← Chapters

အခန်း (၃၅၄)

Vol. 24 Ch. 354

အခန်း (၃၅၄)

Vol. 24 Ch. 354

“မြေအင်မော်တယ်လောက” လီယွင်က တီးတိုးရေရွတ်လိုက်၏။ သို့ပေမဲ့ သူဘာမှ မပြောတော့ချေ။ အချက်အလက်အားဖြင့် မြေအင်မော်တယ်လောကမှ လူများ ဤနေရာသို့ မလာရောက်နိုင်ဘူးဆိုလျှင်တောင်မှ သူသည် မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကကြီးကို ပေါင်းစပ်ရန် စဉ်းစားထားပြီးသားဖြစ်၏။

ထိုအချိန်ရောက်၍ ထာဝရမြို့ တည်ရှိနေသည်ဆိုလျှင် ကောင်းမွန်သည့် ဇာတ်ကောင်တည်နေရာ၌ ကစားရမှာဖြစ်၏။ မြေအင်မော်တယ်လောကနှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် ကောင်းကင်မူလလောကကြီး နှင့် ခရမ်းရောင်နက်နဲ လောကကြီးတို့သည် အောက်စည်းဘက်သို့ ရောက်ရှိသွားပြီး တန်ပြန် တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမှာဖြစ်သည်။

“စီနီယာ… မြေအင်မော်တယ်လောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးတို့ရဲ့ တည်နေရာလမ်းကြောင်းက ဘယ်အချိန်လောက် ပွင့်မှာလဲ” ဟုန်ရွှမ်သည် သိုင်းကျမ်းတစ်ခုကို ထုတ်ယူပြီးသည့်နောက် လီယွင်၏ အရှေ့ဆီသို့ ချကာ အသာမေးမြန်းလိုက်၏။

ထာဝရမြို့အနေနှင့် များပြားလှသည့် ပစ္စည်းများကို ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် သူတို့အနေနှင့် သူတို့၏ ပစ်မှတ်ကို ပြောင်းလဲပြီး တခြားသောနည်းလမ်းဖြင့် ရှာဖွေရန်သာ လိုအပ်လာ၏။ လက်ရှိအခြေအနေ မှာတော့ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့ဆီ ရွှေ့ပြောင်း၍ မဖြစ်ချေ။ ထို့အပြင် ဤလောကကြီး နှစ်ခုသည် အဆင့်နိမ့်ပါးလွန်းလှ၏။ မြေအင်မော်တယ်လောကဆီသို့ ရောက်ရှိခြင်း ကသာလျှင် ၎င်းတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်မှာဖြစ်သည်။

“တည်နေရာလမ်းကြောင်း ဟုတ်လား”

လီယွင်က အသာမော့ကြည့်လိုက်၏။ ပြီးနောက် ပြုံးကာဖြင့်‌ ရေနွေးခွက်ကို အသာကောက်ယူကာ သောက်လိုက်လေ၏။ “ထပ်ပြီးတော့ ပေါ်လာတော့မှာ မဟုတ်ဘူး”

“စီနီယာ ဘာကို ဆိုလိုတာလဲ” ဟုန်ရွှမ်သည် ဇဝေဇဝါ ဖြစ်လို့နေသည်။

“ဘာလို့လဲဆိုတော့ မကြာခင်မှာ မြေအင်မော်တယ်လောကက ကောင်းကင်မူလလောကကြီးနဲ့ ပေါင်းစပ်တော့မှာ မလို့လေ” လီယွင်သည် အသာပြုံးကာဖြင့် ပြောလိုက်၏။

ဤစကားစုသည် နူးညံ့ကြင်နာလှသည့် လေသံမျိုးဖြင့် ပြောဆိုခဲ့သည် ဆိုသော်လည်း ဟုန်ရွှမ်၏ နားထဲမှာတော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ကျယ်လောင်လွန်းလှသည်။

