← Chapters

ကောင်းကင်ဘုံတံခါးကို ဖွင့်ခြင်း

Vol. 22 Ch. 299

ကောင်းကင်ဘုံတံခါးကို ဖွင့်ခြင်း

Vol. 22 Ch. 299

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးလုံးနှင့် ဖုန်လုံးကြီးကြားထဲမှ အစွမ်းထက် အရောင်အဝါတစ်ခု ဝုန်းခနဲ ထွက်လာသည်။

ထို့နောက်တွင်မူ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မီးခိုးလုံးနှင့် ဖုန်မှုန့်များအားလုံး လေနှင့်အတူ မျောလွင့်သွားကြ၏။

ယခင်က ရွှေရောင်ခြင်္သေ့ကြီး ရှိနေခဲ့သည့် နေရာတွင်မူ ဆံပင်ရွှေဝါရောင်နှင့် လူတစ်ယောက်က လောထျန်းအား မထူးခြားဟန် မျက်နှာပေးဖြင့် ကြည့်နေသည်။

" လူသားကောင်လေး ၊ မင်းက တကယ်လဲ အစွမ်းထက်တာပဲ။ မင်းက ငါ့အစွမ်းရဲ့ ၇ ဆတောင် ထုတ်သုံးရအောင် လုပ်လိုက်နိုင်တယ် "

ထိုလူက ဆိုသည်။

လောထျန်း သူ့ကို ကြည့်ကာ အံ့သြတကြီး ပြန်မေး၏။

" မင်းက အသွင်ပြောင်းလိုက်တာလား "

ထိုသူ၏ ရုပ်သွင်မှာ ပြောင်းသွားခဲ့သော်လည်း သူ့အရောင်အဝါက  ပြောင်းမသွားဘဲ ..

ပို၍ အစွမ်းထက်နေပါသည်။

" ဟမ့် ..လာပြီး တိုက်ခိုက်လေ '

လူသားအသွင် ပြောင်းထားသည့် ရွှေရောင်ခြင်္သေ့ကြီးက ဒေါသတကြီး အော်ကာ လေထဲသိူ့ ချက်ချင်း ပျံတက်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ လောထျန်းအား ကောင်းကင်ဘုံ လက်ဝါးကို အသုံးပြုခွင့်မပေးဘဲ ခန္ဓာကိုယ်အစွမ်းချည်း သက်သက်ဖြင့်သာ တိုက်ခိုက်ရန် သူ ဆုံးဖြတ်လိုက်၏။

" ကောင်လေး .. မင်းရဲ့ လက်ဝါးအစွမ်းက တကယ်လဲ အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်အစွမ်းကရောကွ "

ရွှေရောင်ခြင်္သေ့ကြီးက ထိုသို့ပြောကာ လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

ပုံမှန်ဆိုလျှင် လူသားခန္ဓာကိုယ်က သားရဲများထက် အစွမ်းပိုနိမ့်ပါ၏။

ဤ တစ်ကြိမ်တွင် သူ အနိုင်ရရန်အတွက် ထိုအားနည်းချက်ကို အသုံးချလိုက်ရခြင်း ဖြစ်ပါသည်။

" ခန္ဓာကိုယ်အစွမ်းချင်း ယှဥ်ချင်တယ်ပေါ့လေ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ သူ့ ခန္ဓာကိုယ်အစွမ်းအား ချက်ချင်း ထုတ်သုံးလိုက်သည်။

ဝီ ..

ချက်ချင်းပင် သု့ကိုယ်ပေါ်၌ နတ်ဘုရားအရှုပ်အထွေး အလင်းတန်းတစ်ခု ပေါ်လာ၏။

" သေစမ်းကွာ "

ရွှေရောင်ခြင်္သေ့ကြီးက အော်ဟစ်ကာ လက်သီးဖြင့် ထိုးလိုက်သည်။

သူ့လက်သီးချက်က နတ်ဘုရား အရှုပ်အထွေး အလင်းတန်းနှင့် တိုက်ရိုက် ထိသွား၏။

ထို့နောက် ..

ဖျောက် ..

ကျွတ်ဆတ်ဆတ် အသံတစ်သံကို လောထျန်း ကြားလိုက်ရသည်။

" အား ... "

နောက်ဆက်တွဲ .. ရွှေရောင်ခြင်္သေ့ကြီး၏ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာကာ ..

