အခန်း (၃၅၆)
Vol. 24 Ch. 356
ကောင်းကင်ယံအထက်တွင်တော့ ပိုင်ချမ်းဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် လေဟာနယ်ထဲတွင် တစ်လှမ်းချင်း ဆင်းသက်လာခဲ့တော့၏။ မြေပြင်ကို မထိခင်မှာပဲ များပြားလွန်းလှသည့် စစ်သည်များ အားလုံးသည် ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “နတ်ဘုရားအင်ပါယာကို နှုတ်ဆက်ပါတယ်”
“ထကြ”
ပိုင်ချမ်းဟန်သည် လက်ကိုအသာမြှောက်ပြီးသည့်နောက် လေဟာနယ်ထဲကို လက်လှမ်းကာ အားလုံးသောသူများကု ထနိုင်ရန် ဖေးမပေးလိုက်၏။ သူသည် ပြုံးကာပြောလိုက်သည်။
“အခုလာတဲ့ ခရီးစဉ်က တစ်ကယ့်ကို အကျိုးအမြတ်ရှိခဲ့တာပဲ၊ ဒီအခွင့်အရေးက တော်ဝင်ရင်နိုင်ငံတစ်ခုလုံးကို ပြောင်းလဲမပစ်နိုင်ဘူး ဆိုရင်တောင်မှ ကျုပ်တို့မျိုးဆက်သစ်တွေအတွက် တကယ့်ကို ခိုင်မာတဲ့ အခြေခံတစ်ခုကို ဖန်တီးနိုင်ပြီ။ ကျုပ်ရဲ့ တတိယသားသာ ဒီအခွင့်အရေးကို သန့်စင်နိုင်မယ်ဆိုရင် ကျိန်းသေပေါက် တော်ဝင်ရင်နိုင်ငံတော်က ကောင်းကင်ပါရမီရှင်စာရင်းမှာ ဝင်နိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်လိမ့်မယ်”
နှစ်ပေါင်းတစ်သောင်းလောက် ကြာပြီးသည့်နောက် တော်ဝင်ရင်နိုင်ငံတော်သည် တကယ်ပင် ကျော်ကြား လာရပေလိမ့်မည်။ ဤအရာသည် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်၏။ ရလဒ်အားဖြင့် အချိန်တို အတွင်း မြင်နိုင်ရလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အနာဂတ်တွင် ၎င်းတို့သည် ကျိန်းသေပေါက် များပြားလှသည့် ဆုလာဘ်များကို ရရှိတော့မှာဖြစ်၏။
နန်းဆောင်သခင်ပြောဆိုခဲ့သည့်အတိုင်း အမှန်သာဖြစ်သည်ဆိုပါက တော်ဝင်ရင်နိုင်ငံတော်တွင် တော်ဝင်အင်ပါယာ တစ်ယောက် ဖြစ်ထွန်းလာပေလိမ့်မည်။ တကယ့်ကို မယုံကြည်နိုင်စရာပင်။ တော်ဝင်ရင်အင်ပါယာအနေဖြင့် မည်သည့်နေရာပဲသွားသွား အားလုံးသောမျိုးနွယ်များက အညံ့ခံရတော့မည်လား။
“အင်ပါရီယာနိုင်ငံတော်ကို ပြန်ကြရအောင်” ပိုင်ချမ်းဟန်သည် နတ်ဘုရားရွက်သင်္ဘောဆီသို့ အသာ လှမ်းတက်ပြီးသည့်နောက် ရှေ့ဆုံးတွင် မတ်မတ်ရပ်လျက်ရှိနေ၏။ သူသည် စိတ်ခံစားချက်များ ပြည့်နှက်လျက် ရှိနေ၏။ လက်တစ်ချက်ကို အသာဝှေ့ယမ်းပြီး သည့်နောက် ကျယ်လောင်စွာ အော်ဟစ်ရင်း အားလုံးကို အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ” အစောင့်တစ်ယောက်သည် ဦးညွတ်ပြီးသည့်နောက် အမိန့်ကို လက်ခံလိုက်၏။
မကြာခင်မှာပဲ နတ်ဘုရားရွက်သင်္ဘောကြီးသည် တုန်ယင်သွား၏။ ပြီးနောက် ဖြည်းညင်းစွာဖြင့် ကောင်းကင်ပေါ်သို့ တက်သွားခဲ့၏။ ရွက်သင်္ဘောတွင်ရှိနေသည့် သင်္ကေတများ အားလုံးသည် လင်းလက် လာခဲ့ပြီးသည့်နောက် မယုံနိုင်စရာ စွမ်းအင်များက ပေါက်ကွဲထွက်ကာ တည်နေရာကို ဖြတ်သန်း၍ ခရီးသွားလာရန် အဆင်သင့်ဖြစ်လို့နေသည်။
