ္စည်းတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာကို ကျွန်မပြောနိုင်မှတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာလဲ သိတာပေါ့။ ဒီပစ္စည်းကြောင့်နဲ့ ဘယ်သူ့ကိုမှမထိခိုက်စေရဘူးလို့ ကျွန်မကတိပေးပါတယ်။”

***

အခန်း ၈၆၇ ရိုဟန်ဗုဒ္ဓဆင်းတုတော်

ဘာပြောလိုက်တယ်? သူဖြေရှင်းပေးနိုင်တယ်တဲ့လား?

ကုနင်း၏စကားက အားလုံးကိုထပ်ပြီးအံ့ဩမှင်တက်သွားစေပြန်သလို စိတ်ရှုပ်သွားစေသည်။ ကုနင်းတွင် ယင်စွမ်းအင်ရှိနေသည့်ရှေးဟောင်းပစ္စည်းကို ပုံမှန်ဖြစ်အောင်ဖြေရှင်းပေးနိုင်မည့် နည်းလမ်းမျိုးရှိလိမ့်မည်ဟု မယုံကြည်ကြပေ။ မဟုတ်မှ၊ ဒီပန်းအိုးမှာ ယင်စွမ်းအင်ဖုံးနေတယ်ဆိုတာက အလိမ်အညာတစ်ခုဖြစ်ပြီး ကုနင်းက တမင်သက်သက် အမြတ်ဝင်ထုတ်သွားတာများလား။

“ဘာ? မင်းဖြေရှင်းနိုင်တယ်လား?” အဖိုးကြီးရှားမှာ ဖြေရှင်းနိုင်သည်ဟူသောစကားကိုမယုံကြည်ပေမည့် ပန်းအိုးတွင် ယင်စွမ်းအင်ရှိနေသည်ကိုတော့ အပြည့်အဝယုံကြည်ပေသည်။

“ဒါပေါ့၊ ကျွန်မဖြေရှင်းနိုင်တာပေါ့။ ပြီးတော့ လူကြီးမင်းရဲ့ ခန္ဓာကိုယ်အခြေအနေက မကောင်းနေတာကိုလဲ သိတယ်။ အခုလိုဖြစ်နေတယ်ဆိုတာ ယင်စွမ်းအင်နဲ့အချိန်အကြာကြီးထိတွေ့ခဲ့မိလို့ပဲ။ လူကြီးမင်း ကျွန်မကိုယုံမယ်ဆိုရင် ဒီဆေးကိုသောက်လိုက်ပါ၊ မကြာခင်ပြန်ကောင်းသွားလိမ့်မယ်။” ကုနင်းပြောပြီးသည်နှင့် သူအိတ်ကပ်ထဲကိုလက်နှိုက်လိုက်သည်။ ထို့နောက် အိတ်ကပ်ကိုအကာအကွယ်ယူကာ စိတ်စွမ်းအင်အာကာပြင်ထဲတွင် စွမ်းအင်သလင်းကျောက်တစ်လုံးပါသည့် ဆေးတစ်ပုလင်းပြုလုပ်ကာ ထုတ်ယူလိုက်ပြီး အဖိုးကြီးရှားကို ပေးလိုက်သည်။

အဖိုးကြီးရှားမှာ မှင်သက်လို့နေသည်။ ထိုမိန်းမငယ်လေးက သူ့ကို ထိခိုက်စေမှာမဟုတ်ဘူးလို့လဲ တစ်နည်းတစ်ဖုံယုံကြည်နေမိတာကြောင့် ဆေးပုလင်းကိုလှမ်းယူလိုက်သည်။

ကျန်လူများကတော့ ဆေးစွမ်းတကယ်ထက်လားဆိုသည်ကို သိချင်နေကြကာ အဖိုးကြီးရှားကိုသာ မျက်တောင်မခတ်တမ်းကြည့်နေကြသည်။

အဖိုးကြီးရှားလဲ ဆေးပုလင်းကိုဖွင့်ကာ အထဲမှစိတ်စွမ်းအင်သလင်းကျောက်ကို ထုတ်ယူလိုက်ပြီးနောက် တန်းမြိုချလိုက်သည်။

ဆေးလုံးက ပါးစပ်ထဲသို့ရောက်သည်နှင့်တန်းအရည်ပျော်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အေးမြသည့်စီးကြောင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ခံစားရပိုကောင်းလာကာ လူတိုင်းလဲ အံ့ဩသွားကြတော့သည်။

“ဝါး၊ သူဆေးသောက်ပြီးတော့ ပိုနေကောင်းသွားသလိုပဲ!”

“အံ့ဩစရာကောင်းလိုက်တာ!”

“ဒီမိန်းကလေးက တကယ်ပဲ ယင်နဲ့ယန်အကြောင်း နားလည်နေတာလား?”

“ယင်တွေ ယန်တွေကို ငါမယုံကြည်ပေမည့် အခုပုံစံကတော့ ရှင်းပြဖို့ခက်ပြီ။”

………

လူများစတင်ဆွေးနွေးပြောဆိုနေကြတော့သည်။

အဖိုးကြီးရှားသည်တော့ သူကိုယ်တိုင်ဆေးကိုသောက်ရသူဖြစ်၍ အကျိုးအာနိသင်ကို ပိုလို့ခံစားမိကာ အလွန်ထိတ်လန့်အံ့အားသင့်နေတော့သည်။ “မိန်းကလေး၊ ဒီဆေးကဘာဆေးလဲ သိလို့ရမလား? ဒါက အရမ်းအာနိသင်ထိရောက်မှုရှိတာပဲ!”

ကုနင်းကတော့ လျှို့ဝှက်ဆန်းကြယ်သည့်အပြုံးမျိုးပန်ဆင်လို့ထားကာ၊ “စိတ်မကောင်းပါဘူး။ ဒါက လျှို့ဝှက်ချက်ပါ။ ဒါဆို ခွင့်ပြုပါဦး၊ ကျွန်မသွားရတော့မယ်။”

ထို့နောက် ကုနင်းက သက်လတ်ပိုင်းအရွယ်လူကြီးကို သွားကြဖို့ရန် အကြည့်ဖြင့်အချက်ပြလိုက်ပြီးနောက် ချက်ချင်းထွက်သွားတော့သည်။

………

အဖိုးကြီးရှားမှာ ကုနင်းကို မေးခွန်းများစွာဆက်မေးချင်နေသော်လည်း ကုနင်းမပြောပြမည်မှန်း သိနေတာကြောင့် လက်လျှော့လိုက်ရသည်။

ကြွေပန်းအိုးက သူပိုင်ဆိုင်သည့်ပစ္စည်းဖြစ်ခဲ့သော်လည်း ယင်စွမ်းအင်ပါဝင်နေကာ ဖြေရှင်းနည်းကိုလဲ သူမသိတာကြောင့် ပြန်ယူဖို့စိတ်ကူးမရှိပေ။ တကယ်တော့ သူက ပန်းအိုးကို အမြဲဖျက်ဆီးပစ်ချင်နေခဲ့ပေမယ့် သူမဖျက်ဆီးနိုင်ခင်မှာဘဲ တစ်စုံတစ်ဦး ခိုးယူသွားခြင်းခံလိုက်ရသည်။

ပန်းအိုးသည် တကယ်ကိုတန်ဖိုးကြီးလှပေမည့် သူဝယ်တုန်းက သိပ်မပေးခဲ့ရတာကြောင့် ရေးကြီးခွင်ကျယ်လုပ်နေစရာမရှိပေ။ အရေးအကြီးဆုံးက လူတွေထပ်ပြီး ထိခိုက်စရာအကြောင်း မရှိတော့သည်ကပင် အကောင်းဆုံးရလဒ်ဖြစ်သည်။

……..

