← Chapters

အခန်း (၈၇၆-၈၈၀)

Vol. 59 Ch. 876-880

အခန်း (၈၇၆-၈၈၀)

Vol. 59 Ch. 876-880

အခန်း ၈၇၆ မပြောတတ်ဘူးလေ!

“ဟဲမိသားစုရဲ့အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ထွက်ကြိုပေးတာက ယဉ်ကျေးမှုကိုပြဖို့ မလုံလောက်သေးဘူးလား?” ဟဲရီရှောက် မျက်ခုံးများကိုပင့်လိုက်သည်။ ဟဲဟုန်ယွမ်လဲ ပါးစပ်ပိတ်ကာ တိတ်ဆိတ်သွားတော့သည်။ ဟဲမိသားစု၏သားအကြီးဆုံးကိုယ်တိုင် ထွက်ကြသည်က ယဉ်ကျေးလွန်းနေပြီမှန်း သိသာလှသည်။

“သခင်လေးဟဲ၊ ဒီနေ့ သခင်ဟုန်ကျဲ့ကိုယ်တိုင် ဝင်ပြိုင်မှာလားဆိုတာ သိလို့ရမလား?” တစ်စုံတစ်ယောက်၏ မေးမြန်းသံကထွက်ပေါ်လာသည်။ ကစားပွဲက စတော့မည်ဖြစ်တာကြောင့်ဒါကမသင့်တော်သည့် မေးခွန်းမျိုးမဟုတ်တော့ပေ။

“မပြောတတ်ဘူးလေ!” ဟဲရီရှောက်က စိတ်ဓါတ်ကျသွားသလိုပုံစံဖြင့် ပြန်ဖြေလိုက်သည်။

ဟဲရီရှောက်၏အမူအရာကိုမြင်လိုက်ရသည်နှင့် ဟဲဟုန်ယွမ်ကတော့ ပိုလို့ကျေနပ်နေတော့သည်။ ဒီနေ့ ဟဲဟုန်ကျဲ့ကိုဘယ်သူမှ လာမကူညီလောက်ဟု သူယုံကြည်သွားသည်။

ကျိုးကျန်းဟွေ့က သူ့ကိုသတင်းပို့ပေးပေမည့် သူမလာခင်ကလဲ သေချာအောင် စုံစမ်းမှုအချို့ပြုလုပ်ခဲ့သေးသည်။ HKမှ ဘယ်ကျော်ကြားတဲ့လောင်းကစားသမားကိုမှ ဟဲမိသားစုက မဖိတ်ကြားထားပေ။ နာမည်မကြီးသည့်လောင်းကစားသမားတွေကိုတော့ သူတကူးတကရှာမနေတော့ပေ။ ဒါကြောင့် ဒီနေ့အတွက် နောက်ဆုံးပိတ်အောင်နိုင်သူက သူသာဖြစ်မည်ဟု ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်။

“ဟုန်ကျဲ့သာ အကြားစွမ်းရည်မဆုံးရှုံးဘဲ ရှီယန်လဲ မပျောက်ခဲ့ဘူးဆိုရင် ဟဲမိသားစုအနာဂါတ်အတွက် ငါဒီနေ့လို ပြိုင်ပွဲလုပ်မှာမဟုတ်ပါဘူး။” ဟဲဟုန်ယွမ်က ဟဲမိသားစုပြိုလဲသွားမည်စိုး၍ စေတနာနှင့်ဝင်ထိန်းပေးရသလိုမျိုး အပြစ်ကင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ဒါက တမင်ကြံစည်ထားမှန်းသိသာနေရင်တောင် ဟဲဟုန်ယွမ်က သတင်းသာပြန့်သွားပါက သူဂုဏ်သတင်းပျက်စီးသွားမည်စိုး၍ သူ့လုပ်ရပ်အပေါ် တာဝန်ယူလိုစိတ်မရှိပေ။

ဟဲဟုန်ကျဲ့နှင့်ဟဲဟုန်ကျဲ့၏မိသားစုတို့က သူ့အပေါ်သံသယဝင်နေကြမှန်း သိသော်လည်း သူတို့မှာ တိကျသည့်သက်သေမရှိတာကြောင့် သူရှောင်ထွက်၍ရသည်။ ထို့အပြင် သူ့ကိုထောက်ပံ့ပေးမည့် ထျန်းတိဟွေ့လဲရှိသေးပေသည်။

ဟဲရီရှောက်၏မျက်လုံးများထဲမှာတော့ အေးစက်သည့်အရိပ်အယောင်များဖြတ်ပြေးသွားတော့သည်။ ဟဲဟုန်ယွမ်က ယနေ့ကြံစည်မှုနောက်ကွယ်မှ ကြိုးကိုင်သူဖြစ်မှန်း သူသိသော်လည်း သက်သေမရှိတာကြောင့် ဘာမှမလုပ်နိုင်ပေ။

ဟဲဟုန်ယွမ်ကို သတ်လိုက်ဖို့က မခက်ခဲသော်လည်း သူ့ဒုတိယညီငယ်က ဟဲဟုန်ယွမ်ကို ထောက်ပံ့ပေးနေသည့် ထျန်းတိဟွေ့လက်ထဲတွင်ရှိနေတုန်းပင်။

လူအများစုက အကြောင်းအရာများကိုမသိထားတာကြောင့် ချက်ချင်းပင် ဟဲဟုန်ယွမ်က ကြင်နာတတ်သည့်လူကောင်းတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချကာ ယုံကြည်လိုက်ကြတော့သည်။

လူအနည်းစုသည်သာ ဖြစ်ပျက်နေသည့် ထိတ်လန့်ဖွယ်ကြံစည်မှုအကြောင်းသိထားသော်လည်း ဘယ်သူကမှ ထုတ်မပြောရဲကြပေ။

ဟဲမိသားစု၏မိတ်ဆွေဟောင်းကြီးများကသာလျှင် လက်ကမ်းကူညီပေးလိုကြပေမည့် ဟဲဟုန်ကျဲ့က ထိုသူများကိုပါ ပြဿနာထဲ မပါသွားစေချင်တာကြောင့် အကူအညီများကို ငြင်းလိုက်သည်။

ထျန်းတိဟွေ့ဆိုသည်က လူတိုင်းသိသည့် ရက်စက်ကြမ်းကြုတ်သောဂိုဏ်းတစ်ခုဖြစ်သည်။

“သခင်ဟုန်ယွမ်က တကယ်ကိုကြင်နာတတ်ပြီး ထောက်ထားတတ်တာပဲ။ ခင်ဗျားကလဲ ဟဲမိသားစုဝင်ပဲကို ဒီတော့ မိသားစုစီးပွားရေးကို ခင်ဗျားဦးဆောင်လဲ မှားတာမှမဟုတ်တာ။”

“ဟုတ်တယ်! ဟုတ်တယ်!”

ဟဲရီရှောက်ကတော့ ဘေးလူများ၏အပြောကို လျစ်လျူရှုထားကာ ရလဒ်ကိုသာ စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းလို့နေသည်။

မကြာခင်မှာပဲ ဟုန်ယွဲ့ဟွမ် ဝင်လာခဲ့သည်။ သူက ဟဲဟုန်ယွမ်ကိုထောက်ခံပေးဖို့လာခြင်းမဟုတ်ဘဲ ယနေ့ပြိုင်ပွဲကိုကြည့်ဖို့ရန်အတွက်သာ လာခြင်းဖြစ်သည်။

ဟဲဟုန်ယွမ်နှင့်ထျန်းတိဟွေ့ကြားမှ ဆက်ဆံရေးကိုသိထားသူ သိပ်မများတာကြောင့် ဟုန်ယွဲ့ဟွမ်က ဟဲမိသားစုမျက်နှာကြောင့်လာခြင်းဟုသာ တွေးကြသည်။

ဟဲဟုန်ကျဲ့နှင့်ထျန်းတိဟွေ့တို့ကြား ဆက်ဆံရေးမှာ ကောင်းမွန်မှန်းကိုတော့ လူအများစုသိထားကြသည်မဟုတ်လား။

ဟဲဟုန်ကျဲ့နှင့် ထျန်းတိဟွေ့၏ဆက်ဆံရေးက ကောင်းခဲ့သော်လည်း ထျန်းတိဟွေ့ကတော့ ဟဲမိသားစု၏မိသားစုပြဿနာမှ ဝေးဝေးရှောင်နေခဲ့သည်။

“မင်္ဂလာပါ၊ သခင်လေးဟုန်၊ ထိုင်ပါဦး။” ဟဲရီရှောက်က ဟုန်ယွဲ့ဟွမ်ကို ကြိုဆိုလိုက်သည်။ တကယ်တော့ သူတို့ချင်းရင်းနှီးကြပေမည့် အခုတော့ ဟဲရီရှောက်က ဟုန်ယွဲ့ဟွမ်ကို မိတ်ဆွေတစ်ဦးလို သဘောမထားတော့ပေ။

သို့သော်လည်း ထျန်းတိဟွေ့၏ဆက်ခံသူဖြစ်သည့် ဟုန်ယွဲ့ဟွမ်တွင်လဲ ရွေးချယ်စရာမရှိခဲ့ပေ။ သူ့ရဲ့ကိုယ်ရေးကိုယ်တာသဘောအရဆိုလျှင် ဟဲဟုန်ကျဲ့ကိုသာ ပုံမှန်အတိုင်း ဟဲမိသားစုစီးပွားရေးကို ဦးဆောင်နိုင်စေချင်ပေမည့် ထျန်းတိဟွေ့အနေနဲ့လဲ သူတို့အတွက်အကျိုးအမြတ်ရဖို့ကြည့်ရသေးသည်။ စီးပွားရေးမှာက ရင်းနှီးမှုထက် အကျိုးအမြတ်ကသာ အဓိကမဟုတ်လား။

“မင်္ဂလာပါ၊ သခင်လေးဟဲ!”

