← Chapters

အခန်း (၃၄၆)

Vol. 24 Ch. 346

အခန်း (၃၄၆)

Vol. 24 Ch. 346

"စီနီယာ"

ယန်ရှိုသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။ "သွေးနတ်ဆိုးလောကရဲ့ အင်ပါယာက သေဆုံးသွားခဲ့ပြီလား"

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်၏ ရန်သူများသည် တကယ့်ကို များပြားလွန်းလှ၏။ ယန်ရှိုအနေဖြင့် ရန်သူအရေအတွက်ကို သိရှိပြီးနောက် တစ်ကိုယ်လုံး ထုံကျင်နေသလိုပင် ခံစားနေရ၏။ သွေးနတ်ဆိုးလောက၏ အင်ပါယာသည်သာ နိဗ္ဗာန်နဖြစ်စဉ်ကို ကျော်လွန်၍ အသက်ပြန်ရှင်လာပါက သူတို့အတွက် ပိုမို၍ ခက်ခဲလာမှာ သေချာ၏။

ထို့အပြင် တစ်ဖက်လူသည် ပြန်လည် ရှင်သန်လာပါက ပိုမို အားကောင်းလာမည်မှာ သံသယ ရှိစရာမလိုပေ။ လောကကို ဖြတ်သန်းလာသည် ဆိုပါက ရီကလန်၊ ရွှေကျီးကန်းကလန်တို့သည် အင်ပါယာများ ပိုင်ဆိုင်သောကြောင့် အနည်းငယ်တော့ စီမံခုခံနိုင်သေး၏။ သို့ပေမဲ့ သူတို့ဂိုဏ်းတွင်တော့ မုန့်ရှင်းကျီ တစ်ယောက်တည်း သာလျှင် ရှိ၏။ ထို့ပြင် သူတို့သည် များပြားလှသည့် ရန်သူများ၏ ရန်ကိုလည်း ကြောက်ရသေးသည်။

"တာအိုရောင်ရင်းယန် … ဘာကိုဆိုလိုတာလဲ။"

ပိုင်ချန်းဟန်သည် သဘောမတွေ့သလို ဖြစ်သွားမိ၏။ သူသည် အခွင့်အရေးကို ဝယ်ယူခဲ့၏။ သို့ပေမဲ့ ယန်ရှိုသည် သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာအကြောင်းပြောကာ သူ့ကို စိတ်ဒုက္ခရောက်ရန် ကြိုးစားနေသည်။ သွေးနတ်ဆိုးလောက၏ အင်ပါယာ မသေဆုံးပါက မည်သို့ဖြစ်မည်နည်း။ သူ့အနေဖြင့် အခွင့်အရေးကို အေးအေးသက်သာ ရယူရန် ကြိုးစားချိန်တွင် ထိုအင်ပါယာနှင့် ထိပ်တိုက်တွေ့ဆုံမည်လား။

နိဗ္ဗာန်နဖြစ်စဉ် ဆိုသည်မှာ ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်နှင့် ခြားနားသည့် အရာပင်ဖြစ်သည်။ နှစ်ပေါင်း တစ်ထောင်လောက် ကြာမြင့်ခြင်း သို့မဟုတ် နှစ်အနည်းငယ် ကြာမြင့်ခြင်း သို့မဟုတ် တစ်လလောက် ကြာမြင့်ခြင်း …. အကြောင်းအရာအမျိုးမျိုး ရှိနိုင်၏။

သွေးနတ်ဆိုးလောကကြီး၏ မတူညီသည့် လျှောက်လှမ်းပုံများကို ကြည့်ရှုရမည် ဆိုလျှင် ထိုအင်ပါယာသည် ပြန်လည်ကာ အသက်ဝင်ကောင်း ဝင်လာနိုင်သည်။ မည်မျှကြာမြင့်မည်နည်းဆိုသည်ကိုတော့ သေသေချာချာ မသိနိုင်ချေ။ စက္ကန့်ပိုင်းအတွင်း သွေးနတ်ဆိုးလောကမှ အင်ပါယာ ရောက်ရှိလာခြင်း မျိုးလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

"ကျုပ်က ဘေးကနေ မေးမြန်းရုံပါပဲ"

ယန်ရှိုသည် ပိုင်ချန်ဟန်ကို ကြည့်ရှုပြီးနောက် အမှတ်မထင် ပြောလိုက်၏။ “သွေးနတ်ဆိုးကလန် တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရတာ တော်ဝင်ရင်နိုင်ငံနဲ့ ဘာမှမဆိုင်ဘူးလေ။ တာအိုရောင်ရင်းပိုင် စိတ်ချပါ"

