ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့အခြေခံအုတ်မြစ်ကို ဆုပ်ကိုင်နိုင်ဖို့
Vol. 30 Ch. 417
ရှောင်ယွိက ထိုသို့ခေါ်မည်ဆိုလျှင်လည်း ကျန်းလန်က ငြင်းစရာအကြောင်း မရှိပေ။
သို့သော် လ အနည်းငယ် ကြာမှ ဒီနဂါးမယ်လေးက ဒီအကြောင်းစဉ်းစားမိသည်တဲ့လား။ ရှောင်ယွိက ကျန်းလန်ကို ပြုံးရယ်ပြရင်း မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
"ဒါဖြင့် ဂိုဏ်းတူမောင်လေးကရော ကျွန်မကို ဘယ်လိုခေါ်မှာလဲ"
ကျန်းလန် တစ်ချက်စဉ်းစားလိုက်သည်။
ဒီကောင်မလေးကို မည်သို့ခေါ်ရမည်လဲ။
"ရှင်မ လို့ ခေါ်ရမလား"
သူ ခေါ်ရန်ကြိုးစားကြည့်သည်။
ရှောင်ယွိက…
"မိန်းမရေလို့ခေါ်လို့ရော မရဘူးလား"
သူမက နဂါးမျိုးနွယ်ဖြစ်သည့်အတွက် ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး သိပ်နားမလည်ပေ။
ကျန်းလန်က တိုးလျသည့်လေသံဖြင့်…
"အင်း… အဲဒါလည်း အဆင်ပြေတယ်"
အမှန်တော့ သူမကို ဘယ်လိုပဲခေါ်ခေါ် ပြဿနာမရှိလှပေ။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မရေမတွက်နိုင်သည့် လူပေါင်းများစွာ ရှိခဲ့သည်။ ဒေသအသီးသီးတွင် မတူညီသည့် ဓလေ့ထုံးတမ်းများ ရှိကြပြီး တစ်ယောက်နှင့်တစ်ယောက် ခေါ်ပြောဆက်ဆံပုံများသည်လည်း ထူးဆန်းကြသည်။
ကျင့်ကြံသူများကတော့ သူတို့၏ တာအိုလက်တွဲဖော်များနှင့်ပတ်သက်ပြီး မည်သို့ခေါ်ဆိုရမည်ဟု သီးခြားစည်းမျဉ်းများ မရှိပေ။
ရှောင်ယွိက…
"ကျွန်မကို ရှင် ကြိုက်သလို ခေါ်လို့ရတယ်"
ထို့နောက် ရှောင်ယွိက သူမခြေထောက်လေးများကို ကျောက်တုံးများထက်သို့ တင်လိုကပြီး ခြေဆင်းလိုက်ရင်း ကျန်းလန်ကို မှီထိုင်လိုက်သည်။
"အရင်အတိုင်းပဲ ခေါ်တာကောင်းပါတယ် ၊ နော်လို့… ကျွန်မ ဒါတွေနဲ့ အသားမကျသေးဘူးထင်တယ် ၊ အချိန်နည်းနည်းယူရဦးမယ်"
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်ပြီးထည့်သွင်းပေးနေသည်။
လေပြေလေးက တိုက်ခတ်လာသည့်အခါ မက်မွန်ပွင့်ကြွေလေးများက ဖြည်းညင်းစွာ ကျဆင်းလာသည်။
အချိန်အတန်ကြာပြီးနောက် ကျန်းလန်က သစ်သားဓားလေးကိုကိုင်ရင်း ရှောင်ယွိကို စကားပြောလိုက်သည်။
"တကယ်တော့ ကိုယ် လုပ်စရာတစ်ခုရှိလို့ ဒီနေ့ဂိုဏ်းတူအစ်မဆီ လာခဲ့တာ"
"……"
ရှောင်ယွိက မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
လှည့်ကြည့်လိုက်တော့ မျက်လုံးများကိုမှေးမှိတ်ကာ အိပ်ပျော်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
ကျန်းလန် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ သစ်သားဓားလေးကို ဒူးပေါ်သို့တင်ထားပြီး စာဖတ်ရန် စာအုပ်တစ်အုပ် ထုတ်ယူလိုက်သည်။
ရှောင်ယွိနိုးလာမည့်အချိန်ကို သူ စောင့်ဆိုင်းရမည် ဖြစ်လေသည်။
