← Chapters

နဂါးသုတ်သင်ဓားဖြင့်နဂါးနန်းတော်သို့ပြန်ရမည်လား

Vol. 30 Ch. 410

နဂါးသုတ်သင်ဓားဖြင့်နဂါးနန်းတော်သို့ပြန်ရမည်လား

Vol. 30 Ch. 410

"နောက်နှစ်မှာ မင်္ဂလာလက်ထပ်ပွဲက ကျင်းပလိမ့်မယ်ထင်တယ်"

ရှောင်ယွိက ခြေထောက်များကို ရှေ့သို့ဆန့်တန်းရင်း ကောင်းကင်ထက်မော့ကြည့်ကာ စကားဆိုသည်။ အဋ္ဌမမြောက်အလင်းတန်း ထွက်ပေါ်လာရခြင်းအကြောင်းရင်းကို သူမ နားလည်သဘောပေါက်သည်။

ကျန်းလန်က အင်မော်တယ် စောစီးစွာ ဖြစ်လာသည့်အတွက် ယခင်ကလို အနှစ် (၂၀)မှတစ်ကြိမ် အလင်းတိုင်များကို မထွန်းညှိတော့ဘဲ စောစီးစွာပင် ထွန်းညှိခဲ့ကြသည်။

ထို့နောက် ရှောင်ယွိက ကျန်းလန်ကို အဓိပ္ပါယ်ပါပါ တစ်ချက်စိုက်ကြည့်လာ၏။

ကျန်းလန် : "……"

ယခုရက်များအတွင်း သူလည်း ဉာဏ်အလင်းမပွင့်အောင် သတိထားပြီး နေခဲ့သည်ပင်။

တာအိုနှင့်ပတ်သက်သည့် တစ်စုံတစ်ခုကို နားလည်လာသည်ဆိုလျှင်တောင်မှ ပိုမိုသိရှိရန် မကြိုးစားတော့ဘဲ စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့ပြီး ဉာဏ်အလင်းပွင်သည့်အဆင့်သို့ မရောက်ရှိအေင် ထိန်းသိမ်းထားခဲ့သည်။

ထို့ကြောင့် ရှောင်ယွိ စိုက်ကြည့်နေခြင်းကို စိတ်ထဲမထားတော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်သည်။

ရှောင်ယွိပြန်သွားသည့် ညအချိန်များတွင်တော့ သူ ဆက်လက်ကျင့်ကြံခဲ့သည်။ ကျင့်ကြံသည့်အချိန်တွင် ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိမည် မဟုတ်ပေ။ စာအုပ်ဖတ်ချိန် ၊ သို့မဟုတ် အခြားတစ်စုံတစ်ခု ပြုလုပ်နေချိန်များတွင်သာ သူက လွယ်လွယ်ကူကူ ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားတတ်သည်။

အမှန်တော့ ဉာဏ်အလင်းပွင့်သည့် အတွေ့အကြုံရရှိသည့် အကြိမ်ရေက ကျန်းလန်အတွက် ထိုမျှလောက် မများပြားခဲ့ပေ။ လွန်ခဲ့သည့် ရာစုနှစ်များအတွင်း သူဉာဏ်အလင်းပွင့်သည်ကို ရေတွက်ကြည့်လျှင် လက်ငါးချောင်းပင် မပြည့်ပေ။

သို့သော် ရှောင်ယွိက သူ ဉာဏ်အလင်းပွင့်တိုင်း တွေ့မြင်ခဲ့ရပြီး အထင်လွဲသွားခြင်း ဖြစ်သည်။ သူမစိတ်ထဲတွင် ကျန်းလန်က တစ်ချိန်လုံး အဆက်မပြတ် ဉာဏ်အလင်းပွင့်နေသည်ဟု အထင်ရောက်သွား၏။

ယခု သူ ဉာဏ်အလင်းမပွင့်အောင် ထိန်းသိမ်းထားသည့်အခါတွင်လည်း တာအိုကိုနားလည်ခြင်းက ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ရွှေခန္ဓာကျင့်စဉ်သည်လည်း ရပ်တန့်မသွားဘဲ အရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့သည်။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

"နဂါးမျိုးနွယ်တွေဘက်ကလည်း မင်္ဂလာပွဲအတွက် အတော်လေး စိတ်အားထက်သန်နေကြတာပဲ"

