တာအိုအင်မော်တယ်
Vol. 30 Ch. 419
ဆရာဖြစ်သူ ရုတ်တရက်ပို့လာသည့် စာနှင့်ပတ်သက်ပြီး ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။
နောက် (၃)ရက်နေလျှင် ခရီးထွက်ရမည်…တဲ့။
တကယ်တော့ သူ၏ ကျင့်ကြံခြင်း ပြီးပြည့်စုံရန်အတွက် (၃)လခန့် အချိန်ယူရဦးမည် ဖြစ်သည်။ (၃)ရက်အတွင်းမှာတော့ နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားများကို တာ့လော်အင်မော်တယ်အဆင့်နှင့် ကျွမ်းဝင်အောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။
"ဘာကိစ္စများ ဖြစ်လို့လဲ"
ကျန်းလန် တွေးလိုက်သည်။
သာမန်ကိစ္စတစ်ခုဆိုလျှင် ကောင်းပေမလိမ့်မည်။
သို့သော် ယခုတစ်ကြိမ် ဆရာဖြစ်သူက "ခရီးထွက်ရမည်" ဟု တိုက်ရိုက်ပြောခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ငြင်းမရသည့် ခရီးစဉ်တစ်ခု ဖြစ်နိုင်သည်။
အတွေးများနှင့်အတူ ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလာခဲ့သည်။
သူနှင့်အတူ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုလည်း ယူဆောင်လာခဲ့သည်။ သူ တံခါးပိတ်ကျင့်ကြံစဉ်က ထိုအရာလေးများကို မရဏဂူထဲသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
"အခုဆိုရင် ဂိုဏ်းထဲကိုရောက်တာ (၆၂၆)နှစ်ရှိပြီ ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ဆရာမျှော်လင့်ထားတာထက် ကျော်လွန်နေမှာပဲ ၊ ဆရာက ငါ့ကို မိုးကောင်းကင်အင်မော်တယ်လို့ပဲ ထင်နေဦးမှာ"
ကျန်းလန် တွေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ဆရာဖြစ်သူနှင့် အမှန်တကယ်တွေ့ဆုံရန် လိုအပ်နေခဲ့သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ရန် သူချမှတ်ထားသည့် ရည်မှန်းချက်အား ပြီးပြည့်စုံအောင် ပြုလုပ်ရန် ဖြစ်သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့် မည်သို့ရှိသည်ကို သူ၏ အမှန်တရားမျက်လုံးဖြင့် ကိုယ်တိုင် သိမြင်ချင်သေးသည်။ မိုးကောင်းကင်အင်မော်တယ်အဆင့်က မကြည့်မြင်နိုင်ခဲ့သော်လည်း ယခု တာ့လော်အဆင့် ရောက်ခဲ့ပြီ ဖြစ်လေရာ ပြဿနာမရှိနိုင်တော့ပေ။
"ဟူး…"
မရဏဂူအပြင်ဘက်သို့ ရောက်သည်နှင့် လေပြေလေးက တိုက်ခတ်လာပြီး ကျန်းလန်၏ ဆံပင်များ လွင့်ပျံသွားသည်။
ဆောင်းဦးလေပြေဖြစ်သည့်အတွက် အေးစိမ့်ခြင်းကို ခံစားလိုက်ရသည်။ သို့သော် ကျန်းလန်က လေတိုက်သည်ကို အရေးမစိုက်ဘဲ ခြံဝင်းဆီသို့ ထွက်ခွာလာခဲ့သည်။
အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ သူ့ကို လူသားအင်မော်တယ် ၊ အလယ်ဆင့်ဟု သိရှိကြမည် ဖြစ်သည်။
မင်္ဂလာပွဲမှ ရရှိသည့် တန်ခိုးစွမ်းအားများကို စုပ်ယူကျင့်ကြံပြီးနောက် သေချာပေါက် ကျင့်ကြံခြင်းအဆင့်တက်ရမည် မဟုတ်ပါလား။
ခဏအကြာတွင် ကျန်းလန် ခြံဝင်းထဲ ရောက်ရှိလာသည်။
