မင်္ဂလာလက်ထပ်ပွဲ
Vol. 30 Ch. 412
နံနက်ခင်းအချိန်။
အရှေ့ဆီမှ ရောင်နီလာပြီဖြစ်ပြီး ညအမှောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ခွန်လွန်တောင်တစ်ခွင် ရောင်စုံအလင်းတန်းများ လင်းလက်နေပြီး လူပေါင်းများစွာက ဓားများကို စီးနှင့်ပျံသန်းလျှက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ သွားရောက်နေကြသည်။
ခွန်လွန်တောင်ရှိ တောင်ထွတ်များအားလုံးတွင် နတ်ဘုရားတိမ်တိုက်များ ရစ်သိုင်းလျှက်ရှိပြီး ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီမှ အင်မော်တယ်တေးသွားများ ပဲ့တင်ထပ်ထွက်ပေါ်နေကာ အရပ်မျက်နှာအသီးသီးသို့ လွင့်ပျံလျှက် ရှိသည်။
နတ်ဘုံနတ်နန်းတမျှ ခမ်းနားစွာပြင်ဆင်ထားသည့် မင်္ဂလာအခမ်းအနားပွဲ စတင်တော့မည် ဖြစ်သည်။
ဓားရောင်များက ကောင်းကင်ထက်တွင် လင်းလက်နေပြီး အားလုံးက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ဆီသို့ ဦးတည်သွားနေကြသည်။ ခွန်လွန်တပည့်များ ဓားများစီးနှင် ပျံသန်းရောက်ရှိလာကြခြင်းပင် ဖြစ်သည်။
ကျန်းလန်က မင်္ဂလာဝတ်စုံလဲလှယ်လိုက်ပြီး ခမ်းနားလှသည့် မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။
မင်္ဂလာပွဲ စတင်ပေတော့မည်။
ယနေ့က...
သူနှင့် လုန်ယွိ၏ မင်္ဂလာလက်ထပ်ပွဲ ကျင်းပမည့်နေ့ရက် ဖြစ်သည်။
ကျန်လန် ရင်များခုန်နေပြီး နှလုံးသားက မငြိမ်မသက် ဖြစ်နေသည်။
ယခုလိုအချိန်မျိုးတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ မည်သည့်နည်းနှင့်မှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ကောင်ငယ်လေးက...
"အစ်ကိုကြီး ၊ မင်္ဂလာပွဲ စတော့မယ်ထင်တယ် ၊ အခု ဘယ်လိုခံစားရလဲ ၊ လက်ထပ်ရမှာကို စိတ်လှုပ်ရှားနေလား"
သူက လူသားအသွင်ယူထားသူဖြစ်သဖြင့် သူနှင့် ကျန်းလန် တူညီသည်ဟု ကောင်ငယ်လေးက ခံယူထားသည်။ နဂါးမျိုးနွယ်များကတော့ လူသားများနှင့် တူညီမည် မဟုတ်ပေ။
အဋ္ဌမမင်းသားက...
"ယောက်ဖက မင်းနဲ့မတူဘူး ၊ မင်းက ဘာအတွေ့အကြုံမှ ရှိတဲ့ကောင် မဟုတ်ဘူး"
ကျန်းလန် ဆွံ့အသွားသည်။
တကယ်ဆို သူလည်း အတွေ့အကြုံရှိသူ မဟုတ်ပေ။ သူ့ဘဝတွင် ပထမဆုံးအကြိမ် မင်္ဂလာဆောင်ဖူးခြင်း ဖြစ်သည်။
သို့သော် ရင်ထဲတွင် ဗလောင်ဆူနေသည့်တိုင် မျက်နှာကတော့ အမူအရာမပျက် တည်ငြိမ်အေးဆေးလျှက် ရှိ၏။
ဆရာဖြစ်သူမှာကြားထားသည့် စကားအရဆိုလျှင် သူက မည်သည့်နေရာသို့မှ သွားစရာမလိုဘဲ ခြံဝင်းထဲမှာပင် ထိုင်စောင့်နေရမည် ဖြစ်သည်။ ခွန်လွန်တောင် ကောင်းကင်ထက်တွင် အစီအရင်များ ပြုလုပ်ထားပြီး အချိန်တန်သည့်အခါ သူ့ကို ခေါ်ဆောင်သွားမည် ဖြစ်သည်။
