မင်းကိုအထင်သေးတာ
Vol. 30 Ch. 411
နောက်တစ်နှစ် ၊ နွေဦးရာသီ။
လေပြေလေးကတိုက်ခတ်နေပြီး မိုးဖွဲဖွဲ ရွာသွန်းလျှက် ရှိသည်။
ကျန်းလန်သည် နဝမတောင်ထွတ်ရင်ပြင်ထက်တွင် တံမြက်စည်းတစ်လက်ဖြင့် သစ်ရွက်ကြွေများကို လှည်းကျင်းလျှက် ရှိ၏။
သူ့အနားတွင် ခါတိုင်းလို ရှောင်ယွိ ရှိမနေခဲ့ပေ။
နောက် (၂)ရက်နေလျှင် သူနှင့် ရှောင်ယွိ၏ မင်္ဂလာလက်ထပ်ပွဲ ကျင်းပတော့မည်ဖြစ်လေရာ သူမ တတိယတောင်ထွတ်သို့ ပြန်သွားခဲ့သည်။
ကျန်းလန်ကတော့ ယခုရက်ပိုင်းအတွင်းဂဏာမငြိမ် စိတ်လှုပ်ရှားနေသဖြင့် သန့်ရှင်းရေးချည်း ဖိလုပ်နေတာ့သည်။
သန့်ရှင်းရေးလုပ်ရင်း တတိယတောင်ထွတ်သို့ မသွားခင် ရှောင်ယွိ မှာခဲ့သည့်စကားများကို ပြန်လည် သတိရနေမိသည်။
သူမ ပြောသွားသည်မှာ -
"ဂိုဏ်းတူမောင်လေး ၊ ဒီရက်ပိုင်း မြက်တွေလည်းမရှင်းနဲ့ အိမ်လည်း သန့်ရှင်းရေးမလုပ်နဲ့ ၊ ကောင်းကင်ကိုလည်း မော့မကြည့်နဲ့ ၊ စာအုပ်တွေလည်း မဖတ်နဲ့ ၊ ဘာမှလုပ်စရာမရှိရင် ကျင့်ကြံနေနော်"
ဟူ၍ဖြစ်သည်။
မင်္ဂလာပွဲမကျင်းပခင် (၂)ရက်အလိုတွင် ကျန်းလန် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ကို သူမ စိတ်ပူပန်နေခြင်းပင်။
တကယ်တော့ ကျန်းလန်ကလည်း ထိုသို့သောအမှားမျိုးကို ပြုလုပ်မည် မဟုတ်ပေ။
သူက ရှောင်ယွိကို ရှင်းပြခဲ့သော်လည်း နဂါးမလေးက သူ့ကို မယုံကြည်သဖြင့် ဆက်ရှင်းပြမနေခဲ့တော့ပေ။
အမှန်တော့ ယခုရက်များတစ်လျှောက် ရှောင်ယွိ သူ့အနားရှိနေခြင်းကလည်း မဆိုးလှပေ။ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ မရောက်အောင် သူ့ကို သတိပေးနေနိုင်သည် မဟုတ်လား။
"ဟူး"
ရင်ပြင်ထက်မှ ရွက်ကြွေများသည် နူးညံ့စွာပင် အဝေးဆီသို့ လွင့်မျောသွားကြသည်။ မတည်မငြိမ်ဖြစ်နေသည့် ကျန်းလန်၏စိတ်များသည်လည်း အနည်းငယ် ပြန်လည်တည်ငြိမ်လာသည်။
သူ စိတ်မသက်မသာ ခံစားနေရသည်လား ၊ စိတ်လှုပ်ရှားနေခြင်းလား။
သူကိုယ်တိုင်ပင် နားမလည်နိုင်သော်လည်း ဤ (၂)ရက်ဆိုသောအချိန်ကတော့ သူ့အတွက် အလွန်အရေးကြီးသည့် နေ့ရက်များ ဖြစ်သည်။
လက်ထပ်ခြင်းဆိုသည်က ဘဝတစ်ခုလုံးနှင့် တိုက်ရိုက်ပတ်သက်နေသည် မဟုတ်ပါလား။
