← Chapters

အခန်း (၃၄၇)

Vol. 24 Ch. 347

အခန်း (၃၄၇)

Vol. 24 Ch. 347

ပိုင်ချမ်းဟန်နှင့် ယန်ရှိုတို့ ထွက်ခွာသွားခဲ့ပြီးသည့်နောက် လီယွင်သည် ရှေ့တွင်ရှိနေသည့် စာရင်းနှစ်ခုကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။ မြင်ကွင်းတွင် သာမာန်ထက်ပိုလွန်းလှသည့် အလှအပစာရင်း နှစ်ခုက တည်ရှိနေ၏။ အချိန်အတော်ကြာတည်းက ထိုစာရင်းကို ထုတ်ဖော်ရန် စဉ်းစားခဲ့သော်လည်း ယခုထိ မထုတ်ပြန်ရသေးချေ။

လက်ရှိအခြေအနေမှာတော့ လောကကြီးတစ်ခုလုံး သိရှိရန် အချိန်ကျရောက်ပြီ ဖြစ်၏။ စာရင်းတစ်ခုတွင် တော်ဝင်သူတော်စင်အဆင့်ဆီမှ တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူများ ပါဝင်သည်။ ထိုစာရင်းထဲ၌ လူဆယ်ယောက်တည်းသာ ရှိ၏။ သို့ပေမဲ့ လောကကြီး သုံးခုဖြစ်သော မြေအင်မော်တယ်လောက၊ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောက သုံးခုလုံးရှိ ကျင့်ကြံသူများကို အနှစ်ချုပ်ထားခြင်း ဖြစ်သည်။ လောကကြီးသုံးခုစလုံး၏ ထိပ်တန်းကျင့်ကြံသူ အလှအပစာရင်းဟု သုံးသပ်၍ ရသည်။

သူ့အနေနှင့် လူပေါင်းများစွာ တို့ကို ထည့်မတွက်ချင်ပေ။ မဟုတ်ပါက အကုန်ရှုပ်ရှက်ခပ်ကုန်ပေလိမ့်မည်။ စာရင်း၌ လူအနည်းငယ်သာ တည်ရှိနေခြင်း မဟုတ်ပေ။ လှပလွန်းသော အမျိုးသမီး စွမ်းအားမြင့် ကျင့်ကြံသူမှာ နည်းပါးနေသောကြောင့် စာရင်း၌ လူနည်းနေခြင်း ဖြစ်သည်။ ပြိုင်ဘက်ကင်း အလှအပစာရင်းသည် တကယ့်ကို ပြိုင်ဘက်ကင်းလှသည့် အလှအပကို ပိုင်ဆိုင်သည့် လူများ ဖြစ်မှ အဓိပ္ပာယ် ရှိပေလိမ့်မည်။

ထို့အပြင် အမျိုးသမီး စွမ်းအားမြင့်ကျင့်ကြံသူများ အားလုံးတို့သည် ၎င်းတို့၏ ငယ်ရွယ်နုပျိုစဉ်က ပုံပန်းသွင်ပြင်မျိုး ရှိကြတော့သည် မဟုတ်ကြပေ။ တချို့သောသူများသည် ငယ်ရွယ်စဉ်တုန်းက အလွန် လှပသည့် ရုပ်ရည်သွင်ပြင်မျိုး ရှိခဲ့သည် ဆိုလျှင်တောင်မှ အသက်ကြီးသွားသည့် အချိန်မှာတော့ ၎င်းတို့၏ အလှအပတရားများသည် ယုတ်လျော့သွားခဲ့ကြ၏။ ထို့ကြောင့် လူပေါင်းများစွာတို့သည် ထိုစာရင်းထဲတွင် မပါဝင်ကြခြင်းပေ။