ပိုင်ချန်းဟန်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ယန်ရှိုအနေဖြင့် အဘယ့်ကြောင့် ဘာမှမဆိုင်ဘူးဟု ပြောဆိုနေရသနည်း။ သွေးနတ်ဆိုးကလန်သည် အလုံးစုံ သုတ်သင်ရှင်းလင်းခံရ၏။ တော်ဝင်အင်ပါယာ တစ်ယောက် သည် သူတို့မျိုးနွယ်များ သတ်ဖြတ်ခံရခြင်းကို သိရှိပြီးနောက် ငြိမ်ငြိမ်သက်သက် ထိုင်နေမည်လား? ကောင်းကင်မူလ လောကသား တစ်ယောက်ယောက်ကို တွေ့သည်နှင့် ကျိန်းသေပေါက် ပြန်လည် သတ်ဖြတ်မှာ သေချာသည်။

"တော်ဝင်အင်ပါယာတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းဆိုတာ ဈေးပေါတဲ့အရာ မဟုတ်ဘူး။ ခင်ဗျား တကယ် မေးချင်တာလား" လီယွင်သည် အသာရယ်ကာဖြင့် မေးမြန်းလိုက်၏။

တခြားသောသူများ မသိရှိလျှင်တောင်မှ သူက သေသေချာချာ သိရှိ၏။ သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာ သတင်းသည် တန်ဖိုးကြီးမားလှပြီး ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းမှ လေးသန်းနီးပါးလောက် ရှိလို့နေသည်။

သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာသည် သာမန်ထက်ပိုသော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အင်မော်တယ်ဖြစ်လာနိုင်သည့် အလားအလာကိုလည်း ပိုင်ဆိုင်နိုင်သည့် လူတစ်ယောက်ဖြစ်၏။ သွေးနတ်ဆိုးလောကကြီးသည် တော်ဝင်အင်ပါယာ ဖြစ်လာအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိသည်ကိုတောင်မှ ၎င်းသည် အင်ပါယာတစ်ယောက် ဖြစ်လာအောင် ကျင့်ကြံနိုင်ခဲ့သည်။ မယုံကြည်နိုင်ဖွယ်ရာပင်။ မတူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းနိုင်သည့် ထူးချွန်သော အင်ပါယာတစ်ယောက် ဖြစ်မှန်း သိသာလှ၏။

"ဘယ်လောက်လောက် စျေးကြီးလဲ" ယန်ရှိုက အသာမေးမြန်းလိုက်သည်။

"ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ရောင်းချလိုက်ရင်တောင်မှ အဲသတင်းရဲ့ တစ်ဝက်ကို မရလောက်ဘူး" လီယွင်သည် လှောင်ပြုံးပြုံးကာ ပြောဆိုလိုက်၏။

"အဲလောက်စျေးကြီးတာလား"

ယန်ရှိုသည် တကိုယ်လုံး တုန်ယင်သွား၏။ မကောင်းသော စိတ်ခံစားချက်များသည် နှလုံးသားထဲ၌ ဖြစ်တည်လာခဲ့၏။ သေဆုံးလုနီးပါးဖြစ်နေမည့် အင်ပါယာသည် ဤမျှ ထိုက်တန်လှသည် မဟုတ်ချေ။ စီနီယာ၏ စကားများကို သုံးသပ်ရမည်ဆိုပါက ကြောက်မက်ဖွယ်ရာ အချက်အလက်များ ပါဝင်နေကြောင်း သူ သတိပြုမိ၏။ သွေးနတ်ဆိုးလောက၏ အင်ပါယာသည် ၎င်း၏ နိဗ္ဗာန်နဖြစ်စဉ်ကို ကျော်ဖြတ်ခြင်း၌ အောင်မြင်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

"အင်း … ခင်ဗျားက တော်တော်ညဏ်ကောင်းတာပဲ" လီယွင်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ ယန်ရှိုအနေဖြင့် ထိုအရာကို အဖြေရှာနိုင်သည်ကို သု့အနေဖြင့် အံ့အားမသင့်ခဲ့ချေ။ ထိုအရာကို သိစေချင်သောကြောင့်ပင် ယန်ရှိုအား ပြောပြခဲ့ခြင်းဖြစ်၏။ ‘မင်းသေတော့မည်နှင့် မည်သည့် နေရာတွင် သေမည်’ ဟူသည့်စကားသည် မတူညီသည့် အသိအမြင်နှစ်ခုသာလျှင် ဖြစ်၏။ မည်သည့်နေရာတွင် သေမည်ကို သိရှိသည် ဆိုပါက ထိုအရာများကို ရှောင်ရှားနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

