ယောင်ချီ နတ်ဘုရားမ
Vol. 22 Ch. 307
" ဒီကောင် .. %#%*$ .. မင်းက ငါ့ဦးလေးကို ဟိန်းဟောက်ရဲနေတယ်ပါ့လေ "
ထိုစဥ် လောထျန်းနောက်တွင် ရှိနေသည့် နျိုဝူဖုန်းကလည်း ဒေါတကြီး အော်ပြီး သူ့ မူလအသွင်သို့ ပြန်ပြောင်းလိုက်သည်။ ထို့နောက် လောထျန်းရှေ့တွင် ရပ်၍ တဖက်မှ ကျားကြီးအား စူးစူးရဲရဲ ပြန်စိုက်ကြည့်၏။
၎င်းကို မြင်သောအခါ ဝတ်ကောင်းစားလှနှင့် လူငယ်က အထင်သေးသည့် မျက်လုံးဖြင့် ကြည့်လာပြီး ပြောသည်။
" ကျွတ်စ် .. ကောင်းကင်ဘုံအဆင့်က သားရဲတစ်ကောင်ကများ ရှေ့ထွက်လာရဲနေသေးတယ်။ မင်း ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ဘူးနဲ့တူတယ် ။ သေချာလဲ ကြည့်လိုက်ဦး ၊ ငါ့ရဲ့ စီးတော်ယာဥ်က အဆုံးအစမဲ့ အဆင့်ကွ "
နျိုဝူဖုန်းက အေးစက်စက်သာ နှာခေါင်းရှုံ့သည်။
" အဆုံးအစမဲ့ အဆင့်က ဆိုတော့ရော ဘာဖြစ်သေးလဲ။ ဘယ်လိုပဲ နေနေ ငါ သူ့ကို သတ်မှာက သတ်မှာပဲ "
တဖက်မှ ဝတ်ကောင်းစားလှနှင့် လူငယ်မှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း .. ခဏအကြာတွင် သူရော သူ့ စီးတော်ယာဥ် ကျားကြီးပါ ကျယ်လောင်စွာ အော်ရယ်လိုက်ကြ၏။
" ဒီလိုမျိုး မမြင်ရတာတောင် ကြာပြီကွာ ။ သခင်က ဦးနှောက် မရှိရုံတင်မကဘူး ၊ သူ မွေးထားတဲ့ ကောင်တွေကပါ အရူး ဖြစ်နေကြတာ "
" မင်း .. "
နျိုဝူဖုန်း၏ တစ်ကိုယ်လုံး လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွားသည်။
သို့သော်..ထိုအချိန်တွင် လောထျန်းက အေးအေးဆေးဆေး ပြောလာသည်။
" ရှေ့ကဖယ် .. ဒီကောင့်ကို ငါကိုယ်တိုင်ပဲ ရှင်းလိုက်မယ် "
သူ ထိုသို့ပြောကာ ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်သည်။
ဝုန်း ..
ချက်ချင်းပင် .. ကြောက်မက်ဖွယ် လေလှိုင်းကြီးတစ်ခု တိုက်ခတ်လာပြီး ချင်းလုံကျွန်း တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာကာ အချိန်မရွေး ပြိုကျသွားတော့မည်ဟန် ဖြစ်သွား၏။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
၎င်းကို မြင်သောအခါ ဝတ်ကောင်းစားလှနှင့် လူငယ် အံ့သြတုန်လှုပ်သွားသည်။
လောထျန်းမှာလည်း မျက်မှောင်ကြုံ့သွား၏။
" ချီး .. ငါ့အစွမ်းကို ၁ % လောက်ထိ လျှော့ချထားတာတောင် အဆင်မပြေဘူးလား '
သူ တွေးလိုက်သည်။
သူ ချက်ချင်း တိုက်ခိုက်ကာ တဖက်လူအား တစ်ချက်တည်းဖြင့် အပြောင်ရှင်းချင်သော်လည်း ..
ကြည့်ရသည်မှာ ချင်းလုံကျွန်း တစ်ကျွန်းလုံးက ပြိုကျသွားတော့မည့်ဟန်ပင် ။
ထိုစဥ် ..
" နိုင်မင် .. နယ်မြေဖိနှိပ်ခြင်း အဆောင် ၊ ဖိနှိပ်စေ "
ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာပြီး အလင်းတန်းများစွာ လင်းလက်လာကာ ချင်းလုံကျွန်း တဝိုက် ၊ လောထျန်းအနီးတွင် ကျလာ၏။
ဝီ ..
