မြို့တစ်မြို့လုံးကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးခြင်း
Vol. 22 Ch. 303
လောထျန်း အံ့အားသင့်သွားကာ ချက်ချင်း ပြောသည်။
" ဒါဆို .. ကျုပ် သတ်ခဲ့တဲ့ ဟို ခေါင်းတလားအသေးထဲက သူတွေက အဲ့ဒီအရာကြီး ချုပ်နှောင်ထားခဲ့တဲ့ သူတွေပေါ့ "
ပညာရှိစိတ်ဝိဥာဥ်က ပြန်ပြော၏။
" ကျုပ် သုံးသပ်ရသလောက် ဆိုရင်တော့ အဲ့လို ဖြစ်နိုင်တယ်ဗျ ။ တကယ်ဟုတ် မဟုတ်ကိုတော့ ကျုပ်လဲ သေချာမပြောနိုင်ဘူး "
လောထျန်းက လက်ကာပြကာ ပြောသည်။
" ဆက်ပြောပါဗျာ "
ပညာရှိစိတ်ဝိဥာဥ်က စကားဆက်၏။
" ဒါပေမယ့် .. တကယ်လို့ သူက ဒါတွေအားလုံးကို လုပ်ခဲ့တယ်ဆိုရင်တောင် .. ကျုပ်တို့ အရင်သခင်ကြီး ချန်ထားခဲ့တဲ့ အချုပ်အနှောင်နဲ့ ဒီ ဓားမြှောင်က သူ့ကို ဒီမှာပဲ ဆက်ပြီး ချုပ်နှောင်ထားနိုင်ဦးမှာဗျ ။ သူ ဘယ်မှ သွားနိုင်ဦးမှာ မဟုတ်ဘူး "
" အဲ့ဒါကြောင့်မို့ သူ ဒီ ထွင်းစာတွေကို ဆက်ပြီးသုံးသွားတာ "
သူက ပြောပြောဆိုဆိုပင် ပြန်အသက်သွင်းသည့် ထွင်းစာများကို ညွှန်ပြသည်။
" သူက ဒီထွင်းစာတွေက ပေးတဲ့ ပြန်အသက်သွင်းခြင်းအစွမ်းနဲ့ ဒီကနေ ထွက်ပြေးနိုင်ခဲ့တာပဲ "
အလင်းလုံးက တအံ့တသြ ဝင်ပြောသည်။
" ဒါဆို .. သူက ထွက်ပြေးနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် အပိုင်းပိုင်းဖြစ်အောင် လုပ်ခဲ့တာပေါ့ ။ အဲ့လောက်ကြီး လိုအပ်လို့လားဗျာ "
လောထျန်းက မျက်မှောင်ကြုံ့၍ ပြော၏။
" တကယ် မဖြစ်မနေ လိုအပ်တာ ဖြစ်နိုင်တယ် "
မျှော်စင် စိတ်ဝိဥာဥ်များအားလုံး သူ့အား ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
လောထျန်းက ဓားမြှောင်ကို စိုက်ကြည့်နေရင်း စကားဆက်၏။
" အဲ့ဒီ ဓားက ထူးခြားတဲ့ အစွမ်း ရှိတယ်ဗျ ၊ အဲ့လို သာမာန်မဟုတ်တဲ့ နည်းကိုမှ မသုံးရင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "
မျှော်စင်စိတ်ဝိဥာဥ်များက လောထျန်းအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ထွက်ပြေးရန် မဖြစ်နိုင်ဘူးတဲ့လား ..
သို့ဆိုလျှင် ..အစောက လောထျန်း မည်သို့ ထွက်ပြေးနိုင်ခဲ့ပါသနည်း ..
ထိုစဥ် ပညာရှိစိတ်ဝိဥာဥ်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာ၏။
ထို ကြောက်စရာကောင်းသည့် အရာကြီးက လွတ်မြောက်ရန်အတွက် ကိုယ့်ကိုကိုယ် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ခဲ့ရသော်လည်း ..