ရာဖြတ်ခန်းမသို့လျှောက်လာစဉ်၊

သက်လတ်ပိုင်းလူကြီးက အစောပိုင်းကကိစ္စများအကြောင်း အစမဖော်ခဲ့ဘဲ ကုနင်းနှင့် ပုံမှန်စကားဝိုင်းတစ်ခုသာ ဖန်တီးခဲ့သည်။ တချို့အရာတွေက မသိလေကောင်းလေသာ။

“မိန်းကလေး၊ မင်းကိုကြည့်ရတာ အသက်၂၀တောင်မပြည့်လောက်သေးဘူး မဟုတ်လား?”

“ဟုတ်ပါတယ်၊ ကျွန်မ အခုမှ၁၈နှစ်ပါ။”

ထိုစကားကြောင့် သက်လတ်ပိုင်းလူကြီးအံ့ဩသွားတော့သည်။ “ဒါဆို မင်းက အထက်တန်းကျောင်းသူပဲဖြစ်နေဦးမှာပေါ့?”

“ဟုတ်တယ်၊ စီနီယာတန်းကျောင်းသူပါ၊ နောက်၂လလောက်ဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာပါ။”

“ဝါး၊ မင်းက အရွယ်ရောက်ပြီး ရင့်ကျက်တည်ငြိမ်တဲ့လူတစ်ယောက်လိုပုံစံဖြစ်နေတော့ အံ့ဩသွားတာပဲ။” သက်လတ်ပိုင်းလူကြီးက ကုနင်းကိုချီးကျူးမိတော့သည်။ “ငါ့ကလေးဆို၊ ဒီနှစ်၁၇နှစ်ပြည့်ပြီ၊ ဒါပေမယ့် တစ်ချိန်လုံးဂိမ်းကစားဖို့ပဲသိတယ်။ စာလဲမကြိုးစားဘူး။ သူ့အနာဂါတ်အတွက်တော့ တကယ်ကိုရင်လေးတယ်။”

ကုနင်း အနည်းငယ်ပင်ရှက်သွားမိသည်။ သူမခန္ဓာကိုယ်က ၁၈နှစ်အရွယ်ဆိုသော်လည်း သူမ၏စိတ်ဝိညာဉ်ကတော့ ၂၇နှစ်တောင်ကျော်ပြီဖြစ်တာကြောင့် အရွယ်ရောက်သူတစ်ဦးလိုပြုမူသည်က ပုံမှန်သာဖြစ်သည်။

“ငါ့မျိုးရိုးက ကု။ မင်းနာမည်ကိုသိလို့ရမလား?” သက်လတ်ပိုင်းလူကြီးဖြစ်သည့် ကုကျူးဟွေ့က ပြောလိုက်သည်။

ထိုစကားကြောင့် ကုနင်းပြုံးမိသွားကာ၊ “တိုက်ဆိုင်လိုက်တာ! ကျွန်မမျိုးရိုးကလဲ ကုပဲ၊ ကျွန်မက ကုနင်းပါ။”

ကုကျူးဟွေ့အံ့အားသင့်သွားကာ၊ “HKမှာ ကုမျိုးရိုးနဲ့လူတစ်ယောက်ယောက်နဲ့ ဆုံဖို့ဆိုတာ အတော်လေးရှားတာ။”

“ကျွန်မက HKကမဟုတ်ပါဘူး။ Fမြို့ကလာတာပါ။”

ကုကျူးဟွေ့ပိုလို့တောင် အံ့ဩသွားကာ၊ “မင်းက HKမှာမွေးတာမဟုတ်ဘူးလား? ဘယ်လိုလုပ် HKဒေသိယစကားပြောက ဒီလောက်တောင်ကောင်းနေတာလဲ?”

အခုတော့ ကုကျူးဟွေ့က မန်ဒရင်းဘာသာနှင့်ပြောလိုက်ခြင်းဖြစ်သည်။ အစောကအထိ နှစ်ဦးသား HKဒေသိယစကားဖြင့် အပြန်အလှန်ပြောဆိုနေကြခြင်းဖြစ်သည်။

“အာ၊ HKမှာမွေးတဲ့သူငယ်ချင်းတစ်ယောက်ဆီကနေ သင်ထားလို့ပါ။” ကုနင်း လိမ်ညာလိုက်ပေမည့် ကုကျူးဟွေ့ကလဲ ခေါင်းတညိတ်ညိတ်နှင့်ဆက်မမေးခဲ့ပေ။

“ငါလဲ HKမှာမွေးတာမဟုတ်ဘူး၊ ဒါပေမယ့် စီးပွားရေးကိစ္စတွေအတွက်တော့ မကြာခဏရောက်ဖြစ်တယ်။”

ကုနင်းပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

ရာဖြတ်ခန်းမသို့သွားနေစဉ်အတွင်း ကုနင်း မမေ့မလျော့နှင့် လမ်းနှစ်ဖက်လုံးမှ ပစ္စည်းများကို ကျောက်စိမ်းမျက်ဝန်းဖြင့် စစ်ဆေးသွားသည်။

“လူကြီးမင်းကု၊ ခဏလောက်စောင့်ပေးပါဦး။” ကုနင်း ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကိုတွေ့ချိန်၌ ပြောလိုက်ခြင်းဖြစ်သည်။

ကုကျူးဟွေ့လဲ သူမနောက်မှအတူလိုက်သွားသည်။ သူကတော့ ရှေးဟောင်းပစ္စည်းများအကြောင်း အနည်းအကျဉ်းလောက်သာသိပြီး ပုံမှန်ဆို ရာဖြတ်ခန်းမမှ အသိအမှတ်ပြုထားသည့် တရားဝင်ထောက်ခံချက်ရှိသောပစ္စည်းများကိုသာ ဝယ်လေ့ရှိသည်။

တစ်စုံတစ်ဦးကသာ အထောက်ခံချက်လက်မှတ်ဖြင့် အတုကြီးကိုရောင်းလာလျှင် သူ့ဘက်က လျော်ကြေးနှစ်ဆပြန်ရနိုင်တာကြောင့် ပုံမှန်ရှေးဟောင်းပစ္စည်းဆိုင်များဆိုလျှင် ထောက်ခံချက်လက်မှတ်ဖြင့် ပစ္စည်းအတုမရောင်းရဲပေ။

ကုနင်းသတိထားမိလိုက်သည့် ရှေးဟောင်းပစ္စည်းအစစ်ကတော့ ဟဲထန်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ရိုဟန်ဗုဒ္ဓဆင်းတုတော်ဖြစ်ကာ ယွမ်၃သန်းဝန်းကျင်မျှ တန်ဖိုးရှိသည်။

“ဟိုင်း၊ ဒါဘယ်လောက်လဲ?” ကုနင်း ကျရာပစ္စည်းတစ်ခုကို ညွှန်ပြကာမေးလိုက်သည်။

ဆိုင်ပိုင်ရှင်က ကုနင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အထင်သေးသည့်အမူအရာပေါ်လာသော်လည်း ကုကျူးဟွေ့ကိုမြင်လိုက်သည်နှင့် ချက်ချင်းရွှင်ပြသွားတော့သည်။

ကုကျူးဟွေ့က လူချမ်းသာတစ်ဦးလို ဝတ်စားထားကာ ကုနင်းကို သူ့သမီးဖြစ်လောက်မည်ဟု ဆိုင်ပိုင်ရှင်က တန်းတွေးလိုက်သည်။ သမီးဖြစ်သူကြိုက်သည့်အရာဆိုလျှင် သူမအဖေက သေချာပေါက်ဝယ်ပေးပေလိမ့်မည်။