နေ့လည်၁နာရီ၅၀မိနစ်မှာတော့ ဟဲဟုန်ကျဲ့က ကုနင်းအပါအဝင်လူများစွာနှင့်ထွက်ပေါ်လာခဲ့သည်။

သူထွက်လာသည်နှင့် လူတိုင်းက လှည့်ကြည့်ကုန်ကြသည်။ သူ့ဘေးကလူများကိုတော့ ဘယ်သူမှအာရုံမထားကြပေ။ ကုနင်းဆို အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ပိုလို့တောင် အာရုံထားမခံရပေ။

သို့သော်လည်း လူတိုင်းအံ့ဩသွားရသည်က ဟဲဟုန်ကျဲ့က ပထမတန်း၏အလယ်တွင်မထိုင်ဘဲ အမျိုးသမီးတစ်ယောက်ကို နေရာဖယ်ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။

သူနှင့်ဟဲစစ်ရင်ကတော့ အမျိုးသမီး၏ဘေးနှစ်ဖက်တွင်ထိုင်ကာ ကျန်လူများကတော့ သူတို့နောက်တွင် မတ်တပ်ရပ်နေကြသည်။

လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် အံ့ဩမှင်တက်လို့နေကြတော့သည်။

ဟဲမိသားစုက သူတို့ကိုယ်စားတခြားတစ်ယောက်ကို ကိုယ်စားပြုပြိုင်ခိုင်းသည်က နားလည်ပေး၍ရသော်လည်း ဒီအမျိုးသမီးကတော့ အတော်လေးငယ်လွန်းနေသည်။

ဟဲဟုန်ယွမ်ကတော့ ကျိုးကျန်းဟွေ့ကို တစ်ချက်ကြည့်ကာ အသံတိတ်မေးခွန်းထုတ်နေတော့သည်။ ဟဲဟုန်ကျဲ့ ကိုယ်တိုင်ဝင်ကစားမှာပါလို့ သူ့ကို ကျိုးကျန်းဟွေ့မပြောခဲ့ဘူးလား? ဘယ်လိုကြောင့် သူ့နေရာမှာ မိန်းမတစ်ယောက်ရှိနေရတာလဲ?

ငါ့ကိုလိမ်သွားတာလား? ထိုသို့တွေးမိသည်နှင့် ကျိုးကျန်းဟွေ့ကို သဘောမတော့တော့ပေ။ သို့သော်လည်း အမှန်တရားကိုမသိရသေးတာကြောင့် ကျိုးကျန်းဟွေ့အမှားလို့ချည်းပဲလဲ မသေချာသေးပေ။

ဒီအမျိုးသမီးငယ်လေးက HKကနာမည်ကျော်လောင်းကစားသမားစာရင်းထဲမှာတော့ မပါဘူး၊ ဒီတော့ လူသစ် ဒါမှမဟုတ် ဆန်းကြယ်တဲ့လောင်းကစားဆရာကြီးပဲဖြစ်မယ်။

ထိုအမျိုးသမီးက ဆန်းကြယ်သည့်လောင်းကစားဆရာဖြစ်လောက်မည်ဆိုသော အချက်ကိုတော့ ဟဲဟုန်ယွမ်ငြင်းပယ်လိုက်သည်။ ကမ္ဘာပေါ်မှာ ချမ်းသာမှုနှင့်ကြွယ်ဝမှုကို အလေးမထားသူမရှိဟူ၍ ခံယူထားသောကြောင့်ဖြစ်သည်။ ဒါကြောင့် ထိုအမျိုးသမီးကို ပြိုက်ဖက်တစ်ဦးလိုပင်တွေးမနေတော့ပေ။

သူ့အမြင်မှာတော့ ဖန်းကျီဟောက်သည်သာ အတော်ဆုံးလောင်းကစားသမားဖြစ်သည်။

ကျိုးကျန်းဟွေ့သည်လဲ ဟဲဟုန်ကျဲ့က သူ့ကိုကိုယ်တိုက်ကစားမည်ဟုပြောထားတာကြောင့် ကုနင်းကိုမြင်လိုက်ရချိန်၌ အံ့ဩသွားခဲ့သည်။

ရုတ်တရက်ဆိုသလို သူ ဟဲဟုန်ကျဲ့၏ယုံကြည်မှုကိုဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းလဲ သိသွားတော့သည်။ ကြည့်ရတာ ဟဲဟုန်ကျဲ့တစ်ခုခုသိသွားတဲ့ပုံပဲ။

ကျိုးကျန်းဟွေ့အနည်းငယ်ထိတ်လန့်သွားပေမည့် ဟဲဟုန်ယွမ်ဘက်မှာသာနေလျှင် သူဘေးကင်းနေမည်ဟု ယုံကြည်နေတုန်းပင်။ သို့ပေမည့် အခုဆိုလျှင် ဟဲဟုန်ကျဲ့ကလဲ သူ့ကိုသံသယဝင်နေပြီဖြစ်ကြောင်းကိုတော့ သူမသိလိုက်ပေ။

***

အခန်း ၈၇၇ ထောင်လွှားနေသည့် ဖန်းကျီဟောက်

ဖန်းကျီဟောက်သည်တော့ သူ့ပြိုက်ဘက်က အမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သွားတော့သည်။ ဖန်းကျီဟောက်သည် အမျိုးသမီးများအပေါ် လေးစားမှုမရှိဖူးသလို အမျိုးသမီးတွေက အမျိုးသားတွေကို ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့လဲ ယုံကြည်ထားသူဖြစ်သည်။ သို့သော်လည်း အခုချိန်မှာ သူ့တွင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိတာကြောင့် ကုနင်းကိုသာ အထင်သေးသည့်အမူအရာပေါ်ပေါ်လွင်လွင်ပြကာ ကြည့်နေတော့သည်။

ဟဲဟုန်ယွမ်ကလဲ ကုနင်း သူ့ကိုကြောက်သွားစေရန် စိုက်ကြည့်နေပေမည့် ကုနင်းက သူ့ကိုအလုပ်ရှုပ်ခံကာ အကြည့်လေးတစ်ချက်ပင် ပြန်မပေးလာတာကြောင့် ဒေါသထွက်လာတော့သည်။

သူကများ ငါ့ကိုလျစ်လျူရှုရဲတယ်ပေါ့!

လင်ရှောင်းထင်ကတော့ ထိုလူများ၏အပြုအမူကို မကျေနပ်သော်လည်း လက်ရှိသူ့ဇာတ်ကောင်နေရာကို သူသိတာကြောင့် တိတ်တိတ်လေးသာနေ,နေလိုက်သည်။

“မိန်းကလေး၊ မင်းနာမည်ကဘာလဲ?” ဟဲဟုန်ယွမ်၏အသံက လွန်စွာအထက်စီးဆန်လှသည်။

“ထန်အိုက်နင်း။” ကုနင်းဘက်ကလဲ လုံးဝမကြောက်ဘဲ ဝံ့ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။

ထန်အိုက်နင်းဆိုသောနာမည်ကို လောင်းကစားလောကတွင် ဟဲဟုန်ယွမ်တစ်ကြိမ်မှမကြားဖူးတာကြောင့် လူသစ်ဟု ပိုလို့ယုံကြည်သွားတော့သည်။

“မိန်းကလေးထန်၊ မင်းဘယ်ကလဲ၊ မင်းဒီနယ်ပယ်ထဲကိုဝင်တာ ဘယ်နှနှစ်ရှိသွားပြီလဲ?” ဟဲဟုန်ယွမ်က မနှစ်မြို့ဟန်ကိုမဖုံးကွယ်ဘဲ ထပ်မေးလိုက်ပြန်သည်။

“ဒီနေ့ပြိုင်ပွဲနဲ့ ဒီမေးခွန်းတွေက ဘာမှမဆိုင်ဘူးလို့တော့ထင်တယ်နော်။” ကုနင်းပြန်ပြောလိုက်သည်။

“ငါက ပုံမှန်လေးမေးတာပါ၊ ဘာလို့ မိန်းကလေးထန်က ငါ့ကိုအရမ်းရန်လိုနေရတာလဲ? ဘာပဲဖြစ်ဖြစ် ငါကအသက်အရွယ်အရ မင်းထက်အများကြီး,ကြီးတယ်လေ။ တခြားလူတွေက အဖိုးကြီးတစ်ယောက်ကို မင်းပြုမူတဲ့ပုံစံနဲ့ပတ်သတ်ပြီး အပြစ်တင်ကြမှာမကြောက်ဘူးလား?” ဟဲဟုန်ယွမ်က ကုနင်းကိုအပြစ်ပုံချဖို့လုပ်တော့သည်။