လောထျန်းကမူ တခဏအတွင်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါသည်။
သို့ဆိုလျှင် .. လောထျန်းက ထိုအရာကြီးထက် ပိုကြောက်စရာ ကောင်းနေပါသလား ။
" ဒါဆို .. ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ အကိုကြီး "
အလင်းလုံးက မေးလာသည်။
ပညာရှိစိတ်ဝိဥာဥ်မှာ ထိုအချိန်မှသာ အသိစိတ် ပြန်ကပ်သွားပြီး သက်ပြင်းချ၏။
" ငါလဲ မသိဘူးကွ .. ။ ဒီကိစ္စက ငါ့ လုပ်နိုင်စွမ်းထက် ပိုကျော်သွားပြီ။ သခင်လေးရော .. ဘယ်လိုထင်လဲ "
သူ ထိုသို့ပြောကာ လောထျန်းအား ကြည့်လိုက်သည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ဒီကိစ္စက ရိုးရှင်းပါတယ် .. "
" ဟင် .. "
ကျန်စိတ်ဝိဥာဥ်များအားလုံး လောထျန်းအား ကြည့်လိုက်ကြပြန်သည်။
လောထျန်းက တည်တည်ငြိမ်ငြိမ် စကားဆက်၏။
" ပညာရှိကြီး ပြောတဲ့အတိုင်းဆို .. ဒီကြောက်စရာ အရာကြီးက ပြန်အသက်သွင်းခြင်းအစွမ်းကို သုံးပြီး ထွက်ပြေးသွားခဲ့တာ မဟုတ်လား။ ဒါဆို .. အချိန်တစ်ခုကြာရင် သူ ဒီကို ပြန်ရောက်လာနိုင်တာပေါ့ "
ပညာရှိစိတ်ဝိဥာဥ်က ခေါင်းညိတ်သည်။
" ကျုပ် ပြန်အသက်သွင်းခြင်းအစွမ်းကို သေချာကြီး နားမလည်ပေမယ့် သူ ပြန်လာမှာတော့ သေချာတယ် "
လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။
" သူ ပြန်လာတဲ့အခါ .. ပြဿနာတစ်ခုခု ရှာလာခဲ့ရင် အချိန်ဆွဲမနေဘဲ ချက်ချင်းသာ သတ်ပစ်လိုက်ရုံပေါ့ "
မျှော်စင်စိတ်ဝိဥာဥ်များ ဆွံ့အကုန်ကြ၏။
ကြောက်စရာအရာကြီးကို သတ်မယ်တဲ့လား ..
အကယ်၍ ထိုစကားကို အခြားသူတစ်ယောက်ကသာ ပြောလာပါက ထိုလူအား အရူးဟုသာ သူတို့ ထင်မိကြမည်ဖြစ်သည်။
သို့သော် ယခု ပြောလာသူက လောထျန်း ဖြစ်နေသဖြင့် ၎င်းမှာ ဖြစ်နိုင်ချေ ရှိကြောင်း သူတို့ သိပါသည်။
လောထျန်း၏ အစွမ်းကို သူတို့ မြင်ခဲ့ကြရသည် မဟုတ်ပါလား။
သူသာ နောက်ထပ် ကျင့်ကြံခြင်းအဆင့် အနည်းငယ် မြင့်သွားခဲ့ပါက သူ့အစွမ်းကလည်း ထိုအရာကြီးကို သတ်နိုင်သည့်အဆင့်ထိ ရောက်သွားမည် ဖြစ်ပါသည်။
ထိုကြောက်စရာ အရာကြီး တိုက်ခိုက်သည်ကို သူတို့ တစ်ခါမှ မတွေ့ဖူးသည့်တိုင် ..