“ယွမ်၁သောင်း။ ဒီလက်ကောက်လေးက အရောင်တောက်တောက်လေးနဲ့လုပ်ထားတာဆိုတော့ မင်းရဲ့လက်ပေါ်မှာဆို အရမ်းကိုလှနေတော့မှာ။”

ယွမ်၁သောင်းဆိုသည်က ဤသို့ယွမ်၁ရာသာတန်သည့် ပစ္စည်းအတုအတွက်တော့ အလွန်ဈေးကြီးလွန်းလှသည်။

“ဒါကရော ဘယ်လောက်လဲ?” ဤတစ်ခေါက်မှာတော့ ကုနင်းက ရိုဟန်ဗုဒ္ဓဆင်းတုတော်ကို ညွှန်ပြလိုက်သည်။ သူမမျက်နှာတွင်တော့ စိတ်ဝင်စားနေသည့်အမူအရာမပြပေ။

“ယွမ်၃သောင်း။”

“လျှော့ပေးလို့မရတော့ဘူးလား?”

“ယွမ်၂သောင်း၊ ဒီထက်လျှော့လို့မရတော့ဘူး။” ဆိုင်ပိုင်ရှင်က ဈေးလျှော့ခိုင်းနေသည့်အတွက် သိပ်ပြီးစိတ်မရှည်ချင်တော့ပေ။

“ကောင်းပြီလေ၊ ကျွန်မဒီတစ်ခုယူမယ်။”

***

အခန်း ၈၆၈ ၂၀:၁

ကုနင်းငွေထုတ်ကာ ရိုဟန်ဗုဒ္ဓဆင်းတုတော်အတွက် ပေးချေလိုက်သည်။

ကုနင်း၏ပုံစံကိုကြည့်ကာ သူမအစကတည်းက ရိုဟန်ဗုဒ္ဓဆင်းတုတော်ကိုသာ ဝယ်ဖို့စိတ်ကူးထားခြင်းဖြစ်မှန်း ကုကျူးဟွေ့သိလိုက်သည်။ သူမက အရင်ဆုံး တခြားပစ္စည်းတစ်ခုကို၏ဈေးကိုမေးလိုက်တာကြောင့် ဆိုင်ရှင်လဲ သူမဘာကိုတကယ်လိုချင်နေမှန်း ခန့်မှန်းလို့မရတော့ဘဲ သူမတကယ်ဝယ်မည့်ပစ္စည်းကို ဈေးမတင်နိုင်တော့ပေ။ တကယ်ကိုဉာဏ်ကောင်းတာပဲ!

ဝယ်ယူမှုပြီးသည့်နောက် ကုနင်းနှင့်ကုကျူးဟွေ့တို့ ရာဖြတ်ခန်းမသို့ဆက်လျှောက်လာကြသည်။

ကုနင်း ရိုဟန်ဗုဒ္ဓကိုဝယ်ယူသည်က သူမရွေးချယ်မှုသာဖြစ်တာကြောင့် ကုကျူးဟွေ့က ဘာမှမမေးခဲ့ပေ။

ကုနင်းသည်လဲ အခုလို နားလည်မှုနှင့်ပြောဆိုရသည့်စကားဝိုင်းကို သဘောကျနေသည်။

မကြာခင်မှာပဲ ရာဖြတ်ခန်းမသို့ရောက်လာကြသည်။ ပန်းအိုးမှ ယင်စွမ်းအင်ကို ဖယ်ရှားဖို့ရန်အတွက် စိတ်စွမ်းအင်အာကာပြင်ထဲ ကုနင်းထည့်ထားပြီးပြီဖြစ်ကာ ကြွေထည်ပုလင်းကိုတော့ သူမလက်ထဲတွင်ကိုင်ထားစဲဖြစ်သည်။

ရာဖြတ်ခြင်းအမှုပြီးသည့်နောက် ပစ္စည်းအစစ်ဖြစ်ကြောင်း သက်သေပြကာ ယွမ်၆သန်းတန်သည့်အကြောင်းသိလိုက်ရသည်။

ကုကျူးဟွေ့က ကုနင်းကိုဈေးလျှော့ခိုင်းမနေဘဲ ယွမ်၆သန်းကိုတန်းလွှဲပေးလိုက်သည်။ ကုကျူးဟွေ့မှာ ငွေရှားပါးပုံမရပေ။ သူက အရမ်းချမ်းသာတာမှမဟုတ်ရင် ယွမ်၁၀သန်းလောက်ပေးရမည့် ပန်းအိုးကိုဝယ်ဖို့စိတ်ကူးလိမ့်မည်မဟုတ်ပေ။

ကုကျူးဟွေ့က ရက်ရောမှုအပြည့်နှင့်ဝယ်သူဖြစ်နေမှန်း မြင်လိုက်ရသည်နှင့် ကုနင်းလဲ သဘောကျသွားကာ ယွမ်၁သန်းပြန်ပေးလိုက်သည်။

ယွမ်၁သန်းဆိုသည်မှာ များပြားလွန်းသည့်ပမာဏဖြစ်တာကြောင့် ကုကျူးဟွေ့အံ့ဩသွားတော့သည်။ သို့ပေမည့် ကုနင်းက သူ့ကိုယွမ်၁သန်းအတင်းပြန်ပေးနေတာကြောင့် ကုကျူးဟွေ့လဲ လက်ခံလိုက်ရကာ ဝမ်းသာနေတော့သည်။

ထို့နောက် ကုကျူးဟွေ့ သူ့နာမည်ကဒ်ကို ကုနင်းအားပေးလိုက်ကာ သူမအကူအညီလိုလျှင် သူအတတ်နိုင်ဆုံးကူညီပေးမည့်အကြောင်း ပြောလိုက်သည်။

ကုနင်းလဲ သူမနာမည်ကဒ်ကိုပြန်ပေးလိုက်သည်။ နောက်ထပ်အသုံးဝင်သည့်လူတစ်ယောက်နှင့် သိရခြင်းက မကောင်းတာမှမဟုတ်တာ။

နောက်တော့ နှစ်ဦးသားလမ်းခွဲခဲ့ကြသည်။

ကုနင်းကတော့ နောက်ထပ်ရှေးဟောင်းပစ္စည်းအစစ်များတွေ့လိုတွေ့ငြား ရှေးဟောင်းလမ်းထဲ ဆက်လျှောက်ကြည့်ခဲ့သည်။

လမ်းဆုံးရောက်သည့်အချိန်တွင်တော့ ကုနင်း နောက်ထပ်ရှေးဟောင်းပစ္စည်းအစစ်နှစ်ခု ရထားပြီဖြစ်သည်။ တစ်ခုကတော့ ယွမ်၁သန်းတန်ဖိုးရှိကာ နောက်တစ်ခုသည်တော့ ယွမ်၂သန်းလောက်တန်ဖိုးရှိသည်။

ရှေးဟောင်းလမ်းထဲတွင် ကျောက်အလောင်းအစားလမ်းလဲရှိသေးတာကြောင့် ကုနင်းဆက်ထွက်လာခဲ့သည်။

အခုဆို သူမမှာ ကျောက်စိမ်းမြောက်မြားစွာရှိနေပြီဖြစ်ပေမည့် နောက်ထပ် ထပ်ပိုင်ဆိုင်ရလို့လဲ အကျိုးယုတ်သည်မဟုတ်ပေ။ အဆင့်မြင့်အရည်အသွးနှင့်ကျောက်စိမ်းကောင်းရှာတွေ့မည်ဆိုလျှင် ဝယ်လိုက်ပေမည်။

