မဟာတာအိုလမ်းစဉ်သုံးထောင်
Vol. 30 Ch. 409
ကျန်းလန် သက်ပြင်းချလိုက်ပြီး ဘေးသို့လှည့်ကြည့်လိုက်သည်။
သူ့ကို သတိပြန်ဝင်အောင် နှိုးလိုက်သူမှာ ရှောင်ယွိ ဖြစ်၏။
ရှောင်ယွိက သာမန်အဝတ်အစားများ ဝတ်ဆင်ထားပြီး အင်္ကျီလက်များကို ပင့်တင်ထားကာ လက်များတွင်လည်း ရွှံ့များ ပေကျံလျှက် ရှိသည်။ သူမ၏ ဂါဝန်အနားစနှင့် ဖိနပ်များသည်လည်း ညစ်ပေလျှက် ရှိသည်။
ဖိနပ်စီးထား၍သာတော်သေးသည်။ မဟုတ်ပါက ခြေထောက်များ ထိခိုက်သွားနိုင်သည်ဟု ကျန်းလန် တွေးလိုက်၏။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ မင်းရဲ့မျက်နှာမှာလည်း ဖုန်မှုံ့တွေပေကျံနေတယ်"
ရှောင်ယွိက သူမမျက်နှာကို အရေးမစိုက်ဘဲ ကျန်းလန်ကိုသာ မေးခွန်းထုတ်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။
ထို့နောက်…
"ဂိုဏ်းတူမောင်လေး… ၊ သွား… အမြန်ထွက်သွားတော့…"
သူမ ကျန်းလန်ဘေးနားရောက်လာပြီး ကျန်းလန်ကို အဝေးသို့ တွန်းထုတ်သည်။
"ကျွန်မ အိမ်ဆောက်ပေးမယ် ၊ ဂိုဏ်းတူမောင်လေးက ဘေးကပဲ ကြည့်နေပါ"
ကျန်းလန် : "……"
ရှောင်ယွိသာ အိမ်ဆောက်မည်ဆိုလျှင် အိမ်က (၃)လအတွင်း ပြိုကျသွားမည် ဖြစ်သည်။ မည်သည့်နည်းနှင့်မှ သူမကို အိမ်ဆောက်ခွင့်မပြုနိုင်ပေ။
ရှောင်ယွိသည် လက်ထဲတွင် အုတ်ခဲ့တစ်တုံးကိုင်ထားရင်း ကျန်းလန်ကို ကြည့်လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ အမှန်အတိုင်း ပြောစမ်းပါ… ရှင်က ဒဏ္ဍာရီဆန်လွန်းတဲ့ ပါရမီရှင်တစ်ယောက်လား"
သူမက ဆက်ပြောသည်။
"နေထွက်ချိန် နေဝင်ချိန်တွေကိုကြည့်ပြီး ဉာဏ်အလင်းပွင့်တာကတော့ ထားလိုက်ပါတော့ ၊ ဒါပေမဲ့ မြက်နှုတ်ရင်း စာဖတ်ရင်း ဉာဏ်အလင်းပွင့်တဲ့သူမျိုး ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး ၊ ပြီးတော့ အခုလေးတင်ပဲ ရှင်က အိမ်ဆောက်နေရင်း ဉာဏ်အလင်းပွင့်လုနီးပါး ဖြစ်နေပြီ ၊ ဒဏ္ဍာရီဆန်တဲ့ ပါရမီရှင်တစ်ယောက်မဟုတ်ဘဲ ဒီလိုမျိုး ဘယ်သူလုပ်နိုင်မလဲ"
ကျန်းလန်က ရှောင်ယွိလက်ထဲမှ အုတ်ခဲကို လှမ်းကြည့်လိုက်သည်။ ရှောင်ယွိက သူ့ကိုများ အုတ်ခဲနဲ့ ထုတော့မလို့လား။
ကျန်းလန်က…
"ကိုယ်က ကံကောင်းပြီး တာအိုတရားကို ပိုပြီး နားလည်တာကြောင့်လည်း ဖြစ်နိုင်တယ်… ၊ ပြီးတော့…"
သူက ရှောင်ယွိကို လှမ်းကြည့်ရင်း ခပ်တိုးတိုးလေသံဖြင့်…
"ကိုယ်က တစ်ယောက်တည်း နေတတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်"
အခြားသူများကတော့ သူ့ကို အထီးကျန်ဆန်သည်ဟု အနည်းနှင့်အများ ထင်မြင်ကြမည်ပင်။
သို့သော် နဝမတောင်ထွတ်တွင် တစ်ယောက်တည်းနေထိုင်ခြင်းက အန္တရယ်ကင်းသည်ဟု အနည်းနဲ့အများ ခံစားရသည်။ ထိုသို့နေထိုင်ခြင်းက သူကိုယ်တိုင်အတွက်လည်း ပြဿနာ မရှိသလို ဆရာဖြစ်သူအတွက်လည်း ပြဿနာမရှိနိုင်ပေ။
ရှောင်ယွိက မျက်လုံးများကို လှန်လိုက်ရင်း...
