ဇနီးမယားဖြစ်ရခြင်း
Vol. 30 Ch. 414
ရင်ပြင်အစွန်းတွင် ကျန်းလန်နှင့် လုန်ယွိတို့ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။
လုန်ယွိ၏ အနီရောင်မင်္ဂလာဝတ်စုံက အလွန်ရှည်လျားလှပလွန်းပြီး နတ်ဘုရားတိမ်တိုက်များက သူမပတ်ဝန်းကျင်တွင် လွင့်ပျံလျှက် ရှိလေရာ သူမသည် ကောင်းကင်ဘုံမှ နတ်မိမယ်လေးတစ်ပါးအလား ထင်မှတ်ရ၏။
သူမနှင့် ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင်ရောင်စဉ်အလင်းတန်းများက ခပ်ဖျော့ဖျော့ တောက်ပနေလေရာ မြင်ကွင်းက ကြီးကျယ်ခမ်းနားလွန်းလှသည်။
မင်္ဂလာသတို့သားသတို့သမီးတို့ရှေ့တွင် မျက်နှာကို ပုဝါဖြင့် ဖုံးကွယ်ထားသည့် ကျင့်ကြံသူ မိန်းမပျိုးတစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။ သူမသည်ကား ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့ပင် ဖြစ်သည်။
စေ့စပ်ပွဲတွင်တော့ ဘိသိက်သွန်းစဉ် နဂါးမျိုးနွယ်များဘက်မှ ပါဝင်ခဲ့သော်လည်း ယခု မင်္ဂလာပွဲတွင်တော့ ပါဝင်ခြင်း မရှိပေ။
မြောင်ယွဲ့က ကျန်းလန်နှင့် လုန်ယွိကို ကြည့်လိုက်ပြီး လက်ကိုဆန့်တန်းလိုက်သည်။ သူမ၏လက်မှ အလင်းရောင်ဖျော့ဖျော့တစ်ခုထွက်ပေါ်လာသည်။
ထို့နောက် အလင်းရောင်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုစက်ဝန်းထဲတွင် အဆုံးမရှိသည့် နက်နဲဆန်းကျယ်မှုများ ပါဝင်နေလေရာ ပတ်ဝန်းကျင်မှ လူအများ ရင်သပ်ရှုမော ဖြစ်သွားကြရသည်။
အလင်းရောင်စက်ဝန်းက ကျန်းလန်နှင့် လုန်ယွိရှေ့သို့ ဖြည်းဖြည်းချင်း ကျရောက်ဆင်းသက်လာသည်။
ထိုအလင်းရောင်စက်ဝန်းကို တွေ့မြင်လိုက်သည်နှင့် ကျန်းလန်နှင့်လုန်ယွိတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး လက်ဖဝါးများကို ဖြည်းညင်းစွာ ဖြန့်လိုက်ကြသည်။
အလင်းရောင်စက်ဝန်းက သူတို့လက်ဖဝါးများထက်သို့ ကျရောက်သွားပြီး သူတို့နှင့် ချိတ်ဆက်သွားသည်။
"ဘုန်း"
အလင်းရောင်စက်ဝန်း ကွဲအက်သွားပြီး အလင်းရောင်များ ပွင့်လန်းကာ ရင်ပြင်တစ်ခုလုံး လင်းထိန်တောက်ပသွား၏။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အင်းသင်္ကေတများထွက်ပေါ်လာပြီး ကျန်းလန်နှင့် လုန်ယွိ၏ လက်ကောက်ဝတ်ဆီသို့ ဝင်ရောက်သွားကြသည်။
ယခင် စေ့စပ်ပွဲနေ့ရက်က ပြုလုပ်ခဲ့သည့် လက်ထပ်စာချုပ်သည် ပိုမိုခိုင်မာလာဟန် ရှိသည်။
ကျန်းလန်သည်လည်း လုန်ယွိအပြင် အခြားမိန်းမတစ်ယောက်နှင့် ပတ်သက်ခွင့်မရှိသလို လုန်ယွိသည့်လည်း ကျန်းလန်မှလွဲပြီး အခြားယောကျ်ားတစ်ယောက်နှင့် ပတ်သက်ခွင့် မရှိပေ။
ဤသည်က ထိန်းမြားခြင်း၏ သစ္စာတရား ဖြစ်သည်။
ကျန်းလန်ကတော့ ထိုအချက်များကို အရေးမစိုက်ပေ။
