အမြင့်ဆုံးသော နတ်ဘုရားရာထူး
Vol. 30 Ch. 408
အလယ်ပိုင်းလွင်ပြင်ဒေသက မည်သည့်အရာနှင့် သက်ဆိုင်ပါသနည်း။
ကျန်းလန် မှန်းဆကြည့်လိုက်သည်။
"ရှေးဟောင်းအလယ်ပိုင်းနန်းတော်"
အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် သက်ဆိုင်ရာဒေသများအလိုက် ရှေးဟောင်းဧကရာဇ်နန်းတော်က တည်ရှိလေရာ အလယ်ပိုင်းလွင်ပြင်ဒေသနှင့် သက်ဆိုင်သည်က ရှေးဟောင်းအလယ်ပိုင်းနန်းတော်သာ ဖြစ်နိုင်သည်။
"အမှန်ပဲ ၊ ရှေးဟောင်းအလယ်ပိုင်းနန်းတော်က ထွက်ပေါ်လာမယ့် နတ်ဘုရားရာထူးက အထူးခြားဆုံး နတ်ဘုရားရာထူးလည်း ဖြစ်သလို အမြင့်ဆုံးသော နတ်ဘုရားရာထူးလည်း ဖြစ်တယ်"
ဧကရာဇ်ရှီးဟယ်က ဆက်ရှင်းပြသည်။
"နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေက အဲဒီနတ်ဘုရားရာထူး ဘယ်လောက်ထူခြားပြီး ဘယ်လောက်အရေးပါတယ်ဆိုတာ သိခဲ့ကြတယ် ၊ ဒါကြောင့် ခြေတစ်လှမ်းနောက်ကျနေတယ်ဆိုရင်တောင်မှ သူတို့က အဲဒီနတ်ဘုရားရာထူးကို ရယူဖို့ ဘယ်လို ဒုက္ခမျိုးကိုမဆို ရင်ဆိုင်ကြမှာပဲ"
ကျန်းလန်က…
"သူတို့ အောင်မြင်မှာလား"
မေးပြီးတော့မှ ကျန်းလန် နောင်တရသွားသည်။
အကြောင်းမှာ ဧကရာဇ်ရှီးဟယ်က အောင်မြင်တော့မည်ဟု ပြောမည်ကို စိုးရိမ်မိသောကြောင့်ပင်။ အောင်မြင်မည်ဆိုပါက နတ်ဘုရားရာထူး အသစ် (၂)ခု ထွက်ပေါ်လာတော့မည် ဖြစ်သည်။
သို့ပေသိ ဧကရာဇ်ရှီးဟယ်က ဆန့်ကျင်ဘက်အဖြေကို ပြောခဲ့၏။
"မဟုတ်ဘူး ၊ သူတို့အားလုံး ကျရှုံးခဲ့တယ်"
ကျန်းလန် တိတ်ဆိတ်သွားသည်။
ဧကရာဇ်ရှီးဟယ်က ရုတ်တရက် ဤအကြောင်းများကို ပြောဆိုလာခြင်းက အကြောင်းတစ်ခုတော့ ရှိရပေမည်။
"ဇာမဏီမျိုးနွယ်တွေဘက်က တောင့်မခံနိုင်တော့ဘူးလေ ၊ ဒီတော့ သူတို့တွေက ရွေးချယ်စရာမရှိတဲ့အတွက် နောက်တစ်နည်း စဉ်းစားကြတယ် ၊ ဒါပေမဲ့ နတ်လူသားမျိုးနွယ်တွေကတော့ မတူဘူး ၊ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)လောက်က မရဏလောကကို ဆက်သွယ်တဲ့နည်းလမ်းကို နတ်မိစ္ဆာတွေဆီက ရယူခဲ့ကြတယ်"
ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။
"အဲဒီမှာ ရှေးဟောင်းအလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ဒီအတိုင်း တိုက်ရိုက်မရယူနိုင်ဘူးဆိုတာ သူတို့ သိခဲ့ကြတယ် ၊ ဒါကြောင့် ဒီနှစ်တွေအတွင်း တစ်ခုခုလုပ်ဖို့ ရွေးချယ်ခဲ့ကြတယ် ၊ ဒါပေမဲ့ သုံးသပ်ကြည့်ရရင် မရဏလောကက လူတွေကလည်း သူတို့ကို ဘာမှ များများစားစား ပြောပြခဲ့ပုံ မပေါ်ဘူး"
ခဏနားပြီးမှ ဧကရာဇ်ရှီးဟယ်က…
"ရှေးဟောင်းအလယ်ပိုင်းနန်းတော်ရဲ့ နတ်ဘုရားရာထူးကို ဘယ်လိုရယူနိုင်သလဲ သိလား"
ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…
