အခန်း (၃၄၅)
Vol. 24 Ch. 345
“အမ်”
လီယွင်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူ့ကို တန်ကြေးမြှင့်ရန် ကြိုးစားနေလေသည်လား။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအား တိုက်ခိုက်ချင်သော ဂိုဏ်းများအနေနှင့် ပိုမိုများပြားသည် တန်ကြေးကို ပေးအပ်ရန် လိုအပ်လာပေလိမ့်မည်။ ယန်ရှိုသည် တကယ်ပင် ဉာဏ်ကောင်းလှချေ၏။
လီယွင်နှင့် ယန်ရှိုတို့သည် တကယ်ပင် တူညီသည့် အတွေးအခေါ်များကို ပိုင်ဆိုင်သည့်လူများဟု ပြောဆိုရပေမည်။ နှစ်ယောက်စလုံးသည် ခေါင်းတုံးပေါ် ထိပ်ကွက်ချင်ကြသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ဝန်ဆောင်မှုများကို ရောင်းချသည်ဟု ပြောဆိုရမည်ဖြစ်၏။ သတင်း အချက်အလက်များကို နည်းနည်း ဈေးပိုတင်ကာ ရောင်းချခြင်းသည် အဓိပ္ပာယ်ရှိသည့် အရာပင်ဖြစ်၏။
ပြောရမည်ဆိုလျှင် လူပေါင်းများစွာတို့၏ အရင်းအမြစ်များကို ဆော့ကစားနေခြင်းဟု သတ်မှတ်ရပေမည်။
“ကောင်းပြီ” လီယွင်က ခေါင်းညိတ်လိုက်၏။ ဤတောင်းဆိုချက်သည် ကျိုးကြောင်းသင့်လျော်လှသည်ဟု ပြောဆို ရမည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” ယန်ရှိုသည် ပျော်ရွှင်သွားမိသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် ပိုင်ချမ်းဟန်သည် ကြောင်တောင်တောင် အမူအရာဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေမိ၏။ တော်ဝင်ရင်နိုင်ငံ အနေဖြင့် ဝင်ရောက် လှုပ်ရှားရမလား၊ မလှုပ်ရှားရဘူးလား ဆိုသည်ကို သူက စဉ်းစားနေမိ၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် မလှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်တော့၏။ တော်ဝင်ရင်နိုင်ငံသည် ခန့်မှန်း၍ မရနိုင်သည့် ရန်သူဟူ၍ မရှိချေ။ ထို့ကြောင့် ဤကဲ့သို့ ဝင်ရောက် လှုပ်ရှားမှု ပြုလုပ်ရန် လိုအပ်လိမ့်မည် မဟုတ်ချေ။
“စီနီယာ”
ပိုင်ချမ်းဟန်သည် လက်သီးကို ဆုပ်ကာဖြင့် မြန်မြန်ဆန်ဆန် ပြောလိုက်၏။ “ဂျူနီယာ ဒီကို လာတာက ... ”
“ခင်ဗျားရဲ့ သားအတွက် မဟုတ်လား”
လီယွင်က ကြားဖြတ်ကာ ပြောဆိုလိုက်၏။ သူသည် ပိုင်ချမ်းဟန်ကို တည့်တည့်ကြည့်၍ ပြန်လည်ကာ မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်” ပိုင်ချမ်းဟန်က ခေါင်းညိတ်လိုက်၏။ သူ၏ အကြီးဆုံးသားသည် တခြားသော နတ်သားတော် များ၏ မြန်မြန်ဆန်ဆန် အဆင့်တက်မှုကို အမှီလိုက်နိုင်ရန်အတွက် တကယ်ပင် ရုန်းကန်နေရ၏။ အရင်းအမြစ်များကို အလိုရှိတိုင်း အသုံးပြုနိုင်စွမ်းရှိသော အိမ်ရှေ့စံ မင်းသားဆိုသည့် အခွင့်အရေးကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ ပင်ကိုယ်စွမ်းရည် ဆိုသည်မှာ အကန့်အသတ် တည်ရှိ၏။