ထိုအခါ ခြံဝင်းထဲတွင် အင်္ကျီလက်များကို ပင့်တင်ပြီး ဆံပင်ကို စည်းနှောင်ကာ ပန်းပင်များကို ပြုပြင်ပေးနေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
ကျန်းလန်မှာ ရှောင်ယွိဆီသို့ ချက်ချင်း မသွားသေးဘဲ အိမ်ကိုအရင်ဆုံး ပြေးပြီး စစ်ဆေးရသည်။ အိမ်ပြိုကျမည့် လက္ခဏာမတွေ့ရတော့မှ စိတ်သက်သာရာရသွားတော့သည်။
တစ်ခါတစ်ရံတွင် ရှောင်ယွိက ဘာကြောင့်မှန်းမသိ အိမ်ကို အဓိက ထောက်ပံ့ပေးထားသည့် အုတ်ခဲများကို ထုတ်ယူထားတတ်သည်။ သူက ပြန်လည် ပြုပြင်ရသည်ချည်းပင် ဖြစ်သည်။
ယခုတော့ သူ အချိန်အနည်းငယ်ကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့လေရာ ရှောင်ယွိ ထိုသို့ ပြုလုပ်မည်လားဟု စိတ်ပူပန်သွားမိသည်။ ထိုခဏတွင် ရှောင်ယွိက သူ့ကို လှမ်းကြည့်လာသည်။ ကျန်လးန်ကိုတွေတာ့တော့ သူမမျက်နှာထက် အပြုံးရိပ်လေးတစ်ခု ထင်ဟပ်လာ၏။
သူမက…
"ဂိုဏ်းတူမောင်လေး ၊ အခု စိတ်သက်သာရာရသွားပြီလား"
ကျန်းလန် : "……"
သူတို့ (၂)ယောက် နှစ်ပေါင်းများစွာကြာအောင် အတူတူနေထိုင်ခဲ့ကြသော်လည်း အဆင်မပြေသည်များလည်း ရှိခဲ့သည်ပင်။
ညအချိန်များ အတူတူရှိစဉ်တွင် လုန်ယွိသည် နဂါးတစ်ဝက်အသွင်သို့ ပြောင်းလဲနေဆဲ ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံလည်း မပြောင်းလဲသည့်အချိန်များ ရှိလေရာ အနည်းနှင့်အများ တိုးတက်သည်ဟုတော့ ဆိုရမည်။
အနှစ် (၃၀)အကြာတွင် တိုးတက်မှုအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော်…
သူတို့၏ကလေးက ဥဥမည်လား ၊ လူသားများကဲ့သို့ပင် မွေးဖွားမည်လားဆိုသည်ကိုတော့ သိရှိရခြင်း မရှိသေးပေ။ ရှောင်ယွိက ယခုအချိန်ထိ ကိုယ်ဝန်ဆောင်ခြင်း မရှိသေးပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ ပန်းပင်တွေကို ပြုပြင်ပေးနေတာ မျက်နှာမှာ ပေကျံနေတာပဲ"
ကျန်းလန်က ရှောင်ယွိမျက်နှာထက်တွင် ပေကျံနေသည်များကို သူ့လက်ဖြင့် အသာအယာ သုတ်ပေးလိုက်သည်။
ရှောင်ယွိက ပြုံးလိုက်ရင်း…
"ဒါပေါ့ ၊ ကျွန်မက တမင်သက်သက် ရည်ရွယ်ချက် ရှိရှိ လုပ်ထားတာ ၊ ဂိုဏ်းတူညီမလေး လင်စီးယာက ကျွန်မဆီ လာလည်တတ်တယ်လေ ၊ သူက တခြားတာအိုစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပြုမူကြတယ်ဆိုတာ ပြောပြတယ် ၊ သူက အဲဒီကိစ္စနဲ့ပတ်သက်တဲ့ စာအုပ်တွေလည်း ဝယ်ဖတ်တယ် ၊ သူက အများကြီး သိတယ်လေ"
သူမက ဆက်ပြောသည်။
"ဒါကြောင့် သူက ကျွန်မကို ဒီနည်းလမ်း စမ်းသပ်ကြည့်သင့်တယ်ပြောလို့ အခု စမ်းသပ်ကြည့်တာ"
ကျန်းလန် : "……"
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
သူသာ ရှောင်ယွိမျက်နှာထက်မှ ပေကျံနေသည်များကို သုတ်မပေးလျှင် ရှောင်ယွိ မည်သို့ပြုမူမည်ကို သူ သိချင်သွားမိသည်။
ရှောင်ယွိက…
"တကယ်လို့ ရှင်က ကျွန်မမျက်နှာပေါ်မှာ ပေကျံနေတာကို သုတ်မပေးဘူးဆိုရင် ကျွန်မက ရှင့်ကို သုတ်ခိုင်းမလို့ပဲ"