"ကျွန်မလည်းတစ်ယောက်တည်းနေတာပါပဲ ၊ တစ်ခါမှ ဉာဏ်အလင်းမပွင့်ဘူး"
သူမက ဆက်ပြောသည်။
"တစ်ယောက်တည်းနေတိုင်းသာ ဉာဏ်အလင်းပွင့်ရကြေးဆိုရင် ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ အင်မော်တယ်တွေ ရိုက်သတ်လို့တောင်ကုန်မှာ မဟုတ်တော့ဘူး"
ကျန်းလန်က...
"အိမ်ဆက်ဆောက်ရအောင်"
သူက အိမ်ကိုဆက်ဆောက်ရန် ဟန်ပြင်လိုက်သည်။
"ကိုယ် ဒီတစ်ခေါက် အရင်ကထက်ပိုပြီး ဂရုစိုက်ပါ့မယ် ၊ ပြီးတော့..."
သူက ရှောင်ယွိကို လှမ်းကြည့်ရင်း ဆက်ပြောသည်။
"ဂိုဏ်းတူအစ်မလည်း ကိုယ်နဲ့အတူ ရှိနေပေးမှာ မဟုတ်လား"
ရှောင်ယွိက မည်သည့်စကားမှ ပြန်မပြောပေ။
ကျန်းလန် ထိုသို့ဖြစ်မည်ကို သူမ ကြိုမြင်မိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ သူမသာ စောင့်ကြည့်မနေလျှင် ကျန်းလန်တစ်ယောက် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားမည်မှာ အသေအချာပင်။
ကျန်းလန် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားပါက ပြန်လည်နိုထလာရန် နှစ်ပေါင်းမည်မျှကြာမည်ကို ဘယ်သူမှ မသိနိုင်ပေ။
"ဂိုဏ်းတူမောင်လေး ၊ ရှင် အမြဲတမ်းပဲ ဉာဏ်အလင်းပွင့်တဲ့အဆင့်ကို ရောက်နေတာ ၊ ရှင် တိတ်တိတ်လေး ကျွန်မကို ကျော်တက်ဖို့ စဉ်းစားနေတာလား"
ရှောင်ယွိက လက်ထဲမှ အုတ်ခဲကို ကျန်းလန်ထံကမ်းပေးရင်း ပြောလိုက်သည်။
သူမက ကျန်းလန်ကို ကူညီနေခြင်းဖြစ်ပြီး ရှုတ်ရှုတ်ယှက်ယှက်သိပ်မလုပ်ရန် စဉ်းစားထားသည်။ သူမ လိုက်ရှုတ်မိလျှင် အိမ်နံရံများ မခိုင်ခံ့တော့မည်ကို စိတ်ပူနေမိသည်။
ကျန်းလန်က ရှောင်ယွိကို လှည့်ကြည့်လိုက်ပြီး ခေါင်းလေးကို အသာပုတ်လိုက်သည်။
"အခုချိန်ကစပြီး ဂိုဏ်းတူအစ်မက ကိုယ့်ရဲ့ကာကွယ်ပေးမှုအောက်မှာပဲရှိရမယ်"
ရှောင်ယွိက ကျန်းလန်လက်ကို ဖယ်ရှားလိုက်ပြီး ကျောက်ဆောင်အမြင့်တစ်ခုထက်သို့တက်သွားကာ ကျန်းလန်ကို အထက်စီးမှငုံ့ကြည့်လိုက်သည်။
