← Chapters

မင်းသား တိုက်ခိုက်နည်းလား

Vol. 22 Ch. 298

မင်းသား တိုက်ခိုက်နည်းလား

Vol. 22 Ch. 298

" ဒီကောင်လေးရဲ့ လက်သီးချက်က ငါ့ကိုတကယ်ကြီး ဖိနှိပ်လိုက်နိုင်တာလား ။ ငါက ဒီတိုင်း တိုက်ခိုက်လိုက်တာ ဆိုပေမယ့် .. အဲ့လိုကြီး မဖြစ်သင့်ဘူးလေ ။ %$#&& .... လူသားကမ္ဘာမှာ အဲ့လောက်အစွမ်းထက်တဲ့သူ ဘယ်တုန်းက ပေါ်လာတာလဲ။ သူ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ .. ငါ့ကို လာရှာတာများလား "

ရွှေရောင်ခြင်္သေ့ကြီးက လောထျန်းအား ဒေါသထွက်နေသည့် မျက်လုံးများဖြင့် သတိထား ကြည့်လိုက်သည်။

တဖက်မှ လောထျန်းမှာလည်း အလွန်အံ့အားသင့်နေ၏။

" ခုနက ငါ့အစွမ်းအပြည့် မသုံးခဲ့ဘူးဆိုပေမယ့်  .. မိုးကြိုးဘုရင်ကတောင် ငါ့လက်သီးချက်ကို ခံနိုင်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် ငါ့ရှေ့ က ခြင်္သေ့က မသေသွားတဲ့အပြင် .. ငါ့ကို ခြေနှစ်လှမ်း နောက်ဆုတ်သွားရအောင်တောင် လုပ်နိုင်တယ် ။ ဆုမီတောင်မှာ ဒီလိုအဆင့်ရှိတဲ့ သားရဲမျိုး တကယ်ကြီး ရှိနေတာလား ။ ငါ သတိထားမှ ရမယ် "

သူ ထိုသို့တွေးကာ ချက်ချင်း မျက်နှာတည်သွားသည်။

ထိုသို့ အချိန်အတန်ကြာ  တိတ်နေကြပြီးနောက်တွင်မူ လောထျန်းတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြပြန်သည်။

ယခင်တစ်ကြိမ်နှင့် မတူသည်မှာ ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံး အစွမ်းအပြည့်ကို ထုတ်သုံးလိုက်ကြခြင်း ဖြစ်၏။

ဝုန်း..

ကြောက်မက်ဖွယ် လှိုင်းလုံးကြီး ထပ်မံထွက်ပေါ်လာပြန်သည်။

" နတ်ဘုရားနေမင်း အငွေ့အသက် "

ရွှေရောင်ခြင်္သေ့ကြီးက အော်လိုက်ရာ သူ့ကိုယ်မှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်လာပြီး လောထျန်းဆီသို့ တိုးဝင်သွား၏။

" ကောင်းကင်ဘုံလက်သီး "

လောထျန်းမှာလည်း သတိလက်လွတ် မနေရဲဘဲ ကောင်းကင်ဘုံ လက်သီးဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

ဘုန်း ..

သူ့လက်သီးအစွမ်းက ဧရာမ သားရဲတစ်ကောင်အသွင် ပြောင်းသွားကာ လေထဲမှ ကျလာ၏။

ခွမ်း ...

နတ်ဘုရားရွှေရောင်အလင်းတန်း ချက်ချင်း ပြိုကွဲသွားတော့သည်။

" ဟင် .. "

၎င်းကို မြင်သည်နှင့် ရွှေရောင်ခြင်္သေ့ကြီး အလွန်အံ့သြတုန်လှုပ်သွား၏။

သူ၏ နတ်ဘုရား အလင်းတန်းက ထိုသို့ အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု သူ ထသ်မထားခဲ့ပေ။

သို့သော် သူ ချက်ချင်းပင် ပြန်တည်ငြိမ်သွားသည်။

ထို့နောက် ..

ဝေါင်း ..