တခြားသော စာရင်းတစ်ခုမှာတော့ လူငယ်မျိုးဆက်၏ အလှအပ စာရင်းဖြစ်သည်။ လောကသုံးခုတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ထည့်သွင်း တွက်ချက်ထားခြင်းလည်း တူညီသည်။ ဤစာရင်း၏ အရေအတွက်မှာတော့ ဆယ်ယောက် မဟုတ်ချေ။ တစ်ရာသာလျှင် ဖြစ်၏။

“စနစ်”

လီယွင်ကပြောလိုက်သည်။ "ဒီစာရင်းနှစ်ခုကို ထုတ်ဖော်လိုက်တော့”

အသံထွက်ပေါ်လာချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ရောင်စဉ်အလင်းတန်း နှစ်ခုက ဖြစ်တည်လာခဲ့၏။ ကျယ်လောင်လွန်းလှသည့် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာခဲ့ပြီး အလင်းတန်းများသည် တဖျတ်ဖျတ်နှင့် လင်းလက်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင်တွင် တည်ရှိသော နိယာမများသည် လိမ်ယှက်ကာဖြင့် သက်ဆင်းလာခဲ့၏။

ထိုအရာကို အာရုံခံမိပုံဖြင့် ကောင်းကင်၏လမ်းစဉ်များ ရစ်သိုင်းလျက်ရှိနေသည့် ကျောက်တိုင်ကြီး နှစ်ခုကဲ့သို့ ပုံရိပ်ယောင် စာရင်းနှစ်ခုသည် သည် ကောင်းကင်ယံထက်ဆီမှ အောက်ဆီသို့ ကျဆင်းလာခဲ့ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဘက်တွင် ထင်ပေါ်လာသည်။

“နောက်ထပ်စာရင်းသစ်လား”

တော်ဝင်သဲကန္တာရမြို့ထဲမှာတော့ လူပေါင်းများစွာတို့သည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့သော ပြောင်းလဲမှုကို ကြည့်ရှုပြီးနောက် အံ့အားသင့်သည့် အမူအရာများ ဖြစ်တည်လာခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် သည် မထင်မှတ်ထားလောက်အောင်ပင် တစ်ရက်အတွင်း စာရင်းနှစ်ခုကို ထုတ်ဖော်ခဲ့၏။ ဤအရာသည် သမိုင်းတွင် ပထမဦးဆုံးသော အကြိမ်သာလျှင်ဖြစ်၏။

“ဒီတစ်ကြိမ် ဘာစာရင်းဖြစ်မလဲ သိချင်မိတယ်” တစ်စုံတစ်ယောက်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

“ကြည့်ရတာ ပြိုင်ဘက်ကင်း အလှအပစာရင်းပဲ” လူငယ်တစ်ယောက်က ထကာ အော်ဟစ်လိုက်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ပြိုင်ဘက်ကင်း အလှအပစာရင်းကို ထုတ်ဖော်ခဲ့တယ်။ ကျုပ်ရဲ့ ဂျူနီယာညီမလေး ထျန်းရှင်းပေါင် က ပန်းလေးလို လှပတယ်လေ။ ကျိန်းသေပေါက် ဒီထဲမှာပါမှာ သေချာတယ်”

“ဟမ့်... ကျုပ် စီနီယာအစ်မရဲ့ ခန္ဓာကိုယ်ကမှ တကယ့်ကို လှတာ၊ ပြီးတော့ ကောင်းကင်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ လက်သီးနဲ့ထိုးပြီးတော့ အနိုင်ယူခဲ့ဖူးတယ်။ သူမက အနည်းငယ်သာ အသက်ကြီးနေတာမဟုတ်ရင် ကောင်းကင်ပါရမီရှင်စာရင်းမှာ ကျိန်းသေပေါက်ပါမယ့် လူမျိုးပဲ” ခန္ဓာကိုယ်တစ်ခုလုံးသည် ကြွက်သား အမြှောင်းမြှောင်း နှင့် တောင့်တင်းလျက်ရှိနေပြီး ကြီးမားလွန်းသည့် ပုဆိန်ကြီးတစ်လက်ကို ပခုံးပေါ်သို့ ထမ်းတင်ထားသည့် လူတစ်ယောက်သည် လေသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒီ ပြိုင်ဘက်ကင်း အလှအပစာရင်းမှာ အသက်ကန့်သတ်ချက်သာ မရှိဘူးဆိုရင် ကျုပ်ရဲ့စီနီယာအစ်မက ကျိန်းသေပေါက် နေရာတစ်နေရာ ရလိမ့်မယ်”