ကျောက်အလောင်းအစားလမ်းသည် ရှေးဟောင်းလမ်း၏အခွဲဖြစ်ကာ ဆိုင်ပေါင်းဒါဇင်ကျော်နှင့် မီတာ၃၀လောက်ရှည်လျားသည်။ တစ်လမ်းလုံး လှုပ်ရှားသွားလာမှုအပြည့်ရှိနေကာ ဆိုင်တစ်ဆိုင်တွင်တော့ ပိုလို့လူစည်ကားနေသည်။ လူတစ်စုက ဆိုင်ပေါက်ဝတွင် စုဝေးနေကာ စိတ်လှုပ်ရှားစရာတစ်စုံတစ်ရာကို လုပ်ဆောင်နေပုံပေါ်သည်။

ကုနင်းအနားသို့သွားကြည့်လိုက်တော့ ၂၈လက်မအရွယ်ရှိခရီးဆောင်အိတ်တစ်လုံးလောက်ကြီးသော ကျောက်ရိုင်းတုံးကြီးတစ်တုံးကိုတွေ့လိုက်ရသည်။

သူတို့ဘာတွေလုပ်နေကြတာပါလိမ့်?

မကြာခင်တွင်ပဲ ဆိုင်ပိုင်ရှင်က ထိုကျောက်စိမ်းကိုဖွင့်ဖို့ရန်အတွက် လောင်းကြေးထပ်ဖို့ပြောလာတာကြောင့် ဘာလုပ်နေလဲသိသွားတော့သည်။ လူများကလဲ ထိုကျောက်ရိုင်းတုံးထဲတွင် ကျောက်စိမ်းရှိလားမရှိလားဆိုသည်ကို လောင်းနေကြကာ လောင်းကြေးကတော့ စိတ်ကြိုက်ပင်။

ရလဒ်က ကျောက်စိမ်းရှိနေသည်ဆိုလျှင်ရရှိမည့် လျော်ကြေးကလဲ အမျိုးမျိုးရှိသည်။ အထဲမှာကျောက်စိမ်းရှိနေသည်ဆိုပါက ၅ဆ-၁ဆရမည်ဖြစ်သည်။ ကျောက်စိမ်း၏အဆင့်ကိုတော့ အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟု ခွဲထားကာ ၁၀ဆ-၁ဆရမည်ဖြစ်သည်။

အလယ်အဆင့်နိမ့် နှင့်အလယ်အဆင့်မြင့်သည်လဲ အလယ်အဆင့်မှာပဲပါဝင်သည်။

အထဲမှကျောက်စိမ်း၏အမျိုးအစားကိုပါ တစ်ယောက်ယောက်ကများမှန်အောင်ပြောနိုင်ခဲ့လျှင် ၂၀ဆ-၁ဆရမည်ဖြစ်သည်။ ဒါက အလွန်ခက်ခဲကာ အထဲမှာကျောက်စိမ်းရှိနေဖို့ကိုအရင်ဆုံးမှန်နေဖို့လဲလိုသေးသည်။

အထဲမှာကျောက်စိမ်းမရှိလျှင်တော့ ၂ဆ-၁ဆရမည်ဖြစ်ပြီး အနိုင်ရနိုင်ချေများတာကြောင့် လျော်ကြေးကလဲ မမြင့်ပေ။

ကုနင်းလဲ ထိုကစားပွဲကို စိတ်ဝင်စားသွားသည်။ သူမမှာက ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် တစ်ချက်လောက်ကြည့်ရုံဖြင့် အထဲမှာဘာရှိတယ်ဆိုတာကို အတိအကျပြောနိုင်သည်။

ကုနင်း ချက်ချင်းကို ကျောက်စိမ်းမျက်ဝန်းကိုဖွင့်လိုက်ကာ ကျောက်ရိုင်းတုံးကြီးထဲတွင် ဘက်စကတ်ဘောလုံးအရွယ် ကျောက်စိမ်းအသေးလေးရှိနေကြောင်း တွေ့သွားသည်။ ၎င်း၏အရောင်က အစိမ်းရောင်တောက်လဲ့နေကာ အလယ်အဆင့်ဖြစ်ပြီး အရွယ်အစားအရတော့ ယွမ်သန်း၂၀လောက်တန်ကြေးရှိသည်။

လက်ရှိကစားပွဲတွင် လူ၃၁ယောက်ပါဝင်ကစားခဲ့ကာ ၂၆ယောက်က ကျောက်စိမ်းမရှိဘူးဆိုသည့်ဘက်တွင်လောင်းကြပြီး ကျန်၅ယောက်သာ ဆန့်ကျင်ဘက်ကိုလောင်းကြသည်။ ဘယ်သူကမှတော့ ကျောက်စိမ်း၏အဆင့်နှင့် အမျိုးအစားကို မသိကြပေ။

ကုနင်းလဲ လောင်းကြေးကဒ်ကိုဖြည့်ကာ ကောင်တာဆီသွားလိုက်သည်။ ဤလောင်းကစားတွင် ငွေကြေးများစွာပါဝင်တာကြောင့် သူမ၏အိုင်ဒီကဒ်ကိုလဲ ပြသပေးရသည်။

ကုနင်း Fမြို့ကလာသည်မှန်း ကောင်တာမှအလုပ်သမားကတွေ့သွားသည်နှင့် သူ့မျက်လုံးထဲတွင်အထင်သေးရိပ်များပေါ်ထွက်လာတော့သည်။ ကုနင်း သဘောမကျဖြစ်သွားသော်လည်း အလုပ်သမားဘက်ကလဲ သူမကိုတိုက်ရိုက်စော်ကားခြင်းမျိုးမရှိတာကြောင့် ဘာမှမပြောတော့ပေ။

ကုနင်း ရွှေဝါယာကျောက်စိမ်းအမျိုးအစားဆိုပြီး လောင်းကြေးယွမ်၁သိန်းတင်လိုက်သည်။ ဤကစားပွဲတွင်ပါဝင်ရခြင်းမှာ ငွေလိုချင်၍မဟုတ်ဘဲ အပျော်သဘောသာဖြစ်တာကြောင့် ယွမ်၁သိန်းသာလောင်းလိုက်ခြင်းဖြစ်သည်။

လျော်ကြေးက ၂၀ဆ-၁ဆဖြစ်သည်။ သူမသာနိုင်လျှင် ယွမ်၂သန်းပြန်ရမည်ဖြစ်ပြီး ကျောက်စိမ်း၏မူလတန်ကြေးနှင့် ဘယ်လိုမှမယှဉ်နိုင်အောင် နည်းသည်။

သို့သော်လည်း ကောင်တာမှအလုပ်သမားသည်တော့ ကုနင်း၏လောင်းကြေးကြောင့် အလွန်အံ့ဩသွားခဲ့သည်။ ယွမ်၁သိန်းဆိုတာ ကုနင်းအမြင်တွင်တော့ ပြောပလောက်သည်မဟုတ်သော်လည်း အလုပ်သမားလေးအတွက်တော့ များပြားလွန်းသည့်ပမာဏပင်။ ထို့အပြင် လက်ရှိကစားပွဲတွင် သူမကသာ လောင်းကြေးအမြင့်ဆုံးတင်ထားသူဖြစ်သည်။

ကျန်လောင်းကြေးတင်သူအားလုံးမှာ ယွမ်ထောင်ဂဏန်း သို့မဟုတ် ယွမ်သောင်းဂဏမ်းလောက်သာ အများဆုံးလောင်းကြသည်။ အထူးသဖြင့် သူမက အမြင့်ဆုံးလျော်ကြေးရှိသည့်အရာကို လောင်းခြင်းဖြစ်သည်။

ကောင်တာမှအလုပ်သမားလေးကတော့ ကုနင်းက သူမငွေတွေကိုထိုင်ဖြုန်းနေသည့် ငတုံးတစ်ယောက်ဟု တွေးကာ ကုနင်းအကြောင်းကို သူ့သူဌေးအားပြောပြလိုက်တာကြောင့် သူ့သူဌေးလဲ အံ့ဩသွားခဲ့သည်။

ဒီကောင်မလေး လက်ဖွာတာပဲ!