“အိုး၊ ဒါဆို သခင်ဟုန်ယွမ်၊ ရှင်သာအသက်အရွယ်နဲ့ အပြုအမူကိုတကယ်ဂရုစိုက်တယ်ဆိုရင် ဒီကနေ့ ဘာလို့များ ဟဲမိသားစုရဲ့ခေါင်းဆောင်နေရာကို လာပြိုင်နေသေးလဲ? ရှင်လဲ ဟဲမိသားစုဝင်ပဲမဟုတ်ဘူးလား? သခင်ဟုန်ကျဲ့ရဲ့ အကြားစွမ်းရည်ဆုံးရှုံးသွားတယ်ဆိုမှတော့ ဒါက ရှင့်ဘက်က အတင်းဖိအားပေးနေတာမဟုတ်ဘူးလား? လူတွေက ရှင့်ရဲ့အကြံကြီးမှုကို အပြစ်တင်လာမှာ မကြောက်ဘူးလား?” ကုနင်း အမေးပြန်ထုတ်လိုက်သည်။

ထိုစကားကြောင့် ဟဲဟုန်ယွမ်ဒေါသထွက်သွားကာ ချက်ချင်းပင် စကားကိုလက်နှင့်ရိုက်ချပြီး ထရပ်လိုက်တော့သည်။

“မင်းထပ်ပြောရဲပြောကြည့်လိုက်စမ်း!”

ကုနင်း ဘာမှပြန်မလုပ်သေးခင်မှာပဲ ကုနင်းနောက်တွင်ရပ်နေကြသည့် လင်ရှောင်းထင်၊ ကောင်းယိနှင့် ချောင်ယတို့က ဟဲဟုန်ယွမ်ကို ကုနင်းအားမအော်စေရန် ချက်ချင်းစိုက်ကြည့်လိုက်ကြသည်။

ထိုသုံးယောက်၏အကြံများနှင့်ရင်ဆိုင်လိုက်ရချိန်မှာတော့ ဟဲဟုန်ယွမ် အနည်းငယ်ကြောက်လန့်မိသွားတော့သည်။

ဘာပဲဖြစ်ဖြစ် သူက သာမာန်လူတစ်ယောက်မဟုတ်လား၊ တစ်ဖက်ကလူတွေကတော့ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ဖူးကြသည့်လူတွေလေ။ အယောက်တိုင်းကိုက ဟဲဟုန်ယွမ်ကို စိတ်ဖိအားများစေနိုင်သည်။

ဟဲဟုန်ယွမ်တင်မကဘဲ အနားမှလူများသည်လဲ ထိုသုံးယောက်ကြောင့် စိတ်ဖိစီးလာကြတာကြောင့် ကုနင်း သူတို့ကိုတစ်ချက်ကြည့်လိုက်သည်နှင့် ထိုသုံးယောက်လဲ ပုံမှန်အနေအထားအတိုင်းပြန်ဖြစ်သွားကြသည်။

ကုနင်းအနားတွင်ထိုင်ကြသည့် ဟဲဟုန်ကျဲ့နှင့်အခြားလူများမှာတော့ ထိုသုံးယောက်၏စွမ်းအားကြောင့် အံ့ဩသွားကြတော့သည်။ ဒီသုံးယောက်က သာမာန်ကိုယ်ရံတော်တွေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ကုနင်း၏အမေးစကားကိုကြားလိုက်ရသည်နှင့် လူတိုင်းက ဟဲဟုန်ယွမ်ဘက်ကိုကြည့်လာကာ သူ့ရဲ့အကြံအစည်များဖြစ်နေမလား စတင်တွေးတောလာကြသည်။

ဟဲဟုန်ယွမ် အနည်းငယ်ထိတ်လန့်သွားပေမည့် ပြန်လည်ငြင်းဆန်စဲပင်။ “မိန်းကလေးထန်၊ မင်းငါ့ကိုသံသယဝင်မယ်ဆိုလဲ သက်သေလေးတော့ပြဦး၊ မဟုတ်ရင် ဒါတမင်စွပ်စွဲတာဖြစ်သွားပြီ။”

ထိုစကားကြောင့် လူအများစုက ဟဲဟုန်ယွမ်အပေါ်ရှိနေသည့် သံသယများကို ပြန်လည်စွန့်ပစ်လိုက်ကြသည်။ သက်သေသာမရှိရင် ဒါက တကယ်ကိုစွပ်စွဲချက်တစ်ခုပဲ။ ဒါကြောင့် လူများစွာက ကုနင်းကို အလိုမကျစွာကြည့်လာကြသည်။

ကုနင်းကတော့ စိတ်ထဲမထားနေပေ။ သူမမှာ သက်သေမရှိသော်လည်း အမှန်တရားဖြစ်ကြောင်းကိုတော့ သူမသိနေသည်။

“အခု နေ့လည်၂နာရီထိုးပြီဆိုတော့၊ လောင်းကြေးအရင်စထည့်လိုက်ကြရအောင်!” ဟဲဟုန်ကျဲ့က ထိုနှစ်ယောက်ကြားမှ အငြင်းပွားမှုကို ကြားဖြတ်လိုက်သည်။ အခုချိန်မှာ ထိုသို့သောခေါင်းစဉ်ဖြင့် အငြင်းပွားနေလို့လဲ အဓိပ္ပါယ်မရှိပေ။

ဟဲဟုန်ယွမ်လဲ စကားစကိုဖြတ်လိုက်သည်။ တစ်ဖက် ဘာသက်သေမှမရှာတွေ့ပါဘူးလို့ သူယုံကြည်ချက်ရှိနေသော်လည်း ထိုအကြောင်း ဆက်ပြီးအကျယ်ချဲ့ဖို့ကိုတော့ မလုပ်ချင်ပေ။

“ဟဲမိသားစုရဲ့အနာဂါတ်အတွက်ဆိုမှတော့ ငွေများများလောင်းသင့်တယ်လို့ထင်တယ်။ နည်းနည်းလေးသာဆို အရမ်းပျင်းဖို့ကောင်းမှာလေ။ မင်းရောဘယ်လိုထင်လဲ၊ မိန်းကလေးထန်?” ဖန်းကျီဟောက်က လက်ဦးမှုယူချင်နေသည်။

သူက မိန်းမတွေကိုအထင်သေးတာကြောင့် ကုနင်းသူ့ကိုအနိုင်ယူနိုင်မယ်လို့လဲ လုံးဝမတွေးပေ။

ကုနင်းက ဟဲဟုန်ကျဲ့ဖိတ်ထားသူဖြစ်နေလျှင်တောင်မှ သူကတော့ မိန်းမတစ်ယောက်ကို မရှုံးနိုင်ဟု ယုံကြည်နေစဲဖြစ်သည်။ တကယ်ကို မာနထောင်လွှားလွန်းသည့်လူပင်။

“မရစရာလား! ဘယ်လောက်လောင်းချင်လဲ? ပမာဏသာပြောလိုက်။” ကုနင်း၏အသံက ဖန်းကျီဟောက်ထက်တောင် ပိုလို့မောက်မာနေသေးသည်။

ကုနင်း၏လေသံကြောင့် ဖန်းကျီဟောက် ဒေါသထွက်သွားကာ၊ “ကောင်းတာပေါ့၊ ငါတို့တစ်လှည့်ကို ယွမ်၁၀သန်းလောင်းကြရင်ကော?”

ဖန်းကျီဟောက်က ကုနင်းသူ့ကိုဒေါသထွက်အောင်လုပ်၍တင်မကဘဲ ဒီကနေ့ပွဲက သူ့ငွေသူသုံးမှာဖြစ်တာကြောင့် လောင်းကြေးမြှင့်ထားခြင်းဖြစ်သည်။ သူနိုင်မည်ဟု ယုံကြည်နေတာကြောင့် ငွေများများပိုရအောင်လုပ်နေခြင်းဖြစ်သည်။

ပမာဏကိုကြားလိုက်ကြသည်နှင့် လူတိုင်းအံ့ဩသွားကြတော့သည်။ တစ်လှည့်ကို ယွမ်၁၀သန်း၊ ဆတိုးတွေသာပါလိုက်ရင် ယွမ်သန်း၁၀၀တောင်ကျော်သွားနိုင်သည်။

“ရတာပေါ့!” ယွမ်၁၀သန်းလောက်က သူမအတွက်ဘာမှမဟုတ်သလို အေးအေးလူလူပြန်ဖြေလိုက်သည်။

သို့သော်လည်း ဖန်းကျီဟောက်ကတော့ မကျေနပ်ပေ။ တစ်နည်းတစ်ဖုံနှင့် ကုနင်းအတွက် ယွမ်၁၀သန်းဆိုတာ နည်းနည်းလေးလို့ သူခံစားနေမိတာကြောင့် စိတ်လိုက်မာန်ပါ လောင်းကြေးကိုမြှင့်ပစ်ချင်လာသည်။

ဘာပဲဖြစ်ဖြစ် ယွမ်၁၀သန်းဆိုတာ တကယ်ကိုများပြီး နောက်ကစားပွဲများနှင့်ဆိုလျှင် ပိုလို့များလာပေဦးမည်။

