← Chapters

ဧကရာဇ်ရှီးဟယ်ထံမှ အကူအညီတောင်းခံခြင်း

Vol. 30 Ch. 420

ဧကရာဇ်ရှီးဟယ်ထံမှ အကူအညီတောင်းခံခြင်း

Vol. 30 Ch. 420

"အဋ္ဌမမင်းသားလည်း ဒီခရီးစဉ်မှာ ပါဝင်မှာလား"

ကျန်းလန် မေးလိုက်သည်။

ဆရာဖြစ်သူထံမှ အသေးစိတ်အကြောင်းအရာများကို ကြားပြီးနောက် အခြေအနေကို အကြမ်းဖျင်းနားလည်သွားသည်။ ယခုတစ်ကြိမ် အဓိကပစ်မှတ်က အဋ္ဌမမင်းသား ဖြစ်သည်။ လုန်မန်က သူ နဂါးနန်းတော်သို့ ခဏပြန်မည်ဟု အရင်က ပြောခဲ့ဖူးသည်။

နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားကို ပြန်ခေါ်ရန်အတွက် ရှောင်ယွိကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချခဲ့ခြင်းပင် ဖြစ်သည်။ ခွန်လွန်တောင်က လုန်မန်ကို စောင့်ရှောက်ထားသည့်အတွက် နဂါးမျိုးနွယ်များက ခွန်လွန်တောင်အပေါ် ကျေးဇူးတင်ကြောင်း လက်ဆောင်များပေးရန် လိုအပ်သည်။

"နဂါးမျိုးနွယ်တွေက အဋ္ဌမမင်းသားကို ပြန်ခေါ်ဖို့အတွက် အများကြီး ပြင်ဆင်ထားခဲ့တာပဲ"

ကျန်းလန် တွေးလိုက်သည်။

ယခုတစ်ကြိမ် အဋ္ဌမမင်းသား နဂါးနန်းတော်သို့ ပြန်ခြင်းက နဂါးမျိုးနွယ်များသည်လည်း သူတို့လိုချင်သည့်အရာကို ရရှိမည်ဖြစ်သလို ခွန်လွန်တောင်သည်လည်း သူတို့လိုချင်သည့်အရာကို ရရှိမည် ဖြစ်သည်။

ရှောင်ယွိက အဋ္ဌမမင်းသားကို ပြန်ခေါ်ရန် အကြောင်းပြချက်ဖြစ်သော်လည်း နဂါးမျိုးနွယ်များက သူမကို တိုက်ခိုက်ကြမည် မဟုတ်ပေ။ အန္တရယ်ကြုံလာလျှင်တောင်မှ သူမကို ကာကွယ်ပေးမည် ဖြစ်သည်။

မဟုတ်ပါက နဂါးမျိုးနွယ်များအတွက် အခြေအနေဆိုးသွားနိုင်သည်။ သို့သော် မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးမည်လဲဆိုသည်ကတော့ ပြောရခက်သည်။

အတိုချုပ်ဆိုရသော် ခရီးစဉ်က အန္တရယ်များသည်ဖြစ်ရာ သူ သတိထားရပေလိမ့်မည်။

ဘိုးဘေးနဂါးထံမှ ကောင်းချီးမင်္ဂလာလက်ဆောင်ကိုတော့ ကျန်းလန် စိတ်မဝင်စားပေ။ ထိုအရာက ရှောင်ယွိကိုတော့ လူသားအင်မော်တယ် အောင်မြင်သည့်အဆင့်ရောက်အောင် ကူညီပေးနိုင်သည်။

မင်္ဂလာပွဲမှ ရရှိသည့် တန်ခိုးစွမ်းအားများကို စုပ်ယူကျင့်ကြံပြီးနောက်ပိုင်း ရှောင်ယွိသည် လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဟုတ်တယ်…"

မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်သည်။

"နဂါးမျိုးနွယ်ကလူတွေလည်း မပြန်ကြသေးဘူးလေ ၊ အဋ္ဌမမင်းသားကလည်း ခွန်လွန်တောင်ကိုရောက်နေတာ အရမ်းကြာနေပြီ ၊ ဆိုတော့… သူလည်း ပြန်ချင်ပြီလေ ၊ ဒါပေမဲ့ မင်း တို့ပြန်လာရင် သူလည်း ပြန်လိုက်လာရလိမ့်မယ် ၊ ခရီးစဉ်ကို ဦးဆောင်မယ့်သူတွေကတော့ ပဉ္စမတောင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်က တောင်သခင်တွေပဲ"