ဘာပဲဖြစ်ဖြစ် ကျောက်အလောင်းအစားလုပ်ခြင်းသည် ဆိုးကျိုးများလွန်းသည့် ကစားနည်းမှန်း လူတိုင်းသိကြတာကြောင့် ကုနင်း အနိုင်ရမည်ဟု မယုံကြည်ကြပေ။ ဒါကြောင့် သူတို့ဘက်က ငွေများများရနိုင်မည့်အခြေအနေကို ငြင်းဆန်စရာအကြောင်းလဲမရှိပေ။

၂မိနစ်ကြာပြီးနောက် ကျောက်ဖြတ်သူက မျဉ်းဆွဲကာ ကျောက်စိမ်းရိုင်းကြီးကို စတင်ဖြတ်တောက်တော့သည်။

ကျောက်ဖြတ်စက်စတင်လှုပ်ရှားလာသည်နှင့် လူတိုင်း၏အာရုံများသည်လဲ တစ်စုတစ်စည်းတည်း ဖြစ်သွားသည်။

ဘယ်သူကမှ သူတို့ငွေကိုဆုံးရှုံးချင်ကြသည့်လူမရှိပေ။

အချိန်ကုန်လာသည်နှင့် ကျောက်ရိုင်းတုံးကြီး၏အပေါ်လွှာများကို ဖွင့်ပြီးသွားပြီဖြစ်ကာ အတော်ကြာသည်အထိ ကျောက်စိမ်းထွက်မလာခဲ့ပေ။

ကျောက်စိမ်းရှိသည့်ဘက်မှလောင်းထားကြသည့်လူများမှာ စိတ်ပျက်နေကြပေမည့် ကုနင်းကတော့ စိတ်အေးလက်အေးပင်။

ကုနင်းကသာ ဤကစားပွဲတွင် လောင်းကြေးအများဆုံးတင်ထားတာကြောင့် ကောင်တာမှအလုပ်သမားလေးသည် သူမကိုသာ အထူးအာရုံစိုက်စောင့်ကြည့်နေခဲ့သည်။ ကျောက်စိမ်းမရှိနေတာကြောင့် သူမတော့ကြေကွဲနေတော့မည်ဟု သူတွေးမိလိုက်သော်လည်း ကုနင်းပုံစံက နည်းနည်းလေးတောင်ဝမ်းနည်းသွားပုံမရပေ။

ထို့ကြောင့် အလုပ်သမားလေးမှာ ကုနင်းငွေကုန်တာကို ဂရုမစိုက်တာကြောင့်လိုပဲ တွေးလိုက်သည်။ သူ့အမြင်တွင်တော့ ကုနင်းသည် သာမာန်ကောင်မလေးသာဖြစ်တာကြောင့် ကုနင်းနိုင်လိမ့်မည်ဟုတော့ ယောင်လို့တောင်မတွေးခဲ့ပေ။

သို့သော်လည်း ကုနင်းကတော့ ပွဲမစခင်ကတည်းက ရလဒ်ကိုကြိုသိနေပြီးသားဖြစ်သည်။

***

အခန်း ၈၆၉ ရှုကျင်းလင်နှင့်တွေ့ဆုံခြင်း

ကျောက်ဖြတ်သူက ကျောက်ရိုင်းတုံးကိုဆက်လက်ဖြတ်တောက်နေကာ တစ်ဝက်မျှဖြတ်ပြီးသည်အထိ ကျောက်စိမ်းပေါ်မလာသေးပေ။ သို့သော်လည်း နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ရှည်လျားသည့် အစိမ်းရောင်အကြောင်းတစ်ခုပေါ်လာတာကြောင့် ကျောက်ဖြတ်သူလဲ ချက်ချင်းရပ်သွားပြီး၊ “အစိမ်းရောင်ပေါ်လာပြီဟေ့!” စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တော့သည်။

ထိုစကားကြောင့် ကျောက်စိမ်းရှိသည်ဆိုသောဘက်ကို လောင်းထားသည့်လူများမှာတော့ ပျော်ရွှင်မှုအပြည့်ဖြင့် အားရဝမ်းသာဖြစ်နေတော့သည်။

“အစိမ်းရောင်ပေါ်လာပြီ!”

“နောက်ဆုံးတော့ အစိမ်းရောင်ထွက်လာပြီပေါ့!”

ဆန့်ကျင်ဘက်လောင်းထားကြသူများမှာတော့ လွန်စွာစိတ်ပျက်နေကြသည်။

“ဘယ်လိုလုပ် အစိမ်းရောင်က ချက်ချင်းကြီးပေါ်လာရတာတုန်း?”

“စိတ်တိုဖို့ကောင်းလိုက်ာ!”

သူတို့နိုင်ပြီဟု အပိုင်ထွက်ထားခဲ့ပြီးကာမှ အဆုံးမှာ သူတို့သာ ရှုံးသွားရသည်။

သို့ပေမည့် ဆိုင်ပိုင်ရှင်ကတော့ စိတ်အေးသွားခဲ့သည်။ သူက ကျောက်စိမ်းရှိနေဖို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်ကာ ထိုမှသာ သူငွေအများကြီးမဆုံးရှုံးမှာဖြစ်သည်။

“ဒါ အလယ်အဆင့် ရွှေဝါယာကျောက်စိမ်းပဲ။”

ကျောက်ဖြတ်သူက ကျောက်စိမ်းကို သန့်စင်လိုက်ကာ အမျိုးအစားကိုသိရသည်နှင့် ပိုလို့တောင် စိတ်လှုပ်ရှားသွားတော့သည်။

အလယ်အဆင့်ကျောက်စိမ်းတစ်တုံးထွက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးလေ။

ထိုစကားကြောင့် ဆိုင်ပိုင်ရှင်သည်တော့ စိတ်မလှုပ်ရှားသွားပဲ ကုနင်းကိုသာ အံ့အားတကြီးလှည့်ကြည့်လိုက်သလို ကောင်တာမှအလုပ်သမားသည်လဲ အလားတူပင်။

ကုနင်းက အစကတည်းက ရွှေဝါယာအမျိုးအစားကိုလောင်းထားခြင်းဖြစ်သည်။

သူမဘယ်လိုလုပ်ပြီးများသိတာလဲ? ဒါသာမာန်ကံကောင်းမှုမျိုးတော့မဖြစ်နိုင်ဘူးမလား?