သူက သူ့ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေမည်ဟု စိတ်ကူးထားခဲ့သူ ဖြစ်သည်။
ရှောင်ယွိကိုလက်ထပ်ရခြင်းသည်ပင် တောင်သခင်များ စီစဉ်ပေးသောကြောင့် ဖြစ်လေရာ နောက်ထပ်မိန်းကလေးတစ်ယောက်ဆိုသည်ကတော့ သူ့ဘဝတွင် နောက်တစ်ယောက် ရှိလာတော့မည် မဟုတ်ပေ။
ယခု လုန်ယွိသည် ခေါင်းကို အနီရောင်ပုဝါစဖြင့် ဖုံးအုပ်ထားပြီဖြစ်သော်လည်း သူမမျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုများကို ကျန်းလန်တွေ့မြင်နေရဆဲ ဖြစ်သည်။
အလင်းရောင်များကို လက်ခံယူရန် ခွဲခွာခဲ့ကြသည့် လက်များသည် ယခုအခါ ပြန်လည်းဆုပ်ကိုင်ထားကြပြီ ဖြစ်သည်။
"အခမ်းအနားပြီးပါပြီ"
ကျက်သရေရှိလှသည့် အသံတစ်သံက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ် ပျံ့နှံ့သွားသည်။
"ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲအတွက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုပါတယ်"
ရောက်ရှိနေသည့် ဧည့်ပရိတ်သတ်များက အုံးအုံးကြွက်ကြွက်ပင် အားပေးအော်ဟစ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အတွင်းသို့ သွားရောက်ရန် လမ်းတစ်ခု ထွက်ပေါ်လာသည်။
ကျန်းလန်နှင့် လုန်ယွိတို့က ဧည့်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်စကားပြောပြီးနောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။
အပြင်ဘက်ရှိ မင်္ဂလာဧည့်ခံပွဲမှ ဆူညံသံများ ယောင်ဝါးဝါး ကြားနေရသည်။ မင်္ဂလာဧည့်ခံပွဲဖြစ်သည့်အတွက် ဧည့်သည်များကို အစားအသောက် ၊ မင်္ဂလာသေရည်များဖြင့် ဧည့်ခံရမည်ပင်။
သို့သော် သူတို့နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။ သူတို့ (၂)ယောက်က မင်္ဂလာအခမ်းအနား ပြီးဆုံးသည်အထိသာ နေထိုင်ရန်လိုအပ်သည်ဟု ဆရာဖြစ်သူက မှာကြားထားသည်။
နောက်ဆက်တွဲဧည့်ခံခြင်းများအတွက် မျက်နှာပြရန် မလိုအပ်တော့ပေ။
***
ခွန်လွန်တောင် ၊အဓိကခန်းမဆောင်။
ကျန်းလန်နှင့် လုန်ယွိ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်နှင့် အထဲတွင် လူအချို့ရှိနေသည်ကို တွေ့လိုက်ရသည်။
ခွန်လွန်တောင်မှ တောင်သခင်များနှင့် နဂါးဧကရီရန်ကျင်းတို့ပင် ဖြစ်၏။
သူတို့အားလုံးက အကြီးအကဲများဖြစ်လေရာ ကျန်းလန်နှင့် လုန်ယွိတို့မှာ အရိပ်အမြွက်မျှပင် မလေးမစား မလုပ်ရဲကြပေ။ သူတို့က အကြီးအကဲများအားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"ကြည့်ရတာ ဘာပြဿနာမှ မရှိလောက်ပါဘူး ၊ ကျုပ်အပြင်သွားပြီး မင်္ဂလာသေရည် သွားသောက်တော့မယ်"
ပြောပြီးသည်နှင့် ကျိုးကျုန်းထျန်းက ဘူးသီးခြောက်ထဲမှ သေရည်တစ်ငုံသောက်ရင်း ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားသည်။
လျိုကျင်းက...