သူက ဆက်ပြောသည်။

"တောင်သခင် (၂)ယောက်လုံးက မင်းနဲ့ ရင်းနှီးပြီးသားပါ ၊ မင်း သိချင်တာတွေရှိရင် ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးကို မေးလို့ရတယ် ၊ တကယ်တော့ အစီအရင်ပညာဆိုတာ သူရရှိထားတဲ့ အောင်မြင်မှုတွေထဲက သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုပဲ ၊ သူက ခွန်လွန်တောင်ရဲ့ အဓိကကိစ္စအတော်များများကို တာဝန်ယူထားရတဲ့သူလေ"

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့…"

ဆရာဒေါ်လေးမြောင်ယွဲ့က အမှန်တကယ်ပင် တန်ခိုးစွမ်းအား မြင့်မားလွန်းသည်။

သူမက ဆရာဦးလေး ကျိုးကျုန်းထျန်းလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိသော်လည်း တစ်ဖက်လူကို လွှမ်းမိုးနိုင်စွမ်းက ဆရာဦးလေး ကျိုးကျုန်းထျန်းထက် မြင့်မားသည်။

တစ်ဖက်လူမည်သို့ရှိသည်ကို အရာအားလုံး ထိုးဖောက်သိမြင်သုံးသပ်နိုင်စွမ်း ရှိသည်။

ခွန်လွန်တောင်တွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်တိုင်း သူမက ဦးဆောင်ခဲ့သလို သူမနှင့် ယှဉ်ပြီး စကားရည်လုနိုင်သူမရှိဘဲ အခြားသူများကို အခက်တွေ့ကာ ဒေါသထွက်စေသည်ပဲ ဖြစ်၏။ သို့ဖြစ်ရာ သူမနှင့်အတူ ခရီးထွက်ရသည်က လုံခြုံမှုရှိသည်ဟု ခံစားရသည်။

မော့ကျန်းသုန့်က…

"ကျောက်စိမ်းရေကန်နတ်ဘုရားမ ခရီးထွက်တယ်ဆိုတာ ရန်သူတွေအတွက် အခွင့်အရေးတစ်ခုပဲ ၊ တောင်သခင် (၂)ပါးက စောင့်ရှောက်ပေးမယ်ဆိုပေမယ့် ကိုယ့်ဘက်ကလည်း ပေါ့လျော့လို့ မရဘူး ၊ အန္တရယ်က ဘယ်အချိန်ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

မော့ကျန်းသုန့်က စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ကျန်းလန်ကို ပေးလိုက်တယ်။

"နဂါးနန်းတော်ကို သွားတဲ့ခရီးစဉ်မှာ အဋ္ဌမမင်းသားက အလွန်အရေးကြီးတယ် ၊ တကယ်လို့ မင်း တစ်ခုခု အန္တရယ်ကျရောက်ပြီး အရေးပေါ်အခြေအနေရောက်ပြီဆိုရင် မင်းကိုယ်မင်းအရင်ဆုံး လွတ်မြောက်အောင်လုပ်ရမယ် ၊ ဒီတော့ အဲဒီလိုအချိန်ကျရောက်လာရင် အဲဒီစာရွက်ထဲက နာမည်ကို အဋ္ဌမမင်းသားကို ဖတ်ခိုင်းလိုက် ၊ အသေးစိတ်တော့ ဆရာလည်း မသိပေမယ့် အဲဒီလူက မင်းကို ကူညီပြီးတိုက်ခိုက်ပေးလိမ့်မယ်"

ဆရာဖြစ်သူ၏စကားကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

စာရွက်ပေါ်တွင် ရေးထားသည့်အရာကို ကျန်းလန် အနည်းနှင့်အများ ခန့်မှန်းမိသည်။ သို့သော် သူ့ကို ပဟေဠိ ဖြစ်စေသည့် ကိစ္စတစ်ခုရှိနေသည်။

ကျန်းလန် စာရွက်ကို ဖွင့်ကြည့်လိုက်သည်။

"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ်"