သူရှုံးမည်ဟု မထင်ထားသော်လည်း ဂရုတော့စိုက်ထားသင့်သည်။

***

အခန်း ၈၇၈ သရေမဟုတ်ရင် ကုနင်းနိုင်

ကုနင်းရော ဖန်းကျီဟောက်ပါ ယွမ်သန်း၅၀၀ဖိုး တိုကင်ပြား၅၀လဲလိုက်ကြသည်။ တိုက်ကင်တစ်ပြားစီ၏မျက်နှာပြင်တွင် ယွမ်၁၀သန်းဆိုသည့် တန်ကြေးရေးထားပေသည်။

တိုကင်ပြားများရသည်နှင့် ကစားပွဲကိုစတင်လိုက်ကြသည်။

ဒိုင်က အံစာခွက်ကိုမြှောက်ကာ နှစ်ဖက်ကစားသူများကို အရင်ဆုံးစစ်ဆေးစေသည်။ အံစာခွက်မှာ ဘာမှမလုပ်ထားကြောင်း သက်သေမပြပြီးခင်အထိ ကစားပွဲမစခဲ့ပေ။

အံစာများ အံစာခွက်ထဲလဲသွားသည်နှင့် ဖန်းကျီဟောက်က အသံကိုအာရုံစိုက်နားထောင်က ကုနင်းကတော့ အေးအေးလူလူထိုင်နေခဲ့သည်။ သူမပုံစံက အံစာခွက်ကို လုံးဝတောင်အာရုံမရှိပုံရသည်။

ထိုမြင်ကွင်းကြောင့် လင်ရှောင်းထင်၊ ကောင်းယိ၊ ချောင်ယနှင့် ဟဲစစ်ရင်တို့မှလွဲပြီး အားလုံးက ကုနင်း၏အပြုအမူအပေါ် သံသယဝင်လာကြတော့သည်။ ဟဲဟုန်ကျဲ့သည်လဲ အခုကုနင်းဘာတွေလုပ်နေမှန်း နားမည်တော့ပေ။ သို့သော်လည်း ဟဲစစ်ရင်၏ရွေးချယ်မှုကို ယုံကြည်နေတုန်းပင်။

ဟဲစစ်ရင်က ကုနင်း သူတို့ကိုကူညီနိုင်မည်ဟု ယုံကြည်နေမှတော့ ကုနင်း ကူညီပေးပေလိမ့်မည်။

ကျိုးကျန်းဟွေ့ကတော့ ထိုအမျိုးသမီးက ကုနင်းမှန်းမသိနေပေ။ သူသာ သိနေလို့ကတော့ ဟဲဟုန်ယွမ် ခွက်ခွက်လန်အောင်ရှုံးတော့မည်မှန်း ယုံကြည်နေလောက်ပေပြီ။

ဟဲဟုန်ယွမ်သည်လဲ ကုနင်းအကြောင်း ကျိုးကျန်းဟွေ့ထံမှ ကြားထားသည်။ သူမ၏လောင်းကစားစွမ်းရည်ကြောင့် သူအံ့ဩခဲ့သော်လည်း ဖန်းကျီဟောက်ထံသို့ ဖိတ်ကြားလွှာပို့ထားပြီးဖြစ်တာကြောင့် လူလဲဖို့မသင့်တော်တော့ပေ။

ထို့အပြင် ကုနင်းနှင့်ယှဉ်လျှင် HKမှာနာမည်ကြီးသည့် ဖန်းကျီဟောက်ကိုသာ ဟဲဟုန်ယွမ် ပိုရွေးချယ်လိုသည်။

သို့သော်လည်း ကုနင်းကို သူမရွေးခဲ့လျှင်တောင်မှ ဟဲစစ်ရင် သူမကိုဖိတ်ကြားမည်ကိုလဲ ခွင့်မပြုထားနိုင်၍ ဟဲစစ်ရင်ကို မျက်စိဒေါက်ထောက် လိုက်ကြည့်ခဲ့သော်လည်း ဘာမှထူးခြားတာမတွေ့ခဲ့ပေ။

သူဘာလို့ ကုနင်းကို မစောင့်ကြည့်ရတာလဲ?

ဟဲဟုန်ယွမ်သည် HKတွင်အာဏာရှိသော်လည်း တခြားမြို့များတွင်တော့ မရှိပေ၊ ထို့အပြင် ကုနင်းက ကီရင်းဂိုဏ်းနှင့်လဲ ရင်းနှီးတာကြောင့် သူ့အပြုအမူများကို ကန့်သတ်ထားရသည်။

သူ့မှာအခုဆို ထျန်းတိဟွေ့၏ထောက်ခံမှုရှိနေသော်လည်း သူတို့ဘက်က တကယ့်အကူအညီရဖို့ရန်အတွက် ယနေ့ပွဲကိုနိုင်မှဖြစ်ပေမည်။

ထို့ကြောင့် အခု ကုနင်းHKကိုရောက်နေသည်အား သူမသိသလို ကျိုးကျန်းဟွေ့က ဒီနေ့ပြိုင်ပွဲကို ဟဲဟုန်ကျဲ့ကိုယ်တိုင်ကစားမည်ဟု ပြောထားတာကြောင့် ဟဲဟုန်ကျဲ့ကိုလဲ အာရုံမစိုက်ခဲ့ပေ။

အမှန်တကယ်တော့ သူအမှန်တရားကိုသိနေရင်တောင်မှ ကုနင်း ဟဲဟုန်ကျဲ့ကိုကူညီမည်အား တားဖို့အရည်အချင်းမရှိပေ။

အံစာခွက် စားပွဲပေါ်သို့ပြန်ကျသည်နှင့် လောင်းကြေးစထပ်တော့သည်။

ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် တစ်ယောက်ရွေးချယ်မှုတစ်ယောက် မြင်နိုင်နေတာကြောင့် လောင်းကြေးတစ်ခုတည်းကို အတူတူလောင်းမိမည့်အချက်က ရှောင်လွှဲလို့မရနိုင်ပေ။ ဒါကြောင့် သူတို့ရဲ့ရွေးချယ်မှုများကို တစ်ပြိုင်တည်းမထုတ်ပြခင် အရင်ဆုံးဘုတ်အလွတ်တစ်ခုပေါ်တွင် ရေးထားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဖန်းကျီဟောက်က ယုံကြည်ချက်ရှိရှိပဲ သူ့ရွေးချယ်မှုကို ဘုတ်အလွတ်ပေါ်တွင် ရေးလိုက်သည်။

တစ်ဖက်တွင်တော့ ကုနင်းက ကျောက်စိမ်းမျက်ဝန်းကိုသံဒးကာ အံစာခွက်ထဲမှ အံစာတုံးနံပါတ်တွေကိုကြည့်လိုက်ပြီးကာမှ အဖြေကိုချရေးလိုက်သည်။ သူမပုံစံက ပြိုင်ပွဲကိုအာရုံတအားမစိုက်ဘဲ လွယ်ကူစွာကစားနေပုံပေါက်သည်။

အခုဆို ဟဲဟုန်ကျဲ့နဲ့ ဟဲရီရှောက်တောင်မှ အနည်းငယ်စိုးရိမ်လာတော့သည်။

ဟဲဟုန်ယွမ်နှင့်ဖန်းကျီဟောက်သည်တော့ ကုနင်းကို အထင်သေးဟန်အပြည့် ဖော်ပြထားကြသည်။ ထိုနှစ်ဦးမှာ လွန်စွာမောက်မာနေကြတာကြောင့် ကုနင်း သူတို့ကိုအလွယ်လေးအနိုင်ယူမည်ကို ခေါင်းထဲပင်မထည့်မိကြပေ။

နှစ်ဖက်လုံးက သူတို့ရွေးချယ်မှုများကို ချရေးပြီးသည်နှင့် သူတို့ဘုတ်များကို တစ်ဖက်စီမျက်နှာချင်းဆိုင်လှည့်လိုက်သည်။

ဖန်းကျီဟောက်၏ စုစုပေါင်း၁၃ကို လောင်းထားသည်။

ကုနင်းကတော့ ၂၊ ၅ နှင့် ၆ဆိုကာ ဂဏန်းအတိအကျကိုလောင်းထားသည်။

ကုနင်း၏ဘုတ်ကိုမြင်တော့ ဖန်းကျီဟောက်နှင့်အခြားလူများ မျက်မှောင်ကြုတ်သွားကြတော့သည်။

နှစ်ဖက်လုံးက ၁၃ကိုလောင်းသည်ဆိုသော်လည်း ဖန်းကျီဟောက်က ဂဏန်းအတိအကျကို မပြောနိုင်ခဲ့ပေ။ စုစုပေါင်းတန်ဖိုး ၁၃နှင့် ဂဏန်းအတိအကျလဲ ၂၊ ၅ နှင့် ၆ဖြစ်နေလျှင် ကုနင်းနိုင်လိမ့်မည်။