“ဟမ့်”

လူအုပ်ထဲတွင်ရှိနေသည့် များပြားလွန်းလှသော မွန်းစတားကလန်မှ လူများအားလုံးတို့သည် အထင်အမြင် သေးသလို ပြုံးလိုက်ကြ၏။ ၎င်းတို့၏ ဦးခေါင်းထက်တွင် ဦးချိုများ တည်ရှိနေကြ၏။ “လူသားမျိုးနွယ်တွေမှာ အလှအပဆိုတာ ရှိနေသေးတာလား ဟာသပဲ”

“ကျုပ် ညိုပါးထျန်း အနေနဲ့ နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံခြင်းလောကထဲမှာ လှည့်လည်ပြီး လျှောက်သွားခဲ့တာ၊ လူသားမျိုးနွယ်အနေနဲ့ လှပတယ်ဆိုတာကို တစ်ခါမှတောင် သတိမပြုမိခဲ့ဘူး။ လူသားတွေက ဘယ်နေရာမှာများ လှလို့လဲ”

“ဘာတွေငြင်းနေတာလဲ။ ပြိုင်ဘက်ကင်း အလှအပစာရင်းကိုသာ ကြည့်လိုက်စမ်းပါ” တစ်ယောက်က ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

ဤစကား ထွက်ပေါ်လာသည့် အချိန်၌ အားလုံးသော ကျင့်ကြံသူများသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ၎င်းတို့သည် စာရင်းကို လှမ်းကာကြည့်ရှုလိုက်၏။

[ပထမနေရာ - နိရယ အင်ပါယာ

လူမျိုး - အင်မော်တယ်ကလန်

ဌာနေ - နိရယ အရှင်မ

ကျင့်ကြံခြင်းအဆင့်- တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်

လောက - မြေအင်မော်တယ်လောက]

[ဘာသာပြန်သူ မှတ်ချက် - နိရယ= ငရဲ ...။ ငရဲလောကများ ရှုပ်ထွေးမည် စိုးသောကြောင့် ဘာသာပြန်သူသည် သီခြားနာမည် တစ်ခုကို ရွေးချယ်ထားခြင်း ဖြစ်သည်။ အဓိပ္ပာယ် တူညီပြီး စာလုံးသာ ကွဲပြားသွားခြင်း ဖြစ်သည်။ နောက် ငရဲလောကကြီး တစ်ခုအားလည်း ရောရုဝပြည် ဟု ပြန်ဆိုပါမည်။]

“မြေအင်မော်တယ်လောကရဲ့ တစ်စုံတစ်ယောက်လား”

“နိရယ အင်ပါယာဟုတ်လား။ စိတ်ဝင်စားစရာပဲ။ ကျုပ် တို့ ကောင်းကင်မူလလောကကြီးထဲမှာလည်း ငရဲကလန် ဆိုတာ ရှိတယ်။ သူတို့က သေဆုံးပြီးတဲ့နောက်မှာ ပြန်လည် အသက်ဝင်လာတဲ့ အလောင်းကောင်လိုမျိုးတွေပဲ။ ဒီနိရယအင်ပါယာကတော့ အသက်ရှင်နေဆဲ လူသား အင်ပါယာတစ်ယောက် ဖြစ်ရမယ်။ သေပြီးမှ အလောင်းကောင်လို ဖြစ်သွားတာမျိုး မဟုတ်လောက်ဘူး။ မျိုးနွယ်မှာ အင်မော်တယ် ကလန်လို့ ညွှန်းဆိုထားတယ်”

