အခန်း (၃၄၄)
Vol. 24 Ch. 344
ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ပြောဆိုနေသော ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတပည့်၏ အဆိုပြုချက်ကို လီယွင်က ကြားခဲ့ပြီးပြီဖြစ်၏။ ထို့အပြင် ဤအရာသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ တလောကလုံး သိရှိသည့် အရာဖြစ်သွားခဲ့၏။ ၎င်း၏စကား ကြားခဲ့ပြီးသည့်နောက် မြေအင်မော်တယ်လောကရှိ သက်ရှိသတ္တဝါများသည် အလွန်ပဲ ဒေါသထွက်ကုန်ကြ၏။
၎င်းတို့သည် အခွင့်အခါ သင့်သည်နှင့်တပြိုင်နက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအား ပြဿနာရှာရန် စဉ်းစားနေကြပြီ ဖြစ်၏။ လက်ရှိအခြေအနေတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ကြုံတွေ့နေရသည့် ဖိအားသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
“မြေအင်မော်တယ်လောက” ယန်ရှိုက ကြောင်အသွားမိ၏။ သူ၏ နောက်ဘက်တွင် ရှိနေသည့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေရသနည်း။ စီနီယာသည် အခြေအမြစ် မရှိဘဲ ပြောဆိုတတ်သူ မဟုတ်ပေ။ အခြေခံ အကြောင်းတရားတော့ ရှိပေလိမ့်မည်။
“အဲလူ က ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်တစ်ယောက် မဟုတ်လား” လီယွင်သည် လက်ကို အသာ ဝှေ့ယမ်းပြီးသည့်နောက် သူ၏ ရှေ့တွင် အလင်းမြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်အရှေ့တွင် ဖြစ်သည့် အကြောင်းအရာများကို ပြန်လည်ကာ ပြသလိုက်ခြင်းပင်။
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ယုံကြည်ချက် ရှိရှိဖြင့် ပြောဆိုခဲ့၏။ ၎င်း၏ စကားသံသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့၏။ “အင်း... အရင်ဆုံး စပြီး လှုပ်ရှား လိုက်ကြရအောင်။ သူတို့ရဲ့ ပါရမီရှင်တွေ အကုန်လုံးကို သုတ်သင်ပစ်လိုက်မယ်။ ဒါဆိုရင် မြေအင်မော်တယ် လောကကြီးကို တိုက်ရိုက်ဆိုသလိုပဲ ဖိနှိပ်နိုင်တော့မှာပေါ့”
လီယွင်၏ အမူအရာသည် မပြောင်းလဲချေ။ ခပ်တည်တည်ပင် ဖြစ်၏။ ထို့အပြင် ဤကိစ္စသည် သူနှင့် ဘာမှ သက်ဆိုင်လှသည် မဟုတ်ပေ။
တခြားတစ်ဖက်တွင်တော့ ပိုင်ချမ်းဟန်သည် ယန်ရှိုကို နဝေတိမ်တောင်ဖြင့် ကြည့်ရှုနေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို သူ မည်သို့မှ မနေနိုင်ဘဲ ချီးကျူးချင်နေမိ၏။ အားလုံးသော သူတို့သည် ကြမ်းတမ်း လွန်းလှပြီး လူငယ်တပည့်များဆိုလျှင်ပင် တခြားသော သူများကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးချေ။ မြေအင်မော်တယ်လောကကြီးနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်ပင် ရဲရဲဝံ့ဝံ့ဖြင့် ပြောဆိုလျက် ရှိနေလေ၏။ ဤကဲ့သို့သော ပါရမီရှင်များသည် ကောင်းကင်မူလလောကကြီး၌ ရှားပါးသည့် အရာမျိုးပင် ဖြစ်ပေမည်။
မြေအင်မော်တယ်လောကကြီးမှ သက်ရှိများအနေဖြင့် ဤတည်နေရာသို့ ချိုးဖြတ်ရောက်ရှိလာပြီး ပြဿနာ မရှာဘူးဟုများ ထင်မှတ်နေလေသည်လား။
“သောက်တလွဲတပည့်” ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် နီရဲသွား၏။ သူသည် အချိန်အတော်ကြာ နှောင့်နှေးလို့နေ၏။ နောက်ဆုံးမှာတော့ ထိုစကားကို ဖျစ်ညှစ်ကာ ပြောဆိုလိုက်မိ၏။ ဤလူကို သူကောင်းကောင်း သိရှိ၏။ တုချန်ရှန်း သေဆုံးပြီးသည့်နောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တပည့်သစ်များကို ထပ်မံကာ လက်ခံခဲ့သည်။
