နဂါးအဆင့် ပါရမီရှင်
Vol. 22 Ch. 308
ရှောက်လုံစကားကို နားထောင်ပြီးနောက် လောထျန်း အချိန်အတန်ငယ်ကြာ စဥ်းစားနေပြီးမှသာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ကျုပ်လဲ ပျင်းနေတာဆိုတော့ သွားကြည့်ကြတာပေါ့ "
ထို့နောက် သူ ရွှေယွဲ့ချီဘက် လှည့်ကြည့်ကာ ပြော၏။
" နတ်ဘုရားမ ၊ ကျုပ်ကို အဲ့ဒီ လျှို့ဝှက်နဂါးကျာက်ပြားဆီ ခေါ်သွားပေးလို့ ရမလား "
ရွှေယွဲ့ချီက အပြုံးဖြင့် ပြန်ပြောသည်။
" ရတာပေါ့ရှင် ၊ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ သခင်လေး "
စကားဆုံးသည်နှင့် သူမ၏ ခန္ဓာကိုယ်က လေထဲသို့ လှစ်ခနဲ ပျံတက်သွား၏။
လောထျန်းနှင့် အခြားသူများကလည်း သူမနောက်မှ ချက်ချင်း လိုက်သွားကြသည်။
" ငါတို့လဲ သွားရအောင် ၊ အဲ့ကောင်လေးက သူ့ကိုယ်သူ ဘယ်လိုအရှက်ကွဲအောင် လုပ်မလဲဆိုတာ ကြည့်ရမယ် "
ရှန့်မင်ကလည်း အပြုံးဖြင့် ပြောလိုက်သည်။
ဤသို့ဖြင့် မကြာမီမှာပင် .. ချင်းလုံကျွန်းအလယ်ပိုင်းသို့ လူများ ရောက်လာကြ၏။
ကျွန်းအလယ်တွင်ကား ဧရာမ ရှေးဟောင်းကျောက်ပြားကြီးတစ်ခု ရှိနေသည်ကို အဝေးကပင် လှမ်းမြင်နိုင်မည် ဖြစ်သည်။
ကျောက်ပြားကြီးပေါ်တွင်လည်း နဂါးအစွမ်းများ ရောယှက်နေကြပြီး သာမာန် ကျောက်တုံးများနှင့် ကွဲပြားသည်ကို အဝေးမှ ကြည့်လျှင်ပင် သိသာပါ၏။
ထိုအချိန်တွင် ကျောက်ပြားရှေ့၌ မရေမတွက်နိုင်သော လူများစွာ စုဝေးရောက်ရှိနေကာ သူတို့၏ အစွမ်းကို စမ်းသပ်ရန် အသင့် စောင့်နေကြပါသည်။
" ဒီ လျှို့ဝှက်နဂါးကျောက်ပြားက နဂါးသင်္ချိုင်းမြေရဲ့ အခွင့်ကောင်းတစ်ခုမို့ လူတွေအများကြီးက သူတို့ ကံဘယ်လောက် ကောင်းမလဲဆိုတာ စမ်းသပ်ကြည့်ချင်နေကြတာ။ ဒါပေမယ့် .. ကံဆိုးတာ တစ်ခုက လျှို့ဝှက်နဂါးကျောက်ပြားရဲ့ အသိမှတ်ပြုတာကို ခံရတဲ့သူတော့ သိပ်မရှိကြဘူး "
" အခု လျှို့ဝှက်နဂါးကျောက်ပြား ပေါ်လာတာ သုံးရက် ရှိသွားတာတောင် ဆုရတဲ့သူက ဆယ်ယောက်ကျော်ပဲ ရှိသေးတယ်။ ပြီးတော့ ရတဲ့ဆုတွေ အများစုကလဲ ခဲရောင် နဂါးအစွမ်းတွေပဲ "
ရွှေယွဲ့ချီက လောထျန်းအား ရှင်းပြသည်။
" ခဲရောင် နဂါးအစွမ်း .. ဟုတ်လား "
လောထျန်းက တအံ့တသြ ပြန်မေး၏။
ရွှေယွဲ့ချီက အပြုံးဖြင့် ပြန်ဖြေသည်။
" လူတစ်ယောက်က လျှို့ဝှက်နဂါးကျောက်ပြားမှာ စမ်းသပ်မှု လုပ်ပြီးသွားတာနဲ့ ကျောက်ပြားက အသိအမှတ်ပြုတာ ခံရရင် .. အဲ့ဒီကျောက်ပြားထဲက နဂါးအစွမ်းကလဲ လှုပ်နှိုးလာတယ်ရှင့် "
" အဲ့ဒီ နဂါးအစွမ်းကလဲ အစွမ်း အနည်းအများပေါ် မူတည်ပြီးတော့ အမျိုးအစားတွေ အများကြီး ရှိတယ် ။ အစွမ်းအနိမ့်ဆုံးကတော့ ခဲရောင်နဂါးအစွမ်းပေါ့ ။ အဲ့ထက် နည်းနည်းပို အစွမ်းထက်တာကျတော့ အစိမ်းရောင် နဂါးအစွမ်း ၊ ပြီးရင် အပြာရောင် ၊ ခရမ်းရောင် နဲ့ ရွှေရောင် ဆိုပြီး ရှိတယ် "