စီနီယာ ထပ်ပြီးတော့ လှုပ်ရှားအုံးမှာလား။

ဟုန်ရွှမ်က စဉ်းစားလိုက်မိ၏။ လက်ရှိအချိန်အထိ ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြောင့် လောကကြီးနှစ်ခု ပေါင်းစပ်သွားသည်ဖြစ်ကြောင်းကို ကောင်းကောင်းသိရှိပြီးသား ဖြစ်လို့နေ၏။

ထာဝရမြို့ အနေနှင့် ထိုကဲ့သို့သော သတင်းများကို မသိရှိစရာ အကြောင်းဟူ၍ မရှိချေ။ မထင်မှတ်ထားလောက် အောင်ပဲ လောကကြီးနှစ်ခု ပေါင်းစပ်ခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မြေအင်မော်တယ်လောကကြီး ကို ထပ်မံပေါင်းစပ်ရန် စဉ်းစားလျက် ရှိနေ၏။ ဘာကို ရည်ရွယ်နေသနည်း။ ထူးခြားလှသည့် လောကကြီးတစ်ခုကို ဖန်တီးပြုလုပ်ရန် ပြင်ဆင်နေလေသည်လား။

တွေးကြည့်ပြီးသည့်နောက် ဟုန်ရွှမ်၏ စိတ်အခြေအနေသည် တုန်လှုပ်သွားသည်သာမက ပျော်ရွှင်မှုကိုလည်း ခံစားလိုက်ရ၏။ ထိုသို့သာ အစစ်အမှန် ဖြစ်သည်ဆိုပါက ထာဝရမြို့အနေနှင့် မူလလောကဆီသို့ မပြန်ရလျှင်လည်း ဘာအရေးကြီးတော့မည်နည်း။ ကောင်းကင်မူလလောကထဲတွင် နေထိုင်၍ နန်းဆောင်သခင်၏ ခြေလှမ်းအတိုင်း လိုက်ပါကာ ကောင်းကင်ပေါ်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေးကို ရရှိလာပေလိမ့်မည်။

“ခင်ဗျား ခန့်မှန်းတာ အမှန်ပဲ” လီယွင်သည် မငြင်းပယ်ခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပဲ ဝန်ခံလိုက်သည်။

“ဒါ...” ဟုန်ရွှမ်က ကြောင်အသွားခဲ့၏။

...............

တစ်ချိန်တည်းမှာပဲ အင်ပါရီယာရီကလန် တည်နေရာအတွင်း ...

လရောင်အလင်းနှင့်အတူ ကြယ်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေ၏။ နတ်ဘုရား ကုန်းမြေတစ်ခု ဖြစ်သောကြောင့် တကယ်ပင် ကြီးကျယ်ခမ်းနားလွန်းလှချေ၏။ အင်ပါရီယာရီကလန် အတွင်းတွင် ကြမ်းတမ်းလွန်းလှသည့် သားရဲရိုင်းများ၏ အော်ဟစ်သံက ထွက်ပေါ်လျက် ရှိနေပြီး ထူးဆန်းသော ပုံပန်းသွင်ပြင်နှင့် ငှက်များသည် ပျံသန်းလျက် ရှိနေသည်။

ကြီးမားသော တောင်ကြီးများကြားထဲတွင် ကြီးမားလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် သတ္တဝါများလည်း ကျင့်ကြံလျက် ရှိနေလေ၏။ ထိုသတ္တဝါများ အားလုံးတို့သည် လူသားများ စီးနင်းရန်အတွက် စီးတော်ယာဉ်များပင်။

နတ်ဘုရားတောင်ထွတ်ပေါ်တွင်တော့ လူနှစ်ယောက်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေ၏။ ၎င်းတို့၏ ရှေ့တွင် ကျောက်စိမ်းစားပွဲ တစ်ခုက တည်ရှိလို့နေပြီး မွှေးပျံ့လွန်းလှသည့် ရေနွေး၏ အနံ့သည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့နေ၏။

“တာအိုရောင်းရင်းယန်... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကနေ ရီကလန်ဆီ အဝေးကြီး လာခဲ့တာဆိုတော့ ဘာတွေများ အရေးကြီးတဲ့ အကြောင်းအရာ ရှိလို့လဲ” ရီချင်းမင်သည် ရေနွေးခွက်ကို ကောက်ယူကာဖြင့် ပြုံးကာ ပြောလိုက်သည်။

