← Chapters

မိုးနဲ့မြေကိုသက်သေတည်

Vol. 30 Ch. 413

မိုးနဲ့မြေကိုသက်သေတည်

Vol. 30 Ch. 413

နဝမတောင်ထွတ်မှ ကျန်းလန်ကို ခေါ်ဆောင်လာသည့် အလင်းတန်းက ကျုံ့ဝင်သွားပြီး သူ့ကို သက်တံ့တားထက်သို့ ပို့ဆောင်ပေးလိုက်သည်။

ကျန်းလန်က သက်တံ့တားထက်သို့ ဆင်းသက်လိုက်ပြီး လမ်းဆက်လျှောက်လာသည်။ သူ၏ ခြေလှမ်းများက လျှင်မြန်ခြင်းလည်းမရှိ ၊ နှေးကွေးခြင်းလည်းမရှိဘဲ ပုံမှန်သာ ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အထက်သို့ ရောက်ရှိလာသည်။ တံတားက ခန်းမဆောင်ရင်ပြင်ထက် ပိုမိုမြင့်မားသည့် ကောင်းကင်ယံတွင် တည်ရှိသည်။

မင်္ဂလာအခမ်းအနားသို့ လာရောက်ကြသူများတွင် ရင်ပြင်ထက်တွင် ရပ်နေကြသူများလည်းရှိသလို ဓားရှည်များကို စီးနှင်ပြီး ကောင်းကင်ထက်တွင် ပျံသန်းနေကြသူများလည်း ရှိသည်။

ကောင်းကင်ထက်တွင် ပျံသန်းနေကြသူများက သက်တံ့တားနှင့် ခပ်ဝေးဝေးတစ်နေရာတွင် ရှိနေကြ၏။

ရင်ပြင်ထက်မှ ဖြစ်စေ ၊ လေထဲတွင် ပျံသန်းနေသည်ဖြစ်စေ သက်တံ့တံတားအစွန်းနှစ်ဖက်မှ မင်္ဂလာသတို့သားနှင့် သတို့သမီး ဖြည်းညင်းစွာ လမ်းလျှောက်လာသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။

သက်တန့်တံတား၏ အမြင့်ဆုံးအပိုင်းဖြစ်သော တံတားအလယ်ဗဟိုသို့ လုန်ယွိ လမ်းလျှောက်လာသည်ကို ကျန်းလန် တွေ့မြင်နေရပြီး သူလည်း အလားတူပင် လမ်းလျှောက်လျှက် ရှိသည်။

ကျန်းလန်သည် လုန်ယွိကို အံ့အားသင့်စွာဖြင့် ငေးကြည့်မိသည်။

ယနေ့ လုန်ယွိကိုကြည့်ရသည်မှာ အရင်ကနှင့်မတူဘဲ တစ်မူထူးခြားနေသည်။ လုန်ယွိအသွင်သဏ္ဌန်ကို ကျန်းလန် အကြိမ်ပေါင်းများစွာ တွေ့မြင်ဖူးသော်လည်း ယနေ့တွင်တော့ ဖော်မပြနိုင်သည့် အလှတရားဖြင့် ပြီးပြည့်စုံနေသည်ဟု ခံစားမိသည်။

သူမသည် တစ်လောကလုံးတွင် အလှဆုံးသော သတို့သမီးတစ်ယောက်ဖြစ်ပြီးအလွန်လှပနေခဲ့၏။

ထို့ပြင် သူမ၏ အလှတရားကို ရှင်းရှင်းလင်းလင်း သတိထားမိသူမှာ ယနေ့ ကျန်းလန်တစ်ယောက်သာလျှင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုန်ယွိသည် သူလက်ထပ်ရမည့် သတို့သမီးလေး ဖြစ်နေသောကြောင့်ပင်။

အချိန်ခဏအတွင်းမှာပင် သက်တံ့တံတား၏ အမြင့်ဆုံးနေရာသို့ရောက်ရှိလာပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြ၏။

သူ့ကို အပြုံးသဲ့သဲ့ဖြင့် နှုတ်ဆက်ရှာသူ လုန်ယွိ၏ မျက်ဝန်းများထဲတွင် စိတ်မသက်မသာ ဖြစ်နေသည်များကို ကျန်းလန် တွေ့မြင်ရသည်။ သူမကိုကြည့်ရသည်မှာ မင်္ဂလာပွဲနှင့်ပတ်သက်ပြီး စိတ်ရှုတ်ထွေးနေသလို ကူရာကယ်ရာမဲ့နေဟန်ဖြင့် အနည်းငယ် လမ်းပျောက်နေဟန် ရှိသည်။

