နတ်ဘုရားရာထူးအတွက်တိုက်ပွဲ
Vol. 31 Ch. 421
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။
ရင်ပြင်ထက်တွင် ဧရာမမှော်ဝင်ယဉ်ပျံကြီးတစ်ခု ရှိနေလေသည်။ ထိုမှော်ဝင်ယဉ်ပျံကြီးထက်တွင် တောင်ငယ်တစ်ခု ၊ ရေကန်ငယ်တစ်ခုနှင့် ရင်ပြင်တစ်ခု ရှိနေသည်။
ထိုအရာများ၏ ဘေးနားတွင်တော့ နားနေရန်အတွက်ဆောက်လုပ်ထားသည့်အိမ်များ ၊ ခန်းမဆောင်များ ရှိနေသည်။ အလွန်ခမ်းနားသည့် မှော်ဝင်ယဉ်ပျံကြီးတစ်ခု ဖြစ်၏။
မှော်ဝင်ယဉ်ပျံ၏ ရင်ပြင်ထက်တွင် လူအချို့ မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။ ထိုသူများမှာ နဂါးမျိုးနွယ်ဘက်မှလူများနှင့် ခွန်လွန်တောင်မှ တပည့်များဖြစ်သည်။
ကျန်းလန်နှင့် လုန်ယွိသည်လည်း မှော်ဝင်ယဉ်ပျံကြီးရင်ပြင်ထက်သို့ ဆင်းသက်လိုက်ကြသည်။ ရင်ပြင်က အလွန်ကျယ်ပြန့်ခြင်းမရှိသဖြင့် သူတို့ (၂)ယောက် ရောက်ရှိလာသည်ကို လူတိုင်းတွေ့မြင်နိုင်ကြသည်။
နဂါးမျိုးနွယ်ဘက်မှ စုစုပေါင်း (၅)ယောက် ရှိနေသည်။ ထိုသူများထဲတွင် (၄)ယောက်က နောက်ပိုင်းမျိုးဆက် နဂါးလူငယ်များဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အဋ္ဌမမင်းသား လုန်မန် ဖြစ်သည်။
ခွန်လွန်တောင်ဘက်မှ တပည့်များကတော့ ကျန်းလန်နှင့် ရင်းနှီးသူများ ဖြစ်ကြသည်။ လုကျန်း ၊ ပေဖန်း ၊ လင်အန်းနှင့် ဟုန်လွမ်အပြင် ကျင်းထင် ၊ မုရှိုး ၊ လင်စီးယာနှင့် ကျိကျန်တို့ ဖြစ်ကြ၏။
စုစုပေါင်း (၈)ယောက်ဖြစ်ပြီး ကျန်းလန်နှင့် လုန်ယွိ (၂)ယောက်ပေါင်းလိုက်လျှင် ခွန်လွန်ဘက်မှ စုစုပေါင်း တပည့် (၁၀)ယောက် ခရီးစဉ်တွင် လိုက်ပါမည် ဖြစ်သည်။
ကျန်းလန်တို့ရောက်လာသည်ကို တွေ့သည်နှင့် လုကျန်းက စကားပြောလိုက်သည်။
"ဆရာနဲ့ တခြားသူတွေ တစ်ခုခု ဆွေးနွေးနေကြတဲ့ပုံပဲ… ၊ ဂိုဏ်းတူညီလေးနဲ့ ဂိုဏ်းတူညီမလေး ခဏလောက်တော့ စောင့်ကြရမယ်ထင်တယ်"
ကျန်းလန်က နားလည်သည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘက်သို့ ထွက်ခွာသွားသည်။ လုန်ယွိကလည်း ခေါင်းညိတ်ပြလိုက်ပြီး ကျန်းလန်နောက်သို့ လိုက်ပါသွား၏။
ဤအိမ်ထောင်တွင် ကျန်းလန်ကသာ အိမ်ထောင်ဦးစီးဖြစ်ကြောင်း လုကျန်း ချက်ချင်းသဘောပေါက်သွားသည်။ လုန်ယွိက ကျန်းလန်ထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသည့်တိုင် သူမက ကျန်းလန်စကားကို နားထောင်ဟန်ရှိသည်။
ထိုအချိန် အဋ္ဌမမင်းသားက ကျန်းလန်နှင့် လုန်ယွိရှေ့သို့ ရောက်လာသည်။