" ဒါပေမယ့် အဲ့နဂါးအစွမ်းကို လှုပ်နှိုးဖို့က သိပ်မလွယ်ဘူးရှင့် ။ ကျုံ့ကျိုးက သာမာန် ဂိုဏ်းတွေမှာဆို ခဲရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်တဲ့ ပါရမီရှင် ဆိုတဲ့သူတွေတောင် နည်းနည်းလေးပဲ ရှိတာ "
" ဒါ့ကြောင့်မို့ အစိမ်းရောင် နဂါးအစွမ်းကို လှုပ်နှိုးနိုင်ရင်တောင် .. ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပြီ "
ရွှေယွဲ့ချီ၏ စကားကို ကြားသောအခါ ရှောက်လုံက နှာခေါင်းရှုံ့သည်။
" လူသားမျိုးနွယ်က ဒီကျောက်ပြားနဲ့ လုံးဝ မအပ်စပ်ဘူး ။ အစိမ်းရောင် နဂါးအစွမ်းကို လှုပ်နှိုးနိုင်ရုံနဲ့တောင် သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီရှင်လို့ ခေါ်နေကြတာ ။ ကျုပ်တို့ နဂါးမျိုးနွယ်မှာဆို အဲ့လို အစိမ်းရောင်လောက်ပဲ လှုပ်နှိုးနိုင်တဲ့သူကို ပါရမီရှိတယ်လို့ကို မသတ်မှတ်တာ "
ရွှေယွဲ့ချီက ရှောက်လုံကို ကြည့်ကာ အပြုံးဖြင့် ပြန်ပြော၏။
" ဒီ နဂါးအကြီးအကဲ ပြောတာ မှန်တယ်။ နဂါးမျိနွယ်ရဲ့ သာမာန် ပါရမီရှင်တွေက ကျွန်မတို့ လူသားတွေထက် အများကြီး ပိုအစွမ်းထက်ကြတယ် ။ ဒါပေမယ့် .. ကျွန်မတို့ လူသားမျိုးနွယ်ထဲက ထိပ်သီး ပါရမီရှင်တွေကတော့ နဂါးတွေနဲ့ ယှဥ်နိုင်လောက်တယ်ရှင့် "
ရှောက်လုံက မကျေနပ်ဟန်ဖြင့် ပြန်ပြောသည်။
" တကယ်လို့ နဂါးသင်္ချိုင်းမြေထဲမှာ မြှုပ်ထားတဲ့ ငါတို့ ဘိုးဘေးသာ အသက်ရှင်ရက် ရှိနေသေးရင် မင်း ခုလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး "
ရှောက်လုံမှာ ထိုသို့ ပြောနေရင်း စိတ်ခံစားမှု ပြင်းထန်နေဟန်လည်း တု၏။
နဂါသင်္ချိုင်းမြေထဲမှ သူတို့ ဘိုးဘေး နဂါးကြီး အသက်ရှင်နေသေးသည့် အချိန်မှာ ဤထျန်းယွမ်ကမ္ဘာတွင် သူတို့ နဂါးမျိုးနွယ်စုက အစွမ်းအထက်ဆုံး ဖြစ်နေခဲ့ချိန်လည်း ဖြစ်ပါသည်။
ထိုအချိန်က ဆိုလျှင် သူတို့ နဂါးမျိုးနွယ်က ထျန်းယွမ်ကမ္ဘာ၏ အရှင်သခင်ကြီးများ ပင် ။
ရှောက်လုံသည် ထိုခေတ်ကို ကိုယ်တိုင် မကြုံခဲ့ဖူးသော်လည်း မျိုးနွယ်စုမှ အကြီးအကဲများ၏ ပြောပြမှုကြောင့် တဆင့်စကား တဆင့်နားဖြင့် ကြားခဲ့ရပါ၏။
ရှောက်လုံ၏ စကားကြောင့် ရွှေယွဲ့ချီ မည်သို့မှ ပြန်မပြောနိုင်တော့ဘဲ တိတ်သွားသည်။
သူမသည်လည်း သူမတို့ ဂိုဏ်းရှိ အကြီးအကဲများထံမှ တဆင့် ထိုနဂါးသင်္ချိုင်းမြေတွင် မြှုပ်နှံထားသည့် နဂါးကြီးက ခေတ်တစ်ခေတ်ကြာ ပြိုင်ဘက်ကင်း အစွမ်းထက်ခဲ့ကြောင်း ကြားဖူးထားပါ၏။
ဤထျန်းယွမ်ကမ္ဘာရှိ လူသားမျိုးနွယ်တွင် ထိုနဂါးကြီးနှင့် ယှဥ်ပြိုင်နိုင်သူ တစ်ယောက်မှပင် ရှိနိုင်မည် မထင်ပါ။
ထိုစဥ် ...