စုစုပေါင်းတန်ဖိုးက ၄ သို့မဟုတ် ၁၇ ဖြစ်လျှင် ဆတိုး ၅၀-၁။

စုစုပေါင်းတန်ဖိုးက ၅ သို့မဟုတ် ၁၆ ဖြစ်လျှင် ဆတိုး ၁၈-၁။

စုစုပေါင်းတန်ဖိုးက ၆ သို့မဟုတ် ၁၅ ဖြစ်လျှင် ဆတိုး ၁၄-၁။

စုစုပေါင်းတန်ဖိုးက ၇ သို့မဟုတ် ၁၄ ဖြစ်လျှင် ဆတိုး ၁၂-၁။

စုစုပေါင်းတန်ဖိုးက ၈ သို့မဟုတ် ၁၃ ဖြစ်လျှင် ဆတိုး ၈-၁။

စုစုပေါင်းတန်ဖိုးက ၉၊ ၁၀၊ ၁၁ သို့မဟုတ် ၁၂ ဖြစ်လျှင် ဆတိုး ၆-၁။

ကုနင်းရော ဖန်းကျီဟောက်ပါ ၁၃ကိုလောင်းထားတာကြောင့် ဆတိုး ၈-၁ဖြစ်သည်။ အံစာခွက်ထဲတွင် တကယ်ပဲ၁၃ဖြစ်နေလျှင် နှစ်ဖက်သရေကျသွားပေမည်။

သို့သော်လည်း ကုနင်းက ဂဏန်းအတိအကျပြောထားတာကြောင့် ဆတိုးနှစ်ဆအထိတက်သွားမည်ဖြစ်ကာ ၁၆-၁ဖြစ်သွားသည်။

ဒါကြောင့် ဖန်းကျီဟောက်နှင့် ကုနင်း စုစုပေါင်းရလဒ်မှန်နေရင်တောင် ဖန်းကျီဟောက်ဘက်က ကုနင်းကို ယွမ်သန်း၈၀ပေးရဦးမှာပင်။

ဆန့်ကျင်ဘက်အနေနှင့် ကုနင်း၏ ဂဏန်းအတိအကျပြောထားမှုကသာ မှားသွားလျှင် ဆတိုးက တစ်ဝက်ပဲတက်ကာ ကုနင်းက ဖန်းကျီဟောက်ကို ယွမ်သန်း၄၀ပေးရမည်ဖြစ်သည်။

လူများစွာက အံစာခွက်ထဲတွင် စုစုပေါင်းတန်ဖိုး၁၃ဖြစ်နိုင်ချေများသည်ဟု တွေးမိကြပေမည့် ဂဏန်းအတိအကျကိုတော့ ဘယ်သူမှမသိကြပေ။

ထို့နောက် ဒိုင်က အံစာခွက်ကိုဖွင့်လိုက်ကာ ၂၊ ၅ နှင့် ၆ဆိုသည့် ဂဏန်းများပေါ်လာခဲ့သည်။

ထို့ကြောင့် ကုနင်းနိုင်သွားကာ အားလုံးလဲ ထိတ်လန့်အံ့ဩသွားကြတော့သည်။

ဟဲစစ်ရင်သည် ကုနင်းကိုယုံကြည်ထားသော်လည်း ယနေ့ပြိုင်ပွဲက အလွန်အရေးကြီးတာကြောင့် စိုးရိမ်နေမိတုန်းပင်။ ကုနင်းပထမအလှည့်နိုင်သွားမှသာလျှင် သူမစိတ်အေးနိုင်တော့သည်။

ကုနင်းကို သံသယရှိနေသည့်ဟဲဟုန်ကျဲ့နှင့်အခြားလူများသည်လဲ အခုဆိုစိတ်အေးသွားကြပေပြီ။

ဟဲဟုန်ယွမ်ကတော့ ရလဒ်ကြောင့် သေချာပေါက်ဒေါသထွက်နေတော့သည်။

သူတို့ဘယ်လောက်ပဲ အံ့ဩနေကြပါစေ ကုနင်းကတော့ ပုံမှန်အတိုင်းအေးအေးဆေးဆေးပင် ရှိနေသေးကာ ရလဒ်ကို သူမသေချာပေါက် သိပြီးထားသလိုပင်။

ပထမအလှည့်ပြီးသွားသည့်နောက် ဟဲဟုန်ယွမ်နှင့်ဖန်းကျီဟောက်လဲ ကုနင်းကိုလျှော့မတွက်ကြတော့ပေ။

မကြာခင်တွင်ပဲ ဒုတိယအလှည့်စတင်တော့သည်။

ဤတစ်ကြိမ်တွင်တော့ ဖန်းကျီဟောက်က ‘အားလုံး’ဆိုသည့် ၅၊ ၅၊ ၅ ကိုလောင်းသည်။

ကုနင်းလဲ အတူတူပင်လောင်းခဲ့သည်။

ဒုတိယအလှည့်ကတော့ သရေကျသွားခဲ့လေသည်။

ပထမနှစ်လည့်ပြီးသည့်နောက် လူများစွာက ကုနင်းသည် ကျွမ်းကျင်သည့်လောင်းကစားသမားတစ်ယောက်မှန်း ယုံကြည်သွားကြကာ သူမ၏နောက်ဆက်လာမည် ဖျော်ဖြေမှုအပေါ် မျှော်လင့်နေကြတော့သည်။

တတိယအလှည်တွင်လဲ သရေပင်ကျကာ စတုတ္ထအလှည့်မှာတော့ ကုနင်းနိုင်သည်။

ကုနင်းက အကြိမ်တိုင်း စုစုပေါင်းတန်ဖိုးနှင့် ဂဏန်းအတိအကျကိုလောင်းကာ ဆတိုင်းအမြင့်ဆုံးအခြေအနေဖြစ်သွားစေသည်။

အစပိုင်းမှာတော့ ကုနင်းဘာလုပ်နေလဲ လူတွေမသိကြသော်လည်း မကြာခင်မှာပဲ ကုနင်း၏အစီအစဉ်ကိုသိသွားကြတော့သည်။ သူမက အံစာခွက်ကိုဖောက်ထွင်းမြင်နိုင်သလိုလုပ်နေတာပဲ ပြီးတော့ တစ်ခေါက်မှလဲ မရှုံးဘူး!

ဟဲဟုန်ယွမ်နှင့်ဖန်းကျီဟောက်မှာ ကုနင်း ကစားပွဲကို လိမ်လည်ကစားနေသလားဆိုသည်အား သံသယဝင်လာကြပေမည့် သက်သေရှာမတွေ့ကြပေ။

တကယ်ဆို Mမြို့မှ လောင်းကစားဘုရင်တောင်မှ အကြိမ်တိုင်းဆက်တိုက်အနိုင်မရနိုင်ပေ။

ကုနင်းကတော့ ဘယ်သူမှမလုပ်နိုင်သည့်အရာများကိုလုပ်ပြနေခဲ့သည်။

ခဏအကြာမှာတော့ ဟဲဟုန်ယွမ်နှင့်ဖန်းကျီဟောက်တို့ ထိတ်လန့်လာကြကာ သူတို့၏ပိုင်းခြားနိုင်စွမ်းရည်ကိုပင် သက်ရောက်မှုရှိလာတော့သည်။

***

အပိုင်း ၈၇၉ သူလိမ်ကစားနေတာလား?

ကျိုးကျန်းဟွေ့မှာ ထိုအခိုက်အတန့်လေးမှာ ကုနင်းအကြောင်းတွေးမိသွားသည်။ အရင်တုန်းက ကုနင်းလဲ “ထန်အိုက်နင်း”လိုမျိုး လုပ်ပြခဲ့ဖူးပေသည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြားမှာ ဆက်စပ်မှုကို မတွေ့ရှိသေးတာကြောင့် တကယ်တော့ “ထန်အိုက်နင်း”က ကုနင်းဖြစ်မှန်း မသိသေးပေ။

ဘာတွေဖြစ်ကုန်တာလဲ? ရုတ်တရက်ကြီး အမျိုးသမီးလောင်းကစားသမားတွေမှာ ဘာလို့ အရည်အချင်းတွေရှိကုန်ကြတာလဲ?

၅လှည့်မြောက်နှင့် ၆လှည့်မြောက်တွင် ကုနင်းနိုင်သွားခဲ့သည်။

ဖန်းကျီဟောက်သည်တော့ တစ်ကြိမ်ပြီးတစ်ကြိမ် ဂဏန်းအတိအကျပြောရာမှာ မှားယွင်းခဲ့သည်။

၆ချီမြောက်ပြီးသွားချိန်မှာတော့ ဖန်းကျီဟောက်က ခန့်မှန်းမှုလေးကြိမ်မှန်ခဲ့ကာ လောင်းကစားလောကတွင်တော့ အလွန်ကောင်းသည့်ရလဒ်ဖြစ်သော်လည်း သူ့ပြိုင်ဘက်က ကုနင်းဖြစ်လို့နေသည်။ ဒါကြောင့် သူနိုင်ဖို့က ဖြစ်နိုင်ချေမရှိပေ။

ဤတစ်ကြိမှာတော့ ကုနင်း “အားလုံး”ကို လောင်းလိုက်သည်။

“အားလုံး”ဆတိုးမှာ ၂၄-၁ဖြစ်တာကြောင့် ပြောရလျှင် တစ်ပွဲတည်းနှင့် ဖန်းကျီဟောက်ဘက်က ကုနင်းကို ယွမ်သန်း၂၄၀ပေးရမည်ဖြစ်သည်။

ဖန်းကျီဟောက် ဘယ်လိုမှဆက်ပြီးသည်းမခံနိုင်တော့ဘဲ စားပွဲခုံကိုရိုက်ချလိုက်တော့သည်။ ထို့နောက် ကုနင်းကို‌ ဒေါသတကြီးမြိုချပစ်တော့မလိုပုံစံဖြင့် စိုက်ကြည့်လိုက်ကာ၊ “မင်းဘယ်လိုလုပ် အကြိမ်တိုင်း ဂဏန်းအတိအကျတွေချည်းပဲ ပြောနိုင်နေရတာလဲ? သာမာန်လူတွေကတော့ ဒီလိုဘယ်လိုမှမလုပ်နိုင်ဘူး။ မင်းလိမ်ကစားနေတာပဲဖြစ်ရမယ်! လုံးဝမတရားဘူး!”

