ကြောက်စရာ အရာကြီး ပျောက်သွားခြင်း
Vol. 22 Ch. 301
မျှော်စင်စိတ်ဝိဥာဥ်များ ဖြစ်နေကြသည့် မျက်နှာကို ကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွား၏။
" ခင်ဗျားတို့ မဖွင့်ဘူးဆိုရင်လဲ .. ကျုပ်ပဲ လုပ်လိုက်မယ် "
လောထျန်းက ထိုသို့ပြောကာ ခေါင်းတလားအား ဖွင့်ရန် ပြင်လိုက်သည်။
" ခဏနေပါဦး "
မျှော်စင်စိတ်ဝိဥာဥ်များ သံပြိုင် ထပ်အော်လိုက်ကြပြန်၏။
" ဒါဆို ခင်ဗျားတို့က ဘာလုပ်ချင်ကြတာလဲ "
လောထျန်းမှာ သူ့ရှေ့မှ လူများကိုကြည့်ကာ အနည်းငယ် စိတ်မရှည် ဖြစ်သွားရသည်။
" အမ် ..သခင်လေး ၊ အဝါရောင်ရေပူစမ်းပင်လယ်အောက်မှာ သခင်လေး ဘာနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကျုပ်တို့ကို တိတိကျကျ အရင်ပြောပြပါလား '
အလင်းလုံးက ပြောလိုက်သည်။
ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြ၏။
လောထျန်းက ပြန်ပြောလိုက်သည်။
" ဒီလိုဗျ ၊ ကျုပ် အဝါရောင် ရေပူစမ်းပင်လယ်ကို ရောက်တော့ လျှို့ဝှက်နည်းကို သုံးပြီး အချုပ်အနှောင်ကနေ ယာယီလွတ်အောင် လုပ်ထားနိုင်တဲ့ ကောင်ကြီးနဲ့ သွားတွေ့တယ်။ အဲ့ကောင်ကြီးက ကျုပ်ကို သတ်ပြီးတော့ ကျုပ်ခန္ဓာကိုယ်ကို ယူပြီး သူ့ကိုယ်သူ အချုပ်အနှောင်က လွတ်အောင် လုပ်ချင်နေတာ "
" ဘယ်လို .. "
ကြားလိုက်ရသည့် စကားကြောင့် မျှော်စင်စိတ်ဝိဥာဥ်များအားလုံး အံ့သြတုန်လှုပ်သွားကုန်၏။
အဝါရောင်ရေပူစမ်းပင်လယ်အောက်မှ အရာကြီးက အချုပ်အနှောင်မှယာယီလွတ်အောင်ပင် လုပ်ထားနိုင်သတဲ့လား ။
၎င်းမှာ အလွန်အန္တရာယ်များလှပေသည်။
လောထျန်းက စကားဆက်သည်။
" အဲ့လိုနဲ့ ကျုပ်နဲ့ သူ တိုက်ပွဲဖြစ်သွားခဲ့တာပေါ့ဗျာ။ ဒါပေမယ့် နည်းနည်းပဲ တိုက်ခိုက်ရသေးတယ် ၊ ချိန်းကြိုးတွေက အဲ့လူကြီးကို ပြန်ချုပ်နှောင်ပြီးတော့ ပင်လယ်ရေအောက်ထဲကို ဆွဲချသွားရော"
ထိုစကားကို ကြားသောအခါ မျှော်စင်စိတ်ဝိဥာဥ်များ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။
" တော်သေးတာပေါ့ .. ချိန်းကြိုးတွေက အသုံးဝင်နေသေးလို့ "
လောထျန်းက စကားဆက်၏။
" အဲ့တော့ ကျုပ်လဲ သူ့နောက် ပြေးလိုက်ပြီး ပင်လယ်အောက်ကြမ်းပြင် ရောက်သွားတာပေါ့ဗျာ။ အဲ့ကိုလဲ ရောက်ရော .. စောနက လူကြီးအပြင်ကို နောက်ထပ် ခေါင်းတလား နည်းနည်းသေးတာ ၈ ခုနဲ့ အကြီးကြီး ၁ ခုကို ထပ်တွေ့လိုက်ရတယ်။ ကျန်တဲ့ ခေါင်းတလားအသေး ၈ ခုထဲမှာက စောနက လူကြီးနဲ့ ပုံစံတူ လူတွေ တစ်ယောက်စီ ရှိနေကြတာဗျ "
" ဟင် .. "
မျှော်စင်စိတ်ဝိဥာဥ်များ အံ့သြတုန်လှုပ်သွားကြပြန်သည်။
သူတို့သည် အဝါရောင်ရေပူစမ်းပင်လယ်အောက်မှ အချုပ်အနှောင်အကြောင်း များစွာ မသိထားပါချေ။
ယခု လောထျန်းပြောမှသာ အသေးစိတ် အချက်များကို သိကြရခြင်း ဖြစ်၏။
" သခင်လေး .. အဲ့လူတွေက ဘယ်လောက်အစွမ်းထက်ကြတာလဲ "