မြောင်ယွဲ့က နဂါးဧကရီရန်ကျင်းကိုကြည့်ရင်း ပြောလိုက်သည်။

နဂါးမျိုးနွယ်ဘက်မှလူများက ကျန်းလန်နှင့်လုန်ယွိကို ရက်အနည်းငယ်ခန့်စောပြီး လက်ထပ်စေချင်သည်။ ရက်အတိအကျ မသတ်မှတ်ရသေးသဖြင့် ရက်အနည်းငယ်စောရန် တိုက်တွန်းနေကြခြင်း ဖြစ်၏။

မင်္ဂလာပွဲက လာမည့်နှစ်အစပိုင်း ၊ သို့မဟုတ် နှစ်ကုန်လောက်တွင် ကျင်းပနိုင်ခြေ ရှိသည်။ မည်သည့်အချိန် ကျင်းပမည်လဲဆိုသည်ကတော့ ခွန်လွန်တောင်အပေါ်တွင် မူတည်သည်။

နဂါးဧကရီရန်ကျင်းက သိမ်မွေ့စွာဖြင့်…

"ခွန်လွန်တောင်ကလည်း ကျောက်စိမ်းရေကန်နတ်ဘုရားမကို အမြန်ဆုံး အပိုင်ရချင်နေပြီပဲ မဟုတ်လား ၊ ကျွန်မတို့ရဲ့ အကြံပြုချက်ကလည်း ရှင်တို့ဘက်က ဖြစ်ချင်တာနဲ့ ထပ်တူမကျနေဘူးလား"

လျိုကျင်းက…

"သူတို့လက်ထပ်ပြီးရင် ခွန်လွန်တောင်မှာ အချိန်တစ်ခုအထိ နေရဦးမှာပဲလေ ၊ ပြီးမှ နဂါးမျိုးနွယ်တွေဆီ အလည်အပတ် လာရောက်နိုင်မှာပါ"

လက်ထပ်ပြီးကာစ ဇနီးမောင်နှံသည် ခွန်လွန်တောင်တွင် ဆယ်စုနှစ်အနည်းငယ်တော့ နေထိုင်ရဦးမည်ပင်။

ရန်ကျင်းက အေးဆေးတည်ငြိမ်နေသော်လည်း လုန်လီနှင့် လုန်စီးစီးတို့ကတော့ ခွန်လွန်တောင်က သူတို့အပေါ် အနိုင်ကျင့်နေသည်ဟု ခံစားလိုက်ကြရသည်။

သို့သော် သူတို့က မည်သည့်စကားမှ ဝင်ပြောခဲ့ပေ။ သူတို့ စကားဝင်ပြောလိုက်တိုင်းလည်း မြောင်ယွဲ့ကို နိုင်အောင်မပြောနိုင်ဘဲ အချိန်တိုင်း မျက်နှာပျက်ခဲ့ရသည်ချည်းပင် မဟုတ်ပါလား။

ထို့ပြင် သူတို့ရောက်ရှိနေသည်မှာ ခွန်လွန်တောင် ပိုင်နက်ဖြစ်သဖြင့် အငြင်းအခုံပြုရန် မကောင်းလှပေ။

ရန်ကျင်းက…

"အနှစ် (၅၀)အတွင်း နဂါးနန်းတော်ကို လာရောက်ရမယ်လို့ သဘောတူထားတာပဲလေ ၊ တကယ်တမ်းအချိန်ကျလာတော့မှ ခွန်လွန်တောင်က အခြားတောင်းဆိုမှုတွေ လုပ်မလာဘူးလို့ မျှော်လင့်ပါတယ် ၊ ဒီအတောအတွင်း ဘာတွေပဲဖြစ်ပျက်ပါစေ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ သူ့ခင်ပွန်းကို မထိခိုက်သရွေ့ ခွန်လွန်တောင်ဘက်က အပြောင်းအလဲ တစ်စုံတစ်ရာ မလုပ်ဘူးလို့ ယုံကြည်မိပါတယ်"

မြောင်ယွဲ့က တိုးလျသည့် လေသံဖြင့်…

"ဟုတ်တာပေါ့…"