ရွှေရောင်ခြင်္သေ့ကြီး နောက်သို့ လွင့်ထွက်သွားတော့သည်။

ထိုအချိန်တွင် သူ့ လက်တစ်ဖက်မှာ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ ။

သို့သော် ရွှေရောင်ခြင်္သေ့ကြီးမှာ သူ့လက်ကို ဂရုမစိုက်နိုင်ဘဲ သူ့အကြည့်က လောထျန်းအပေါ်တွင်သာ ရှိနေ၏။

" ဒါ .. အရှုပ်အထွေး အလင်းတန်းလား .. အရှုပ်အထွေး ခန္ဓာကိုယ်လား .. "

ရွှေရောင်ခြင်္သေ့ကြီးက လောထျန်းအား မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

သူသည် အစပိုင်းတွင် လောထျန်းအား ခန္ဓာကိုယ်အစွမ်းချင်း ယှဥ်တိုက်မည်ဟု တွေးထားခဲ့သော်လည်း ..

လောထျန်းက အရှုပ်အထွေး ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု မည်သို့ ထင်မိပါမည်နည်း။

သွားလေပြီ ...

လောထျန်း၏ ခန္ဓာကိုယ်ရွှေ့ကွက်က တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်နေပြီး ၊ သူ့သိုင်းပညာရပ်များတွင် ကြောက်စရာ လက်ဝါးကြီးနှင့် လက်သီးတို့ ပါဝင်နေကာ ၊ သူ့ခန္ဓာကိုယ်အစွမ်းကလည်း အရှုပ်အထွေး ခန္ဓာကိုယ် ဖြစ်နေပါသေး၏။

ထိုလူက မည်သူပါနည်း ။

သူ့ထံတွင် အစွမ်းနှစ်ခုစာ နေလုံးပုံရိပ် နှစ်ခု ကျန်နေသေးသည့်တိုင် ထိုအရာများနှင့် အပြည့်တိုက်ခိုက်လျှင်ပင် .. သူ ရှုံးနိမ့်ရမည်ဖြစ်သည်ကို နားလည်လိုက်ရလေပြီ။

ပုံမှန်ဆိုလျှင် နတ်ဆိုးမျိုးနွယ်သည် လူသားတို့ထက် ခန္ဓာကိုယ်အစွမ်းတွင် ပိုအားသာသော်လည်း ၎င်းက သာမာန်အခြေအနေအတွက်သာ မှန်ပါသည်။

ယခုကဲ့သို့ ထူးခြားသည့် ခန္ဓာကိုယ်အစွမ်းနှင့် လူများတွင်မူ အခြေအနေက ကွဲပြားသွားပြီဖြစ်၏။

အရှုပ်အထွေး ခန္ဓာကိုယ်မှာ ရှိသမျှ ခန္ဓာကိုယ် အမျိုးအစားထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပါသည်။

၎င်းက ထိပ်တန်းအဆင့် နတ်ဘုရားသားရဲများထက်ပင် ပိုအစွမ်းထက်ပါ၏။

သူ အားနည်းချက်ဟု သတ်မှတ်ထားခဲ့သည့်အရာက ...

အားလုံးထက် ပိုအစွမ်းထက်နေသတဲ့လား ။

ထိုစဥ် တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့ကာ ပြောလာသည်။

" မင်း တိုက်ခိုက်လို့ ပြီးသွားပြီလား ၊ ဒါဆို ငါ့အလှည့်ပေါ့ "

သူ ထိုသို့ ပြောပြီးသည်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

" ခဏ ..ခဏ နေပါဦးကွာ "

ရွှေရောင်ခြင်္သေ့ကြီးက မြန်မြန် လက်ကာပြကာ တား၏။

ခဏ နေပါဦးတဲ့လား ...

လောထျန်း လှောင်ပြုံးသာ ပြုံးလိုက်သည်။ သူ့အား တဖက်လူမှ စပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ .. ယခု  သူ မည်သည့်အတွက် ခဏ နေပေးရပါမည်နည်း။

ဘုန်း ..