အခြားသူများ ဤသို့သောနေ့ရက်ကို အေးအေးဆေးဆေးနေထိုင်နိုင်မည်လား မသိသော်လည်း သူကတော့ မနေနိုင်ခဲ့ပေ။
"ငါတော့ တကယ့်ပြဿနာပဲ"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် နဝမတောင်ထွတ်အစွန်းသို့ လှမ်းကြည့်လိုက်သည်။
"ဆရာက ဒီလို စိတ်ရှုတ်ရတာတွေကို ရှောင်ရှားချင်လို့ တစ်ယောက်တည်းနေခဲ့တာလား မသိဘူး"
ဘဝလက်တွဲဖော်ရှာဖွေသည့် ကိစ္စတွင် လူတိုင်းက အမြင်တစ်မျိုးစီ ရှိကြသည်။ လက်ထပ်လျှင် အနည်းငယ်စိတ်ရှုတ်ရမည် ဖြစ်သော်လည်း လက်မထပ်ပြန်လျှင်တော့ အသက်ကြီးလာသည့်အခါ အထီးကျန်မှုကို ခံစားရမည် ဖြစ်သည်။
ထို့ကြောင့် အချိန်တစ်ခုရောက်သည့်အခါ ဆရာဖြစ်သူကိုလည်း တာအိုလက်တွဲဖော်ရှာဖွေပေးရန် ကြိုးစားရပေမည်။
သူ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာသည့်အခါ ဆရာဖြစ်သူ အေးအေးဆေးဆေး အနားယူနိုင်မည် ဖြစ်သည်။
"ဝှစ်"
ကောင်းကင်ထက်မှ အသံများထွက်ပေါ်လာသဖြင့် ကျန်းလန် ခေါင်းမော့ကြည့်လိုက်တော့ ပျံသန်းနေသည့် မှော်ဝင်ပစ္စည်းများစွာကို တွေ့မြင်ရသည်။
ခွန်လွန်တောင်မှ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များ ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လူအများလေးစားရသည့် တန်ခိုးစွမ်းအားရှင်များလည်း ဖြစ်ကြ၏။
ယခင်က အဋ္ဌမမင်းသား ပြောပြဖူးသဖြင့် ထိုအကြောင်းများကို ကျန်းလန် သိရှိနေခြင်းဖြစ်သည်။ ထိုအချက်က သူ့ကို ထိခိုက်မှု မရှိစေသည့်အတွက် သိပ်အရေးစိုက်စရာ မလိုပေ။
ခွန်လွန်တောင်က ကျောက်စိမ်းရေကန်ကို အလေးအမြတ်ထားသည့်အတွက် မင်္ဂလာပွဲတွင် အမှားအယွင်းမရှိအောင် သေချာပေါက် ပြင်ဆင်ထားမည် ဖြစ်သည်။ မင်္ဂလာကိစ္စက အတည်တကျ သတ်မှတ်ပြီးဖြစ်လေရာ ခွန်လွန်တောင်က လုပ်ဆောင်သည့်အလုပ်ကို မည်သူမှ တားဆီးဝံ့ကြမည် မဟုတ်ပေ။
နဂါးမျိုးနွယ်များပင်လျှင် တားဆီးနိုင်မည် မဟုတ်ပေ။ နဂါးမျိုးနွယ်များဟုဆိုရာတွင် မင်္ဂလာပွဲကို အလျှင်အမြန် ပြုလုပ်ရန် စိတ်အားထက်သန်နေကြသည့် အခွင့်အာဏာရှိသော နဂါးမျိုးနွယများကို မဆိုလိုပေ။
ယမန်နှစ်က ရှင်းပစ်ခံရမည့် သူလျှိုစာရင်း ထပ်မံထုတ်ပြန်ခဲ့ပြီး သူလျှိုအများစုကို ရှင်းလင်းပစ်ခဲ့သည်။ ဉာဏ်ကောင်းသည့် ယွိယွမ်တစ်ယောက်ကတော့ ရှင်းပစ်ခံရမည့်စာရင်းထဲ မပါဝင်ခဲ့ပေ။