မင်္ဂလာပွဲကတော့ အချိန်သိပ်ကြာမည် မဟုတ်ပေ။ ပုံမှန်ဆိုလျှင် မင်္ဂလာပွဲက ခပ်မြန်မြန်ပင် ပြီးဆုံးသွားမည် ဖြစ်သည်။
မျှော်လင့်မထားသည့် ပြဿနာများ ဖြစ်မလာသရွေ့ အစစအရာရာ အဆင်ပြေမည် ဖြစ်သည်။
မတော်တဆမှုများကတော့ ဖြစ်လာစရာ အကြောင်း မရှိပေ။ ခွန်လွန်တောင်မှ တောင်သခင်များက မတော်တဆမှုများ ဖြစ်ပွားခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။
သူနှင့် လုန်ယွိကလည်း မည်သည့်ပြဿနာမှရှိမည် မဟုတ်ပေ။ ထို့ကြောင့် အရာအားလုံး အဆင်ပြေမည် ဖြစ်သည်။
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားက ထုံးစံအတိုင်း ငြင်းခုန်နေကြပြန်သည်။
လုန်ယွိကတော့ မည်သို့ရှိမည် မသိပေ။
သူမ၏အမေက သူမကို အဖော်ပြုပေးမည်ဟုတော့ သတင်းကြားထားသည်။
***
တတိယတောင်ထွတ်…။
လုန်ယွိ နေထိုင်သည့်နေရာ။
လုန်ယွိသည် ရှောင်ယွိအသွင်မဟုတ်ဘဲ ပုံမှန်အတိုင်း လုန်ယွိအသွင်ဖြင့်သာ ရှိနသေည်။ သူမသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး မှန်တင်ခုံရှေ့တွင် ထိုင်နေသည်။
သူမ၏ ရှည်လျားဖြောင့်စင်းသည့် ဆံနွယ်များက ကျောပြင်ထက် ကျဆင်းလျှက်ရှိပြီး သူမ၏ အမူအရာကတော့ တည်ငြိမ်နေဆဲပင်။ သူမ၏ မျက်ဝန်းများထဲမှ ကြောက်ရွံ့ထိတ်လန့်မှုများကိုသာ သတိမထားမိဘူးဆိုလျှင် မင်္ဂလာပွဲအတွက် စိုးရိမ်ပူပန်နေမှန်း မည်သူမှ ရိပ်မိမည် မဟုတ်ပေ။
ယခု မင်္ဂလာလက်ထပ်ပွဲသည် သူမဘဝတွင် ပထမဆုံးအကြိမ်နှင့် တစ်ခုတည်းသော မင်္ဂလာလပ်ထပ်ပွဲ ဖြစ်သည်။ ထို့ကြောင့် သူမ စိတ်ပူပန်သည်မှ မဆန်းပေ။
လုန်ယွိအသွင်နှင့်ဆိုလျှင် အေးစက်စက်ရှိတတ်သည့် စရိုက်ကြောင့်သာ သူမ အလွန်ထိတ်လန့်နေသည်မှာ မပေါ်လွင်ခြင်း ဖြစ်သည်။ ရှောင်ယွိအသွင်ဖြင့် ကျန်းလန်အနားတွင် ရှိနေမည်ဆိုပါက သူမ ဂဏာမငြိမ် လှုပ်ရှားလျှက် ရှိနေပေလိမ့်မည်။
ကူရာကယ်ရာမဲ့ခြင်း ၊ စိတ်မသက်မသာဖြစ်ခြင်း ၊ စိတ်ပူပန်ခြင်းများနှင့်အတူ မျှော်လင့်ချက်ကိုပါ သူမရင်ထဲတွင် ခံစားနေရသည်။
သူမ လက်ထပ်ရမည်ကို ကြောက်ရွံ့နေသည့်တိုင် သူမလက်ထပ်ရမည့်သူက ကျန်းလန်ဖြစ်နေသည့်အတွက်လည်း ပျော်ရွှင်နေမိပြန်သည်။ ခံစားချက်များက ရှုတ်ထွေးနေပြီး ရှင်းပြ၍ပင် မရနိုင်ပေ။
ထို့ပြင် သူမအနောက်တွင်ရှိနေသည့် မိခင်ဖြစ်သူကြောင့်လည်း သူမစိတ်များ ပိုပြီး မတည်မငြိမ် ဖြစ်ရသည်။ ယနေ့ မိခင်ဖြစ်သူက သူမကို မင်္ဂလာဝတ်စုံဝတ်ဆင်ပေးရန်နှင့် ဆံပင်ထုံးဖွဲ့ဖြီးသင်ပေးရန် ရောက်နေခြင်း ဖြစ်၏။
သူမက အစကတည်းက မိခင်ဖြစ်သူနှင့် ရင်းနှီးသူ မဟုတ်သလို လုန်မန်မှလွဲပြီး ကျန်သည့် နဂါးမျိုးနွယ်များအားလုံးက သူမကို သဘောမကျကြောင်း ခံစားခဲ့ရသည်။