လောထျန်းအနေဖြင့် ၎င်းအား သတ်နိုင်ချေ ရှိမှန်း သူတို့ နားလည်ပါ၏။
ထိုသို့တွေးကာ သူတို့ စိတ်သက်သာရာ ရသွားကြသည်။
" သခင်လေး ၊ အခု ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲဗျ "
ပညာရှိစိတ်ဝိဥာဥ်က မေးလိုက်သည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ဖြေ၏။
" ကျုပ် ဆုမီတောင်ကို ဒီကနေ ထုတ်သွားချင်တယ် "
ပညာရှိစိတ်ဝိဥာဥ်က ဆုမီတောင်သည် အလွန်အစွမ်းထက်သော မသေမျိုးလက်နက်တစ်ခုဟု ပြောထားဖူးသည် မဟုတ်ပါလား။
သို့ဖြစ်ရာ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု နှင့် ကြုံလာပါက သူ့အနေဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အစွမ်းထက်သော လက်နက်များ လိုအပ်ပါသည်။
ဆုမီတောင်ကဲ့သို့ အစွမ်းထက်သော လက်နက်တစ်ခုသာ ရှိထားပါက သူ့အတွက် အောင်မြင်နိုင်ချေလည်း ပိုများမည်ဖြစ်၏။
" ဟုတ်ကဲ့ ။ ချုပ်နှောင်ထားတဲ့ အရာကြီးက ထွက်ပြေးသွားခဲ့ပြီဆိုတော့ ဆုမီတောင်ကို ဒီမှာ ဆက်ထားလဲ ဘာမှ မထူးတော့ပါဘူး။ အဲ့တော့ သခင်လေး သဘောအတိုင်း သယ်ချင်ရင် သယ်ထုတ်သွားလို့ ရပါတယ်ဗျာ "
ပညာရှိစိတ်ဝိဥာဥ်က ခေါင်းညိတ်လိုက်သည်။
ထိုစဥ် လောထျန်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလာ၏။
" ဒါနဲ့ .. ဆုမီတောင်မှာ အခွင့်ကောင်းတွေရှိတဲ့ လျှို့ဝှက်ဒေသတွေ ရှိတယ်မဟုတ်လား "
ပညာရှိစိတ်ဝိဥာဥ်က ခေါင်းညိတ်ကာ ပြန်ပြော၏။
" ရှိတာပေါ့ဗျာ "
လောထျန်း : " ဒါဆို ကျုပ် အဲ့လျှို့ဝှက်ဒေသကို ဖွင့်လို့ရလား "
ပညာရှိစိတ်ဝိဥာဥ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" သခင်လေးက ဆုမီတောင်ရဲ့ သခင်တောင် ဖြစ်နေပြီလေဗျာ ၊ ဘယ်အချိန်ဖွင့်ဖွင့် ဖွင့်လို့ရတာပေါ့ "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
ဆုမီတောင်မှ လျှို့ဝှက်ဒေသများကို သူ့စိတ်ကြိုက် ဖွင့်၍ရပြီဖြစ်ရာ .. ၎င်းမှာ ပျောင်ပိုင်မြို့မှ လူငယ်များအတွက် အလွန်ကောင်းသော အခွင့်အရေးကြီး ဖြစ်ပါသည်။
" ကောင်းတယ်ဗျာ .. ဒါဆို သွားကြတာပေါ့ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် ကံတရားမျှော်စင်မှ ထွက်လာပြီး လေထဲသို့ ပျံတက်လိုက်သည်။
ထို့နောက်တွင်မူ သူ လက်နှစ်ဖက်လုံး သုံး၍ အစီအမံများ ဆက်တိုက် ပြုလုပ်လိုက်၏။ သူ့အောက်မှ ဆုမီတောင်ကလည်း အသံကျယ်ကြီး ပေးကာ မြေပြင်မှ မြှောက်တက်လာသည်။
" အင်း .. ဒီတစ်ခေါက် ကိင့်ကြံခြင်းအဆင့် တက်ပြီးသွားတော့ ဆုမီတောင်ကို ထိန်းချုပ်ရတာ ပိုလွယ်သွားသလိုပဲ ။ စိတ်စွမ်းအင် သုံးတဲ့နှုန်းကလဲ ဘာမှ မပြောပလောက်တော့ဘူး "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထို့နောက် သူ အစီအမံတစ်ခု ထပ်လုပ်လိုက်ပြန်၏။ ဧရာမ ဆုမီတောင်ကြီးကလည်း တဖြည်းဖြည်း စကျုံ့လာသည်။
တခဏအကြာတွင်မူ ဆုမီတောင်ကြီးက ဘွန်ဇိုင်းပင် အရွယ်အစားလောက်သာ ဖြစ်သွားတော့၏။
ရုတ်တရက် ဖြစ်သွားသည့် အပြောင်းအလဲက ကြီးမားလွန်းသဖြင့် နတ်ဆိုးတစ်သောင်းလွင်ပြင်မှ သားရဲများစွာပင် လန့်သွားကြပြီး ..