တော်ဝင်ရင်နိုင်ငံသည် တကယ်ပင် နောက်ကောက်ကျ ကျန်ရှိနေသည့် အခြေအနေမျိုးကို ကြုံဆုံနေရ၏။ သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ ပိုင်ချမ်းဟန်သည် အိမ်ရှေ့စံမင်းသားကို လက်လွှတ်ရန် ဆုံးဖြတ် ခဲ့ပြီး သူ၏ တတိယသားကို နန်းတင်ရန် ဆုံးဖြတ်ခဲ့၏။ တတိယသားသည် ကောင်းမွန်သည့် ပါရမီကို ပိုင်ဆိုင်ပြီး စီနီယာများကပင် သူ့အား မျက်စိကျလျက် ရှိနေ၏။ ထို့အပြင် ကျင့်ကြံရာ၌ အံ့အားသင့်စရာ ကောင်းလွန်းလှသည့် ပါရမီကို ထုတ်ဖော်ပြသနေသည်။
“အင်း.. ခင်ဗျားရဲ့ တတိယသားက တခြားပါရမီရှင်တွေနဲ့ လိုက်မှီဖို့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် ပိုက်ဆံကတော့ ကုန်မှာပဲ။ အဲဒီ ကုန်ကျမှုကို ဂိုဏ်းတော်တော်များများကတောင် တတ်နိုင်မယ် မထင်ဘူး” လီယွင်သည် အမှတ်မထင်ဖြင့် မှတ်ချက်ပြုလိုက်၏။
ပါရမီရှင်များ အားလုံးကို လိုက်မှီရန် ကြိုးစားခြင်း ဆိုသည်မှာ အနာဂတ် အလားအလာပေါ်တွင် မူတည်လျက် ရှိနေ၏။ ကျော်ဖြတ်ဖို့ ဆိုသည်မှာ တကယ်ပင် ခက်ခဲလွန်းလှချေမည်။
သို့ပေမဲ့ ပိုင်ချမ်းဟန်သည် ကျော်ဖြတ်ရန်အတွက် စိတ်ဆန္ဒရှိလှသူ တစ်ယောက် မဟုတ်ပေ။ သူ၏ တတိယသားအနေနှင့် တခြားသော သူများနှင့် ရင်ဘောင်တန်းပြီး အနေအထားတစ်ခု အနေဖြင့် လိုက်ပါနိုင်မည် ဆိုလျှင် ကျေနပ်ပြီဖြစ်၏။
“ဒါ... ဒါ” ပိုင်ချမ်းဟန်သည် အားတင်းကာ ပြုံးလိုက်၏။ သူသည် ခက်ခဲလှမည် ဆိုလျှင်ပင် အားတင်းကာ ပြုံးလိုက်၏။ ကောင်းကင်မူလလောကကြီးတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိရန်ဆိုသည်မှာ တကယ်ပင် ပေးဆပ်ရ ကြီးမားလွန်းလှသည်။
“ခင်ဗျားရဲ့ တတိယသား အရည်အချင်းက ကောင်းကင်မူလလောကကြီးရဲ့ လူသားပါရမီရှင်စာရင်းကို ဝင်ဖို့ သင့်တော်တဲ့ လူတစ်ယောက်ပဲ။ အနာဂတ်မှာ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အခြေအနေ မရှိဘူး ဆိုရင်တောင်မှ ကွာစီအင်ပါယာအဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ချက် ရှိနေတယ်”
လီယွင်သည် ယုံကြည်ချက် ရှိရှိဖြင့် ပြောလိုက်၏။ ပြီးသည့်နောက် ပိုင်ချမ်းဟန်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်ရှုလိုက်၏။
“အနာဂတ်ဆိုတာ အရမ်းကို ကြီးမားတယ်။ အနာဂတ်မှာ ဖြစ်လာနိုင်ရာတွေကလည်း မှန်းဆရခက်တယ် မဟုတ်လား။ ခင်ဗျားသားအနေနဲ့ အင်ပါယာတစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေးတွေ ရတာမျိုးလည်း ဖြစ်နိုင်တယ်”
“အမ်”