ရန်ကျင်းက လုန်ယွိ၏ အနောက်ဘက်တွင်မတ်တတ်ရပ်ကာ ရှည်လျားသည့် ဆံနွယ်များကို ဖြီးသင်ပေးရင်း စကားဆိုသည်။
"လူ့ကျင့်ဝတ်တွေ အများကြီးရှိတယ်။"
သူမ၏ လက်အစုံက လုန်ယွိ၏ ဆံပင်များကို ပေါ့ပါးစွာ ဖြီးသင်ပေးနေပြီး သူမ၏ အသံကလည်း အလွန်တည်ငြိမ်သည်။ သူမက လုန်ယွိကို ပြစ်တင်ဝေဖန်လိုခြင်း မရှိသော်လည်း တစ်စုံတစ်ခုကို ပြောပြချင်နေဟန် ရှိသည်။
ရန်ကျင်းက…
"လူသားတစ်ယောက်နဲ့ လက်ထပ်တဲ့အခါ လိုက်နာရမယ့်အချက်တွေ အများကြီးရှိတယ် ၊ အဲဒီအကြောင်းတွေကို စဉ်းစားပြီးပြီလား"
လုန်ယွိ ခေါင်းခါယမ်းလိုက်သည်။ သူမ ထိုအကြောင်းများကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။
ရန်ကျင်းက လုန်ယွိကိုကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။ မျက်လုံးများတွင် အဓိပ္ပါယ်အချို့ ဖြတ်ပြေးသွားသည့်တိုင် ဆံပင်များကို ဆက်လက်ဖြီးသင်ပေးနေဆဲ ဖြစ်သည်။
"အဲဒါတွေကို စဉ်းစားမထားပေမယ့် ကျွန်မ စိတ်မပူပါဘူး"
လုန်ယွိ၏ စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။
သူ၏စကားကိုကြားတော့ ဆံပင်ဖြီးသင်ပေးနေသည့် ရန်ကျင်း၏လက်များက ရုတ်တရက် ရပ်တန့်သွားပြီး…
"ဘာလို့လဲ…"
ထို့နောက် ရန်ကျင်းက သူမကို ဆံပင်ဆက်ဖြီးပေးနေစဉ် လုန်ယွိက သူမ၏လက်ဖဝါးလေးများကို အသာပွတ်သပ်လိုက်ရင်း သိမ်မွေ့စွာ စကားဆိုသည်။
"ကျွန်မက နဂါးမျိုးနွယ်တစ်ယောက်ပါ ၊ ဂိုဏ်တူမောင်လေးက ကျွန်မကို တစ်ခါမှ လူသားတစ်ယောက်လို မဆက်ဆံခဲ့ဖူးဘူး ၊ ဒါကြောင့် ဂိုဏ်းတူမောင်လေးက ကျွန်မကို လုပ်ခွင့်မပြုတဲ့အရာတွေ ရှိသလို အချို့ကိစ္စတွေကို ဘယ်လိုလုပ်ရမလဲဆိုတာလည်း သင်ပြပေးတယ်"
လုန်ယွိက ဆက်ပြောသည်။
"ပြီးတော့ သူက တကယ့်ကို စာနာတတ်တဲ့သူပါ ၊ ကျွန်မက နဂါးမျိုးနွယ်ဖြစ်နေလို့ မတူညီတဲ့အချက်တွေအားလုံးကို သူက ညှိယူပေးနိုင်တယ် ၊ နဂါးတွေမကြိုက်တဲ့ပန်းပင်မျိုး သူ့ခြံဝင်းထဲ ဘယ်တော့မှ စိုက်မထားဘူး ၊ အိမ်ကိုလည်း ကြီးကြီးမားမား ဆောက်ပေးထားတယ် ၊ ကျွန်မ နဂါးအသွင်ပြောင်းလဲသွားရင်တောင် အိမ်က ပြိုကျမှာ မဟုတ်ဘူး ၊ နည်းနည်းလောက့်ပဲ လှုပ်သွားမှာ"
"ကျွန်မက မကြာခဏ ဖိနပ်မပါဘဲ ခြံဝင်းထဲ လျှောက်သွားတတ်လို့ မြက်ခင်းနုနုလေးတွေလည်း စိုက်ပေးထားတယ် ၊ သူလည်း အဆင်ပြေ ၊ ကျွန်မလည်း အဆင်ပြေအောင် အချိန်ယူပြီး သူ ကြိုးစားခဲ့တယ် ၊ ဂိုဏ်းတူ်မောင်လေးက စကားအများကြီး ပြောလေ့ရှိသူမဟုတ်လို့ ဒီကိစ္စတွေကို ထုတ်မပြောပေမယ့် ကျွန်မရင်ထဲကတော့ သူ့စေတနာကို ခံစားမိတယ် ၊ ပြီးတော့ ကျွန်မ သူ့ကို လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးသလို သူလည်း နဂါးမျိုးနွယ်တစ်ယောက်ကို လက်ထပ်ဖို့ အဆင်သင့်ဖြစ်သေးတဲ့ပုံ မပေါ်ဘူး… ဒါပေမဲ့…"