ထို့နောက်တွင်မူ အလင်းတန်းတစ်ခုက အခြေကျသွားဟန်ဖြင့် မြောက်များစွာသော အဆောင်များအဖြစ် ပြောင်းသွားပြီး တုန်ခါနေသည့် ကျွန်းကြီးအား တည်ငြိမ်အောင် ထိန်းလိုက်သည်။
ပြီးသည်နှင့် ကောင်းကင်ယံမှ လူတစ်ယောက် ဖြည်းညင်းစွာ ဆင်းသက်လာ၏။
ထိုအချိန် .. ချင်းလုံကျွန်းပေါ်တွင် ရှိနေကြသည့် အခြားသူများလည်း ဖြစ်ပျက်နေသည့် အခြင်းအရာကို သတိထားမိသွားကြပြီဖြစ်သည်။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လာကြပြီး ... ကောင်းကင်ယံမှ ဆင်းသက်လာသည့် အမျိုးသမီးတစ်ယောက်ကို မြင်ကာ အံ့အားသင့်သွားကြ၏။
" ဘုရားရေ .. ဒါ .. တကယ်ကြီးပါလား ၊ ယောင်ချီက နတ်ဘုရားမ ၊ ရွှေယွဲ့ချီ ပဲ "
" ယောင်ချီက နတ်ဘုရားမ ၊ ရွှေယွဲ့ချီ .. ဟုတ်လား ။ ကျုံ့ကျိုးရဲ့ အလှဆုံး အမျိုးသမီး .. သူလဲ ဒီကို ရောက်နေတာလား "
" ဘာတွေ ပြောနေတာလဲ ၊ ကျုံ့ကျိုးရဲ့ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်တဲ့ ယောင်ချီက ဒီ နဂါးသင်္ချိုင်းမြေလို အရေးကြီးတဲ့ လျှို့ဝှက်ဒေသအခွင့်ကောင်းတစ်ခုကို ဘယ် လက်လွတ်ခံပါ့မလဲကွ "
" ငါ နတ်ဘုရားမကို တစ်ခါမှ မမြင်ဖူးသေးဘူး ၊ ဘေးဖယ်ဦး ၊ ငါ ကြည့်ဦးမယ် "
လူများအားလုံး ရုတ်ရုတ်သံသဲ ဖြစ်သွားကြသည်။
ထိုအချိန်တွင် နတ်ဘုရားမ ရွှေယွဲ့ချီမှာ လေထဲမှ ကျလာပြီး လောထျန်းရှေ့ မနီးမဝေးသို့ပင် ဆင်းသက်လိုက်ပြီဖြစ်သည်။
ထိုစဥ် ဝတ်ကောင်းစားလှနှင့် လူငယ်က မျက်မှောင်ကြုံ့ပြီး ပြောလာသည်။
" နတ်ဘုရားမ .. မတွေ့တာတောင် ကြာပြီနော် "
ရွှေယွဲ့ချီက သူ့ကို လှည့်ကြည့်ကာ ပြော၏။
" သခင်လေး ရှန့်မင် ၊ ချင်းလုံကျွန်းက တည်ငြိမ်တဲ့ နေရာတစ်ခု မဟုတ်တာမို့ ဘယ်လို တုန်ခါမှုမျိုးကိုမှ မခံနိုင်ဘူး။ ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ ဘယ်လို ရန်ပွဲမျိုးကိုမှ မစပါနဲ့ ။ မဟုတ်ရင် အားလုံး ဒုက္ခများကြလိမ့်မယ် "
ရှန့်မင်က ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ ပြန်ပြောလိုက်သည်။
" ကောင်းပြီလေ ၊ နတ်ဘုရားမကို မျက်နှာထောက်တဲ့အနေနဲ့ နဂါးသင်္ချိုင်းမြေထဲ မဝင်ခင် ကျုပ် ဘယ်သူ့ကိုမှ မသတ်ဘဲ နေပေးမယ် "
ထို့နောက် သူက လောထျန်းကို ကြည့်ကာ ပြော၏။
" ကောင်လေး ၊ မင်း ကံကောင်းသွားတယ် ။ ဒါပေမယ့် .. နဂါးသင်္ချိုင်းမြေ အထဲမှာ တွေ့လို့ကတော့ မင်းကို မြှုပ်စရာ အလောင်းတောင် မကျန်အောင် သတ်ပစ်မှာကွ ၊ အဲ့ဒါကို သေချာမှတ်ထား "
လောထျန်း မျက်ခုံးပင့်လိုက်သည်။
သူ ထိုလူအား အမှန်တကယ်ပင် အသေရိုက်သတ်ပစ်ချင်ပါ၏။