သို့ပေမည့် ကုနင်းကတော့ ရွှေဝါယာအမျိုးအစားဖြစ်ကြောင်း ကြားလိုက်ရတာတောင် တည်ငြိမ်နေစဲဖြစ်ကာ အစကတည်းက ရလဒ်ကိုသိပြီးသလိုထင်ရသည်။

ဆိုင်ပိုင်ရှင်မှာတော့ ခံစားချက်များရောထွေးလို့နေကာ ကုနင်းကို အကြောင်းအရင်းမေးချင်ပေမည့် သူမဘက်က ပြောပြပေးမည်မဟုတ်မှန်းလဲ သိနေသည်။

ကတိပေးထားသည့်အတိုင်း သူမက ကစားပွဲမှာနိုင်သွားတာကြောင့် ယွမ်၂သန်းပေးရပေမည်။

မကြာခင်တွင်ပဲ ကျောက်စိမ်းကို အချောသတ်ဖြတ်ပြီးသွားက စားပွဲပေါ်သို့တင်လိုက်သည်။

ရလဒ်လဲ ထွက်လာပြီဖြစ်တာကြောင့် လူများလဲ သူတို့ငွေကိုသွားထုတ်ကြသည်။ ကုနင်းကတော့ အလျင်မလိုတာကြောင့် လူတန်း၏နောက်ဆုံးတွင်သာ တန်းစီခဲ့သည်။

ယွမ်သောင်းကျော်လောင်းထားသည့်လူများမှာတော့ အခုဆိုလျှင်များစွာမြတ်သွားကြပြီဖြစ်သည်။

ကောင်တာမှအလုပ်သမားလေးက ကုနင်းလာနေသည်ကိုမြင်သည်နှင့် ဤတစ်ကြိမ်မှာတော့ အထင်သေးသည့်အမူအရာများမပြတော့ပေ။

“ကျွန်မအကောင့်ထဲကိုပဲလွှဲပေးပါ။” ကုနင်း သူမဘဏ်အကောင့်ကိုပြကာ ပြောလိုက်သည်။

ထို့နောက် ဆိုင်ပိုင်ရှင်က မမေးပဲမနေနိုင်ကာ၊ “မိန်းကလေး၊ ဒီထဲမှာ ရွှေဝါယာကျောက်စိမ်းရှိနေတယ်ဆိုတာ မင်းဘယ်လိုသိလဲ မေးကြည့်လို့ရမလား?”

“ကံကောင်းသွားရုံပါ။”

ကုနင်း၏အဖြေကြောင့် ဆိုင်ပိုင်ရှင်စိတ်ပျက်သွားပေမည့် ထပ်မမေးတော့ပေ။

ထို့နောက် ကုနင်း ထိုဆိုင်မှပြန်ထွက်လာခဲ့သည်။

ချက်ချင်းတော့ ကျောက်အလောင်းအစားလမ်းမှမပြန်လာခဲ့ဘဲ တခြားဆိုင်များသို့သွားကာ ဝယ်ခြမ်းခဲ့သေးသည်။ သူမဟိုတယ်သို့မပြန်ခင် နောက်ဆုံး ကျောက်စိမ်းပါရှိသည့်ကျောက်ရိုင်း၁၀တုံးကျော်ကို ဝယ်ယူသွားခဲ့သည်။

ဟိုတယ်အဝင်တွင် ကားရပ်လိုက်သည်နှင့် ကားပါကင်ထိုးသူက ချက်ချင်းပင်ထွက်လာတာကြောင့် ကုနင်းလဲ သော့ပေးကာ အထဲသို့ဝင်သွားတော့သည်။

သူမ ဓါတ်လှေကားထဲသို့ဝင်လိုက်သည်နှင့် အနောက်မှ ရှုကျင်းလင်ကလဲ လိုက်ဝင်လာခဲ့သည်။

ရှုကျင်းလင်ကို ရုတ်တရက်တွေ့လိုက်တာကြောင့် ကုနင်းမှင်သက်လို့သွားတော့သည်။ ရှုကျင်းလင်ကို ရှုကျင်းချန်ကြောင့် သူမသိနေခြင်းမဟုတ်ဘဲ အရင်ဘဝတုန်းက သိနေခြင်းဖြစ်သည်။

သို့ပေမည့် ရှုကျင်းလင်ကတော့ သူမကိုမှတ်မိစရာအကြောင်းမရှိပေ။ ထို့အပြင် သူအခုတွေ့နေရသည့် မိန်းကလေးက ပြီးခဲ့သည့်ညက ဟိုတယ်အပြင်မှ ရန်ပွဲကြီးတွင်ပါဝင်ခဲ့သည့် မိန်းကလေးမှန်းလဲ မသိခဲ့ပေ။ ကောင်းယိနှင့်ချောင်ယပါအတူရှိနေလျှင်တော့ သူမှတ်မိကောင်းမှတ်မိနိုင်ပေသည်။

“မိန်းကလေး၊ မင်းငါ့ကိုသိလို့လား?” ကုနင်း၏အံ့ဩသွားဟန်အမူအရာကြောင့် ရှုကျင်းလင်မေးလိုက်ခြင်းဖြစ်သည်။

သူတို့က အခုHKကိုရောက်နေခြင်းဖြစ်တာကြောင့် ကုနင်းကိုလဲ ဒေသခံဟုထင်ကာ HKစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

“ရှင့်ကိုသိဖို့လိုလို့လား?” ကုနင်းလဲ HKစကားဖြင့်သာ ပြန်ပြောလိုက်သည်။

ထိုအခါ ရှုကျင်းလင်က ယုံကြည်ချက်အပြည့်ဖြင့်၊ “မင်း ငါ့ကိုမြင်မြင်ချင်း တုံ့ပြန်ပုံအရ သိနေတာလေ။”

“အိုး၊ ကျွန်မသူငယ်ချင်းတစ်ယောက်က ရှင်နဲ့ဆင်တူနေလို့ပါ။”

“တကယ်လား? ဒါ အစပျိုးတဲ့သဘောလား?” ရှုကျင်းလင် ဆွဲဆောင်မှုရှိရှိပြုံးပြလိုက်တာကြောင့် ကုနင်းတစ်ယောက် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်ဆံမလည်မိဘဲမနေတော့ပေ။

“ရှင်ကသာ ကျွန်မကို အရင်စကားလာပြောတာလေ။ ရှင့်ကို စကားလမ်းကြောင်းပေးဖို့ စိတ်ကူးမရှိဘူး။”

ရှုကျင်းလင် ထိုစကားကြောင့် စိတ်မဆိုးသွားဘဲ ကုနင်းက အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိကာ သူမနှင့်စကားဆက်မပြောမိဘဲမနေနိုင်တော့ပေ။ “ရပါတယ်၊ ငါကပဲ မင်းကိုစကားလမ်းကြောင်းနေတဲ့လူလို့ ထားလိုက်ပါတော့။”

“မတွေးတာပိုကောင်းမယ်နော်၊ မဟုတ်ရင် နောင်တရနေမယ်။” ကုနင်း ခြိမ်းခြောက်ခြင်းမမည်သည့် စေတနာစကားပြောလိုက်သည်။ ရှုကျင်းလင်ဘက်က သူမ၏ထူးထူခြားခြားတုံ့ပြန်မှုကြောင့် သူမအကြောင်းပိုသိချင်နေရုံသာဖြစ်မှန်းလဲ သိပေသည်။

ရှုမိသားစု၏ဆက်ခံသူအနေဖြင့် ရှုကျင်းလင်သည် လူမှုအသိုင်းအဝိုင်းကြားတွင် အဆင့်အတန်းလွန်စွာမြင့်မားလှပေမည့် အမှောင်ထဲကနေပြီး သူ့ကိုသတ်ဖို့ချောင်းနေသူများစွာကလဲ ရှိနေသည်။ ထို့ကြောင့် သူက ကုနင်းက သူ့ရန်သူဟုတ်မဟုတ် သိရရန် စကားပြောကြည့်နေခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မိန်းမလှတစ်ယောက်သည် ကြောက်စရာကောင်းသည့်အကြံအစည်များကို ဆောင်ရွက်ရာမှာပိုတော်သည်မဟုတ်လား။

“အိုး၊ ဘာကြောင့်များပါလိမ့်?” ရှုကျင်းလင် ပိုလို့စိတ်ဝင်စားလာတော့သည်။

ထိုအချိန်တွင်ပဲ ဓါတ်လှေကားက ကုနင်းနေသည့်၁၅လွှာသို့ရောက်လာကာ ရှုကျင်းလင်သည်တော့ ၁၆လွှာတွင်နေသူဖြစ်သည်။

ဓါတ်လှေကားတံခါးပွင့်သွားသည်နှင့် ကုနင်းက ရှုကျင်းလင်ကို ပြုံးပြလိုက်ကာ “ရှုကျင်းချန်က ကျွန်မသူငယ်ချင်းလေ။”

ထို့နောက် ကုနင်းထွက်သွားကာ ဓါတ်လှေကားထဲတွင် ရှုကျင်းလင်တစ်ယောက်သာ ကျန်ခဲ့တော့သည်။

‘ရှုကျင်းချန်က ကျွန်မသူငယ်ချင်းလေ’

သူက ကျင်းချန်နဲ့သိတာလား?