ရွက်သင်္ဘောကြီး ထွက်ခွာမသွားသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည် ထိုအရာသည် မည်သည့်နေရာက ပေါ်ပေါက်လာမှန်းတော့ မသိချေ။ ဤနေရာတွင် ရှိနေသည့် နိယာမအားလုံးသည် ရှုပ်ထွေးလျက် ရှိနေသကဲ့သိုပင်။
ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် ပြိုလဲလာခဲ့၏။ ဤအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရှေးနတ်ဘုရားတောင်ကြီး တစ်ခုလုံးသည် ကောင်းကင်ပေါ်မှ နတ်ဘုရား ရွက်သင်္ဘောပေါ်သို့ ကျဆင်းလာသကဲ့သို့ပင်။
ဘုန်း
ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာပြီး တော်ဝင်ရင်နိုင်ငံတော်၏ နတ်ဘုရားရွက်သင်္ဘောကြီးသည် ကောင်းကင်ယံဆီမှ အောက်သို့ပြုတ်ကျခဲ့၏။ ကြီးမားလှသည့် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်တည်ခဲ့ပြီး ဖုန်များ အလိပ်လိပ် တက်လာခဲ့၏။
“ဘာတွေဖြစ်နေတာလဲ”
လူပေါင်းများစွာတို့သည် အော်ရာ၏ ဖိနှိပ်မှုကို ခံယူပြီးနောက် တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်ခဲ့ကြချေ။ ကြောက်လန့်တကြားဖြင့် မြေပေါ်၌ လဲလျောင်းခြင်းကိုသာ ပြုလုပ်နိုင်သည်။ ၎င်းတို့အားလုံးသည် စိတ်ထဲမှာ ကြိတ်ကာဆုတောင်းနေမိ၏။ ဤအော်ရာ၏ပိုင်ရှင်သည် သူတို့ကို ပစ်မှတ်မထားရန်ပင်။
“ကွာစီအင်ပါယာတစ်ယောက်လား”
ပိုင်ချမ်းဟန်၏ ဆံပင်များသည် ပွစာကြဲလျက်ရှိသည်။ သူသည် လက်နှစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ဖေးမကာ မြေပေါ်သို့ ဒူးထောက်ကာ ထိုင်လိုက်၏။ ၎င်း၏ပုံစံသည် ဆိုးဆိုးရွားရွား အခြေအနေဆီသို့ ရောက်ရှိနေ၏။ သူသည် ပျော်ရွှင်လျက် ရှိနေတုန်းမှာပဲ အသက် တစ်ချက်တရှိုက်စာအတွင်း ငရဲခန်းဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ တုံ့ပြန်ရန်ဟူ၍ အချိန်ကလေးမှပင် မရခဲ့ချေ။
“ဘာတွေဖြစ်နေတာလဲ”
ပိုင်ချမ်းဟန်သည် ခဏလောက် ဆွံ့အသွားခဲ့၏။ ဤအော်ရာများ၏ ပိုင်ရှင်သည် သံသယရှိစရာမလိုအောင်ဘဲ ကွာစီအင်ပါယာတစ်ယောက် ဖြစ်ကြောင်းကို သူက သေချာသိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ဝယ်ယူခဲ့သည့် သူတော်စင်၏ အခွင့်အရေးကို အဘယ့်ကြောင့် ကွာစီအင်ပါယာတစ်ယောက်က စိတ်ဝင်စားနေရသနည်း။ ထို့အပြင် ကွာစီအင်ပါယာသည် ဘာများလိုအပ်နေ သနည်း။ လက်ထဲတွင်ရှိနေသည့် သူတော်စင် အခွင့်အရေးကို တကယ်ပဲ လိုချင်နေလေသည်လား။ အခွင့်အရေးသည် သူ့အတွက်မဟုတ်ဘဲ သူ၏ တတိယသားအတွက်သာ ဖြစ်၏။ ကွာစီအင်ပါယာ တစ်ယောက်သည် အဘယ့်ကြောင့် သူ့သား၏ လက်ထဲတွင် ရှိနေသည့်အရာများကို လုယူချင်စိတ် ရှိနေရသနည်း။
“ကျုပ်လည်းမသိဘူး။ စီနီယာ ကျုပ်ကိုသာ စနောက်နေတာဆိုရင်” ပိုင်ချမ်းဟန်သည် မနည်းရုန်းကန်ကာ ပြောဆိုလိုက်၏။ သူ၏ အသံသည် မကျယ်လှချေ။ သို့ပေမဲ့ လေဟာနယ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိနေ၏။