သို့ပေမဲ့ ဤတပည့်သည် ဂိုဏ်းထဲသို့ ဝင်ရောက်သည်မှာ မကြာသေးသော်လည်း ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ ကပ်ဘေးကြီးကို ယူဆောင်လာနိုင်သည့်လူ ဖြစ်ကြောင်း ယခု သေသေချာချာ သိရှိခဲ့ရပြီ ဖြစ်သည်။ ၎င်းကို ဂိုဏ်းထဲမှ ထုတ်လိုက်မည်ဆိုလျှင်တောင်မှ အသုံးမဝင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် စကားလုံးများကို ကြီးကြီးကျယ်ကျယ် ပြောဆိုခဲ့ပြီဖြစ်သောကြောင့် ထိုအရာများကို မိမိမပြောဟု လိုက်လံကာ ကြေညာနေ၍ မဖြစ်နိုင်တော့ချေ။
“တာအိုရောင်းရင်းယန်... ခင်ဗျားက တကယ့်ကို ပါရမီထူးချွန်ပြီး အလာအလာကောင်းတဲ့ တပည့်တွေ ပိုင်ဆိုင်နေ တာပဲ” ပိုင်ချမ်းဟန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ခံစားချက်အပြည့်ဖြင့် လှမ်းကာ ပြောဆိုလိုက်၏။
ပြောရမည်ဆိုလျှင် သူသည် ဤအရာကို တကယ်ပဲ အသိအမှတ်ပြုမိ၏။ တော်ဝင်ရင်နိုင်ငံတော်မှ လူများသည် တစ်ယောက်ချင်းစီတိုင်း အားကောင်းလှသည် ဆိုလျှင်တောင်မှ ထိုကဲ့သို့ လူပေါင်းများစွာတို့ တည်ရှိနေသည့် လောကကြီးကို ပြဿနာ ရှာရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှာတော့ ဟိုးအောက်ခြေမှ အပေါ်ဆုံးအထိ မည်သည့်အရာကိုမှ ကြောက်လန့်မနေဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုလုပ်ကိုင်ရဲသည့်လူများ ဖြစ်လို့နေသည်။
ယန်ရှိုသည် ပိုင်ချမ်းဟန်ကို လှမ်းကြည့်ကာဖြင့် နဝေတိမ်တောင် ဖြစ်လို့နေသည်။ လက်ရှိအခြေအနေတွင် သူသည် ပိုင်ချမ်းဟန်နှင့် ငြင်းခုံချင်သည့် စိတ်ဟူ၍ မရှိတော့ချေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အနာဂတ်သည် ကြိုးမျှင်လေး တစ်ခုပေါ်တွင် တင်လျက် ရှိနေ၏။ တစ်ချက်မှားယွင်းသွားသည်ဆိုသည်နှင့် နှစ်သန်းပေါင်းများစွာ ကြာမြင့်နေသည့် အမွေအနှစ်များသည် တစ်ခါတည်း ပျောက်ကွယ်သွားမှာ သေချာ၏။
သို့ပေမဲ့ ဤနေရာတွင် ဖြေရှင်းနည်း ရှိလို့နေသည်။ သူ့အနေနှင့် တတ်နိုင်မလား၊ မတတ်နိုင်လား ဆိုသည်ကသာ ဆုံးဖြတ်စရာ ရှိ၏။ ထို့အပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ရန်ပြုခဲ့သည့် ရန်သူများသည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းခဲ့၏။ ထို့ကြောင့် စီနီယာဆီမှ ရရှိနိုင်မည့် နည်းလမ်းများသည် တကယ်ပင် ဈေးကြီးပေလိမ့်မည်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနှင့် ရှိရှိသမျှကို ရောင်းချပြီး ပေးအပ်မည် ဆိုလျှင်တောင်မှ လုံလောက်ပါ့မလား မသိနိုင်ပေ။
“ကျုပ်တို့ ဘာလုပ်ရမလဲ”
ယန်ရှိုက မျက်မှောင်ကုတ်လိုက်မိ၏။ အစပိုင်းတုန်းက သူ၏ဘိုးဘေးကို ကပ်ဘေးထဲမှ မည်ကဲ့သို့ ဆွဲခေါ်ထုတ်ရမည် ဆိုသည့်အကြောင်းကိုသာ စဉ်းစားခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ ရောက်ရှိလာသည့် အချိန်တွင် အခြေအနေသည် သူထင်မှတ်ထားသည်ထက် ပိုမိုကာ ရှုပ်ထွေးကြောင်း မြင်ခဲ့ရ၏။
“စိတ်အေးအေးထားပါအုံး”