ယန်ရှိုသည် ရေနွေးခွက်ကို အသာလှမ်းကြည့်လိုက်၏။ သို့ပေမဲ့ သူ၏လက်နှင့် လှမ်း၍ မကိုင်ခဲ့ချေ။ ထိုအစား လေးနက်တည်ကြည်သည့် အမူအရာဖြင့်သာ ပြောဆိုလိုက်၏။ “ကျုပ် ရီကလန်ရဲ့ တော်ဝင်အင်ပါယာကို လာပြီးတော့ ဂါရဝ ပြုချင်တာပါ”

“ဪ”

ရီချင်းမင်သည် မျက်ခုံးကို အသာပင့်ပြီးသည့်နောက် မျက်နှာပေါ်တွင် မည်သည့် အံ့အားသင့်မှုမျိုးမှ မရှိခဲ့ချေ။ သူက ပြုံးကာ ပြောလိုက်သည်။ “ဘိုးဘေးကြီးက အခုမှ အင်ပါယာ ဖြစ်ခဲ့တာဆိုတော့ သူရဲ့အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေသေးတယ်လေ။ တာအိုရောင်းရင်းယန် မပြောနဲ့ ကျုပ်တောင်မှ ကျုပ်တို့ရဲ့ ဘိုးဘေးနဲ့ တွေ့ဖို့ အခွင့်အရေး မရသေးဘူး”

ရီချင်းမင်၏ စကားလုံးသည် တကယ်ပင် အဓိပ္ပာယ်ရှိလှ၏။ ဆိုလိုရင်းမှာလည်း ရှင်းလင်းလွန်းလှသည်။ သူတို့၏ ဘိုးဘေးကြီးသည် ယခုမှ အင်ပါယာဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့ စိတ်ရှိတိုင်း တွေ့ခွင့်ရသည့် လူစား မဟုတ်ပေ။

ယန်ရှိုသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လျှင်တောင်မှ ရီကလန်၏ ဘိုးဘေးကြီးနှင့် နှိုင်းယှဉ်လျှင် အလွန် အလှမ်းဝေးကွာလျက် ရှိနေ၏။ မုန့်ရှင်းကျီကိုယ်တိုင်‌ ရောက်ရှိလာမှသာလျှင် အနည်းနှင့်အများ တူညီသည်ဟု ခံစားရပေလိမ့်မည်။

“ကျုပ်ဆီမှ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်” ယန်ရှိုသည် မျက်မှောင်ကုတ်ပြီးသည့်နောက် လေးလေးနက်နက် ပြောဆိုလိုက်၏။

“တာအိုရောင်းရင်းယန်... ပြောချင်တာ တစ်ခုခုရှိရင် ဒီရီကို ပြောခဲ့တာလည်း တူတူပါပဲ” ရီချင်းမင်သည် ကြင်နာစွာ ပြောလိုက်သည်။

“သွေးနတ်ဆိုးလောကကြီးရဲ့ အင်ပါယာက မသေသေးဘူး” ယန်ရှိုသည် အပိုစာသားတွေ ပြောဆိုမနေတော့ချေ။ လိုရင်းကိုသာ ပြောဆိုလိုက်၏။

“အမ်”

ရီချင်းမင်၏ ရေနွေးခွက် ကိုင်ထားခဲ့သော လက်သည် တုန်ယင်သွားခဲ့တော့၏။ သူသည် ခေါင်းကို အသာမော့ပြီးသည့်နောက် ယန်ရှိုကို လှမ်းကြည့်လိုက်၏။ ပြီးနောက် တစ်လုံးချင်းစီ ပြောလိုက်သည်။ “တာအိုရောင်းရင်းယန်... ဒီကိစ္စက အမှန်ပဲလား။ အင်ပါယာတစ်ယောက်နဲ့ ပတ်သက်တဲ့ကိစ္စဆိုတာ တာအို ရောင်းရင်းယန်အနေနဲ့ ဟာသမလုပ်တာ‌ ကောင်းလိမ့်မယ်”