ယခုဆိုလျှင် သူက လူသားအင်မော်တယ်အဆင့်သို့ပင် တက်ရောက်ခဲ့ပြီ ဖြစ်သည်။ အသက်ရှင်ခွင့်ပေးထားသည့် သူလျှိုများထဲတွင် သူက ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်၏။
"ဘာတွေတွေးနေတာလဲ"
ကျန်းလန်နံဘေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းလန်လှည့်ကြည့်လိုက်တော့ ဖြည်းဖြည်းချင်းပေါ်လာသည့် ဆရာဖြစ်သူ၏ ပုံရိပ်ကို တွေ့မြင်ရသည်။
ကျန်းလန်က ဦးညွှတ်လိုက်ရင်း…
"ဆရာ…"
မော့ကျန်းသုန့်က…
"မင်္ဂလာပွဲကိစ္စကို သိပ်ပြီး စဉ်းစားမနေပါနဲ့ ၊ စိတ်ကို တည်ငြိမ်အောင်ထား…"
သူက ကျန်းလန်ကို ကြည့်ရင်း ဆက်ပြောသည်။
"အရမ်းကြီး အာရုံစိုက်နေစရာ မလိုပါဘူး ၊ မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားတယ်ဆိုပေမယ့် အစီအစဉ်တွေက အရမ်း မရှုတ်ထွေးဘူး ၊ အချိန်တန်ရင် နဝမတောင်ထွတ်ကနေ ခွန်လွန်တောင် အဓိကခန်းမဆောင်ကို သွားရုံပဲ ၊ စေ့စပ်ပွဲတုန်းကလိုပဲလေ ၊ မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ဘိသိက်ပေးပြီးရင် ပြန်လာလို့ရပြီ ၊ မင်းတို့နှစ်ယောက်က ထုံးတမ်းစဉ်လာတွေအတိုင်း လိုက်လုပ်သွားရုံပဲ ၊ တခြားဘာမှ လုပ်စရာမလိုဘူး"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
ထိုသို့ဆိုလျှင် သူ မည်သူ့ကိုမှ ဧည့်ခံစရာမလိုသလို ဘာမှလည်း လုပ်စရာမလိုပေ။ သူ့အနေဖြင့် ဧည့်သည့်များကြားတွင်လည်း ထင်ထင်ပေါ်ပေါ် ရှိတော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ မင်္ဂလာပွဲပြီးလျှင်တော့ သူ၏လက်တွေ့ဘဝတစ်ခုလုံးက ပြောင်းလဲသွားမည် ဖြစ်သည်။ စေ့စပ်ပွဲပြီးကတည်းက လက်ထပ်ခြင်းနှင့်ပတ်သက်ပြီး သူ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး အေးအေးဆေးဆေးလက်ခံနိုင်ရန်နှင့် စိတ်လှုပ်ရှားမှု များစွာ မရှိစေရန် သူ ပြင်ဆင်ထားခဲ့သည်။
သို့သော်…
သူ ကိုယ့်ကိုယ်ကိုယ် မတန်တဆ မျှော်မှန်းခဲ့ဟန်တူသည်။
ယခုတော့ စိတ်မတည်ငြိမ်နိုင်သည့်အပြင် စိတ်မသက်မသာဖြစ်ရုံသာမက ကူရာကယ်ရာမဲ့သကဲ့သို့လည်း ခံစားနေရသည်။ ဘဝ၏ အရေးကြီးသောကိစ္စတစ်ခုကို ရင်ဆိုင်ရခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မော့ကျန်းသုန့်က ကျန်းလန်ကို နှစ်သိမ့်လိုက်၏။