သူမက ဆက်ပြောသည်။

"ဒါဆို မင်္ဂလာပွဲကို လာမယ့်နွေဦးမှာ ကျင်းပဖို့ စီစဉ်လိုက်မယ် ၊ အနှစ် (၅၀)အတွင်း ကျောက်စိမ်းရေကန်နတ်ဘုရားမက အဋ္ဌမမင်းသားနဲ့အတူ နဂါးနန်းတော်ကို ပြန်လာလိမ့်မယ်…"

ထိုအချိန်…

"ကျွန်မ တစ်ခုလောက် တောင်းဆိုပါရစေ…"

ထိုစကားကို ဝင်ပြောလိုက်သူက ကျူးချင်ဖြစ်သည်။

အားလုံးက သူမကို လှမ်းကြည့်လိုက်ကြသည့်အခါ သူမက ရန်ကျင်းကို ကြည့်ပြီး စကားဆက်ပြောသည်။

"မင်္ဂလာပွဲနေ့ရက်မှာ ရှောင်ယွိ မင်္ဂလာဝတ်စုံဝတ်တဲ့အခါ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ခွန်လွန်တောင်မှ တောင်သခင်များကတော့ သူမ၏တောင်းဆိုမှုနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မှ မပေးခဲ့ကြပေ။ ထိုကိစ္စကို နဂါးမျိုးနွယ်များဘက်မှ သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ အရေးမကြီးပေ။

ရန်ကျင်းက လုန်ယွိ၏ မိခင်ဖြစ်သည့်အတွက် သဘောတူမည်ဆိုလျှင်လည်း ပြဿနာ မရှိပေ။

နဂါးများကလည်း မည်သည့်ဝေဖန်မှုမှ မပြုလုပ်ခဲ့ကြပေ။ ထိုကိစ္စက သူတို့အတွက်လည်း မည်သည့်ပြဿနာမှ မရှိပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရန်ကျင်းက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ကောင်းပြီ…"

***

မင်္ဂလာရက်သတ်မှတ်ပြီးနောက် ခွန်လွန်တောင်မှတပည့်များ စတင်အလုပ်များကြတော့သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့်သူ မည်သူဖြစ်ကြောင်း သူတို့ မသိရှိကြသော်လည်း မင်္ဂလာပွဲကတော့ ကြီးကျယ်ခမ်းနားမည်မှာ အသေအချာပင်။

သို့သော် သူတို့ သတင်းကြားထားသည်မှာ -

ခွန်လွန်တောင်မှ လူအများသည် လူလုံးထွက်ပြေလေ့မရှိသည့် သတို့သားလောင်း ဂိုဏ်းတူအစ်ကိုအပေါ်တွင်အတော်လေး စိတ်ဝင်စားကြသည်ဆိုသည့် အချက်ဖြစ်သည်။

ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများစွာသည် ထိုဂိုဏ်းတူအစ်ကိုနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြသည်။ အချို့ကတော့ ချီးကျူးစကားဆိုကြပြီး အချို့ကတော့ ပြစ်တင်ဝဖေန်ကြသည်။ မည်သူမှားသည် မည်သူမှန်သည်ကတော့ မသိနိုင်ကြပေ။

သို့ပေသိ ပြောသမျှစကားများထဲတွင် တူညီသည့် အချက် (၂)ခုက အမြဲတမ်းပါရှိသည်။

ထို (၂)ချက်မှ ထိုဂိုဏ်းတူအစ်ကိုသည် အစီအရင်ပညာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်ပြီး စိတ်စွမ်းအားလည်းကောင်းလွန်းသည်ဆိုသည့် အရည်အချင်းများပင် ဖြစ်သည်။

ကျင့်ကြံခြင်းနှင့်ပတ်သက်၍တော့ ထိုဂိုဏ်းတူအစ်ကိုက သာမန်အရည်အချင်းမျှသာရှိသည်ဟု ဆိုကြသည်။ သို့ရာတွင် သူက ပါရမီရှင်စတ်ယောက်ထက်ပင် စောစီးစွာ အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့လေရာ သူ၏အရည်အချင်း သာမန်ဆိုသည်က ကောလဟလများသာဖြစ်ကြောင်း သက်သေပြနေတော့၏။

တပည့်တစ်ယောက်က…

"အများကြီး လျှောက်တွေးမနေကြနဲ့ ၊ လုပ်စရာရှိတာတွေ အမြန်လုပ်ကြရအောင် ၊ နောက်လနည်းနည်းလောက်ဆိုရင် မင်္ဂလာပွဲက စတော့မှာ မဟုတ်လား"