နတ်ဆိုးဘုရင် ၉ ယောက် ဝုန်းခနဲ အပြေးရောက်လာကြသည်။
ထို့နောက် သူတို့ လောထျန်းကို မြင်သွားကာ အလွန်ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
သူတို့ထဲတွင် အရိုးဖြူ ပညာရှိက အဆိုးဆုံး ဖြစ်ပါသည်။
သူ ယခင်က လောထျန်းအား လှည့်ကွက်သုံးပြီး ချာက်ချရန် စီစဥ်ခဲ့ဖူးသည် မဟုတ်ပါလား ။ လောထျန်းက ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မပြောခဲ့သည့်တိုင် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုက ရှိနေဆဲပင်။
လောထျန်းက တစ်နေ့တွင် စိတ်ကူးပေါက်ပြီး သူ့ဘက်လှည့်၍ သူ့ကို ဖျက်ဆီးပစ်လာမည်ကို သူ အလွန်စိုးထိတ်နေသည်။
" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး "
နတ်ဆိုးဘုရင် ၉ ယောက်လုံး ချက်ချင်း ဒူးထောက်လိုက်ကြသည်။
" အင် .. မင်းတို့ကိုး .. "
ထိုစဥ် လောထျန်းက သူတို့ကို ကြည့်ရင်း ရုတ်တရက် စိတ်ကူးတစ်ခု ရသွားဟန်ဖြင့် ပြော၏။
" ငါ ဆုမီတောင်ကို ဒီကနေ သယ်ထုတ်သွားတော့မှာမို့လို့ ဒီက ကန့်သတ်ချက်တွေကိုလဲ ပြန်ရုတ်သိမ်းလိုက်ပြီ။ အဲ့တော့ မင်းတို့တွေလဲ ဒီက ထွက်သွားလို့ရပြီ ။ ငါ မေးချင်တာက .. မင်းတို့ ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒ ရှိကြလား "
" ဒီကနေ ထွက်သွားလို့ ရပြီ ... "
ထိုစကားကို ကြားသည်နှင့် နတ်ဆိုးဘုရင်များ အံ့သြမှင်သက်ကုန်ကြသည်။
သူတို့ ဤနေရာတွင် ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်မှာ မျိုးဆက်များစွာ ကြာသွားခဲ့ပြီ ဖြစ်ပါသည်။ ဤနေရာမှ ထွက်သွားမည့် အတွေးကိုပင် သူတို့ လက်လျှော့ခဲ့သည်မှာ ကြာပြီဖြစ်၏။
ယခု လောထျန်းက သူတို့ လုံးဝ မျှော်လင့်မထားသည့် စကားကို ပြောလာသည့်အတွက် နတ်ဆိုးဘုရင်များ အလွန်ဝမ်းသာပျော်ရွှင်သွားကြသည်။
" ကျုပ် သခင်လေးနဲ့ လိုက်ခဲ့ချင်ပါတယ် "
သူတို့ထဲမှ အမြီးခြောက်ချောင်း မြေခွေးက စပြောလာသည်။သူ ထိုသို့ ပြောလိုက်စဥ်တွင်လည်း လောထျန်းအား ကလူကျီစယ်အကြည့်ဖြင့် ကြည့်လိုက်သေး၏။
လောထျန်းမှာ ထိုမြေခွေးအား အသေ ရိုက်သတ်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရပြီး ကျန် နတ်ဆိုဘုရင်များဘက် ကြည့်လိုက်သည်။
ကျန် နတ်ဆိုးဘုရင်များမှာ ခေတ္တမျှ တုန့်ဆိုင်းနေသေးသော်လည်း မကြာခင်မှာပင် သဘောတူကြောင်း ပြောလာကြ၏။
အရိုးဖြူ ပညာရှိသည်ပင် ထိုအကြံကို သဘောတူခဲ့သည်။