လောထျန်းက ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်တော့သည်။

သူ့လက်သီးချက်ကြီးက ရွှေရောင်ခြင်္သေ့ကြီး၏ ကိုယ်နှင့် ချက်ချင်း ရိုက်မိသွား၏။ ရွှေရောင်ခြင်္သေ့ကြီးမှာ ဥက္ကာခဲကြီး ပမာ အဝေးသို့ လွင့်ထွက်သွားပြီး လောထျန်း၏ မြင်ကွင်းမှ တခဏအတွင်း ပျောက်ကွယ်သွားသည်။

ထိုလူ အဝေးသို့ လွင့်သွားပြီး နောက်တွင်မူ လောထျန်းက ရုတ်တရက် အသိဝင်လာဟန်ဖြင့် လန့်သွားပြီး ပြော၏။

" ဟင် .. မဖြစ်ဘူး  .. ငါ ဒီ ခြင်္သေ့ကြီးနဲ့ အလုပ်ရှုပ်နေတာ ၊ ဟိုကောင်ကြီး ကျန်နေသေးတယ်၊  အဲ့ကောင် ဘယ်ရောက်သွားပြီလဲ "

လောထျန်းက ပြောပြောဆိုဆိုပင် သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ သွေးနီလူကြီးအား ရှာဖွေလိုက်သည်။

သို့သော် .. သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် အပြန်ပြန် အလှန်လှန် ရှာဖွေလိုက်သည့်တိုင် ထို သွေးနီလူကြီး၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ပါချေ။

" ထွက်ပြေးသွားပြီလား "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားရသည်။

" ချီး .. ငါ အဲ့ကောင်ကြီးကို ထွက်ပြေးခွင့် ပေးလိုက်မိတာလား "

သူ မျက်မှောင်ကြီး ကြုံ့သွား၏။ သို့သော် အချိန်အတန်ငယ် ကြာပြီး နောက်တွင်မူ မည်သို့မှလည်း မတတ်နိုင်တော့သဖြင့် သူ ခေါင်းသာ ယမ်းလိုက်ရသည်။

" ဘယ်တတ်နိုင်မလဲလေ .. ဒီကောင်ကြီးကို ခဏ မေ့ထားလိုက်ရုံပဲပေါ့။ ဒီနေရာက အန္တရာယ်များလွန်းတယ် ။ လမ်းကြုံ သားရဲတစ်ကောင်နဲ့ တွေ့တာတောင် တော်တော်အစွမ်းထက်တဲ့ အကာင်ကြီး ဖြစ်နေတာ ၊ အစွမ်းထက်တဲ့ သူနဲ့သာ တွေ့လို့ကတော့ ငါ ဒုက္ခများမှာပဲ "

" ဒီတော့ လောလောဆယ် ပြန်သွားလိုက်တာ အကောင်းဆုံးပဲ ။ နောက် ငါ့ကျင့်ကြံခြင်းအဆင့် နည်းနည်း တက်လာပြီးမှ ဟိုကောင်ကြီးကို ပြန်လာရှာတော့မယ် "

အမှန်အတိုင်း ဆိုရလျှင် အစောက တိုက်ပွဲနှင့် ကြုံရပြီးနောက် သူ အနညးငယ် စိုးရိမ်စိတ် ဖြစ်နေပါ၏။

ပြီးခဲ့သည့်တိုက်ပွဲတွင် သူ အနိုင်ရသွားခဲ့သည့်တိုင်  ထိုသားရဲကြီးက သာမာန် မဟုတ်သည်ကို သူ သိပါသည်။

ထိုသားရဲတစ်ကောင်ကို သူ အလွယ်တကူ အနိုင်ယူခဲ့နိုင်သော်လည်း ..

ထိုသို့သော သားရဲမျိုး သိန်း၊ သောင်း ချီ ရှိနေပါက သူမည်သို့ လုပ်ရပါမည်နည်း။

သို့ဖြစ်ရာ .. ဘေးကင်းမှုကို ဦးစားပေးသည့် အနေဖြင့် သူ အရင်ဆုံး ပြန်သွားခြင်းကသာ ပိုကောင်းပေလိမ့်မည်။

လောထျန်းက ထိုသို့ တွေးကာ သူ ပထမဆုံး စရောက်လာခဲ့သည့် နေရာသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

သို့သော် .. သူ ပြန်ရောက်သွားသည့် အချိန်တွင် သူ ဝင်လာခဲ့သည့် တံခါးဝက ပျောက်နေခဲ့လေပြီ။