လီယွင်က နှစ်သိမ့်လိုက်၏။ “ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ရန်သူတွေက ထင်မှတ်ထားတာထက် ပိုပြီးတော့ ကြမ်းတယ်။”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ယန်ရှို၏ နှလုံးခုန်သံများသည် ပိုမိုကာ မြန်ဆန်လာခဲ့ပြန်သည်။ စီနီယာ ဘာကို ဆိုလိုသနည်း။ ကြည့်ရှုရသည်မှာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၌ တခြားသော ရန်သူများလည်း တည်ရှိ နေသည့်ပုံပင်။
“ထာဝရမြို့ကလည်း ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ရန်သူပဲ မဟုတ်လား” လီယွင်သည် အသာပြုံးကာ ပြောဆိုလိုက်သည်။
“ထာ... ထာဝရမြို့ ဟုတ်လား”
ထိုနာမည်သည် ယန်ရှိုနှင့် ရင်းနှီးလှသည် မဟုတ်ချေ။ တစ်ခါမှ မကြားဖူးဘူးဟုပင် ပြောဆိုရမည် ဖြစ်၏။ ရုတ်တရက် နာမည်ကို ကြားရသည့်အချိန်မှာတော့ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ကြည့်ရှုရသည်မှာ ကြီးမားသည့် အန္တရာယ်သည် သူတို့ဆီကို ရောက်ရှိလာတော့မည့်ပုံပင်။
“မုန့်ရှင်းကျီက ခင်ဗျားကို မပြောဘူးလား။ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အားအင်အဆင့်နဲ့ ထာဝရမြို့ကို သွားပြီး ပြဿနာရှာတယ် ဆိုတာက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ။ ပြီးတော့ ....”
လီယွင်သည် အပြင်ဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးပန်းတစ်ခုက ဖြစ်တည် လာခဲ့၏။ သူက တီးတိုးပြောဆိုလိုက်လေ၏။ “ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူက ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာတဲ့လမ်းမှာ ရောက်နေပြီ။ နှစ်နာရီအတွင်း သူက ကောင်းကင်မူလလောကထဲကို ရောက်ရှိ လာလိမ့်မယ်”
အင်ပါယာများသည် ရှုပ်ထွေးလှသော အချိန်အတောအတွင်းတွင် လမ်းလျှောက်ပြီး လာလိမ့်မည် မဟုတ်ချေ။ အချိန်ဆိုသည်မှာ တကယ့်ကို အရေးကြီးလှ၏။ ကောင်းကင်မူလလောကကြီးနှင့် မနီးမဝေး တည်နေရာ ပတ်လမ်းကြောင်းထဲတွင် တည်ရှိနေသည့် ထာဝရမြို့ကြီးသည် အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေ၏။ ထို့ကြောင့် ဟုန်ရွှမ်သည် ဤနေရာဆီသို့ မြန်မြန်ဆန်ဆန် ပျံသန်းလာနေခြင်းသာ ဖြစ်သည်။
ထိုအရာကို ကြားသည့်အချိန်မှာတော့ ယန်ရှိုသည် ချက်ချင်းဆိုသလိုပဲ ဆွံ့အသွားခဲ့၏။ သူတို့၏ ဘိုးဘေးအိုကြီး ကြောင့် ထာဝရမြို့မှ လူများသည်လည်း လာလျက်ရှိနေ၏။ စီနီယာ ပြောဆိုသည်ကို အခြေခံရမည်ဆိုလျှင် ဤထာဝရမြို့၌ အင်ပါယာအဆင့် လူတစ်ယောက် ရှိနိုင်၏။ မည်ကဲ့သို့ သူတို့ တိုက်ခိုက်ရမည်နည်း။
အင်ပါယာအဆင့် အစီအရင်၏ အကူအညီနှင့်ဆိုလျှင် သူတို့အနေနှင့် အချိန်အနည်းငယ်ကြာအောင် ခုခံနိုင်၏။ သို့ပေမဲ့ ၎င်းတို့၏ တောင်ကာကွယ်ခြင်း အစီအရင် ချိုးဖြတ်နည်းကို ထာဝရမြို့မှ လူများ သိရှိသွားသည် ဆိုပါက သူတို့ ဘာလုပ်ရမည်နည်း။ ဤနည်းလမ်းကို ထုတ်ဖော် မပြောဆိုရန် စီနီယာကို တောင်းဆိုရပေမည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် လိမ်ညာရောင်းချလိမ့်မည် မဟုတ်ချေ။ မှန်ကန်သည့် အရာများကိုသာ ရောင်းချတတ်သည် မဟုတ်ပါလား။
“စီနီယာ”
ယန်ရှိုသည် သူ၏ လက်များကို ပွတ်သပ်ပြီးသည့်နောက် အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ တောင်ကာကွယ်ခြင်း အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းက ဘယ်လောက်လောက် ကုန်ကျနိုင်လဲ”