ရှောင်ယွိက အမှန်အတိုင်း ပြောလိုက်သည်။ ကျန်းလန် မည်သို့ တွေးထင်မည်ကို သူမက လုံး၀ အရေးမစိုက်ပေ။
ဒီ နဂါးမလေးကတော့ တကယ့် ကလေးလေးလိုပဲဟု ကျန်းလန် တွေးထင်လိုက်သည်။
သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမသည် အမှန်တကယ်ပင် အရွယ်ရောက်ခဲ့ပြီ ဖြစ်သည်။ သူမ လုန်ယွိအသွင်ဖြင့်သာဆိုလျှင် ကလေးမဟုတ်ဘဲ ရင့်ကျက်သည့် မိန်းမပျိုတစ်ယောက်ပမာ ထင်မှတ်ရသည်။
ရှောင်ယွိကတော့ သွက်သွက်လက်လက်နှင့်ဖြစ်ပြီး ဆရာဒေါ်လေးမြောင်ယွဲ့ ၊ ဆရာဒေါ်လေးကျူးချင်တို့၏ ရင့်ကျက်မှုမျိုးနှင့် အလွန်အလှမ်းကွာဝေးသည်။
ရှောင်ယွိ မည်သို့သောပုံစံပဲ ဖြစ်ပါစေ သူ့အတွက် အဆင်ပြေလေသည်။ သူမအနေဖြင့် မည်သူ့ထံကမှ သင်ယူနေစရာ မလိုပေ။
ထို့ပြင် ဆရာဒေါ်လေးများက သူ့ဆရာကဲ့သို့ပင် ဘဝကို အထီးကျန်စွာ ဖြတ်သန်းရင်း အသက်ကြီးလာကာ အပျိုကြီးဘဝဖြင့် ရင့်ကျက်လာကြသည်မှာ သဘာဝပင် ဖြစ်၏။ ဆရာဒေါ်လေး မြောင်ယွဲ့ကတော့ ဆရာဖြစ်သူအတွက် ကျန်းလန် စဉ်းစားထားသည့် နံပါတ် (၁) ဇနီးလောင်း ဖြစ်သည်။
သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ဆရာဖြစ်သူ မည်သို့ထင်မြင်သည်ကို သိရှိရန် လိုအပ်သည်။ ဆရာဖြစ်သူက ဘယ်သူ့ကိုမဆို လက်ထပ်နိုင်သည်ဆိုလျှင်တော့ ဆရာဒေါ်လေး မြောင်ယွဲ့က အသင့်တော်ဆုံး ဖြစ်သည်။
သို့မဟုတ် ဆရာဖြစ်သူတွင် ချစ်ရသူတစ်ယောက် ရှိနေသည်ဆိုလျှင်တော့ အတော်လေး အခက်တွေ့ရမည်ပင်။
"ဆရာက နောက် (၃)ရက်နေရင် ခရီးထွက်ရမယ်လို့ စာပို့လိုက်တယ်"
ခြံဝင်းထဲတွင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို စနစ်တကျထားသိုပြီးနောက် ကျန်းလန်က ရှောင်ယွိကို လှမ်းပြောလိုက်သည်။
"အဲဒါက ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံနေလို့ မသိတာလေ ၊ ကျွန်မက အဲဒီအကြောင်း သိပြီးသွားပြီ ၊ တကယ်တော့ လွန်ခဲ့တဲ့ (၂)လလောက်ကတည်းက ဆရာက ကျွန်မကို အကြောင်းကြားထားတာ"
ရှောင်ယွိက ညစ်ပေနေသည့် လက်များကို ဆေးကြောလိုက်ပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးလိုက်သည်။ သူမက ရေသဖန်းပင်လေး၏ အရွက်များတွင် ကပ်ညိနေသည့် ရွှံ့များကိုပင် ဖယ်ရှားပေးနေသေးသည်။
ကျန်းလန်တော့ မျက်ခုံးများကို တွန့်ချိုးထား၏။
သို့ဆိုလျှင် ဆရာဖြစ်သူကလည်း သူ့ကို ကြိုတင်ပြီး စာပို့ထားခြင်း ဖြစ်နိုင်သည်။ သူက ကျင့်ကြံနေသဖြင့် သတိမထားမိဘဲ ခရီးထွက်ရန် (၃)ရက်အလိုမှ စာကို လက်ခံရရှိခြင်း ဖြစ်ရပေမည်။
ဘာပဲဖြစ်ဖြစ် ဤခရီးစဉ်က ရှောင်ယွိ သေချာပေါက် သွားရောက်ရမည့် ခရီးစဉ် ဖြစ်သည်။
ကျန်းလန်က…
"ဆရာဒေါ်လေးက ဂိုဏ်းတူအစ်မကို အသေးစိတ် ပြောပြသေးလား"
ဆရာဒေါ်လေးဆိုသည်မှာ ကျူးချင်ကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း….