ကျန်းလန် တွေးထားသည့်အတိုင်းပင် ဖြစ်သည်။

သို့သော်…

ဧကရာဇ်ရှီးဟယ်သည် ခွန်လွန်တောင်တွင် ခြေချုပ်မိနေသူဖြစ်လေရာ ပင်လယ် (၄)ခုတွင် သူ့နာမည်ကို ခေါ်ဆိုခြင်းက မည်သို့ အကျိုးရှိပါမည်နည်း။

အဋ္ဌမမင်းသားကြောင့်များလား…။

ဆရာဖြစ်သူက ဧကရာဇ်ရှီးဟယ်အမည်ကို သူ့ကို မခေါ်ဆိုခိုင်းဘဲ အဋ္ဌမမင်းသားကို ခေါ်ဆိုခိုင်းသည်ကို ကျန်းလန် သတိရသွားသည်။ အဋ္ဌမမင်းသားက ထူးခြားသည်။ ထို့ကြောင့် ဧကရာဇ်ရှီးဟယ်က ကံကြမ္မာအခွင့်ကောင်းောင်ဝါကို သူ့အတွက် ရရှိစေလိုခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန်က စာရွက်လေးကို သိမ်းဆည်းလိုက်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဆရာ… အဲဒါ တကယ်အလုပ်ဖြစ်မှာလား"

သူ ခန့်မှန်းမိသည်များ ရှိသော်လည်း ထိုအချက်ကို အတည်ပြုချင်သေးသည်။

ဧကရာဇ်ရှီးဟယ်က သူ့ထက်သာသည်ကို ဆရာဖြစ်သူက သေချာပေါက် သိရှိမည်ပင်။

"အဋ္ဌမမင်းသားကို လျှော့မတွက်နဲ့…"

မော့ကျန်းသုန့်က ခပ်တိုးတိုးလေသံဖြင့် ဆိုသည်။

"သူ ဒီမှာရှိနေတာ အကြောင်းပြချက်တစ်ခုရှိတယ်"

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

အဋ္ဌမမင်းသားသည် အလွန်တန်ဖိုးကြီး၏။ သို့သော် အဋ္ဌမမင်းသား သူ့ဘေးနားတွင် မရှိလျှင် ဧကရာဇ်ရှီးဟယ်၏ အမည်ကလည်း အသုံးဝင်မည် မဟုတ်ပေ။

ဤသည်က ကန့်သတ်ချက်ပင်ဖြစ်သည်။

အကာအကွယ်များအားလုံးက ကန့်သတ်ချက်များ ရှိမည်သာ ဖြစ်သည်။ သို့သော် အကာအကွယ်များကိုချည်း အားကိုးမနေဘဲ ကိုယ်တိုင်ကလည်း သတိထားရမည်ပင် ဖြစ်၏။

"ဒီနာမည်ကို အသုံးပြုတော့မယ်ဆိုရင် အဋ္ဌမမင်းသားက အခြားဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားတာပိုကောင်းလိမ့်မယ် ၊ မင်းလည်း ဘယ်သူ့ကိုမှ မပြောမိစေနဲ့ ၊ ဒါပေမဲ့ အရေးပေါ်အခြေအနေကြုံလာပြီဆိုရင်တော့ အဲဒါတွေကို အရေးစိုက်မနေနဲ့တော့"

မော့ကျန်းသုန့်က ဆိုသည်။

ကျန်းလန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဧကရာဇ်ရှီးဟယ်သည် သူ့ကိုယ်သူ ဖုံးကွယ်ထားဆဲဖြစ်သည်။

အဋ္ဌမမင်းသားနှင့် သူကိုယ်တိုင်က ထိုအကြောင်းကို အခြားသူများကို ပြောပြမိပါက ခွန်လွန်တောင်ကို ထိခိုက်နစ်နာစေမည်ဖြစ်သည်။

မော့ကျန်းသုန့်က…

"ဒီခရီးစဉ်က နည်းနည်းတော့ အန္တရယ်များတယ် ၊ ဒါပေမဲ့ အရမ်းစိတ်ပူဖို့လည်း မလိုပါဘူး ၊ တောင်သခင် (၂)ပါး ပါတဲ့အတွက် ဘာပြဿနာမှ မရှိနိုင်ဘူး ၊ ဘာပဲဖြစ်ဖြစ် သတိတော့ထားပေါ့"