"ဟုတ်တယ် ၊ ဘာပြဿနာမှ မရှိပါဘူး ၊ အသစ်စက်စက် ဇနီးမောင်နှံရဲ့ အချိန်တွေကို ဖြုန်းမနေတော့ဘူး"
ပြောပြီးသည်နှင့် သူလည်း ကျိုးကျုန်းထျန်းနောက်သို့ လိုက်ပါသွား၏။
နောက်ဆုံး ခန်းမဆောင်ထဲတွင် မော့ကျန်းသုန့် ၊ ကျူးချင်နှင့် ရန်ကျင်းတို့သာလျှင် ကျန်ရစ်ခဲ့သည်။
မော့ကျန်းသုန့်က...
"မင်္ဂလာပွဲကတော့ ပြီးသွားပြီ ၊ ဒီခန်းမဆောင်ဘေးမှာ နဝမတောင်ထွတ်ကိုပြန်တဲ့ အလင်းတန်းတံတားတစ်ခု ပြုလုပ်ထားတယ် ၊ မင်းတို့ နှစ်ယောက် ပြန်မယ်ဆိုရင် အဲဒီက ပြန်လို့ရတယ် ၊ အပြင်က ဧည့်သည်တွေအတွက် စိတ်ပူစရာမလိုဘူး"
ပြောပြီးသည်နှင့် မော့ကျန်းသုန့်လည်း အပြင်သို့ ထွက်ခွာသွားသည်။
ကျူးချင်က ကျန်းလန်ကို ကြည့်လိုက်ရင်း...
"မင်းရဲ့ဆရာကတော့ မင်းရဲ့ အရည်အချင်းတွေကို သိတယ် ၊ ဒါပေမဲ့ နောက်ပိုင်းကျ မင်း ဘာပဲလုပ်လုပ် ရှောင်ယွိအတွက်လည်း ထည့်ပြီး စဉ်းစားပေးပါ ၊ မင်း နားလည်တယ်မဟုတ်လား"
ကျန်းလန်က လေးလေးစားစားပင် ခေါင်းညိတ်လိုက်ရင်း...
"ဆရာဒေါ်လေး စိတ်ချပါ"
ရှောင်ယွိကြောင့် သူ့ဘဝအကြောင်းအရာ အတော်များများ ပြောင်းလဲသွားမည်ဖြစ်ပြီး ဤသည်က ရှောင်လွှဲမရသည့် ကိစ္စတစ်ခုပင်။
လူဆိုသည်က တာဝန်ဝတ္တရားများကို ရှောင်လွှဲမရနိုင်ပေ။
ဆရာဖြစ်သူအတွက် နဝမတောင်ထွတ်ကို တာဝန်ယူပေးရမည်ဖြစ်သလို ရှောင်ယွိအတွက်လည်း အလားတူပင် ဖြစ်သည်။
ကျူးချင်က ရှောင်ယွိကိုကြည့်လိုက်ရင်း...
"ရှောင်ယွိ ၊ အခုချိန်ကစပြီး မင်းက အိမ်ထောင်သည်ဖြစ်သွားပြီ ၊ နောက်ဆို ဘာပဲလုပ်လုပ် မင်းမှာ အိမ်ထောင်ရှိနေပြီဆိုတာ သတိထားရမယ်"
"တပည့် နားလည်ပါပြီ"
လုန်ယွိက ခေါင်းညိတ်ရင်း အလေးအနက်ပင် ဆိုသည်။
သူမအသံက တည်ငြိမ်နေပြီး အရင်နှင့်မတူတော့ကြောင်း ကျူးချင်ရိပ်မိလိုက်သည်။
သို့သော် သူမ မည်သည့်စကားမှ ထပ်မံမှာကြားခြင်း မပြုတော့ပေ။
အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်ပြီး သူမတွင်အတွေ့အကြုံမရှိပေ။ ထို့ပြင် သူမ၏ ဂိုဏ်းတူအစ်ကိုအစ်မများသည်လည်း အိမ်ထောင်သည်များ မဟုတ်ကြပေ။
အမှန်တောင် တောင်သခင်များတွင် အိမ်ထောင်ရေးကိုနားလည်သူ တစ်ယောက်မှ မရှိပေ။ ယခု တပည့်ကပင် ဆရာဖြစ်သူထက်သာလွန်သွားပြီဟု ဆိုနိုင်သည်။
ကျူးချင်ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ထဲတွင် နဂါးဧကရီရန်ကျင်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ကျန်းလန်က စကားမဆိုဘဲ ငြိမ်သက်နေသည်။ ရန်ကျင်းက လုန်ယွိ၏ မိခင်ဖြစ်လေရာ သူ့အနေဖြင့် ရိုသေလေးစားရမည်ပင်။
ရန်ကျင်းက ကျန်းလန်ကို ကြည့်လိုက်ရင်း...