“အင်း ... ပြိုင်ဘက်ကင်း အလှအပစာရင်း ပထမနေရာမှာ ရှိတယ်ဆိုတော့ ဘယ်လောက်ထိလှလဲ ကျုပ် သိချင်မိတယ်။ ဒီလို လှပတဲ့မိန်းမတစ်ယောက်ကို ကိုယ့်မျက်လုံးနဲ့ တပ်အပ်မြင်ရမယ်ဆိုရင် အသက်ပေးပြီး ကြည့်ဆိုကြည့်တယ်”

“ဟမ့် .... ခင်ဗျားက နိရယအင်ပါယာဆိုတဲ့ နာမည်ကို ပါးစပ်က ထုတ်ပြောရဲတယ်ပေါ့၊ ကျုပ်တို့ မြေအင်မော်တယ် လောကကြီးမှာ ဘယ်သူမှ နိရယ အင်ပါယာ ရဲ့အစစ်အမှန် မျက်နှာကို မမြင်ဖူးဘူး။ နိရယ အင်ပါယာ သာ ပေါ်လာမယ်ဆိုရင် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဖျက်ဆီးပစ်လို့ ရတယ်”

ဆွေးနွေးမှုပေါင်းများစွာသည် လေထုထဲတွင် ပေါ်ပေါက်လျက် ရှိနေ၏။ ပြိုင်ဘက်ကင်း အလှအပ စာရင်းတွင် ပါဝင်သည့်လူများ၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို အားလုံးသောသူတို့က မြင်ဖူးချင်စိတ်ဖြင့် စိတ်ဝင်တစား ဖြစ်လို့နေကြ၏။

“ပြိုင်ဘက်ကင်း အလှအပစာရင်းမှာ အားအနည်းဆုံးက တော်ဝင်သူတော်စင်အဆင့် ဖြစ်နေတာပဲ။ ဒီစာရင်းက တကယ့်ကို စွမ်းအားမြင့်ကျင့်ကြံသူအိုကြီးတွေ လွှမ်းမိုးထားတဲ့စာရင်း ဖြစ်မယ်” အကြီးအကဲ တစ်ယောက် သည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်” တစ်စုံတစ်ယောက်က သဘောတူညီလိုက်၏။

“ဒီစာရင်း ထွက်ပေါ်လာပြီဆိုတော့ တချို့ မွန်းစတားအိုတွေက သူတို့ရဲ့ အရင်တုန်းက ပုံပန်းသွင်ပြင်ကို ပြန်ရအောင် ကြိုးစားတော့မယ်နဲ့ တူတယ်”

လှပမှုဆိုသည်မှာ အားလုံးသော သူတို့ လိုချင်သည့် အရာပင်ဖြစ်နေ၏။ ကျင့်ကြံခြင်းလောကတွင် ဆိုလျှင်တောင်မှ ထိုအရာသည် အလုံးစုံ မှန်ကန်သည့် အစစ်အမှန် တရားပင် ဖြစ်လေ၏။ အတိတ်တုန်းက လူပေါင်းများစွာတို့ ကျင့်ကြံသည့်အရာကိုသာ အာရုံစိုက်ထားကြပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်တို့ကို ဂရုမစိုက်ခဲ့ကြချေ။

သို့ပေမဲ့ ပြိုင်ဘက်ကင်း အလှအပစာရင်း ထွက်ပေါ်လာပြီးသည့်နောက် လှပမှုကိုပြန်လည်ကာ လိုချင်ကြသည့် အမျိုးသမီးများသည် ပြန်လည်ကာ ကြိုးစားကြတော့မှာ သေချာ၏။