"မသိပါဘူး အကြီးအကဲ ၊ ဒါပေမဲ့ လောလောဆယ်မှာ သိလည်း မသိချင်သေးပါဘူး"
ရှေးဟောင်းအလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးက အလွန်ထူးခြားပြီး ရယူချင်သူ များပြားကြသည်။ ဧကရာဇ်ရှီးဟယ်ကဲ့သို့ အခြားသူများထက် သာလွန်သူတစ်ယောက်သည် ထိုနတ်ဘုရားရာထူးကို ရယူလိုသည်မှာ သေချာသလောက်ရှိသည်။
ယခု နတ်လူသားမျိုးနွယ်များ၏ အသွေးအသားများကို ရယူနေသည့် ရည်ရွယ်ချက်မှာ ရှေးဟောင်းအလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်၏။
သို့ဖြစ်ရာ ၎င်းနတ်ဘုရားရာထူး မည်သို့ရယူရမည်ကို သိရှိသွားပါက ကျန်းလန်အတွက် အန္တရယ်ဖြစ်လာဖွယ်ရှိသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး နည်းနည်းပဲသိလေ ပိုကောင်းလေ ဖြစ်သည်။
"ကောင်လေး ၊ မင်းအရမ်းသတိထားတယ်နော်"
ဧကရာဇ်ရှီးဟယ်၏ အသံက ရယ်သံစွက်လျှက်ရှိသည်။
"ဒါပေမဲ့ သိပ်မကြာခင် သိလာတော့မှာပါကွာ ၊ မင်းကိုယ်တိုင်လည်း အဲဒီအကြောင်းတွေ လေ့လာကြည့်လို့ရတယ် ၊ မင်း တာ့လော်အင်မော်တယ်အဆင့်ရောက်ရန် ခွန်လွန်တောင်စာကြည့်တိုက်မှာ စာအုပ်တွေ သွားရှာလို့ရတယ် ၊ အဲဒီမှာ "နတ်ဘုရားရာထူးများ၏နိယာမများ" ဆိုတဲ့စာအုပ်တစ်အုပ် ရှိတယ် ၊ အဲဒီစာအုပ်ကနေ မင်းသိချင်တဲ့ အဖြေတွေရနိုင်တယ်"
သူက ဆက်ပြောသည်။
"အဲဒီစာအုပ်ကို မင်းဖတ်လိုက်တာနဲ့ ကျုပ်မင်း ဘယ်သူလဲဆိုတာ သိသွားမလား ဆိုတာကတော့ မင်း ဘယ်လောက်ပုန်းအောင်းနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ် ၊ ခွန်လွန်တောင်က တစ်ယောက်ယောက်က မင်းကိုရိပ်မိသွားပြီဆိုရင် ကျုပ်လည်း မင်းအကြောင်း သိသွားမှာပါပဲ"
"ပြီးတော့ ရှေးဟောင်းဧကရာဇ်နန်းတော်နဲ့ပတ်သက်တဲ့စာအုပ်တွေလည်း အဲဒီမှာ ရှိတယ် ၊ ဒါပေမဲ့ အဲဒီစာအုပ်တွေထဲမှာ အကြောင်းအရာ နည်းနည်းပါးပါးပဲ ပါဝင်တယ် ၊ ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း အတိအကျကို သိချင်တယ်ဆိုရင်တော့ မင်းက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က ထွက်ခွာပြီး ရှေ့ဆက်သွားမှ ဖြစ်နိုင်လိမ့်မယ် ၊ ဒါဆို ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း အတိအကျ သိခွင့်ရလိမ့်မယ်"
ကျန်းလန်က ဧကရာဇ်ရှီးဟယ်ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
"အခုလို ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ"
သို့သော် သူက "နတ်ဘုရားရာထူးများ၏နိယာမများ" စာအုပ်ကို ရှာဖွေရန်အတွက် ခွန်လွန်တောင်စာကြည့်တိုက်သို့ သွားရောက်မည် မဟုတ်ပေ။ အရင်ကဆိုလျှင်တော့ သူ ခက်ခက်ခဲခဲ အကြံဉာဏ်ထုတ်ပြီး ဧကရာဇ်ရှီးဟယ်မသိအောင် စာအုပ်ကို သွားရောက်ဖတ်ရှုကောင်း ဖတ်ရှုမည် ဖြစ်သည်။
