ချင်းလုံ ကျွန်း
Vol. 22 Ch. 306
" နဂါသင်္ချိုင်းမြေ ထဲမှာ တစ်ခုခု ဖြစ်သွားတယ် ...ဘာဖြစ်သွားတာလဲ "
လောထျန်းက တအံ့တသြ ပြန်မေးလိုက်သည်။
ရှောက်လုံက ခေါင်းယမ်း၍ ပြော၏။
" ကျုပ်လဲ မသိဘူးဗျ။ ဒါပေမယ့် .. ဒီ ခရီးက သခင်လေးကို ထောင်ချောက်ဆင်ထားတဲ့ လှည့်ကွက်တစ်ခု ဖြစ်နေနိုင်တယ် ။ အဲ့တော့ ဒီတစ်ခါ မသွားဘဲ နောက်တစ်ကြိမ် နဂါးသင်္ချိုင်း ပြန်ဖွင့်မှပဲ သွားဖို့ ကျုပ် အကြံပေးချင်တယ် "
လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြန်မေးလိုက်သည်။
" နဂါးသင်္ချိုင်းက ဘယ်အချိန် ထပ်ဖွင့်မှာလဲ "
ရှောက်လုံက အချိန်အတန်ငယ်ကြာ စဥ်းစားပြီးမှ ပြန်ဖြေ၏။
" အင်း ... အနည်းဆုံး နောက် နှစ်သုံးရာ လောက်ပေါ့ "
လောထျန်း ချက်ချင်း မျက်နှာကြီး ရှုံ့မဲ့သွားသည်။
သူ့အတွက် နှစ်သုံးရာအထိ စောင့်ရန် အချိန်မရှိပါချေ။
" ကိစ္စမရှိဘူး .. လှည့်ကွက်ပဲ ဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် အရင်ဆုံး သွားကြည့်လိုက်မယ် "
လောထျန်းက ပြောလိုက်သည်။
သူ့လက်ရှိအစွမ်းဖြင့် ဆိုပါက တဖက်လူ ထောင်ချောက်ဆင်လာလျှင်ပင် ဂရုစိုက်စရာ မလိုပေ။
" အမ် .... ကောင်းပါပြီ သခင်လေး "
ထိုစကားကို ကြားသောအခါ ရှောက်လုံ ထပ်မငြင်းဆန်တော့ဘဲ လက်ခံလိုက်၏။
ထို့နောက်တွင်မူ လောထျန်းက နဂါးအရိုးအား သူ့ကိုယ်ပေါ်တွင် သိမ်းထားလိုက်ပြီး အခြားသူများနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ ဝင်လိုက်တော့သည်။
သူတို့ဘေးမှ လေထုက အချိန်အတန်ငယ်ကြာ လှုပ်ရှားနေပြီးနောက် လောထျန်းတို့ လူစု ကျွန်းတစ်ခုပေါ် ရောက်သွားကြ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
ကျွန်းပေါ် ရောက်သည်နှင့် အံ့အားသင့်စရာ မြင်ကွင်းတစ်ခုက လောထျန်းတို့ လူစုအား စောင့်ကြိုနေပါသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ ခြေထောက်အောက်မှ ကျွန်းက ပင်လယ်ရေပြင်တွင် ရှိမနေဘဲ လေထဲ၌ရှိနေသောကြောင့်ပင် ။
ထိုမျှမက သူတို့ရှေ့ မျက်စိတစ်ဆုံးတွင်လည်း လေပေါ်မျောလွင့်နေသည့် ကျွန်းများနှင့် တောင်တန်းများက ကောင်းကင်ယံအပြည့် ရှိနေပါသေးသည်။
" ဒါ အရှေ့ပိုင်းဒေသပဲ ။ ဟိုး လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးကြောင့်မို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေက ကစဥ့်ကလျား ဖြစ်ပြီး လေထုကြီးလဲ ခုလို အရှုပ်အထွေးတွေ ဖြစ်သွားရတာ "
နဂါးအရိပ် ၊ ရှောက်လုံက လောထျန်းအား ရှင်းပြ၏။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။
ဝုန်း ..