"လက်ထပ်တယ်ဆိုတာက မင်းရဲ့အနာဂတ်တစ်ခုလုံးနဲ့ သက်ဆိုင်တယ်လေ ၊ ဆိုတော့… နည်းနည်းလောက် စိတ်ရှုတ်ရတာ သဘာဝပါပဲ ၊ စိတ်အေးအေးထားပြီး ရင်ဆိုင်လိုက်ပါကွာ…"
ကျန်းလန် ခေါင်းညိတ်ရင်း…
"ဟုတ်ကဲ့…"
အမှန်တော့ လက်ထပ်ရမည်မှာ ပျော်ရွှင်စရာ ကိစ္စတစ်ခုပင်။
သို့သော်…
ဘယ်လိုပင်ကြိုးစားပါစေ သူ့အတွက် စိတ်တည်ငြိမ်ရန်ကတော့ မလွယ်ကူလှပေ။
***
နောက်တစ်နေ့ည…။
ကျန်းလန် ခြံဝင်းထဲတွင်ထိုင်ရင်း ကြယ်ရောင်စုံသည့် ကောင်းကင်ကြီးကို မော့ကြည့်လျှက် ရှိသည်။ မနက်ဖန် သူနှင့် ရှောင်ယွိ၏ မင်္ဂလာနေ့ရက် ကျရောက်ပြီ ဖြစ်သည်။
ခွန်လွန်တောင်မှ လူများအားလုံး မနက်ဖန်ကို စောင့်မျှော်နေကြသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကြောင်းပြချက်များစွာဖြင့် လူပေါင်းများစွာသည်လည်း မင်္ဂလာပွဲသို့ လာရောက်ကြမည် ဖြစ်သည်။
မည်သို့သောအကြောင်းများကြောင့် ကြီးကျယ်ခမ်းနားသည့်မင်္ဂလာပွဲကို စောင့်မျှော်နေကြသည်လဲ မည်သူမှ မသိနိုင်ကြပေ။
ကျန်းလန်ကတော့ လုန်ယွိနှင့် လက်ထပ်ရန် စောင့်မျှော်နေခဲ့သည်။
သူ ယနေ့ည မကျင့်ကြံနိုင်ခဲ့သလို လွန်ခဲ့သည့် (၂)ရက်ကလည်း မကျင့်ကြံနိုင်ခဲ့ပေ။ အချိန်အများစုကို စာဖတ်လိုက် ၊ သန့်ရှင်းရေးလုပ်လိုက်ဖြင့် စိတ်တည်ငြိမ်အောင် ပြုလုပ်နေခဲ့သည်။
ကျရောက်လာမည့်မင်္ဂလာနေ့ရက်ကို တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေခဲ့သည်။ သူ ဝတ်ဆင်ရမည့် မင်္ဂလာဝတ်စုံသည်လည်း ရရှိထားပြီး ဖြစ်လေရာ ထိုဝတ်စုံကို မနက်ဖန် ဝတ်ဆင်ရတော့မည် ဖြစ်၏။
သူက ခွန်လွန်တောင်၏ မင်္ဂလာပွဲအစီအစဉ်အသေးစိတ်ကို သိရှိခြင်း မရှိပေ။ သို့သော် သူနှင့်လုန်ယွိ၏ မင်္ဂလာပွဲက လူပေါင်းများစွာကို အပြောင်းအလဲ ဖြစ်စေရန် အထောက်အကူပေးမည် ဖြစ်သည်။
အားလုံးက ကိုယ်စီလှုပ်ရှားမှုများ ပြုလုပ်နေကြသည် မဟုတ်ပါလား။
"ယောက်ဖရေ…"
နံနက်အရုဏ်ကျင်းသည်နှင့် ခြံဝင်းအပြင်ဘက်မှ အဋ္ဌမမင်းသား၏အသံ ထွက်ပေါ်လာသည်။ ကြည့်လိုက်တော့ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးရောက်လာသည်ကို တွေ့လိုက်ရသည်။