"မင်း အားတဲ့အခါ နဂါးနန်းတော်ကို အလည်အပတ်လာခဲ့ပါဦး ၊ အင်း... ဒီလိုကိစ္စတွေက ခွန်လွန်တောင်ရဲ့ ခွင့်ပြုချက်လိုတာ မှန်ပေမယ့် ခွန်လွန်တောင်က ခွင့်ပြုတယ်ဆိုရင်တော့ မင်း မငြင်းလောက်ဘူးလို့ ငါ မျှော်လင့်ပါတယ်"
ကျန်းလန်က သူမကို လေးလေးစားစားပင် ဦးညွှတ်လိုက်ရင်း...
"ကျန်းလန် မငြင်းဝံ့ပါဘူး"
ရန်ကျင်းက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမက လုန်ယွိကို တစ်ချက်လှမ်းကြည့်ပြီး မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားတော့သည်။
လုန်ယွိ အလွန်စိတ်ပျက်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
သူမ ရှောင်ယွိအသွင်ပြောင်းလဲကာ ကျန်းလန်၏နှစ်သိမ့်ပေးမှုကို ချက်ချင်း ခံယူချင်မိသော်လည်း မင်္ဂလာဝတ်စုံကြီးဝတ်ထားသဖြင့် ရှောင်ယွိအသွင် ပြောင်းလဲရန် မသင့်တော်ပေ။
ပြီးတော့ သူမ ရုတ်တရက် နားလည်လိုက်သည်မှာ ယခု သူမက ကျန်းလန်၏ဇနီးမယားဖြစ်သွားပြီဆိုသည့်အချက်ကိုပင် ဖြစ်သည်။
သူမ အနည်းငယ် တုန်လှုပ်သွားမိသည်။
ကျန်းလန်က မည်သူမှ မရှိတော့သည့် ခန်းမဆောင်ကြီးကို အေးဆေးတည်ငြိမ်စွာပင် တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ကိုယ်တို့ တခြားဘာမှလုပ်စရာမရှိတော့ဘူးထင်တယ်"
ဆရာဖြစ်သူက သူ့ကို နဝမတောင်ထွတ်သို့ မည်သည့်လမ်းကပြန်ရမည်ကို ပြောပြသွားခဲ့သည်။
လုန်ယွိက တိုးလျသည့် လေသံဖြင့်…
"ဒါဖြင့် ကျွန်မတို့ နဝမတောင်ထွတ်ကို ပြန်ကြမလား"
လက်ထပ်ပြီးနောက် သူမသည်လည်း ကျန်းလန်နှင့်အတူ နဝမတောင်ထွတ်တွင် နေထိုင်ရမည်ဖြစ်သည်။ နောက်ပိုင်းမှ ကျောက်စိမ်းရေကန်သို့ ပြန်ရမည် ဖြစ်သည်။
ဆရာဖြစ်သူရော လင်စီးယာရောက သူမကို ထိုသို့ပြောခဲ့သည်။
ကျန်းလန်က လုန်ယွိကို အကဲခတ်လိုက်သည့်အခါ သူမ တက်တက်ကြွကြွမရှိသည်ကို ရိပ်မိလိုက်သည်။ မိခင်ဖြစ်သူ၏ အပြုအမူကြောင့် သူမ စိတ်ပျက်သွားဟန် ရှိသည်။
သို့သော် လုန်ယွိအသွင်နှင့်ဖြစ်သည့်တိုင် သူမပုံစံက အရင်လို အေးစက်နေခြင်း မရှိပေ။
ကျန်းလန်က စကားတစ်ခွန်းမှ မဆိုဘဲ လုန်ယွိ၏လက်လေးများကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှထွက်ခွာသွားပြီး နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