***
ညအချိန်…
ကျန်းလန် စာဖတ်နေစဉ် ရှောင်ယွိ၏ ခန္ဓာကိုယ်လေး အနည်းငယ် လူးလွန့်သွားပြီး သူ့ကိုမှီထားရာမှ အရှေ့သို့ လျှောကျသွားသည်။
"ဘန်း"
"အာရား…"
ရှောင်ယွိ ကျန်းလန်ပေါင်ပေါ်သို့ ပြုတ်ကျလာသည်။
ကျန်းလန်က သစ်သားဓားလေးကို ဒူးပေါ်တင်ထားသည်ဖြစ်လေရာ ဓားက ပြုတ်ကျသွားပြီး ရှောင်ယွိဝမ်းဗိုက်တည့်တည့်သို့ ထိုးစိုက်တော့မည့်အလား ဖြစ်သွားသည်။
ရှောင်ယွိ၏ သေးသွယ်ပါးလျသည့် ခါးလေးသည် သစ်သားဓားတည့်တည်းသို့ ပြုတ်ကျလာသည်။ သို့သော် ဓားက သူမ၏ ဝမ်းဗိုက်သို့ဖောက်ထွက်မသွားခင် (၃)လက်မခန့်အလိုတွင် ကျန်းလန်က ဖမ်းယူလိုက်သည်။
"ဝှစ်…"
သစ်သားဓားကို ဘေးသို့ချလိုက်ပြီးမှ ကျန်းလန်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထိုသစ်သားဓားနှင့်သာ ထိုးမိလျှင် ရှောင်ယွိဘာဖြစ်သွားမည်လဲဟု သူ အတော်လေး သိချင်နေသည့်တိုင်… တကယ်တမ်း စမ်းသပ်မကြည့်ဝံ့ပေ။
ရှောင်ယွိက ခေါင်းကိုတစ်ချက်ကုတ်ရင်း ထထိုင်လိုသည်။
"ဂိုဏ်းတူမောင်လေး… ကျွန်မ ဘာဖြစ်သွားတာလဲ"
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။
နဂါးတစ်ကောင်က နဂါးသုတ်သင်ဓားကိုဆောင်ထားသည်မှာ အန္တရယ်ရှိသည်ဟု သူ ခံစားမိသည်။
သူက ရှောင်ယွိခေါင်းလေးကို အသာပွတ်ပေးလိုက်ရင်း…
"ဂိုဏ်းတူအစ်မ… ၊ ဒီနေ့ ကိုယ် ကျောက်စိမ်းရေကန်ကိုလာတာ သစ်သားအိမ်လေးတစ်လုံး ဆောက်မလား စဉ်းစားမိလို့ ၊ အဲဒါ အသုံးဝင်မယ်ထင်တယ်"
ရှောင်ယွိက စိတ်လှုပ်ရှားစွာဖြင့်…
"သစ်သားအိမ်… ဟုတ်လား ၊ ကျွန်မ ကူပြီးဆောက်ပေးမယ်နော်.. နော်လို့"
ကျန်းလန် : "……"
သူ့တစ်ယောက်တည်းဆိုလျှင် မြန်မြန်ဆန်ဆန် ဆောက်လုပ်နိုင်မည် ဖြစ်သော်လည်း ယခု ရှောင်ယွိက ရှုတ်ဦးမည်ဖြစ်လေရာ ရက်အတန်ကြာတော့မည် ဖြစ်သည်။
သစ်သားအိမ်လေး ဆောက်လုပ်ပြီးလျှင်တော့ နဝမတောင်ထွတ်သို့ ပြန်ရမည် ဖြစ်သည်။ သူ တာ့လော်အင်မော်တယ်အဖြစ် အဆင့်တက်ရန် အချိန်တန်နေပြီ ဖြစ်၏။
လောလောဆယ်တော့ တောင်အောက်ဆင်းရန် အစီအစဉ်မရှိသို သင့်လည်း မသင့်တော်သေးပေ။
ယခုပင် မင်္ဂလာပွဲ ကျင်းပပြီး ဖြစ်လေရာ သူ့ကို လူအတာ်များများက မှတ်မိနေကြမည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အခြားသူများနှင့် တွေ့ဆုံရန် မသင့်တော်သေးပေ။
မင်္ဂလာပွဲ၏ လွှမ်းမိုးမှု ပျောက်ကွယ်သွားသည့် အချိန်တစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ သို့မှသာ ပြဿနာများ ကင်းဝေးမည် ဖြစ်၏။
သို့သော် သူ့အကြောင်းကို မည်သူမှ မသိရှိသည့် အတိတ်တစ်ချိန်သိ့ ပြန်သွားရန်ကတော့ မဖြစ်နိုင်တော့ပေ။
***
နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပြီးနောက်...