အလင်းလုံးက မေးလိုက်သည်။
လောထျန်း ပြန်ဖြေ၏။
" တော်တော်လေးတော့ အစွမ်းထက်ကြတယ် "
မျှော်စင်စိတ်ဝိဥာဥ်များ ခေါင်း အသာညိတ်လိုက်ကြ၏။
အဝါရောင် ရေပူစမ်းပင်လယ်အောက်တွင်ပင် တကူးတက ချုပ်နှောင်ခံထားရသူများက အစွမ်းမထက်ဘဲ မည်သို့ နေပါမည်နည်း။
" အဲ့ ခေါင်းတလားအသေးထဲက လူတွေကရော ဘာဆက်ဖြစ်သွားကြလဲ "
မိန်းကလေးစိတ်ဝိဥာဥ်က စိုးရိမ်တကြီး ဆက်မေးသည်။
အစွမ်းထက်သော ရန်သူ ၉ ယောက် ရှိနေသည်ဆိုပါက .. သူတို့အားလုံးအတွက် အလွန် ပြဿနာများလာနိုင်ပါသည်။
" သူတို့ထဲက ၈ ယောက်ကိုတော့ ကျုပ် စက္ကန့်ပိုင်းလေးအတွင်း သတ်လိုက်နိုင်တယ် "
လောထျန်းက ပြော၏။
မျှော်စင်စိတ်ဝိဥာဥ်များ : " ...... "
ထို လူကြီး ၉ ယောက်က အလွန်အစွမ်းထက်ကြသည့်တိုင် .. သူတို့ထဲမှ ၈ ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်ခဲ့ သတဲ့လား ။
ဤစကားက လူစကားပင်ဟုတ်ပါသေးရဲ့လား ။
ပညာရှိစိတ်ဝိဥာဥ်က ချောင်းဟန့်ပြီး ပြောလိုက်သည်။
" သခင်လေး ၊ သခင်လေး ပြောတော့ အားလုံးပေါင်း ၉ယောက်တောင် ရှိတာဆို ။ သခင်လေးက ၈ ယောက်ကို သတ်ခဲ့တာဆိုတော့ နောက်ဆုံးတစ်ယောက်က ဘာဖြစ်သွားလဲဗျ "
လောထျန်းက သူ့ကို ပြန်ကြည့်ပြီး ပြော၏။
" နောက်ဆုံးတစ်ယောက်ဆိုလို့ .. ကျုပ် မေးချင်တာ တစ်ခု ရှိသေးတယ်။ ဆုမီတောင်ထဲမှာ နောက်ထပ် အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်ဒေသတစ်ခု ထပ်ရှိနေတာကို ဘာလို့ ကျုပ်ကို မပြောခဲ့တာလဲ "
လောထျန်း၏ အသံထဲတွင် မကျေနပ်ဟန်လည်း အတိုင်းသား ပါနေပါသည်။
အကယ်၍ မျှော်စင်စိတ်ဝိဥာဥ်များသာ သူ့ကို ပြောပြီး ကြိုတင်အသိပေးထားခဲ့ပါက သူ့အနေဖြင့် ကြိုပြင်စရာ ရှိသည်များကို ပြင်ထားနိုင်ပြီး သွေးနီလူကြီးကလည်း ထွက်ပြေးရန် အခွင့်အရေး ရနိုင်မည်မဟုတ်ပါချေ။
" ဘယ်လို .. နောက်ထပ် အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်ဒေသတစ်ခု ရှိနေတယ် "
မျှော်စင်စိတ်ဝိဥာဥ်များက အံ့အားသင့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
" သခင်လေး ၊ တခြား လျှို့ဝှက်ဒေသတစ်ခု ထပ် ရှိ ၊ မရှိကို ကျုပ်တို့ တကယ်ကို မသိတာဗျ "
ပညာရှိစိတ်ဝိဥာဥ်က အံ့သြတကြီး ပြန်ပြော၏။
ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့စကားကြောင့် လောထျန်း အံ့အားသင့်သွားရ၏။
" ခင်ဗျားတို့တောင် မသိဘူးလား .. ။ ထူးဆန်းလိုက်တာ .. ကြည့်ရတာ တစ်ယောက်ယောက်က သေချာ ဖွက်ထားလို့များလား "
မျှော်စင်စိတ်ဝိဥာဥ်က လောထျန်းကို ကြည့်ကာ မေးသည်။
" သခင်လေး ၊ ဘယ်လို လျှို့ဝှက်ဒေသမျိုးကို အရမ်း အစွမ်းထက်တယ်လို့ သခင်လေးယူဆတာလဲ "
အဝါရောင်ရေပူစမ်းပင်လယ်အောက်တွင် ချုပ်နှောင်ခံထားရသူများကိုပင် လောထျန်းက တော်တော်လေး အစွမ်းထက်သည်ဟုသာ ပြောခဲ့ပေရာ ...
