ငါ့ကို ခွေးတစ်ကောင်လို ဆက်ဆံနေတာလား
Vol. 22 Ch. 297
ရွှေရောင်ခြင်္သေ့ကြီးက ထိုသို့ တွေးပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ ရပ်လိုက်သည်နှင့် မမှန်းနိုင်လောက်အောင်ပင် ကြောက်စရာကောင်းသော အရောင်အဝါတစ်ခု တိုးထွက်လာ၏။
အစောက သွေးနီလုကြီးကိုယ်မှ ထွက်နေခဲ့သည့် ဖိအားမှာလည်း ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရတော့သည်။
" ဒါ ..ဘယ်လို အစွမ်းမျိုးလဲ "
သွေးနီလူကြီး အလွန် ထိတ်လန့်သွား၏။
ရွှေရောင်ခြင်္သေ့ကြီးကမူ သူ့အား လျစ်လျူရှုထားပြီး လက်သည်းတစ်ချောင်းတည်းဖြင့်သာ ဆက်ဖိနှိပ်လိုက်သည်။
ထိုအချိန်တွင် သူ့ အာရုံက လောထျန်းတစ်ယောက်တည်း အပေါ်တွင်သာ ရှိနေပါ၏။
" ဟေ့ ခြင်္သေ့ကြီး ၊ အဲ့ကောင်ကို ကျုပ်ကို ပေးလို့ရမလား "
လောထျန်းက ရွှေရောင်ခြင်္သေ့ကြီးကို ကြည့်ကာ အရင်ဆုံး အားမသုံးဘဲ ကောင်းကောင်းမွန်မွန် ပြောရန် ဆုံးဖြတ်လိုက်သည်။
" ဟင် .. "
လောထျန်းက သူ့အား ထိုသို့ ပြောရဲလိမ့်မည်ဟု ထင်မထားသဖြင့် ရွှေရောင်ခြင်္သေ့ကြီး အံ့သြမှင်သက်သွား၏။
ထိုကောင်လေးက သူ မည်သူမှန်းရော သိပါရဲ့လား။
သူ့ကို မသိဘူး ဆိုလျှင်ပင် သူ့ကိုယ်မှ အရောင်အဝါကို မခံစားမိဘူးလား ။
" နေဦး .. ဒီကောင်လေးကို ငါ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိသွားအောင် နည်းနည်းလောက် အပြစ်ပေးမှ ဖြစ်မယ်။ ဒါမှလဲ ငါလိုချင်တဲ့ သိုင်းပညာ ကျင့်စဥ်တွေ ထုတ်ခိုင်းရင် ပိုလွယ်မှာ ။ ဒါပေမယ့် .. အရမ်းကြီး အားသုံးလိုက်လို့လဲ မဖြစ်ဘူး ၊ မဟုတ်ရင် သူ့ကို ဖိချေလိုက်သလို ဖြစ်သွားလိမ့်မယ် "
ရွှေရောင်ခြင်္သေ့ကြီးက စိတ်ဆုံးဖြတ်ကာ လောထျန်းဆီသို့ ဖိအားအလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် ဖိအားကြီး ကျလာပြီး ကြောက်မက်ဖွယ်အရောင်အဝါတစ်ခု ထိုးတက်လာ၏။
ရွှေရောင်ခြင်္သေ့ကြီး၏ စိတ်ထဲတွင်လည်း လောထျန်းက ချက်ချင်း သွေးအန်ကာ ဒူးထောက်ကျသွားမည်ဟုသာ ထင်နေသည်။
သို့သော် ...
" ကျုပ် ပြောနေတာကို ကြားရဲ့လား "
လောထျန်းက ထပ်ပြောလာသည်။
" အမ် .. "
ရွှေရောင်ခြင်္သေ့ကြီး အလွန်အံ့သြမှင်သက်သွားရ၏။
အစောက သူ ပို့လွှတ်လိုက်သည့် ဖိအားမှာ အစွမ်းမထက်လှသည့်တိုင် သာမာန်လူသားတစ်ယောက်အနေဖြင့် ၎င်းကို ခုခံနိုင်စရာ မအကြောင်းမရှိပါချေ။
ပုံမှန်ဆိုလျှင် ထိုလူသားက မြေပြင်သို့ ဒူးထောက် ကျနေသင့်လေပြီ။
သို့သော် .. သူ့ရှေ့မှ လူငယ်က ...