သို့ပေသိ ယခုတော့ ထိုသို့ ပြုလုပ်စရာ မလိုတော့ပေ။ သူ့တွင် ဆရာဖြစ်သူပေးထားသည့် စာအုပ်များ ရှိနေပြီ မဟုတ်ပါလား။
ဧကရာဇ်ရှီးဟယ်က တာ့လော်အင်မော်တယ်အဆင့်ရောက်မှ ထိုစာအုပ်များကို ဖတ်ရှုခိုင်းလေရာ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို ထိခိုက်နိုင်သည်လား မပြောတတ်ပေ။ သူ့အနေဖြင့် ဆရာဖြစ်သူပေးအပ်သည့်စာအုပ်များကို ဖတ်ရှုရန် တာ့လော်အင်မော်တယ်အဆင့်ရောက်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
နောက်တစ်ချက်မှာ ဆရာဖြစ်သူက ယခုအချိန်မှာပင် သူ့ကို ထိုစာအုပ်များပေးအပ်ထားလေရာ ဖတ်ရှုလျှင်လည်း ပြဿနာရှိမည် မထင်ပေ။ ဘာပဲဖြစ်ဖြစ် လောလောဆယ်လည်း အလောတကြီး ဖတ်ရှုရန် မလိုအပ်သေးပေ။
ရှေးဟောင်းဧကရာဇ်နန်းတော်ကတော့…
ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း သိရှိရန် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာရမည်ဆိုသောစကားကို ပထမဆုံးအကြိမ်ကြားဖူးခြင်းပင် ဖြစ်သည်။
"ကဲ ကျုပ် မင်းကို အများကြီး ပြောပြပြီးပြီ ၊ ဒီလူဆီကရတဲ့ သွေးမှုံတွေအတွက် အခကြေးငွေအနေနဲ့ ဒီအကြောင်းတွေ ပြောပြတယ်လို့ သဘောထားလိုက်ပေါ့"
ဧကရာဇ်ရှီးဟယ်က သွေးမှုံများပေါင်းစည်းထားသည့် သွေးလုံးကို ပြရင်း ပြောသည်။
ကျန်းလန်က တုံ့ဆိုင်းမနေဘဲ ဧကရာဇ်ရှီးဟယ်ကို ဦးညွှတ်နှုတ်ဆက်ကာ ခပ်မြန်မြန်ပင် ထွက်ခွာသွားသည်။ ဧကရာဇ်ရှီးဟယ်က ကျန်းလန်ထွက်ခွာသွားသည်ကို ငေးစိုက်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
"ဒီကောင်လေးက သိပ်သတိရှိတယ် ၊ သူ့ရဲ့တန်ခိုးစွမ်းအားက မလုံလောက်သေးဘူးဆိုတာလည်း နားလည်တယ် ၊ ဒါကြောင့် အချို့ကိစ္စတွေမှာ သိပ်ပြီး ပါဝင်ပတ်သက်ချင်ဟန် မရှိဘူး ၊ ပြီးတော့ ငါ့ကိုလည်း အတော်လေး သတိထားနေတယ် ၊ လုံး၀ အယုံအကြည်ရှိတဲ့ပုံမပေါ်ဘူး"
"သူ့လက်တစ်ဖက်က အမြဲတမ်းတိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ် ၊ နောက်လက်တစ်ဖက်ကတော့ တစ်ခုခုကို ဖမ်းဆုပ်ဖို့ အသင့်ပြင်ထားတယ် ၊ သူ့ကို ကာကွယ်ပေးမယ့် မှော်ဝင်ပစ္စည်းတစ်ခုခုကို ယူဖို့လား ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက အကူအညီတောင်းဖို့လား မသိနိုင်ဘူး ၊ အကူအညီတောင်းမယ်ဆိုရင်တော့ သူ့ ဆရာဆီကပဲ ဖြစ်ရမယ်"
"ဒီကောင်လေးရဲ့ သတိထားပုံမျိုးနဲ့ဆိုရင် သူ အကူအညီတောင်းတာက တကယ့်ကို အသုံးဝင်လို့ အကူအညီတောင်းတာမျိုးဖြစ်လိမ့်မယ် ၊ ဒါဆိုရင်… သူက ဆရာလုပ်တဲ့သူ အတော်လေး တန်ဖိုးထားချစ်ခင်တဲ့ တပည့်တစ်ယောက်ပဲ ဖြစ်ရမယ် ၊ ဘယ်တောင်ထွတ်က တပည့်ရင်းတစ်ယောက်များ ဖြစ်နေမလဲ သိချင်လိုက်တာ"