သူတို့၏ဦးတည်ရာသည်ကား ကျန်းလန်နေထိုင်ရာ ခြံဝင်းဆီသို့ ဖြစ်လေသည်။
***
ကျန်းလန်နှင့် လုန်ယွိ ပြန်သွားပြီဖြစ်ကြောင်း တောင်သခင်များသိရှိလိုက်ကြသော်လည်း အရေးမစိုက်ကြပေ။ မင်္ဂလာပွဲပြီးဆုံးသွားပြီဖြစ်လေရာ ကျန်းလန်နှင့်လုန်ယွိအတွက် မည်သည့်ကိစ္စမှ မရှိတော့ပေ။
မင်္ဂလာဧည့်ခံပွဲတွင် အကောင်းစားသေရည်အလျှံအပယ်နှင့် အစားအသောက်များကို တည်ခင်းဧည့်ခံသည်။ သေရည်က အလွန်ပင်ထူးခြားကောင်းမွန်လေရာ ခွန်လွန်တောင်တွင် မင်္ဂလာပွဲ တစ်ပွဲတည်းကျင်းပသည်မှာ နှမျောစရာဟု တွေးထင်မိကြသည်။
လုကျန်းက…
"ပြောရမယ်ဆိုရင် တောင်သခင်တွေ လက်ထပ်မယ်ဆိုရင်လည်း ဒီလို ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး ကျင်းပနိုင်တာပဲလေ"
လင်အန်းက…
"ကျုပ်တော့ မထင်ပါဘူးဗျာ ၊ ခွန်လွန်တောင်ဂိုဏ်းချုပ်ကိုယ်တိုင် လက်ထပ်တာဆိုရင်တော့ တစ်မျိုးပေါ့"
ဟုန်လွမ်က…
"ဒါပေမဲ့ တောင်သခင်နှစ်ပါး အချင်းချင်းပြန်လက်ထပ်မယ်ဆိုရင်တော့ အတော်လေး ခမ်းနားနိုင်ပါတယ်"
ပေဖန်းက မည်သည့်စကားမှ မဆိုပေ။
ဤသို့သောကိစ္စများက ဝင်မဆွေးနွေးသည်မှာ ပိုကောင်းသည်။
လုအန်းတို့က သေရည်မူးနေကြပြီဖြစ်လေရာ ပေါက်ကရလေးဆယ်စကားများ စတင်ပြောဆိုနေကြပြီ ဖြစ်သည်။ နောက်ပိုင်းတွင် တောင်သခင်များ၏ ချစ်ရေးချစ်ရာကိစ္စများကိုပင် ဆွေးနွေးလာနိုင်ကြလေရာ ပြဿနာကို လက်ရပ်ခေါ်နေသည့်အလားပင်။
ပေဖန်းကတော့ သေရည်သောက်ခြင်းမရှိပေ။ လုအန်းတို့အုပ်စု သေရည်မူးပြီး မတော်တဆမှုများဖြစ်လာပါက တားဆီးရမည်ဖြစ်သောကြောင့် သေရည်မသောက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
လုကျန်းက သေရည်တစ်ခွက်မော့သောက်လိုက်ရင်း…
"ဘယ်တောင်သခင်က အရင်ဆုံး မင်္ဂလာဆောင်မယ်ထင်လဲ"
"စလာပြီ" ဟု ပေဖန်းတွေးလိုက်သည်။
ဒီကောင်တွေ သောက်စကားမများဘဲ မူးပြီးမှောက်သွားကြလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
***
ကောင်ငယ်လေးက…
"ကျွန်တော် ခွန်လွန်တောင်ခြေမှာနေခဲ့တဲ့တစ်လျှောက်လုံး ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး တစ်ခါမှ မတွေ့ဖူးဘူး ၊ ဟုန်ယာကို သွားခေါ်ဦးမယ် ၊ ဒီလိုပွဲမျိုးဆိုတာက နှစ်ပေါင်း (၁၀၀၀)နေလို့ တစ်ခါ ကျင်းပတာမျိုး မဟုတ်ဘူး"
ပြောပြီးသည်နှင့် ကောင်ငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားသည်။