"ဒီမှာ... ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူအစ်မပါနော် ၊ နောက်တစ်ခါ စိန်ခေါ်ပွဲကျ ကျွန်မ အနိုင်ရရင် ဂိုဏ်းတူမောင်လေးက ကျွန်မစကား နားထောင်ရမယ်ဆိုတာ မှတ်ထားပါ"
ထိုစကားကိုကြားတော့ ကျန်းလန်က တစ်ဖက်သို့ ပြန်လှည့်ပြီး မသိချင်ယောင်ဆောင်ကာ အိမ်ဆက်ဆောက်နေလိုက်သည်။
အိမ်က ဆောက်လုပ်ပြီးစီးရန် အနည်းငယ် အချိန်ယူရဦးမည် ဖြစ်၏။
ရှောင်ယွိနှင့် နောက်တစ်ကြိမ် စိန်ခေါ်ပွဲကိုတော့ ကျန်းလန် စိတ်ထဲ မထားပေ။ ဤမာနကြီးသော နဂါးမလေးသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုမရှိသရွေ့ သူ့ကို အနိုင်ရရန် မဖြစ်နိုင်ပေ။
***
အချိန် (၁)နှစ် ကြာသွားခဲ့သည်။
ယခုတော့ ခြံဝင်းထဲတွင် အသစ်စက်စက် အိမ်တစ်လုံး ထွက်ပေါ်လာပြီ ဖြစ်သည်။ အိမ်က အရင်ကထက် နည်းနည်းပိုကြီးပြီး ပိုမိုမြင့်မားသည်။
ပုံစံကတော့ အရင်အိမ်ပုံစံနှင့် သိပ်မကွာပေ။ အိမ်တွင်နေထိုင်မည့် ရှောင်ယွိတစ်ယောက် ထပ်တိုးလာမည်ဖြစ်ရာ အနည်းငယ် ကျယ်ဝန်းအောင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ခြံဝင်းထဲတွင်တော့ ပန်းပင်လေးများရှိနေပြီး ကျောက်တုံးလေးများဖြင့် အလှဆင်ထားသည့် ဥယျာဉ်တစ်ခုလည်း ရှိနေသည်။
ထိုပြင် ရှောင်ယွိအတွက် ပြုလုပ်ပေးထားသည့် ရေကန်ငယ်လေးလည်း ရှိနေပြီး ရေကန်ငယ်လေးနံဘေးတွင် တောင်အတုတစ်ခုလည်း ရှိနေသည်။ ရေကန်ငယ်ထဲတွင် ရေများရှိနေရန် ကျန်းလန်က အထူးရေသွယ်ခြင်းစနစ်ဖြင့် ပြုလုပ်ထား၏။
ရေကန်ထဲတွင် ငါးများ မွေးထားခြင်း မရှိသော်လည်း ရှောင်ယွိ ခြေထာက်များ ရေထဲချပြီး ဆော့ကစားနိုင်လေသည်။
သူမက တစ်ခါတစ်ရံ ဖိနပ်မပါဘဲ ခြံဝင်းထဲပြေးလွှားဆော့ကစားလေ့ရှိပြီး တစ်ခါတစ်ရံလည်း ဖိနပ်ပျောက်တတ်သေးသည်။
ရေကန်နှင့် မနီးမဝေးတွင် ကျန်းလန် စာထိုင်ဖတ်လေ့ရှိသည့် ကျောက်တုံးစားပွဲ ထားရှိသည်။ သို့မှသာ ရှောင်ယွိ ရေကစားနေချိန် သူ့ကို စကားလှမ်းပြောလျှင် အဆင်ပြေမည် ဖြစ်၏။