ကျန်းလန် ကျောက်စိမ်းရေကန်မှ ပြန်လာခဲ့သည်။
ရှောင်ယွိက သူနှင့်အတူ ဓားကို ပျံသန်းစီးနှင်ရင်း နဝမတောင်ထွတ်သို့ လိုက်ပို့ပေးသည်။
တကယ်တော့ သစ်သားအိမ်တစ်လုံးဆောက်လုပ်ရသည်က အချိန်များစွာ မကုန်ပေ။ သစ်သားအိမ်ထဲတွင် ရှောင်ယွိနှင့်အတူ အချိန်ဖြုန်းတီးနေခဲ့ခြင်းက နှစ်ပေါင်း (၃၀) ကြာသွားခြင်း ဖြစ်သည်။
ဒီထက်ပိုပြီး ကြာကြာနေမည်ဆိုလျှင် လုန်ယွိ၏ ကျင့်ကြံခြင်းကို ထိခိုက်မည်ဖြစ်သည်။
ထို့ပြင် သူသည်လည်း ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် ပြင်ဆင်ရတော့မည် ဖြစ်သည်။
အနှစ် (၃၀) ဆိုသည်က အလွန်ရှည်ကြာသည့်ကာလတစ်ခု ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကတွင်တော့ အလွန်လျှင်မြန်သည့် အချိန်ကာလ ဖြစ်သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မရဲ့ သစ်သားဓားထဲ ထည့်ပေးထားတဲ့ ဓားဝိညာဉ်က ဘယ်လောက်ကြာကြာခံမှာလဲ"
ကျောက်စိမ်းရေကန်သို့ မပြန်မီ ရှောင်ယွိက သစ်သားဓားလေးကို လက်မှာကိုင်ရင်း ကျန်းလန်ကို မေးသည်။
သစ်သားဓားလေးကို ကြည့်ရသည်မှာ ထူးခြားမှု တစ်စုံတစ်ရာ မရှိဟု ထင်မှတ်ရသော်လည်း နဂါးသုတ်သင်ဓားသိုင်းကို သိရှိသူတိုင်းကတော့ ဓားမှ ထွက်ပေါ်နေသည့် အလွန်သန့်စင်သော နဂါးသုတ်သင်ဓားဝိညာဉ်ကို ခံစားသိရှိမည် ဖြစ်သည်။
ကျန်းလန်က...
"အဲဒါက ဂိုဏ်းတူအစ်မ ဘယ်လောက် ကြာကြာခံချင်လဲဆိုတဲ့အပေါ် မူတည်တယ်"
ကျန်းလန်၏စကားကိုကြားတော့ ရှောင်ယွိပြုံးလိုက်သည်။
"ကောင်းပြီ၊ ရက်နည်းနည်းလောက်ကြာရင် ကျွန်မ ပြန်လာခဲ့မယ်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
ရှောင်ယွိ မကြာခဏလာရောက်နေလျှင် မရဏအငွေ့အသက်များက ဒုက္ခပေးမည်ကို ကျန်းလန် စိတ်ပူမိသည်။
သူ၏ ကျင့်ကြံခြင်းကတော့ ထိခိုက်မည် မဟုတ်ပေ။ သူက တံခါးပိတ်ကျင့်ကြံသကဲ့သို့ အပြင်သို့ လုံးဝမထွက်ဘဲ ကျင့်ကြံမည် မဟုတ်ပေ။
ရှောင်ယွိကိုနှုတ်ဆက်ပြီးနောက် ကျန်းလန် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
သူက အရင်ဆုံး ကျင့်ကြံခြင်းကို စတင်လိုက်သည်။ ပြီးမှ စာအုပ်ဖတ်သည့်အလုပ်ကို ပြုလုပ်လေသည်။
***
ပင်လယ် (၄)ခု ဒေသ။
ထိုဒေသတွင် နဂါးများပင် မသွားရောက်ချင်သော အဆုံးမရှိသည့် ချောက်နက်ကြီးတစ်ခု တည်ရှိသည်။
ယနေ့တော့ ထိုချောက်နက်ကြီးအတွင်းမှ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။
"ကြီးကျယ်မြင့်မြတ်တဲ့ နဂါးတွေက ခွန်လွန်တောင်နဲ့ အပေးအယူလုပ်ဖို့အတွက် သူတို့ရဲ့ နဂါးမင်းသမီးကို ရောင်းစားခဲ့ကြတယ် ၊ ပြောကြတာတော့ အဲဒီ ခွန်လွန်တောင်က ကျောက်စိမ်းရေကန်နတ်ဘုရားမက ပင်လယ် (၄)ခု ဒေသကို လာရောက်လည်ပတ်မယ်တဲ့"