သူ့ရှေ့မှ လေထုက ချက်ချင်း လှုပ်ရှားသွား၏။
" သခင်လေး .. ဒီမှာ အစွမ်းထက်တဲ့ အားမျိုး သုံးလို့ မဖြစ်ဘူး။ ဒီက လေထုက အင်မတန်ကို ပျက်စီးလွယ်တယ် ။ လေထုကသာ ပျက်စီးသွားရင် သခင်လေး အဲ့အပျက်အစီးတွေထဲ ရောက်ပြီး ပြဿနာ များသွားလိမ့်မယ် "
ရှောက်လုံက ပြောလိုက်သည်။
လောထျန်း ခေါင်းအသာ ညိတ်၏။ ဤနေရာက ပုံမှန်မဟုတ်သည်ကို သူသည်လည်း သတိထားမိပြီး ဖြစ်ပါသည်။
ပိုင်လန်ထျန်းက နဂါးသင်္ချိုင်းမြေသို့ မသေမျိုးများ မလာနိုင်ဟု ပြောခဲ့သည်မှာ မဆန်းတော့ချေ။
မသေမျိုးတစ်ယောက်သာ ဤနေရာသို့ ရောက်လာခဲ့ပါက ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများက ထိုမသေမျိုးအစွမ်းကို ခံနိုင်မည် မဟုတ်ဘဲ လေထု ချက်ချင်း ပြိုကွဲသွားနိုင်ပါသည်။
လောထျန်းကမူ အလွန်စွမ်းထက်သည့်တိုင် သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များသာ ရှိနေပါသေး၏။
သူ့စိတ်စွမ်းအင်က အလွန်ကြောက်စရာကောင်းပြီး မသေမျိုးအစွမ်းထက် မနိမ့်ကျသည်မှာ မှန်သော်ငြား ...
ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများအတွက်မူ ထိုနှစ်ခုက အလွန်ကွဲပါသည်။
" သွားကြစို့ ၊ ချိန်းထားတဲ့ နေရာကိုရောက်ဖို့ တော်တော်လေး လိုသေးတယ် "
လောထျန်းက ပြောလိုက်သည်။
နျိုထျဲ့ချုနှင့် ကျန်သားရဲနှစ်ယောက်က ခေါင်းညိတ်လိုက်ကြပြီး လောထျန်းနောက်မှ လေထဲသို့ အတူတကွ ပျံတက်လိုက်ကြသည်။
ဤသို့ဖြင့် အချိန် သုံးနာရီကြာခန့် ပျံသန်းပြီးနောက်တွင်မူ သူတို့ ရှေ့ မလှမ်းမကမ်းတွင် ဧရာမ တောင်ကြီးတစ်လုံး ပေါ်လာ၏။
" သခင်လေး ၊ အဲ့နေရာကို ချင်းလုံကျွန်းလို့ ခေါ်တယ် ။ ဒါ နဂါးသင်္ချိုင်းမြေကို ဝင်နိုင်တဲ့ ဝင်ပေါက်တွေထဲက တစ်ခုပေါ့ ။ အဲ့မှာပဲနေပြီး နဂါးသင်္ချိုင်းမြေ ဖွင့်တဲ့အထိ စောင့်လို့ရတယ် "
ရှောက်လုံက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းအသာညိတ်ပြီး အခြားသားရဲများနှင့်အတူ ကျွန်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ထိုစဥ် ချင်းလုံ ကျွန်းပေါ်၌ ..