ကျန်းလန်က လုန်ယွိကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အေးစက်နေသည့် လက်ဖျားလေးများကို ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏လက်လေးများကို ဆုပ်ကိုင်လိုက်သည်နှင့် လုန်ယွိ၏ မျက်ဝန်းများထဲမှ စိတ်မသက်မသာ ဖြစ်နေမှုများ ပျောက်ကွယ်သွားသည်။

ထိုအချိန် သက်တံ့တံတားထက်မှ ရောင်စုံအလင်းတန်းများ ပျောက်ကွယ်သွားပြီး တံတား၏ဘေးဘက်တွင် လှပခမ်းနားသည့် ကျောက်ဖြူလှေကားကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုလှေကားကြီးက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ဆီသို့ ဦးတည်နေ၏။

ကျန်းလန်နှင့်လုန်ယွိသည် လက်ချင်းတွဲလျှက် လှေကားထစ်များအတိုင်း ရင်ပြင်ဆီသို့ ဆင်းသက်လာကြသည်။လုန်ယွိ၏ ရှည်လျားလှပလွန်းသော အနီရောင်မင်္ဂလာဝတ်စုံက လှေကားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

"မက်မွန်ပန်းပွင့်များက ထာဝရတည်မြဲမယ့် လက်ထပ်မင်္ဂလာပွဲအား သက်သေတည်ပါစေသော်"

သာယာပြီး ကျက်သရေဖြင့်ပြည့်သောအသံတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။

ထို့နောက် လှပသည့် မက်မွန်ပွင့်များသည် ကေင်းကင်ထက်မှ လှပစွာ သက်ဆင်းကြွေလွင့်လာကြသည်။

"ယနေ့ကျင်းပတဲ့ မင်္ဂလာအခမ်းအနားကတော့ နဝမတောင်ထွတ်မှ ဆက်ခံသူတပည့် ကျန်းလန်နဲ့ ခွန်လွန်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ၊ နဂါးမင်းသမီးလုန်ယွိတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲပဲ ဖြစ်ပါတယ်"

"မင်္ဂလာပွဲကို ခွန်လွန်တောင်မှ ကြီးမှူးကျင်းပပေးပြီး မိုးနဲ့မြေကို သက်သေတည်စေပါမယ်"

"ယနေ့ မင်္ဂလာပွဲ ပြီးဆုံးသည်နှင့် မင်္ဂလာသတို့သား သတို့သမီး မောင်နှံတို့၏ ကံကြမ္မာသည် ထာဝရအတူ မခွဲမခွာ ချည်နှောင်ပါစေသော်"

"ယနေ့မှသည် ထာဝရတိုင် တည်မြဲပါစေသော်"

"မင်္ဂလာပွဲ တက်ရောက်သူ ရွှေပွဲလာဧည့်ပရိတ်သတ်များအားလုံးသည် ယနေ့လက်ထပ်ပွဲအတွက် သက်သေတည်ပါစေ"

ဘိသိက်စကားသံများ အဆုံးသတ်သွားသည်နှင့် ခွန်လွန်တောင်တစ်ခုလုံး အလင်းရောင်များ တောက်ပလာသည်။

မြောက်ယွဲ့က ရင်ပြင်အစွန်းတွင် မတ်တတ်ရပ်ကာ ရက်ကို ဝှေ့ယမ်းရင်း ကျန်းလန်နှင့် လုန်ယွိ ကျောက်ဖြူလှေကားထက်မှ ဆင်းသက်လာသည်ကို ကြည့်နေသည်။

"အလင်းတိုင် (၉)ခုက ခွန်လွန်တောင်မှေပးအပ်တဲ့ ကောင်းချီးမင်္ဂလာဖြစ်တယ် ၊ ဒီအလင်းတိုင်များက သတို့သားနဲ့သတို့သမီးရဲ့ အနာဂတ်လမ်းကို ဖြောင့်ဖြူးစေပါလိမ့်မယ်"

"ဘုန်း"