ထို့အပြင် တော်တော်များများတို့သည် ကျင့်ကြံခြင်းလမ်းစဉ်၌ ၎င်းတို့၏အသွင်အပြင်များကို လျစ်လျူရှုထားခဲ့၏။ သို့ပေမဲ့ လက်ရှိ ပြိုင်ဘက်ကင်း အလှအပစာရင်း ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် မိန်းကလေးငယ် အားလုံးတို့သည် ရိုးရှင်းသည့် နည်းလမ်းများကိုအသုံးပြု၍ ရုပ်ရှည်သွင်ပြင်ကို ထိန်းသိမ်းနိုင်ရန် ကြိုးစားကြပေတော့မည်။ အထူးသဖြင့် မွန်းစတားများကဲ့သို့ ပုံပန်းသွင်ပြင်ပြောင်းလဲရန် မလိုအပ်သည့် လူသားမျိုးနွယ်များပင်ဖြစ်သည်။

“ကြည့်... ဒုတိယမြောက် ပြိုင်ဘက်ကင်းအလှအပစာရင်း ရဲ့ ပထမနေရာမှာ ရှိတာ ယုရှင်းချန်ပဲ။ ဒီမိန်းကလေးရဲ့ အားအင်အဆင့်က ပြိုင်စံရှားတယ်။ ပြီးတော့ ရုပ်ရည်ကလည်း တကယ့်ကို နှိုင်းယှဉ်လို့ မရအောင် လှပတာဖြစ်မယ်”

“တော်ဝင်ဓားဂိုဏ်းရဲ့ ဖန်းနီရှန်လည်း စာရင်းထဲပါသေးတာပဲ” တော်ဝင်ရင်နိုင်ငံတော်၏ အကြီးအကဲ တစ်ယောက်သည် လေးလေးနက်နက်အမူအယာဖြင့် ဝင်ကာပြောဆိုလိုက်၏။

“ဖန်းနီရှန်က လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်လေ။ မူလအားဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ပဲလေ၊ ဒါပေမဲ့ တော်ဝင်ဓားဂိုဏ်းထဲကို ဝင်ပြီးတဲ့နောက်မှာ တကယ့်ကို အားကောင်းတဲ့အဖွဲ့အစည်း တစ်ခုရဲ့နောက်ခံကို သူမက ရရှိခဲ့တယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့တာပေါ့။ သူမရဲ့ အနာဂတ်က တစ်ကယ့်ကို အကန့်အသတ်မဲ့ပဲ” အဘိုးအိုတစ်ယောက်က ဝင်ရောက်ကာပြောဆိုလိုက်သည်။

ဖန်းနီရှန်၏ လက်ရှိ လှုပ်ရှားမှုများသည် တကယ်ပင် ဆန်းကြယ်လွန်းလှချေ၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်သည် နားလည်နိုင်မှုထက် ပိုမိုကာ မြန်ဆန်လို့နေခဲ့၏။ တော်ဝင်ဓားဂိုဏ်းသည် သူမကို အစစ်အမှန် ကူညီပေးနေသည်သာမက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူ ပေးလျက် ရှိနေသေး၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်နှင့် အဆင့်တိုးတက်လာခဲ့ခြင်းပင်။

သူမသည် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်း အဆင့်စာရင်း၏ နှစ်ရာထဲတွင် ဝင်ရောက်ပြီး ကောင်းကင်မူလလောကကြီး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးဆယ်ယောက်ထဲသို့ပင် ချိုးဖြတ် ဝင်လုမတတ် ဖြစ်နေ၏။

အတိတ်တုန်းက သူမသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ထိပ်တန်းသုံးဆယ် စာရင်းထဲတောင်ပင် ဝင်ခဲ့သည် မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တကယ့်ကို တိုးတက်လာခဲ့သည်ဟု ပြောဆိုရမည်။

