မသေမျိုးအစွမ်းက ဘယ်ကရောက်လာတာလဲ
Vol. 22 Ch. 304
သက်လတ်ပိုင်းအရွယ် ဓားသမားက ဓားရိုးကို ကိုင်ရင်း အထင်သေးဟန်ဖြင့် ပြော၏။
" မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ အဖွဲ့တစ်ခုကများ သူတို့ကိုယ်သူတို့ မြင့်မြတ်နယ်မြေလို့ နာမည်တပ်ရဲနေသေးတယ်။ သူတို့က သေဖို့ လမ်းရှာနေတာနဲ့ ဘာမှ မထူးဘူး ။ ကျုပ်ရဲ့ ဒီဓားက သူတို့ကို ကယ်တင်ပေးတယ်လို့ပဲ ပြောရမှာပဲ "
သူက ထိုသို့ ပြောပြီး ကိုယ်ကို အနည်းငယ်ညွှတ်ကာ ဓားအိမ်ထဲမှ ဓားအား ဆွဲထုတ်ရန် ပြင်လိုက်သည်။
သူ့ဘေးမှ အဘိုးအိုကမူ ၎င်းကို ကြည့်ကာ စိတ်လှုပ်ရှားနေဟန် ရှိ၏။
" ဒီ ခရီးကို လာရတာ တကယ်ကို တန်တာပဲ။ ကမ္ဘာပေါ်က တတိယအကောင်းဆုံး ဓားသမား တိုက်ခိုက်တာကို မြင်ရတော့မယ်။ဒီလိုကိစ္စမျိုးက အင်မတန်ကို မြင်ရခဲတယ် "
သူ တွေးလိုက်သည်။
ထိုအချိန်တွင် ဓားသမားလက်ထဲမှ ဓားက ဓားအိမ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာ၏။
သို့သော် .. ထိုအချိန်မှာပင် သူတို့ခေါင်းပေါ်၌ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။
" ဟင် .. "
လူနှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြ၏။
ထိုစဥ် ပန်းအိုးတစ်လုံးစာ အရွယ်အစားရှိသော ကျောက်တုံးကြီးတစ်ခုက သူတို့ပေါ်သို့ ကျလာနေသည်ကို မြင်လိုက်ရသည်။
ဓားသမားက မျက်မှောင်ကြုံ့ပြီး အေးစက်စက်ပြော၏။
" အဲ့ဒါ .. ဘာလဲ ။ ပျောင်ပိုင်မြို့ရဲ့ ကာကွယ်နည်းစနစ်လား ။ အဲ့လောက် သေးသေးလေးနဲ့ ဘာလုပ်နိုင်မှာမို့လဲ .. "
သို့သော် .. သူ့စကား ဆုံးသည့်အချိန်မှာပင် ..
ဝုန်း ..
လေထဲမှ ပန်းအိုးတစ်အိုးစာ အရွယ်အစားသာ ရှိသည့် ထိုအရာက ရုတ်တရက် အဆ ထောင်ပေါင်းများစွာ ပိုကြီးလာသည်။
ထို့အပြင် . ၎င်း ကျလာသည့် အချိန်တွင်လည်း ကြောက်မက်ဖွယ် ဖိအားကြီးကို ထုတ်လွှတ်နေသေး၏။
" ဘယ်လိုဖြစ်ပြီး .. "
ထိုမြင်ကွင်းကို ကြည့်ကာသူတို့နှစ်ယောက်လုံး အံ့သြမှင်သက်သွားကြသည်။
အဘိုးအိုက အရင်ဆုံး အသိပြန်ကပ်သွားဟန်ဖြင့် နောက်သို့ အသည်းအသန် လှည့်ပြေး၏။
ဓားသမားမှာ အဘိုးအို ပြေးသွားသည်ကို မြင်မှ သတိရပြီး လိုက်ပြေးရန် ပြင်လိုက်သည်။ သို့သော် .. ထိုစဥ်တွင် ဖိအားကြီးက သူ့တစ်ကိုယ်လုံးကို ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေရာ သူ လှုပ်၍ပင် မရမှန်း သိလိုက်ရတော့၏။
" ဒီမအေ &%$% ငါ့ကို အလစ်တိုက်ခိုက်ရဲတယ်ပေါ့လေ။ အဲ့လိုနည်းနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်များ ထင်နေလား ။ ရော့ .. ငါ့ ဓားချက်ကို ကြည့် .... "
သို့သော် .. သူ့စကား မဆုံးခင်မှာပင် ..