အရင်တုန်းက ဂိုဏ်းကဏကြီး ခြောက်ခုတို့သည် အတူပူးပေါင်းပြီးသည့်နောက် လာရောက်အခြေစိုက် ပုန်းခိုနေသော သွေးနတ်ဆိုးကလန် တစ်ခုလုံးကို သုတ်သင်ပစ်လိုက်၏။ တိုက်ပွဲသည် တကယ်ပင် ကြမ်းတမ်းလွန်းခဲ့၏။ ကွာစီအင်ပါယာသုံးယောက်တို့ ပါဝင် ပတ်သက်ခဲ့ပြီး အင်ပါရီယာလက်နက် သုံးခုတို့သည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးထားခဲ့၏။ တည်နေရာတစ်ခုလုံး၏ သန်းနှင့်ချီသော မြေတည်နေရာတစ်ခုလုံး ပျက်စီးကျန်ခဲ့၏။

သတ်ဖြတ်လိုခြင်း ဆန္ဒများသည်သာ ထိုနေရာ၌ ထီးထီးကြီး ကျန်ရစ်ကာ တားမြစ်တည်နေရာတစ်ခုကဲ့သို့ ပြောင်းလဲခဲ့၏။ လောကကို ဖြတ်သန်းလာခဲ့ပြီးသည့် သွေးနတ်ဆိုးကလန် တစ်ခုလုံးသည် ကျန်ရစ်သူဟူ၍ မရှိခဲ့ချေ။ ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်ခဲ့ဖူးသည့် သွေးနတ်ဆိုးကလန်၏ ပါရမီရှင် နှစ်ယောက်တို့သည် လည်း ထိုတိုက်ပွဲမှာတင် ပျောက်ကွယ်သေဆုံး သွားခဲ့သည်။

ဤကဲ့သို့သော ဖြစ်ပျက်ခဲ့သည့် အခြေအနေသည် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ပျံ့နှံခဲ့ပြီးပြီ ဖြစ်ပြီး ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် သိုင်းကျင့်ကြံသူအားလုံးတို့သည် သူတို့၏လောကနှင့် သွေးနတ်ဆိုးကလန်၏ ကြားထဲတွင် ရှိခဲ့သည့် ပဋိပက္ခနှင့် တိုက်ပွဲများ အလုံးစုံ အဆုံးသတ်သွားသည်ဟု သိရှိခဲ့၏။

သွေးနတ်ဆိုးကလန်၏ အင်ပါယာသည် သူတို့၏ လောကဆီသို့ လာရောက်၍ စာရင်းရှင်းမည်ဟု ကြွေးကြော်ခဲ့ ဖူး၏။ နိဗ္ဗာန ဖြစ်စဉ်ကို အောင်မြင်ပြီးသည့်နောက် ၎င်း၏ အားအင်အဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလာလိမ့်မည်ကို မည်သူကမှ မသိရှိချေ။

တကယ်တမ်း တိုက်ပွဲ ဖြစ်ပွားသည်ဆိုပါက ကောင်းကင်မူလလောကကြီးသည် အန္တရာယ်တွင်းသို့ သက်ဆင်း သွားမှာသေချာ၏။ ခရမ်းရောင်နက်နဲလောကပင်လျှင် ဤအခြေအနေတွင် ဆိုးရွားသည့် အကျိုးဆက်ကို ခံစားရနိုင်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ကျုပ်ဝယ်ခဲ့တဲ့ သတင်းအချက်အလက်ပဲ” ယန်ရှိုသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ပြောလိုက်သည်။

သွေးနတ်ဆိုးကလန်၏ အင်ပါယာ မသေဆုံးသေးဘူးဟူသော သတင်းသည် လီယွင် တစ်ယောက် အမှတ်မထင်ဖြင့် ထုတ်ဖော်ခဲ့သည့် သတင်းသာလျှင် ဖြစ်၏။ ယခု ယန်ရှို၏ စကားအရဆိုလျှင် သူဝယ်ယူခဲ့သည့် သတင်းအချက်အလက် ဖြစ်သွားခဲ့၏။ အလှည့်အပြောင်းသည် တကယ်ပင် များလာခဲ့၏။