ဝီ ..
ခပ်လှမ်းလှမ်းရှိ လျှို့ဝှက်နဂါးကျောက်ပြားကြီးဆီမှ ခဲရောင် နဂါးအစွမ်းတစ်ခု တိုးထွက်လာ၏။
" နဂါးအစွမ်းဟေ့ .. နဂါးအစွမ်း .. "
" နောက်ဆုံးတော့ လျှို့ဝှက်နဂါးကျောက်ပြားကြီးက အသိမှတ် ပြုခံရတဲ့သူ ပေါ်လာပြီပေါ့ "
" ပါရမီရှင် နောက်တစ်ယောက်လား .. ဘယ်သူလဲ "
လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် လျှို့ဝှက်နဂါးကျောက်ပြားရှေ့မှ လူငယ်မှာ ကျောက်ပြားပေါ်မှ နဂါးအစွမ်းကို ကြည့်ရင်း ပြုံးပြုံးကြီး ရှိနေ၏။
" ကျုပ်က တောင်ပိုင်းဒေသက ရှယန်ယွိ ပါ ၊ အသက် ၃၅ နှစ် ရှိပါပြီ ။ ကောင်းကင်ဘုံအဆင့် ၁ ကို ရောက်နေပါပြီ "
လူငယ်က ဂုဏ်ယူစွာ ဆိုလိုက်သည်။
" ဘယ်လို .. အသက် ၃၅ နှစ်နဲ့ ကောင်းကင်ဘုံ ပထမအဆင့်ကိုတောင် ရောက်နေပြီတဲ့လား .. "
" သူ့ကို လျှို့ဝှက်နဂါးကျောက်ပြားက အသိအမှတ်ပြုတာ မဆန်းတော့ပါဘူး ။ တော်တော်ကြောက်စရာကောင်းတဲ့ ဘီလူးကြီးပဲ "
" ချီး .. ငါ သူ့အရွယ်တုန်းကဆို ကွေ့ရှအဆင့်ကိုတောင် မရောက်သေးဘူး "
ရှယန်ယွိ၏ စကားကို ကြားပြီးနောက် အားလုံး သက်ပြင်းများ ကိုယ်စီ ချလိုက်ကြသည်။
ရွှေယွဲ့ချီသည်ပင် မျက်လုံးများ အရောင်လက်သွား၏။
ထို့နောက် သူမက အင်္ကျီလက်ထဲမှ ဖိတ်စာတစ်စောင် ထုတ်ယူလိုက်ပြီး ရှယန်ယွိဆီသို့ ပစ်ပေးကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" သခင်လေး ရှယန်ယွိ ရဲ့ ထူးချွန်တဲ့ ပါရမီကို ကျွန်မ လေးစားပါတယ် ။ နောက် သုံးလနေရင် ကျင်းပမယ့် ယောင်ချီ ညီလာခံကိုလာဖို့ သခင်လေးကို ဖိတ်ပါတယ် "
အမှန်တွင်မူ .. ရှယန်ယွိသည် ရွှေယွဲ့ချီ ရောက်နေသည်ကို အစောတည်းကပင် သတိထားမိပြီး ဖြစ်ပါ၏။
ခုနက သူ့ကိုယ်သူ မိတ်ဆက်လိုက်ရသည့် အကြောင်းရင်းမှာလည်းရွှေယွဲ့ချီ၏ အာရုံစိုက်မှုကို ရလို၍ ဖြစ်သည်။
သို့သော် .. ထိုနည်းက အမှန်တကယ် အလုပ်ဖြစ်သွားလိမ့်မည်ဟုမူ သူ မထင်ထားခဲ့ပါချေ ။