မုန့်ရှင်းကျီ အင်ပါယာ ဖြစ်လာခဲ့ပြီးသည့်နောက် သူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တောင်ကာကွယ်ခြင်း အစီအရင်ကို အဆင့်မြှင့်တင်ရန် ကြိုးစားခဲ့၏။ လက်ရှိ အခြေအနေမှာတော့ လုံလောက်သည့် စွမ်းအင် အဆင့်ကို ပိုင်ဆိုင်သော အင်ပါယာအဆင့် အစီအရင် ဖြစ်သွားခဲ့သည်။
“အင်း... ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အစီအရင်နဲ့ ဘာမှ ခြားနားတာ မဟုတ်ပါဘူး” လီယွင်က အမှတ်မထင်ဖြင့် ပြောလိုက်၏။
“အများကြီး မခြားနားဘူး ဟုတ်လား” ယန်ရှိုသည် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ ဤအရာသည် ကောင်းသည့် သတင်းမဟုတ်ပေ။ သူတို့သည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းကို ဝယ်ယူနိုင်ခဲ့၏။ သို့ပေမဲ့ တခြားသောသူများသည်သာ ဤကဲ့သို့ ဝယ်ယူနိုင်ခဲ့သည် ဆိုပါက ဘိုးဘေးကြီးသည် အလွန်ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိရုံသာမက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည်လည်း တခြားသောသူများ သနားမှ ချမ်းသာရာ ရရှိမည့် အခြေအနေသို့ ရောက်ရှိပေလိမ့်မည်။
ဤခံစားချက်သည် တကယ်ပင် ဆိုးရွားလွန်းလှချေ၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့ အားလုံးသည် အသက်သေဆုံးနိုင်မည့် အခြေအနေတွင် တည်ရှိနေ၏။ မိမိအသက် ချမ်းသာရာ ရရှိနိုင်ရန်အတွက် ယန်ရှိုသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းကို မည်သူမှ မဝယ်ယူနိုင်ရန် ကြိုးစားပေးမှ ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ယခုထက်ပိုမိုကာ အားကောင်းသည့် အစီအရင်ကို ရရှိအောင် ပြုလုပ်မှ ဖြစ်ပေမည်။
အင်ပါယာအဆင့် အစီအရင်ကို တိုးတက်အောင် ပြုလုပ်ဖို့ဆိုသည်မှာ သူ၏ လက်ရှိ အားအင်အဆင့်နှင့် မည်သို့မှ ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ တောင်ကာကွယ်ခြင်း အစီအရင်သည် ဖန်တီးပြုလုပ်ရန် ခက်ခဲသည့်အရာဖြစ်သည်ဆိုသော်လည်း စီနီယာသည် အရာအားလုံးကို တွက်ချက်နိုင်သည့်လူဖြစ်၏။ နောက်ဆုံးမှာတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အသက်ရှင်ရပ်တည် ကျန်ရစ်ခဲမလား ဆိုသည်မှာ စီနီယာ အနေနှင့် သတင်းအချက်အလက်များကို ရောင်းချချင်စိတ် ရှိသလား၊ မရှိသလားပေါ်တွင် မူတည်လာခဲ့၏။
စီနီယာ သဘောမတူဘူးဆိုပါက တခြားသော ဂိုဏ်းများသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို လာရောက် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။ အင်ပါယာတစ်ယောက်သာ ဝင်ရောက် လှုပ်ရှားပြီး အစီအရင်ကို ချိုးဖြတ်နိုင်မည် ဆိုလျှင်တောင်မှ စီနီယာ ရှိနေလျှင် ပြဿနာ မရှိချေ။ ထိုအရာကို တွေးကြည့်ပြီးသည့်နောက် ယန်ရှို၏ မျက်လုံး များသည် လင်းလက်သွား၏။ သူက မြန်မြန်ဆန်ဆန်ပဲ မေးမြန်းလိုက်သည်။
“စီနီယာ.. ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ တောင်ကာကွယ်ခြင်း အစီအရင်ကို နည်းနည်းလေး ဈေးမြင့်ပြီး ရောင်းချပေးနိုင်မလား”
စီနီယာအား သတင်းအမှားများ ရောင်းရန်ချန် တောင်းဆို၍ မရသော်လည်း ဈေးတင်၍ ရောင်းချရန် တောင်းဆိုနိုင်သည်။ ထိုသို့ဆိုလျှင် တော်ရုံလူများ ဝယ်နိုင်လိမ့်မည် မဟုတ်ချေ။
ပြောပြီးသည့်နောက် ယန်ရှိုသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် အများကြီးကို ထုတ်ယူပြီးသည့်နောက် လီယွင်ရှေ့ဆီသို့ အသာချပေးလိုက်၏။