လုန်ယွိ၏ စကားက ရပ်တန့်သွားသည်။
ခဏကြာမှ…
"ဒါပေမဲ့… ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် လက်ခံနိုင်ကြတယ်"
ရန်ကျင်းက…
"မင်း သူ့ကို သဘောကျလား"
လုန်ယွိ ခေါင်းညိတ်လိုက်သည်။
"အင်း… ကျွန်မ ဂိုဏ်းတူမောင်လေးကို သဘောကျတယ် ၊ ပြီးတော့ ကျွန်မ သူ့ကို လက်ထပ်ချင်တယ်"
ရန်ကျင်း မည်သည့်စကားမှ မဆိုတော့ဘဲ လုန်ယွိ၏ ဆံပင်များကိုသာ ဆက်ပြီး ဖြီးသင်ပေးနေလိုက်သည်။
လူသားများက စိတ်ခံစားချက်များ ရှုတ်ထွေးကြသော်လည်း နဂါးများကတော့ ထိုသို့ မဟုတ်ပေ။ လူသားများက အချစ်ကို ခံစားနားလည်ကြသည့်တိုင် နဂါးများကတော့ သိပ်ပြီး မခံစားတတ်ကြပေ။
နဂါးမျိုးနွယ်များက နားလည်ရခက်သူများ ဖြစ်ကြသည်။ လုန်ယွိကတော့ လူသားများနှင့် အနေနီးသောကြောင့် စိတ်ထားပြောင်းလဲသွားသည်လား မပြောတတ်ပေ။
အချိန်အတန်ကြာပြီးနောက် လုန်ယွိ၏ဆံပင်များ ဖြီးသင်၍ ပြီးစီးသွားသည်။
ရန်ကျင်းက ဘီးကို မှန်တင်ခုံထက် အသာချလိုက်ရင်း တိုးလျသည့် လေသံဖြင့်…
"သွားဖို့ အချိန်ကျပြီ"
လုန်ယွိသည် ကြေးမုံမှန်ထက်မှ သူမ၏ပုံရိပ်ကို ငေးကြည့်ရင်း အလွန်လှပသည်ဟု ခံစားရသည်။ သို့သော် သူမ အရင်ကနှင့် လုံး၀ မတူတော့ပေ။
သူမ လက်ထပ်ရတော့မည် ဖြစ်သည်။
သူမ ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး အခန်းအပြင်သို့ လမ်းလျှောက်ထါက်သွားသည်။ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ သွားရောက်ရန်အတွက် အပြင်ဘက်တွင် အစီအရင်တစ်ခု ပြုလုပ်ထားသည်ကို သူမ သိရှိသည်။
အခန်းအပြင်ဘက်တွင် သူမကို စောင့်နေသည့် ဆရာဖြစ်သူ ကျူးချင်ကို တွေ့လိုက်ရသည်။
ကျူးချင်က လုန်ယွိကို ပီတိဖြာသည့် အပြုံးဖြင့် ကြည့်ရင်း…
"အရမ်းလှတာပဲ ရှောင်ယွိရယ်…"
ဆရာဖြစ်သူ၏ ချီးကျူးစကားကြောင့် လုန်ယွိ လှပစွာ ပြုံးလိုက်သည်။
ထိုစဉ်…
"ဘုန်း…"
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးထက်ရှိ ကောင်းကင်ယံမှ ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
"မင်္ဂလာပွဲ စတော့မယ်"
ပြောပြီးသည်နှင့် ကျူးချင်က သူမ၏လက်ကို အသာဝှေ့ယမ်းလိုက်လေရာ တတိယတောင်ထွတ်ကောင်းကင်ထက်တွင် အစီအရင်တစ်ခု ထွက်ပေါ်လာလေတော့၏။
***
ထိုအချိန်တွင်…
လူတိုင်းသည် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ထက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၊ နဂါးမျိုးနွယ်များ ၊ ခွန်လွန်တောင်မှ တပည့်များအားလုံး ရောက်ရှိနေကြသည်။