အော်သံကျယ် တစ်သံနှင့်အတူ ရွှေရောင်ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်က အဆတစ်ရာခန့်  ရုတ်တရက် ကြီးလာ၏။ ၎င်းက ချက်ချင်းပင် လှုပ်ရှားသွားပြီး သူ့လက်သည်းချွန်ဖြင့် လောထျန်း၏ ကောင်းကင်ဘုံလက်သီးအား လောထျန်းဆီသို့ ပြန်ပို့ရန် ရည်ရွယ်ချက်ဖြင့် လွှဲရိုက်လိုက်သည်။

ဘုန်း ..

အသံကျယ် တစ်သံနှင့်အတူ ရွှေရောင်ခြင်္သေ့ကြီးမှာ အနောက်ဘက် ပေရာပေါင်းများစွာ အကွာအထိ လွင့်သွား၏။ သို့သော် လောထျန်း၏ လက်သီးချက်ကလည်း နောက်ဆုံး ပျောက်ကွယ်သွားသည်။

လောထျန်း၏ လက်သီးချက်ကို နောက်တစ်ကြိမ် တားလိုက်နိုင်လေပြီ။

" တော်တော်လာတဲ့ ခြင်္သေ့ပါလား "

လောထျန်း၏ မျက်လုံးထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။

သူ့ရှေ့မှ ရွှေရောင်ခြင်္သေ့ကြီးက အမှန်တကယ် အစွမ်းထက်လှပေသည်။

ထိုလူမှာ သူ စတင်ကျင့်ကြံလာခဲ့သည့် အချိန်မှစ၍ တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ပြိုင်ဘက်ဟုပင် ပြော၍ ရပါ၏။

သို့သော် ..ထိုသို့ ဖြစ်လေလေ .. လောထျန်း ပိုစိတ်လှုပ်ရှားလာလေပင် ။

" သိပ်ကောင်းတယ် ၊ နောက်ဆုံးတော့ ငါ့ရဲ့ အစွမ်းအပြည့်သုံးပြီး တိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်ကို ရှာတွေ့ခဲ့ပြီ "

လောထျန်းက အရောင်လက်နေသည့် မျက်လုံးများဖြင့် ပြုံးကာ လေထဲ ပျံတက်လိုက်သည်။

သူ ကျင့်ကြံလာသည့် အချိန်မှစ၍ .. သူ့ ဘက်မှ သေချာ အလေးနက်ထား တိုက်ခိုက်လိုက်သည်နှင့် တဖက်ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အမြဲ အနိုင်ရခဲ့ပါ၏။

ယခုကဲ့သို့ အစွမ်းရှိသည့် ပြိုင်ဘက်နှင့် သူ ယခုမှ ပထမဆုံး တွေ့ရခြင်းပင်။

ဝုန်း ..

ထိုအချိန်မှာပင် လောထျန်းကိုယ်မှ အရောင်အဝါကလည်း ပေါက်ကွဲထွက်လာသည်။

" ဒီကောင်က .. "

ထိုစဥ် တဖက်မှ ရွှေရောင်ခြင်္သေ့ကြီး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အငွေ့အသက်တို့ ပေါ်လာ၏။

" ဒီကောင်က သေချာကြီးကို ပြင်ဆင်ထားတာပဲ။ ငါ့ကို သတ်ဖို့အတွက် သူ့ကျင့်ကြံခြင်းအဆင့်ကိုတောင် သေချာ ဖုံးကွယ်ထားခဲ့တာ။ ဒါပေမယ့် ငါ့ကို သတ်ဖို့ အဲ့လောက်မလွယ်တာ မင်းအတွက် ကံဆိုးတာပဲ ။ ဒီနေ့ ငါ့အစွမ်းဘယ်လောက်ရှိတယ်ဆိုတာ မင်း သိအောင် ပြပေးမယ် "

ထို့နောက် ရွှေရောင်ခြင်္သေ့ကြီးက ကျယ်လောင်စွာ ဟိန်းလိုက်ရာ သူ့ခေါင်းပေါ်ရှိ နေ ၉ စင်းက အရှိန်ပြင်းပြင်း စတင်တောက်လောင်လာသည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်ခြင်္သေ့ကြီးက ပါးစပ်ဟပြီး ထိုနေလုံးပုံရိပ်တစ်ခုကို မြိုချလိုက်၏။

ဝုန်း ..