သူသည် လောထျန်းနောက်လိုက် လုပ်ရမည်ကို အနည်းငယ် စိတ်မဖြောင့်လှသော်လည်း ဤနေရာမှ ထွက်သွားချင်စိတ်က ကြီးလွန်းနေသဖြင့် လောထျန်းနောက် လိုက်ရန်သာ ဆုံးဖြတ်လိုက်၏။
သူ ဤနေရာမှ ထွက်သွားနိုင်လျှင် လောထျန်းလက်မှ လွတ်နိုင်မည့် အခွင့်အရေးကိုလည်း ရနိုင်သည် မဟုတ်ပါလား။
နတ်ဆိုးဘုရင်များအားလုံးက သူနှင့် လိုက်ရန် သဘောတူကြသဖြင့် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" ကဲ .. ဒါဆို ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ သစ္စာဆိုရင် ငါ မင်းတို့ကို ခေါ်သွားမယ် "
" ဟင် ... "
အခြားနတ်ဆိုးဘုရင်များမှာ ထိုသို့ သစ္စာဆိုရမည်ကို ပြဿနာမရှိလှသော်လည်း အရိုးဖြူ ပညာရှိကမူ ထိုစကားကို ကြားသည်နှင့် တစ်ကိုယ်လုံး အေးခဲသွား၏။
" သခင်လေး .. သခင်လေးအပေါ်ထားတဲ့ ကျုပ်တို့ရဲ့ သစ္စာစောင့်သိမှုက ရှင်းရှင်းလင်းလင်း သိသာနေတာပဲဗျာ ။ ဘာလို့ ကျိန်ဖို့ လိုဦးမှာလဲ "
အရိုးဖြူ ပညာရှိက အနည်းငယ် တင်းနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
လောထျန်း၏ မျက်နှာထား ချက်ချင်း အေးစက်သွား၏။
" မင်းက ငါ့ကို အရူးလို့ ထင်နေတာလား "
လောထျန်းက သူ့အား အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
ထိုအရိုးဖြူကြီးက အစောကတည်းက သူနှင့် မလိုက်ချင်ဟု ငြင်းခဲ့လျှင် သူ မည်သို့မှ နေမည် မဟုတ်ပါချေ။ ယခုမူကား ထိုသူက သူ့နောက် လိုက်ခဲ့ချင်သည်ဟု ပြောပြီး ယခု ကျိန်ဆိုခိုင်းကာမှ ထိုစကားမျိုး လာပြောနေ၏။ ထိုအရိုးဖြူကြီးက သူ့အား အမြတ်ထုတ်ချင်နေသည်မှာ သိသာလှပါသည်။
အရိုးဖြူ ပညာရှိကြီးမှာ လောထျန်း၏ အကြည့်အောက်တွင် တစ်ကိုယ်လုံး အေးခဲပြီး သေသွားတော့မလိုပင် ခံစားလိုက်ရတော့သည်။
" ကျုပ် .. ကျုပ် သစ္စာဆိုဖို့ ဆန္ဒရှိပါတယ် "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်၏။
သူ ဆက်ပြီး လှည့်စားရန် အကြံထုတ်နေပါက အသက်ဆုံးသွားရပေလိမ့်မည်။
ဤသို့ဖြင့် နတ်ဆိုးဘုရင် ၉ ယောက်လုံးက လောထျန်းအပေါ် သစ္စာစောင့်သိမှုကို ပြသည့်အနေဖြင့် အားလုံး သစ္စာဆိုလိုက်ကြတော့သည်။
အားလုံးပြီးသွားပြီးနောက် .. လောထျန်းက ခေါင်းညိတ်၏။
ထိုနတ်ဆိုးဘုရင်များ၏ ပါရမီက အတော်အသင့် ကောင်းသည့်အထဲ ပါပေရာ သူတို့ကို အခွင့်ကောင်းများ သေချာပေးလိုက်ပါက အနာဂါတ်တွင် အသုံးဝင်လာနိုင်ပါသည်။
ထို့နောက်တွင်မူ .. သူ နတ်ဆိုးဘုရင်များနှင့်အတူ လျှို့ဝှက်ဒေသထဲမှ ထွက်လာခဲ့လိုက်၏။
မကြာမီမှာပင် ..