ကောင်ငယ်လေး၏ လက်ထဲတွင် လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်ပစ္စည်းတစ်ခုကို ကိုင်လာသည်။ မင်္ဂလာလက်ဖွဲ့ပစ္စည်း ဖြစ်နိုင်၏။
ကောင်ငယ်လေးက ခြံဝင်းထဲဝင်လာပြီး မင်္ဂလာလက်ဖွဲ့ကို စားပွဲပေါ်တင်လိုက်သည်။
"အစ်ကိုကြီး… လူတွေရဲ့ ထုံးတမ်းစဉ်လာအရ မင်္ဂလာဆောင်ရင် လက်ဖွဲ့ပေးရတယ် ကြားလို့ ၊ ဒါက ကျွန်တော် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တဲ့ မင်္ဂလာလက်ဖွဲ့ပါ"
ကျန်းလန်က လက်ဆောင်ထုပ်ကိုယူပြီး ဖွင့်ကြည့်လိုက်သည်။
မြေပဲများကို တွေ့လိုက်ရ၏။
မြေပဲကို အချိန်အကြာကြီး ပြင်ဆင်ထုပ်ပိုးရလေသလားဟု ကျန်းလန်တွေးလိုက်သည်။
သို့သော် သူက ကျေးဇူးတင်စကားဆိုကာ လက်ဆောင်ကို လက်ခံလိုက်သည်။
"ကျေးဇူးပါပဲကွာ…"
ဤသည်က သူ ပထမဆုံးရရှိသည့် မင်္ဂလာလက်ဖွဲ့ပစ္စည်း ဖြစ်သည်။ သို့ပေသိ ကောင်ငယ်လေးက သူ့ကို အမြဲတမ်း မြေပဲလက်ဆောင်ပေးလေ့ရှိလေရာ အံ့သြစရာတော့ မရှိပေ။
သူ့ကို လက်ဖွဲ့ပေးချင်သည့် ကောင်ငယ်လေး၏ စေတနာကိုတော့ တန်ဖိုးထားရမည်ပင်။
ကောင်ငယ်လေးက ကျန်းလန်နှင့်မျက်စောင်းထိုးတွင်ဝင်ထိုင်လိုက်ရင်း…
"ဒါနဲ့ အစ်ကိုကြီး ၊ ကျွန်တော် ဘာလုပ်ရမလဲဟင် ၊ ဟုန်ယာ ကျွန်တော့်ကို မမုန်းအောင်လုပ်တဲ့ နည်းလမ်းလေးများရှိရင် သိချင်လို့ပါ ၊ သူ ကျွန်တော့်ကို သဘောကျလာပြီး လက်ထပ်ချင်လာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့"
အဋ္ဌမမင်းသားကလည်း တစ်နေရာတွင်ဝင်ထိုင်လိုက်ရင်း…
"အိပ်မက်ကနိုးပါတော့"
ဟု ကောင်ငယ်လေးကို ပြောလိုက်၏။
သူ ကောင်လေးကို နှစ်ပေါင်း (၁၀၀)ကျော် သင်ပြပေးနေသည့်တိုင် ထိုကောင်စုတ်လေးက စကားနားမထောင်ပေ။
"ဘာလုပ်ရမလဲဆိုတော့…"
ကျန်းလန်ကလည်း ဘာကိုမှ ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။
"မနက်နေထွက်တာကိုကြည့် ၊ ညနေနေဝင်တာကိုကြည့် ၊ ပြီးရင် လောကကြီးရဲ့ အပြောင်းအလဲတွေကို လေ့လာပါ ၊ ကျုပ်က နေ့ဘက်မှာ စာအုပ်တွေဖတ်လေ့ရှိပြီး ညဘက်တွေမှာ ကျင့်ကြံလေ့ရှိတယ် ၊ အဲဒီအတိုင်းပဲ ဘဝကို ဖြတ်သန်းနေတာပဲ"
ကောင်ငယ်လေးက စိတ်ဝင်တစားဖြင့်...