သူမသာ ကျင်းချန်နဲ့သိတာဆိုရင် ရှုညီအစ်ကိုတွေက ရုပ်ဆင်ကြတာကြောင့် သူ့မျက်နှာကို မှတ်မိဖို့မခက်ခဲလောက်ပေ။ ထိုသို့တွေးမိသည်နှင့် ရှုကျင်းချန် သူ့ကိုသူသာ ရယ်လိုက်မိကာ ကုနင်း၏အပြုအမူအပေါ်ကိုတော့ အပြစ်မတင်ခဲ့ပေ။

***

အခန်း ၈၇၀ ရှုကျင်းလင်၏တောင်းပန်စကား

ရှုကျင်းလင် သူ့အခန်းသို့ပြန်ရောက်သည်နှင့် ခဏမျှတွေးတောပြီးနောက် ရှုကျင်းချန်ထံဖုန်းဆက်လိုက်တော့သည်။ ကုနင်းက သူ့ကို သူမအားစကားလာမရောဖို့ပြောကာ မဟုတ်ရင် နောင်တရမည်ဟုလဲ ပြောခဲ့တာကြောင့် သူမကို သူ့ညီရှုကျင်းချန်များကြိုက်နေတာဖြစ်နေမလား စိုးရိမ်မိသွားသည်။

လင်ရှောင်းထင်သည် ယနေ့ညမှာပင် ကုနင်းနှင့်တွေ့ရန် HKသို့သွားမည်ဖြစ်တာကြောင့် ယနေ့အတွက် လုပ်စရာအားလုံးကို အပြီးသတ်နေခဲ့သည်။

လင်ရှောင်းထင်က ရှင်းပိုင်ကို လေဆိပ်သို့လိုက်ပို့ပေးရန်ပြောလိုက်ပြီး လင်ရှောင်းထင်ဘယ်ကိုသွားမလဲ မမေးရသေးခင်မှာပဲ ရှုကျင်းချန်ထံသို့ ရှုကျင်းလင်ဆီမှ ဖုန်းဝင်လာသည်။

“ကျင်းချန်၊ ငါအခုလေးတင် ဓါတ်လှေကားထဲမှာ ၁၈နှစ်အရွယ် ကောင်မလေးချောချောလေးတစ်ယောက် တွေ့ခဲ့တယ်။ သူ ငါ့ကိုများသိနေသလားလို့မေးလိုက်တော့ သူ့သူငယ်ချင်းတစ်ယောက်နဲ့ဆင်လို့ဆိုပြီးပြန်ပြောတယ်။ ငါလဲ သူနဲ့နည်းနည်းပါးပါးစနောက်လိုက်တော့ သူ့သူငယ်ချင်းက မင်းလို့ပြောတယ်။ မင်းသူဘယ်သူလဲသိလား?” ရှုကျင်းလင် စိတ်မသက်မသာဖြင့် မေးလိုက်ရသည်။

ထိုစကားကြားသည်နှင့် ရှုကျင်းချန်၏အသိထဲတွင် ၁၈နှစ်အရွယ် ချောတဲ့မိန်းကလေးဆိုလို ကုနင်းတစ်ယောက်သာရှိတာကြောင့် ကုနင်းမှန်းချက်ချင်းသိလိုက်သည်။

လင်ရှောင်းထင်သည်လဲ သူတို့စကားပြောနေသည်ကို ကြားကာ ကုနင်း၏နာမည်က ချက်ချင်းသူ့အတွေးထဲပေါ်လာတော့သည်။ သူမျက်မှောင်ကြုတ်မိသွားသော်လည်း စိတ်တိုသွားခြင်းတော့မဟုတ်ပေ။

“အရမ်းလှတဲ့၁၈နှစ်အရွယ်မိန်းကလေးလား? ကုနင်းပဲဖြစ်မယ်။ အစ်ကို အခု HKရောက်နေတာမဟုတ်ဘူးလား? ကုနင်းလဲ HKရောက်နေတာလား?”

“ကုနင်း? ဒီနာမည်ရင်းနှီးနေသလိုပဲ။ မင်းနဲ့သူဘယ်လိုပတ်သတ်လဲ?”

သူတို့ဘယ်လိုပဲပတ်သတ်ပါစေ ချစ်သူတွေမဖြစ်နေဖို့တော့ မျှော်လင့်နေသည်။ မဟုတ်ရင် သူအလွန်အရှက်ကွဲရတော့မည်။

“ကုနင်းက ရှောင်းထင်ရဲ့ချစ်သူလေ။”

“ဘာ?” ရှုကျင်းလင် လွန်စွာထိတ်လန့်သွားတော့သည်။

ရှောင်းထင်သာ သူ့ချစ်သူကို ငါမြူစွယ်ခဲ့တာသိရင်….. ရှုကျင်းလင် ကြောက်လန့်လာတော့သည်။

ရှုကျန်းချန်ကတော့ ကုနင်းကလင်ရှောင်းထင်၏ချစ်သူဖြစ်နေမှန်း သိသွား၍ သူ့အစ်ကိုလန့်သွားခြင်းဖြစ်ရုံလောက်ဟုသာ တွေးမိကာ မူမမှန်သည်ကို မခံစားမိပေ။ ထို့အပြင် လင်ရှောင်းထင် အခုHKကိုသွားမည်မှန်းလဲ သူသိသွားတော့သည်။

“ဟေ့၊ ဘော့စ်၊ မင်းအခု HKကိုသွားမလို့လား?” ရှုကျင်းချန် သူ့အထင်မှန်လားသိရရန် မေးလိုက်သည်။

“အွန်း။”

ဖုန်းတစ်ဖက်မှ ရှုကျင်းလင်သည်တော့ လင်ရှောင်းထင်၏အသံကိုကြားလိုက်သည်နှင့် လက်များတုန်ရီလာကာ ကြမ်းပေါ်သို့ပင် လွတ်ကျတော့မလိုဖြစ်သွားတော့သည်။ လင်ရှောင်းထင်ပါ ရှုကျင်းချန်ဘေးတွင်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ၊ အခုတော့ သူဖုန်းဆက်မိသည့်အတွက် အလွန်နောင်တရနေတော့သည်။

တကယ်တော့ လင်ရှောင်းထင်သိသွားရင်တောင်မှ သူ့ကိုတိုက်ရိုက်ထိခိုက်အောင်လုပ်မည်မဟုတ်ပေ။ ထိုအစား ရှုကျင်းချန်ကိုသာ သူနှင့်များများလေ့ကျင့်ပေးလိုက်ဖို့ရန်သာ ပြောပေလိမ့်မည်။ ဒါက ဆိုးသည်တော့မဟုတ်ပေမယ့် သူသဘောကျသည်လို့လဲ မဆိုလိုပေ။