ဤသည်က ရိုးရှင်းသည့် နေထိုင်မှုတစ်ခုသာ ဖြစ်ပြီး မည်သည့်ပြဿနာမှ မရှိပေ။ နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် ဤနေရာလေးသည် သူတို့ (၂)ယောက်၏ ခိုလှုံရာနေရာလေး ဖြစ်လာပေလိမ့်မည်။
ရှောင်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်သည့်အတွက် ကျောက်စိမ်းရေကန်နှင့် အချိန်ကြာမြင့်စွာ ခွဲခွာနေထိုင်၍ မရပေ။ ဤသည်က ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ တာဝန်ပင် ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းလန်သည်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်စိမ်းရေကန်သို့ လိုက်နေရမည် ဖြစ်သည်။ ထိုကိစ္စများကတော့ ဝေးကွာလွန်းသေးသည့်အတွက် အလျင်လိုစရာလည်း မရှိသေးပေ။
ခြံဝင်းထဲရှိ ကျောက်စားပွဲရှေ့တွင်ထိုင်ရင်း ကျန်းလန် မန္တန်စာအုပ်အချို့ကို ဖတ်ရှုနေသည်။ ဤသို့ မန္တန်ပညာများ လေ့လာနေခြင်းက သိပ်ပြီးအကျိုးမရှိသော်လည်း သူက စိတ်မပျံ့လွင့်စေရန် စာဖတ်နေခြင်း ဖြစ်သည်။
ရှောင်ယွိက…
"ဟိုးအရင်ကတည်းက ဂိုဏ်းတူမောင်လေးကို ကျွန်မ ပြောဖူးသားပဲ ၊ ခြံဝင်းထဲမှာ ရေကန်တစ်ကန်ရှိတာ ကောင်းပါတယ်လို့"
ရှောင်ယွိက ရေကန်နံဘေးတွင်ထိုင်ရင်းခြေထောက်များကို ရေထဲချကာ ဆော့ကစားနေသည်။
ကျန်းလန်က ခြံဝင်းထဲတွင် ရေကန်ငယ်တစ်ခု ပြုလုပ်ပေး၍လား ၊ သို့တည်းမဟုတ် အိမ်အသစ်တစ်လုံး ဆောက်လုပ်ရ၍လားတော့မသိ ၊ သူမကိုကြည့်ရသည်မှာ ပျော်ရွှင်နေဟန် ရှိသည်။
ကျန်းလန်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ စာဆက်ဖတ်နေသည်။
အမှန်တော့ ရှောင်ယွိက ယခုထက်ပိုမိုကြီးမားသည့် ရေကန်ကြီးတစ်ခု လိုချင်သော်လည်း သူက ငြင်းဆန်ခဲ့ပြီး ရေကန်ငယ်လေးတစ်ခုသာ တည်ဆောက်ပေးခဲ့သည်။
"ဝှစ်"
ရုတ်တရက် ဖိနပ်မပါသည့် ခြေထောက်လေးတစ်စုံက ကျောက်စားပွဲထက်သို့ ဆင်းသက်လာသည်။ ရှောင်ယွိ၏ ခြေထောက်လေးများပင်။
"ဂိုဏ်းတူမောင်လေး ၊ ဒီသစ်သားဓားထဲကို ဓားဝိညာဉ် ထည့်ပေးပါဦး ၊ အိမ်ဆောက်နေရတာနဲ့ပဲ ဒီဓားကို မေ့နေတယ်"
ပြောရင်းဖြင့် ရှောင်ယွိက သစ်သားဓားလေးကို ကျန်းလန်ရှိရာ ကမ်းပေးလာသည်။