" ကြည့်ရတာ ငါ သူ့ကို လျှော့တွက်မိသွားတဲ့ပုံပဲ။ အဲ့လိုဆိုမှတော့လဲ နည်းနည်း ထပ်တိုးလိုက်ကြတာပေါ့ "
ရွှေရောင်ခြင်္သေ့ကြီး စိတ်ဆုံးဖြတ်ပြီးသည်နှင့် ဖိအားလှိုင်းတစ်ခုက ထပ်မံရိုက်ခတ်လာပြန်သည်။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် နဂိုရှိထားသည့် ဖိအားက နှစ်ဆ တိုးသွား၏။
" ဒီတစ်ခါတော့ မင်း အေးအေးဆေးဆေး ဆက်နေနိုင်မလား ကြည့်ဦးမယ် "
ရွှေရောင်ခြင်္သေ့ကြီးက တစ်ကိုယ်တည်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
သို့သော် ...
" ဟေ့ .. ကျုပ် ခင်ဗျားကို ပြောနေတယ်လေ ၊ ကျုပ် ပြောတာ ကြားရဲ့လား "
လောထျန်းက သူ့ကို ကြည့်ကာ ထပ်ပြောလာပြန်၏။
သူ့ မျက်နှာ အမူအရာမှာလည်း ယခင်အတိုင်း မပြောင်းမလဲပင် ။
" ဟင် .. "
ဤတစ်ကြိမ်တွင်လည်း ရွှေရောင်ခြင်္သေ့ကြီး အံ့သြတုန်လှုပ်သွားရပြန်သည်။
ဘာတွေ ဖြစ်နေပါသနည်း။
လောထျန်းက ထိုဖိအား အား ခံနိုင်သည်ကို သူ နားလည်နိုင်ပါသေးသည်။
သူ့ဘဝတစ်လျှောက်တွင် ထိုသို့ ဖိအားမျိုးကို ခံနိုင်ကြသည့် မိစ္ဆာမျိုးဆက်များနှင့် ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးသည် မဟုတ်ပါလား။
သို့သော် .. လောထျန်းကဲ့သို့ အေးအေးဆေးဆေး ရှိနေသူကိုမူ သူ ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်ပါသည်။
" ကြည့်ရတာ ဒီကောင်လေးက ငါထင်ထားတာထက် ပိုအစွမ်းထက်တဲ့ပုံပဲ ။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က သေချာလုပ်ရတော့မှာပေါ့။ ငါ့အစွမ်ရဲ့ ဆယ်ပုံတစ်ပုံစာကို ထုတ်လိုက်မယ်ကွာ "
ရွှေရောင်ခြင်္သေ့ကြီးက စိတ်ဆုံးဖြတ်ပြီးသည်နှင့် သူ့ဘေးပတ်လည်မှ ဖိအားကလည်း ချက်ချင်း တိုးလာသည်။
ဝုန်း ...
အနီးနားမှ တောအုပ်တစ်ခုလုံးလည်း ထိုကြောက်မက်ဖွယ်ဖိအားဖြင့် ပြည့်သွားသဖြင့် တောအုပ်ထဲမှ မရေမတွက်နိုင်သော ငှက်များနှင့် သားရဲများ အသက်ဘေးမှ လွတ်ရာသို့ ထွက်ပြေးကုန်ကြသည်။
ကောင်းကင်ကြီး တစ်ခုလုံးတွင်လည်း အမည်းရောင်တိမ်တိုက်များ ဖုံးလွှမ်းလာကာ မိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။
ထိုဖိအားက ကောင်းကင်ယံကိုပင် သက်ရောက်မှု ရှိနေသည်မှာ သိသာပါသည်။
ဤတစ်ကြိမ်တွင်မူ လောထျန်း မည်သို့မှ ခံနိုင်လိမ့်မည်မဟုတ်ဟု တွေးကာ ရွှေရောင်ခြင်္သေ့ကြီးက လောထျန်းအား အေးစက်စက် ကြည့်လိုက်သည်။
သို့သော် ...
