အခန်း (၃၅၃)
Vol. 24 Ch. 353
“ဪ”
လီယွင်သည် မျက်ခုံးကို ပင့်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
"နက်နဲမီးတောက် လောကကြီးကို ပြန်ပြီးပေါ်လာအောင် ပြုလုပ်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ နက်နဲအလင်းလောက၊ နက်နဲလျှို့ဝှက် လောက၊ နက်နဲသိုင်းလောကတို့အပြင် တခြားအစိတ်အပိုင်းတွေက ဂင်္ဂါမြစ်ရဲ့ သဲတွေလိုပဲ အများကြီး ကွဲထွက်သွားခဲ့တယ်။ ဒီတော့ မူလနက်နဲမီးတောက်လောက ပြန်ဖြစ်ဖို့ဆိုရင် ကြီးမားတဲ့ အားအင်စိုက်ထုတ်မှုကြီး လိုလိမ့်မယ်"
လီယွင်သည် လောကကြီးတစ်ခု ပြန်လည် ပေါင်းစုရန်အတွက် များပြားလှသော အရာများ ပါဝင်လျက် ရှိနေကြောင်း သိသာထင်ရှားစွာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ နက်နဲမီးတောက်လောကကြီးသည် အကြီးမားဆုံး အရာဖြစ်ခဲ့၏။ အလုံးစုံကွဲထွက်သွားပြီးနောက် အရာအားလုံးကို လိုက်လံစုစည်းဖို့ဆိုသည်မှာ သေးငယ်လှသည့် အရာမျိုး မဟုတ်ချေ။ ထိုအရာများကို လုပ်နိုင်စွမ်း ရှိနေသည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူပင်လျှင် အသင်္ချေ များပြားလှသည့် လောကကြီးများထဲတွင် များများစားစား ရှိလိမ့်မည် မဟုတ်ချေ။
လီယွင့်အနေဖြင့် အစစ်အမှန်အင်မော်တယ်အဆင့်ကို လွယ်လွယ်ကူကူနှင့် ချိုးဖျက်နိုင်သည် ဆိုလျှင်တောင်မှ သူသည် ထိုအရာကို ကြိုးစားလိမ့်မည် မဟုတ်ချေ။ လောကကြီးသုံးခုကို ဆင့်ခေါ်ပြီး ကောင်းကင်မူလလောကကြီးနှင့် ပေါင်းစပ်ခြင်းကိုသာ သူ ပြုလုပ်မိပေလိမ့်မည်။ ထိုနည်းလမ်းနှင့်ဆိုလျှင် နက်နဲမီးတောက်လောကကြီး ပြန်လည်မွေးဖွားလာသည့် အခြေအနေမျိုးဖြစ်ပြီး ကောင်းကင် မူလလောကကြီး သည်လည်း မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာပေလိမ့်မည်။
"စီနီယာ နက်နဲမီးတောက်လောကကြီးကို ပြန်မရနိုင်ဘူးဆိုရင် တခြားရွေးချယ်ခွင့် ရှိနေသေးလား"
ဟုန်ရွှမ်က မျက်မှောင်ကုပ်ကာ မေးမြန်းလိုက်၏။ "ဥပမာအနေနဲ့ နက်နဲမီးတောက်လောကကြီးနဲ့ နှိုင်းယှဉ်လို့ ရနိုင်တဲ့ လောကတစ်ခုခုပေါ့"
လီယွင်သည် ခေါင်းကိုမော့ကာဖြင့် ဟုန်ရွှမ်ကို အသာကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "အသေင်္ချများပြားနဲ့ လောကတွေထဲမှာ လောကတွေ အများကြီးရှိနေတာပဲ။ နက်နဲမီးတောက်လောကကြီး ထက်ပိုပြီး အားကောင်းတဲ့ လောကကြီးတွေက ရှိနေသေးတယ်။ နတ်ဘုရားလောကတွေ၊ သားရဲလောကတွေ၊နဂါးမျိုးလောကတွေ၊ သီးသန့်လောကတွေ အများကြီး အများကြီး တည်ရှိနေတယ်။ အဲမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေ အများကြီးရှိတယ်။ သူတို့က ပိုမိုပြည့်စုံတဲ့ သဘာဝနိယာမတွေကို ပိုင်ဆိုင်ကြတယ်။ အဲလိုလောကထဲကို ဝင်နိုင်မယ်ဆိုရင် ဘာမှလုပ်စရာတောင် မလိုဘူး။ ကောင်းကင်က ငြင်းပယ်နိုင်တဲ့ အခွင့်အရေးမျိုးကို ပိုင်ဆိုင်ပြီလို့ ပြောရမယ် "