ထို့နောက် ဧကရာဇ်ရှီးဟယ်၏ ရောင်ဝါက တဖြည်းဖြည်း မှေးမှိန်သွားသည်။
"တော်တယ် တော်တယ် ၊ အရမ်းအထင်ကြီးစရာလည်း ကောင်းတယ် ၊ အချိန်တိုအတွင်းမှာ ဒီလိုအောင်မြင်မှုမျိုးရလာတဲ့အပြင် သူ ဘယ်သူလဲဆိုတာ ခွန်လွန်တောင်က အခုထိ မဖော်ထုတ်နိုင်သေးဘူး"
"ဒီကောင်လေး ဘယ်တော့မှ အစွယ်ထုတ်ပြမလဲ သိချင်မိတယ် ၊ ဒါပေမဲ့ သူ အခုလို လျှို့ဝှက်နေထိုင်တာဟာ မလုံခြုံမှုတစ်ခုခုကြောင့် ဖြစ်ရမယ် ၊ သူ့မှာ လျှို့ဝှက်ချက်တွေလည်း အတော်များတဲ့ပုံပဲ"
ပြောဆိုရေရွတ်သံနှင့်အတူ ဧကရာဇ်ရှီးဟယ် နေရာမှ ပျောက်ကွယ်သွားတော့သည်။
***
ကျန်းလန် ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာလျှက် ရှိသည်။
သူ့ကို စောင့်ကြည့်နေသူ မရှိတော့ကြောင်း သေချာတော့မှ ခွန်လွန်တောင်လမ်းမကြီးထက်သို့ ရောက်ရှိလာ၏။ ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ပြန်သွားရဦးမည် ဖြစ်သည်။
စောစောက ဧကရာဇ်ရှီးဟယ် သံသယဝင်သွားမည်စိုးရိမ်သည့်အတွက် ရေခဲပုစဉ်းရင်ကွဲများ မဖမ်းခဲ့ရပေ။
"ဒီတစ်ခေါက် ကိစ္စအတော်များများကို သိလိုက်ရတယ် ၊ ကြည့်ရတာ ဒီအတိုင်းဆို နတ်လူသားမျိုးနွယ်တွေက မကြာခင် နတ်ဘုရားရာထူးတစ်ခု ရှိနိုင်တော့မှာပဲ ၊ အဲဒါက ငါ့အတွက်တော့ သတင်းကောင်းမဟုတ်ဘူး ၊ ပြီးတော့ နတ်လူသားမျိုးနွယ်တွေက ဘယ်တုန်းက မရဏလောကကို ဆက်သွယ်မေးမြန်းလိုက်လို့ ရှေးဟောင်းအလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို တိုက်ရိုက်မရနိုင်ဘူးဆိုတာ သိသွားတာလဲ မသိဘူး"
အရင်တစ်ခေါက် ငရဲတံခါးမှ မရဏအငွေ့အသက်များပေါက်ကွဲထွက်သည့်အချိန်ကို ကျန်းလန် အမှတ်ရလိုက်သည်။ ထိုစဉ်က ဆရာဖြစ်သူက နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများကို သတ်ဖြတ်ပစ်ခဲ့ကြောင်း သိခဲ့ရသည်။
ထိုအချိန်ကများ မရဏလောကနှင့် နတ်လူသားမျိုးနွယ်များ အဆက်အသွယ်ရသွားခဲ့ခြင်းလေလား။ ယခု နှစ်ပေါင်း (၁၀၀) ကြာခဲ့ပြီးနောက် သူတို့ နတ်ဘုရားရာထူးတစ်ခု ရရှိအောင် စွမ်းဆောင်နိုင်တော့မည်လား။
ထိုအချက်က အဓိပ္ပါယ်ရှိသည်။
ဇာမဏီမျိုးနွယ်များနှင့်ပတ်သက်၍တော့ ကျန်းလန် စိတ်ထဲမထားပေ။ ယခုအချိန်ထိ သူနှင့် ဇာမဏီမျိုးနွယ်များကြားတွင် မည်သည့်ပဋိပက္ခမှ မရှိသေးပေ။
ကျန်းလန် ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး အတွေးများကို ရပ်တန့်လိုက်သည်။
ထို့နောက် ရေခဲပုစဉ်းရင်ကွဲများ ဖမ်းဆီးရန် ရေခဲပုစဉ်းရင်ကွဲတောအုပ်ဆီသို့ ပြန်လှည့်လာခဲ့သည်။ လက်ထပ်မင်္ဂလာပွဲနီးကပ်ပြီ ဖြစ်လေရာ သူ့အတွက် နောက်တစ်ကြိမ် အပြင်ထွက်ရန်မှာ မဖြစ်နိုင်တော့ပေ။
***
အချိန်ခဏကြာပြီးနောက်...