သူ့အရောင်အဝါက ချက်ချင်း နှစ်ဆ တက်သွားသည်။

" ဟား ဟား .. ဒီ နေလုံးပုံရိပ် ၉ စင်းလုံးက ငါနဲ့တူတဲ့ အစွမ်းတွေ ရှိကြတယ်။ ငါ နေတစ်စင်းကို မြိုလိုက်တိုင်း ငါ့အစွမ်းက ပိုတိုးသွားမှာပဲ ။ ကောင်လေး .. ငါ့သိုင်းကွက်ကို လာခံလိုက်ပါဦး "

ဝုန်း ..

ရွှေရောင်ခြင်္သေ့ကြီး၏ အော်သံကြီးနှင့်အတူ နောက်ထပ် နတ်ဘုရားအလင်းတန်းတစ်ခုက လောထျန်းဆီသို့ တိုးဝင်သွားပြန်သည်။

ဤတစ်ကြိမ် နတ်ဘုရားအလင်းတန်းမှာ ယခင်အကြိမ်ထက် များစွာ ပိုသိပ်သည်းပါ၏။

ထို နတ်ဘုရားအလင်းတန်း ဖြတ်သွားသည့် နေရာတိုင်းလည်း လေထုက အက်ကွဲသွားရသည်။  ကောင်းကင်ဘုံနှင့် မြေကြီး၏ သဘာဝတရားမှာ ၎င်းလေထုကို  ပြုပြင်လိုဟန် ရှိသော်လည်း  ကြောက်လွန်း၍ အနားမကပ်နိုင်ဟန် ဖြစ်နေပါသည်။

တဖက်မှ လောထျန်းကမူ အလွန်တည်ငြိမ်နေ၏။

" ကောင်းကင်ဘုံ လက်ဝါးသိုင်း "

လောထျန်း ထိုသို့ ခပ်တိုးတိုးအော်လိုက်သည်နှင့် သူ့အနောက်ဘက်တွင် မှိန်ဖျော့ဖျော့ အရိပ်ကြီးတစ်ခု စူစည်းလာသည်။ ထိုအရိပ်ကြီးက တိုးဝင်လာသည့် နတ်ဘုရားအလင်းတန်းအား ရိုက်ချလိူက်၏။

​ဘုန်း ...

ကောင်းကင်ဘုံ လက်ဝါးကြီးက နတ်ဘုရားအလင်းတန်းနှင့် ထိပ်တိုက်တွေ့သွားတော့သည်။  ထိုအစွမ်းနှစ်ခု တိုက်ခိုက်မှုကြောင့် လောထျန်း အနည်းငယ် ယိုင်သွားရသော်လည်း နတ်ဘုရားအလင်းတန်းက ချက်ချင်းပင် ပြိုကွဲသွား၏။

" ဟင် .. အဲ့လောက် အစွမ်းထက်တာလား "

ရွှေရောင်ခြင်္သေ့ကြီး အံ့သြတုန်လှုပ်သွားရပြန်သည်။

" နေတစ်စင်းနဲ့ မလုံလောက်ရင် နောက်ထပ် တစ်စင်း လာကွာ "

သူ အံကြိတ်ကာ ဒုတိယ နေလုံးပုံရိပ်တစ်ခုကို မြိုလိုက်ပြန်သည်။

ဝုန်း ..

သူ့အရောင်အဝါက ချက်ချင်း တိုးသွားပြန်၏။

ထိုအချိန်တွင် လေဝဲကြီးထဲ လည်နေသည့် သွေးနီလူကြီးက လေဝဲထဲမှ နောက်ဆုံး ထွက်လာနိုင်ပြီး မြေပြင်၌ ဒယီးဒဟိုင် ရပ်လိုက်သည်။

" မင်းတို့ နှစ်ယောက်က ငါ့ကို ဘာထင်နေကြတာလဲ… မြေနိုးတွေ.."