ဘုန်း ..
ဆုမီတောင်ကြီးက သူ့အပေါ်သို့ ကျလာကာ ထိုလူ မြေကြီးထဲ ရောက်သွားရတော့သည်။
" ဟင် .. "
ထိုစဥ် ခပ်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သည့် အဘိုးအိုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်နေ၏။
" သူက မသေမျိုးအဆင့် ရောက်ထားတဲ့ လူတစ်ယောက်လေ .. တကယ်ဆို .. ဒီတစ်ခေါက် ဘာပြဿနာမှ မရှိသင့်ဘူး "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ထိုစဥ် ဆုမီတောင်ခြေရှိ အက်ရာကြားထဲမှ သွေးအချို့ စီးထွက်လာ၏။
အဘိုးအို အံ့အားသင့်သွားပြီး နဖူးမှ ချွေးများကို သုတ်ကာ မေးလိုက်သည်။
" သခင်ကြီး .. ဒဏ်ရာရထားတာလား "
ထို့နောက်တွင်မူ ..
ဝီ ..
အစောက အက်ရာကြားမှ မသေမျိုးအစွမ်းများ စီးထွက်လာ၏။
" ဒါ .. ဘယ်လိုလုပ် .. "
အဘိုးအို အလွန်အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
အစောက သွေးများ စီးလာခြင်းက အသေးစား ပြဿနာတစ်ခုသာ ဖြစ်နိုင်သော်လည်း ..
ယခု .. မသေမျိုးအစွမ်းများ စီးထွက်လာခြင်းကမူ အဓိပ္ပါယ်လုံးဝ ကွဲသွားခဲ့လေပြီ။
ထိုမသေမျိုးအစွမ်းများ စီးဆင်းလာသည့် နှုန်းကို ကြည့်ရပါက .. ၎င်းမှာ မသေမျိုးအစွမ်း ၏ မူလလမ်းကြောင်းက ဖျက်ဆီးခံလိုက်ရပြီဆိုသည့် သဘောပင်။
တစ်နည်းအားဖြင့် ဆိုရသော် .. ထိုအစွမ်းပိုင်ရှင် မသေမျိုး သေဆုံးသွားပြီဟု အဓိပ္ပါယ် ရပါ၏။
ယခုတစ်ကြိမ် သူတို့နှစ်ယောက် ဤနေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်မှာ တစ်နေ့တခြား အစွမ်းထက်သထက် ထက်လာသည့် ပျောင်ပိုင်မြို့ကို ဖျက်ဆီးရန် အမိန့်ပေးလာသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကောင်းကင်ဘုံ တံခါးဝအဆင့်ရှိသည့် သူတစ်ယောက်တည်းနှင့် မလုံလောက်မည်စိုး၍ မသေမျိုးအဆင့်မှ ဓားသမားတစ်ယောက်ကိုပါ သူနှင့်အတူ ခေါ်လာခြင်းဖြစ်၏။
ထိုဓားသမားမှာ ကမ္ဘာပေါ်မှ မသေမျိုးအစစ်တစ်ယောက်မဟုတ်သည့်တိုင် သူ့အစွမ်းက အလွန်ကြောက်မက်ဖွယ် ကောင်းပါသည်။
အဘိုးအိုသည် အစပိုင်းတွင် ဤကိစ္စကို သာမာန် လုပ်နေကျ ကိစ္စတစ်ခုဟုသာ သဘောထားပြီး လာခဲ့သော်လည်း ..
