← Chapters

အခန်း (၃၅၀)

Vol. 24 Ch. 350

အခန်း (၃၅၀)

Vol. 24 Ch. 350

ရန်ကျန့်၏ မျက်လုံးများသည် ကျောက်စိမ်းပြားထဲတွင် ရှိနေသည့် စာရင်းများကို ကြည့်ရှုလိုက်၏။ သူသည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် ရင်းနှီးနေသည့် နာမည်များကို မြင်လိုက်ရ၏။ တော်တော်များများသည် သူနှင့် တွေ့ကြုံဖူးသည့် လူများဖြစ်ပြီး တချို့မှာတော့ သူအနိုင်ယူ တိုက်ခိုက်ခဲ့သည့် လူများဖြစ်၏။ တိုက်ပွဲ၏ မှတ်တမ်းအားလုံးသည် သူ့နာမည်၏ အနောက်တွင် ဖော်ပြထားသည်။

ရန်ကျန့်၏ အမူအရာသည် တွေဝေငေးငိုင်လျက် ရှိနေ၏။ နံပါတ်ဆယ့်တစ်ယောက်မြောက်တွင် ရှိနေသည့် လူကို မြင်ရသည့် အချိန်မှာတော့ ရန်ကျန့်၏ အမူအရာများသည် နဝေတိမ်တောင် ဖြစ်လာခဲ့၏။ သူသည် ဆယ့်ယောက်မြောက်တွင် ရှိနေသည့် နာမည်ကို ကြည့်ရှုကာဖြင့် ပြောလိုက်၏။ “ဖန်းဟန် ဟုတ်လား”

ဖန်းဟန်သည် မြေအင်မော်တယ်လောကဆီမှ ဆင်းသက်ရောက်ရှိလာချိန်တွင် ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်၌သာ ရှိသည့် လူတစ်ယောက်ဖြစ်၏။ အချိန်မည်မျှ ကြာမြင့်သွားသနည်း။ လက်ရှိအချိန် မှတော့ ကောင်းကင်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ကောင်းကင်ပါရမီရှင်စာရင်းတွင် ၎င်းသည် ဆယ့်တစ်ယောက်မြောက်နေရာ၌ ရှိ၍ ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်တွင် ရှိသည့် ကျင့်ကြံသူများထက်ပင် သာလွန်လျက် ရှိနေ၏။ မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှ၏။ အဆင့်သေး တစ်ခု၊ နှစ်ခုလောက် ကွာခြားသည်ဆိုလျှင်ပင် ဖန်းဟန်သည် ၎င်း၏ ပြိုင်ဘက်များ အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ ဖန်းဟန်၏ အလားအလာ မည်မျှ လေးနက်သည်ဖြစ်ကြောင်းကို ဤအရာက သက်သေပြလျက် ရှိနေ၏။

“နတ်သားတော်... ဖန်းဟန်က အထင်အမြင်သေးလို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

ဖန်းဟန်သည် သူ့အတွက် မီးပွားတစ်ခု ဖြစ်လာလိမ့်မည်ဟု သတိပြုမိထားသောကြောင့် ဤလူ၏ မြန်မြန်ဆန်ဆန် တိုးတက်လာမှုနှုန်းကို သူက သတိထား၏။

ယခင်တုန်းက မြေအင်မော်တယ်လောကတွင် ရှိသော သက်ရှိသတ္တဝါ တစ်ယောက် အနေနှင့် ဖန်းဟန်သည် ဖန်းကလန်၏ ကြီးကြီးမားမား တန်ဖိုးထားခြင်းကို ခံခဲ့ရ၏။ ဤအရာသည် အတိတ်ကသာဖြစ်၏။ လက်ရှိ ဖန်းဟန်သည် တခြားသောသူများနှင့် ဘာမှ ကွာခြားလှသည့် လူတစ်ယောက် မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ပင် အရာအားလုံးကို အစမှ ပြန်လည်ကာ စတင်ရသည့် လူတစ်ယောက် ဖြစ်ခဲ့ပြီ မဟုတ်ပါလား။ ယခု ကြည့်ရှုရသည်မှာ ဖန်းကလန် အနေနှင့် ကလန်တစ်ခုလုံး အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည် ဆိုလျှင်တောင်မှ အင်မော်တယ် အမွေအနှစ် တည်နေရာထဲမှာတော့ ဖန်းဟန်သည် သာမန်ထက်ပိုသည့် အရာများကို ရရှိခဲ့ပုံပေါ်သည်။