" မင်းတို့ .. ဘာလုပ်ကြမလို့လဲ "
မြေးအဘိုးနှစ်ယောက်အား လူတစ်စုက ဝန်းရံထားကြ၏။
ထိုမြေးအဘိုးနှစ်ယောက်ထဲမှ မြေးမလေးမှာ အသက် ၁၄ ၊ ၁၅ နှစ်ခန့်သာ ရှိသေးဟန် တူပြီး အလွန်ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်နှာလေးဖြင့် ဖြစ်နေသည်။
" မင်းရဲ့ စိတ်စွမ်းအင်သားရဲကို ပေးလို့ ပြောခဲ့တယ်လေ ၊ ငါ ပြောတာ မကြားလိုက်ဘူးလား "
မြေးအဘိုးနှစ်ယောက်ကို ဝိုင်းထားသည့် လူအုပ်ထဲမှ စျေးကြီးပုံရသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သူ့ဘေးမှ ကျားကြီး၏ ခေါင်းကို ပွတ်သပ်ရင်း အေးစက်စက် ပြောလာသည်။
မိန်းမငယ်က လက်ထဲမှ ကြောင်ဖြူလေးတစ်ကောင်ကို တင်းတင်းဖက်ထားရင်း ပြန်ပြော၏။
" ရှင်က ကျွန်မရဲ့ ရှောင်ပိုင်လေးကို အတင်း လုယူချင်တယ်ပေါ့ ။ အိမ်မက် , မက် မနေနဲ့ ။ ရှောင်ပိုင်လေးကို ကျွန်မကိုယ်တိုင် သေချာ ဂရုစိုက်ပြီး ကျွေးမွေးပြုစုလာခဲ့တာ။ သူ့ကို အတင်းယူသွားရင်တောင် သူက ရှင့်ကို သူ့သခင်အဖြစ် အသိမှတ်ပြုမှာ မဟုတ်ဘူး "
အဝတ်စားကောင်းများ ဝတ်ထားသည့် လူငယ်က မျက်ခုံးအနည်းငယ် ပင့်ကာ ပြန်ပြောသည်။
" သခင်အဖြစ် အသိမှတ်ပြုဖို့ ..ဟုတ်လား ၊ မင်းရဲ့ကောင်က နတ်ဘုရားသွေး နည်းနည်းလေးပဲ ပါတဲ့ သာမာန် နတ်ဆိုးသားရဲတစ်ကောင်ပဲ ။ တကယ်လို့ သူက ငါ့ကို သခင်အဖြစ် အသိမှတ် ပြုချင်ပါတယ်ဆိုရင်တောင် အဲ့လောက်နဲ့ ငါ့ကျွန်ဖြစ်ဖို့ အရည်ချင်း မပြည့်ဘူးကွ "
မိန်းမငယ် အံ့အားသင့်သွားကာ ပြန်မေး၏။
" ဒါဆို ဘာလို့ လာနှောင့်ယှက်နေရသေးတာလဲ "
တဖက်လူငယ်က အေးအေးဆေးဆေး ပြန်ပြောသည်။
" ငါ့ စီးတော်ယာဥ်ကြီးက ဗိုက်ဆာနေပြီမို့ မင်းရဲ့ စိတ်စွမ်းအင်သားရဲကို ကျွေးမလို့ ။ နတ်ဘုရားသွေး နည်းနည်းပဲ ပါတဲ့ နတ်ဆိုးသားရဲတစ်ကောင်ကို တကူးတက မွေးစရာ အကြောင်းမရှိပေမယ့် အစာအဖြစ် ကျွေးဖို့တော့ အသုံးဝင်တယ်လေ "
စကားဆုံးသည်နှင့် သူ့မျက်နှာပေါ်တွင် ရက်စက်ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာသည်။
သူ့စကားကြောင့် မိန်းမပျို ပိုကြောက်လန့်သွားပြီး သူမလက်ထဲမှ ကြောင်ဖြူလေးကို ပိုတင်းကျပ်စွာ ဖက်လိုက်၏။
သူမရှေ့မှ လူက သူမ၏ စိတ်စွမ်းအင်သားရဲအား သူ့ ကျားကြီးအတွက် အစာအဖြစ် အဘယ့်ကြောင့် ကျွေးချင်နေရသည်ကိုလည်း သူမ နားမလည်နိုင်ပါ။
မိန်းမငယ်ဘေးမှ အဘိုးအိုက လေသံတိုတိုးဖြင့် ဝင်ပြောလာသည်။