သို့သော် .. အစောက ဖြစ်သွားခဲ့သည့် အခြေအနေကို သူ မြင်ထားခဲ့ပြီးဖြစ်ရာ .. တိုက်ခိုက်၍ မဖြစ်သေးပါချေ။
သူ့အစွမ်း၏ ၁ % ကသည်ပင် ချင်းလုံကျွန်း တစ်ကျွန်းလုံးကို ပြိုကျသွားစေနိုင်သည် မဟုတ်ပါလား ။
အကယ်၍သာ ဘာကိုမှ ဂရုစိုက်နေစရာ မလိုပါက တဖက်လူအား သတ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ပါသည်။
သို့သော် .. ၎င်းက သူ့ ကျင့်ကြံခြင်း အဆင့်တက်မည့် ကိစ္စကို နှောင့်နှေးသွားစေနိုင်သည်ဖြစ်ရာ ရလာမည့် အကျိုးအမြတ်ထက် ဆုံးရှုံးရမည်က ပိုများပါ၏။
" ကောင်းပြီလေ ၊ ဒါဆိုလဲ နဂါးသင်္ချိုင်းမြေထဲ ဝင်ပြီးမှပဲ မင်းကို သတ်တာပေါ့ "
လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
" မင်း .. "
လောထျန်းက သူ့အား သတ်မည်ဟု ပြောလာသဖြင့် ရှန့်မင်၏ မျက်လုံးများ ဒေါသဖြင့် အရောင်လက်သွားကြသည်။
သူ့အမြင်တွင်မူ လောထျန်းက သူ့အစွမ်းသူ အထင်ကြီးလွန်းနေပြီဟုသာ ထင်ပါ၏။
ထိုစဥ် .. တဖက်မှ ရွှေယွဲ့ချီက လောထျန်းအား ခေါင်းစခြေဆုံး သေချာကြည့်ပြီး မေးလာသည်။
" တဆိတ်လောက် .. ရှင် က သခင်လေး လောထျန်းလား "
လောထျန်းက သူ့ကို တအံ့တသြ ကြည့်ကာ ပြန်မေး၏။
" ခင်ဗျားက ကျုပ်ကို သိနေတာလား "
ရွှေယွဲ့ချီက ချက်ချင်း ပြုံးပြီး ပြန်ပြောသည်။
" ကျွန်မ ထျန်းယွမ်အင်ပါယာရဲ့ ဂုဏ်ယူစရာ လူများ စာရင်းထဲမှာ သခင်လေးရဲ့ ပုံတူပန်းချီ ကို တွေ့ဖူးတယ်။ သခင်လေးက မြောက်ပိုင်း ဒေသက ၊ သခင်လေးရဲ့အစွမ်းက ကျင့်ကြံခြင်းအဆင့်နဲ့ ထပ်တူမကျတဲ့အပြင် မသေမျိုးကို သတ်နိုင်သူတစ်ယောက် အဖြစ်လဲ နာမည်ကြီးတယ်လေ ။ သခင်လေးက ကျွန်မတို့ မျိုးဆက် ကျင့်ကြံသူတွေအတွက် တကယ့်ကို အားကျ အတုယူစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ "
သူမ စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။
မျှော်လင့်မထားစွာပင် သူ့သတင်းက ကျုံ့ကျိုးအထိ ပျံ့နေသတဲ့လား ။
တဖက်မှ ရှန့်မင်မှာမူ ရွှေယွဲ့ချီ၏ စကားကို ကြားကြားချင်း မျက်မှောင်ကြုံ့သွား၏။
" ရွှေယွဲ့ချီ .. ခင်ဗျား ..ဘယ်လို ပြောလိုက်တာ .. ဒီကောင်လေးက .. မသေမျိုးကို သတ်နိုင်တယ်ဆိုပြီး နာမည်ကြီးတယ် ဟုတ်လား ။ သူ့ တစ်ယောက်တည်း အစွမ်းနဲ့ သတ်နိုင်ခဲ့တာလား "
ရှန့်မင် မျက်လုံးကြီး ပြူးကာ မယုံနိုင်ဟန်ဖြင့် မေးသည်။
ကြည့်ရသည်မှာ လောထျန်းက သူ့ထက်ပင် အသက် ပိုငယ်နိုင်သေးပါသည်။
ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်လျှင်လည်း ထိုကောင်လေးက ကောင်းကင်ထိန်းချုပ် အဆင့်တွင်သာ ရှိသေးပါ၏။
ထိုကျင့်ကြံခြင်းအဆင့်နှင့် မသေမျိုးတစ်ယောက်ကို သတ်ခဲ့သည်တဲ့လား ။
နောက်နေသည်လား ...
