အခန်း (၃၄၈)
Vol. 24 Ch. 348
နတ်မိမယ်ကဲ့သို့ လှပလွန်းလှသည့် အမျိုးသမီး ကျွင်းကျီရိသည် ခရမ်းရောင်နတ်နယ်မြေ တစ်ခုလုံးတွင် အလှပဆုံး မိန်းကလေးတစ်ယောက်အဖြစ် နှစ်ပေါင်းထောင်ချီကြာ ရပ်တည်နေခဲ့သူဖြစ်၏။ ထိုအရာကို ငြင်းပယ်သူ ဟူ၍ တစ်ယောက်မှ မရှိချေ။ သူမ၏ ရှေ့တွင် တချို့သော လှပပါသည်ဆိုသည့် မိန်းကလေးများပင်လျှင် ရှက်ရွံ့ သိမ်ငယ်မှု ကို ခံစားရမှာ သေချာ၏။
သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော အသားအရေနှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေသည့် အင်မော်တယ် အော်ရာများသည် အားလုံးသော သူတို့ကို ထူးခြားသည့် ခံစားချက်များ ရရှိစေခဲ့၏။ သူမကို မြင်ရသည့် လူပေါင်းများစွာ တို့သည် ခြွင်းချက်မရှိ စိတ်လှုပ်ရှားမှုကို ခံစားရ၏။ ကျောက်ရုပ်ထုကြီး တစ်ရုပ် ဆိုလျှင်တောင်မှ သူမကို မြင်သည်နှင့် စိတ်လှုပ်ရှားမှုကို ခံစားရလောက်သည်။
သူမ၏ လှုပ်ရှားမှု၊ သူမ၏ ရုပ်ရည်သွင်ပြင် အရာအားလုံးသည် ပလဲနံသင့်ကာ ကြည့်ကောင်းလွန်းလှသည်။ ကောင်းကင်ယံတွင် တည်ရှိလို့ နေခဲ့သည့် တောက်ပသည့် လကြီးတစ်စင်းကဲ့သို့ပင် အားလုံးသော သူတို့၏ မျက်လုံးထဲ၌ ထိန်ထိန်လင်း လှပနေ၏။ လူပေါင်းများစွာတို့သည် သူမကို ကြည့်ရှုရင်း ချီးကျူးနေမိကြ၏။
“အတိတ်တုန်းက ခရမ်းရောင်နတ်မိမယ်ရဲ့ နာမည်က တည်နေရာအနှံ့ကို ပျံ့နှံ့ခဲ့တယ်။ ဒီနေ့ သူမကို မြင်တော့ ပျံ့နှံ့နေတဲ့ သတင်းစကား နဲ့ တကယ့်ကို လိုက်ဖက်ပါပေတယ်။”
“ပြိုင်ဘက်ကင်း အလှအပစာရင်းထဲမှာ ရှစ်ဆယ့်ကိုးယောက်မြောက် ချိတ်တဲ့ လူတစ်ယောက် ပီသပါပေတယ်။ သာမန်ထက်ပိုပြီး လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကိုး” တစ်စုံတစ်ယောက်သည် သက်ပြင်းချကာဖြင့် ပြောဆိုလိုက်သည်။
“နန်းဆောင်သခင် ထုတ်ဖော်လိုက်တဲ့ သတင်းအချက်အလက်က ခြွင်းချက်မဲ့ အမှန်တရား ဆိုတာကို လက်ခံပါတယ်။ ခရမ်းရောင်နတ်မိမယ်က တကယ့်ကို သာမန်ထက်ပိုတဲ့ အမျိုးသမီးလေ။ ဒါပေမဲ့ ဒီလို အလှအပမျိုးတောင် ရှစ်ဆယ့်ကိုးယောက်မြောက်မှာ ရှိတယ်ဆိုတော့ ထိပ်ဆုံး တစ်ဒါဇင်စာရင်းမှာရှိတဲ့ အမျိုးသမီးတွေ က ဘယ်လောက်တောင် လှလိမ့်မလဲ” လူငယ် ပါရမီရှင် တစ်ယောက်သည် တီးတိုး ရေရွတ်လိုက်မိ၏။
“အင်း... ဒီလိုလူတွေက သာမန်လူတွေ ချဉ်းကပ်လို့ ရနိုင်တဲ့ လူတွေ မဟုတ်ဘူးလေ။ ပြိုင်ဘက်ကင်း အလှအပ စာရင်းမှာ ရှိနေတဲ့ လူတစ်ယောက်ချင်းစီတိုင်းက ကြီးမားတဲ့ နောက်ခံကို ပိုင်ဆိုင်တဲ့ လူတွေကြီးပဲ။ ပြီးတော့ လူတော်တော်များများက ကောင်းကင်ပါရမီရှင်စာရင်းမှာ ပါတဲ့လူတွေကြီးပဲ။ အနားကပ်ဖို့တောင် မလွယ်တာ စကားပြောဖို့ဆိုရင် ဝေးလာဝေး”
