← Chapters

အံ့သြတုန်လှုပ်သွားကြသည့် မျှော်စင်စိတ်ဝိဥာဥ်များ

Vol. 22 Ch. 300

အံ့သြတုန်လှုပ်သွားကြသည့် မျှော်စင်စိတ်ဝိဥာဥ်များ

Vol. 22 Ch. 300

" ဘယ်လို .. အောက်ကို ဆင်းတဲ့ ကောင်းကင်ဘုံတံခါး ပွင့်သွားတာ .. ဘိုးဘေး အမြင်မှားသွားတာ များလားဗျာ "

သူတို့ထဲမှ တစ်ယောက်က အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

ရွှေရောင်ခြင်္သေ့ကြီးက ဒေါသထွက်သွားဟန်ဖြင့် ပြန်ပြော၏။

" ငါက ဘာလို့ မှားရမှာလံ "

သူ့စကားကြောင့် ကျန်သုံးယောက်လုံး ဇက်များ ပုသွားကြသည်။

ထိုအချိန်မှလည်း ရွှေရောင်ခြင်္သေ့ကြီးကို မေးခွန်းပြန်ထုတ်သည့် လုပ်ရပ်က သူ့အား မလေးမစားလုပ်ခြင်း ဖြစ်ကြောင်း သူတို့ ပြန်အမှတ်ရသွားကြ၏။

သို့သော် လက်ရှိအချိန်တွင် ရွှေရောင်ခြင်္သေ့ကြီးက သူ့အား အပြစ်ပေးရန် ဆန္ဒမရှိကြောင်း သိသာပါသည်။

တဖက်လူက တအံ့တသြ ထပ်ပြော၏။

" အောက်ကမ္ဘာကနေ တက်လာဖို့က ကောင်းကင်ဘုံ တံခါးကို ဖွင့်လိုက်ရုံပဲမို့ အင်မတန် လွယ်မှန်း သိပါတယ်ဗျာ။ ဒါပေမယ့် ဒီကနေ အောက်ကမ္ဘာကို ပြန်ဆင်းဖို့ဆိုရင် အချိန်နဲ့နေရာ အကန့်အသတ် ရှိသေးတယ်မလားဗျ "

နောက်တစ်ယောက်က သက်ပြင်းချ၍ ပြန်ပြောသည်။

" အဲ့ဒါက သာမာန်ကျင့်ကြံသူတွေအတွက်ပဲ မှန်တာကွ။ ထိပ်သီး ကျင့်ကြံသူတွေအတွက်ကတော့ ဘာအကန့်အသတ်မှ မရှိဘူး။ ဒီတိုင်း ကောင်ကင်းဘုံတံခါးကို ဖွင့်ပြီး အပေါ်ကမ္ဘာကနေ အောက်ကမ္ဘာကို ပြန်ဆင်းလို့ရတယ် "

" ထိပ်သီး ကျင့်ကြံသူတွေ ..ဘယ်လို ထိပ်သီးကျင့်ကြံသူတွေလဲ "

ပထမလူ နားမလည်နိုင် ဖြစ်သွားသည်။

အစောကလူက အချိန်အတန်ကြာ တိတ်နေပြီးမှသာ ပြန်ဖြေ၏။

" အနည်းဆုံး .. မသေမျိုးဘုရင် အဆင့်ထက် ပိုမြင့်မှ ရမယ် "

" ဘယ်လို .. "

ကျန်နှစ်ယောက်မှာ အံ့သြလွန်း၍ အချိန်အတန်ကြာ စကားပြန်မပြောနိုင် ဖြစ်နေကြတော့သည်။

" မသေမျိုးဘုရင်အဆင့်ထက်ကို ကျော်ရမယ် .. နောက်နေတာများလားကွာ။ ဒီကမ္ဘာမှာတောင် မသေမျိုးဘုရင်အဆင့်က အမြင့်ဆုံးပဲဟာကို ။ ဒီကမ္ဘာမှာ အဲ့အဆင့်ကို ဘယ်သူမှ မကျော်နိုင်ကြတာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီလေ ။ ဒါကို မသေမျိုးဘုရင်အဆင့်ထက် ကျော်ရမယ်လို့ ဘယ်လိုလုပ် ပြောရဲနေတာလဲ "