"အဲဒီလိုပဲ စာအုပ်တွေဖတ်ရင်း ကျင့်ကြံရင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို လက်ထပ်ခွင့်ရသွားတာလား…"
အဋ္ဌမမင်းသားက စိတ်ဆိုးမာန်ဆိုးဖြင့်…
"မင်းက ငတုံးလား ကောင်စုတ်လေး ၊ မင်း အခုထိ နားမလည်သေးဘူးလား"
သူက ဆက်ပြောသည်။
"ယောက်ဖက မိုးနဲ့မြေလောကကြီးအကြောင်း နားလည်အောင်ကြိုးစားတယ် ၊ စိတ်စွမ်းအားလည်းကောင်းတယ် ၊ ကျင့်ကြံခြင်းအဆင့်ကလည်း မရပ်မနားတိုးတက်လာတယ် ၊ အခု သူ အင်မော်တယ်ဖြစ်ပြီဆိုတော့ လက်ထပ်ရမယ့် နေ့ရက်ကို အလိုလိုရောက်လာတယ် ၊ ကျုပ်ယောက်ဖ ပြောချင်တဲ့စကားအဓိပ္ပါယ်ကို မင်းသိလား"
ခဏနားပြီးမှ အဋ္ဌမမင်းသားက ဆက်ပြောသည်။
"ကျုပ်ယောက်ဖ ပြောချင်တာက မင်း ဟုန်ယာရဲ့အတောင်ပံတွေကို တက်နင်းပြီး သူ့ကို ပညာကောင်းကောင်းပေးလိုကမယ်ဆိုရင်… သူ မင်းကို အထင်ကြီးပြီး ကြည်ညိုလေးစားလာလိမ့်မယ် ၊ ဒါဆို အခြေအနေ တိုးတက်လာနိုင်တယ်"
ထို့နောက် လုန်မန်က ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး…
"ယောက်ဖ ၊ မင်း ပြောချင်တာ အဲဒီအဓိပ္ပါယ် မဟုတ်လား"
ကောင်ငယ်လေးကလည်း အတည်ပြုသည့်အနေဖြင့် ကျန်းလန်ကို လှမ်းကြည့်လာသည်။
ကျန်းလန် : "……"
ခဏမျှ တိတ်ဆိတ်သွားပြီးမှ ကျန်းလန်က...
"တကယ်တော့ တန်ခိုးစွမ်းအားမြင့်မားလေ ကောင်းလေပဲ ၊ တန်ခိုးစွမ်းအားမြင့်မားတော့ အလုပ်တွေလည်း ပိုလုပ်နိုင်တာပေါ့ ၊ အန္တရယ်တစ်ခုခုနဲ့ ရင်ဆိုင်ရရင်လည်း ပြဿနာမရှိတော့ဘူးလေ"
ကောင်ငယ်လေးက အဋ္ဌမမင်းသားထံ အကြည့်ကို ရွှေ့လိုက်ရင်း…
"ခင်ဗျား ကြားတယ် ဟုတ် ၊ အစ်ကိုကြီးက ဟုန်ယာရဲ့ အတောင်ပံတွေကို တက်နင်းခိုင်းတာ မဟုတ်ဘူး"
ကောင်လေးက ဆက်ပြောသည်။
"ဒါကြောင့် ဟို မင်းမျိုးမင်းနွယ်လူသားက ပြောတာ ၊ နဂါးမျိုးနွယ်ကောင်ပြောတဲ့စကားတွေက မယုံကြည်ရဘူးတဲ့"
အဋ္ဌမမင်းသားက…