“မြေအင်မော်တယ်လောကက ထိပ်တန်းကျွမ်းကျင်သူတချို့လည်း ပါနေသေးတယ်” စီနီယာတစ်ယောက်သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် နန်းဆောင်သခင်ရဲ့ ပြိုင်ဘက်ကင်း အလှအပ စာရင်းဆိုတာက လူသားမျိုးနွယ်တွေရဲ့ အခြေခံ စံသတ်မှတ်ချက်ပေါ် မူတည်ပြီး ထုတ်ဖော်ခဲ့တာလား” တစ်စုံတစ်ယောက်က သူ၏ အတွေးကို ထုတ်ဖော်လိုက်၏။
“အဲလိုလည်း ဖြစ်နိုင်တယ်”
သူတော်စင် တစ်ယောက်က ဝင်ရောက်ကာ ထောက်ခံလိုက်၏။ သူသည် မွန်းစတား ကလန်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဘယ်မျိုးနွယ်၊ ဘယ်သက်ရှိ၊ ဘယ်မွန်းစတားမှာပဲဖြစ်ဖြစ် သူတို့က အောင်မြင်အောင် ကျင့်ကြံပြီးတဲ့နောက်မှာ လူသားပုံစံကို ပြောင်းနိုင်တယ်လေ။ ပြီးတော့ နန်းဆောင်သခင်က လူသားမျိုးနွယ်ကို အခြေခံပြီးတော့ ဒီစာရင်းကို ထုတ်ဖော်ထားတယ် လက်သင့်ခံရမယ့် အရာပဲ မဟုတ်လား။ လူသားတွေက မွန်းစတား ပုံစံပြောင်းပြီး ဝင်ယှဉ်ပြိုင်လို့မှ မရတာ။ လူသားကျင့်ကြံသူတစ်ယောက်က အားအားယားယား ခေါင်းမှာ ဂျိုတပ်ပြီး လျှောက်သွားနေတာ ခင်ဗျားတို့ မြင်ဖူးကြလား”
“မြေအင်မော်တယ်လောကကို သွားတဲ့အချိန်မှာ ပြိုင်ဘက်ကင်း အလှအပစာရင်းမှာရှိတဲ့ နတ်မိမယ်တွေရဲ့ မျက်နှာကို မြင်ဖူးတယ်ရှိအောင် ကြည့်လိုက်ချင်တယ်” လူတော်တော်များများသည် စတင်ကာ စိတ်ဝင်စားလာကြ ၏။
“ဒီလိုအတွေးမျိုးကို ဖယ်ရှားဖို့ ငါ အကြံပြုချင်တယ်။ မြေအင်မော်တယ်လောကကို သွားမယ်ဆိုရင် မြေအင်မော်တယ်လောက မှာရှိတဲ့ လူတွေအကုန်လုံးကလည်း ဒီကို လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ ဒါဆိုရင် အလှအပစာရင်းဆိုတာလောက်နဲ့ ရိုးရှင်းတဲ့ ကိစ္စမျိုး ဖြစ်လာတော့မှာ မဟုတ်ဘူး” စီနီယာတစ်ယောက် သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
မြေအင်မော်တယ်လောကသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထိုနေရာတွင် ရှိနေသည့် လူများအားလုံးတို့၏ စိတ်နေစိတ်ထားသည် မည်သို့ ရှိသည်ကို သူတို့ မသိချေ။ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကပေါ်သို့ မလျော်ညီသည့် အတွေးများ ရှိနေသည်ဆိုပါက သူတို့အနေနှင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
မြေအင်မော်တယ်လောကရှိ သတ္တဝါများဆီမှ သတင်းအချက်အလက် အစိတ်အပိုင်းတချို့ကို ကြည့်ရှုရမည်ဆိုလျှင် ထိုနေရာ၌ အစစ်အမှန် အင်မော်တယ်များလည်း အသက်ရှင်နေထိုင် နေကြ၏။ ထိုကဲ့သို့သော လူများ သည်သာ ဝင်ရောက်ကာ လှုပ်ရှားမည်ဆိုပါက ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီး တို့သည် လက်တစ်ချောင်းနှင့် ချိုးဖြတ်ရုံဖြင့် လုံလောက်သည့်အရာမျိုး ဖြစ်လာပေလိမ့်မည်။
အလှအပစာရင်း အနည်းငယ်အတွက်နှင့် တစ်လောကလုံး ရှုပ်ထွေးစေခြင်း ဆိုသည်မှာ အရူးသာလျှင် ပြုလုပ်မည့် အရာမျိုးပင်။ မြေအင်မော်တယ်လောကမှလူများ တည်နေရာ ဖြတ်သန်းကာ ရောက်ရှိမလာခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မြေအင်မော်တယ်လောကမှလူများ ဤနေရာသို့ ရောက်ရှိလာမည်ဆိုပါက သူတို့အနေနှင့် ဘေးကျပ်နံကျပ် အခြေအနေမျိုး ကြုံတွေ့ရမှာ သေချာ၏။