မည်သည့်မတော်တဆမှုမှ မဖြစ်ခဲ့ဘဲ ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်အတွင်းမှ ထွက်လာလေသည်။ ပတ်ဝန်းကျင်တွင် နတ်လူသားမျိုးနွယ်များလည်း မရှိလောက်တော့ပေ။
သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခြင်းက နတ်လူသားမျိုးနွယ်များကို ရတတ်မအေး ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ့ကို လုပ်ကြံရန် လူတစ်ယောက်စေလွှတ်ခဲ့သော်လည်း သူ့ဘက်မှ လက်ဦးမှုရယူကာ သတ်ဖြတ်နိုင်ခဲ့သည်။
အမှန်တော့ ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် သူ့ကို သတ်ဖြတ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
လေပြေလေးက တိုက်ခတ်လျှက် ရှိသည်။
ကျန်းလန်က ဓားပေါ်တွင် စီးနှင်ပျံသန်းရင်း ခွန်လွန်တောင်သို့ ပြန်လာခဲ့၏။
ထိုအချိန်...
ဧကရာဇ်ရှီးဟယ် ထွက်ပေါ်လာစဉ်ကကဲ့သို့ ကြီးမားသည့် ဖိအားကြီးတစ်ခု ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ကျန်းလန် ချက်ချင်းပင် မြေပြင်ထက် အမြန်ဆင်းသက်လိုက်ပြီး ဓားကို သိမ်းဆည်းလိုက်သည်။ ကောင်းကင်ထက်မျှော်ကြည့်လိုက်သည့်အခါ နဂါးပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
"နဂါးတွေ ဒီကို ရောက်လာတာလား"
"ဂရား"
ခပ်တိုးတိုး နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြသည်။
"အတော်အဆင့်မြင့်တဲ့ နဂါးမျိုးနွယ်တစ်ယောက်ပဲ"
ကျန်းလန် မျက်မှောင်အနည်းငယ် ကြုတ်ရင်း တွေးလိုက်သည်။
မြေပြင်ထက်တွင် ရပ်နေသည့်တိုင် ကြီးမားသည့် ဖိအားတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။
ကျန်းလန်က ကြောက်ရွံ့ခြင်း မရှိသော်လည်း ဓားပေါ်မှ ဆင်းသက်လိုက်သည်မှာ မှန်ကန်သည်ဟု ခံစားရသည်။ တစ်ဖက်လူက သူ့ကို မရိုမသေလုပ်သည်ဟု အထင်လွဲသွားလျှင် အလိုလိုအမုန်းပွားသွားနိုင်ပြီး မလိုလားအပ်သည့် အန္တရယ်များကို ဆွဲဆောင်သလို ဖြစ်သွားနိုင်သည်။
များမကြာမီ နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်ရှိလာကြသည်။ မင်္ဂလာပွဲကိစ္စနှင့်ပတ်သက်ပြီး လာရောက်ကြခြင်းဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
"သူတို့လည်း မင်္ဂလာပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ စောင့်နေကြတာထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် နဝမတောင်ထွတ်သို့ တန်းတန်းမတ်မတ် ပြန်ခဲ့လေတော့၏။
***
ညနေခင်းအချိန်။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့သည်။
ဖမ်းယူလာသည့် ရေခဲပုစဉ်းရင်ကွဲများကို နာမ်ဝိညာဉ်အိမ်ခြံဝင်းထဲသို့ ထည့်ထားလိုက်သည်။