လောကတစ်ခု ပိုမိုကာ အားကောင်းလာလေ။ စိတ်ဝိညာဉ် စွမ်းအင်များ ပိုမိုကာ များပြားလေဖြစ်၏။ ပါရမီရှင်များ နှင့် ရတနာများသည် တန်ဖိုးကြီးမားစွာဖြင့် မွေးဖွားဖြစ်တည်လာခဲ့ခြင်းသာလျှင် ဖြစ်၏။ အထူးသဖြင့် ထိုကဲ့သို့သော လောကများ၌ မွေးဖွားကြသည့် လူများသည် သူတို့နှင့် နှိုင်းယှဉ်ပါက ကွာခြားချက် အလွန် ကြီးမားမှာ သေချာ၏။ သူတို့သည်သာ ထိုကဲ့သို့သော လောကတွင် နေထိုင်ပါက ပိုမိုကာ တိုးတက်လာ ပေလိမ့်မည်။
ကောင်းကင်မူလလောကကြီးကို ဉပမာပြုရမည်ဆိုလျှင် ထိပ်ဆုံးအကန့်အသတ်သည် အင်ပါယာအဆင့် သာဖြစ်၏။ သို့ပေမဲ့ အင်မော်တယ်လောက သို့မဟုတ် နတ်ဘုရားလောကဆီသို့သာ ရွေ့ပြောင်းနိုင်သည် ဆိုပါက အင်ပါယာကို မဆိုနှင့် အစစ်အမှန်အင်မော်တယ် ဖြစ်လာဖို့ရန်ပင် ပြဿနာတစ်ခု မဟုတ်ချေ။
ရီချန်အား အင်မော်တယ်လောကတစ်ခုဆီသို့ ပစ်လွှတ်လိုက်သည် ဆိုပါက ကံကြမ္မာကသာ မျက်နှာပေးသည် ဆိုလျှင် မည်သည့် ကြီးမားသည့် ကိစ္စကိုမှ လုပ်စရာမလိုဘဲ ခမ်းနားသည့့် အခွင့်အရေးကို ပိုင်ဆိုင်ပေလိမ့်မည်။ တူညီစွာပင် ထာဝရမြို့သည် ထိုကဲ့သို့သော တည်နေရာကို ရွေ့ပြောင်းနိုင်ရန် ဆိုသည်မှာလည်း အိမ်မက်ထဲ လမ်းလျှောက်သလိုပင် ဖြစ်ပေလိမ့်မည်။
ထာဝရမြို့သည် ကောင်းကင်မူလ လောကကြီးတွင် ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်သည် ဆိုသော်လည်း အင်မော်တယ် လောကကဲ့သို့ ထိပ်တန်းလောကများတွင်တော့ ဘာတစ်ခုမှ မဟုတ်ချေ။ တစ်ဖက်လောကဆီသို့ ရောက်ရှိသည် ဆိုပါက ရန်ပြုခြင်းကိုပင် ခံရမှာ သေချာ၏။
"စီနီယာ ကျေးဇူးပြုပြီး ညဏ်အလင်းပြပါအုံး"
ဟုန်ရွှမ်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လေးလေးစားစား ဦးညွှတ်လိုက်၏။ တစ်ချိန်တည်းမှာပဲ သူသည် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို ချွတ်ကာ လီယွင်ဆီု့ ကမ်းပေးလိုက်သည်။
လီယွင်သည် ချက်ချင်းမတုန့်ပြန်ခဲ့ချေ။ ထိုအစား ဟုန်ရွှမ်ကို သေချာကြည့်ရှုလိုက်၏။
ထိုကဲ့သို့သော အကြည့်နှင့် ရင်ဆိုင်ရသည့် အခါမှာတော့ ဟုန်ရွှမ်သည် အနည်းငယ် ကြောင်တောင်တောင် ခံစားမိနေ၏။ သူ၏ အတွင်းစိတ်ဆန္ဒ အားလုံးတို့သည် ထင်ပေါ်သွားခဲ့သလိုပင်။ မည့်သည့်လျှို့ဝှက်ချက်မှ မရှိတော့ချေ။
"အင်း …. ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်တယ်ဆိုတာ ကောင်းမွန်တဲ့ အရာပဲ။ ဒါပေမဲ့ အစစ်အမှန် ရည်ရွယ်ချက်ကတော့ ပိုပြီးအားကောင်းတဲ့ လောကဆီကို ရွေ့ပြောင်းဖို့ပဲ မဟုတ်လား" လီယွင်က ပြောလိုက်၏။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။