" ဟင် .. ဟင်းလင်းပြင် လမ်းကြောင်းက ပိတ်နေပါလား .. ဒါပေမယ့် .. " 

လောထျန်း မျက်လုံးမှိတ်ပြီး သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် သေချာစစ်ဆေးကြည့်လိုက်သည်။

" လေထုထဲက အပေါက်ကတော့ လုံးဝကြီး ပျောက်မသွားသေးဘူး "

သူ့ မျက်လုံးများ ရုတ်တရက် ပြန်ပွင့်လာ၏။ ထို့နောက် သူ လက်ဆန့်ပြီး ကောင်းကင်ဘုံနှင့် မြေကြီး၏ စည်းမျဥ်းများကို ဓားအဖြစ် စုစည်းလိုက်သည်။

" ဖြတ်စေ "

ထို့နောက် သူ ကျယ်လောင်စွာ အော်ကာ လက်ထဲမှ ဓားဖြင့် လွှဲခုတ်လိုက်သည်။

ချွှင် ....

သူ့ရှေ့ လေထုတွင် အက်ကွဲရာတစ်ခု ချက်ချင်း ပေါ်လာ၏။

ခပ်ဝေးဝေးတွင် ရှိနေသော အဝါရောင် ရေပူစမ်းပင်လယ်ကိုလည်း သူ အက်ကွဲရာများမှ တဆင့် မြင်လိုက်ရသည်။

" အရင်ဆုံး ပြန်သွားပြီး .. ကျင့်ကြံခြင်း အဆင့်တက်တော့မှပဲ ဒီကိစ္စကို ဆက်ရမယ် "

လောထျန်းက ပြောပြောဆိုဆိုပင် လေထုထဲရှိ အက်ကွဲရာအတွင်းသို့ ခုန်ဝင်လိုက်တော့သည်။

ထို့နောက်တွင်မူ အက်ကွဲရာက ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန် ပြန်ဖြစ်သွား၏။

လောထျန်း ထွက်သွားပြီး အချိန်အတန်ကြာသွားသည့် နောက်တွင်မူ ... လေထုကိုခွင်းကာ အလွန်မြန်သော အရှိန်ဖြင့် လာနေသည့် အသံသုံးသံ ထွက်ပေါ်လာသည်။

" ဘိုးဘေး တစိယောက်တည်း ကျင့်ကြံနေတဲ့နေရာကို ဘယ်​ကောင် ဝင်လာရဲတာလဲ။ ပြီးတော့ ခုနက အရောင်အဝါက .. အဲ့ကောင်က ဘိုးဘေးနဲ့ တိုက်ခိုက်နေခဲ့တာလား "

" ဟမ့် .. အဲ့သူက ဘယ်သူပဲ ဖြစ်ဖြစ် ခုလောက်ဆို သေနေလာက်ပြီ ။ ငါတို့ ဘိုးဘေးက မသေမျိုးဘုရင် အဆင့်ရဲ့ ထိပ်ဆုံးမှာဆိုတာ မမေ့နဲ့လေ "

" အမှန်ပဲ ၊ ဘိုးဘေးရဲ့ နေ ၉ စင်းကလဲ သူနဲ့အဆင့်တူ မသေမျိုးဘုရင် တစ်ယောက်ကိုတောင် သတ်ဖို့ လုံလောက်တာ။ ငါတို့ ဘိုးဘေးရဲ့ အဆင့်က ဒီကမ္ဘာကြီးမှာ အကောင်းဆုံး မဟုတ်ပေမယ့် အကောင်းဆုံးနဲ့ ဘယ်လောက်မှ မကွာဘူး။ ဒီကို လာတဲ့သူ ဘယ်သူဖြစ်ဖြစ် သေရမှာပဲ "

သူတို့ သုံးယောက် ထိုသို့ ပြောနေကြစဥ်မှာပင် အစောက လောထျန်းနှင့် ခြင်္သေ့ကြီး တိုက်ခိုက်ခဲ့သော နေရာသို့ ရောက်လာကြ၏။သူတို့ သုံးယေက်လုံး ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ယခင် ရှိခဲ့သော တောင်တန်းများက ယခု တောင်ကတုံးများ ဖြစ်နေပြီး မြေပြင်တွင်လည်း ချောက်နက်ကြီးများ ဖြစ်နေကာ ..