ကုနင်း လိမ်ကစားနေသည်ဟု ဖန်းကျီဟောက်ယုံကြည်နေသည်။ မဟုတ်ပါက ဘယ်လိုလုပ် အကြိမ်တိုင်းအတိအကျမှန်နိုင်နေမတဲ့လဲ။

“ဟုတ်တယ်၊ မင်းလိမ်ကစားနေတာပဲဖြစ်မယ်!” ဟဲဟုန်ယွမ်ကလဲ ဖန်းကျီဟောက်ဘက်မှဝင်ထောက်ခံလိုက်သည်။

ကုနင်းသာ ဒီပုံစံအတိုင်းဆက်ပြီးနိုင်နေမယ်ဆိုလျှင် သူတို့ဘက် ဖွတ်ဖွတ်ကျေအောင်ရှုံးပေတော့မည်။

ဒီနေ့ကစားပွဲမှာ ဟဲဟုန်ယွမ်သာရှုံးသွားလျှင် သူ့မှာရှိသမျှအောင်နိုင်မှုတွေအကုန် ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ဟဲမိသားစုက သူ့ကိုလွယ်လွယ်အလွတ်မပေးမှာ သေချာသလို ထျန်းတိဟွေ့ကလဲ သူ့ကိုစွန့်ပစ်ပေလိမ့်မည်။

ထျန်းတိဟွေ့၏အကာအကွယ်သာမရှိလျှင် ဟဲဟုန်ကျဲ့အနေနဲ့ သူ့ကိုသတ်ဖြစ်ဖို့ အလွယ်လေးဖြစ်မှာ ပြေးကြည့်စရာပင်မလိုပေ။

တကယ်တမ်း ဖန်းကျီဟောက်နှင့် ဟဲဟုန်ယွမ်တင်မကဘဲ တခြားလူများလဲ ထိုသို့တွေးမိပေမည့် ထုတ်မပြောခြင်းသာဖြစ်သည်။

“စိတ်ဝင်စားစရာပဲ! ရှင်တို့ဘက်က မနိုင်တာနဲ့ ကျွန်မတို့က လိမ်ကစားတယ်ဖြစ်ရောလား။ ရှင်တို့မှာ သက်သေရှိရင်ပြစမ်းပါဦး!” ဟဲစစ်ရင်က ဝင်ပြောလိုက်သည်။

ကုနင်း၏အပြုအမူက လူအများ၏သံသယကို ပိုမြင့်မားလာစေသော်လည်း သူမ ကစားပွဲမှာ လုံးဝလိမ်မကစားခဲ့ပေ!

“သက်သေရှိရင် ထုတ်ပြလိုက်လေ။ ငါ့အထင်တော့ မိန်းကလေးထန်လုပ်နေတာထဲမှာ အမှားလုံးဝမပါဘူး။”

“ဟုတ်သားပဲ၊ မိန်းကလေးထန်၏ စစ်ပေါ်မှာ မယုံနိုင်လောက်အောင် စွမ်းဆောင်နေတယ်ဆိုပေမယ့် အားလုံးရဲ့မျက်စိရှေ့မှာပဲ ကစားပြနေတာလေ။”

………….

လူများစွာကလဲ ကုနင်းဘက်က ခုခံပြောဆိုပေးကြသည်။

“သခင်ဟုန်ယွမ်၊ ဒီနေ့ပြိုင်ပွဲရဲ့ ရလဒ်ကို ခင်ဗျားဘက်က လက်မခံရဲရုံများလား?” ဟဲရီရှောက်ကလဲ ကုနင်းဘက်က ထောက်ခံပေးသည်။

“ထန်အိုက်နင်း”ဆိုတာ တကယ်ကိုထူးချွန်တဲ့လောင်းကစားသမားပဲ။

လောင်းကစားဘုရင်တောင်မှ ကုနင်းလောက် လောင်းကစားစွမ်းရည်ကောင်းလိမ့်မည်မဟုတ်ပေ။

ဟဲဟုန်ကျဲ့ပင်လျှင် သူ့ထက် ကုနင်းကတောင်မှ လောင်းကစားဘုရင်ဘွဲ့ရဖို့ အရည်အချင်းပိုပြည့်မှီသည်ဟု ထင်မိသည်။ ယနေ့ ကုနင်းနိုင်နေတာကြောင့် သူပျော်ရွှင်နေသော်လည်း ဟဲရှီယန်၏အခြေအနေကိုပြန်စဉ်းစားမိသည်နှင့် စိုးရိမ်ပူပန်လာရသည်။

“မင်းတို့တွေ…”

ဟဲဟုန်ယွမ်နှင့်ဖန်းကျီဟောက်တို့နှစ်ယောက်လုံး သူတို့မှာ ဘာသက်သေမှမရှိတာကြောင့် ပြန်မပြောနိုင်ကြတော့ပေ။ ဒီအမျိုးသမီး စစ်ပေါ်ကစားနည်းမှာ အရမ်းတော်လွန်းသည်ဟု သူတို့ဘာသာမယုံနိုင်နေတာဖြစ်သည်။

သို့သော်လည်း သူတို့လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ အမှန်တရားဖြစ်လို့နေသည်။

ဒါ့အပြင် ဟဲဟုန်ယွမ်က ယနေ့ပြိုင်ပွဲမှာ တကယ်ကိုရှုံးသွား၍မဖြစ်တာတောင် လူအများရှေ့မှာတော့ ဝန်မခံပေ။

“ကစားပွဲကို ဆက်ဦးမှာလား မဆက်တော့ဘူးလား? မဆက်ရင်တော့ ရှင်တို့ဘက်က အရှုံးနော်။” ကုနင်းစိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်တော့သည်။

“ဆက်သွားမယ်!” ဟဲဟုန်ယွမ်ချက်ချင်းပြန်ဖြေလိုက်သည်။

အရှုံးပေးလို့ဖို့ကတော့ မဖြစ်နိုင်ပေ။

“ဒီတစ်ခေါက် ငါမင်းနဲ့ကစားမယ်။” ဟဲဟုန်ယွမ်က ပြောလိုက်သည်။ သူ ဖန်းကျီဟောက်ကို မယုံတာမဟုတ်ဘဲ ဖန်းကျီဟောက်အပေါ်တွင်သာ သူ့အနာဂါတ်ကြီးတစ်ခုလုံးကို ပုံအပ်မထားလိုခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဖန်းကျီဟောက်၏အမြင်တွင်တော့ ဟဲဟုန်ယွမ်၏အပြုအမူက သူ့အရည်အချင်းကိုသံသယဝင်လိုက်သည့် သဘောသာသက်ရောက်သည်။ ဖန်းကျီဟောက် မကျေနပ်သော်လည်း သူကိုယ်တိုင်လဲ တစ်ပွဲမှမနိုင်သေးတာကြောင့် ဘာမှပြန်မပြောတော့ပေ။

ဟဲဟုန်ယွမ်က ကိုယ်တိုင်ဝင်ကစားမည်ဆိုမှတော့ သူတို့ကုနင်းကိုရှုံးမည့် တိုကင်ပြားများကို သူ့ဘာသာသာ ပေးရပေမည်။

ဖန်းကျီဟောက်အနေနဲ့ ချက်ချင်းကြီး သူ့တိုကင်ပြားများကို သိမ်းပစ်ဖို့က မသင့်တော်တာကြောင့် ဟဲဟုန်ယွမ်ရှုံးခဲ့လျှင် ပြန်တောင်းရအောင် တိုကင်ပြားအရေအတွက်ကိုသာ မှတ်ထားလိုက်သည်။

လောင်းကြေးက တစ်လှည့်ကို ယွမ်၁၀သန်းသာဆိုသော်လည်း အားလုံးပေါင်းလိုက်ချိန်တွင် အလွန်များသွားသည်။

ထို့အပြင် ၆ချီကစားပြီး၌ ဖန်းကျီဟောက်မှာ သူတို့ဆက်ရှုံးဖို့များသည်ကို လက်ခံသွားပြီဖြစ်သည်။

ဖန်းကျီဟောက်မှာ ယခုလိုတစ်ကြိမ်တစ်ခါမှ ခွက်ခွက်လန်အောင်မရှုံးဖူးတာကြောင့် လွန်စွာ ဝမ်းနည်းကြေကွဲလို့နေတော့သည်။ သူဆိုသည်မှာ သူ့ဆရာဖြစ်သည့် လောင်းကစားဘုရင်ကို စိန်ခေါ်ကာ ၂ပွဲ ၃ပွဲလောက်အထိ နိုင်ခဲ့သေးသည်။