သူကတော့ စစ်တပ်တွင်တာဝန်ထမ်းဆောင်ခြင်းမရှိသော်လည်း အင်အားကြီးမိသားစု၏အဓိကမိသားစုဝင်တစ်ဦးဖြစ်နေသေးတာကြောင့် သာမာန်လူများထက် ပို၍အန္တရာယ်များအသောအခြေအနေတွင်ရှိနေ၍ သိုင်းပညာကို လေ့ကျင့်သင်ကြားထားရသည်။ သို့သော်လည်း ရှုကျင်းချန်လို အထူးစစ်သားတစ်ယောက်နှင့်တော့ ဘယ်လိုမှမယှဉ်နိုင်သေးပေ။ ဒါ့အပြင် လင်ရှောင်းထင်၏အမိန့်နှင့်ဆိုလျှင် ရှုကျင်းချန်က သူ့ကိုညင်ညင်သာသာဆက်ဆံပေးလိမ့်မည်မဟုတ်ပေ။ သူအိပ်ရာထဲ ရက်ပိုင်းလောက်တောင် လဲသွားပေလိမ့်မည်! ဤဖြစ်ရပ်မျိုးအရင်ကလဲဖြစ်ခဲ့ဖူးကာ သူ့ကို စိတ်ဒဏ်ရာရသွားစေသည်။

“အမ်၊ ဒါပဲနော်။ ဘိုင်။” ရှုကျင်းလန် ချက်ချင်းဖုန်းချလိုက်ပြီးကာမှ အသက်ပြန်ရှုနိုင်တော့သည်။

သူဖုန်းချလိုက်သည်နှင့် သူ့ဖုန်းကချက်ချင်းပြန်မည်လာတာကြောင့် ပိုလို့တောင်လန့်သွားတော့သည်။ ရှုကျင်းချန်များပြန်ခေါ်တာလားဟု တွေးမိလိုက်သော်လည်း ကုန်းကျီဟန်ထံမှဖြစ်နေသည်။

တခြားသူတွေသာ ရှုမိသားစု၏အမွေခံသူ့ပုံစံကိုမြင်လျှင် လှောင်ရယ်ကြမည်ဖြစ်သော်လည်း သူလဲမတတ်နိုင်ပေ။ လင်ရှောင်းထင်ကို ကုနင်းမတိုင်ပြောဖို့သာ မျှော်လင့်နိုင်တော့သည်။ မဟုတ်လျှင် သူတစ်ခုခုဖြစ်မည်မှာ အသေအချာပင်။

………

ကုနင်းရေချိုးအဝတ်အစားလဲပြီးနောက် စားသောက်ခန်းသို့ဆင်းလာချိန်တွင် ညနေ၆နာရီပင်ထိုးခါနီးနေပေပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ ရှုကျင်းချန်နှင့် ဓါတ်လှေကားထဲတွင် တွေ့ပြန်ကာ ဤတစ်ခေါက်တော့ ကုန်းကျီဟန်လဲရှိသည်။

ရှုကျင်းချန်ကတော့ ကုနင်းကို မြင်မြင်ချင်း ကြောင်အသွားကာ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။

ကုနင်းကတော့ သူ့ကိုပြုံးပြလာပြီး ဘာမှမပြောပေ။ သို့ပေမည့် ကုန်းကျီဟန်ကတော့ သူတို့ကို နားမလည်နိုင်စွာကြည့်နေခဲ့သည်။

“အမ်၊ မိန်းကလေးကု၊ အစောက ကိစ္စအတွက်ငါတောင်းပန်ပါတယ်။ ရှောင်းထင်ကို ပြန်တိုင်မပြောပါနဲ့နော်။ ငါမင်းကို တစ်ခုခုကြံစည်လိုတဲ့စိတ်ကူးနည်းနည်းလေးမှမရှိပါဘူး။ ငါကျိန်တယ်။” ရှုကျင်းလင်မှာ လင်ရှောင်းထင် သူ့ကိုအပြစ်ပေးလာမည်စိုးတာကြောင့် အမြန်တောင်းပန်လိုက်သည်။

ရှုကျင်းလင်သည် ရှုမိသားစု၏အမွေဆက်ခံသူဖြစ်သော်လည်း အခြားသော ချမ်းသာသည့်မိသားစုမှလူငယ်များလို မောက်မာခြင်းမရှိပေ။ သူက မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်ဆိုလျှင် ပေါင်းသင်းရလွဘ်ကာ ကြင်နာတတ်သူဖြစ်သည်။ အပြင်လူသူစိမ်းများနှင့်ရင်ဆိုင်ရချိန်တွင်တော့ အေးစက်မာကြောကာ ရန်သူများနှင့်ဆိုလျှင်တော့ ဉာဏ်များသည့်မြေခွေးတစ်ကောင်လိုပုံစံဖြစ်သည်။

ကုနင်းလဲပဲ သူစိမ်းတစ်ယောက်ဖြစ်ပေမည့် သူမက လင်ရှောင်းထင်၏ချစ်သူဖြစ်တာကြောင့် သူ့မိတ်ဆွေသူငယ်ချင်းအဖြစ် သတ်မှတ်၍ရသည်။ ဒါကြောင့် သူမကို တမင်အကွာအဝေးခြားကာ ဆက်ဆံနေစရာမလိုတော့ပေ။

ကုန်းကျီဟန်ကတော့ ရှုကျင်းလင်စကားများကြောင့် အံ့ဩနေကာ အကြောင်းအရင်းကို သိချင်နေပေမည့် မေးဖို့အချိန်ကောင်းမဟုတ်သေးမှန်းလဲ သိသည်။

“ဒါပေါ့၊ မပြောပါဘူး။ ဒါ ကိစ္စကြီးမှမဟုတ်တာ၊ ဒါပေမယ့် ဘာလို့ သူ့ကိုကြောက်နေတာလဲ?” ကုနင်းအပြုံးလေးဖြင့်သာမေးလိုက်သည်။ ရှုကျင်းလင် သူမနှင့်လင်ရှောင်းထင်၏ဆက်ဆံရေးကို သိသွားသည့်အပေါ် သူမမအံ့ဩမိပေ။ ရှုကျင်းချန်ကိုမေးလိုက်လျှင် တန်းသိနိုင်တာပဲ။

ကုနင်းက သူ့ကိုခွင့်လွှတ်ပေးတော့မှ ရှုကျင်းလင် စိတ်သက်သာရာရသွားပေမည့် သူမ၏နောက်ဆက်တွဲမေးခွန်းကြောင့် ရှက်ရွံ့သွားရသည်။ “အမ်၊ ငါသူ့ကိုမကြောက်ပါဘူး။ ဒါပေမယ့် ငါတို့က ရင်းနှီးတဲ့ညီအစ်ကိုတွေပဲလေ! သူ့ကိုဒေါသမထွက်စေရုံပါ။” ရှုကျင်းလင် အတည်ပေါက်နှင့်လျှောက်ပြောနေတာကြောင့် ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။

ထို့နောက် ကုနင်း၏အနောက်မှ ကောင်းယိနှင့်ချောင်ယရှိနေသည်ကို ရှုကျင်းလင်မြင်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ထိုနှစ်ယောက်ကိုမှတ်မိသွားကာ အံ့အားသင့်သွားရပြန်တော့သည်။

***

စာစဉ် ၅၈ ပြီး၏။

All Chapters