"သူတို့ပြောတာတော့ ကျွန်မက ဂိုဏ်းတူမောင်လေးနဲ့ လက်ထပ်ပြီးသွားပြီဆိုတော့ နဂါးနန်းတော်ကို ဆွေပြမျိုးပြ သွားလည်ပတ်ရမှာတဲ့ ၊ ဒါကြောင့် ဒီတစ်ခေါက် ဂိုဏ်းတူမောင်လေးက ကျွန်မနဲ့ မဖြစ်မနေ လိုက်ကိုလိုက်ရမှာ"
ကျန်းလန်က သူမစကားကြောင့် အံ့သြသွားခြင်းမရှိပေ။
"ဒီခရီးက ရှင့်ရဲ့ကျင့်ကြံခြင်းကို ထိခိုက်မှုရှိလားဟင်"
ရှောင်ယွိက မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းလန်ကိုကြည့်ရင်း မေးလာသည်။
ကျန်းလန်က…
"မထိခိုက်ပါဘူးဗျာ"
သာမန် ခရီးစဉ်တစ်ခုဆိုလျှင် ကျန်းလန်က ငြင်းဆန်မိမည် ဖြစ်သည်။
သို့သော် ရှောင်ယွိ နဂါးနန်းတော်သို့ ပြန်မည့်ခရီးစဉ်ကတော့ ငြင်းဆန်၍ မရနိုင်ပေ။
ကျန်းလန်၏ အဖြေကိုကြားတော့ ရှောင်ယွိက မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ တောက်ပစွာ ရယ်မောလိုက်သည်။
ကျန်းလန်က သူမကို ငေးကြည့်နေခဲ့သည်။
"ရှောင်ယွိ၏ အပြုံးလေးများကို ကာကွယ်ပေးမည်" ဟု အရင်က သူ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
***
မွန်းတည့်ချိန်…။
ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
ခရီးထွက်ရမည့်အကြောင်း သိရှိပြီးဖြစ်သော်လည်း ဆရာဖြစ်သူဘာပြောမည်ကို နားထောင်ရဦးမည် ဖြစ်သည်။
ဤခရီးစဉ်က သေချာပေါက် အန္တရယ်မကင်းနိုင်ဟု သူ့စိတ်ထဲ အလိုလိုခံစားနေရပြီး ခွန်လွန်တောင်မှ အကြီးအကဲများသည်လည်း အနည်းနဲ့အများ သူ့လိုပင် ခံစားမိကြမည် ဖြစ်သည်။
အန္တရယ်အများဆုံးလူမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်သည့် ရှောင်ယွိပင် ဖြစ်၏။
ကျောက်စိမ်းရေကန်နတ်ဘုရားမသည် ခွန်လွန်တောင်ကို များစွာ အကျိုးပြုသူတစ်ယောက်ဖြစ်လေရာ ခွန်လွန်တောင်ကို အားနည်းသွားစေရန် လိုလားကြသည့် အခြားအင်အားစုများက ရှောင်ယွိကို လုပ်ကြံလိုကြပေလိမ့်မည်။ ထို့ပြင် နဂါးနန်းတော်ကလည်း နတ်မိစ္ဆာများ၏နယ်မြေနှင့် ထိစပ်လျှက် ရှိလေရာ ဤအချက်ကလည်း အန္တရယ်မကင်းနိုင်ပေ။
ထို့ကြောင့် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အခြေအနေကို သိရှိရန် လိုအပ်သည်။ နဂါးမျိုးနွယ်များထံ သွားရောက်လည်ပတ်ရမည့်ခရီးစဉ်က မလွဲမသွေ ကြုံတွေ့ရမည့်ခရီးစဉ်ဖြစ်ပြီး ရှောင်လွှဲမရနိုင်ပေ။
သူလုပ်ရမည့်အလုပ်က အရာအားလုံး ချောချောမွေ့မွေ့ ပြီးဆုံးသွားရန်ဖြစ်သည်။ နဂါးမျိုးနွယ်များဆီ သွားရောက်ပြီး ခွန်လွန်တောင်သို့ အန္တရယ်ကင်းစွာ ချောချောမောမော ပြန်ရောက်လာရန် လိုအပ်သည်။