ရွှေယွဲ့ချီ က တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။
" ဘာဖြစ်လို့လဲ သခင်လေး ရှန့် ၊ သခင်လေးက ကျွန်မတို့ ယောင်ချီကို ပြန်မေးခွန်းထုတ်နေတာလား "
" ယောင်ချီကို မေးခွန်းထုတ်တာ မဟုတ်ပါဘူးဗျာ ၊ ဒီကောင့်ကို မယုံတာပါ "
ရှန့်မင်က ထိုသို့ ပြန်ပြောပြီး လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ဆက်ပြော၏။
" မြောက်ပိုင်းဒေသမှာ နတ်ဘုရားမြို့တော် ကလွဲပြီးတော့ တခြား မြင့်မြတ်နယ်မြေ လုံးဝ မရှိဘူး ။ ပြီးတော့ မြောက်ပိုင်းဒေသမှာ မသေမျိုးတွေ မပေါ်တာလဲ နှစ်တွေ ဒီလောက်အများကြီး ကြာနေပြီ ။ တစ်နည်း ပြောရရင် မသေမျိုးကျင့်စဥ်တွေ ၊ မသေမျိုး သိုင်းပညာရပ်တွေ ဘာမှ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ။ ဒါနဲ့များတောင် သူက ဘယ်လိုလုပ်ပြီး မသေမျိုးကို သတ်နိုင်တာလဲ "
ထိုစကားကို ကြားသောအခါ ရွှေယွဲ့ချီ မည်သို့မှ ပြန်မပြောနိုင်ဘဲ ဖြစ်သွားသည်။
သူမ ယောင်ချီမှ ကြားခဲ့ရသည့် သတင်းမှာလည်း လောထျန်းက မသေမျိုးတစ်ယောက်ကို တစ်ကြိမ် သတ်ခဲ့ဖူးသည်ဟုသာ ပြောထားပါ၏။
သို့သော် ၎င်းကို သူမကိုယ်တိုင် မြင်ခဲ့ရခြင်း မဟုတ်သဖြင့် သူမစိတ်ထဲ၌ သံသယ ဝင်နေဆဲ ပင်။
ထို့အပြင် .. ယခု လောထျန်းကို တွေ့ရသည့် အချိန်တွင်လည်း သူ့ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသည်ကို သူမ သတိထားမိခဲ့ပါ၏။
ကောင်းကင်ထိန်းချုပ်အဆင့်ဖြင့် မသေမျိုးတစ်ယောက်ကို သတ်ရန် ဖြစ်နိုင်ပါမည်လား ..
" မဟုတ်မှလွဲရော .. မသေမျိုးသတ်နိုင်သူ ဆိုတဲ့ သတင်းက ကောလဟာလများလား "
ရွှေယွဲ့ချီ ရင်ထဲမှပင် တုန်လှုပ်သွားသည်။
သူမ ဖြစ်ပျက်သွားသည့် မျက်နှာကို ကြည့်ကာ ရှန့်မင်က လှောင်ပြုံးဖြင့် ထပ်ပြောလိုက်သည်။
" နတ်ဘုရားမ ၊ ဒီ ချင်းလုံကျွန်းပေါ်မှာ နဂါးမျိုးနွယ်က ချန်ထားခဲ့တဲ့ လျှို့ဝှက်နဂါးကျောက်ပြား ရှိတယ်မဟုတ်လားဗျ ။ အဲ့ကို သွားပြီး စမ်းကြည့်လိုက်ရင် သူ့မှာ မသေမျိုးတစ်ယောက်ကို သတ်နိုင်တဲ့အစွမ်း တကယ်ရှိ မရှိ သိရမှာပဲလေ "
" ဟင် ... "
ရွှေယွဲ့ချီ ချက်ချင်း တုန့်ဆိုင်းသွားသည်။
လောထျန်းအား လျှို့ဝှက်နဂါးကျောက်ပြားသို့ သွားပြီး သူ့အစွမ်းကို စမ်းသပ်ရန် တောင်းဆိုခြင်းက အလွန် ရိုင်းရာကျသွားပေလိမ့်မည်။