"အစ်မ ၊ ယောက်ဖ"
သူက နှုတ်ဆက်လိုက်ပြီး မြေပဲတစ်အိတ်ကို ထုတ်ယူလိုက်သည်။
"ဒါက ကောင်လေးပေးလိုက်တဲ့ လက်ဆောင်ပါ ၊ ခရီးကရှည်မှာမို့လို့ ဗိုက်မဆာအောင် စားဖို့လို့ သူက ပြောလိုက်တယ်"
ကျန်းလန် : "……"
သေရည်ဆိုင်တွင်လည်း မြေပဲမှလွဲပြီး အခြားပေးစရာ မရှိတော့ပေ။
သို့သော် ကျန်းလန် မည်သည့်စကားမှမဆိုဘဲ မြေပဲထုပ်ကို သိမ်းဆည်းထားလိုက်သည်။ လုန်ယွိက မည်သည့်စကားမှ မဆိုဘဲ ကြည့်ရုံသာ ကြည့်နေ၏။
သူမက လုန်ယွိအသွင်နှင့်ဖြစ်လေရာ အလွန်အေးစက်တည်ငြိမ်နေပြီး မျက်ဝန်းများထဲတွင်လည်း ခံစားချက်များ ရှိမနေခဲ့ပေ။
အကြီးအကဲများရောက်လာကြသည်အထိ သူတို့အားလုံး ရင်ပြင်ထက်တွင် အချိန်အတန်ကြာစောင့်နေခဲ့ကြသည်။
ကျန်းလန်နှင့်လုန်ယွိက ခွန်လွန်တပည့်များရှိသည့်ဘက်ခြမ်းတွင်မတ်တတ်ရပ်နေကြပြီး လုန်မန်ကတော့ နဂါးမျိုးနွယ်လူငယ်များရှိရာဘက်သို့ ပြန်လျှောက်သွားသည်။
နဂါးမျိုးနွယ်လူရွယ်များက သူနှင့်လုန်ယွိကို မကြာခဏ လှမ်းကြည့်နေကြကြောင်း ကျန်းလန် ရိပ်မိသည်။ သူတို့ လေ့လာနေကြခြင်း ဖြစ်ဟန်တူ၏။
သို့ရာတွင် သူတို့က သိပ်ပြီး မရိုင်းစိုင်းခဲ့ကြဘဲ မကြာမီ သူတို့လုပ်နေသည့် အလုပ်များကို ရပ်လိုက်ကြသည်။
"သဘောမကျတဲ့ပုံစံမျိုးတော့မရှိပါဘူး ၊ ဒီအတိုင်း စပ်စုတာ ဖြစ်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
သို့သော် သူ သတိတစ်ချက် မလွတ်ရဲပေ။
ခွန်လွန်တောင်တွင် သူလျှိုများစွာရှိကြောင်း သူ သိရှိသည်။ နဂါးမျိုးနွယ်များတွင်လည်း သူလျှိုများရှိနေမည်မှာ အမှန်ပင်။
***
ဆောင်းဦးလေပြေက တိုးဝှေ့တိုက်ခတ်လာသည်။
ရင်ပြင်ထက်ရပ်ထားသည့် မှော်ဝင်ယဉ်ပျံကြီးဆီမှ တန်ခိုးစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ခဏအတွင်းမှာပင် မှော်ဝင်ယဉ်ပျံကြီး လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။
မှော်ဝင်ယဉ်ပျံထက်မှ လူများအားလုံး အံ့အားသင့်သွားကြပြီး စကားမပြောနိုင်ဖြစ်နေစဉ်မှာပင် ယဉ်ပျံ၏ရင်ပြင်ထက်တွင် လူအချို့ ပေါ်လာကြသည်။
မြောင်ယွဲ့ ၊ ကျိုးကျုန်းထျန်း ၊ နဂါးဧကရီရန်ကျင်းနှင့် အခြားအကြီးအကဲများ ဖြစ်ကြ၏။
မြောင်ယွဲ့က ခွန်လွန်တပည့်များအုပ်စုရှိရာသို့ တစ်ချက်လှမ်းကြည့်ရင်း…