သူမ၏အသံ ပျောက်ကွယ်သွားသည်နှင့် သက်တံ့တံတားမှ အလင်းရောင်များ တောက်ပလာပြီး အလင်းတိုင် (၉)ခု အဖြစ်ပြန်လည် ခွဲထွက်သွားကာ ရင်ပြင်ဆီသို့ ကျရောက်လာသည်။

ထို့နောက် ရောင်စဉ် (၉)မျိုးအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကျန်းလန်နှင့် လုန်ယွိသည် အလင်းတန်းများ၏ အလယ်ဗဟိုတွင် ရှိနေသည်။

အလင်းရောင်များ ပျံ့နှံံ့သွားပြီး ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်၏ ရင်ပြင်တစ်ခုလုံး ရောင်စဉ်ကိုးမျိုးအလင်းတန်းများ၏ တန်ခိုးစွမ်ာအးများကို ခံစားကြရသည်။

မင်္ဂလာပွဲတက်ရောက်သူတိုင်း ခွန်လွန်တောင်မှ ပေးအပ်သည့် အခွင့်အရေးကို ရရှိသည်ဟု ယူဆနိုင်သည်။ လှပသလို တန်ခိုးစွမ်းအားလည်းမြင့်မားပြီး အထင်ကြီးစရာလည်း ကောင်းလှသည်။

ထိုအချိန်တွင်...

လူတိုင်းသည် မင်္ဂလာပွဲကို မျက်တောင်မခတ် ကြည့်နေကြပြီး လှုပ်ပင်မလှုပ်ရဲကြပေ။

ကျင်းထင် ၊ လင်စီးယာနှင့် အခြားသူများက အလင်းတန်းများ၏ အလယ်ဗဟိုတွင်ရှိနေသော ကျန်းလန်နှင့်လုန်ယွိကို ကြည့်နေကြသည်။

ကောင်းကင်ထက်ရှိ အစီအရင်မှ ထွက်ပေါ်နေသည့် အလင်းတန်းများမှာလည်း ကျန်းလန်နှင့် လုန်ယွိထံ ဗဟိုပြုနေကြသည်ဖြစ်ရာ သူတို့မှာ ခွန်လွန်တောင်တွင် အလင်းရောင်အစက်အပျောက်တစ်ခုပမာ လင်းထိန်တောက်ပလျှက် ရှိနေလေသည်။

လူတိုင်းက သူတို့ကို အာရုံစူးစိုက်နေကြ၏။

မင်္ဂလာမောင်နှံအတွက် ခွန်လွန်တောင်မှ ချီးမြှင့်သည့် ကောင်းချီးမင်္ဂလာကို အားလုံးက ရင်သပ်ရှုမော အံ့သြလျှက် ရှိကြသည်။

လှေကားထက်မှ ဆင်းသက်လာနေဆဲဖြစ်သည့် ကျန်းလန်သည် ရောင်စဉ် (၉)ခု အလင်းတန်းများထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားကို ခံစားမိသည်။ ထိုအလင်းတန်းများသည် လူသားအင်မော်တယ်များ ကျင့်ကြံခြင်းအဆင့်တက်နိုင်ရန် အထူး ပြင်ဆင်ထားဟန် ရှိသည်။

ထိုအလင်းတန်းများက ကျင့်ကြံသူတစ်ယောက် အင်မော်တယ်ခန္ဓာရရှိအောင် အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းလန်သာ လူသားအင်မော်တယ်ဆိုလျှင် (၁၀)နှစ်အတွင်း လူသားအင်မော်တယ် ၊ အလယ်ဆ်င့သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် သူ့အတွက် နှစ် (၁၀၀)နီးပါး ကျင့်ကြံခြင်းကို သက်သာသွားစေမည် ဖြစ်သည်။

မင်္ဂလာပွဲအပေါ် ခွန်လွန်တောင်၏ ရက်ရောလွန်းသည့် စေတနာကို အားလုံး အံ့အားသင့်ကြရသည်။

ထိုစဉ်...