ကျန်းလန်သည် အစကတည်းက အန္တရယ်မကင်း ၊ လုံခြုံမှုမရှိဟု ခံစားတတ်သူ ဖြစ်သည်။ သို့ဖြစ်ရာ ဤခရီးစဉ်က အန္တရယ်မရှိဟု သူက ပြောလျှင် ကျန်းလန်က ယုံကြည်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ယေဘူယျအခြေအနေများကိုသာ ရှင်းပြခဲ့သည်။ ဤနည်းအားဖြင့် သူ့တပည့်က ဘာလုပ်ရမည်ကို နားလည်ပေလိမ့်မည်။

ရာစုနှစ်များတစ်လျှောက် ခွန်လွန်တောင်တွင် ဖြစ်ပွားခဲ့သော် လျှို့ဝှက်ဆန်းကျယ်ဖြစ်ရပ်အချို့ကို အကျဉ်းချုပ်အားဖြင့် သူ နားလည်ထားပြီးဖြစ်သည်။

သို့သော် သူက ဆရာတစ်ယောက်အနေဖြင့် တပည့်ဖြစ်သူကို ဘယ်သောအခါမှ တွန့်တိုစိတ်ရှိမည် မဟုတ်ပေ။

***

(၃)ရက်ကြာပြီးနောက်…။

ရှောင်ယွိ အခန်းထဲမှ ထွက်လာပြီး ကျန်းလန် နံဘေးတွင် ရပ်လိုက်သည်။ သူမလက်ထဲတွင်လည်း သစ်သားဓားကို ကိုင်ဆောင်ထားသည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ ဒီနေ့ ခရီးထွက်မှာ မဟုတ်လား"

ယခုရက်ပိုင်းအတွင်း သူမက နဝမတောင်ထွတ်တွင်သာ နေထိုင်ခဲ့သည်။

သူမက စကားပြောရင်း ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ သူမ၏ မေးစေ့လေးကို လက်နှစ်ဖက်ပေါ်တွင် တင်လိုက်သည်။

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အင်း… ကိုယ်တို့ ဒီနေ့ ခရီးထွက်ရမယ်"

သူက သစ်သားဓားဆီမှ သူထည့်သွင်းထားသည့် နဂါးသုတ်သင်ဓားဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သစ်သားဓားလေးကို ရှောင်ယွိထံ ပြန်ပေးလိုက်သည်။

"ဂိုဏ်းတူအစ်မ ၊ ဒီပုံစံနဲ့ သွားလို့မရဘူး မဟုတ်လား"

ကျန်းလန်က မေးလိုက်သည်။

သူမအနေဖြင့် ရှောင်ယွိအသွင်ဖြင့် ခရီးထွက်၍ မရပေ။ လုန်ယွိအသွင် ပြောင်းလဲရမည် ဖြစ်သည်။

သို့သော် ရှောင်ယွိက ယခုပုံစံဖြင့်ပင် ခရီးသွားလိုသည်ဆိုလျှင်လည်း အဆင်ပြေလေသည်။ ကျန်းလန်အတွက် ဘာထိခိုက်မှုမှ မရှိပေ။

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ချက်ချင်းပင် လုန်ယွိအသွင်သို့ ပြောင်းလဲသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွယ်လျလှပသည့် ခန္ဓာကိုယ်ဖြင့် ချောမောလွန်းသော မျက်နှာကိုပိုင်ဆိုင်သည့် အလှဧကရီလုန်ယွိအသွင် ပြောင်းလဲသွားခဲ့သည်။

သူမက ကျန်းလန်ရှေ့တွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ကျွန်မခန္ဓာကိုယ်မှာ နဂါးအကြေးခွံတွေ ရှိနေသေးလား ကြည့်ပေးဦး"

ကျန်းလန်က သူမခန္ဓာကိုယ်ပတ်ပတ်လည်သို့ ကြည့်လိုက်သော်လည်း မည်သည့်ပြဿနာမှ မတွေ့ရပေ။

မနက်မိုးလင်းစဉ်က သူမခါးတွင် နဂါးအကြေးခွံများကို ကျန်းလန် တွေ့ခဲ့သေးသည်။ သို့သော် အဝတ်အစားကင်းမဲ့နေလေသော သူမခန္ဓာကိုယ်ကို နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်က ပိုကောင်းသည်ဟု သူ တွေးခဲ့သည်။