"ကဲ… ခရီးစကြမယ် ၊ ဒီမှော်ဝင်ယဉ်ပျံပေါ် ကိုယ်ကြိုက်တဲ့နေရာရှာပြီး အနားယူလို့ရတယ် ၊ ကျင့်ကြံလို့လည်းရတယ် ၊ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး မေးချင်တာတွေရှိရင် အကြီးအကဲတွေကို မေးမြန်းနိုင်တယ်"
"ဟူး…"
ထို့နောက် လေထဲတွင် ရပ်တန့်နေသည့် မှော်ဝင်ယဉ်ပျံကြီးသည် လျှင်မြန်လွန်းသည့် အရှိန်အဟုန်ဖြင့် ခွန်လွန်တောင်မှ ထွက်ခွာသွားလေတော့သည်။
ကျန်းလန် အောက်သို့ ငုံ့ကြည့်လိုက်တော့ ခွန်လွန်တောင်သည် တဖြည်းဖြည်းသေးငယ်သွားပြီး အဝေးတွင် ကျန်ရစ်ခဲ့သည်ကို တွေ့မြင်လိုက်ရသည်။
ယခုတော့ ပြင်ပလောကသို့ ခရီးထွက်ရသည်ကို ကျန်းလန် စိတ်ပူပန်ခြင်း မဖြစ်မိတော့ပေ။ အရင်က သူရရှိထားသည့် နတ်ဘုရားရာထူးက နေရာဒေသကန့်သတ်ချက် ရှိမည်လားဟု စိတ်ပူခဲ့ရသည်။
"ဘုန်း…"
ထိုအချိန်…
အဆုံးမဲ့ ကောင်းကင်တစ်နေရာမှ ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
သို့သော် မှော်ဝင်ယဉ်ပျံတွင်လိုက်ပါလာသူ မည်သူမှ ခေါင်းမော့ကြည့်ကြခြင်း မရှိပေ။ အကြောင်းမှာ ထိုအသံကြီးကို ကြားလိုက်ရသူမှာ ကျန်းလန်တစ်ယောက်တည်း ဖြစ်နေသောကြောင့်ပင်။
သို့ပေသိ ကျန်းလန်သည်လည်း ခေါင်းမော့ကြည့်ခြင်း မရှိဘဲ ငြိမ်သက်နေ၏။
"နတ်ဘုရားရာထူးအသစ်တစ်ခု ထွက်ပေါ်လာပြန်ပြီ ၊ ဇာမဏီမျိုးနွယ်တွေလား ၊ နတ်လူသားမျိုးနွယ်တွေလားတော့ မသိဘူး"
ကျန်းလန် တွေးလိုက်၏။
ထိုအကြောင်းများကို ဧကရာဇ်ရှီးဟယ်က သူ့ကို ပြောပြထားပြီးဖြစ်လေရာ နတ်ဘုရားရာထူး ရရှိသူမှာ နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များမှာ တစ်ယောက်ယောက်ဖြစ်မည်မှ တွေးစရာပင် မလိုပေ။
မည်သူက အရင်ဆုံး နတ်ဘုရားရာထူးရရှိမည်ကိုတော့ မသိနိုင်ပေ။
ထိုစဉ်…
"ဘုန်း…"
နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။ နတ်ဘုရားရာထူး (၂)ခု တစ်ပြိုင်တည်း ထွက်ပေါ်လာတော့မည်ထင်သည်။
"နတ်လူသားမျိုးနွယ်တွေရော ဇာမဏီမျိုးနွယ်တွေရော နတ်ဘုရားရာထူး တစ်ပြိုင်တည်း ရသွားတာလား"
ကျန်းလန်တွေးလိုက်သည်။
ထိုမျိုးနွယ်စု (၂)ခုလုံးက နတ်ဘုရားရာထူးရရှိရန်အတွက် အလျှင်စလို တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။ နတ်ဘုရားရာထူးရရှိသူက ဇာမဏီမျိုးနွယ်များဆိုလျှင် သိပ်ပြီးပြဿနာမရှိသော်လည်း နတ်လူသားမျိုးနွယ်များ ဖြစ်နေပါက သူ့အတွက် အဆင်မပြေလှပေ။
နတ်လူသားမျိုးနွယ်များ သူတို့လိုချင်သည့် နတ်ဘုရားရာထူး ရရှိသွားမည်ဆိုလျှင် နောက်ပိုင်းအချိန်များတွင် သူ့ကို အာရုံစိုက်လာကြပေလိမ့်မည်။