" ဟေ့ .. ကျုပ် ပြောတာ နားမလည်ဘူးလား ။ ဒါ မဟုတ်သေးပါဘူး ။ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်က နတ်ဆိုးသားရဲတွေတောင် အသိဉာဏ်ပွင့်ပြီး နားလည်နေကြပါပြီ။ ပြီးတော့ ခင်ဗျားကို ကြည့်ရတာလဲ အစွမ်းထက်တဲ့ ပုံပါ။ ဒါကို ကျုပ်ပြောတာ နားမလည်တာတော့ မဖြစ်နိုင်ဘူး "
လောထျန်းကမူ သူ့ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေ၏။
ရွှေရောင်ခြင်္သေ့ကြီး အလွန်အံ့သြတုန်လှုပ်သွားတော့သည်။
" သူက ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံကို အေးအေးဆေးဆေး ခံနိုင်နေတာပါလား ။ လူသားမျိုးနွယ်မှာ အဲ့လို ဘီလူးမျိုး ဘယ်တုန်းက ပေါ်လာတာလဲ "
ဤကမ္ဘာတစ်ခုလုံးတွင်ပင် သူ့ အစွမ်း၏ ဆယ်ပုံတစ်ပုံကို ခံနိုင်သူ များများစားစား မရှိပါချေ။
ထို့အပြင် သူ့ရှေ့တွင် ရပ်နေသူမှာ လူငယ်တစ်ယောက် ဖြစ်နေပါသေး၏။
" &$$% လူသားမျိုးနွယ်က အဲ့လိုအစွမ်းထက်တဲ့ ဘီလူးမျိုး ဘယ်တုန်းက မွေးထုတ်လိုက်နိုင်တာလဲ။ ဒီကောင်လေးက ငါတို့ နတ်ဆိုးမျိုးနွယ်က လူငယ်မျိူးဆက် တစ်ခုလုံးထက်တောင် ပိုအစွမ်းထက်သေးတယ်။ ကြည့်ရတာ .. ဒီကောင်လေးကို ပြန်လွှတ်ပေးလိုက်လို့ မဖြစ်ဘူးထင်တယ် ။ မဟုတ်လို့ကတော့ သူ ကြီးလာရင် ငါတို့နတ်ဆိုးမျိုးနွယ် တစ်ခုလုံး ဖျက်ဆီးခံရနိုင်တယ် "
လောထျန်းမှာကား ထိုအချိန်တွင် ရွှေရောင်ခြင်္သေ့ကြီးက သူ့အား သတ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီကို မသိပါချေ။
လောထျန်းသည် သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးပြူးပြူးဖြင့်သာ စိုက်ကြည့်နေသည့် ရွှေရောင်ခြင်္သေ့ကြီးကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေ၏။
" ဒီကောင်ကြီးက .. အသိဉာဏ်မရှိတဲ့ အစွမ်းထက်သားရဲတစ်ကောင် ဖြစ်နေတာနဲ့တူတယ် ။ အဲ့လိုက ရှားတော့ရှားတယ် .. အင်းလေ .. ဒီလို ဆိုမှတော့လဲ .. "
လောထျန်းက ထိုသို့ ပြောပြီးနောက် ခေတ္တမျှ တွေးကာ .. သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဝက်လက်ပေါင်း တစ်ချောင်းကို ထုတ်လိုက်သည်။
၎င်းမှာ ဆုမီတောင်သို့ မလာခင် သူ ကြိုတင်ပြင်ဆင်ခဲ့သည့် စားစရာ ဖြစ်ပါသည်။
ယခုမူကား ၎င်းက အသုံးတည့်သွားလေပြီ။
" မင်းကို အရသာရှိတာကျွေးမယ် .. ရော့ .. သွားစားလိုက်ဦး "
လောထျန်းက ပြောပြောဆိုဆိုပင် ဝက်လက်အား ဘေးသို့ ပစ်ပေးလိုက်သည်။
ရွှေရောင်ခြင်္သေ့ကြီး : " ..... "
ရွှေရောင်ခြင်္သေ့ကြီးသည် အစပိုင်းတွင် လောထျန်း ဘာလုပ်နေသည်ကို နားမလည်ဘဲ အံ့သြမှင်သက်နေသေးသော်လည်း ..
မကြာမီအချိန်မှာပင် သူ သဘောပေါက်သွား၏။
သူ့ရှေ့မှ လူငယ်က သူ့အား ...
ခွေးတစ်ကောင်လို ဆက်ဆံနေသည်လား ...
ထိုသို့သော အရှက်ခွဲမှုမျိးကို သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံဖုးပါချေ။
" ဝေါင်း ... "
(ဝေါင်းဘာသာပြန် - မြေနိုး)
ကျယ်လောင်သော အော်သံကြီးနှင့်အတူ ရွှေရောင်ခြင်္သေ့ကြီး၏ ကိုယ်မှ အမွေးများအားလုံး ထောင်သွားတော့သည်။
ဝုန်း ..
ထိုအချိန်တွင် သူ့ကိုယ်ထဲမှ ဖိအားများ အားလုံးကိုလည်း ထုတ်လွှတ်လိုက်သဖြင့် ကြောက်မက်ဖွယ် ဖိအားလှိုင်းလုံးကြီးက နေရာအနှံ့သို့ ဝုန်းခနဲ ပျံ့သွား၏။
ကမ္ဘာတစ်ခုလုံးလည်း မည်းမှောင်လာသလိုပင်။
" တော်တော်အစွမ်းထက်တဲ့ ဖိအားပါလား "
ရွှေရောင်ခြင်္သေ့ကြီး၏ လက်အောက်တွင် ဖိနှိပ်ခံထားရသည့် သွေးနီလူကြီးမှာ ထိုဖိအားဒဏ်ကို မနည်းပင် တောင့်ခံနေရသည်။
သူ့တွင်သာ မသေမျိုးခန္ဓာကိုယ် ရှိမထားခဲ့ပါက ယခုချိန် စိစိညှက်ညှက်ပင် ကြေနေလောက်လေပြီ ။
တဖက်မှ လောထျန်းကမူ ထိုမြင်ကွင်းအား မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်ကာ ပြောလာ၏။
" ဒီတိုင်း ရိုးရိုးဝက်လက်လေး တစ်ချောင်းနဲ့တောင် .. အဲ့လောက်ကြီး စိတ်လှုပ်ရှားသွားတာလား "
စိတ်လှုပ်ရှားသွားတာတဲ့လား ..