ဖန်းကလန်၏ ဘိုးဘေး ချန်ထားခဲ့သည့်အရာသည် မည်သည့်အရာပဲဖြစ်ဖြစ် သာမန်ထက်ပိုသည့်အရာ ဖြစ်ပေလိမ့်မည်။ ထိုအရာများကို ရရှိသန့်စင် စုပ်ယူနိုင်ရန်အတွက် အချိန်အတော်ကြာ ကြာမြင့်နိုင်မည် ဆိုလျှင်တောင်မှ အကျိုးသက်ရောက်မှုသည် ယခုကတည်းက စတင်နေပြီဖြစ်၏။

ဖန်းဟန် အနေဖြင့် ဉာဏ်ရှိရှိသာ အသုံးပြုနိုင်မည်ဆိုပါက ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေးကို ရရှိပေလိမ့်မည်။ ထိပ်ဆုံးသုံးယောက် စာရင်းကို ဝင်ဖို့ဆိုလျှင်တောင်မှ ပြဿနာ မရှိနိုင်ပေ။

“ဖန်းဟန် အခုဘယ်မှာလဲ” ရန်ကျန့်သည် ခဏလောက် စဉ်းစားကာဖြင့် မေးမြန်းလိုက်၏။

“ကျုပ် မသိဘူး”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲမှာ ဖန်းဟန်က အင်ပါယာတစ်ယောက်ရဲ့ စွမ်းရည်တွေ ထုတ်ပြီး သုံးခဲ့တာကို တစ်စုံတစ်ယောက်က မြင်ခဲ့တယ်။ သူက စောစောစီးစီး အမွေအနှစ် တည်နေရာထဲက ထွက်ခွာသွားခဲ့ပြီးတော့ အခု ဘယ်နေရာကို ရောက်နေလဲ ဘယ်သူမှ မသိဘူး။ ကျုပ်တို့ သူ့ကို ရှာချင်တယ်ဆိုရင် နန်းဆောင် သခင်ရဲ့ အကူအညီရမှ ဖြစ်လိမ့်မယ်”

“အင်ပါယာတစ်ယောက်ရဲ့ အားအင် ဟုတ်လား” ရန်ကျန့်၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားသွားခဲ့၏။ သူသည် ဖြစ်နိုင်ဖွယ်ရာတစ်ခုကို ရုတ်တရက် တွေးတောလိုက်မိ၏။ ဖန်းဟန်အနေနှင့် အင်ပါယာတစ်ယောက်၏ စွမ်းရည်ကို အသုံးပြုနိုင်၏။ အမွေအနှစ် မဖွင့်ခင် ဆန်းကြယ်လှသည့် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် အဆင့်နိမ့်နယ်မြေထဲ၌ ဂိုဏ်းဂဏ သုံးခုကို သုတ်သင်ရှင်းလင်းပစ်ခဲ့၏။

လွင့်မျောတိမ်တောင်၊ အင်မော်တယ်နန်းတော်နှင့် တခြား ဘာမှန်းမသိသည့် ဂိုဏ်းဂဏတစ်ခုပင်ဖြစ်၏။ ဤအရာသည် ချိတ်ဆက်မှုများ ရှိနေသေးသည်လား။ အရင်တုန်းက ဤအရာများကို ခရမ်းရောင်နတ်နယ်မြေ ထဲတွင် တည်ရှိသည့် ဖန်းကလန်မှ တစ်စုံတစ်ယောက်က ပြုလုပ်ခဲ့ခြင်းဟု သူတို့ သံသယဝင်ခဲ့မိ၏။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ ဖန်းဟန် ပြုလုပ်ခဲ့ပုံပင်ပေါ်၏။ အဘယ်ကြောင့်ဆိုသော် ဤအင်ပါယာ၏ တိုက်ခိုက်မှု များအားလုံးသည် သိသာရှင်းလင်းလွန်းလှ၏။ ဖန်းကလန်၏ ရန်သူများဖြစ်သော ဂိုဏ်းဂဏ အသီးသီးကိုသာလျှင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နတ်သားတော်... တကယ်လို့ အခုချိန်မှာ ဖန်းဟန်ကို ရန်ပြုချင်တယ်ဆိုရင် ကျုပ်တို့အနေနဲ့ သေသေချာချာ ဆုံးဖြတ်မှ ဖြစ်လိမ့်မယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင် ကျုပ်တို့ ကျောက်စိမ်းလေဟာနယ်နန်းတော်နဲ့ ဖန်းဟန်က မိတ်ဆွေဖွဲ့ဖို့သာ ရွေးချယ်ခွင့်ရှိတယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက ပြောလိုက်၏။