ကောင်းကင်မူလလောကကြီးအတွက် သူသည် သွေးနတ်ဆိုးကလန် အင်ပါယာ အသက်ရှင်ကျန်ရစ်သေးသည် ဆိုသော သတင်းအချက်အလက်ကို ဝယ်ယူခဲ့၏။ ထိုသို့ဆိုလျှင် ဘာဆက်ဖြစ်မည်နည်း။ သွေးနတ်ဆိုးကလန်၏ အင်ပါယာ ရောက်ရှိလာပြီး ၎င်း၏ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာကောင်းသည်ဆိုလျှင်တောင်မှ ၎င်းတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေဖြင့် လက်ကျန် သတင်းအချက်အလက်များကို ဝယ်ယူရန် မလိုတော့ချေ။ တခြားသောသူများက စုပေါင်းကာ ဝယ်ယူရပေမည်။

“အင်း... ဒါက နန်းဆောင်သခင် ပြောခဲ့တာလား”

ရီချင်းမင်သည် အတွေးနက်သွားမိ၏။ ခဏလောက် ကြာပြီးတဲ့ နောက်မှာ သူက ထပ်မံကာ မေးမြန်းလိုက်သည်။ “သွေးနတ်ဆိုးကလန်ရဲ့ အင်ပါယာ ဘယ်အချိန်ရောက်လာမလဲ ဆိုတာကို နန်းဆောင်သခင်က ပြောခဲ့သေးလား”

“မပြောဘူး”

ယန်ရှိုသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် သူက တီးတိုးပြောလိုက်၏။ “ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မယ်လေ။ ခင်ဗျားတို့ အင်ပါရီယာ ရီကလန်နဲ့ တခြားဂိုဏ်းဂဏ အသီးသီးက ဘယ်လောက်ထိ လေးနက်လဲဆိုတာပေါ်မှာ မူတည်တယ်။ ကျုပ်ကတော့ ကျုပ်လုပ်သင့်တာကို လုပ်ခဲ့ပြီးပြီ။ သွေးနတ်ဆိုးကလန်ရဲ့ အင်ပါယာ ရောက်လာခဲ့ပြီဆိုရင် ကျုပ် ခင်ဗျားကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်။ နိဗ္ဗာနဖြစ်စဉ်ကို ကျော်ဖြတ် အောင်မြင်ပြီးတဲ့ အင်ပါယာတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာ ဘာနည်းလမ်းကို သုံးရမလဲဆိုတာ ခင်ဗျား နားလည်သင့်တယ်”

ယန်ရှိုက ထပ်မံကာ ပြောဆိုလိုက်သည်။

ရီချင်းမင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ခင်ဗျား ရွှေကျီးကန်းကလန်နဲ့ တခြားကလန်တွေကို သတင်း ပေးပြီးပြီလား”

“မပေးရသေးဘူး”

ယန်ရှိုသည် ရီချင်းမင်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ကျုပ် ဒီသတင်းစကားကို သွားပြီးတော့ ပို့ရအုံးမယ်။ ခင်ဗျားအနေနဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ လက်ရှိ အခြေအနေကို နားလည်မယ်လို့ထင်တယ်။ သွေးနတ်ဆိုးကလန် အင်ပါယာရဲ့ ကျဆင်းလာတဲ့ ဖိအားကို ကျုပ်တို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့ ပူးပေါင်းရမယ်”

ပြီးသည့်နောက် ယန်ရှိုသည် ရီချင်းမင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်ခွာသွားခဲ့၏။

တစ်ချိန်တည်းမှာပဲ ရီချင်းမင်သည် ယန်ရှို ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်လုံးအကြည့် များသည် ပြောင်းလဲသွားခဲ့၏။ သက်ပြင်းရှည်ကြီးကို ချပြီးသည့်နောက် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အနောက်ဘက် တောင်တည်နေရာဆီသို့ အသာလှမ်းလျှောက် သွားခဲ့သည်။

All Chapters