သူ့အတွက် အရမ်းအစွမ်းထက်သည်ဆိုသော အရာက မည်မျှအစွမ်းထက်ပါသနည်း။
ထိုမေးခွန်းကို ကြားသည်နှင့် လောထျန်း၏ မျက်နှာထား ချက်ချင်းတည်သွားကာ ပြန်ပြော၏။
" အင်း .. ကျုပ် အဲ့ဒေသထဲကို ဝင်ဝင်ချင်း မှာတင် သာမာန် သားရဲတစ်ကောင်နဲ့ တွေ့ခဲ့တာ။ အဲ့သားရဲရဲ့အစွမ်းက တကယ့်ကို မယုံနိုင်စရာ ဖြစ်နေတယ် "
မယုံနိုင်စရာ အစွမ်းတဲ့လား ...
လောထျန်း၏ စကားကြောင့် မျှော်စင်စိတ်ဝိဥာဥ်များအားလုံး လန့်သွားကြရပြန်သည်။
" ဒါဆို .. အဲ့သားရဲက နောက်ပိုင်း ဘာဖြစ်သွားလဲ "
မိန်းကလေး စိတ်ဝိဥာဥ်က သတိထားမေး၏။
လောထျန်းက ပြန်ဖြေသည်။
" ကျုပ် သူ့ကို အဝေးရောက်သွားအောင် ထိုးလိုက်တာပဲ ။ သူ သေလား ၊ ရှင်လားဆိုတာတော့ မပြောတတ်ဘူး "
မျှော်စင်စိတ်ဝိဥာဥ်များ : " .......... "
အထူးသဖြင့် မိန်းကလေး စိတ်ဝိဥာဥ်မှာ လောထျန်းအား မျက်စောင်းကြီးထိုး၍ ကြည့်နေ၏။
အကယ်၍ လောထျန်းကသာ သူတို့၏ သခင် မဟုတ်ခဲ့ပါက သူမ လောထျန်းအား အသံထွက် ဆဲဆိုပြီးသည်မှာ ကြာနေလောက်လေပြီ ။
လောထျန်းက ထိုသားရဲအား မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သည်ဟု ပြောခဲ့ပြီး ...
နောက်ဆုံးတွင် ၎င်းကို အဝေးရောက်သွားအောင် ထိုးခဲ့ကာ ထိုသူ သေလား ၊ ရှင်လားကိုပင် မသိဘူးတဲ့လား ။
သူက သားရဲ၏ အစွမ်းကို ချီးကျူးနေသည်လား .. မိမိကိုယ်ကို ချီးကျူးနေခြင်းလား ။
သို့သော် ..လောထျန်း၏ အတွေးတွင်မူ ..
မိုးကြိုးဘုရင်သည်ပင် သူ့လက်သီးချက်ကြောင့် အပိုင်းပိုင်း ဖြစ်သွားခဲ့ရသော်လည်း ..
ရွှေရောင်ခြင်္သေ့ကြီးက သူနှင့် သိုင်းကွက်များစွာ အပြန်အလှန် တိုက်ခိုက်ပြီးမှသာ နောက်ဆုံး အဝေးသို့ လွင့်သွားရခြင်း ဖြစ်သည့်အတွက် ..