ကျောက်စိမ်းလေဟာနယ်နန်းတော်နှင့် ဖန်းကလန်သည် မည်သည့် ရန်ငြိုးမှ မရှိချေ။ ၎င်းတို့သည် ဖန်းကလန်၏ ဘိုးဘေး ချန်ထားခဲ့သည့် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အတွေးအမြင်များကို ရရှိခဲ့သည် ဆိုသော်လည်း ဤအရာသည် ကိစ္စကြီး မဟုတ်ချေ။ ထို့အပြင် ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် အခွင့်အရေး ရရှိသည်နှင့် ဝင်ရောက်ကာ ယူငင်ကြသည် ဆိုသည်မှာ သဘာဝပင် မဟုတ်ပါလား။

ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ထိုအရာကို မယူဆောင်သည် ဆိုပါက တခြားသောသူများက ယူဆောင် ပေလိမ့်မည်။ လက်ရှိအချိန်၌ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် ဖန်းဟန်ကို ကြောက်ရွံ့နေ လိမ့်မည် မဟုတ်ချေ။ ပြည့်ပြည့်ဝဝနှင့် ဖွံ့ဖြိုးတိုးတက်နေသူတစ်ယောက် မဟုတ်သောကြောင့်ပင်။ ထို့အပြင် ဘာပဲပြောပြော ကျောက်စိမ်းလေဟာနယ်နန်းတော်၌ အစစ်အမှန် အင်မော်တယ်ဘိုးဘေးတစ်ယောက် တည်ရှိ နေသေးသည် မဟုတ်ပါလား။

သူတို့၏ အမြင်အရဆိုလျှင် ဖန်းဟန်သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားလျှင်တောင်မှ တူညီသည့် ကျင့်ကြံခြင်းအဆင့်၌သာ တည်ရှိနေသေး၏။ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် အကြောင်းအရာ မရှိဘဲ ဖန်းဟန်နှင့် ရန်သူဖြစ်လာမည်ကိုသာ စိုးရိမ် ပူပန်နေခြင်းဖြစ်၏။ အဆုံးသတ် အခြေအနေသို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ ရန်ကျန့်နှင့် ဖန်းဟန်တို့သည် အစစ်အမှန် အင်မော်တယ်များ အဖြစ်သို့ ရောက်ရှိနိုင်စွမ်းရှိသော ပါရမီရှင် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။ တူညီသည့် ကျင့်ကြံခြင်း အဆင့်တွင် ရှိနေသည့် ရန်သူတစ်ယောက်ကို သုတ်သင်နိုင်ဖို့ ဆိုသည်မှာ ခက်ခဲလွန်းသည့် အရာပင်။

“အစစ်အမှန် အင်မော်တယ် အမွေအနှစ်နယ်မြေက ပွင့်လာတာ မကြာသေးဘူး။ ဒီအရာတွေ အားလုံးကို ပြည့်ပြည့်စုံစုံနဲ့ သန့်စင်နိုင်အုံးမှာ မဟုတ်ဘူးလေ။ သူတို့ ဘိုးဘေးချန်ခဲ့တဲ့ အရာတွေဖြစ်တာကြောင့် သူသာ အလုံးစုံ သန့်စင်ပြီးသွားရင် သူရဲ့အဆင့်က ပိုပြီး သိသိသာသာ တိုးတက်လာလိမ့်မယ်”

ရန်ကျန့်သည့် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလျက် ရှိသည်။ သူ၏ အကြည့်များသည် ကြယ်တာရာများကဲ့သို့ နက်ရှိုင်းလွန်းလျက် ရှိနေ၏။

ကျင့်ကြံခြင်းလောကထဲတွင် အရူးဟူ၍ မရှိလှချေ။ အကျိုးသင့် အကြောင်းသင့်ကို ချိန်ဆနိုင်ခြင်းသည် အားလုံးသော သူတို့၏ အခြေခံအကြောင်းရင်းပင် ဖြစ်၏။ ဖန်းဟန်၏ အန္တရာယ်ပေးနိုင်မှုသည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။ ထို့အကြောင့် ဖြစ်နိုင်မည် ဆိုလျှင် ၎င်းကို ရန်မပြုသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရန်ကျန့် အနေနှင့် အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူ့အနေနှင့် ရန်သူ တစ်ယောက်ကို အမှုမဲ့ အမှတ်မဲ့ဖြင့် မထားချင်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်းဟန်ကို သတ်နိုင်မည်ဆိုသော ယုံကြည်ချက်မျိုး သူ့၌ မရှိသောကြောင့်ပင်။