"စီနီယာ့ရှေ့မှာ အရာအားလုံးက ထင်ထင်ပေါ်ပေါ် ဖြစ်နေပါပြီ။ " ဟုန်ရွှမ်သည် ဝန်ခံလိုက်၏။ သူသည် ရှက်ရွံ့သလို ခံစားနေမိ၏။ ထာဝရမြို့တစ်ခုလုံး မြို့တော်ဝန်မှလွဲ၍ မည်သူမှသည် နက်နဲမီးတောက် လောကကြီးမှာ မည်သို့သော ပုံစံဖြစ်သနည်းကိုပင် သတိမရကြချေ။ အဓိကပြန်ချင်သည့် အကြောင်းအရာသည် ပိုမိုအားကောင်းသည့် စွမ်းအင်ကို ပိုင်ဆိုင်ရန်ပင် ဖြစ်သည်။
ထို့အပြင် ကောင်းကင်မူလလောကကြီးသည် အားနည်းလှချေ၏။ တော်ဝင်အင်ပါယာအဆင့်ကို ရောက်ရှိခြင်းကပင်လျှင် အကန့်အသတ် ဖြစ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့ ဤနေရာတွင် အခြေချရန်မှာ မဖြစ်နိုင်ဟု သတ်မှတ်ထားခဲ့၏။ ဟုန်ရွှမ်သည် ထာဝရမြို့တော်ဝန်ကို ဗဟိုပြုကာ စိတ်ဆန္ဒအတိုင်း လိုက်ပါရသည့် လူဖြစ်သည်ဆိုလျှင်တောင်မှ သူ၏ အတွေးများသည်လည်း ထိုကဲ့သို့ပင် ဖြစ်လေ၏။
နက်နဲမီးတောက်လောကကြီး ပျက်စီးသွားသည်ဟု ကြားပြီးနောက် သူ၏ တာဝန်များသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ သူ့အနေဖြင့် တခြားသောလောကဆီသို့ သွားရာလမ်းကိုသာ ရှာနိုင်သည် ဆိုပါက မထင်မှတ်ထားလောက်သည့် ဝမ်းသာစရာ ကိစ္စရပ်ကို ကြုံရပေလိမ့်မည်။ ထာဝရမြို့၏ မြို့တော်ဝန်သည်လည်း ထိုအရာကို ပျော်ရွှင်မှာ သေချာသည်။
"ကံဆိုးတာက"
လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက် လီယွင် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ဒီပစ္စည်းတွေက အနည်းငယ်ပဲ တန်ဖိုးရှိတယ်"
“ဘာ ….”
ဟုန်ရွှမ်သည် အံကိုကြိတ်လိုက်မိ၏။ သူသည် မထင်မှတ်ထားသလို လှမ်းကာ မေးမြန်းလိုက်သည်။ "စီနီယာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ် ဆိုမှတော့ နက်နဲမီးတောက်လောကနဲ့ တူတဲ့ တခြားလောကတွေ ရှိလား သိချင်ပါတယ်။ ဒီတော့"
"ကျုပ် သိတာပေါ့။ ဒါပေမဲ့ ထာဝရ့မြို့က ဒီဟာကိုတတ်နိုင်မှာ မဟုတ်ဘူး" လီယွင်က ပြန်လည် ပြောဆိုလိုက်၏။
"စီနီယာရဲ့ အထင်အရဆိုရင် ထာဝရမြို့က ဘယ်လိုလောကကို သွားသင့်လဲ" ဟုန်ရွှမ်က မေးမြန်းလိုက်သည်။
"နက်နဲအလင်းလောက၊ နက်နဲလျှို့ဝှက်လောက၊ အစစ်အမှန် သိုင်းလောက၊ မြေအင်မော်တယ်"
လီယွင်သည် လောကနာမည် ခုနှစ်ခု ၊ ရှစ်ခုလောက်ကို တစ်ခါတည်း ရွတ်ပြလိုက်၏။ ထိုလောကများတွင် အစစ်အမှန် အင်မော်တယ်များသည် အားအကောင်းဆုံး တည်ရှိနေပြီးသား ဖြစ်၏။ ထို့ကြောင့် အားကောင်းသည့် လောကဟု သုံးသပ်၍ ရနိုင်ပြီး ထာဝရမြို့ တတ်နိုင်သည့် အရာမျိုးပင်။
"ဒါ… ဒါက "
ဟုန်ရွှမ်က ကြောင်အသွားမိ၏။ "ဒါဆိုရင် ကျုပ်တို့ ဘာလုပ်ရမှာလဲ"
ခဏလောက် တိတ်ဆိတ်ပြီးနောက် ဟုန်ရွှမ်သည် ထိုစကားစုကိုပင် မနည်းဖိညစ်ကာ ပြောဆိုခဲ့ရ၏။ နက်နဲမီးတောက်လောကကြီး ပျက်စီးသွားခဲ့ကြောင်းကို သူသိရှိပြီး ဖြစ်ပြီး ထိုထက်ပိုမိုကာ အားနည်းသည့် လောကကြီး သုံးခုအဖြစ် ကွဲပြားသွားခဲ့သည်။ ကွာခြားချက်သည် သိသိသာသာပင်။