ထို ရွှေရောင်ခြင်္သေ့ကြီးက အလွန်အစွမ်းထက်သည်ဟု သူ သတ်မှတ်ထားပါ၏။
" သခင်လေး က အဲ့ဒီသားရဲကို အဝေးလွင့်သွားအောင် လုပ်လိုက်နိုင်တာဆိုတော့ .. ကြည့်ရတာ အဲ့ဒီ လျှို့ဝှက်ဒေသက အရမ်းကြီး အန္တရာယ် မများဘူးနဲ့ တူပါတယ် "
အလင်းလုံးက ပြောလိုက်သည်။
လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြော၏။
" အဲ့သားရဲက ကျုပ် လျှို့ဝှက်ဒေသထဲကို ဝင်ဝင်ချင်း တွေ့ခဲ့ရတဲ့ သားရဲလေ။ အဲ့ကောင်ကတောင် ကျုပ်ရဲ့ သိုင်းကွက်တွေ အများကြီးကို ချေဖျက်နိုင်ခဲ့တာ။ လျှို့ဝှက်ဒေသ ဟိုး အတွင်းပိုင်းထဲအထိ ဆက်ဝင်သွားရင် ဘယ်လိုနေမလဲ ။လျှို့ဝှက်ဒေသတစ်ခုမှာက အထဲကို ပိုရောက်လေလေ ၊ သားရဲတွေက ပိုအစွမ်းထက်လာကြလေပဲလေ ။ ခင်ဗျားက အဲ့လို သာမာန်အသိလေးတောင် မရှိဘူးလား "
သူ့စကားကို ကြားသောအခါ မျှော်စင်စိတ်ဝိဥာဥ်များ အံ့သြမှင်သက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။
လောထျန်း ပြောသွားခဲ့သည်မှာ မှန်ပါသည်။ သာမာန် လျှို့ဝှက်ဒေသများတွင် အတွင်းပိုင်းထဲသို့ ရောက်လေလေ ၊ သားရဲများက အစွမ်းပို ထက်လာကြလေ ဖြစ်ပါသည်။ နယ်စပ်ပိုင်းမှ သားရဲများမှာ ဘာမှ မပြောပလောက်သည့် အရာများ ဖြစ်၏။
သို့ဖြစ်ရာ လောထျန်း၏ သုံးသပ်မှုက မှန်ကန်ပါသည်။
" ဒါဆို ဟို ထွက်ပြေးသွားခဲ့တဲ့ လူကြီးက အဲ့ဒီနေရာမှာပဲ ရှိနေတာပေါ့ "
ပညာရှိ စိတ်ဝိဥာဥ်က မေးလာသည်။
လောထျန်း ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ၊ အဲ့ဒီ လျှို့ဝှက်ဒေသထဲကို ဝင်မွှေဖို့ လောလောဆယ် ကျုပ်အတွက် စောလွန်းနေသေးတယ်။ ဒါ့ကြောင့်မို့ ကျုပ် နောက်ထပ် ကျင့်ကြံခြင်း အဆင့် ၂ ခု တက်အောင် လုပ်ပြီးမှပဲ အဲ့ကို ပြန်သွားပြီး ဟိုကောင်ကြီးကို သွားပြန်ရှာပြီး အသေနားပမ်ကျင်းမယ် စိတ်ကူးထားတယ် ။ဘယ်လိုပဲဖြစ်ဖြစ် .. သူ ပြေးမလွတ်နိုင်ပါဘူး "
သူ့စကားကို ကြားသောအခါ မျှော်စင်စိတ်ဝိဥာဥ်များ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။
အရေးကြီးကိစ္စများကို အမြဲ သတိထား ကိုင်တွယ်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား ။
" ဒါဆို .. ဒီ ခေါင်းတလားကြီးက ... "
ထိုစဥ် မိန်းကလေး စိတ်ဝိဥာဥ်က ဖြည်းဖြည်းချင်း စကားစ၏။
လောထျန်းက ပြန်ပြောသည်။
" အဝါရောင် ရေပူစမ်းပင်လယ်အောက်က အခြေအနေကို ကြည့်ရတာတော့ ဒီ ခေါင်းတလားက တကယ့် ချုပ်နှောင်ခံထားရတဲ့ဟာနဲ့ တူတယ် ။ ဒါပေမယ့် ဒီဟာကြီးက တစ်ခုခုတော့ လွဲနေတယ်ဗျ "
" တစ်ခုခု လွဲနေတယ် .. ဘာများ ဖြစ်လို့လဲ သခင်လေး "
မျှော်စင် စိတ်ဝိဥာဥ်များ အံ့အားသင့်သွားကြရပြန်သည်။
လောထျန်းက သူတို့အမေးကို ပြန်မဖြေဘဲ လက်ဆန့်ပြီး ခေါင်းတလားကြီးကိုသာ ရိုက်ချလိုက်သည်။
ဖြောင်း ..