နောက်တပည့်တစ်ယောက်က…

"ကျင့်ကြံခြင်းအဆင့်မြင့်တဲ့သူတွေကတော့ သာသာယာယာပဲ ၊ ငါတို့လို ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူတွေက အလုပ်များနေရတယ်"

"ကျုပ်တို့လည်း ဘာမှ မလုပ်ရပါဘူးကွာ ၊ ပြီးတော့ ဒီအလုပ်တွေလုပ်ပေးရင်းနဲ့ လိုအပ်တဲ့ ရင်းမြစ်တွေ ရတာပဲ မဟုတ်လား ၊ ဂိုဏ်းတူအစ်ကိုအစ်မတွေကတောင် ကျုပ်တို့ကို မနာလို ဖြစ်ကြဦးမယ်"

ပြောရင်းဆိုရင်းဖြင့် တပည့်များ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှိရာသို့ ဦးတည်ထွက်ခွာသွားကြသည်။

လက်ထပ်မင်္ဂလာပွဲက ခွန်လွန်တောင် အဓိခန်းမဆောင်တွင် ကျင်းပမည် ဖြစ်သည်။ အခမ်းနားဆုံးဖြစ်အောင် အချိန်ယူကာ ပြင်ဆင်ရမည်ဖြစ်ပြီး နဂါးမျိုးနွယ်များရှေ့တွင် ခွန်လွန်တောင်အနေဖြင့် သိက္ခာကျ၍ မဖြစ်ပေ။

ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မင်္ဂလာပွဲက ရိုးရိုးရှင်းရှင်း ပြုလုပ်ရမည့် ပွဲမျိုး မဟုတ်ပေ။

တပည့်တစ်ယောက်က…

"ကျုပ်ကြားတာတော့ သက်သေခံလူကြီးတွေအဖြစ် တန်ခိုးစွမ်းအားရှင်တွေလည်း ဖိတ်ကြားထားသေးတယ်တဲ့…"

နောက်တစ်ပည့်တစ်ယောက်…

"ဟုတ်တယ် ၊ သူတို့အားလုံးက ကမ္ဘာပေါ်မှာ အရေးပါကြတဲ့သူတွေချည်းပဲတဲ့ ၊ ကြည့်ရတာ ကျုပ်တို့ သူတို့အားလုံးကို တွေ့ခွင့်ရမယ်ထင်တယ်"

"ကျုပ်တို့လို အခုမှ ဂိုဏ်းထဲစရောက်တဲ့ တပည့်တွေက အနီးကပ် မြင်တွေ့ခွင့်ရနိုင်ပါ့မလား"

"အနားမကပ်ရလည်း မဆိုးပါဘူးကွာ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ မင်္ဂလာပွဲဆိုတာ တစ်သက်မှတစ်ခါ ကြုံတွေ့ရတာမျိုးကွ"

"နောက်ဆို တပည့်အသစ်တွေရောက်လာရင် ကျုပ်တို့က ကျောက်စိမ်းရေကန်နတ်ဘုရားမ မင်္ဂလာပွဲ ဘယ်လိုခမ်းနားတယ်ဆိုတာ ပြန်ပြောပြလို့ ရတယ်လေ"

"ဒါတော့ဟုတ်တယ် ၊ နောက်ဆို ဒီလိုကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး ဘယ်သူမှ ထပ်ပြီး မြင်တွေ့နိုင်ကြတော့မှာ မဟုတ်ဘူး"

သူတို့အားလုံး ပျော်ရွှင်စွာဖြင့်ပင် ထွက်ခွာသွားကြသည်။

အဋ္ဌမမင်းသားက ထွက်ခွာသွားသည့် တပည့်အုပ်စုကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။ သူတို့ပြောသည့်စကားများ မှန်ကန်သည်ဟု ခံစားရသည်။

ယောက်ဖနှင့် အစ်မ၏လက်ထပ်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံရမည်မှာ အမှန်တကယ်ပင် ကံကောင်းလွန်းသည်။ သူသည်လည်း ခွန်လွန်တောင်တွင် အကျယ်ချုပ်မိနေသည့်အတွက် ကံကောင်းထောက်မစွာ မင်္ဂလာပွဲ တက်ရောက်ခွင့်ရတော့မည် ဖြစ်သည်။