အိမ်ဆောက်ရသည့်ကိစ္စကြောင့် သူတို့ (၂)ယောက် အတော်လေး အလုပ်များနေကြပြီး သစ်သားဓားလေးကို မေ့နေကြသည်။ ယခု အိမ်ဆောက်ပြီးသွားပြီဖြစ်ရာ သစ်သားဓားလေးထဲသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရန် အချိန်ကျပြီ ဖြစ်၏။
ကျန်းလန်က ဖတ်လက်စ စာအုပ်ကို ဘေးသို့ချထားလိုက်ပြီး သစ်သားဓားလေးကို လှမ်းယူလိုက်သည်။
သစ်သားဓားလေးက အလွန်တရာထူးခြားသည့် ဓားတစ်လက်ဖြစ်နေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ နဂါးသုတ်သင်ဓားဝိညာဉ် ထပ်မံထည့်သွင်းခြင်း မပြုလျှင်တောင်မှ နဂါးများကို သုတ်သင်ရာတွင် အသုံးပြုနိုင်စွမ်း ရှိသည်။
ရှောင်ယွိက ကျန်းလန်ကို အနှောက်အယှက် မပေးတော့ဘဲ ခြံဝင်းအလယ်ဆီသို့ ပြေးသွားကာ နာမ်ဝိညာဉ်အိမ်ခြံဝင်းနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်။
ကျန်းလန်က နာမ်ဝိညာဉ် အိမ်ခြံဝင်းကိုလည်း အသစ်ပြုပြင်မွမ်းမံထားခဲ့သည်။
ကျန်းလန်၏ နာမ်ဝိညာဉ်အိမ်ခြံဝင်းက နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် တူညီရန် အလွန်နီးစပ်နေပြီ ဖြစ်သော်လည်း မတူညီသည့်အသွင်အပြင်အချို့ ရှိနေသးသည်။ နာမ်ဝိညာဉ်သေရည်ဆိုင်တွင် ထူးခြားသည့်ရောင်ဝါတစ်ခု ရှိနေပြီး ကျန်းလန်၏ နာမ်ဝိညာဉ်အိမ်ခြံဝင်းတွင်တော့ ထိုသို့သောရောင်ဝါမျိုး ထည့်သွင်းနိုင်စွမ်း မရှိခဲ့ပေ။
နာမ်ဝိညာဉ်သေရည်ဆိုင်ထဲတွင် အဘယ့်ကြေင့် ထိုသို့သောရောင်ဝါတစ်ခု ရှိနေသည်ကို ကျန်းလန် နားမလည်နိုင်သေးပေ။
***
ခြံဝင်းထဲတွင် ရှောင်ယွိလုပ်သမျှ အပြုအမူလေးများကို နွေးဦးမှသည် ဆောင်းရာသီတိုင် ကျန်းလန် ငေးကြည့်နေခဲ့သည်။ ရှောင်ယွိပြုလုပ်ထားသည့် နှင်းလူသားအရုပ်များ အရည်ပျော်သွားကြပြီး ပန်းများကတစ်ဖန်ပွင့်လန်းလာကြပြန်သည်။
ကျန်းလန်မှာ ကျင့်ကြံနေချိန်များမှာပင် ရှောင်ယွိကို တွေ့မြင်နေရသည်။ ရှောင်ယွိသည် သူ၏ကျင့်ကြံခြင်း တစ်စိတ်တစ်ပိုင်းဖြစ်လာသည်ဟုပင် ထင်မှတ်ရသည်။
ယနေ့...