တဖက်လုက နှုတ်ခမ်းမဲ့ကာ ပြန်ပြော၏။

" ငါလဲ အဲ့ဒါကို ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကွ "

ကျန်လူ အံ့အားသင့်သွားပြီး ပြန်ပြောသည်။

" အင်း .. မင်းက အဲ့လိုပြောတော့လဲ ဖြစ်နိုင်ချေ ရှိသလိုပဲ ။ ငါတို့ ဘိုးဘေးက မသေမျိုးဘုရင်အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာတောင် အဲ့လူက ဘိုးဘေးကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်ခဲ့တာဆိုတော့။ ဒါတင်မကသေးဘူး ၊ အဲ့လူက ကောင်းကင်ဘုံတံခါးကိုတောင် ပြောင်းပြန် ပြန်ဖွင့်လိုက်နိုင်သေးတယ်။ အဲ့တော့ ဘယ်လိုရှုထောင့်မျိုးကပဲ ကြည့်ကြည့် အဲ့လူက မသေမျိုးဘုရင် အဆင့်ထက် သာမှာ သေချာတယ် "

ထိုသို့ ပြောပြီးကြသည်နှင့် သူတို့အားလုံး အံ့သြမှင်သက်ပြီး အချိန်အတန်ကြာသည်အထိ ငူငူကြီး ရှိနေကြ၏။

လက်ရှိ ဖြစ်သွားခဲ့သည့် အခြေအနေကို ကြည့်ပြီး ပြောရလျှင်လည်း သူတို့ဘိုးဘေးကို အနိုင်ယူခဲ့သူမှာ မသေမျိုးဘုရင်အဆင့်ထက် မြင့်ကြောင်း ယုံမှားဖွယ် မရှိပါချေ။

ထိုအကြောင်းကို တွေးမိလေလေ .. သူတို့အားလုံး ပိုကြောက်ရွံ့လာကြလေပင်။

" လူသားမျိုးနွယ်က ... တကယ်ကို အံ့သြစရာ ကောင်းတာပဲ "

အားလုံး ရင်ထဲတွင်လည်း လေးလံနေကြတော့သည်။

ထိုစဥ် .. တဖက်မှ ရွှေရောင်ခြင်္သေ့ကြီးက ရုတ်တရက် ချောင်းတဟွတ်ဟွတ် ဆိုးလာ၏။

ကျန်သုံးယောက်မှာလည်း အသံကြားသည်နှင့် သူတို့ဘိုးဘေးကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

သို့သော် ..ထိုသို့ လှည့်လှည့်ချင်းမှာပင် သူတို့ သုံးယောက်လုံး အံ့သြမှင်သက်သွားကြကုန်၏။

အဘယ့်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့ကြီး၏ ခေါင်းပေါ်မှ နေ ၉ စင်းက တဖြည်းဖြည်း စုစည်းနေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

သူတို့ နားမလည်နိုင် ဖြစ်သွားရသည်။

ရွှေရောင်ခြင်္သေ့ကြီးက သွေးအန်လိုက်ပြီး စိတ်ပျက်လက်ပျက် ရယ်ကာ ပြော၏။

" ဒီတိုက်ပွဲကြောင့် .. အချိန်အကြာကြီး ချုပ်နှောင်ခံထားရသလို ဖြစ်နေခဲ့တဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အခြေအနေ က ပြန်​လှုပ်ရှားလာလိမ့်မယ်လို့ စိတ်တောင် မကူးခဲ့မိဘူး "

" ဘယ်လို .. ဘိုးဘေးပြောတဲ့ အဓိပ္ပါယ်က .. "

ရွှေရောင်ခြင်္သေ့ကြီးက မျက်မှောင်ကြုံ့ပြီး ပြောသည်။

" အဲ့ကောင်နဲ့ တိုက်ပွဲမှာ ငါ မသိထားတဲ့ အရာတချို့ကို သိခဲ့ရတယ်ကွ။ ဒီအသိပညာကို သုံးပြီး မသေမျိုးဘုရင် အဆင့်ကနေ အဆင့်တက်အောင် လုပ်နိုင်မယ် ထင်တယ် "