"ဂရား"

နဂါးဟိန်းသံကြီးတစ်သံ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။

ကျန်းလန်နှင့် လုန်ယွိတို့က ခေါင်းမော့မကြည့်ဘဲ ပုံမှန်အတိုင်းပင် ရှေ့ဆက်သွားနေကြသည်။ ရင်ပြင်အစွန်းသို့ ရောက်ရှိလျှင် မင်္ဂပွဲအဆုံးသတ်ပေတော့မည်။

မတော်တဆဖြစ်ရပ်များအတွက် သူတို့ ပူပန်စရာ မလိုပေ။ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် ခွန်လွန်တောင်ကပဲဖြေရှင်းပေးမည် ဖြစ်၏။

"ဒီနေ့က နဂါးမင်းသမီးလေးလုန်ယွိရဲ့ မင်္ဂလာပွဲနေ့ ဖြစ်တယ် ၊ ဒီတော့ နဂါးမျိုးနွယ်တွေကလည်း မင်္ဂလာခန်းဝင်လက်ဖွဲ့တစ်ခုနဲ့ ဒီပွဲကို ကြီးကျယ်ခမ်းနားစေမယ်"

ထိုအသံက နဂါးဧကရီရန်ကျင်း၏ အသံဖြစ်သည်။

ထို့နောက် ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

"ဘုန်း"

"ဂရား"

နဂါးဟိန်းသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ဖိအားများ ထွက်ပေါ်လာသည်။

လုကျန်းတို့အုပ်စု ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် နဂါးပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုနဂါးပုံရိပ်မှ ကြောက်မက်ဖွယ်ရာ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်နေခြင်း ဖြစ်၏။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးမှာလည်း ရင်ပြင်ထက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ကောင်းကင်ထက်မှ နဂါးပုံရိပ်ကို တွေ့မြင်သည့်အခါ လုန်မန် အံ့သြတုန်လှုပ်သွားသည်။

"နဂါးစွမ်းအားအနှစ်သာရ"

"နဂါးစွမ်းအားအနှစ်သာရ" ဆိုသည်က မွေးရာပါအင်မော်တယ်များတွင်သာ ပိုင်ဆိုင်သည့်အရာဖြစ်ပြီး နဂါးတိုင်းတွင် မပါရှိပေ။

ရှားပါးလှသည့် မွေးရာပါအင်မော်တယ်များကတော့ နဂါးစွမ်းအားအနှစ်သာရနှင့်အတူ မွေးဖွားလာကြသူများ ဖြစ်သည်။

ထိုအရာက အလွန်အဖိုးတန်သည့် ရတနာတစ်ပါး ဖြစ်၏။

လုန်မန်တွင်လည်း နဂါးစွမ်းအားအနှစ်သာရတစ်ခု ပိုင်ဆိုင်ထား၏။ သို့သော် သူ့အသက် (၂၀) မပြည့်ခင်မှာပင် ထိုစွမ်းအားကို ရုပ်ခန္ဓာနှင့် ပေါင်းစည်းခဲ့သည်။

အမှန်တော့ သူနှင့်အတူ မွေးဖွားလာသည့် နဂါးစွမ်းအားအနှစ်သာရက သူ့ထက်ပင် ပိုပြီး တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။

"ဒါက အမေ့ရဲ့ နဂါးစွမ်းအားအနှစ်သာရလား"

အဋ္ဌမမင်းသား ခန့်မှန်းလိုက်သည်။

သူ၏မိခင်ဖြစ်သူမှာလည်း မွေးရာပါ အင်မော်တယ်ဖြစ်ကြောင်း လုန်မန် သိရှိထားသည်။

သို့သော် သူ မသိရှိသည်မှာ မိခင်ဖြစ်သူက သူမ၏နဂါးစွမ်းအားအနှစ်သာရကို သူမ၏ရုပ်ခန္ဓာနှင့် ပေါင်းစပ်ထားခြင်းမရှိကြောင်းပင် ဖြစ်သည်။

"ငါတို့ နဂါးမျိုးနွယ်တွေ ဆင်းရဲသွားကြပြီလား"

အဋ္ဌမမင်းသား ပဟေဠိ ဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။

မိခင်ဖြစ်သူက နဂါးစွမ်းအားအနှစ်သာရကို မင်္ဂလာခန်းဝင် လက်ဖွဲ့ပစ္စည်းအဖြစ် အဘယ့်ကြောင့် ပေးအပ်ရပါသနည်း။