ဆရာဖြစ်သူအားနှုတ်ဆက်ပြီးနောက် သူတို့ (၂)ယောက် ဓားကိုစီးနှင်ကာ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ထွက်လာကြသည်။ လေထဲတွင် ဘေးချင်းယှဉ်လျှက် သူတို့နှစ်ယောက် ဓားကို စီးနှင်လာကြသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ၊ ကျောက်စိမ်းရေကန်ကို အကြာကြီးထားခဲ့လို့ရလား"

ဤခရီးစဉ်က အနည်းဆုံး လအနည်းငယ်ခန့် ကြာမြင့်မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်က မေးကြည့်ခြင်း ဖြစ်၏။

လုန်ယွိက ခေါင်းညိတ်ရင်း…

"အင်း… တောင်သခင်တွေက တစ်နှစ် နှစ်နှစ် ထားခဲ့လို့ရအောင်စီစဉ်ပေးထားတယ်"

သူမ၏ မျက်ဝန်းများတွင် စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေသည်။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူနှင့်အတူ နဂါးနန်းတော်သို့ ပြန်ရမည်ဖြစ်သောကြောင့်ပင်။

သူမဘဝတွင် ပထမဆုံးအကြိမ် မိခင်ဖြစ်သူနှင့် ဤသို့ ခရီးထွက်ဖူးခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ သူမတစ်ယောက်တည်း မဟုတ်ခဲ့ဘဲ ကျန်းလန်အနားမှာ ရှိနေခြင်းပင်။

ကျန်းလန်ကို လှမ်းကြည့်မိတော့ သူမ အနည်းငယ် စိတ်သက်သာရာရသွားသည်။

ကျန်းလန်က ခေါင်းညိတ်ရင်း…

"သြော်…"

ဤခရီးစဉ်သည် လုန်ယွိနှင့် အသားမကျနိုင်မှန်း ကျန်းလန် နားလည်သည်။ အထူးသဖြင့် နဂါးနန်းတော်သို့ ပြန်ရောက်သည့်အခါ သူမ၏မိခင်က သူမကို မည်သို့သဘောထားမည်ကို မသိနိုင်ပေ။

လုန်ယွိက ထိုအချက်ကို ဂရုစိုက်ကြောင်း ကျန်းလန် သိရှိသည်။ တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်များက သူမကို အသုံးချနေခြင်းသာဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။

လုန်ယွိက နဂါးမင်းသမီးတစ်ပါးဖြစ်လေရာ သူမ၏မွေးရပ်မြေကို ပြန်လာခြင်းက အရေးပါသည်ဟု ဆိုနိုင်သည်။ သို့သော် နဂါးမျိုးနွယ်များက သူမ၏ ခံစားချက်များကို အလေးမထားခဲ့ကြပေ။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ရောက်ခါနီးတွင် ကျန်းလန်က လုန်ယွိအနားသို့ကပ်ကာ ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ… ကိုယ် မင်းနောက်မှာ အမြဲရှိနေမယ် ၊ မင်းကို ကိုယ် ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်ပေးနော်"

ကျန်းလန်စကားကိုကြာတော့ လုန်ယွိ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

ထို့နောက် သူမက ဓားကို အနည်းငယ်ပိုမြင့်အောင် ပျံသန်းလိုက်ပြီး ကျန်းလန်၏ ခေါင်းကို အသာပုတ်လိုက်သည်။

"ဂိုဏ်းတူမောင်လေးရဲ့နောက်မှာလည်း ကျွန်မ အမြဲရှိတယ် ၊ ရှင့်ကို ကျွန်မ ကာကွယ်ပေးမယ်"

ကျန်းလန်က မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ပေ။ သူအတွက် တုံ့ပြန်စရာလည်း မလိုပေ။

သူ့ရင်ထဲတွင် စိတ်ကူးထားသည်များ အမြဲရှိနေခဲ့သည်။

သူကာကွယ်ပေးရန် လိုအပ်သူများနှင့် လိုအပ်သည့်အရာများကို ကာကွယ်ပေးမည်ပဲ ဖြစ်သည်။

သူက သူ့ရင်ထဲမှ တာဝန်သိစိတ်နှင့် စိတ်ခံစားချက်များကို အမြဲတမ်း ဖုံးကွယ်ထားတတ်သည့်တိုင် ထိုအရာများကို ဘယ်သောအခါမှ မေ့ပျောက်ခြင်း မရှိခဲ့ပေ။

***

All Chapters