ဒီမိန်းမရှေ့ရောက်မှဘဲ သူတစ်ကြိမ်လေးတောင် မနိုင်တော့ခြင်းဖြစ်သည်။

အခုဆို သူယွမ်သန်း၃၈၀ဆုံးရှုံးသွားပြီဖြစ်ကာ ဟဲဟုန်ယွမ်သူ့ကို ကမ်းလှမ်းထားသည့် ဝန်ဆောင်ခထက်ပင် များစွာပိုမြင့်နေပြီဖြစ်သည်။

ဖန်းကျီဟောက်နေရာတွင် ဟဲဟုန်ယွမ်အစားဝင်လိုက်သော်လည်း ကုနင်းကတော့ ဆက်ရှိနေသေးတာကြောင့် ရလဒ်ကလဲ အတူတူပင်။ သရေဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ ကုနင်းသာနိုင်ပေမည်။ ကုနင်း၏ရွေးချယ်မှုများက တစ်ကြိမ်မှမမှားခဲ့ပေ။

ဟဲဟုန်ယွမ်၏စိတ်အခြေအနေမှာ ဆိုးရွားလွန်းနေပြီဖြစ်ကာ အံစာခေါက်သံကိုနားထောင်ဖို့ပင် စိတ်ကိုငြိမ်အောင်မထားနိုင်တော့တာကြောင့် သူမှန်ပါ့မလားကိုပင် သေချာမပြောနိုင်တော့ပေ။

နောက်တစ်လှည့်မှာတော့ ဟဲဟုန်ယွမ်က ဘုတ်ပေါ်တွင် ၂၊ ၅ နှင့် ၅ကိုရေးလိုက်သည်။

သို့သော်လည်း ကုနင်းကတော့ ၂၊ ၅ နှင့် ၆ကိုရေးလိုက်သည်။

အံစာခွက်ဖွင့်လိုက်ချိန်တွင်တော့ ၂၊ ၅ နှင့် ၆ ဂဏန်းများပေါ်လာခဲ့သည်။

စုစုပေါင်းတန်ဖိုးက ၁၃ဖြစ်တာကြောင့် ဆတိုး ၈-၁ရသည်။

ကုနင်းက ဂဏန်းအတိအကျကိုပါ ရေးခဲ့တာကြောင့် ဆတိုး ၁၆-၁ဖြစ်လာကာ ဟဲဟုန်ယွမ်ဘက်က ယွမ်သန်း၁၆၀ပေးရပေမည်။

ဟဲဟုန်ယွမ်တစ်ယောက် သူ့ထိုင်ခုံပေါ် ပျော့ခွေကျသွားကာ ရလဒ်ကိုလက်မခံနိုင်ဖြစ်နေတော့သည်။

ဖန်းကျီဟောက်က သူ့အတွက် ချန်ခဲ့သည့် တိုကင်ပြားများက အခုဆို ယွမ်သန်း၁၂၀ဖိုးသာ ကျန်တော့တာကြောင့် မလောက်တော့ပေ။

***

အခန်း ၈၈၀ အကြွေစေ့စက်ကစားကြရအောင်လား?

ဟဲဟုန်ယွမ်လဲ သူ့အတွက် နောက်ထပ် ယွမ်သန်း၅၀၀ဖိုး တိုကင်ပြားလဲပေးဖို့ရန် ဟဲယီရှီကိုပြောလိုက်သည်။

ဟဲယီရှီ တိုကင်ပြားများရကာပြန်လာသည်နှင့် ဟဲဟုန်ယွမ်က ကုနင်းကို ယွမ်သန်း၁၆၀တန်ဖိုးရှိသည့် တိုကင်၁၆ခုပေးလိုက်ရသည်။

လူတိုင်းသည်လဲ ကုနင်း၏လောင်းကစားစွမ်းရည်ကြောင့် အံ့အားသင့်လို့နေကြသည်။ အချိန်တိုလေးအတွင်းမှာပဲ သူမယွမ်သန်း၅၄၀တောင်ရသွားပေပြီ! “ထန်အိုက်နင်း”အတွက် ငွေရှာရတာ ဒီလောက်တောင်လွယ်တာလား!

အခုဆို ဟုန်ယွဲ့ဟွမ်၏ခံစားချက်များလဲ ရှုပ်ထွေးလို့နေပေပြီ။ ကြည့်ရတာ ဟဲမိသားစုဘက်က နိုင်တော့မည့်ပုံပင်၊ ဒီလိုဆို သူ့အဖေလဲ လူကိုယ်တိုင် ဟဲဟုန်ကျဲ့ကို တောင်းပန်ရပေမည်။

ဟဲမိသားစုသည် သူတို့နှင့်ပူးပေါင်းမှုကို အဆုံးသတ်လိုက်ပါက ထျန်းတိဟွေ့အတွက် ဆုံးရှုံးမှုသာဖြစ်မည်။

သို့သော်လည်း ဟဲဟုန်ကျဲ့၏အကြားစွမ်းရည်ကသာ ပြန်မကောင်းလာဘဲ ဟဲရှီယန်ကလဲ ဆက်ပြောက်နေရင် ဟဲမိသားစုလဲ ကပ်ဘေးဆိုက်နေဦးမှာပင်။

ထျန်းတိဟွေ့က ဟဲဟုန်ယွမ်ကိုကူညီဖို့သဘောတူထားလျှင်တောင်မှ ဟဲရှီယန်ပျောက်ဆုံးမှုနှင့်ပတ်သတ်ပြီး သူတို့ဘာမှမသိသလို ပါဝင်လိုခြင်းလဲမရှိပေ။

“ဆက်သွားမယ်!” ဟဲဟုန်ယွမ်က ရလဒ်ကိုလက်မခံနိုင်သေးဘဲ သူ့ငွေများပြန်ရဖို့ စိတ်လောနေသည်။

ထို့ကြောင့် အံစာခွက်ထဲမှ အံစာတုံးများလိမ့်သံကို အာရုံစိုက်ကာ နားထောင်တော့သည်။

ဟဲဟုန်ယွမ်ဘက်က ၂၊ ၃ နှင့် ၃ကို လောင်းလိုက်သည်။

ကုနင်းလဲပဲ ၂၊ ၃ နှင့် ၃ကိုသာ လောင်းလိုက်သည်။

ဤတစ်ကြိမ်မှာတော့ နှစ်ဖက်လုံးမှန်သွားတာကြောင့် သရေဖြစ်သွားကာ ဟဲဟုန်ယွမ်လဲ အနည်းငယ်စိတ်သက်သာရာရသွားတော့သည်။

ဘာပဲဖြစ်ဖြစ် သရေဖြစ်သွားလို့လဲ မထူးခြားသွားပေ။ သူမနိုင်မှတော့ ရှုံးသွားတာနဲ့အတူတူသာဖြစ်သည်။

၉ချီမြောက်မှာတော့ ဟဲဟုန်ယွမ်များစွာဆုံးရှုံးလို့သွားသည်။

စုစုပေါင်းတန်ဖိုး ၁၆ဖြစ်တာကြောင့် ဆတိုး၁၈-၁၊ ကုနင်းက စုစုပေါင်းတန်ဖိုးအပြင် ဂဏန်းအတိအကျပါ မှန်တာကြောင့် ဆတိုး ၃၆-၁ဖြစ်သွားသည်။ ထို့ကြောင့် ဟဲဟုန်ယွမ်က ယွမ်သန်း ၃၆၀လျော်ရပေသည်။

လူတိုင်း ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။

ဘုရားရေ! တစ်ချီတည်းနဲ့ ယွမ်သန်း၃၆၀တောင်နိုင်သွားတာလား!