အခြားပစ္စည်းများ မပေးနိုင်လောက်အောင် နဂါးမျိုးနွယ်တွေက ဆင်းရဲသွားခဲ့ပြီလား။

ကောင်းငယ်လေးက…

"နဂါးတွေ ဆင်းရဲသွားပြီ ဟုတ်လား ၊ အဘိုးဆီက ကြားတောတာ့ နဂါးတွေက အတော်ချမ်းသာတယ်ဆိုပဲ ၊ အထူးသဖြင့် ခင်ဗျားတဲ့… ၊ ခင်ဗျားက သိပ်တန်ဖိုးရှိတာတဲ့"

အဋ္ဌမမင်းသား : "……"

ကောင်ငယ်လေးစကားကြောင့် လုန်မန် သဘောပေါက်သွားသည်။

မိခင်ဖြစ်သူက သူ့အတွက် ထိုသို့ပြုလုပ်ရခြင်းများလား။

မဖြစ်နိုင်။

သူက သာမန်မွေးရာပါ အင်မော်တယ်တစ်ယောက်ပင် ဖြစ်လေရာ ထိုမျှ တန်ဖိုးကြီးသည်မှာ မဖြစ်နိုင်ပေ။

ဇာမဏီကောင်မလေးသည်လည်း သူ့လိုပင် ခွန်လွန်တောင်တွင် အကျယ်ချုပ်ကျနေခြင်း ဖြစ်သည်။ သူမ၏ မျိုးနွယ်များသည်လည်း ယခင်တစ်ခေါက်က မရှိသည့်ကြားမှပင် သူမကို ပြန်လည်ရွေးယူခဲ့ကြသည်ပဲ ဖြစ်သည်။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အပြင်ဘက်တွင်ရှိနေသည့် ကျူးချင်မှာလည်း အံ့အားသင်သွားရသည်။

"နဂါးမျိုးနွယ်တွေက နဂါးစွမ်းအားအနှစ်သာရကို မင်္ဂလာလက်ဖွဲ့ခန်းဝင်ပစ္စည်းအဖြစ် ပေးအပ်တာလား ၊ ဒါ မျှော်လင့်မထားတဲ့ကိစ္စပဲ"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"ဒါပဲလေ ၊ နတ်ဘုရားမက အကျိုးအမြတ်အားလုံးကိုရတယ်ဆိုတာ ပုံမှန်ပါပဲ"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ ကျန်းလန်ကတော့ နဂါးသုတ်သင်ဓားသိုင်း တတ်ကျွမ်းတဲ့သူဖြစ်တဲ့အတွက် နဂါးစွမ်းအားအနှစ်သာရက သူ့ကို ငြင်းပယ်လိမ့်မယ်"

လျိုကျင်းက…

"ဘိုးဘေးနဂါးပေးတဲ့ကောင်းချီးမင်္ဂလာက လူသားတွေအတွက်လည်း အကျိုးမမြတ်ရှိပါတယ် ၊ ဒါကြောင့် သူ ဘာမှ ဆုံးရှုံးမှာ မဟုတ်ပါဘူး"

မော့ကျန်းသုန့်ကတော့ ထိုအကြောင်းများကို အရးမစိုက်ပေ။

သူက တပည့်ဖြစ်သူလိုအပ်သည့်အရာမှန်သမျှကို ဖြည့်ဆည်းပေးမည်ပဲ ဖြစ်သည်။ အခြားသူများထံမှ ကျန်းလန် ဘာပဲ

"ဘုန်း…"

နဂါးပုံရိပ်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကျန်းလန်နှင့် လုန်ယွိထံသို့ ကျရောက်လာသည်။

ထိုခဏမှာပင် နဂါးပုံရိပ်က သူ့ကို ငြင်းပယ်နေကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထို့ကြောင့် နဂါးစွမ်းအားအနှစ်သာရကို အနည်းငယ်မျှသာ ရယူလိုက်နိုင်သည်။

သို့သော် သူ ရရှိလိုက်သည့် နဂါးစွမ်းအားအနှစ်သာရက လူသားအင်မော်တယ်များအတွက်တော့ အမှန်တကယ်ပင် အကျိုးရှိသည်။ အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရန် လွယ်ကူသွားမည် ဖြစ်သည်။