ဘုန်း
ခဏအတွင်းမှာပဲ တည်နေရာကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။ သွေးနတ်ဆိုးကလန်၏ ဘိုးဘေးမြေတည်နေရာ အတွင်းတွင် နက်ရှိုင်းလှသည့် အနီရောင်အလင်းတန်းများ ဖြစ်တည်လာခဲ့တော့၏။ ထိုအရာကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဟုန်နှင့်အတူ နတ်ဘုရားရွက်သင်္ဘောဆီသို့ ကျဆင်းလာသည်။
အလင်းတန်းများ ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က ပေါ်ပေါက် လာခဲ့သည်။ ထိုသူသည် လကဲ့သို့ ဖြူဖွေးလွန်းလှသည့်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ထိုသူသည် ကြက်သွေးရောင် ကဲ့သို့သော ဆံနွယ်နှင့် မျက်လုံးတစ်စုံအား ပိုင်ဆိုင်လျက်ရှိနေပြီး နတ်ရွှေရောင် ကျောက်စိမ်း အမှတ်အသားတစ်ခုသည် ၎င်း၏ မျက်ခုံးနှစ်ခုကြားထဲတွင် တည်ရှိနေ၏။
ယုံကြည်ချက်ရှိရှိဖြင့် ရှေ့ဆီသို့ အသာလှမ်းလျှောက်လာခဲ့ပြီးသည့်နောက် ၎င်းသည် နတ်ဘုရားရွက်သင်္ဘော ဆီသို့ ချဉ်းကပ်လာခဲ့၏။ ခန္ဓာကိုယ်ဆီမှ နတ်ဘုရားရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လျက် ရှိနေလေ၏။ ထိုအရောင်များသည် အင်ပါရီယာလက်နက်တစ်ခု၏ ရောင်ဝါပင်ဖြစ်လေ၏။ ထိုသူသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိလေ၏။ နတ်ဘုရားရွက်သင်္ဘောကြီး၏ ပေတစ်ရာနီးပါးခန့် အကွာတွင် မတ်မတ်ရပ်လိုက်၏။ သူသည် ရှေ့ဆီသို့ ဆက်မတိုးခဲ့ချေ။ ရှေးနတ်ဘုရားတစ်ပါး၏ အသွင်သဏ္ဍာန်မျိုး နှင့်ပင် မတ်မတ်ရပ်လျက် ရှိနေသည်။
ကြည့်ရှုနေသူများ အားလုံးတို့သည် ထိုသူကို မြင်ရသည့် အချိန်မှာတော့ တကယ်ပင် ကြောက်လန့်နေကြ၏။
“သွေး... သွေးနတ်ဆိုးကလန်” ပိုင်ချမ်းဟန်သည် ကြောင်အသွားမိ၏။ သူ၏ နှလုံးသားထဲတွင် ယန်ရှိုကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲမိ၏။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံခဲ့သည့်လူများအား ယုံကြည်၍ မရနိုင်ကြောင်းကို သူကသိရှိ၏။ သို့ပေမဲ့ ယန်ရှို၏ စကားသည် အဘယ်ကြောင့် လက်ရှိအခြေအနေ၌ လာမှန်နေရသနည်း။
သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာနှင့် ထိပ်တိုက်မတွေ့မိသည်ဆိုသော်လည်း သူသည် ကွာစီ အင်ပါယာ တစ်ယောက်ဆီသို့ ပြေးဝင်သွားခဲ့မိ၏။ တစ်ဖက်လူသည် ကွာစီအင်ပါယာတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ သူ့အား အားအင်စိုက်ထုတ်မှုကင်းစွာဖြင့် လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။
လက်ရှိအချိန်တွင် တော်ဝင်ရင်နိုင်ငံတစ်ခုလုံးတွင် အားအကောင်းဆုံးသူသည် သူ တော်ဝင်ရင်နတ်ဘုရား အင်ပါယာသာလျှင်ဖြစ်၏။ သူပင်လျှင် သူတော်စင်အဆင့်၌သာ ရှိလေ၏။ ကွာစီအင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်ဖို့ဆိုလျှင် မည်ကဲ့သို့မှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဆိုးတာပဲ”