သွေးနတ်ဆိုးလောက၏ အင်ပါယာသည်သာ တည်နေရာဖြတ်သန်းကာ ရောက်ရှိလာသည်ဆိုပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ကပ်ဘေးကြီးကို ခံယူရန် အချိန်အခါကျရောက်ပြီ ဖြစ်၏။ ရီကလန်ကဲ့သို့သော အင်အားစုပင်လျှင် တစ်ဖက်၏ အားအင်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ဤသတင်းအချက်အလက်ကို ဂိုဏ်းသီးသီးသို့ ပေးပို့ရန်မှာ ယန်ရှို ပထမဆုံး လုပ်ရမည့် အရာပင် ဖြစ်၏။ ထို့ပြင် ၎င်းတို့သည် အတူတူပူပေါင်းပြီး သွေးနတ်ဆိုးကလန်တစ်ခုလုံးကို ရှင်းလင်းခဲ့ခြင်းသာလျှင် ဖြစ်၏။ ထို့ကြောင့် သွေးနတ်ဆိုး အင်ပါယာ၏ ပထမဦးစားပေးသည် ၎င်းတို့နှင့် စာရင်းရှင်းရန်သာ ဖြစ်ပေလိမ့်မည်။

အဓိကရန်သူကြီးသည် ရောက်ရှိလာတော့မည် ဖြစ်၏။ ထို့ကြောင့် အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းတို့သည် ငြိမ်ငြိမ်သက်သက် ထိုင်နေ၌ မရတော့ချေ။

"စီနီယာ ကျုပ် အခုရီကလန်ကို သွားလည်ဖို့ ဆန္ဒရှိပါတယ်"ယန်ရှိုသည် လက်သီးကိုဆုပ်ကာဖြင့် ပြောဆိုလိုက်၏။

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မုန်တိုင်းများကြားတွင် တစ်ဦးတည်း မားမားမတ်မတ် ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ဘိုးဘေးကြီးသည် ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် များပြားလှသည့် အင်ပါယာများ၏ လိုက်လံသတ်ဖြတ်ခြင်း ကို ခံနေရသည်ဆိုသော်လည်း ရှုပ်ထွေးကြယ်ပင်လယ်၏ သဘောတရားအရ ကြီးကြီးမားမားတော့ အန္တရာယ် သက်ရောက်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ သွေးနတ်ဆိုးအင်ပါယာသည်သာ ရောက်ရှိလာပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် သံဃယရှိစရာ မလိုအောင် စုတ်ပြတ်သပ်သွားမှာ သေချာ၏။ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သူသေသေချာချာ မသိရှိသော်လည်း အသက်ရှင်လျက် ကျန်ရှိနေပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့သည်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လာရောက်ကာ သတင်းအချက်အလက်များကို ဝယ်ယူပေလိမ့်မည်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တခြားသော အရင်းအမြစ်များကို ပေးအပ်နိုင်ခြင်း မရှိတော့ချေ။ သို့ပေမဲ့ တဖက်ဂိုဏ်းနှစ်ခုမှာတော့ ပေးအပ်နိုင်၏။

ခွန်ဖန်ကလန်နှင့်ရှုပ်ထွေးလူဝုကလန်တို့ကိုပါ ထည့်ပေါင်းလိုက်မည်ဆိုလျှင် ထောက်ပံ့ပေးနိုင်သည့် အရင်းအမြစ် သည် ပိုမိုကာ တိုးပွားလာမှာ ဖြစ်၏။ တော်ဝင်အင်ပါယာတစ်ယောက် အကြောင်း သတင်းအချက်အလက်ကို ဝယ်ယူရန်မဆိုနှင့် သွေးနတ်ဆိုးလောကနှင့်ပတ်သက်သည့် တခြားသော အချက်အလက်များကို ဝယ်ယူရန်ပင် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

"ရီကလန်ရဲ့ ကွာစီအင်ပါယာနဲ့ ရွှေကျီးကန်းကလန်ရဲ့ ဘိုးဘေးတို့က အင်ပါယာတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့က အင်ပါယာဖြစ်လာတဲ့အချိန် တိုတောင်းသေးတယ် ဆိုပေမဲ့ တော်ဝင်အင်ပါယာက တော်ဝင်အင်ပါယာပဲလေ။ သူတို့နှစ်ယောက်သာ အတူတူ ပူးပေါင်းမယ်ဆိုရင် သွေးနတ်ဆိုးလောကရဲ့ တော်ဝင်အင်ပါယာကို ခုခံနိုင်လိမ့်မယ်။ ဟုတ်တယ်မလား။ " ယန်ရှိုက စဉ်းစားလိုက်သည်။