ပိုင်ချမ်းဟန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သူသည် ထိုစကားစုထဲတွင် ရှိနေသည့် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ကောင်းကောင်းမြင်ခဲ့၏။ စီနီယာသည် တစ်စုံတစ်ခုကို အချက်ပြလေသည်လား။ တော်ဝင်ရင် နိုင်ငံသည် စတင် တည်ထောင်ပြီးကတည်းက ယခုအချိန်အထိ ကွာစီအင်ပါယာ တစ်ယောက်သည်သာ ထွက်ပေါ် လာခဲ့ဖူး၏။ အင်ပါယာဆိုလျှင် ဝေသာဝေး၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် အရာအားလုံးသည် ခြားနားသွား သကဲ့သို့ပင်။
“စီနီယာ... ကျုပ်ရဲ့ တတိယသားက အင်ပါယာတစ်ယောက် ဖြစ်လာနိုင်ဖို့ အရည်အချင်း ရှိနေတာလား။ စီနီယာ ဘာကိုဆိုလိုတာလဲ” ပိုင်ချမ်းဟန်သည် အသံတီးတိုးဖြင့် မေးလိုက်၏။
“အင်း... အချိန်ရောက်လာရင် ခြေတစ်လှမ်း လှမ်းထားဖို့ လိုတာပေါ့” လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြောဆို လိုက်သည်။
ယန်ရှိုသည် ထိုအရာကို နားလည်ပြီးသားဖြစ်၏။ သို့ပေမဲ့ ပိုင်ချမ်းဟန်သည် လက်ရှိ အခြေအနေမှာတော့ ဇဝေဇဝါ ဖြစ်နေပုံပေါ်သည်။ ထိုအရာအတွက် သူ့အား အပြစ်တင်၍လည်း မရပေ။ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေ ဆိုသည်မှာ ဖြစ်လာနိုင်ရန် ခက်ခဲလွန်းမှာ သေချာ၏။
လက်ရှိအခြေအနေ၌ အင်ပါယာဆိုသည်မှာ တကယ့်ကို ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ပြီး ဂိုဏ်းဂဏ တစ်ခုခု၌ အင်ပါယာတစ်ယောက် ပေါ်ပေါက်လာသည် ဆိုပါက ဂိုဏ်းဂဏများ အားလုံး၏ ကြားထဲတွင် မော်ကြွားကာ ရပ်တည်နိုင်မည့် အခြေအနေပင်။
“စီနီယာ... ကျုပ်ရဲ့ မထိုက်တန်လှတဲ့သားကို ကောင်းကင်မူလလောကကြီးရဲ့ လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင် စာရင်းထဲဝင်အောင် ပြုလုပ်မယ်ဆိုရင် သူ ဘယ်အဆင့်လောက်မှာ ရှိနိုင်လဲ”
ပိုင်ချမ်းဟန်သည် လက်ထဲတွင် ရှိနေသည့် လက်စွပ်ကို ချွတ်ယူလိုက်၏။ သူ၏ တတိယသားအတွက် သူသည် နှောင့်နှေးနေလိမ့်မည် မဟုတ်ချေ။ ဘာပဲပြောပြော တော်ဝင်ရင်နိုင်ငံတော်တွင် ရှိနေသည့် အရင်းအမြစ်များ အားလုံးကို ထုတ်ဖော်ကာဖြင့် သူ ကြိုးစားပေးရပေလိမ့်မည်။
“အင်း... ထိပ်တန်းရှစ်ဆယ်ပေါ့” လီယွင်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
“ရှစ်ဆယ် ဟုတ်လား”
ပိုင်ချမ်းဟန်သည် တွက်ချက်လိုက်၏။ ဤစာရင်းသည် ထင်မှတ်ထားသည်ထက် အနည်းငယ် နိမ့်ပါးလို့ နေ၏။ လူသားမျိုးနွယ်၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် အဆင့်ရှစ်ဆယ် ဆိုသည်မှာ ကောင်းကင်မူလလောကကြီး၏ ထိပ်တန်းငါးရာ စာရင်းတွင်ပင်လျှင် ဝင်ရောက်လိမ့်မည် မဟုတ်ချေ။ အသင်္ချေ များပြားလှသည့် လောကအသီးသီး ၏ ကောင်းကင်ပါရမီရှင်စာရင်းဆိုလျှင် ဝေလာဝေးပင်။
ထို့အပြင် အခွင့်အရေးက ကွာခြားလျက် ရှိနေလေ၏။ တချို့သော သူများသည် အခွင့်အရေးကို ရရှိသည် ဆိုလျှင်တောင်မှ အသက်ကို စတေးခဲ့ရသည့် အခြေအနေမျိုးနှင့် ကြုံဆုံနိုင်သည် မဟုတ်ပါလား။ ၎င်းတို့ ရရှိခဲ့သည့် အခွင့်အရေးသည် လုယူခံရခြင်း သို့မဟုတ် တခြားသောသူများက ဖျက်ဆီးသိမ်းပိုက်သွားခြင်း အရာအားလုံး ကြုံဆုံရနိုင်၏။