သူ ဒေါသတကြီး အော်လိုက်၏။

သို့သော် .. သူ့အား မည်သူကမှ အဖက်မလုပ်ကြပါချေ။

" စစ်မှန်တဲ့ နတ်ဘုရားခန္ဓာကိုယ် "

ရွှေရောင်ခြင်္သေ့ကြီးက ထပ်အော်လိုက်သည်။

ဝီ ..

ချက်ချင်းပင် သူ့ခေါင်းပေါ်၌ .. အရိပ်တစ်ခု ပေါ်လာ၏။

၎င်းမှာ ကြောက်မက်ဖွယ်အစွမ်းကို ထုတ်လွှတ်နေသည့် နတ်ဘုရားအရိပ်တစ်ခု ဖြစ်သည်။

" ဒါ .. "

သွေးနီလူကြီးမှာ ထိုအရိပ်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် တစ်ကိုယ်လုံး ကြက်သီးများ ထပြီး တုန်သွား၏။

" သတ်စေ "

ရွှေရောင်ခြင်္သေ့ကြီးက အော်လိုက်သည်နှင့် နတ်ဘုရားအရိပ်က လောထျန်းဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

" ကောင်းကင်ဘုံ လက်ဝါးသိုင်းကွက် "

လောထျန်းကလည်း ပြန်အော်လိုက်ရာ ရွှေရောင်လက်ဝါးအရိပ်ကြီးက တဖက်လူဆီသို့ တိုးဝင်သွား၏။

ဘုန်း ...

ထို ပုံရိပ်နှစ်ခု၏ တွေ့ဆုံမှုမှာ နေနှစ်စင်း တိုက်မိသွားသည်နှင့်ပင် တူပြီး ကြောက်မက်ဖွယ်ဖိအားကြီး ထွက်ပေါ်လာသည်။

" ငါ .. "

သွေးနီလူကြီးမှာ တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် ထိုဖိအားကြောင့် လွင့်စင်ထွက်သွားပြီး မြေကြီးထဲ နစ်ဝင်သွားရတော့သည်။

ထို တိုက်ပွဲမှာ သူ နားလည်နိုင်သည့် ပမာဏထက် များစွာ ကျော်လွန်နေခဲ့လေပြီ ။

ကောင်းကင်ယံမှ အရိပ်ကြီးကို ကြည့်နေသော ရွှေရောင်ခြင်္သေ့ကြီး၏ မျက်နှာတွင်ကား ရက်စက်ကြမ်းကြုတ်သည့် အမူအရာ ပေါ်လာ၏။

" ကောင်လေး .. အဲ့ဒါ နတ်ဘုရားရဲ့ အရိပ်ပဲကွ။ ငါ ဒီအရိပ်နဲ့ မရေမတွက်နိုင်တဲ့ ရန်သူတွေကို အနိုင်ယူခဲ့ဖူးတယ်။ မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား "

တဖက်မှ လောထျန်းကမူ နတ်ဘုရားအရိပ်အား လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ခပ်ပြင်းပြင်း ဆွဲဖြဲလိုက်သည်။

ဗြိ ...

နတ်ဘုရားအရိပ်မှာ .. သူ့လက်ချက်ဖြင့် နှစ်ခြမ်း ပြဲသွား၏။

ထို့နောက်တွင်မူ ၎င်းနတ်ဘုရားအရိပ်က ကောင်းကင်နှင့် မြေကြီးကြားမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

" ဟင် .. "

ရွှေရောင်ခြင်္သေ့ကြီးမှာ အံ့သြလွန်း၍ မျက်လုံးများပင် ပြူးသွားရသည်။

သူသည် အစောပိုင်းက ... ယခုအကွက်ဖြင့် လောထျန်းအား အနိုင်မယူနိုင်ခဲ့လျှင်ပင် လောထျန်း၏ အစွမ်း ကုန်ဆုံးသွားအောင် လုပ်နိုင်လိမ့်မည်ဟု တွေးထားခဲ့ပါသေး၏။

သို့သော် .. အချိန်တိုလေးအတွင်း သူ ထပ်ပြီး ရှုံးနိမ့်သွားရလိမ့်မည်ဟုမူ လုံးဝ ထင်မထားခဲ့ပါ။