ကံကောင်းသည်မှာ ယခု သူ နဂါးမျိုးနွယ်များဆီသို့ ခရီးထွက်လာခြင်းကို နတ်လူသားမျိုးနွယ်များ သတင်းရဦးမည် မဟုတ်သေးပေ။ နတ်လူသားမျိုးနွယ်များ သတင်းရရှိပြီး လှုပ်ရှားမည့်အချိန်တွင် သူ ခွန်လွန်တောင်သို့ ပြန်ရောက်နေလောက်ပြီ ဖြစ်သည်။
"ဘုန်း…"
ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာသဖြင့် ကျန်းလန်အတွေးများ ပြတ်တောက်သွားသည်။
ထို့နောက် ကောင်းကင်ထက်မှ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။ မှော်ဝင်ယဉ်ပျံစီးနင်းလိုက်ပါလာကြသူများထဲတွင် ထိုအသံကြီးကို သူတစ်ယောက်သာလျှင် ကြားနိုင်၏။
"ရှေးဟောင်းဧကရာဇ် လက်ဝဲနန်းတော် ၊ ကောင်းကင်ဘုံကိုးထပ်၏အရှင် ဝူထုတ်တောင်၏ ဘိုးဘေးဇာမဏီနတ်ဘုရား"
ဇာမဏီမျိုးနွယ်များက အရင်ဦးဆုံး နတ်ဘုရားရာထူး ရရှိသွားကြသည်။ သူတို့က သေရည်ဆိုင်မှ မိန်းကလေးငယ်ကြောင့် နတ်လူသားမျိုးနွယ်များထက် ခြေတစ်လှမ်းသာသွားခြင်း ဖြစ်သည်။
သို့သော် ကျန်းလန် တစ်ခုသိရှိလိုက်သည်မှာ နတ်ဘုရားရာထူး ထွက်ပေါ်လာသည့်နေရာမှာ အလယ်ပိုင်းနန်းတော်မှ မဟုတ်ဘဲ "ရှေးဟောင်းဧကရာဇ်လက်ဝဲနန်းတော်" ဖြစ်နေခြင်းပင်။
အရှ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လက်ဝဲဘက်...
သို့ဆိုလျှင် လက်ျာဘက်နန်းတော်ရော ရှိနိုင်ဦးမည်လား။
သူ တွေးနေစဉ်မှာပင် ကောင်းကင်ထက်မှ အသံနက်ကြီးတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
“ရှေးဟောင်းဧကရာဇ်လက်ျာနန်းတော် ၊ မီးတောင်ကျွန်းမှ နတ်လူသားမျိုးနွယ်ယွင်ရှောင်းဧကရာဇ်“
ထိုအသံ အဆုံးသတ်သွားသည်နှင့် အားလုံးက ပုံမှန်အတိုင်း အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်။
သို့သော် ကျန်းလန်ကတော့ နတ်ဘုရားရာထူးတည်ရှိရာ ကြင်စင်ထက်မှ အလင်းရောင်များတောက်ပလာသည်ကို ခံစားလိုက်ရသည်။
အသစ်ထွက်ပေါ်လာသည့် နတ်ဘုရားရာထူး (၂)ခုမှ အလင်ရောင်တောက်ပလာခြင်း ဖြစ်သည်။
ဇာမဏီမျိုးနွယ်များက လက်ဝဲနန်းတော်ဖြစ်ပြီး နတ်လူသားမျိုးနွယ်များကတော့ လက်ျာနန်းတော် ဖြစ်သည်။
ကျန်းလန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
"ဒါဆို ဇာမဏီမျိုးနွယ်တွေနဲ့ နတ်လူသားမျိုးနွယ်တွေ ဆက်ပြီး တိုက်ခိုက်ကြမှာ မဟုတ်တော့ဘူး ၊ ဒီတော့ ငါက နတ်လူသားမျိုးနွယ်တွေရဲ့ လှုပ်ရှားမှုကို ပြန်ပြီးအာရုံစိုက်ရတော့မယ်"