"ခွန်လွန်တောင်က သာမန်နေရာတစ်ခု မဟုတ်ဘူး ၊ ကျောက်စိမ်းရေကန်ဆိုတာကလည်း ခွန်လွန်တောင်အတွက် အင်မတန် ထူးခြားတဲ့ နေရာတစ်ခုပဲ ၊ ဒီတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ကျုပ်တို့ကို လွတ်မြောက်အောင် ကူညီနိုင်မယ်လို့ ထင်သလား"
"ကျောက်စိမ်းရေကန်နတ်ဘုရားမ သေသွားတာနဲ့ နဂါးမျိုးနွယ်တွေ ဒုက္ခရောက်မှာပဲ ၊ ဒါဆို ကျုပ်တို့တွေလည်း လွတ်မြောက်ဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်"
ချောက်နက်ကြီးထဲမှ အမှောင်ထုတစ်ခုလံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တစ်စုံတစ်ခု တုံ့ဆိုင်းသွားန်ဟန် ရှိသည်။
အချိန်အတန်ကြာပြီးနောက် စိတ်ဆုံးဖြတ်ချလိုက်ဟန်ဖြင့် အသံက ထပ်မံထွက်ပေါ်လာသည်။
"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ အခြေခံအုတ်မြစ်ကို ဆုပ်ကိုင်နိုင်ဖို့ နည်းလမ်းတစ်ခု ရှာဖွေရမှာပေါ့"
"ဟူး…"
ရုတ်တရက် နဂါးပုံရိပ်တစ်ခုက အမှောင်ထုကို သတိပေးသည့်အလား ချောက်နက်ကြီး၏ ကောင်းကင်ထက်မှ ဖြတ်ကျော်ပျံသန်းသွားသည်။
"နဂါးမျိုးနွယ်တွေက ကျုပ်တို့ကို စောင့်ကြည့်နေတယ် ၊ ဒါပေမဲ့ ပတ်ဝန်းကျင်မှာလည်း နတ်မိစ္ဆာတွေ ရှိနေတယ် ၊ သူတို့ကတော့ ကျုပ်တို့ကို ကူညီပေးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"
"နတ်မိစ္ဆာတွေရဲ့လက်ထဲရောက်ရင် ကျုပ်တို့က သူတို့ရဲ့ လက်ကိုင်ဓားဖြစ်သွားမှာပေါ့"
"ဟက်… ဘယ်သူက ရုပ်သေးရုပ်ဖြစ်လာမလဲ စောင့်ကြည့်တာပေါ့"
အမှောင်ထုထဲမှ အသံများက ပြန်လည်တိတ်ဆိတ်သွားကြသည်။
အမှောင်ထုဖုံးလွှမ်းနေသည့် ချောက်နက်ကြီး အနောက်ဘက်ရှိ တောက်ပသည့် ပင်လယ်ကြီးထဲတွင် နဂါးတစ်ကောင်က မျက်လုံးများဖွင့်ကာ ချောက်နက်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
"နဂါးနက်တွေ လှုပ်ရှားတော့မယ် ၊ နတ်မိစ္ဆာတွေကလည်း လှုပ်ရှားတော့မယ် ၊ သူတို့မှာ ရည်ရွယ်ချက် (၂) ခု ရှိတယ် ၊ ပထမအချက်ကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို အရယူဖို့ပဲ ၊ နောက်တစ်ချက်ကတော့ နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့်နဲ့ ချစ်ကြည်ရေးရရှိဖို့ပဲ"
ထိုအချိန်မှာပင် နဂါးတစ်ဝက် သဏ္ဌန်တစ်ခု ထိုနဂါးကြီးဘေးတွင် ပေါ်လာသည်။ ထိုသူ၏ နာမည်က လုန်ကျန့် ဖြစ်သည်။
သူက မျက်လုံးဖွင့်ထားသည့် နဂါးကြီးကို ဦးညွှတ်အရိုအသေပြုရင်း လေးလေးစားစားဖြင့် မေးလိုက်သည်။