ကျင်းထင် ၊ ကျိုးစူးနှင့် အခြားသူများအားလုံးသည်လည်း မင်္ဂလာပွဲကို စောင့်မျှော်လျှက် ရှိကြသည်။ သူလျှိုတစ်ယောက်ဖြစ်သော ယွိယွမ်သည်ပင် ရင်ပြင်ထက်သို့ ရောက်ရှိနေလေသည်။
အားလုံးက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးထက်တွင် လင်းလက်နေသည့် အလင်းတိုင်ကြီး (၈)ခုကို လှမ်းမျှော်ကြည့်ရှုနေကြသည်။
ထိုအလင်းတိုင်များမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရှိထားသော်လည်း ဘာအတွက် အသုံးပြုမည်ကို မသိရှိကြပေ။
လူသားများ ၊ နဂါးမျိုးနွယ်များနှင့် အခြားမျိုးနွယ်များစွာမှ ရောက်ရှိလာကြသည့် ဧည့်ပရိတ်သတ်များအားလုံးက တိတ်ဆိတ်ငြိမ်သက်စွာပင် မင်္ဂလာအခမ်းအနားစတင်မည်ကို စောင့်မျှော်နေကြသည်။
ဤမင်္ဂလာလက်ထပ်ပွဲသည် နှစ်ပေါင်း (၁၀၀၀)အတွင်း ခွန်လွန်တောင်တွင်ကျင်းပသည့် အကြီးကျယ်အခမ်းနားဆုံး ပွဲတစ်ခု ဖြစ်သည်။
"ဘုန်း…"
ထိုခဏတွင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီး၏အထက်ရှိ လေထုထဲတွင် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း ခံစားလိုက်ရသည်။
"ဝုန်း"
အလင်းတန်းတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အလင်းတိုင် (၈)ခုအနားသို့ ကျရောက်သွားကာ နမမြောက်အလင်းတိုင် ထွန်းညှိပြီးသား ဖြစ်သွားသည်။
အလင်းတိုင် (၈)ခုမှ အလင်းတိုင် (၉)ခုအဖြစ် ပြောင်းလဲသွားပြီး ယခုမှ အရာအားလုံး ပြီးပြည့်စုံသလို ခံစားလိုက်ကြရသည်။
တစ်ချိန်တည်းမှာပင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အတွင်းမှ မိန်းမပျိုးတစ်ယောက် ထွက်လာသည်။ သူမက မျက်နှာကို ပုဝါစတစ်စဖြင့် ဖုံးကွယ်ထားပြီး ကိုယ်ဟန်အနေအထားက အလွန်တရာ ကျက်သရေရှိလှသည်။
သူမက မင်္ဂလာပွဲသို့ ရောက်ရှိနေသည့် ဧည့်ပရိတ်သတ်များအားလုံးကို စကားစတင်ပြောဆိုလိုက်သည်။ သူမ၏ အသံက ကျယ်လောင်ခြင်းမရှိသည့်တိုင် ရင်ပြင်ထက်မှလူတိုင်း စကားသံကို ကြားသိနိုင်ကြသည်။
"မင်္ဂလာလက်ထပ်ပွဲ အခမ်းအနား စတင်ပါတော့မယ်"
သူမအသံ ပျောက်ကွယ်သွားသည်နှင့် ဧည့််ပရိတ်သတ်များအားလုံး အံ့သြတုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် စကာပြောလိုက်သည့် မိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး သူမ၏ အသံက တန်ခိုးစွမ်းအားပြည့်ဝသည်သာမက ခြိမ်းခြောက်မှုအနည်းငယ်ပင် အရိပ်အမြွက်ပါဝင်နေသောကြောင့် ဖြစ်၏။
ခွန်လွန်တောင်တွင် ကျင်းပသည့် မင်္ဂလာပွဲကို မည်သူမှ ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
"ဟူး…"