" သခင်လေး ၊ ကျေးဇူးပြုပြီး သနားညှာပေးပါဗျာ ။ ကျုပ်တို့က အရှေ့ပိုင်းဒေသ၊ ဟိုင်ယွမ်မြို့က ဟော် မိသားစုကပါ။ ကျုပ်တို့ရဲ့ ဘိုးဘေးက ကျုံ့ကျိုးဒေသမှာ ရှိတဲ့ ၊ နှင်းသားရဲဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ် ... "
အဝတ်စားကောင်းများနှင့် လူငယ် မျက်မှောင်ကြုံ့သွားသည်။
" ကျုံ့ကျိုးက နှင်းသားရဲဂိုဏ်း .. ဟုတ်လား ၊ ဒီနာမည်က .. ရင်းနှီးနေသလို ဘာလို့ ဖြစ်နေရတာပါလိမ့် .. "
လူငယ်ဘေးမှ အဘိုးအိုတစ်ယောက်က ချက်ချင်း ဝင်ပြော၏။
" သခင်လေး ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က .. နတ်ဘုရားသားတော်ရဲ့ အမိန့်ကို မနာခံလို့ တစ်ဂိုဏ်းလုံး အသတ်ခံလိုက်ကြရတာ အဲ့ဒီ နှင်းသားရဲ ဂိုဏ်းပဲ "
လူငယ်က ထိုအချိန်မှ ချက်ချင်း သတိရသွားဟန်ဖြင့် ပြောသည်။
" ခင်ဗျားပြောမှပဲ အတွေးရတယ် ။ ဟုတ်သားပဲ .. အဲ့လိုဂိုဏ်းမျိုး တကယ်ကို ရှိခဲ့တာ ။ ကျုပ် ထင်တာတော့ သူတို့ကို ... ကျုပ် အကို အကြီးဆုံးက သတ်ခဲ့တာ ထင်တယ် ။ ခုလို ဘာမဟုတ်တဲ့ ကြွက်လေးတွေ ကျန်နေမယ်လို့ ထင်တောင် မထင်ထားဘူး ။ အဲ့လိုဆိုမှတော့လဲ မင်းတို့ စိတ်စွမ်းအင်သားရဲ အပြင်.. မင်းတို့ နှစ်ယောက်ကိုပါ အစာအဖြစ် ကျွေးရတော့မှာပေါ့ကွာ "
" ဟင် ... "
ထိုစကားကို ကြားသည်နှင့် သူတို့ရှေ့မှ အဘိုးအို တစ်ကိုယ်လုံး တုန်သွားတော့သည်။
သူသည် အစပိုင်းတွင် နှင်းသားရဲ ဂိုဏ်းနာမည်ကို သုံးလိုက်ပါက တဖက်လူ ကြောက်ရွံ့ပြီး သူတို့ မြေးအဘိုးနှစ်ယောက်ကို လွတ်ပေးလိမ့်မည်ဟုသာ တွေးထားခဲ့၏။
ယခုတွင်ကား .. ထိုအစီစဥ်က သူ့ဘက် မျှားဦး ပြန်လှည့်လာကာ သူတို့ အသက်ဘေးပင် ကြုံနေရလေပြီ။
ထိုစဥ်မှာပင် ..
ဝီ ..
လေကိုခွင်း၍ လာနေသည့် အသံများ ထွက်ပေါ်လာပြီး လောထျန်းနှင့် နျိုထျဲ့ချူတို့ အုပ်စုက ထိုလူများကြားတွင် ဆင်းသက်လာကြသည်။
လောထျန်း မြေပြင်သို့ ခြေချချ ချင်းမှာပင် ထင်မထားသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွား၏။
" သခင်လေး .. ကယ်ပါဦး ၊ အဲ့လူတွေက ကျွန်မတို့ကို သတ်ဖို့ လုပ်နေတယ် "
မိန်းမငယ်က လောထျန်းတို့ လူစု ရောက်လာသည်ကို မြင်သည်နှင့် ကယ်တင်ရှင်ကို တွေ့သွားသည့်အလား ချက်ချင်း အော်ပြောလာသည်။
လောထျန်းက သူမကို ကြည့်ကာ တအံ့တသြ ပြန်မေး၏။
" တကယ်လို့ သူက မင်းတို့ကို သတ်ချင်နေတာဆိုရင်တောင် .. ကျုပ်နဲ့ ဘာဆိုင်လို့လဲ "
" ဟင် . ... ဒါ ... "
မိန်းမငယ် အံ့သြမှင်သက်ကာ စိတ်ပျက်အားငယ်နေသည့် မျက်နှာ ဖြစ်သွားသည်။
" သခင်လေး .. "