အကျယ်ချုပ်ဟုဆိုရသော်လည်း သူ့ဘဝက နဂါးနန်းတော်တွင် နေထိုင်ရသည်ထက်ပင် လွတ်လပ်သေးသည်။ သူ့ကို မည်သူမှ အရေးမစိုက်ကြသည့်အတွက်လည်း နေရထိုင်ရ သက်သောင့်သက်သာ ရှိသည်။

ဈေးဝယ်လည်းထွက်နိုင်သလို တောကောင်များကိုလည်း လွတ်လွတ်လပ်လပ် အမဲလိုက်နိုင်သည်။

"ဒါပေမဲ့ တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ အများကြီးရောက်လာမယ်ဆိုတော့ အန္တရယ်များ ရှိနိုင်မလား မသိဘူး"

လုန်မန် တွေးလိုက်သည်။

ထို့နောက် နဝမတောင်ထွတ်သို့ လမ်းလျှောက်ထွက်ခွာလာခဲ့၏။

ယနေ့ သူက ယောက်ဖနှင့် အစ်မဖြစ်သူကို ယုန်သားကင်ကျွေးရန်စီစဉ်ထားပြီး သူ နဂါးမျိုးနွယ်များထံ ပြန်ရတော့မည့် အကြောင်းကိုလည်း ပြောပြရန် စဉ်းစားထားသည်။

***

"နဂါးနန်းတော်ကို ပြန်မယ် ဟုတ်လား ၊ ဘာလဲ… ခွန်လွန်တောင်က နေလို့မကောင်းလို့လား"

နဝမတောင်ထွတ်ရှိ ကျန်းလန်၏ခြံဝင်းထဲတွင် ယုန်သားကင်စားရင်း ရှောင်ယွိက လုန်မန်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"ခွန်လွန်တောင်က နေလို့ထိုင်လို့ တော်တော်ကောင်းပါတယ် ၊ ဒါပေမဲ့ အမေက ကျွန်တော့်ကို ပြန်လာစေချင်နေပြီလေ ၊ နောက်ဆယ်စုနှစ် နည်းနည်းလောက်ဆိုရင် ပြန်လာလို့ရပြီလို့ အမေက ပြောတယ်"

အဋ္ဌမမင်းသားလည်း ယုန်သားကင်စားရင်း ပြန်ပြောသည်။

စားရင်းဖြင့် သူ့လက်ရာ ယုန်သားကင်က အလွန်အရသာရှိသည်ဟုလည်း ခံစားရသည်။

ကျန်းလန်က ရှောင်ယွိဘေးနားတွင် ထိုင်နေ၏။ သူက လက်ပေမည်စိုးသောကြောင့် ယုန်သားကင်စားရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သစ်သားဓားလေးအတွင်းသို့သာ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးနေလိုက်သည်။

အဋ္ဌမမင်းသားကတော့ အသားမကျစွာဖြင့် ကျန်းလန်လက်ထဲမှ သစ်သားဓားကို မကြာခဏလှမ်းကြည့်နေသည်။

ကျန်းလန်က…

"မင်းက အပြီးပြန်မှာလား ၊ ခဏ အလည်ပြန်မှာလား"

အဋ္ဌမင်းသားကို ခွန်လွန်တောင်က အကျယ်ချုပ်ဖမ်းဆီးထားခြင်း ဖြစ်လေရာ သူ ပြန်မည်ဆိုသည်က အဓိပ္ပါယ်အမျိုးမျိုး ရှိနိုင်သည်။ အလည်အပတ်ပြန်မည်ဆိုလျှင် ခွန်လွန်တောင်သို့ ပြန်လာရမည်ပင် ဖြစ်သည်။

ထိုအချက်က ဖြစ်နိုင်ခြေများသည်။ အဋ္ဌမမင်းသားက ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၅)ခု ပိုင်ဆိုင်ထားသူ ဖြစ်လေရာ လောကတွင် သူ့လောက် တန်ဖိုးကြီးပြီး ထူခြားသူ မရှိပေ။

နဂါးမျိုးနွယ်များက ယာယီကိစ္စတစ်ခုအတွက် အဋ္ဌမမင်းသားကို ခဏမျှ ပြန်လည်ခေါ်ယူခြင်းလား။ သို့မဟုတ် သူတို့ဘက်မှ လုန်မန်အတွက် သတ်မှတ်ထားသည့်တန်ဖိုးကို ခွန်လွန်တောင်သို့ ပေးအပ်ပြီး အပြီးတိုင် ပြန်လည်ခေါ်ယူခြင်းလား။