ဖန်းဟန်သည် အင်ပါယာတစ်ယောက်၏ ဝှက်ဖဲကို ပိုင်ဆိုင်လျက် ရှိနေ၏။ ဖန်းဟန်အနေဖြင့် ထိုအရာကို မည်မျှ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကျန့်က မသိရှိပေ။ တွက်ချက်မှု မှားယွင်းသွားသည် ဆိုပါက အကျိုးကျေးဇူး ရရှိမည် မဟုတ်ဘဲ ကျောက်စိမ်းလေဟာနယ်နန်းတော် တစ်ခုလုံးပင်လျှင် ဆိုးရွားသည့် အကျိုးဆက်ကို ခံစားရပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ တည်နေရာ လမ်းကြောင်း ဖွင့်လှစ်သည်ကို ငြိမ်ငြိမ်သက်သက် စောင့်စားပြီး အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်များကို ယူဆောင်ကာဖြင့် မြေအင်မော်တယ်လောကဆီသို့ ပြန်ခြင်း ကသာလျှင် အကောင်းဆုံး မဟာဗျူဟာ ဖြစ်ပေလိမ့်မည်။

“ဆိုလိုတာက... နတ်သားတော်”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ရန်ကျန့်ကို ကြည့်ကာ တီးတိုး ပြောလိုက်၏။ “ကျုပ်တို့ ကျောက်စိမ်းလေဟာနယ်နန်းတော်က ဖန်းဟန်အပေါ် အမြင်ကောင်းကောင်း ပြရမှာလား”

“အင်း... တခြားရွေးချယ်ခွင့် ရှိသေးလို့လား”

ရန်ကျန့်သည် ထိုစကားစုကို ပြန်လည်ကာ ပြောဆိုလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောလိုက်သည်။ “မြေအင်မော်တယ်လောကကို မထွက်ပြေးခင်မှာ ဖန်းဟန်က ဘာဝှက်ဖဲမှ မရှိခဲ့ဘူး။ ရှိတယ်ဆိုရင် သူသုံးခဲ့တာ ကြာပြီပေါ့။ အခု ဖန်းကလန် ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ သူက ဒါကို ထုတ်သုံးလာခဲ့တယ်။ ဒီနေရာမှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတယ်”

“နန်းဆောင်သခင်ဆီက လက်ဆောင်တစ်ခုခုများလား” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် တွေးတွေးဆဆ အမူအရာဖြင့်‌ ပြောလိုက်၏။

“ခင်ဗျားရဲ့ စကားလုံးတွေကို သတိထား”

ရန်ကျန့်သည့် လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ပြောဆိုလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ဆက်ပြောလိုက်သည်။ “နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေက တကယ့်ကို ခန့်မှန်းလို့ မရဘူး။ နန်းဆောင်သခင် လုပ်နိုင်တဲ့ အတိုင်းအတာက လောကအသီးသီးတောင် ပြေးလွှတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ အခုပြောနေတဲ့ စကားတွေကို နန်းဆောင်သခင် မကြားဘူးလို့ ခင်ဗျား အာမခံနိုင်လား”

“ဟုတ်တယ်”

ရန်ကျန့်သည် စကားလမ်းကြောင်းကို ပြောင်းကာဖြင့် ထပ်ပြောလိုက်၏။ “ဖန်းဟန် အနေနဲ့ နန်းဆောင်သခင်ဆီက ဝှက်ဖဲကို ဝယ်ယူခဲ့တာလည်း ဖြစ်နိုင်တယ်”

“ဒါက”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ၏ အမူအရာသည် အေးခဲသွားခဲ့၏။ ဤဖြစ်နိုင်ဖွယ်ရာသည် တကယ်ပင်။ ဖန်းဟန်၏ လက်ထဲတွင် များပြားလှသည့် တန်ဖိုးကြီးသော အရာများရှိ၏။ ဖန်းကလန် ဖျက်ဆီး ခံရပြီးသည့်နောက် သူသည် ကျိန်းသေပေါက် များပြားသည့် အရင်းအမြစ်များကို ကိုင်ဆောင်ကာ ပြေးလာမှာ သေချာ၏။ ထိုအရာများ တည်ရှိနေသည် ဖြစ်သောကြောင့် အင်ပါယာအဆင့် အားအင်ကို ခဏတာ ပိုင်ဆိုင်နိုင်စွမ်း ရှိသည့် အရာအား လဲလှယ်နိုင်ဖို့ဆိုသည်မှာ ခက်ခဲလှသည့် အရာတော့ မဟုတ်ပေ။