လေပြင်းတစ်ချက် အော်မြည်တိုက်ခတ်လာသည်။
ခွန်လွန်တောင် ၊ အဓိကခန်းမေဆာင်ထက်မှ အလင်းတိုင်ကြီး (၉)ခုက ကောင်းကင်ထက်သို့ ပျံတက်သွားကြပြီး အလင်းတန်းတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
"ဝုန်း…"
ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်များ လင်းလက်တောက်ပသွားပြီး တစ်ခုတည်းသော အလင်းတန်းမှ ရောင်စဉ် (၉)မျိုး ဖြာလင်း ထွက်ပေါ်လာသည်။
ရောင်စဉ် (၉)မျိုးအလင်းတန်းများသည် ခွန်လွန်တောင် ကောင်းကင်ထက်ရှိ အစီအရင်တစ်ခုနှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ရောင်စဉ် (၉)ခုမှ ရောင်စဉ် (၇)ခု ခွဲထွက်သွားပြီး သက်တံ့တံတားတစ်စင်း ထွက်ပေါ်လာကာ တံတားက အောက်ဘက်သို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသည်။
ကျန်ရှိနေသည့် ရေင်စဉ် (၂)ခုတွင် တစ်ခုက နဝမတောင်ထွတ်ရှိရာသို့ ဆင်းသက်သွားပြီး တစ်ခုက တတိယတောင်ထွတ်သို့ ဆင်းသက်သွားသည်။
ရွှေပွဲလာပရိတ်သတ်များအားလုံးမှာ မြင်ကွင်းကို ရင်သပ်ရှုမော အံ့သြလျှက် ကြည့်ရှုနေကြသည်။ ထိုရောင်စဉ်တန်း (၉)ခုက အလွန်တရာ ထူးခြားကြောင်း သူတို့အားလုံး ခံစားမိသည်။
ရောင်စဉ် (၇)မျိုးပေါင်းစပ်ထားသည့် သက်တံ့တံတားကလည်း သာမန်တံတားတစ်စင်း မဟုတ်ပေ။ ခွန်လွန်တောင်က မင်္ဂလာ သတို့သားနှင့် သတို့သမီးကို ကြိုဆိုရန်ပင် အလွန် ခမ်းနားကြီးကျယ်စွာ စီစဉ်ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် နဝမတောင်ထွတ်သို့ ဆင်းသက်သွားသည့် အလင်းတန်းက ကျန်းလန်ကို ခေါ်ဆောင်လာပြီး ကျန်းလန်က သက်တံ့တားထက်သို့ ဆင်းသက်လိုက်သည်။
ကျန်းလန် ထွက်ခွာသွားသည်နှင့် နဝမတောင်ထွတ်တွင် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး ကျန်ရစ်ခဲ့၏။
အဋ္ဌမမင်းသားက စိတ်လှုပ်ရှားပျော်ရွှင်နေဟန်ဖြင့်…
"ယောက်ဖနဲ့အစ်မ လက်ထပ်ရတော့မှာပဲ…"
ယောက်ဖနှင့်အစ်မသည် ခွန်လွန်တောင်တွင် သူနှင့် ရင်းနှီးသူများဖြစ်လေရာ သူ မပျော်ရွှင်ဘဲ မနေနိုင်ပေ။
ကောင်ငယ်လေးက…
"ဒီတော့ နဝမတောင်ထွတ်မှာပဲ နေတော့မှာလား ၊ ခွန်လွန်တောင် အဓိကခန်းမဆောင် ရင်ပြင်မှာ မင်္ဂလာပွဲကို သွားကြည့်ဖို့ အစီအစဉ် မရှိတော့ဘူးလား"
အဋ္ဌမမင်းသား : "……"
ထို့နောက် လုန်မန်က နဂါးအသွင်ပြောင်းလဲလိုက်ပြီး ခွန်လွန်တောင် အဓိကခန်းမဆောင်သို့ အလျှင်အမြန်ထွက်ခွာသွားသည်။
"အမြန်လုပ်… နောက်ကျနေပြီ…"
"နဂါးစုတ်… ငါ့ကိုစောင့်ဦး…"
ကောင်ငယ်လေးက အော်ဟစ်လိုက်ပြီး ချက်ချင်းပင် အရှိန်ပြင်းပြင်းဖြင့် အဋ္ဌမမင်းသား၏ နဂါးအမြီးကို ဖမ်းဆွဲထားလိုက်လေတော့သည်။
***