ယခုတွင်ကား ထင်မှတ်မထားစွာပင် ... ရွှေယွဲ့ချီက သူ့အား စကားပြောလာခဲ့ရုံမက ယောင်ချီ ညီလာခံသို့ပင် ဖိတ်ခဲ့ပါသေး၏။
ထိုတခဏတွင် သူ ဝမ်းသာမဆုံး ဖြစ်သွားရတော့သည်။
ထို့နောက် သူ့လက်ကို ဆန့်ထုတ်ကာ ဖိတ်စာကို ယူလိုက်ပြီး . ရွှေယွဲ့ချီ ရှိရာဘက်သို့. ချက်ချင်းပင် ပျံသန်းလာ၏။
" ခုလို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားမလေး ။ ကျုပ် သေချာပေါက် လာခဲ့ပါမယ် "
သူ အပြုံးဖြင့် ဆိုလိုက်သည်။
ထိုအချိန်တွင် သူ အပျော်လွန်နေ၍ ဟန်ဆောင်ပင် ဖုံးမထားနိုင်ပေ။ သူ့အကြည့်ကလည်း ရွှေယွဲ့ချီပေါ်တွင်သာ ရှိနေ၏။
ရွှေယွဲ့ချီက တည်တည်ငြိမ်ငြိမ်သာ ပြုံးပြီး လောထျန်းဘက် လှည့်ကြည့်သည်။
" ကျွန်မ မေ့တော့မလို့ ၊ နောက် သုံးလနေရင် ကျွန်မတို့ ယောင်ချီဂိုဏ်းမှာ ယောင်ချီ ညီလာခံ ကျင်းပမှာရှင့် ။ ဒီကမ္ဘာပေါ်က ဘယ်အဖွဲ့မဆို လာလို့ရတယ် ။ အစကတော့ ကျွန်မ ပျောင်ပိုင်မြို့ကို လာပြီး သခင်လေးလောထျန်းကို လာဖိတ်ဖို့ စီစဥ်ထားတာ ။ အခု ဒီနေရာမှာ သခင်လေးနဲ့ တွေ့ရမယ်လို့ ထင်မထားမိဘူးလေ ။ ဒီတော့ ဒီမှာပဲ ဖိတ်စာလေး အရင်ပေးလိုက်မယ်ရှင် "
သူမက ပြောပြောဆိုဆိုပင် ရွှေရောင် ဖိတ်စာကဒ်တစ်ခုကို ထုတ်ကာ လောထျန်းအား လက်နှစ်ဖက်ဖြင့် လေးလေးစားစား ပေးလိုက်သည်။
လောထျန်းက မထူးခြားဟန်ဖြင့် ဖိတ်စာကို လှမ်းယူကာ ခေါင်းညိတ်ပြ၏။
" ကောင်းပါပြီဗျာ ၊ ကျုပ် အချိန်ရရင် လာခဲ့ပါ့မယ် "
ထိုမြင်ကွင်းကို ကြည့်နေသော ရှယန်ယွိ၏ မျက်နှာပေါ်မှ အပြုံး ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
ရွှေယွဲ့ချီက သူ့အား ဖိတ်စာကို ပစ်ပေးခဲ့သော်လည်း လောထျန်းကိုမူ လက်နှစ်ဖက်ဖြင့် သေသေချာချာပင် ပေးခဲ့ပါ၏။ သူတို့နှစ်ယောက်ကြားမှ ကွာဟချက်က အဘယ့်ကြောင့် ဤမျှ ကြီးနေရပါသနည်း။
ထိုမျှမက .. သူ့ကို ပေးခဲ့သည့် ဖိတ်စာမှာ သာမာန် စာရွက်တစ်ခုသာ ဖြစ်ပြီး ..