“ကျုပ်တို့ ဖန်းဟန်ရဲ့ အားအင်အဆင့်ကို သိရှိပြီ။ ဒါ နန်းဆောင်သခင်ကို ကျေးဇူးတင်ရမယ်” ရန်ကျန့်က သက်ပြင်းချ လိုက်၏။ ဤစာရင်း မရှိသည် ဆိုပါက သူ့အနေနှင့် ဖန်းဟန်ကို ဂရုပင် စိုက်မိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဖန်းဟန် တိုးတက်လာသည်ကို မြင်သည့်နောက် မနာလိုဖြစ်ကာ တစ်စုံတစ်ယောက်ကို စေလွှတ်၍ သုတ်သင်ခြင်းမျိုးပင် ခိုင်းလျှင် ခိုင်းမိနိုင်၏။ ဖန်းဟန်၏ အားအင်အဆင့်ကို သေသေချာချာ နားမလည်ဘဲ ပြုလုပ် လိုက်မည်ဆိုလျှင် ဆိုးရွားသည့် အဆုံးသတ်ကို ရောက်ရှိနိုင်၏။

ဖန်းဟန်သည် ဘာတွေ ရရှိခဲ့သည်ကို ရန်ကျန့် ကောင်းကောင်း မသိရှိသော်လည်း အစစ်အမှန် အင်မော်တယ် ဘိုးဘေးတစ်ယောက် ချန်ထားခဲ့သည့် အသိအမြင်များသည် သာမန်ထက်ပိုကာ ကောင်းမွန်မှာတော့ သေချာ၏။

ယခု စာရင်းပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ဖန်းဟန်၏ မြန်မြန်ဆန်ဆန် တိုးတက်လာသည့် အကြောင်းအရင်းကို သူက နားလည်ခဲ့ပြီး ဖြစ်သည်။ သူ့အနေနှင့် တစ်ဖက်လူကို သတ်ဖြတ်ရန် ကြိုးစားပြီး မအောင်မြင်ပါက အဆုံးမဲ့သော သောကတရားများကို ရရှိပေလိမ့်မည်။ သူနှင့်အတူ ကျောက်စိမ်းလေဟာနယ်နန်းတော်ပင်လျှင် ပါဝင်လာပေ လိမ့်မည်။

မြေအင်မော်တယ်လောကကြီး၏ ရှည်လျားလှသော သမိုင်းကြောင်းအရဆိုလျှင် အစစ်အမှန် အင်မော်တယ်များ သေဆုံးသွားခဲ့ခြင်းသည် တစ်ခါမှ မကြားဖူးသည့် အရာမျိုး မဟုတ်ချေ။ ဥပမာအားဖြင့် ဖန်းဟန်၏ ဘိုးဘေးသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူး၏။

“ဟုတ်တယ်”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက သက်ပြင်းချလိုက်၏။ “စာရင်းထဲသာ မပါဘူးဆိုရင် နိရယ အင်ပါယာ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်အထိ ကျင့်ကြံခဲ့ပြီးပြီ ဆိုတာကို လူတော်တော်များများက သိရှိမှာ မဟုတ်ဘူးလေ။ သူမက နှစ်ပေါင်း ငါးထောင်တောင် မကြာသေးဘဲနဲ့ အင်ပါယာ ဖြစ်လာခဲ့ပြီ”

“ပြီးနောက် နောက်ထပ် နှစ်ပေါင်းတစ်သောင်းလောက်ကြာရင် အစစ်အမှန် အင်မော်တယ် တစ်ယောက် ဖြစ်လာနိုင်သေးတယ်။ ဒီကျင့်ကြံခြင်းနှုန်းက ဘယ်သူမှ လိုက်မှီနိုင်တဲ့ အကြောင်းအရာ မဟုတ်ဘူး။ နှိုင်းယှဉ်လို့ ရနိုင်တဲ့လူတစ်ယောက်ပဲ ရှိတယ်။ အဲဒီလူက‌ ကောင်းကင်မူလလောကကြီးရဲ့ ယုရှင်းချန်ပဲ”

All Chapters