ရွှေရောင်ခြင်္သေ့ကြီး ဒေါသပိုထွက်သွားတော့သည်။
" လူသားကောင်လေး .. မင်းက သေချင်နေပြီနဲ့တူတယ် "
ထို့နောက်တွင်မူ သူ့ပါးစပ် ဖြည်းဖြည်းချင်း လှုပ်သွားပြီး သွားကြားထဲမှ ထွက်လာသည့် လေသံဖြင့် ပြောလိုက်သည်။
မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည့်အသံကြောင့် လောထျန်း လန့်သွား၏။
" ဒီမအေ %$$ ခင်ဗျားက စကားပြောနိုင်တယ်လား ။ ဒီလောက်အစွမ်းထက်တဲ့ပုံ ပေါက်နေတဲ့သူက စိတ်စွမ်းအင် အသိဉာဏ် မရှိဘူးလားဆိုပြီး ကျုပ်က အံ့သြနေတာ "
ထိုသားရဲက နားမလည်၍ မဟုတ်ဘဲ ဒီတိုင်း မပြောခြင်းသာ ဖြစ်ကြောင်း လောထျန်း ထိုအချိန်မှသာ နားလည်သွားသည်။
သူ ပြောပြာဆိုဆိုပင် မြေပြင်၌ ကျနေသည့် ဝက်လက်အား နှမျောသည့် မျက်လုံးများဖြင့် လှမ်းကြည့်ကာ မျက်မှောင်ကြုံ့၏။
" ငါ့ဝက်လက်လေး နှမျောပါတယ် ... "
" &$$%&* "
ရွှေရောင်ခြင်္သေ့ကြီး ဒေါသ ဆက်မထိန်းနိုင်တော့ပါချေ။
ယခုအချိန်တွင် ထိုလူငယ်က သူ့ဝက်လက်ကို နှမျောနေသတဲ့လား ။
" သေစမ်းကွာ "
ရွှေရောင်ခြင်္သေ့ကြီးမှာ ဒေါသကို ဆက်ထိန်းမထားနိုင်တော့ဘဲ လောထျန်းအား ထိုးချလိုက်တော့သည်။
ဤတစ်ကြိမ်တွင် သူ ဒေါသထွက်လွန်းနေသဖြင့် လောထျန်း၏ ခန္ဓာကိုယ်ကျင့်စဥ်အကြောင်း မေးရန်လည်း သတိမရတော့ဘဲ အစွမ်းကုန်သုံး၍သာ တိုက်ခိုက်လိုက်၏။
" ဟင် .. မင်းက တိုက်ခိုက်ချင်တယ်ပေါ့လေ "
၎င်းကို မြင်သည်နှင့် လောထျန်း၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။
ထို့နောက် သူကလည်း ပြန်ထိုးလိုက်၏။
ဝုန်း ...
လူသားတစ်ယာက်နှင့် ခြင်္သေ့တစ်ကာင်၏ လက်သီးနှစ်ခု ( အကြီးတစ်ခု ၊ အသေးတစ်ခု ) တို့က ထိပ်တိုက် တွေ့သွားကြပြီး ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ထို လက်သီးချက် ပြီးနောက်တွင်မူ ..လောထျန်း နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားရ၏။
တဖက်မှ ရွှေရောင်ခြင်္သေ့ကြီးမှာမူ ထို့ထက် နှစ်ဆ ဆုတ်သွားရပါသည်။
" အင် .. "
ထိုအချိန်တွင် လောထျန်းရော ရွှေရောင်ခြင်္သေ့ပါ အံ့အားသင့်သွားကြ၏။
သူတို့ချင်း တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
ထိုစဥ်မှာပင် .. အစောက သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် သူတို့ကြားတွင် လေပွေဝဲကြီးတစ်ခု ဖြစ်လာသည်။
သွေးနီလူကြီးမှာ ထိုလေပွေဝဲကြီးထဲတွင် ပိတ်မိနေသဖြင့် အဆက်မပြတ် လည်နေပြီး ထွက်လည်း မပြေးနိုင်ဘဲ အော်သာ အော်နေရ၏။
လောထျန်းနှင့် ရွှေရောင်ခြင်္သေ့ကြီးကမူ သူ့အား လုံးဝ လျစ်လျူရှုထားကြသည်။