တခြားတစ်ဖက်မှ ကြည့်ရှုရမည်ဆိုလျှင် မြေအင်မော်တယ် လောကမှ လက်ရှိ ရောက်ရှိနေကြသည့် လူများသည် ထိုကဲ့သို့ပင် စိတ်ပူရန် လိုအပ်လာခဲ့သည်။
“ပြိုင်ဘက်ကင်း အလှအပစာရင်းက လူတွေကို မြင်ချင်တယ် ဆိုရင်တော့ ရိုးရှင်းတယ်။ မင်းရဲ့ရှေ့မှာ ရှစ်ဆယ့်ကိုးယောက်မြောက် နေရာမှာရှိတဲ့ အလှအပတစ်ယောက်ရှိတယ်။ ပြီးတော့ အဆင့်တစ် နေရာမှာရှိတဲ့ လူတစ်ယောက်လည်း ရှိသေးတယ်။ အဲမိန်းကလေးကို ကြည့်ချင်ရင် ခွန်လွန်လေဟာနယ်မှာ သွားကြည့်လို့ရတယ်” တစ်စုံတစ်ယောက်က ဝင်ရောက်ကာ နောက်ပြောင်လိုက်၏။
“တာအိုရောင်းရင်း... နောက်နေတာလား” စောဏက ပြောဆိုခဲ့သည့်လူသည် မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အင်ပါယာတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့သည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်နယ်မြေဖြစ်သော ခွန်းလွန်လေဟာနယ်သည် သာမန်လူများ သွားရောက် နှောင့်ယှက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
ခွန်လွန်လေဟာနယ်ဆိုသည်မှာ ပိုမိုကာပင် ဆိုးရွားလွန်းလှ၏။ တချိန်တုန်းက တားမြစ်တည်နေရာ ဖြစ်ခဲ့ပြီး လက်ရှိ အခြေအနေတွင် ပိုမိုကာပင် ကန့်သတ်ချက်များ များပြားလာခဲ့၏။ အထူးသဖြင့် အသက်ရှင်နေသည့် အင်မော်တယ် တစ်ယောက် နေထိုင်လျက် ရှိနေသည်ဟု အားလုံးက သိရှိပြီး ဖြစ်သည်။
ဒုတိယမြောက် ပြိုင်ဘက်ကင်း အလှအပစာရင်း၏ ပထမနေရာရှိ ယုရှင်းချန်ကို ကြည့်ရှုရန်အတွက် ခွန်လွန် လေဟာနယ်ထဲသို့ ဝင်သွားခြင်း ဆိုသည်မှာ သေလမ်းရှာခြင်းနှင့် ခြားနားလိမ့်မည် မဟုတ်ချေ။ ခွန်လွန် လေဟာနယ် ဆိုသည်မှာ ရီကလန်နှင့် လင်းကလန်ကဲ့သို့ အင်ပါရီယာကလန်များကိုပင် ဂရုစိုက်သည့်လူများ မဟုတ်ကြောင်း တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လူအနည်းငယ်သည်သာ ထိုအထဲသို့ ဝင်သွားခဲ့ပြီး ဝင်သွားသည့် လူတိုင်းတွင် အသက်ရှင်ကာ ပြန်ထွက်လာခဲ့သည့်လူဟူ၍ ရီချန်နှင့်၎င်း၏ သက်တော်စောင့်သာလျှင် ရှိ၏။ တခြား မည်သူမှ မရှိချေ။ အင်ပါရီယာ လက်နက်ကို ကိုင်ဆောင်ထားခဲ့သော ကွာစီအင်ပါယာ တစ်ယောက်ပင်လျှင် အထဲ၌ အသက်ရှင် နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ဖြစ်ကြောင်း ညွှန်းဆိုလျက် ရှိနေ၏။
“ဒီပြိုင်ဘက်ကင်း အလှအပစာရင်း ပေါ်ပေါက်လာတဲ့ အချိန်မှာ သံသယရှိစရာ မလိုအောင် အကျိုးအမြတ် ရတဲ့လူက ကျုပ်တို့ ရာဂတာအိုဂိုဏ်းပဲ” ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ခေါက်ယပ်တောင်ကို အသာဖွင့်ကာဖြင့် ခပ်လျက် ရှိ၏။ ထို ခေါက်ယပ်တောင်ပေါ်တွင် အမျိုးသားနှင့် အမျိုးသမီး သံဝါသပြုသည့် နည်းလမ်းများကို ရေးဆွဲထားသည်။ (အထင်ကရ သိုင်းကျမ်းကြီးပင်)