"လုပ်ပါ … သွားစရာ ရှိတာသွား" လီယွင်သည် လက်ကို အသာ ယမ်းခါလိုက်၏။

"ဒါဆိုလည်း သွားလိုက်ပါအုံးမယ်" ယန်ရှိုသည် ထပ်မံကာ ဦးညွှတ်လိုက်၏။ ပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူ၏ အမြန်နှုန်းသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သို့ လာသည်ထက် အဆပေါင်းများစွာ ပိုမြန်နေ၏။ အပြင်ဖက်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းမှာတော့ ပိုင်ချမ်းဟန်၏ အမူအရာသည် ကောင်းမွန်လှသည် မဟုတ်ချေ။ ယန်ရှို၏ စကားများသည် သူ့ကို သတိပေးနေသကဲ့သို့ပင်။ သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာသည် တော်ဝင်ယင်နိုင်ငံသည် ချက်ချင်းပစ်မှတ်ထားလိမ့်မည် မဟုတ် ဆိုသော်လည်း သူလည်းပဲ ကျိန်းသေပေါက် အန္တရာယ်ကျရောက်နိုင်သည်။ ဘာတွေဖြစ်မည်ကို သေသေချာချာ မသိရှိနိုင်ပေ။ တော်ဝင်အင်ပါယာ တစ်ယောက်အနေဖြင့် ပုရွက်ဆိတ်လေးများကို သတ်ဖြတ်ပစ်ရန်အတွက် စိတ်ထဲတွင် သေချာ တွေးတောနေလိမ့်မည် မဟုတ်ချေ။ တော်ဝင်အင်ပါယာ၏ မျက်လုံးထဲတွင် တော်ဝင်ယင်နိုင်ံဆိုသည်မှာ ပုရွက်ဆိတ်ထက် ဘာမှခြားနားလိမ့်မည် မဟုတ်ချေ။

"စီနီယာ အခွင့်အရေးကို ကျုပ်သာ ရချင်တယ်ဆိုရင် အန္တရာယ်ရှိနေသေးလား"

ပိုင်ချမ်းဟန်၏ အမူအရာသည် ပျက်ရွင်းလျက် ရှိ၏။ ခဏလောက် စဉ်းစားပြီးနောက် သိုင်းကျမ်းအနည်းငယ်ကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်၏။ ထိုထဲတွင် ကံကြမ္မာကောင်းချီး သူတော်စင်သိုင်းနည်းစနစ်လည်း ပါဝင်၏။

"ခင်ဗျားရဲ့ အသက်ကတော့ လုံခြုံပါတယ်"

လီယွင်သည် သိုင်းနည်းစနစ်များကို ကြည့်ရှုပြီးသည့်နောက် ထိုစကားစုကို ပြောဆိုလိုက်၏။ ပိုင်ချမ်းဟန်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ မျက်နှာတစ်ခုလုံး စိတ်သက်သာရာ ရသလိုဖြစ်သွားခဲ့၏။ ဤစကားစုကို ကြားသိရန်အတွက် များပြားလှသည့် ကုန်ကျစရိတ်များ ကုန်ကျခဲ့သည် ဆိုလျှင်တောင်မှ သူ့၏ အသက်သည် အာမခံချက် တည်ရှိသွားခဲ့၏။ လီယွင်၏ စကားလုံးများသည် ပိုင်ချန်းဟန်၏ စိတ်နှလုံးများကို အေးချမ်းစေနိုင်သည့် စိတ်နှလုံးငြိမ်ဆေးကဲ့သို့ပင်။

သူသည် လေးလေးစားစားဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း ကျုပ်သွားပါအုံးမယ် စီနီယာ"

“အင်း ….”

လီယွင်က ခေါင်းညိတ်လိုက်၏။ လီယွင်၏ တုံ့ပြန်မှုကို ရရှိပြီးနောက် ပိုင်ချမ်းဟန်သည် ဤနေရာတွင် တွေဝေပြီး ရပ်မနေတော့ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားပြီး သွေးနတ်ဆိုး ကလန်၏ ဘိုးဘေးတည်နေရာဆီသို့ အမြန်ဆုံး လှမ်းသွား၏။

အချိန်သည် တကယ်ပင် အရေးကြီးလို့နေ၏။ သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာသည် အချိန်မရွေး ရောက်ရှိလာနိုင်၏။ အခွင့်အရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရရှိအောင် ကြိုးစားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အနည်းငယ်သော နှောင့်နှေးခြင်းများ ဖြစ်ခဲ့ပါက မထင်မှတ်ထားသည်များ ကြုံရနိုင်၏။ ထို့ကြောင့် သူသည် ထိုနေရာဆီသို့ အမြန်ဆုံး သွားလိုက်ခြင်းပင်။

All Chapters