ကျန်းလန်က မိုးကေင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူဖြစ်လေရာ ထိုနဂါးစွမ်းအားကို ရွှေခန္ဓာကျင့်စဉ် အောင်မြင်ရန်အတွက် အသုံးပြုနိုင်သည်။ ထို့ကြောင့် သူ့အတွက် အသုံးမဝင်ဘူးဆိုသည့်တိုင် အနည်းငယ်တော့ အသုံးဝင်သေးသည် ဆိုရမည်။

တာ့လော်အင်မော်တယ်ဖြစ်လာရန် ပိုမိုနီးကပ်လာပြီဟု ကျန်းလန် ခံစားနေရသည်။ လုန်ယွိကတော့ အစစ်အမှန်အင်မော်တယ်အဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်ပေလိမ့်မည်။

နဂါးပုံရိပ်ကို ရရှိလိုက်သည်နှင့် လုန်ယွိ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုနဂါးစွမ်းအားအနှစ်သာရက သူမနှင့် ရင်းနှီးနေသည့် ခံစားချက်ကို ပေးစွမ်းသလို သူမနှင့်လည်း အလွန်လိုက်ဖက်ညီသည်ဟု ထင်မှတ်ရသည်။

သူမ သိချင်စိတ်များစွာဖြင့် မိခင်ဖြစ်သူကို တစ်ချက်ခိုးကြည့်လိုက်သည်။

သို့သော် ရန်ကျင်း၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် တည်ငြိမ်နေ၏။ နဂါးစွမ်းအားအနှစ်သာရကို မင်္ဂလာလက်ဖွဲ့အြစ်ပေးအပ်သည်မှာ အပေးအယူတစ်ခုမျှသာ ဖြစ်သကဲ့သို့ပင်။

သူမ မိခင်ဖြစ်သူကို ထပ်မကြည့်ရဲတော့ပေ။

ထိုခဏတွင် သူမနှင့် ကျန်းလန် ဆရာဒေါ်လေးမြောင်ယွဲ့ရှေ့သို့ ရောက်ရှိလာကြသည်။

ကျန်းလန်နှင့် လုန်ယွိ နဂါးပုံရိပ်ကို စုပ်ယူပြီးသွားသည်နှင့် ရန်ကျင်းက ရပ်တန့်လိုက်ပြီး ထိုင်ခုံထက်တွင် ကျောမှီကာ ပြန်ထိုင်လိုက်သည်။

လုန်လီနှင့် လုန်စီးစီးပင်လျှင် အံ့သြမှင်တက်လျှက် ရှိကြ၏။

နဂါးစွမ်းအားအနှစ်သာရကို မင်္ဂလာလက်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေးအပ်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ သို့သော် သူတို့တွင် မေးခွန်းထုတ်ခွင့် မရှိပေ။

ခွန်လွန်တောင်ရော နဂါးမျိုးနွယ်များဘက်မှပါ ပေးအပ်ကြသည့် မင်္ဂလာလက်ဆောင်များကို တွေ့မြင်ရသည့် ဧည့်ပရိတ်သတ်များမှာလည်း များစွာ အံ့အားသင့်လျှက် ရှိကြသည်။

ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မင်္ဂလာပွဲက သူတို့မျှော်လင့်ထားသလို ခမ်းနားလှပြီး နှစ်ဦးနှစ်ဖက်လွန်းကလည်း အလွန်ပင်ရက်ရောစေတနာရှိကြသည်။

အမှန်တော့ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်သောအရာများသည် ထူးချွန်လွန်းသည့်တပည့်များအတွက် ကျင့်စဉ်လမ်း ရှေ့ဆက်လျှောက်နိုင်ရန် လမ်းခင်းပေးသည့် အဖိုးတန်အခွင့်အလမ်းများပင် ဖြစ်သည်။

ယခုတော့ သူတို့အားလုံးက မင်္ဂလာသတို့သားနှင့်သတို့သမီးအတွက် အသုံးပြုခဲ့ကြသည်။

ဆိုလိုသည်ကတော့ နဂါးမျိုးနွယ်များရော ခွန်လွန်တောင်ကပါ ယနေ့ မင်္ဂလာပွဲကို အထူးပင် အလေးအနက်ထားခဲ့ကြသည်ဟူ၍ပင်။

ထို့ကြောင့် မင်္ဂလာပွဲကို နှောက်ယှက်သူရှိလာပါက ချက်ချင်း အသက်ပျောက်မည် ဖြစ်သည်။

***

All Chapters