သူ ခေါ်လာခဲ့သည့် မသေမျိုးက အလုပ်မစခင်မှာပင် ထိုသို့ ဆိုးဆိုးရွားရွား သေသွားရလိမ့်မည်ဟု မည်သို့ တွေးမိပါမည်နည်း ။
ပျောင်ပိုင်မြို့မှ လူများက သူတို့ ကြံစည်နေသည့် အရာများကို ကြိုသိနေသောကြောင့်ပေလား ။
ထို့ကြောင့် သူတို့နှင့် လူချင်းပင် မတွေ့ရသေးခင် ချက်ချင်း အသေသတ်လိုက်ခြင်းပေလား။
ပျောင်ပိုင်မြို့မှာ အလွန် ကြောက်စရာကောင်းလှပေသည်။
အဘိုးအိုမှာ ထိုတခဏတွင် နဖူးမှ ချွေးစေးများ ပြန်လာပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ယင်လာ၏။
ဝုန်း ..
ထိုစဥ် .. ဆုမီတောင်က အောက်သို့ ကျလာပြီးနောက် ကြီးသထက် ပိုကြီးလာကာ အဘိုးအို ရှိသည့် နေရာသို့ တဖြည်းဖြည်း တိုးလာသည်။
" ဟင် .. ငါ့ကိုပါ သတ်ဖို့ လုပ်နေတာလား "
အဘိုးအို အလွန်ကြောက်လန့်သွားကာ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးလိုက်သည်။
သို့သော် .. ဆုမီတောင် ကြီးလာသည့်နှုန်းက သူ ထင်ထားသည်ထက် ပိုမြန်နေခဲ့ပါ၏။
စက္ကန့်ပိုင်းမျှ အကြာတွင်မူ ..
ဘုန်း ..
အဘိုးအိုမှာ ဆုမီတောင်ကြီးနှင့် ရိုက်မိသွားတော့သည်။
အွတ် ..
သူ သွေးအန်ပြီး နောက်သို့ ချက်ချင်း လွင့်ထွက်သွား၏။
ထိုစဥ် .. တဖက်မှ လောထျန်းက ဆုမီတောင်အား သေချာထိန်းချုပ်ကာ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။
" ကဲ .. ဒီ ပုံစံဆို ကွက်တိပဲ "
သူ စိတ်ကျေနပ်စွာ ဆို၏။
သူ့ဘေးတွင် ရှိနေကြသည့် နတ်ဆိုးဘုရင် ၉ ယောက်မှာကား ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့အတွက်မူ ဆုမီတောင်သည် မှော်အစွမ်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါ၏။
သို့သော် .. လောထျန်းလက်ထဲတွင်မူ .. ၎င်းက အရုပ်တစ်ရုပ်လိုပင် ။
" သခင်လေး .. ကျုပ်တို့ ဆုမီတောင်ကို တက်လို့ ရလားဟင် "
အမြီးခြောက်ချောင်း မြေခွေးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ယခင်ကဆိုလျှင် ..ကန့်သတ်ချက်များကြောင့် သူတို့ ဘဝတစ်လျှောက်လုံး ဆုမီတောင်အား တစ်ခါမှ မတက်ဖူးခဲ့ကြပါချေ။ ယခု မြင့်မြတ်သော ဆုမီတောင်ကြီးက သူတို့ရှေ့တည့်တည့် ရောက်နေသည့်အတွက် သူ မနေနိုင်ဘဲ မေးလိုက်မိခြင်း ဖြစ်ပါ၏။
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
" ဒါပေါ့ .. တက်လို့ရတယ်လေ "
သူ့စကားကို ကြားသည်နှင့် နတ်ဆိုးဘုရင် ၉ ယောက်၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်သွားကြသည်။
မကြာမီတွင်မူ .. သူတို့ လောထျန်းနောက်မှ လိုက်ကာ ဆုမီတောင်ပေါ်သို့ တက်သွားကြတော့၏။
" ဆုမီတောင်ဆိုတာ .. ဒီလိုလား ။ ဒီတောင်က တကယ်လဲ မြင့်မြတ်တဲ့ တောင်ကြီးပဲကွာ။ ဒီက လေထုကအစ လုံးဝကို ထူးခြားနေတာပဲ "