အခုဆို ကုနင်းတွင် စုစုပေါင်း ယွမ်သန်း၉၀၀ရှိသွားပေပြီ။

လူတိုင်း သူမကိုမနာလိုအားကျဖြစ်နေတော့သည်။

ဟဲဟုန်ယွမ်မှာ ထိုမျှဆိုးရွားလှသည့်ရလဒ်ကြီးကို လက်မခံနိုင်တာကြောင့် ရုတ်တရက်ဆိုသလို သွေးတပွက်အန်ထုတ်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် သူ့အနားမှလူများ ကြောက်လန့်သွားကြရသည်။

“အဖေ!” ဟဲယီရှီ အမြန်ပြေးကာ ဟဲဟုန်ယွမ်ကို တွဲပေးလိုက်သည်။

သူတို့ဒီနေ့ ဆုံးရှုံးသွားသည့်ငွေများကို ပေးနိုင်သော်လည်း ငွေကအဓိကမဟုတ်ဘဲ ဟဲမိသားစု၏ခေါင်းဆောင်နေရာ အထူးအရေးပါသည်။ သူတို့သာ ဒီနေ့ရှုံးသွားပါက ဟဲမိသားစု၏စီးပွားရေးနှင့်ပိုင်ဆိုင်မှုတစ်ခုလုံးကို ရှုံးဆုံးလိုက်ရမည်ဖြစ်တာကြောင့် ဟဲဟုန်ယွမ် ရလဒ်ကိုလက်မခံနိုင်ဖြစ်နေခြင်းဖြစ်သည်။

ဟဲဟုန်ကျဲ့ကတော့ ဟဲဟုန်ယွမ်၏အခြေအနေအတွက် စိတ်မကောင်းမဖြစ်မိပေ။ သူတို့သွေးသားတော်စပ်သည်ဆိုသော်လည်း ရန်သူများလဲဖြစ်နေသေးသည်။ ဟဲဟုန်ယွမ် သူ့လုပ်ရပ်အတွက် သူပြန်ခံရခြင်းသာဖြစ်ပေသည်။

“သခင်ဟုန်ယွမ်၊ ခဏလောက်အနားယူဖို့လိုသေးလား?” ဟဲရီရှောက်ကမေးလိုက်သည်။

ဟဲဟုန်ယွမ်သွေးအန်သည့်အတွက် သူတို့ကျေနပ်နေကြသော်လည်း လူအများရှေ့မှာတော့ သူတို့ဘက်က ယဉ်ကျေးမှုပြသင့်သည်။

“မလိုပါဘူး၊ ကျေးဇူးပဲ။” ဟဲဟုန်ယွမ်ချက်ချင်းငြင်းပယ်လိုက်သည်။ သူမရှိနေလို့မဖြစ်ပေ။

ဟဲဟုန်ယွမ် ငြင်းလိုက်မှတော့ ဟဲရီရှောက်လဲ အလုပ်ရှုပ်ခံကာ ထပ်မေးမနေတော့ပေ။

ဟဲဟုန်ယွမ်၏အခြေအနေမကောင်းတာကြောင့် နောက်ဆုံးပွဲကို ဖန်းကျီဟောက်က အစားဝင်ကစားလိုက်သည်။

ဖန်းကျီဟောက်မှာ သူ့ငွေတွေအများကြီးဆုံးရှုံးထားပြီးဖြစ်တာကြောင့် အလွန်စိတ်ဖိစီးလို့နေသည်။ သူသာထပ်ရှုံးသွားလျှင် သူလက်မခံနိုင်ဖြစ်ပြီး တစ်ခုခုဖြစ်သွားမှာ စိုးရသည်။

ဘာပဲဖြစ်ဖြစ် ဖန်းကျီဟောက် သူ့ကိုယ်သူစိတ်တည်ငြိမ်အောင် တွန်းအားပေးကာ အာရုံစိုက်လိုက်သည်။

နောက်ဆုံးပွဲက သရေကျသွားတာကြောင့် ဖန်းကျီဟောက် အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း အတော်လေးနောက်ကျသွားပြီဖြစ်ကာ သူတို့ဘက်က ယွမ်သန်း၉၀၀ဆုံးရှုံးလုပြီးနှင့်ပေပြီ။

ပထမဆုံးလောင်းကစားနည်းပြီးနောက်မှာတော့ ဟဲဟုန်ကျဲ့အနိုင်ရသွားခဲ့သည်။

“ကျွန်တော်တို့ အခုချက်ချင်းပဲ ဒုတိယလောင်းကစားနည်းကို စကြမလား ဒါမှမဟုတ် ခဏအနားယူကြဦးမလား?” ဟဲရီရှောက်က ဟဲဟုန်ယွမ်ကို မေးလိုက်ခြင်းဖြစ်သည်။

“နာရီဝက်လောက်နားကြတာပေါ့။” ဟဲယီရှီပြန်ဖြေလိုက်ကာ ဟဲဟုန်ယွမ်လဲ သူ့စိတ်ပြန်တည်ငြိမ်ဖို့အချိန်လိုတာကြောင့် သဘောတူလိုက်သည်။

ထို့နောက် ဟဲရီရှောက်က သူတို့အနားယူဖို့ရန်အတွက် သီးသန့်ခန်းများစီစဉ်ပေးလိုက်သည်။

တခြားလူများအတွက်တော့ သူတို့လဲ အနားယူနိုင်သလို ခန်းမထဲမှာ ကစားနည်းများကစားနေကြလို့လဲ ရပေသည်။

ဟုန်ယွဲ့ဟွမ်ကို သီးသန့်ခန်းသို့လိုက်ပို့ပြီးသည်နှင့် ဟဲရီရှောက်ချက်ချင်းပြန်လှည့်ထွက်လိုက်သည်။ သူတို့ချင်းလုံးဝစကားမပြောတာကြောင့် ဟုန်ယွဲ့ဟွမ်စိတ်မကောင်းဖြစ်သွားတော့သည်။ သူတို့ချင်းအရမ်းရင်းနှီးခဲ့ကြတယ်မဟုတ်လား၊ ဒါပေမယ့် အခုတော့ သူစိမ်းတွေလိုဖြစ်နေကြပေပြီ။ ဘာပဲဖြစ်ဖြစ် ထျန်းတိဟွေ့ဘက်က အမှားဖြစ်တာကြောင့် ဟဲရီရှောက်ကို ဟုန်ယွဲ့ဟွမ်အပြစ်မတင်ပေ။

ဟဲဟုန်ကျဲ့၏သီးသန့်ခန်းထဲမှာတော့ ကုနင်း ကျေးဇူးတင်ခံနေရသည်။ ကုနင်းကြောင့်သာမဟုတ်လျှင် ပြိုင်ပွဲမှာ သူတို့ရှုံးပြီးနှင့်ပေပြီ။

“လူကြီးမင်းဟဲ၊ ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ပြောရရင် ၊ ကျွန်မဒီကိုလာတာ ငွေရှာဖို့သက်သက်ပဲ။” ထိုသိုဆိုလျှင်ပင် ဟဲဟုန်ကျဲ့တို့ကတော့ ကုနင်း၏လုပ်ဆောင်ချက်အတွက် ကျေးဇူးတင်နေကြတုန်းပင်။

“ဒါနဲ့၊ မိန်းကလေးကု၊ နောက်ကစားပွဲမှာ ဘာကစားဖို့စိတ်ကူးထားလဲ?” ဟဲဟုန်ကျဲ့မေးလိုက်ခြင်းဖြစ်သည်။

“အကြွေစေ့စက်ပါ။”

“ဘာ?” ဟဲဟုန်ကျဲ့ အလွန်အံ့ဩသွားကာ သူ့နားသူတောင် မယုံနိုင်ဖြစ်သွားသည်။ အကြွေစေ့စက်က အရမ်းကလေးမဆန်လွန်းဘူးလား။

ကုနင်း၏ ပြီးခဲ့သည့်လုပ်ဆောင်ချက်များကြောင့် ကုနင်းကို လျှော့မတွက်တော့ပေ။ ထိုအစား သူမ အကြွေစေ့စက်နှင့်ကစားလျှင်တောင် အနိုင်ရမည်ဟု ယုံကြည်နေမိသည်။

“ကျွန်မက လောင်းကစားနည်းတွေထဲမှာ စစ်ပေါ်နဲ့ အကြွေစက်ကလွဲပြီး သိပ်မသိဘူး။ အကြွေစက်ကစားနည်းမှာ ကျွန်မနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာကစားနည်းရွေးမလဲ၊ ကျွန်မကကော နိုင်ပါ့မလားဆိုတာတော့ မသေချာဘူး။”

“ငါ့အထင်တော့ သူတို့ ငါးချပ်ပိုကာ၊ ဖဲကစားနည်းတွေကိုရွေးလောက်မယ်။ ငါတို့ဘက်က ယွမ်သန်း၉၀၀နိုင်ထားပြီဆိုတော့ သူတို့ရှုံးဖို့ လုံလောက်နေပါပြီ။” နောက်ပွဲတွေ မစသေးခင်မှာတင် ဟဲဟုန်ကျဲ့ကတော့ သူတို့ဒီနေ့နိုင်မည်ဟု သေချာလုနီးပါးဖြစ်နေပေပြီ။

အစကနေအဆုံးထိ ကုနင်း စစ်ပေါ်ကစားနည်းတွင် ဂဏန်းအတိအကျဘယ်လိုခန့်မှန်းလဲ ဟဲဟုန်ကျဲ့မမေးခဲ့ပေ။ ဒါက သူမ၏ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်။

ဟဲဟုန်ယွမ်ကတော့ သူတို့သီးသန့်ခန်းထဲတွင် ဒေါသထွက်နေစဲဖြစ်ကာ ဖန်းကျီဟောက်သည်တော့ တစ်ချိန်လုံးတိတ်ဆိတ်လို့နေသည်။ အခုဆို သူကျရှုံးရသည့်ခံစားချက်ကို တနင့်တပိုးခံစားနေရကာ ယုံကြည်ချက်များပင် ပျောက်ဆုံးမလိုဖြစ်နေသည်။

“အဖေ၊ ဒီအမျိုးသမီးက အရမ်းအံ့ဩဖို့ကောင်းတယ်။ အခုဆို သူယွမ်သန်း၉၀၀တောင်နိုင်ထားပြီးပြီ။ သမီးတို့ ပြန်နိုင်ပါ့မလား?” ဟဲယီရှီစိုးရိမ်စွာမေးလိုက်သည်။

***

All Chapters