"ဒါဖြင့် ကျုပ်တို့ တစ်ခုခု လုပ်ဖို့လိုသလား"
ထိုနဂါးကြီးက သာမန်နဂါးများ မသိမြင်နိုင်သည့် မြင့်မြတ်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
နဂါးနက်များနှင့် နတ်မိစ္ဆာများက နဂါးမျိုးနွယ်များအတွက် မဟာရန်သူများ ဖြစ်သည်။ သူတို့လှှုပ်ရှားမည်ဆိုပါက နဂါးများကို လွယ်လွယ်ပင် ထိခိုက်စေနိုင်သည်။
ကျောက်စိမ်းရေကန် နတ်ဘုရားမနှင့် သူမ၏ ခင်ပွန်းက ခွန်လွန်တောင်အတွက် အလွန်အရေးပါသူများ ဖြစ်ကြသည်။ ထို့ကြောင့် အားလုံးက သေသေချာချာ စောင့်ရှောက်ပေးမည် ဖြစ်လေရာ ရန်သူ့ဘက်မှ လှုပ်ရှားနိုင်ကြမည်တော့ မဟုတ်ပေ။
"အဲဒါကို စိတ်မပူပါနဲ့"
နဂါးကြီးက မျက်လုံးများကို ဖြည်းညင်းစွာ ပြန်မှိတ်လိုက်သည်။
"နဂါးမျိုးနွယ်တွေက ခွန်လွန်တောင်က ဧည့်သည်တော်တွေကို ကာကွယ်ပေးရမှာပါပဲ ၊ ကျုပ်တို့ မျှော်လင့်မထားတဲ့ အခြေအနေတွေ ဖြစ်လာပြီး ရန်သူဘက်က လွန်လွန်ကဲကဲ အင်အားကြီးလာမယ်ဆိုရင်တော့ ခွန်လွန်တောင်က လူတွေကိုယ်တိုင်တောင် နတ်ဘုရားမကို ကာကွယ်နိုင်မယ် မထင်ဘူး ၊ ဒါဆို ကျုပ်တို့လည်း ဘာမှ မတတ်နိုင်ဘူးလေ"
"နဂါးမျိုးနွယ်တွေက ကာကွယ်ပေးရမယ့်အရာကို မတွန့်ဆုတ်ဘဲ ကာကွယ်ပေးတတ်ပါတယ် ၊ ဒါပေမဲ့ မမျှော်လင့်တဲ့အရာတွေက ဖြစ်ပျက်လာတတ်တာပဲလေ ၊ ဆိုတော့ ကာကွယ်ပေးနေပေမယ့်လည်း အန္တရယ်ကင်းတယ်လို့ မဆိုသာပြန်ဘူး"
လုန်ကျန့် ခေါင်းငုံ့လျှက် တိတ်ဆိတ်ငြိမ်သက်နေသည်။
နဂါးနက်များနှင့် နတ်မိစ္ဆာများတွင် အကြံအစည်တစ်ခုခု ရှိရပေမည်။ သို့သော် သူတို့ကို တိုက်ရိုက်ပစ်မှတ်မထားသရွေ့ နဂါးမျိုးနွယ်များက အရေးစိုက်မည် မဟုတ်ပေ။
နဂါးများက ခွန်လွန်တောင်မှ လူများကို ကာကွယ်ပေးရမည် ဖြစ်သည်။ သို့သော် ခွန်လွန်တောင်က သူတို့ကိုယ်သူတို့ပင် မကာကွယ်နိုင်လျှင် နဂါးမျိုးနွယ်များဘက်မှလည်း ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ပေ။
မတော်တဆမှုများ မဖြစ်လာသရွေ့ သူတို့ ဘာမှ ဆုံးရှုံးမည် မဟုတ်ပေ။ ထို့အတူ ခွန်လွန်တောင်သည်လည်း သူတို့နှင့် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်ရာတွင် တစ်စုံတစ်ရာ အမှားအယွင်းမရှိဘဲ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ခွန်လွန်တောင်သည် နဂါးနက်များနှင့် နတ်မိစ္ဆာများကို နှိမ်နင်းရာတွင်ပင် ကူညီပေးနိုင်မည် ဖြစ်သည်။
ခွန်လွန်တောင်က လက်ရှိ သူတို့၏ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် အဆုံးစွန်သောအောင်မြင်မှုများ ရရှိလာမည်မှာ အသေအချာပင်။
***