ဤခရီးစဉ်အတွင်း ပေါ်လာနိုင်သည့် ရန်သူများအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ပင်။
"ဆရာ…"
နဝမတောင်ထွတ်အစွန်းတွင် ကျောခိုင်းမတ်တတ်ရပ်နေသည့် မော့ကျန်းသုန့်ကို ကျန်းလန်က လေးစားစွာပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
သူ အံ့သြသွားရသည်။
သူ အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို အသုံးပြုပြီး ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထပ်မံကြည့်ရှုလိုက်သည်။
အမှန်တကယ်ပင် ဆရာဖြစ်သူက "တာအိုအင်မော်တယ်" အဆင့်တွင် ရှိနေသည်။ သို့သော် ဘာကြောင့်မှန်းမသိ မသေချာမရေရာသည့် ခံစားချက်တစ်ခုကို ခံစားရသည်။
ကျင့်ကြံခြင်းအဆင့်များတွင် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်သည့်အဆင့် ဟူ၍ ရှိလေသည်။
သို့သော် ဆရာဖြစ်သူကတော့ တာအိုအင်မော်တယ် မည်သည့်အဆင့်တွင် ရှိနေကြောင်း မသိရှိရပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်က တာအိုအင်မော်တယ်အဆင့်သာ ဖြစ်နေခဲ့သည်။ အဆင့်ခွဲများကို တစ်စုံတစ်ခုနှင့် အစားထိုးထားလေသလား မပြောတတ်ပေ။
ကျန်းလန် နားလည်နိုင်ခြင်း မရှိပေ။
သို့သော် သူ့တွင် "တာအိုအင်မော်တယ်အဆင့်သို့သွားရာလမ်း" ဆိုသည့်စာအုပ် ရှိလေသည်။ ထိုစာအုပ်က သူသိချင်သည့်အရာများကို အဖြေပေးကောင်းပေးနိုုင်ပေမည်။ သို့သော် ထိုစာအုပ်ကိုမဖတ်မီ "တာ့လော်အင်မော်တယ်အဆင့်" စာအုပ်ကို အရင်ဆုံး ပြီးအောင် ဖတ်ရပေမည်။
အစပျိုးထားသင့်သော်လည်း အရေးတကြီးလုပ်ရမည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။
မော့ကျန်းသုန့်က အသံကြားသည်နှင့် ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…
"မင်း (၃)ရက်အတွင်း နဂါးမျိုးနွယ်တွေဆီကို ခရီးထွက်ရမယ် ၊ ခရီးက နည်းနည်းကြာလိမ့်မယ် ၊ မင်းက ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ ခင်ပွန်းဆိုတော့ ခရီးစဉ်ကို ငြင်းဆန်လို့မရဘူး"
တပည့်ဖြစ်သူ ခရီးမထွက်ချင်သည်ကို သိရှိသဖြင့် မော့ကျန်းသုန့်က ပိတ်ပြီးပြောလိုက်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"တပည့် နားလည်ပါပြီ"
သူ မည်သည့်နည်းနှင့်မှ ဤခရီးစဉ်ကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။
သို့သော် ဤခရီးစဉ် မည်မျှအန္တရာယ်ရှိမည်ကို ခန့်မှန်းနိုင်ရန် အခြေအနေကို အတိအကျ တွက်ချက်ရန် လိုအပ်လေ၏။
***