ယနေ့အချိန်၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရခြင်းသည် တကယ်ပင် သတိထားစရာ ကိစ္စရပ်မျိုး ဖြစ်လာခဲ့၏။ ၎င်းတို့ အပြင်ဘက်သို့ ထွက်ခွာပြီးသည့်နောက် တခြားသော သူများက ဝယ်ယူခဲ့သည့် အကြောင်းအရာများ ကို အစ်အောက်ကာ မေးမြန်းပြီး သတ်ဖြတ်ပစ်မည်ကိုလည်း စိုးရိမ်ရပေသေးသည်။
တော်ဝင်ရင်နိုင်ငံသည် သူတို့၏ တည်နေရာထဲတွင် ခန့်မှန်း၍ မရအောင် အားကောင်းလျက် ရှိနေသည် ဆိုသော်လည်း ကောင်းကင်မူလလောကကြီး၏ အခြားတည်နေရာများတွင် ဆိုလျှင်တော့ ဘာမှ မဟုတ်ပေ။
ခရမ်းရောင်နက်နဲလောကနှင့် မြေအင်မော်တယ်လောကဆိုလျှင် ပိုမိုကာပင် ဆိုးရွားလွန်း၏။ ထို့အပြင် တော်ဝင်ရင်နိုင်ငံ ကို ရန်ပြုရဲသည့် လူများသည် ကျိန်းသေပေါက် အားအင်နည်းပါးလှသည့် ရန်သူများ မဟုတ်နိုင် ပေ။
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး စီနီယာ” ပိုင်ချမ်းဟန်သည် ဦးညွတ်လိုက်မိ၏။
“ကောင်းပြီ”
လီယွင်သည် စနစ်ကို ဖွင့်လိုက်၏။ သေသေချာချာ စစ်ဆေးပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် အမှတ်ငါးသောင်း တန်ကြေးရှိသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒီမှာ ခင်ဗျားလိုချင်တဲ့ အရာပဲ”
ဆွစ်
ကျောက်စိမ်းပြားသည် ပိုင်ချမ်းဟန်၏ လက်ထဲသို့ ရောက်ရှိသွား၏။ ပိုင်ချမ်းဟန်သည် စိတ်လှုပ်ရှားစွာဖြင့် ကျောက်စိမ်းပြားကို တစ်ချက်ကြည့်လိုက်၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာကို ကြည့်ရှုလိုက်ပြီးနောက် သူသည် မျက်မှောင်ကုတ်မိသွား၏။ ပြီးသည့်နောက် အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်၏။ “စီနီယာ... ဒါက ကောင်းကင်မူလ လောကကြီးထဲမှာ သွေးနတ်ဆိုးကလန် လာပုန်းနေခဲ့တဲ့ နေရာမဟုတ်လား။ သွေးနတ်ဆိုး ကလန်ရဲ့ ဘိုးဘေးနယ်မြေလို့ သတ်မှတ်လို့ရတယ်လေ”
“ဟုတ်တယ်”
လီယွင်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီအခွင့်အရေးက သွေးနတ်ဆိုးကလန်နဲ့ ဘာမှ မဆိုင်ဘူး။ ရှေးသူတော်စင်တစ်ယောက်ရဲ့ သင်္ချိုင်းတစ်ခုပဲ”
“ဟူး”
ယန်ရှိုသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သွေးနတ်ဆိုးကလန်ဆိုသည့် စကားကို ကြားရသည့်အချိန်မှာတော့ သူသည် သွေးနတ်ဆိုးကလန်ကို သုတ်သင်ခဲ့ပြီး များပြားလှသည့် အမွေအနှစ်များ ရရှိခဲ့သည်ကို သတိရသွားမိ၏။
သူတို့သည် အမွေအနှစ်များကို ရယူသိမ်းပိုက်ခဲ့သည် ဆိုလျှင်တောင်မှ တချို့သော ရတနာတိုက်များ ကျန်ရှိနေခဲ့ပုံ ပေါ်၏။ ယခု က သွေးနတ်ဆိုးကလန်ထဲတွင် မည်သူမှ မသိရှိသော အခွင့်အရေးတစ်ခု ကျန်ရှိလို့ နေခဲ့သည်လား။