ကျန်းလန် ကျောက်စားပွဲရှေ့တွင်ထိုင်ရင်း ပန်းများခူးနေသည့် ရှောင်ယွိကို ကြည့်နေသည်။ သူမကိုကြည့်နေရင်း ကျန်းလန်စိတ်ထဲ ငြိမ်းချမ်းငြိမ်သက်ခြင်းကို ခံစားလိုက်ရသည်။
သူ့မျက်ဝန်းများထဲတွင် ရှောင်ယွိသည် ရာသီလေးခုလုံးတွင် သူ၏အစိတ်အပိုင်းဖြစ်လာပြီး ထိုအစိတ်အပိုင်းသည် သူ့အတွက် မရှိမဖြစ် အရေးပါလွန်းသည်။
သူ့ဘဝတွင် သူတစ်ယောက်တည်း မဟုတ်တော့ပေ။
မဟာတာအိုလမ်းကို လျှောက်လှမ်းရာတွင် သူ တစ်ယောက်တည်း လျှောက်လှမ်းစရာ မလိုအပ်တော့ပေ။
တာအိုသည် မိုးနဲ့မြေမှ ဆင်းသက်လာရုံသာမက အခြားသူများထံမှလည်း မွေးဖွားဖြစ်တည်လာနိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။
မဟာတာအိုလမ်းစဉ် (၃၀၀၀)သည် မတူညီသည့် မူလရင်းမြစ်များစွာမှ ခွဲဖြာဆင်းသက်လာပြီး မူကွဲပေါင်းများစွာ ရှိသည်။
သူ့နံဘေးမှ ရှောင်ယွိသည် တာအိုလမ်းစဉ်တစ်ခု ဖြစ်လာရန် ၊ သို့မဟုတ် သူ၏တာအိုတရား အဆင့်မြင့်တက်လာအောင်ကူညီပေးရန် အဘယ့်ကြောင့် မဖြစ်နိုင်ရပါမည်နည်း။
"ဘုန်း"
မမြင်ရသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ပန်းများခူးနေသည့် ရှောင်ယွိသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူမကိုယ်တိုင် ဉာဏ်အလင်းပွင့်သလိုပင် ဖြစ်သွားကာ နွေးထွေးမှုနှင့် ပျော်ရွှင်ခြင်းကို ခံစားလိုက်ရသည်။
သို့သော် သူမ ချက်ချင်းပင် သတိပြန်ဝင်လာပြီး ကျန်းလန်ကို လှည့််ကြည့်လိုက်သည်။
သူမကို ကြည်လင်သည့်မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေသော ကျန်းလန်ကို တွေ့လိုက်ရသည့်အခါ ရှောင်ယွိ ပဟေဠိ ဖြစ်သွား၏။
"ဂိုဏ်းတူမောင်လေး ၊ ရှင်က ကျွန်မကိုပါ ဉာဏ်အလင်းပွင့်တဲ့ဆီ ခေါ်သွားမလို့လား"
ကျန်းလန် : "……"
တကယ်တော့ ထိုသို့နားလည်လိုက်သည်နှင့် ကျန်းလန် ဉာဏ်အလင်းပွင့်တော့မလို ဖြစ်သွားခဲ့သည်။
သူ၏စိတ်အာရုံက တာအိုနယ်မြေသို့ ရောက်ရှိသွားသော်လည်း အချိန်မီထိန်းသိမ်းကာ တာအိုတရားနားလည်မှုကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။ နောင်တစ်ချိန်တွင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သူ၏နားလည်မှုက ပိုမိုဝေးကွာသည့်နေရာသို့ သူ့ကို ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။
ပြီးတော့ ထိုခံစားချက်ကို ကျန်းလန် နှစ်သက်သဘောကျသည်။
ထိုအချိန်…
"ဘုန်း"
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းလန်နှင့် ရှောင်ယွိတို့ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ အလင်းတိုင် (၇)ခုသာ ထွန်းညှိထားသည့် အဓိကခန်းမဆောင်တွင် အဋ္ဌမမြောက်အလင်းတိုင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
စုစုပေါင်း အလင်းတိုင် (၈)တိုင် ထွန်းညှိပြီးသွားခဲ့ပြီ ဖြစ်သည်။ နောက်နှစ်ဆိုလျှင် ကျန်းလန်နှင့် လုန်ယွိ၏ မင်္ဂလာပွဲနေ့ရက်သို့ ရောက်ရှိပေတော့မည်။
ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၉၅) နှစ် ရှိပြီဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
တာ့လော်အင်မော်တယ်အဆင့်တက်ရောက်ရန်ကတော့ နောက်ထပ် အနှစ် (၄၀)ခန့် အချိန်ယူရဦးမည်ပင်။
***