လူတော်တော်များများတို့သည် ထိုအခြင်းအရာကို သိရှိပြီးနောက် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ သို့ပေမဲ့ လီယွင်ကတော့ ကောင်းကောင်း နားလည်၏။ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်သည် ဆိုသော်လည်း သူမသည် အဘွားအိုတစ်ယောက်ကို ပိုင်ဆိုင်လို့နေခဲ့၏။ သူမသည် အဓိက ဇာတ်ဆောင် တစ်ယောက်အဖြစ် လိုက်ဖက်လှသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေ၏။ ကောင်းကင်မူလ လောကကြီး၏ အနာဂတ် ကံကြမ္မာ သမီးတော်ဟုပင် သတ်မှတ်ရပေလိမ့်မည်။

တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အနေနှင့် ကောင်းကင်မူလလောကကြီး၏ ကောင်းကင်ပါရမီရှင် စာရင်း၏ ထိပ်ဆုံးသုံးဆယ်စာရင်းနားသို့ ရောက်ရှိသည် ဆိုခြင်းမှာ သာမန်ထက်ပိုသည့် လူတစ်ယောက် ဖြစ်ကြောင်း သက်သေပြချက်ပင်။ တော်ဝင်ဓားဂိုဏ်း၏ ထောက်ပံ့မှုကို ရရှိသည့် အချိန်မှာတော့ သူမ၏ တိုးတက်မှုသည် အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကောင်းကင်မူလလောကကြီး၏ အနာဂတ်ပင်လျှင် သူမ အပေါ်၌ မူတည်လာပေလိမ့်မည်။ သူမ၏ အလားအလာနှင့် အကန့်အသက်သည် အခုမှ အစပိုင်းသာ ရှိသေး၏။ အင်ပါယာ တစ်ယောက်ဖြစ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်စရာ မရှိချေ။

ဒင်... ဒင်... ဒင်...

ထိုအချိန်မှာတော့ စူးရှသည့် ခေါင်းလောင်းသံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ လေထုထဲတွင် ပန်းများ ပွင့်လာခဲ့ပြီး နေ့အလင်းရောင်တစ်ခုလုံးသည် ပိုမိုကာ တောက်ပလာခဲ့၏။ ထိုအရာများနှင့်အတူ အားလုံးသော သူတို့၏ နှာခေါင်းဝဆီသို့ အလွန်မွှေးပျံ့လှသည့် ရနံ့တစ်ခုက ဝင်ရောက်လာခဲ့၏။

ကောင်းကင်ဘုံ၏ လတစ်စင်းကဲ့သို့ပင် လင်းထင်းလျက်ရှိနေသည့် ရထားလုံးတစ်ခုသည် ဖြည်းညင်းစွာ ရွေ့လျားလာ၏။ ရထားလုံး ရွေ့လျားရာ လမ်းတလျောက်၌ မွှေးပျံ့လွန်းသောပန်းများသည် တစ်ပွင့်ပြီး တစ်ပွင့် ပေါ်ပေါက်လာသည်။

“ခရမ်းရောင်နတ်မိမယ် ကျွင်းကျီရိ... ပြိုင်ဘက်ကင်း အလှအပစာရင်းမှာ သူမက ရှစ်ဆယ့်ကိုးယောက်မြောက် ချိတ်တာပဲ။ ပြိုင်ဘက်ကင်း အလှအပစာရင်းက အခုမှထုတ်ဖော်လိုက်ရုံပဲ ရှိသေးတယ်။ သူမက တကယ့်ကို ရောက်ရှိလာတာပဲ”

ရထားလုံးရောက်ရှိလာသည့်အချိန်မှာ‌တော့ ရှိရှိနေသမျှသော ကျင့်ကြံသူများသည် ခဏလောက် ကြောင်အ သွားခဲ့ကြသည်။ တချို့သော စီနီယာကျင့်ကြံသူများပင်လျှင် မည်သို့မှ မနေနိုင်ဘဲ စိတ်လှုပ်ရှားမိလာကြ၏။

All Chapters