" အဲ့ဒီ လူသားကောင်လေးက ငါ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်တာကို အမြတ်ထုတ်ပြီး ငါ့ကို ဒဏ်ရာရသွားအောင် လုပ်ခဲ့တာပဲ ။ %$#$ ငါ အဆင့်တက်သွားလို့ကတော့ သေချာပေါက် ပြန်ပြီး လက်တုန့်ပြန်မယ်။ ငါတို့ နှစ်ယောက် ကျင့်ကြံခြင်းအဆင့်သာ တူရင် သူက ငါ့ပြိုင်ဘက် လုံးဝ ဖြစ်နိုင်မှာ မဟုတ်ဘူး "

ရွှေရောင်ခြင်္သေ့ကြီးမှာ လောထျန်းက သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည်ဟုသာ ယုံနေ၏။

သူ့မျက်နှာတွင်လည်း ဒေါသ အရိပ်အငွေ့များဖြင့် ပြည့်လာသည်။

သို့သော် ထိုဒေါသက သူ့ဒဏ်ရာများကို ပိုဆိုးအောင် ဆွပေးလိုက်သလို ဖြစ်သွားသဖြင့် သူ ချောင်းတဟွတ်ဟွတ် ဆိုးသွားပြန်၏။

၎င်းကို မြင်လိုက်ရသည့်  သူ့ဘေးမှ သုံးယောက်မှာ အံ့သြခြင်းတစ်ဝက် ၊ ဝမ်းသာခြင်းတစ်ဝက် ပါသည့် အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ အံ့သြသွားရသည့် အကြောင်းရင်းမှာ သူတို့ဘိုးဘေး၏ ဒဏ်ရာများက သူတို့ ထင်ထားသည်ထက် ပိုဆိုးနေဟန် ရှိသောကြောင့် ဖြစ်ပါသည်။

ဝမ်းသာစရာ အချက်မှာမူ .. သူတို့ ဘိုးဘေးက ကျင့်ကြံခြင်း အဆင့်တက်တော့မည့် လက္ခဏာများ ပြနေသောကြောင့် ပင်။

အကယ်၍ သူတို့ဘိုးဘေးသာ ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့ပါက ဤကမ္ဘာရှိ သူတို့ နတ်ဆိုးမျိုးနွယ်မှာ လုံးဝ တိုးတက်သွားမည် ဖြစ်သည်။

" ဘိုးဘေး .. ဘိုးဘေးကို ကျုပ်တို့ ကာကွယ်ပါ့မယ်။ ဘိုးဘေးက ကျင့်ကြံဖို့နဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်းဖို့ကိုပဲ အာရုံစိုက်ပါ "

သုံးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

ထိုစဥ် .. တောအုပ်နှင့် မိုင်ပေါင်သိန်းချီ ဝေးသည့် နေရာတစ်နေရာ၌ ..

သွေးနီလူကြီးက မြေကြီးထဲမှ ကုတ်တက်လာ၏။

" နောက်ဆုံးတော့ ထွက်ပြေးနိုင်ခဲ့ပြီပေါ့ကွာ ။ ချီး .. ဟိုဘီလူးနှစ်ကောင်က ဘာတွေ ဖြစ်နေကြတာလဲ "

သွေးနီလူကြီးမှာ လက်ရှိအချိန်တွင် အလွန်အားနည်းနေပြီး သေလုမျောပါး အခြေအနေသို့ ရောက်နေရပါသည်။

" ဟမ့် .. ခြင်္သေ့တစ်ကောင်နဲ့ လူသားကောင်လေး .. မင်းတို့နှစ်ယောက် စောင့်ကြည့်နေလိုက်ပါ။ နောက် နှစ် တစ်ရာ .. မဟုတ်သေးဘူး .. နောက် ဆယ်နှစ်ပဲ စောင့်ကြ .. အဲ့ကျရင် မင်းတို့နှစ်ယောက်လုံး ပြန်ပေးဆပ်ကြရမယ် ။ ကမ္ဘာကြီးတစ်ခုလုံး ငါ့ခြေထောက်အောက်မှာ တုန်သွားရအောင်ကို လုပ်ပစ်မယ် "

သွေးနီလူကြီး၏ မျက်လုံးများမှာ မီးဝင်းဝင်း တောက်နေကြပြီး အရူးတစ်ယောက်သဖွယ် အော်ဟစ်နေ၏။

ထိုအချိန် ..လောထျန်းကမူ ထိုနှစ်ယောက်က သူ့အား အရိုးထဲထိတိုင် မုန်းနေသည်ကို လုံးဝ မသိရှာပေ။