လုန်မန်ကတော့ ကောင်ငယ်လေးကို အရေးမစိုက်ဘဲ မင်္ဂလာပွဲဧည့်ပရိတ်သတ်များကို အကဲခတ်နေသည်။ မင်္ဂလာပွဲ လာရောက်သူများက များပြားလွန်းလေရာ အစာအသောက်နှင့် သေရည်များ လောက်ငှခြင်း မရှိကြောင်းကို သူ နားလည်လိုက်သည်။
ယခုလိုအချိန်မျိုးတွင် တောင်ကောင်များဖမ်းဆီးပြီး အကင်လုပ်ကာ သေရည်နှင့်မြည်းရန် ဈေးတင်ရောင်းချမည်ဆိုပါက အတော်လေး အလုပ်ဖြစ်ပေလိမ့်မည်။
သို့သော် အစ်မဖြစ်သူ၏ မင်္ဂလာပွဲတွင် ထိုသို့ စီးပွားရေးသောင်းကြမ်းပါက နဂါးမျိုးနွယ်များအတွက် သိက္ခာကျစရာ ဖြစ်နိုင်သည်။
အဋ္ဌမမင်းသား ပြေးထွက်သွားသည့် ကောင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ ဒီကောင်လေးကတော့ မင်္ဂလာပွဲကိစ္စနှင့်ပတ်သက်ပြီး သိက္ခာကျစရာ ဘာမှမရှိပေ။
ထို့ပြင် ဖီရှိုးကိုလည်း ဆွဲထုတ်လာ၍ ရသေးသည်။ ဖီရှိုးသည်လည်း ဝိညာဉ်ကျောက်တုံးများကို နှစ်သက်သဘောကျသည် မဟုတ်ပါလား။
ထိုသို့တွေးမိသည်နှင့် အဋ္ဌမင်းသားက ကောင်ငယ်လေးနောက်သို့ ပြေးလိုက်သွားပြီး…
"ကောင်စုတ်လေး… ပြန်လာခဲ့ ၊ မင်း ဟိုကောင်မလေးကို ဒုက္ခသွားပေးမနေနဲ့ ၊ ကျုပ်တို့ ပိုက်ဆံရှာကြရအောင်"
ကျင်းထင်တို့အုပ်စုသည်လည်း အစားအသောက်များစားရင်း စကားပြောဆိုလျှက် ရှိကြသည်။
ကျင်းထင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း…
"ကြည့်ရတာ ဂိုဏ်းတူညီလေးကျန်းလန်ဇနီးမောင်နှံတော့ ထွက်ဧည့်မခံတော့ဘူး ထင်တယ်"
လင်စီးယာက…
"ဟုတ်တယ် … ၊ မင်္ဂလာပွဲမှာ ဘိသိက်သွန်းပြီးတာနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမ မျက်နှာဆက်ပြဖို့ မသင့်တော်ဘူးလို့ ဆရာပြောတာ ကျွန်မ ကြားခဲ့တယ်"
မှုရှိုးကသက်ပြင်းချလိုက်ရင်း...
"မင်္ဂလာပွဲက တကယ့်ကို ခမ်းနားတာပဲ ၊ ဒုတိယအကြိမ် ဒီလို မင်္ဂလာပွဲမျိုး တွေ့မြင်နိုင်ပါ့မလား ကျွန်မတွေးမိတယ်"
မင်္ဂလာပွဲက ဧည့်ပရိတ်သတ်များပြားသလို ဂုဏ်သရေရှိ လူကြီးလူကောင်းများလည်း တက်ရောက်ကြသည်။
ကျန်းလန်နှင့် ပထမဆုံး ဆုံတွေ့ခဲ့ကြသည့် အဖြစ်အပျက်များကို သူမ ပြန်လည်စဉ်းစားကြည့်မိသည်။
ထိုအချိန်ကတည်းက လုန်ယွိက ကျန်းလန်အပေါ်တွင် အထင်ကြီးခဲ့လေသည်။
ကြည့်ရသည်မှာ ဤသည်က ကံတရားအတိုင်းဟုပင် ဆိုရမည် ဖြစ်သည်။
***