မြို့တော်ဝန်၏ သက်တမ်းသည် မြန်မြန်ဆန်ဆန်ဖြင့် ယုတ်လျော့လျက် ရှိနေ၏။ ထိုအရာသည် ထာဝရမြို့ အဆုံးသတ်အခြေအနေသို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။ မြို့တော်ဝန်၏ အားအင်အဆင့်သည် အနည်းငယ်သာ အားနည်းသည် ဆိုပါက ယခုလောက်ပင်လျှင် ကြာကြာခံနိုင်လိမ့်မည် မဟုတ်ချေ။ မြို့တော်ဝန်သည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ဖြစ်၏။ ၎င်းအားစည်းခတ်ထားရန်မှာလည်း ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ဖြစ်နိုင်သည် ဆိုလျှင်တောင်မှ မြို့တော်ဝန်၏ သက်တမ်းသည် ဖြေးညင်းစွာ ယုတ်လျော့နေမှာ ဖြစ်သည်။
အစစ်အမှန် အင်မော်တယ်များသည် အားကောင်းလှသော်လည်း အချိန်၏ မြစ်ရေစီးကြောင်းတွင် ပျောက်ကွယ်သွားရမည့် လူများ ဖြစ်၏။ အဆုံးသတ်သို့ ရောက်နေချိန်တွင် ငြိမ်ငြိမ်သက်သက် ထိုင်စောင့်ရုံသာ ရှိပြီး အချိန်တန်ပါက ဖုန်ကဲ့သို့ပင် ပျောက်ကွယ်သွားရပေလိမ့်မည်။
"အဆုံးသတ်သွားပြီလေ။ ဘာလို့လဲဆိုတော့ ထာဝရမြို့က လုံလောက်တဲ့ တန်ကြေးကို ပေးနိုင်ခြင်း မရှိလို့ပဲ။ " လီယွင်က မှတ်ချက်ပြုလိုက်၏။
“ဟမ် …”
ဟုန်ရွှမ်၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြဿနာ၏ အရင်းအမြစ်သည် ဤအရာပင် ဖြစ်လေ၏။ သို့ပေမဲ့ အရင်းအမြစ်များကို မည်ကဲ့သို့ရယူရမည် ဖြစ်ကြောင်း သူ ပြဿနာတက်လို့နေခဲ့၏။ အင်အားစုများကို သွားရောက်ကာ တိုက်ခိုက်ရမည်လား။
ဤအရာသည် သူ့အတွက် ရိုးရှင်းကောင်း ရိုးရှင်းပေလိမ့်မည်။ သို့ပေမဲ့ ထို့ကဲ့သို့ အဆင်အခြင်မဲ့ ပြုလုပ်သည်ကို စီနီယာက ထိုင်ကြည့်နေမည်လား။ တခြားသော အင်အားစုများသည်လည်း အရူးမဟုတ်လှချေ။ သုတ်သင်ရှင်းလင်းခံရသည့် အန္တရာယ်ကို ရင်ဆိုင်ရပါက သူတို့သည် ပူးပေါင်းကာဖြင့် ပြန်လည်တိုက်ခိုက်မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထာဝရမြို့အကြောင်း သိရှိပြီး သူတို့အားလုံး ပျောက်ကွယ်သွားရမည့် အခြေအနေသို့ပင် ရောက်ရှိသွားပေလိမ့်မည်။
မြို့တော်ဝန်သည် အစစ်အမှန် အင်မော်တယ်အဆင့်၌ ရှိလျှင်တောင်မှ ထိပ်ဆုံးအဆင့်၌ မရှိတော့ချေ။ အကြိမ်အနည်းငယ်လောက် တိုက်ခိုက်လိုက်ပါက ၎င်းသည် သက်တမ်းစေ့နေရန်အတွက် ခက်ခဲသွားပေလိမ့်မည်။ ထာဝရမြို့သည် လောကကြီးတစ်ခုလုံးကို ရန်ဖက်အဖြစ် ပြုလုပ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
"တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် မြေအင်မော်တယ်လောကကို အရင်ဆုံးသွားရင်ကော ဘယ်လိုလဲ"
ဟုန်ရွှမ်သည် တွေဝေငေးငိုင်နေရာမှ ပထမဆုံးအကြိမ် စဉ်းစားဆုံးဖြတ်လိုက်၏။ ထာဝရမြို့သည် ဆက်လက်ကာ တိုးတက်နိုင်သည့် အရာမျိုး မဟုတ်ကြောင်း သူကသိရှိပြီးသား ဖြစ်၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူတို့တတ်နိုင်သည့် ဘောင်အတွင်း အားကောင်းလှသည့် လောကကို ရွေ့ပြောင်းသွားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။