ပိုင်ချမ်းဟန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် တော်ဝင်ရင်နိုင်ငံတော်၏ နောက်လိုက်များအားလုံး တို့သည် နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ခံစားလိုက်ရ၏။ မကြာသေးသောအချိန်အတွင်းက ဂိုဏ်း ခြောက်ဂိုဏ်းတို့သည် အတူပူးပေါင်းပြီးသည့်နောက် သွေးနတ်ဆိုးကလန်တစ်ခုလုံးကို တိုက်ခိုက်ခဲ့၏။ ဤဖြစ်ရပ်သည် ကောင်းကင်မူလလောကကြီး တစ်ခုလုံး သိရှိပြီးသား အ ရာသာလျှင် ဖြစ်သည်။
အသင်္ချေ များပြားသည့် မျိုးနွယ်စုများ၏ ဆွေးနွေးမှုများအရဆိုလျှင် ကောင်းကင်မူလလောက၏ တိုက်ခိုက်ချက်သည် တကယ်ပင် ကြမ်းတမ်းလွန်းလှချေ၏။ သို့ပေမဲ့ ယခု သွေးနတ်ဆိုးကလန်ဆီမှ ကွာစီအင်ပါယာတစ်ယောက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူတို့ကို လွယ်လွယ်ကူကူနှင့် အဘယ်သို့ လက်လွတ်ပေးလိမ့်မည်နည်း။
တွေးကြည့်ပြီးသည့်နောက် အားလုံးသောသူတို့သည် လက်ရှိအခြေအနေ၌ သူတို့ ကမ္ဘာပျက်ပြီဖြစ်ကြောင်းကို နားလည်လိုက်မိ၏။
“စီနီယာ.. စီနီယာ”
ထိုအချိန်မှာတော့ တော်ဝင်ရင်နိုင်ငံတော်၏ နောက်လိုက်သည် ရုတ်တရက် ထကာ ပြောလိုက်၏။ သူ၏အသံသည် ခြောက်ကပ်လျက်ရှိသည် ဆိုလျှင်တောင်မှ အသက်ရှင်သန်ချင်စိတ်သည် အလွန်ပင် ကြီးမားပြင်းထန်နေပုံပင်။
သူကပြောလိုက်၏။ “ကျုပ်က တော်ဝင်ရင်နိုင်ငံတော်ရဲ့ နောက်လိုက်တစ်ယောက်ပါပဲ။ သွေးနတ်ဆိုးကလန်နဲ့ ဘယ်ရန်ငြိုးရန်စမှ မရှိပါဘူး။ အရင်တုန်းက သွေးနတ်ဆိုးကလန်ကို ပစ်မှတ်ထားခဲ့တဲ့လူတွေက အင်ပါရီယာ ရီကလန်၊ အင်ပါရီယာလင်းကလန်၊ ရွှေကျီးကန်းကလန်နဲ့ ခွန်ဖန်ကလန်လို တခြားကလန်တွေ အများကြီး ပါဝင်တယ်လေ။ ကျုပ်က သူတို့နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ကျေးဇူးပြုပြီး ဂုဏ်သိက္ခာကြီးမားတဲ့ စီနီယာက ကျုပ်ရဲ့ အသက်ကို ချမ်းသာပေးပါအုံး”
“ဟမ့်”
ပိုင်ချမ်းဟန်သည် အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။ ပြီးနောက် ထိုကဲ့သို့ ထကာ ပြောဆိုလိုက်သည့်လူကို လှမ်းကာ ကြည့်လိုက်မိသည်။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ငကြောက်ကောင် တစ်ကောင်သည် တော်ဝင်ရင် နိုင်ငံတော်၏ နောက်လိုက်အဖြစ်တည်ရှိနေလိမ်မည်ကို သူက မထင်မှတ်ခဲ့ချေ။
သွေးနတ်ဆိုးကလန်တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြ၏။ သူသာ တခြားလူဖက်က စဉ်းစားမည် ဆိုလျှင် ကျိန်းသေပေါက် လက်စားချေမှာ သေချာ၏။ တောင်းပန်ရို့ကျိုးသည်နှင့် အရာအားလုံး ပြီးဆုံးသွားမည်လား။ မဖြစ်နိုင်ချေ။ နောက်ကျသွားခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဆုံရခြင်းသည် ကျိန်းသေပေါက် ကံဆိုးခြင်းသာလျှင်ဖြစ်၏။ သနားညှာတာရန် တောင်းဆိုခြင်းဆိုသည်မှာ အဓိပ္ပာယ် မရှိလှချေ။