လောထျန်း ပျောင်ပိုင်မြို့သို့ ပြန်ရောက်သွားတော့သည်။
" ကဲ .. အရင်ဆုံး ဆုမီတောင်ကို ထားဖို့ နေရာအရင်ရှာရမယ် "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ဆုမီတောင်သည် တိုက်ပွဲတွင် အလွန်အသုံးတည့်သည့် မသေမျိုးလက်နက်တစ်ခု ဖြစ်သော်လည်း ..
ကျန်အချိန်များတွင် အခြားသူမျအတွက် အခွင့်ကောင်းများ ရနိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။
ထို့ကြောင့် ၎င်းအား ပျောင်ပိုင်မြို့တွင်ပင် ထားရန် လောထျန်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုအချိန် .. လူနှစ်ယောက်က .. ပျောင်ပိုင်မြို့ တောင်ဘက်သို့ ဦးတည်ပြီး ဖြည်းညင်းစွာ လျှောက်လာကြသည်။
" ဒီနေရာက ပျောင်ပိုင်မြို့လား ။ ဒီမှာ မသေမျိုးအစွမ်းရဲ့ အစအနတောင် ရှိမနေပါလား ..။ ကျုပ်အနေနဲ့ ဒီနေရာမျိုးကိုလာဖို့ ဘာလို့ လိုရတာလဲဆိုတာ နားကို မလည်တော့ဘူး "
သက်လတ်ပိုင်းအရွယ် ဓားသမားတစ်ယောက်က အထင်သေးသည့် မျက်နှာဖြင့် ပြောလိုက်သည်။
သူ့ဘေးမှ အဘိုးအိုက နှစ်လိုဖွယ်အပြုံးဖြင့် ပြန်ပြော၏။
" ဘယ်လိုပဲဖြစ်ဖြစ် .. ဒီဟာက နတ်ဘုရားရဲ့ ဆန္ဒပဲ သခင်ကြီးရယ် ။ အဲ့တော့ စိတ်မပါရင်တောင် တစ်ခါတည်း အပြီးရှင်းလိုက်တာက ကောင်းတာပေါ့ဗျာ "
သက်လတ်ပိုင်းအရွယ် ဓားသမားက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောသည်။
" ကောင်းပြီလေ ။ ဒီနေ့ ကျုပ် စိတ်ကောင်းလဲ ဝင်နေတာဆိုတော့ မြို့တစ်မြို့ကို ဓားတစ်ချက်တည်းနဲ့ ဘယ်လိုဖျက်ဆီးရတယ် ဆိုတာကို ပြမယ် "
သူက ပြောပြောဆိုဆိုပင် ဓားရိုးအား လက်တစ်ဖက်တည်းဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်မှာပင် ...
" အင်း .. အဲ့နားလေးဆို မဆိုးဘူး "
လောထျန်းက ထိုသို့ပြေုာကာ ဆုမီတောင်အား ပစ်လိုက်သည်။