ထိုစဥ် ရုတ်တရက် .. လောထျန်းဘေးတွင် နဂါးငယ်လေးတစ်ကောင် ပေါ်လာ၏။
" သခင်လေး လောထျန်းရော ၊ ကျန်တဲ့သူတွေရော .. လျှို့ဝှက်နဂါးကျောက်ပြားကို သွားပြီး ကိုယ့်အစွမ်းကို စမ်းသပ်ကြည့်ကြဖို့ ကျုပ် အကြံပေးချင်တယ် "
ရှောက်လုံက ပြောလိုက်သည်။
" ဟင် .. ဒါ .. နဂါးစိတ်ဝိဥာဥ်လား "
ခပ်လှမ်းလှမ်းမှ ရှန့်မင်က ထိုနဂါးအရိပ်ငယ်လေးကို မြင်လိုက်သည်နှင့် မျက်လုံးများ ရုတ်ချည်း အရောင်လက်သွား၏။
" ဒီကောင်လေးမှာ ဘယ်လိုလုပ်ပြီး နဂါးစိတ်ဝိဥာဥ်တစ်ခု ရှိနေရတာလဲ ။ &%$$ အဲ့နဂါး စိတ်ဝိဥာဥ်ကိုသာ ရရင် ငါ့ ကျင့်ကြံခြင်းအတွက် အင်မတန် အကျိုးရှိသွားမှာ။ ကောင်လေး ၊ အစကတော့ ငါက မင်းကို သင်ခန်းစာ ပေးဖို့လောက်ပဲ တွေးထားတာ ။ ဒါပေမယ့် အခုကြည့်ရတာ.. နဂါး သင်္ချိုင်းမြေထဲရောက်တာနဲ့ မင်း သေရတော့မယ် ထင်တယ် "
ရှန့်မင်စိတ်ထဲတွင် လောထျန်းအား အသေသတ်ရန် ဆုံးဖြတ်လိုက်လေပြီ။။
တဖက်မှ လောထျန်းကမူ ၎င်းကို လုံးဝ သတိမထားမိဘဲ ရှောက်လုံကို ကြည့်၍ မေးသည်။
" လျှို့ဝှက် နဂါး ကျောက်ပြား .. ဟုတ်လား ၊ အဲ့ဒါ ဘာကြီးလဲ "
ရှောက်လုံက သူ့အမေးကို အသံတုန်တုန်ဖြင့် ပြန်ဖြေသည်။
" လျှို့ဝှက်နဂါးကျောက်ပြား ဆိုတာ ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ ရတနာတစ်ခုပဲဗျ ။ အဲ့ဒီကျောက်ပြားကို ကောင်းကင်နဂါး မျိုးဆက်တစ်ဆက်လုံးက သေချာ သန့်စင်ခဲ့ကြပြီးတော့ ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်တွေအတွက် ကျင့်ကြံခြင်းကို စမ်းသပ်ဖို့နဲ့ လိုအပ်နေတဲ့ အရည်အချင်းကို တိုးတက်အောင် လုပ်ဖို့ သေချာ ဖန်တီးထားခဲ့တဲ့ အရာပဲ။ လျှို့ဝှက်နဂါးကျောက်ပြားကို သွားပြီး ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို စမ်းသပ်ရင် ဆုတွေ ပြန်ရတယ်ဗျ ။ ပါရမီထူးလေလေ ရတဲ့ဆုကလဲ ပိုကောင်းလေပဲ ။ သခင်လေးရဲ့ အစွမ်းနဲ့သာဆို အရင်က ဘယ်သူမှ မရဖူးတဲ့ ဒဏ္ဍာရီကျော် ဆုကြီးကို ရနိုင်တယ် "
" ဘယ်သူမှ မရဖူးတဲ့ ဆုကြီး .. ဟုတ်လား ။ အဲ့ဒါ ဘာလဲ "
လောထျန်းက မေးလိုက်သည်။
" ကျုပ်လဲ မသိဘူးဗျ ။ ကျုပ်တို့ နဂါးမျိုးနွယ်ထဲမှာရော .. နဂါးမျိုးနွယ်မဟုတ်တဲ့ သူတွေထဲမှာရော အဲ့ဆုကို ဘယ်သူမှ မရဖူးကြဘူး ။ ဒါပေမယ့် .. သခင်လေးရဲ့ အစွမ်းနဲ့ဆို ရနိုင်တယ် .. "
ရှောက်လုံက ထပ်ပြီး တိုက်တွန်း၏။