နောက် (၂)ရက်ဆိုလျှင် ရှောင်ယွိ နဝမတောင်ထွတ်သို့ ရောက်လာမည် ဖြစ်သည်။ အိမ်အသစ်ပြန်လည်ဆောက်လုပ်ရန်အတွက် သူတို့ (၂)ယောက် တိုင်ပင်ဆွေးနွေးကြရန် စီစဉ်ထားသည်။
နေထွက်နေဝင်ချိန်များ ဖြတ်သန်းသွားပြီး ကျန်းလန်သည်လည်း ပုံမှန်အတိုင်းပင် ကျင့်ကြံလျှက် ရှိသည်။
နေ့ခင်းအချိန်များတွင် သူက မန္တန်ပညာကိုနားလည်ရန် စာအုပ်များဖတ်ရှုပြီး အစီအရင်များအကြောင်း လေ့လာစမ်းစစ်သည်။ ထို့နောက် ကျင့်ကြံရလွယ်ကူရန်အတွက် စနစ်မှရရှိသည့် ဆေးဝါးများကို စားသုံးသည်။
ညအချိန်တွင်တော့ ရွှေခန္ဓာကျင့်စဉ်ကို ဆက်လက်ကျင့်ကြံသည်။
ထိုသို့ ဖြစ်အချိန် (၁)လကြာသွားခဲ့ပြီး အိမ်အသစ်တစ်လုံး ပြန်လည်တည်ဆောက်မည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ အိမ်ကို ဖျက်လိုက်မယ်"
ရှောင်ယွိက ကိုယ်တိုင်လုပ်ချင်သည့်အတွက် ကျန်းလန်ကလည်း မငြင်းဆန်တော့ပေ။ အိမ်ကို ဖျက်ခြင်းက မည်သူလုပ်လုပ် အရေးမကြီးပေ။
"ဘုန်း…"
အိမ်အဟောင်း ပြိုကျသွားသည်။
ကျန်းလန်က ပြိုကျသွားသည့်အိမ်အဟောင်းကို ကြည့်နေ၏။ ဤအိမ်က ဤနေရာမှာပင် ပျက်စီးသွားပြီး ဤနေရာမှာပင် ဘဝအသစ် ပြန်လည်စတင်မည် ဖြစ်သည်။
နေ့ရက်များစွာ ကုန်လွန်ခဲ့ပြီးနောက်…
အိမ်အဟောင်း အပျက်အစီးများကို ရှင်းလင်းခဲ့ပြီး အိမ်အသစ်က မြေပြင်ထက်တွင် ရုပ်လုံးပေါ်လာသည်။
အပြောင်းအလဲများစွာတော့ မရှိခဲ့ပေ။ အိမ်အပြင်ဘက်တွင် ရှောင်ယွိ ရေကစားရန် ရေကန်ငယ်တစ်ခု ပြုလုပ်ထားခြင်းနှင့် ရှောင်ယွိ နဂါးအသွင် ပြောင်းလဲသွားပါက အိမ်ပြိုကျခြင်း မရှိစေရန် အိမ်ထဲတွင် အဆင့်မြင့်စွမ်းအားတစ်ခု အားဖြည့်ထားခြင်းသာ ပိုလာလေသည်။
ထိုအရာများမှလွဲပြီး အခြားဘာမှ မပြောင်းလဲပေ။
ကျန်းလန်က ကျောက်သားအုတ်ချပ်များကို တစ်ခုပြီးတစ်ခု စီရီကာ အိမ်ကို သေသေချာချာ ဆောက်လုပ်ခဲ့သည်။ နောက်ဆုံးတော့ ဘာမှမရှိသည့် မြေကွက်လပ်တွင် အိမ်တစ်လုံး တည်ဆောက်ပြီးစီးသွားတော့သည်။
မဟာတာအို၏ ခရီးရှည်သည်လည်း သို့နှယ်ပင် ဖြစ်သည်။
အုတ်တစ်ချပ်ချင်းစီသည် မဟာတာအိုခရီးစဉ်၏ ခြေလှမ်းတိုင်းနှင့် တူညီပြီး ၎င်းတို့သည် တာအို၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။
ကျင့်ကြံသူတစ်ယောက်သည် အခြေခံအုတ်မြစ် တည်တည်ငြိမ်ငြိမ်ဖြင့် အဆုံးသို့ရောက်သည့်အခါ တောက်ပစွာပွင့်လန်းပြီး အသစ်သောလမ်းကြောင်းတစ်ခုထက် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ထိုသို့တွေးမိသည့်အခါ ကျန်းလန်၏ နှလုံးသားထဲတွင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး သူစိတ်က တာအိုနှင့် တစ်သားတည်းကျသွားသည်။
သို့သော်…
"ဂိုဏ်းတူမောင်လေး…"
လှမ်းအော်လိုက်သည့် ခပ်တိုးတိုး အသံတစ်သံကြောင့် ကျန်းလန် ထိတ်လန့်တခြားဖြင့် ပြန်လည်နိုးထလာခဲ့ရလေသည်။
***