" ဟုတ်တယ် ၊ တောင်တစ်ခုလုံးလဲ စိတ်စွမ်းအင်ဆေးပင်တွေနဲ့ ပြည့်နေတာ ။ တကယ့် စိတ်စွမ်းအင်ဆေးပင် ဥယျာဥ်ကြီး တစ်ခုလိုပဲ "
" ခဏနေဦး .. ဒီတောင်ပေါ်က အရောင်အဝါက စိတ်စွမ်းအင် တစ်ခုတည်း မဟုတ်သလိုပဲ ။ ဘာများ ပါလိမ့် .. "
" ဒါ .. မသေမျိုးအစွမ်းလာ ၊ ဟုတ်တယ် .. မသေမျိုးအစွမ်းပဲ "
" ဘုရားရေ .. ဆုမီတောင်ပေါ်မှာ တကယ်ကြီး မသေမျိုးအစွမ်း ရှိနေတာလား "
" မြင့်မြတ်တဲ့တောင်လို့ တကယ်ကို ခေါ်ထိုက်ပါတယ်ကွာ "
နတ်ဆိုးဘုရင် ၉ ယောက်လုံး အံ့သြတုန်လှုပ်နေသည့် မျက်နှာများဖြင့် ပြောလိုက်ကြသည်။
သူတို့ဘေးတွင် ရပ်နေသည့် လောထျန်းမှာလည်း ထိုစကားများကြောင့် အံ့အားသင့်သွားကာ ပြော၏။
" ဆုမီတောင်ပေါ်မှာ မသေမျိုးအစွမ်း ရှိနေတယ် .. ဒီကိစ္စကို ငါ ဘာလို့ မသိရတာလဲ "
ထို့နောက် သူ မျက်လုံးမှိတ်ပြီး အာရုံခံကြည့်လိုက်ရာ အမှန်တကယ်လည်း ဆုမီတောင်ဘေးနားတွင် မသေမျိုးအစွမ်း စီးဆင်းနေသည်ကို သိလိုက်ရသည်။
" ဟမ် .. ထူးဆန်းလိုက်တာ ။ ဒီ မသေမျိုးအစွမ်းကို ငါ စောနတုန်းကတောင် မခံစားမိပါဘူး။ အခုမှ ဘယ်ကနေ ရောက်လာတာလဲ '
လောထျန်း နားမလည်နိုင် ဖြစ်သွား၏။
" မဟုတ်မှလွဲရော .. ဟို လျှို့ဝှက်ဒေသနေ ထွက်လာပြီးတော့ ဆုမီတောင်က မသေမျိုးအစွမ်းကို ထုတ်လွှတ်နိုင်သွားတာများလား "
အချိန်အတန်ငယ်ကြာ စဥ်းစားပြီးနောက် သူ ကောက်ချက်ချလိုက်သည်။
ထိုမသေမျိုးအစွမ်းက မည်သည့်နေရာမှ ပေါ်လာသည် ဖြစ်ပါစေ ၊ ကောင်းသောအရာတစ်ခုပင် မဟုတ်ပါလား။
" ကဲ .. မင်းတို့အားလုံး ဆုမီတောင်ပေါ်မှာနေပြီး ကျင့်ကြံလိုက်ကြဦး ။ မင်းတို့ရဲ့အစွမ်းတွေကို မြန်နိုင်သမျှ အမြန်ဆုံး တိုးတက်အောင် လုပ်မှ ဖြစ်မယ်။ အခုက မင်းတို့တွေ တော်တော်အစွမ်းနိမ့်နေသေးတယ် "
လောထျန်းက နတ်ဆိုးဘုရင် ၉ ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က ဆိုပါက ထိုနတ်ဆိုးဘုရင် ၉ ယောက်မှာ ပျောင်ပိုင်မြို့၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးအင်အားစုများ ဖြစ်ကြပေလိမ့်မည်။
သို့သော် လက်ရှိတွင်ကား ပျောင်ပိုင်မြို့၌ အစွမ်းထက်ကျင့်ကြံသူ များစွာ ရှိနေပြီဖြစ်၏။
သို့ဖြစ်ရာ ထိုနတ်ဆိုးဘုရင် ၉ ယောက်၏ ကျင့်ကြံခြင်းအဆင့်များက ကောင်းသည်ဟုပြောရန် မလုံလောက်ပါချေ။
" ဟုတ်ကဲ့ပါ သခင်လေး "
နတ်ဆိုးဘုရင်များ သံပြိုင် ပြန်ဖြေလိုက်ကြသည်။
လောထျန်းက ခေါင်းညိတ်ပြပြီး နောက်လှည့်၍ ပျောင်ပိုင်မြို့သို့ ဦးတည် ထွက်ခွာသွားသည်။
သူ မြို့ထဲမှ လူများအား ဆုမီတောင်နှင့် ပတ်သက်သည့် ကိစ္စများကို ပြောပြရန် လိုပါသေး၏။
ထိုစဥ် .. သူနှင့် မိုင် ရာပေါင်းများစွာ ဝေးသော နေရာရှိ တောင်ကြားတစ်ခုတွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ထို တွင်းနက်ကြီးထဲတွင်ကား .. သေလုမျောပါး ဖြစ်နေသည့် အဘိုးအိုတစ်ဦး ရှိနေ၏။
ထိုစဥ် ..