နတ်လူသားမျိုးနွယ်များ သူ့ကိုတိုက်ခိုက်လာမည်ကို ခံနိုင်ရည်ရှိရန် သေချာအောင် ပြုလုပ်ရပေတော့မည်။
"ဒီနတ်ဘုရားရာထူးနှစ်ခုက လက်ဝဲနန်းတော်နဲ့ လက်ျာနန်းတော်နှစ်ခုမှာ တည်ရှိတယ် ၊ ဒါဆို နတ်ဘုရားရာထူးတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လက်ဝဲ ၊ လက်ျာတွေမှာ တည်ရှိတာပေါ့ ၊ ပြီးတော့ အထူးခြားဆုံးဖြစ်တဲ့ အလယ်ပိုင်းနန်းတော်မှာရောပဲ"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားရင်း စိတ်ထဲတွင် အတွေးများနေသည်။
"အရှေ့ အနောက် တောင် မြောက် နန်းတော်တွေမှာ နတ်ဘုရားရာထူး တစ်ခုစီရှိတယ် ၊ ပြီးတော့ အနိမ့်ပိုင်းနန်းတော်မှာ နတ်ဘုရားရာထူး နှစ်ခု ရှိတယ်"
"ဆိုတော့ အထက်ပိုင်း ၊ လက်ဝဲနဲ့ လက်ျာ နန်းတော်တွေမှာလည်း နတ်ဘုရားရာထူး နှစ်ခုစီ ရှိနိုင်တယ်"
"ဒါဆို တွက်ကြည့်မယ်ဆိုရင် အရှေ့ အနောက် တောင် မြောက် နန်းတော်တွေမှာ စုစုပေါင်း နတ်ဘုရားရာထူး (၄)ခု ရှိတယ် ၊ အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လက်ဝဲ ၊ လက်ကျ်ာနန်းတော်တွေမှာ နတ်ဘုရားရာထူး (၈)ခု ရှိတယ် ၊ အလယ်ပိုင်းနန်းတော်မှာတော့ အထူးခြားဆုံး နတ်ဘုရားရာထူး (၁)ခု ရှိနေမယ်"
သို့ဆိုလျှင် နတ်ဘုရားရာထူးနေရာ စုစုပေါင်း (၁၃) နေရာ ရှိမည်လား။ ကျန်းလန် သေသေချာချာတော့ မသိရှိပေ။
"နတ်ဘုရားရာထူးများ၏နိယာမများ" ဆိုသည့် စာအုပ်ကတော့ သူ့ကို အဖြေတစ်ခု ပေးနိုင်ပေလိမ့်မည်။
သို့သော် ယခု သူ ရှိနေသည့်နေရာက သူနေထိုင်သည့် ခြံဝင်းမဟုတ်လေရာ စာအုပ်ထုတ်ဖတ်၍ မဖြစ်နိုင်ပေ။ မဟုတ်ပါက သူ့အကြောင်း ပေါ်သွားပေလိမ့်မည်။
ခြံဝင်းထဲမှာဆိုလျှင် အရေးစိုက်နေစရာမလိုပေ။ စာအုပ်ကလည်း ဆရာပေးထားသည့် စာအုပ်ဖြစ်လေရာ မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာမ ရှိပေ။
လုန်ယွိသိသွားလျှင်တောင်မှ ပြဿနာ မရှိပေ။ သူ့အကြောင်း လုန်ယွိ သိသွားလျှင်လည်း ကောင်းသည်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လင်မယားချင်း မည်သည့်အရာမှ လျှို့ဝှက်မထားသင့်ပေ။ မဟုတ်ပါက လုန်ယွိ သူ့ကို အထင်လွဲသွားနိုင်သည်။
သို့သော် သူ "တာ့လော်အင်မော်တယ်အဆင့်" စာအုပ် ဖတ်ရှုမည်ဆိုပါက လုန်ယွိ သေချာပေါက် အထင်လွဲသွားပေလိမ့်မည်။
ကျန်းလန်က သူမကို တိတ်တိတ်လေး ကျော်တက်သွားပြီး အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည်ဟု သူမ ထင်မှတ်သွားပေလိမ့်မည်။