သူနှင့်လုန်ယွိလက်ထပ်ရန်ကိစ္စကို နဂါးမျိုးနွယ်များဘက်မှ အလျှင်လိုနေသည်မှာ ဤကိစ္စနှင့် ပတ်သက်နေရပေမည်။

"ငါတို့လက်ထပ်ပြီးလို့ ဂိုဏ်းတူအစ်မ နဂါးမျိုးနွယ်တွေဆီ ဆွေပြမျိုးပြ သွားပြီးလည်ပတ်တဲ့အခါ အဋ္ဌမမင်းသားကိုပါ တစ်ခါတည်း ခေါ်သွားရမယ်ထင်တယ်"

ကျန်းလန် ရုတ်တရက် တွေးလိုက်သည်။

ဖြစ်နိုင်ခြေ မြင့်မားသည်ဟု သူခံစားမိသည်။ မဟုတ်ပါက နဂါးမျိုးနွယ်များအနေဖြင့် သူတို့ (၂)ယောက်၏ လက်ထပ်ပွဲကို အလျှင်လိုနေစရာ အကြောင်း မရှိပေ။

ရှောင်ယွိက…

"မောင်လေး နဂါးနန်းတော်ပြန်ရင် အစ်မလည်း လိုက်ခဲ့မယ်"

လက်ထပ်ပြီးလျှင် ရှောင်ယွိအနေဖြင့်လည်း နဂါးမျိုးနွယ်များထံ တစ်ခေါက်မျှ သွားရောက်လည်ပတ်သည်မှာ သင့်တော်လေသည်။ ထိုကိစ္စက မငြင်းသင့်သည့်ကိစ္စ ဖြစ်သည်။

အသေးစိတ်အချက်အလက်များ သိရှိရန်ကတော့ မင်္ဂလာပွဲပြီးသည်အထိ စောင့်ဆိုင်းရမည်ပင်။ ဆရာဖြစ်သူက သူ့ကို ထိုကိစ္စနှင့်ပတ်သက်ပြီး အသိမပေးသေးသည့်အတွက် အလျှင်လိုစရာတော့ မရှိပေ။

အဋ္ဌမမင်းသားက…

"အလည်အပတ်ပြန်တာပဲ ဖြစ်မယ်ထင်တယ် ၊ အချိန်တန်ရင် ခွန်လွန်ကိုပဲ ပြန်လာရမှာပေါ့ ၊ အမေကတော့ အသေးစိတ်ဘာမှ မပြောပြဘူး"

ရှောင်ယွိက…

"ဟုတ်လား… ၊ ဒါဆို…"

သူမက ကျန်းလန်လက်ထဲမှ သစ်သားဓားကို ညွှန်ပြလိုက်ရင်း…

"မောင်လေးပြန်ရင် အစ်မ ဒီသစ်သားဓား ငှားလိုက်မယ် ၊ နဂါးမျိုးနွယ်တွေထဲက တစ်ယောက်ယောက်က မောင်လေးကို အနိုင်ကျင့်မယ်ဆိုရင် အသုံးဝင်မှာပေါ့"

ရှောင်ယွိစကားကြောင့် အဋ္ဌမမင်းသား မကျေမနပ် ဖြစ်သွားသည်။

"မယူတော့ပါဘူး အစ်မ ၊ ထားလိုက်ပါတော့"

ကျန်းလန် : "……"

ထိုဓားဖြင့် မတော်တဆ ထိခိုက်မိလျှင် မည်သို့ရှိပါမည်နည်း။

အမှန်တော့ နဂါးမျိုးနွယ်တစ်ယောက်က နဂါးသုတ်သင်ဓားကို ကိုင်ဆောင်ခြင်းမှာ ပုံမှန်မဟုတ်ပေ။

မတော်တဆ ဓားက အောက်သို့ပြုတ်ကျပြီး ခြေထောက်နှင့်ထိမိပါက အလိုလိုနေရင်း ခြေထောက်ပြတ်သည့် နဂါးဘ၀ ရောက်ရပေလိမ့်မည်။

***

All Chapters