သူသည် ထိုအချိန်တွင် ကောင်းကင်ဘုံတံခါးမှ တဆင့် အဝါရောင် ရေပူစမ်းပင်လယ်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

" အင်း .. အ​ကောင်သေးတစ်ကောင်တော့ လွတ်သွားတယ်။ ဒါပေမယ့် အဝါရောင်ရေပူစမ်းပင်လယ်အောက်က တကယ့် အချုပ်အနှောင်ကတော့ ဟိုဟာကြီးပဲ ဖြစ်မယ်ထင်တယ် "

လောထျန်း၏ အကြည့်က ရေကို ဖြတ်ပြီး ပယ်လယ်ရေအောက် ကြမ်းပြင်မှ ဧရာမ အနီရောင်ခေါင်တလားကြီးဆီ ရောက်သွား၏။

" အဲ့ထဲမှာ ထူးဆန်းတာ တစ်ခုခုတော့ ရှိမယ်နဲ့တူတယ် ။ အပြင်ထုတ်ပြီး ကြည့်ကြည့်မယ်ကွာ "

သူ ထိုသို့ ပြောပြီးနောက် ရေပြင်အား နှစ်ခြမ်းကွဲသွားအောင် လုပ်၍ ရေအောက်ကြမ်းပြင်မှ ခေါင်းတလားကြီးအား မထုတ်လိုက်သည်။

လောထျန်းသည် ခေါင်းတလားအား အချိန်အတန်ကြာ ကြည့်နေပြီးမှသာ နောက်ဆုံး .. ဆုံးဖြတ်ချက် ချပြီးသွားဟန်ဖြင့် ၎င်းကို ကံတရားမျှော်စင်သို့ ပြန်သယ်လာ၏။

ထိုစဥ် .. ကံတရားမျှော်စင်၏ ပထမထပ်၌ မျှော်စင်စိတ်ဝိဥာဥ်များ တစ်ယောက်တစ်ပေါက် စကား ပြောနေကြသည်။

" အားလုံး နားထောင်ကြ ၊ သခင်လေး ပြန်လာရင် ဘယ်သူမှ သခင်လေးကို စောဒက မ​တက်ရဘူး ။ ငါပြောတာ ကြားကြရဲ့လား "

ပညာရှိ စိတ်ဝိဥာဥ် လက်နောက်ပစ်၍ ကျန် မျှော်စင်စိတ်ဝိဥာဥ်များအား ပြောသည်။

သူ ထိုသို့​သာ ပြောလိုက်ရသော်လည်း .. သူ့ စိတ်ထဲတွင်မူ ထိုတိုက်ပွဲတွင် လောထျန်းတစ်ယောက် ရှုံးနိမ့်ပြီး ပြန်လာလိမ့်မည်ဟုသာ တွေးနေ၏။

" ကောင်းပါပြီ ၊ ကျွန်မတို့ နားလည်ပါပြီ "

ဒုတိယထပ်မှ မိန်းကလေး စိတ်ဝိဥာဥ်က သဘောမတူချင် တူချင်ဖြင့် ပြန်ပြောသည်။

ပညာရှိ စိတ်ဝိဥာဥ်က သူမကို ကြည့်ကာ ခေါင်းအသာညိတ်၏။

ထိုအချိန်မှာပင် .. ကံတရားမျှော်စင်အပြင်ဘက်၌ စိတ်စွမ်းအင်များ ဝုန်းခနဲ တိုးလာသည်။

" ပြန်လာတာ မြန်လှချည်လား .. ၊ အင်း ငါတို့ သခင်လေးက သေချာဆင်ခြင်တတ်တာပဲ။ ဘယ်အချိန် နောက်ပြန်ဆုတ်ရမယ်ဆိုတာကို ကောင်းကောင်းကြီး သိတယ် "

ပညာရှိ စိတ်ဝိဥာဥ် စိတ်သက်သာရာ ရသွားသည်။

အမှန်တိုင်း ပြောရပါက လောထျန်း မမျှော်လင့်ဘဲ တစ်ခုခု ဖြစ်သွားမည်ကို သူ စိုးရိမ်ကြောက်လန့်နေခဲ့ပါ၏။

ထိုအချိန်မှာပင် ကံတရားမျှော်စင် တံခါးဝသို့ စိတ်စွမ်းအင်များ စီးဝင်လာပြီး လောထျန်း ရောက်လာသည်။