တကယ်တော့ ထိုသို့ မဟုတ်ပေ။ တတိယတောင်ထွတ် မှောင်ရုံနယ်မြေသို့ လုန်ယွိနှင့်အတူ သွားရောက်စဉ်ကပင် သူက သူမထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူ ဖြစ်သည်။
ကျန်းလန်က သူမကို တိတ်တိတ်လေး အဆင့်ကျော်တက်သွားခြင်း မဟုတ်ခဲ့ပေ။
မှော်ဝင်ယဉ်ပျံသည် အလွန်လျှင်မြန်စွာ ပျံသန်းလျှက် ရှိပြီး ပျံသန်းမှု လမ်းကြောင်းသည်လည်း အနည်းငယ်ထူးဆန်းသည်။
မှော်ဝင်ယဉ်ပျံမှ တန်ခိုးစွမ်းအားများအဆက်မပြတ်ထွက်ပေါ်နေပြီး လျှင်မြန်လွန်းလှသဖြင့် လမ်းတစ်လျှောက် ရှုမျှော်ခင်းများကို ရှင်းရှင်းလင်းလင်း တွေမြင်ရခြင်း မရှိပေ။
အချိန် (၁၀) ရက်ခန့်ကြာပြီးနောက်...
"အနောက်ဘက်စွန့်ပစ်နယ်မြေထဲမှ ထွက်ခွာလာပြီဖြစ်ကြောင်း"
အဋ္ဌမမင်းသား ပြောနေသည်ကို ကျန်းလန် ကြားလိုက်ရသည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေအစွန်းကို ဖြတ်ကျော်ပြီးလျှင် ပင်လယ်လေးခုဒေသသို့ရောက်ရှိမည် ဖြစ်သည်။
ထိုစကားများကိုကြားတော့ ကျန်းလန် အံ့အားသင့်သွားမိသည်။ အနောက်ဘက်စွန့်ပစ်နယ်မြေမှ ထွက်ခွာနိုင်ရန်မှာ တော်ရုံမလွယ်ကူသည့်ကိစ္စပင်။
အလွန်လျှင်မြန်စွာပျံသန်းနေသည့် မှော်ဝင်ယဉ်ပျံနှင့်ပင် အနောက်ဘက်စွန့်ပစ်နယ်မြေမှထွက်ခွာရန် (၁၀)ရက်ကျော် အချိန်ယူရသည်။
"ဒီ မှော်ဝင်ယဉ်ပျံက ထူးခြားတယ် ၊ ကောင်းကောင်းထိန်းသိမ်းတတ်မယ်ဆိုရင် အာကာသထဲတောင် သွားလို့ရမလားမသိဘူး"
ကျန်းလန် တွေးလိုက်သည်။
အချိန် (၃)ရက်ခန့် ကြာပြီးနောက်...
"ကိုယ်တို့တွေ ပင်လယ်ဒေသကို ရောက်လာပြီ"
ကျန်းလန် ပြောလိုက်သည်။
ကျန်းလန်နှင့် လုန်ယွိသည် မှော်ဝင်ယဉ်ပျံကြီးထက်ရှိ တောင်ထိပ်တွင် အတူတူထိုင်ရင်း ထွက်ပေါ်လာသည့် အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို ကြည့်နေကြသည်။
ပင်လယ်ကို တွေ့ရသည့်အခါ သူတို့ (၂)ယောက်လုံး အံ့အားသင့်လျှက် ရှိကြသည်။
ကျန်းလန်သည် ပင်လယ်ကို ပထမဆုံးအကြိမ် မြင်ဖူးသည်။ လုန်ယွိသည်လည်း အတူတူပင် ဖြစ်၏။
သူမက နဂါးနန်းတော်တွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း အလွန်ငယ်ရွယ်စဉ်မှာပင် ခွန်လွန်တောင်သို့ ရောက်ရှိလာသည့်အတွက် ပင်လယ်ဒေသကို မမှတ်မိတော့ပေ။
ယခုက ခွန်လွန်တောင်သို့ ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မွေးရပ်မြေသို့ သူမ ပြန်လာခြင်း ဖြစ်လေသည်။
***