တော်ဝင်ရင်နိုင်ငံ၏ ဂုဏ်သိက္ခာကို မြဲမြဲဆုပ်ကိုင်ပြီးသည့်နောက် တခြားသောသူများကို အောက်ကျမခံဘဲ ရဲရဲရင့်ရင့် သေဆုံးလိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ကောင်းကင်မူလ လောကကြီးထဲတွင် ရှိနေသည့် တခြားသောသတ္တဝါများသည် သူတို့ကို အထင်အမြင်သေးကြပေလိမ့်မည်။ သူ့အနေနှင့် ကွာစီအင်ပါယာ တစ်ယောက်၏ ဖိအားဒဏ်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဘယ်သောအခါမှ သနားညှာတာပေးရန် တောင်းဆိုလိမ့်မည်လည်း မဟုတ်ချေ။
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ သူ၏မျက်လုံးများသည် စူးရှလျက် ရှိနေလေ၏။ စောနကလေးတင် သနားစဖွယ်နှင့် တောင်းပန်လျက်ရှိနေသည့် နောက်လိုက်သည် ချက်ချင်း သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းသည် များပြားလှသော လူများအားလုံး၏ ကျောရိုးမကြီးများကို စိမ့်တက်သွားစေခဲ့၏။ ခန္ဓာကိုယ်များသည် ရေခဲရုပ်ကြီးများကဲ့သို့ပင် ဖြစ်တည်လျက်ရှိနေပြီး တချို့သည် ကြောက်လန့်တကြားဖြင့် တုန်ယင်လျက်ရှိနေကြပြီး သူတို့၏ တာအိုနှလုံးသားများသည် မျက်စိတစ်မှိတ်တွင် ပြိုလဲသွားခဲ့ကြ၏။ သတ္တိကောင်းသည့်လူများသည် အနည်းငယ်သာလျှင် တည်ရှိ၏။
“စီနီယာ ... ကျုပ်” တစ်စုံတစ်ယောက်က ထအော်လိုက်၏။
“တော်စမ်း”
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် ဖြူလျော်နေသည့် မျက်နှာတစ်ခုနှင့် လှမ်းကာ ပြောဆိုလိုက်၏။ ၎င်း၏မျက်နှာပေါ်တွင် မည်သည့်သွေး အရိပ်အယောင်မျိုးမှ မတွေ့ရချေ။
ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် အရာအားလုံးကို ဖိနှိပ်လျက် ရှိနေလေ၏။ သူ၏ မျက်ခုံးကြားထဲတွင်ရှိနေသည့် နတ်ရွှေရောင်အမှတ်အသားသည် တောက်ပသည့်အလင်းတန်းများကို ထုတ်ဖော်လျက်ရှိနေပြီး တော်ဝင်အင်ပါယာတစ်ယောက်၏ ဟိတ်ဟန်မျိုးကိုပင် ထုတ်ဖော်လျက်ရှိနေ၏။
သူသည် အားလုံးသောသူတို့ကို တစ်ချက်ဝှေ့ကြည့်ပြီးသည့်နောက် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အကြောက်အလန့်ကင်းမဲ့နေသည့် ပိုင်ချမ်းဟန်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ် အသံဖြင့် မေးမြန်းလိုက်သည်။ “ဒါ ကောင်းကင်မူလလောကကြီးလား”
“ဘာ”
ပိုင်ချမ်းဟန်သည် ခေါင်းကိုမော့လိုက်၏။ ပြီးနောက် ကြောက်လန့်ခြင်းမရှိဘဲ ကွာစီအင်ပါယာကို တည့်တည့်ပင် ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “သွေးနတ်ဆိုးကလန်က နှစ်ပေါင်းများစွာ ကောင်းကင်မူလလောကကြီးကို ဒုက္ခပေးခဲ့တယ်လေ။ အခု ဒီနာမည်ကိုတောင် မေ့သွားခဲ့ပြီလား”
“မဟုတ်ဘူး”
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် သွားကြားမှ တဆင့် စကားလုံးများကို ဖြစ်ညစ်ကာ ပြောဆိုလိုက်သည်။ “ကျုပ်က ကျန်းထျန်နဲ့ မတူညီဘူး”