လောထျန်းနောက်မှ ဘုရင်ကျင်းဖန်မှာလည်း လောထျန်းက ထိုသို့ ပြောလာလိမ့်မည်ဟု ထင်မထားသဖြင့် မျက်မှောင်ကြီး ကြုံ့သွား၏။
လောထျန်းက သူ့ကို မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြောသည်။
" သူတို့ ဖြစ်နေတဲ့ ပြဿနာရဲ့ အကြောင်းရင်းကို သိလား "
ထိုမေးခွန်းကြောင့် ဘုရင်ကျင်းဖန် အံ့အားသင့်သွားပြီး ခေါင်းသာ ယမ်းပြလိုက်ရ၏။
လောထျန်းက ပြန်ပြောသည်။
" ကျုပ် ပြောမယ် ၊ ဘာကြောင့် ပြဿနာဖြစ်နေမှန်း မသိဘဲနဲ့ လို့ ဝင်ပါမှာလဲ ။ ဖြစ်နေတဲ့ ပြဿနာရဲ့ အကြောင်းရင်း အစုံကို မသိဘဲနဲ့ ဘာမှ ဝင်မပြောတာ အကောင်းဆုံးပဲလေ "
ဘုရင်ကျင်းဖန် ခေါင်းကိုသာ တွင်တွင်ကုတ်လိုက်သည်။ လောထျန်း ပြောသည်မှာ အဓိပ္ပါယ်ရှိသည်ဟုလည်း သူ ခံစားလိုက်ရပါ၏။
" သွားကြစို့ "
လောထျန်းက ထိုသို့ ပြောပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ..
" ဟား ဟား .. ရယ်ရလွန်းလို့ သေတော့မယ်ကွာ။ ကောင်လေး ၊ မင်းက တော်တော်ရယ်ရတာပဲ ။ မင်းက ကြွက်တစ်ကောင်လို ကြောက်နေတာတောင် ကြောက်မှန်း မပြောဘဲ အကြောင်းပြချက် ရှာချင်သေးတယ်ပေါ့ "
အဝတ်စားကောင်းများနှင့် လူငယ်က ရယ်မော၍ ပြောလာသည်။
သူ့စကားကို ကြားသည်နှင့် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော လောထျန်း တစ်ယောက် ရုတ်တရက် တုန့်ခနဲ ရပ်သွားသည်။
" မင်းက ငါ့ကို ပြောနေတာလား "
ထို့နောက် သူ နောက်လှည့်လာကာ အဝတ်စားကောင်းများနှင့် လူငယ်အား အေးစက်စက် ကြည့်၍ ပြော၏။
" ဒီနေရာမှာ မင်းကလွဲ တခြားဘယ်သူ ရှိသေးလို့လဲ "
လူငယ်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။
လောထျန်း မျက်ခုံးပင့်သွားပြီး ပြော၏။
" ကောင်းပြီလေ ၊ မင်းနဲ့ ငါနဲ့ ကြားမှာ ဘာရန်ငြိုးမှလဲ မရှိထားဘဲနဲ့ .. မင်းက သေချင်နေမှတော့လဲ .. ငါ့ဘက်က လိုက်ပို့ပေးရမှာပေါ့ကွာ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လူငယ်ရှိရာဘက်သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့လည်း ရုတ်ချည်း ထွက်ပေါ်လာ၏။
" ဟင် ... "
အဝတ်စားကောင်းများနှင့် လူငယ်မှာ ထို အရောင်အဝါကြောင့် ချက်ချင်း အံ့အားသင့်သွားပြီး လန့်လည်း လန့်သွားသည်။
ဝေါင်း ...
တစ်ချိန်တည်းမှာပင် လူငယ်ဘေးမှ ဝတ်ကောင်းစားလှနှင့် ကျားကြီးကလည်း ချက်ချင်း ၎င်း၏ မူလပုံစံအဖြစ် အသွင်ပြောင်းသွား၏။ ၎င်းက အသံကျယ်ကျယ်ဟိန်း၍ လူငယ်ရှေ့တွင် ဝင်ရပ်ကာ လောထျန်းအား တိုက်ခိုက်လိုသည့် မျက်လုံးများဖြင့် ကြည့်သည်။