ဝီ ..
အဘိုးအိုဘေးမှ အသံလွှင့်အဆောင်တစ်ခုက ရုတ်တရက် အရောင်လက်လာသည်။
အဘိုးအို တုန်သွားပြီး အသံလွှင့်အဆောင်ကို ဟူလိုက်သည်။
" သခင်ကြီး ချင် ၊ အဲ့ဘက်က ပျောင်ပိုင်မြို့ ဖျက်ဆီးခံလိုက်ရပြီလား "
အသံလွှင့်အဆောင်၏ အခြားတဖက်မှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် အသံ ထွက်ပေါ်လာသည်။
" ဘာမှ .. မလုပ်ရသေးဘူး "
အဘိုးအိုက ခက်ခက်ခဲခဲ အားယူပြီး ပြန်ဖြေ၏။
" ဘယ်လို .. အခုထိ မဖျက်ဆီးရသေးဘူးလား ..။ သခင်ကြီးဖုန်းက ခါတိုင်း အဲ့လို မဟုတ်ပါဘူး။ ကျုပ်က သူ ပျောင်ပိုင်မြို့ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်မယ်တောင် ထင်နေတာ "
တဖက်လူက ဆက်ပြောသည်။
အဘိုးအို တုန်သွားကာ ပြန်ပြော၏။
" မသေမျိုး ဖုန်းက .. သေသွားပြီ "
" ဘယ်လို .. "
တဖက်လူ၏ အသံမှာ ကြားလိုက်ရသည့် သတင်းကြောင့် အလွန်အံ့အားသင့်သွားဟန် ပေါက်နေသည်။
" သခင်ကြီး ချင် ၊ ထပ်ပြောပါဦး .. သခင်ကြီး ဖုန်းက သေသွားပြီ ဟုတ်လား ၊ သေချာရဲ့လားဗျာ "
တဖက်လူက ထပ်မေးသည်။
အဘိုးအိုက အံကြိတ်ကာ ပြန်ပြော၏။
" သေချာတယ်ဗျ ၊ မသေမျိုးအစွမ်းရဲ့ မူလလမ်းကြောင်းက ပျက်စီးသွားပြီးတော့ မသေမျိုးအစွမ်းတွေလဲ စီးထွက်နေတာ ။ သူ သေတာ လုံးဝ သေချာတယ် "
နှစ်ဖက်လုံး ခေတ္တမျှ အသံတိတ်သွားကြသည်။
အချိန်အတန်ကြာသွားပြီးမှသာ တဖက်လူက မေးလာသည်။
" သခင်ကြီး ဖုန်းက ဘယ်လို သေသွားခဲ့ရတာလဲ "
အဘိုးအိုက အသက်ပြင်ပြင်းရှိုက်ကာ ပြန်ဖြေ၏။
" ဖိချေခံလိုက်ရတာ ....ဖိချေခံရပြီး သေသွားတာ "