" ဟမ့် .. ကြည့်ရတာ ငါမင်းကို လျှော့တွက်မိတုန်းပဲနဲ့တူတယ်။ နောက်တစ်ခု လာစမ်းကွာ "

ရွှေရောင်ခြင်္သေ့ကြီးက ဒေါသတကြီး ထပ်အော်ကာ နောက်ထပ် နေလုံးပုံရိပ် တစ်ခုအား ထပ်မြိုလိုက်ပြန်သည်။

နေလုံးပုံရိပ် ပျောက်ကွယ်သွားပြီး သူ့အရောင်အဝါ ထပ်တိုးလာပြန်၏။ သူ့တစ်ကိုယ်လုံးမှာလည်း တောက်လောင်နေဟန်ပင် ။

" သူ့အစွမ်းကို ထပ်တိုးနိုင်သေးတာလား ..တကယ်ကို အံ့သြစရာ ကောင်းတာပဲ "

ထိုမြင်ကွင်းကို ကြည့်နေသည့် လောထျန်းက အနည်းငယ်လှုပ်ရှားလိုက်သည်။

" မင်း နေ ၄ စင်းရဲ့ ဖိအားကို ခံနိုင်မလား "

ရွှေရောင်ခြင်္သေ့ကြီး၏ မျက်လုံးများ နီရဲသွားပြီး  ချက်ချင်းမှာပင် သူ့ကိုယ်မှ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကြသည်။ ထို အလင်းတန်းများက လောထျန်းဆီသို့ မုန်တိုင်းတစ်ခုပမာ တိုးဝင်သွားကြ၏။

သူ့ရှေ့မှ မရေမတွက်နိုင်သော အလင်းတန်းများကို ကြည့်ကာ လောထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။

" မင်းသားရဲ့ တိုက်ခိုက်နည်းပရိယာရ်လား "

အမှန်တွင် ..လောထျန်းသည် တည်နေရာရွှေ့ပြောင်းသွား၍ ရသော်လည်း သူ့ကိုယ်ပိုင်အစွမ်းကို သိချင်သဖြင့် အသက်ပြင်းပြင်း တစ်ချက်သာရှိုက်ပြီး ကောင်းကင်ဘုံလက်ဝါး သိုင်းကွက်ကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်လိုက်၏။

မရှေးမနှောင်းမှာပင် အလင်းတန်းများ ရောက်လာကြသည်။

ဘုန်း ... ဘုန်း ... ဘုန်း ... ဘုန်း ...

လောထျန်းက သု့စိတ်ဝိဥာဥ်အစွမ်းကို ဖွင့်ကြည့်လိုက်ရာ အလင်းတန်းများအားလုံးကို သူ ချက်ချင်း မြင်လိုက်ရ၏။ ထို့နောက်တွင်မူ ကောင်းကင်ဘုံ လက်ဝါးကြီးက ရွှေရောင်ခြင်္သေ့ကြီးဆီမှ အလင်းတန်းများအား တစ်ခုပြီးတစ်ခု ရိုက်ထုတ်ပစ်လိုက်တော့သည်။

တဖက်မှနေ၍ လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်နေသည့် ရွှေရောင်ခြင်္သေ့ကြီးမှာ ... ရုတ်တရက် ကြက်သေသေသွား၏။

အဘယ့်ကြောင့်ဆိုသော် .. သူ သုံးခဲ့သည့် အလင်းတန်းများအားလုံးက သူ့ထံသို့ ပြန်၍ ဦးတည်လာနေသည်ကို မြင်လိုက်ရသောကြောင့်ပင် ။

" ဘယ်လိုဖြစ်ပြီး ... "

ရွှေရောင်ခြင်္သေ့ကြီး အံ့သြမှင်သက်နေပြီး မည်သို့မှ မတုန့်ပြန်နိုင်ခင်မှာပင် ...

သူ့တစ်ကိုယ်လုံး အလင်းတန်းများကြားထဲ ရောက်သွားတော့သည်။

ဘုန်း .. ဘုန်း ... ဘုန်း ...

ပေါက်ကွဲမှုများက စက္ကန့်တစ်ရာခန့် ကြာပြီးမှသာ ... နောက်ဆုံး ပြန်ငြိမ်သွား၏။

All Chapters