“အင်း... ကျုပ် အခုလေးတင် သတင်းပို့လိုက်ပြီ။ မဝေးတော့တဲ့ အနာဂတ်မှာ ကျုပ်တို့ ရာဂတာအိုဂိုဏ်းရဲ့ သခင်လေးက ခရမ်းရောင်နတ်နယ်မြေဆီ မင်္ဂလာဆောင် သွားမြန်းလိမ့်မယ်” သူသည် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်၏။
ထိုစကားကို ကြားရသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် ထူးဆန်းသော အမူအရာများဖြင့် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ သူတို့သည် သေလူကို ကြည့်နေသကဲ့သို့ပင်။
ခရမ်းရောင်နတ်မိမယ်၏ ဂုဏ်သိက္ခာသည် တကယ်ကို ကြီးမားလွန်းလှ၏။ အတိတ်တုန်းက များပြားလှသည့် သူတော်စင်များပင်လျှင် သူမကို သွားရောက်မြန်းခဲ့သည် ဆိုသော်လည်း အားလုံးသော သူတို့သည် အဆုံးသတ်၌ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။
ရာဂတာအိုဂိုဏ်း၏ သခင်လေးသည်သာ သွားရောက်မြန်းသည်ဆိုပါက ခရမ်းရောင်နတ်နယ်မြေမှ ကန်ထုတ် ခံရလျှင်ပင် တော်တော် ကောင်းမွန်သည်ဟု သုံးသပ်ရပေလိမ့်မည်။ ယင်နှင့်ယန်ကို ကျင့်ကြံသည့် ဂိုဏ်းတစ်ခု ဖြစ်သော ရာဂတာအိုဂိုဏ်းအနေနှင့် ခရမ်းရောင်နတ်နယ်မြေနှင့် မဟာမိတ် ဖွဲ့ချင်နေသည် ဆိုခြင်းမှာ တကယ့်ကို အိမ်မက် မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
“တာအိုရောင်းရင်းက တကယ့်ကို အမြင်ကျဉ်းတာပဲ”
တစ်စုံတစ်ယောက်သည် လက်ကို ယမ်းခါကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “တကယ်လို့ ရာဂတာအိုဂိုဏ်းက လက်ထပ်ပွဲအတွက် သွားမြန်းချင်တယ် ဆိုရင် မြေအင်မော်တယ်လောကကို ဘာလို့ မသွားရတာလဲ။ ဥပမာအားဖြင့် ပြိုင်ဘက်ကင်း အလှအပစာရင်းမှာ နံပါတ်တစ်နေရာမှာချိတ်တဲ့ နိရယ အင်ပါယာ ရှိနေသေးတယ် မဟုတ်လား။ သူ့ကို သွားမြန်းကြည့်ပါလား”
“ခင်ဗျား နောက်နေတာလား တာအိုရောင်းရင်း” ရောင်စုံဝတ်စုံနှင့်လူသည် မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့၏။
မြေအင်မော်တယ်လောက၏ နိရယ အင်ပါယာဆိုသည်မှာ လွယ်လွယ်ကူကူဖြင့် သွားရောက်ညှိနှိုင်း ပြောဆို၍ ရသူ မဟုတ်ချေ။ သူမ၏ အားအင်အဆင့်သည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ပင် ရောက်ရှိလို့နေ၏။ ထိုကဲ့သို့သော လူမျိုးကို သွားရောက်စကားပြောခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် လမ်းဆီသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေမျိုးပင်။
ထို့အပြင် သူမသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည် ဖြစ်သောကြောင့် အင်မော်တယ် တစ်ယောက်ဖြစ်ရန် နည်းနည်းလေးသာ လိုတော့သည်။ ရာဂတာအိုဂိုဏ်းသည် အားမနည်းလှချေ။ သို့ပေမဲ့ တချို့သော နတ်နယ်မြေများနှင့်သာ နှိုင်းယှဉ်၍ ရနိုင်၏။ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် လူတစ်ယောက်ကို ရန်ပြုမိသည်ဆိုပါက သူမ၏ အကြည့်တစ်ချက်တည်းနှင့်ပင် ဂိုဏ်းတစ်ခုလုံးကို ပျက်စီးသွားနိုင်၏။