ယခင်က သုခဘုံတစ်ခုသဖွယ် ဖြစ်နေခဲ့သည့် နေရာက ယခု လူသူကင်းမဲ့သည့် စွန့်ပစ်နယ်မြေကြီး တစ်ခုအလား ဖြစ်နေလေပြီ။

ဤနေရာတွင် ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။

ထိုစဥ်  .. သူတို့ထဲမှ တစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားကာ တအံ့တသြ ရေရွတ်သည်။

" ဘိုးဘေး .. "

သူ ထိုသို့ ပြောကာ ချက်ချင်း အရှိန်တင်ပြီး ပျံသန်းသွားလိုက်သည်။

ကျန်နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူ့နောက်မှ ​လိုက်လာကြ၏။

မကြာမီမှာပင် သူတို့ အပျက်အစိီး မြေပြင်တစ်ခုဆီ ဆင်းသက်လိုက်ကြသည်။ ထိုနေရာတွင်ကား ... ရွှေရောင်ခြင်္သေ့ကြီးက မြေပြင်တွင် လဲကျနေကာ သူ့လက်တစ်ဖက် ကျိုးနေပြီး သူ့ရင်ဘတ်တွင်လည်း လက်သီးရာကြီးတစ်ခု ထင်းနေ၏။ သူ သေလုမျောပါးပင် ဖြစ်နေလေပြီ။

" ဘိုးဘေး .. "

၎င်းကို မြင်သည်နှင့် သူတိူ့ သုံးယောက်လုံး အံ့သြမှင်သက်သွားကာ သူတို့ အင်္ကျီလက်ထဲမှ ဆေးရည်များ ချက်ချင်းထုတ်၍ ရွှေရောင်ခြင်္သေ့ကြီး၏ ပါးစပ်ထဲ လောင်းထည့်ပေးလိုက်ကြသည်။

အချိန်အတန်ကြာသွားပြီး နောက်တွင်မူ .. ရွှေရောင်ခြင်္သေ့ကြီးက တဖြည်းဖြည်း မျက်လုံးများ ဖွင့်လာနိုင်၏။

" ကိန်အိန်အိန်,,,ကိန်… ကိန်…ငါ .. အသက်ရှင်နေသေးတာလား "

ခြင်္သေ့ဘိုးဘေးက ခွေးတကောင်လို အရင်အော်ငြီးပြီးနောက်မှ သူ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။

" ဘိုးဘေး .. နိုးလာပြီနော်  ၊ ဘိုးဘေး အဆင်ပြေရဲ့လား ။  ဘိုးဘေးကို ခုလိုဖြစ်အောင် လုပ်သွားတာ ဘယ်ကောင်လဲ "

သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး ပြောလာ၏။

ရွှေရောင်ခြင်္သေ့ကြီးက သူ့ကို တစ်ချက်ကြည့်ကာ ပြန်ဖြေသည်။

" လူသားကောင်လေးတစ်ယောက် .. "

" ဘယ်လို .. လူသား ကောင်လေးတစ်ယောက် .. "

သူ့စကားကို ကြားလိုက်ရသူများအားလုံး အံ့သြမှင်သက်သွားကြကုန်၏။

လူသားတစ်ယောက် ဖြစ်နေရုံမက .. အသက်ငယ်ငယ် ကောင်လေးတစ်ယောက်တဲ့လား ။

" အခု သူက ဘယ်ရောက်သွားပြီလဲ .. ဘယ်နားမှာလဲဗျ "

သုံးယောက်ထဲမှ တစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်မေးလိုက်သည်။

ထို လူသားကောင်လေးက အနီးနားတွင်ပင် ဆက်ရှိနေပြီး .. ရွှေရောင်ခြင်္သေ့ကြီး မသေသေးသည်ကို သိသွားပါက ပြဿနာ များနိုင်သည် မဟုတ်ပါလား။

ရွှေရောင်ခြင်္သေ့ကြီးက မျက်လုံးများ ပြန်မှိတ်ကာ အသံတုန်တုန်ဖြင့် ပြော၏။

" သူ ..မရှိတော့ဘူး ။ ငါ သတိမမေ့ခင်တုန်းက သူ ... ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး အောက်ဘုံကို ပြန်ဆင်းသွားတာ တွေ့လိုက်တယ် "

All Chapters