လောထျန်းလက်ထဲမှာ ဖိတ်စာမှာမူ ရွှေအစစ်ဖြင့် လုပ်ထားသည့် ဖိတ်စာဖြစ်ကာ ၊ ခပ်ဖျော့ဖျော့ မသေမျိုးအရောင်အဝါပင် စီးဆင်းနေပါသေးသည်။
အမှန်ဆိုလျှင်မူ မြင့်မြတ်နယ်မြေ မဟုတ်သည့် မည်သို့သော အဖွဲ့ကမှ ထိုဖိတ်စာမျိုး မရကြပါချေ။
ထို့ထက်ပိုဆိုးသည်မှာ လောထျန်း ပြန်ပြောလိုက်သည့် စကား ဖြစ်ပါ၏။
သူက ... အချိန်ရရင် သွားမယ် တဲ့လား ..
ထိုလူက နောက်နေခြင်းပေလား ။
ယောင်ချီ ညီလာခံမှာ ထျန်းယွမ်ကမ္ဘာကြီးတွင် အရေးအကြီးဆုံး ပွဲတစ်ခု ဖြစ်နေပါလျက် .. အချိန်ရမှ သွားမည်တဲ့လား ။
ထိုအချိန်တွင် ရှယန်ယွိ၏ ရင်ထဲ၌ မနာလိုမှု ကြီးစွာ ဖြစ်နေပြီး လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်သည်။
" ဒီ လူငယ်လေးက ဘယ်အဖွဲ့ကများလဲ သိလို့ရမလား "
လောထျန်း ပြန်မပြောနိုင်ခင်မှာပင် .. သူတို့ နားလေးတွင် ရပ်နေသော ရှန့်မင်က ဝင်ပြော၏။
" အကို ရှ ၊ ဒီ သခင်လေး လောထျန်းက မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့ကပဲ "
ရှန့်မင်က ထိုစကားကို လှောင်ပြုံးဖြင့် ပြောလိုက်ခြင်း ဖြစ်ပြီး ' မြောက်ပိုင်းဒေသ " ဆိုသည့် စကားကို လောထျန်းအား အထင်သေးစရာအဖြစ် မြင်သွားအောင် သေချာပင် ထည့်ပြောလိုက်ခြင်းဖြစ်သည်။
" မြောက်ပိုင်းဒေသက ... "
ရှယန်ယွိမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း ချက်ချင်း ဆိုသလိုပင် သူ့မျက်နှာပေါ်၌ ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာ၏။
" ဟား ဟား .. ကျုပ် ကြားဖူးတာတော့ မြောက်ပိုင်းဒေသမှာ ပျက်စီးသွားတဲ့ မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ နတ်ဘုရားမြို့တော် ရှိတယ် ဆိုတာပဲ ကြားဖူးတာ။ ပျောင်ပိုင်မြို့ ဆိုတာကို ကြားတောင် မကြားဖူးဘူး ။ နတ်ဘုရားမလေး ၊ ဒီကောင် အရူးလုပ်တာကို မခံပါနဲ့ဗျာ။ ဒီ ကမ္ဘာကြီးမှာ ဘာအစွမ်းမှ မရှိဘဲ အကြွားချည်းသက်သက်နဲ့ လူတွေ များက များပါဘိနဲ့ "
သူ ထိုသို့ ပြောနေစဥ်တွင်လည်း လောထျန်းကိုသာ စူစူးရဲရဲ စိုက်ကြည့်နေသည်။
" ဟေ့ ကောင်လေး .. မင်း ဘာပြောလိုက်တယ် "
ထိုစဥ် ဘေးတွင်ရှိနေသော နျိုထျဲ့ချူက ရုတ်တရက် ပြောလာ၏။
ရှယန်ယွိက နျိုထျဲ့ချူကို လှည့်ကြည့်ပြီး တအံ့တသြဟန်ဖြင့် ပြောလိုက်သည်။
" အိုး .. ကောင်းကင်ဘုံအဆင့်က သားရဲတစ်ကောင်ပါလား ။ မြောက်ပိုင်းဒေသမှာတော့ အဲ့လောက်ကို အစွမ်းထက်ပြီလို့ သတ်မှတ်ကြပေမယ့် ငါ့ ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး "
နျိုထျဲ့ချုက ဒေါသတကြီး ပြန်ပြော၏။
" ဘာမှ မဟုတ်ဘူး ... ဟုတ်လား ၊ မင်းက အဲ့လောက် အစွမ်းထက်နေတယ်ပေါ့လေ "
ရှယန်ယွိက အပြုံးဖြင့် ပြောလာသည်။
" ငါလား .. ငါက နဂါးအစွမ်း အဆင့် ရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲကွ ၊ မင်းတစ်သက်လုံး ကြိုးစားရင်တောင် မရမယ့် အဆင့်ပေါ့ကွာ "
စာစဉ်ပြီး၏