“အင်း... ခင်ဗျားပဲ ကြီးကြီးကျယ်ကျယ်တွေ အရင်စပြောတာလေ” အနီးတွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆို လိုက်သည်။
“နိရယအင်ပါယာကို လက်ထပ်ပွဲ မြန်းချင်တာလား” မြေအင်မော်တယ်လောကမှ ရောက်ရှိလာခဲ့သည့် သက်ရှိ သတ္တဝါများသည် စိတ်ဝင်တစားဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ နိရယ အင်ပါယာဆိုသည့် စကားလုံးသည် ကောင်းကင်မူလလောကကြီးမှ သက်ရှိသတ္တဝါများ သေသေချာချာ သိသည့် စကားလုံး မဟုတ်သော်လည်း သူတို့ကတော့ အတွင်းကျကျ သိရှိကြ၏။
ဤနိရယအင်ပါယာ ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်အားစုကြီး တစ်ခုကို တည်ထောင်ထား နိုင်သည့် အမျိုးသမီးဖြစ်ပြီး ၎င်းဂိုဏ်းကို တည်ထောင်ခဲ့သည့် အချိန်သည် သိပ်မကြာသေးသော်လည်း တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဦးဆောင်နေသောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေခံပင် ဖြစ်၏။ သာမန်လူများ အနေဖြင့် သူမကို သွားရောက်ကာ ရန်မပြုရဲချေ။
သူမသည် အင်ပါယာဖြစ်လာသည်မှာ မကြာသေးသော်လည်း များပြားလှသည့် ဂိုဏ်းဂဏအသီးသီးကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ အဆင်ပြေနေသေးသည်။ သူမသည် အဆင်ခြင်ကင်းမဲ့စွာဖြင့် ရှိရှိသမျှသော ပြဿနာပေါင်းများစွာကို ပြုလုပ်ဖန်တီးတတ်သူဖြစ်ပြီး လူပေါင်းများစွာတို့ကို ရန်ပြုတတ်၏။ များပြားလှသည့် ရန်သူများကို ဆွဲဆောင်ထားပြီး အားလုံးသော သူတို့ကို သုတ်သင်ရှင်းလင်းပစ်ရန် လက်မနှေး တက်သည့် လူတစ်ယောက်လည်း ဖြစ်နေပြန်သည်။
အားလုံးသော သူတို့သည် သူမကို သတ်ဖြတ်ချင်စိတ် ရှိကြ၏။ ကံဆိုးစွာဖြင့် သူမသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။
ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် အင်ပါယာတစ်ယောက်ကို သတ်ဖြတ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် အဓိက ဂိုဏ်းအသီးသီးတို့သည် နောက်ဆုံးမှာတော့ နရိယ အင်ပါယာ၏ ဘက်၌ ရပ်တည်ရန်သာ ရွေးချယ်ခဲ့ရသည်။ သူမသာ သူတို့ကို ရန်မပြုသည်ဆိုပါက ဤအတိုင်းသာ ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
ထို့အပြင် နရိယအင်ပါယာသည် ပါရမီအရာ၌ ပြိုင်ဘက်ကင်းလွန်းလှ၏။ နှစ်ပေါင်းတစ်သိန်း နီးပါးခန့်တွင် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် နှစ်ပေါင်း တစ်သန်းလောက် ကြာပြီးသည့်နောက်တွင် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာမည်ဟု ထင်ကြေးပေးထားကြ၏။
ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် သဘာဝအားဖြင့် ဂုဏ်မောက်မှာ သေချာ၏။ သူမကို သွား၍ လက်ထပ်ပွဲ မြန်းခြင်းဆိုသည်မှာ သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။