ခေါင်းတလား၏ အဖုံးကြီးက ချက်ချင်း ပွင့်သွား၏။
" ဟင် .. "
၎င်းကို မြင်သည်နှင့် မျှော်စင်စိတ်ဝိဥာဥ်များအားလုံး ကြောက်လန့်သွားကြကုန်သည်။
ထို ခေါင်းတလားကြီးထဲတွင် အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခုအား ချုပ်နှောင်ထားနိုင်သည်ကို သိနေပါရက် ...
လောထျန်းက ယခုကဲ့သို့ အလွယ်တကူ ဖွင့်လိုက်သတဲ့လား။
ထိုစဥ် လောထျန်းက လေထဲသို့ ပျံတက်ပြီး ခေါင်းတလားပေါ်တွင် ခြေတစ်ဖက်တင်ကာ အထဲသို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ ချက်ချင်းပင် မျက်မှောင်ကြုံ့သွား၏။
" အဲ့လိုကိုး ... "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" ဘာလို့လဲ သခင်လေး ၊ ဘာဖြစ်လို့လဲ "
မျှော်စင်စိတ်ဝိဥာဥ်များက လောထျန်းကို ကြည့်ကာ အလန့်တကြား မေးလိုက်ကြ၏။
" ကိုယ်တိုင်သာ လာကြည့်ကြတော့ဗျာ "
လောထျန်းက ပြောလိုက်သည်။
သို့သော် .. မျှော်စင်စိတ်ဝိဥာဥ်များမှာ ရှေ့မတိုးရဲကြပါချေ။
သူတို့ အချိန်အတန်ကြာ ငြိမ်နေကြပြီး နောက်မှသာ အလင်းလုံးက ရှေ့ထွက်လာပြီး ပြော၏။
" ကျုပ် ကြည့်မယ်ဗျာ "
ထို့နောက် သူ လောထျန်းရှေ့သို့ ပျံသန်းသွားကာ ခေါင်းတလားအတွင်းသို့ ငုံ့ကြည့်လိုက်သည်။
သူသည်လည်း ခေတ္တမျှ အံ့သြမှင်သက်သွား၏။
" ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. "
အလင်းလုံးက တအံ့တသြ ရေရွတ်လိုက်သည်။
" ဘာဖြစ်လို့လဲ .. "
ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း တစ်စုံတစ်ခု လွဲနေပြီကို ရိပ်မိကာ အရဲစွန့်ပြီး ရှေ့တိုးလာကြသည်။
သူတို့သည်လည်း ခေါင်းတလားအနီး ရောက်လာသည်နှင့် အံ့သြမှင်သက်သွားကုန်ကြ၏။
အဘယ့်ကြောင့်ဆိုသော် .. ဧရာမ ခေါင်းတလားကြီးအတွင်း၌ ... သွေးများစွန်းနေသည့် မရေမတွက်နိုင်သော အဝတ်စများနှင့် ခေါင်းတလား အလယ်တည့်တည့်တွင် ထားထားသော အမည်းရောင် ဓားတစ်လက်မှ လွဲ၍ အခြား မည်သည့်အရာမှ ရှိမနေသောကြောင့်ပင်။
" ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အချုပ်အနှောင်က ဗလာကြီး ဖြစ်နေတာလား ..။ အထဲမှာ ချုပ်နှောင်ထားတဲ့ ကြောက်စရာအရာကြီးက သေသွားလို့များလား "
မိန်းကလေး စိတ်ဝိဥာဥ်က တအံ့တသြ မေးလာသည်။
ပညာရှိစိတ်ဝိဥာဥ်က အလေးအနက် မျက်နှာထားဖြင့် ပြန်ပြော၏။
" မဖြစ်နိုင်ဘူး ။ ငါတို့ရဲ့ အရင် သခင်ကြီး ပြောတာတော့ အဲ့မှာ ချုပ်နှောင်ထားတဲ့ အရာကြီးက အစွမ်းထက်လွန်းလို့ အချုပ်အနှောင်ကတောင် သူ့ကို လုံးဝ မသတ်နိုင်ဘူးတဲ့ ။ တကယ်လို့ .. သူ အချုပ်အနှောင်ကြောင့် သေသွားခဲ့တယ် ဆိုရင်တောင် သူ့အလောင်းကတော့ အကောင်းတိုင်း ကျန်နေသင့်တာလေ "
အလင်းလုံးက အံ့သြတုန်လှုပ်စွာ ဝင်ပြောသည်။
" ဒါဆို .. အဲ့ကောင်ကြီးက ထွက်ပြေးသွားပြီ ဆိုတဲ့ သဘောလား "