"အဟက်… အဲဒီကောင် နောက်ဆုံးတစ်ကြိမ် သေရည်ဆိုင်ကိုလာတော့ မင်းကို ဘာပြောသွားသလဲ ၊ မိန်းကလေးတစ်ယောက် ကူရာကယ်ရာမဲ့နေတဲ့ အချိန်မှာ ကူညီပေးလိုက်ရင် အထင်ကြီးလေးစားမှုကိုရမယ်တဲ့… ဟုတ်တယ်မလား ၊ အခု မင်း ဟုန်ယာကို အသက်ပေးပြီး ကယ်တင်လိုက်တာ ဘာ အထင်ကြီးလေးစားမှုများ ရလာသလဲ ၊ ပြောကြည့်လိုက်…"
အဋ္ဌမမင်းသားက စက်ဆုပ်ရွံလျှာဟန်ဖြင့်…
"မင်း ကျုပ်ကို ယုံစမ်းပါကွာ ၊ အဲဒီ သေမျိုးလူသားတွေပြောတဲ့စကားကို မယုံစမ်းပါနဲ့ ၊ သူတို့နဲ့ကျုပ်တို့က ရှင်သန်နေထိုင်တဲ့လောကချင်း မတူဘူးကွ"
လူငယ်က မယုံမကြည်ဖြင့်…
"မဟုတ်ပါဘူး ၊ အခု ဟုန်ယာက ကျွန်တော် အသက်အန္တရယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူ အသက်ပေးပြီးကယ်တင်မယ်လို့ ကတိပေးထားတယ်"
အဋ္ဌမမင်းသားက…
"ဟ… အဲဒါ မင်းကို သူ့ထက်တန်ခိုးစွမ်းအားနိမ့်ပါးတယ်ဆိုပြီး အထင်သေးလို့ တမင်နှိမ့်ချပြီးပြောတာကွ"
ကောင်ငယ်လေး စိတ်ရှုတ်ထွေးသွားဟန် ရှိသည်။
ကျန်းလန်ကတော့ သူတို့ (၂)ယောက် ငြင်းခုံနေသည်ကိုသာ ကြည့်နေမိသည်။ လူတစ်ယောက်အတွက် တန်ခိုးစွမ်းအားပိုမိုမြင့်မားလာအောင် ကျင့်ကြံသည်မှာ မှန်ကန်သည့်အချက်ပင် ဖြစ်သည်။
မိန်းကလေးတစ်ယောက်ကို မည်သို့လက်ထပ်ရမလဲ ဆိုသည်ကတော့…
ထိုအကြောင်းကို သူလည်း မသိပေ။
သူ့ကို တောင်သခင်များက ရှောင်ယွိနှင့်လက်ထပ်ရမည်ဟု တန်းပြီး စေ့စပ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ရှောင်ယွိက ကောင်းမွန်သည့်သဘောထားဖြင့် သူ့ကို စတင်ချဉ်းကပ်ခဲ့သည်။
ထို့ပြင် သူမကိုယ်တိုင်က သူတို့ (၂)ယောက်၏ ဆက်ဆံရေးကို တိုးတက်ချင်စိတ်ရှိခဲ့သည်။ သူကလည်း ရှောင်ယွိ၏ သဘောထားကို နားလည်ခံစားမိသည့်အတွက် စိတ်နှလုံးအကြွင်းမဲ့ဖြင့် တုံ့ပြန်ခဲ့သည်။
ထိုအကြောင်းများကြောင့် သူတို့၏ဆက်ဆံရေးအဆင်ပြေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တစ်ယောက်က စတင်ချဉ်းကပ်ရမည်ဖြစ်ပြီး နေက်တစ်ယောက်က ချဉ်းကပ်မှုကို တုံ့ပြန်သည့်အခါ နှစ်ဦးနှစ်ဖက် အဆင်ပြေမည်ပဲ ဖြစ်သည်။
***