" သခင်လေး .. တိုက်ပွဲမှာ အနိုင် နဲ့ အရှုံး အမြဲဒွန်တွဲပြီး ရှိတတ်တာ သဘာဝ ပဲဗျာ။ ဘာမှ စိတ်ပျက်အားငယ်နေဖို့ မလိုပါဘူး "

ပညာရှိ စိတ်ဝိဥာဥ်က အပြုံးဖြင့် ဆီးကြိုပြောလိုက်သည်။

သို့သော် .. သူ့စကား မဆုံးခင်မှာပင် သူ့နောက်မှ မိန်းကလေး စိတ်ဝိဥာဥ်က သူ့အင်္ကျီစကို ဆွဲလာ၏။

" ဟင် .. ဘာဖြစ်လို့လဲ "

ပညာရှိစိတ်ဝိဥာဥ် အံ့အားသင့်သွားရသည်။

မိန်းကလေး စိတ်ဝိဥာဥ်က အံ့သြတုန်လှုပ်နေသည့် မျက်နှာဖြင့် လောထျန်းခေါင်းပေါ်သို့ လက်ညိုးညွှန်ပြ၏။

ပညာရှိ စိတ်ဝိဥာဥ်၏ အကြည့်က နေရာရွှေ့သွားသည်။

ထို့နောက်တွင်မူ .. ခေါင်းတလားကြီးကို ခေါင်းရွက်ပြီး သယ်လာသည့် လောထျန်းအား သူ တွေ့သွားတော့၏။

ဘုန်း ..

ထိုစဥ်မှာပင် လောထျန်းက ခေါင်းတလားကြီးအား ကြမ်းပြင်သို့ ပစ်ချလိုက်ရာ အသံကျယ်ကြီး မြည်သွားပြီး မျှော်စင်စိတ်ဝိဥာဥ်များ လန့်သွားကြသည်။

" သခင်လေး .. အဲ့တာ ဘာကြီးလဲ "

ပညာရှိ စိတ်ဝိဥာဥ်က လောထျန်းအား တအံ့တသြ မေး၏။

ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း ခေါင်းတလားကြီးအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။

" အဲ့ဒါ အဝါရောင် ရေပူစမ်းပင်လယ်အောက်မှာ ချုပ်နှောင်ထားတဲ့ ကြောက်စရာ အရာကြီးပဲလေ "

" ဘယ်လို .. "

သူ့စကားကို ကြားသည်နှင့် မျှော်စင်စိတ်ဝိဥာဥ်များအားလုံး တအံ့တသြ ရေရွတ်လိုက်ကြပြီး နောက်သို့ တစ်ပြိုင်နက်တည်း ဆုတ်သွားကြ၏။ သူတို့၏ မျက်နှာများတွင်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်နေဟန် အထင်းသား ပေါ်နေသည်။

အဝါရောင်ရေပူစမ်းပင်လယ်အောက်မှ ကြောက်စရာအရာကြီးမှာ သူတို့ အသိဉာဏ်ပွင့်ခဲ့သည့် အချိန်မှစ၍ အမြဲ ကြောက်ရွံ့နေခဲ့ရသည့် အရာကြီးတစ်ခု ဖြစ်ပါသည်။

သူတို့ စကားပြောကြလျှင်ပင် ထိုအရာအကြောင်ကို မပါအောင် အမြဲ ရှောင်ပြောလေ့ ရှိပါ၏။

ယခု လောထျန်းက ထိုအရာကြီးကို ကံတရားမျှော်စင်သို့ တိုက်ရိုက် သယ်လာသတဲ့လား။

" သခင်လေး .. နောက်နေတာတော့ မဟုတ်ဘူးမလား "

ပညာရှိ စိတ်ဝိဥာဥ်က အသံတုန်တုန်ဖြင့် မေးလာသည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။

" ဘယ်နောက်မလဲဗျ ၊ ကျုပ် ပြောတာကို မယုံရင် ကိုယ်တိုင် ဖွင့်ပြီး ကြည့်ကြည့်ပါလား "

" မကြည့်ဘူး "

မျှော်စင်စိတ်ဝိဥာဥ်များ သံပြိုင် ပြန်အော်လိုက်ကြသည်။

All Chapters