မဟာတာအိုလမ်းကြောင်းနောက်တစ်ခု
Vol. 31 Ch. 422
နေဝင်သွားပြီ ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင်ထက်သို့ ဆည်းဆာရောင်ခြည်၏ ရောင်ပြန်ဟပ်မှုမြင်ကွင်းက အနုပညာမြောက်စွာ ခမ်းနားလွန်းသည်။
မှော်ဝင်ယဉ်ပျံကြီးက ကျွန်းတစ်ကျွန်းထက်မှ ဖြတ်ကျော်ပျံသန်းသွားစဉ် ပင်လယ်ပြင်ထက်တွင် အစာရှာနေကြသည့် ငှက်တစ်အုပ် ထိတ်လန့်ကာ ပျံသန်းသွားကြသည်။
ငှက်အော်သံများထွက်ပေါ်လာပြီး လုန်ယွိက ငှက်များကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။ ထိုငှက်များကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ပင်လယ်ပြင်ရှုခင်းနှင့် ပင်လယ်ပျော်ငှက်များကို သူမ နှစ်သက်သဘောကျသည်။
လုန်ယွိက ကျန်းလန်ကို လှည့်ကြည့်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ နေရောင်အောက်မှ ပျံနေတဲ့ ငှက်တွေနဲ့ ပင်လယ်ရေပြင်မှာ ရောင်ပြန်ဟပ်နေတဲ့ သူတို့ရဲ့အရိပ်က အရမ်းလှတာပဲ"
ထိုကဲ့သို့သော ရှုမျှော်ခင်းများကို ပင်လယ်ပြင်တွင်သာ တွေ့မြင်နိုင်ပြီး ခွန်လွန်တောင်တွင် တွေ့မြင်ရခြင်း မရှိပေ။
လုန်ယွိစကားကြောင့် ကျန်းလန်သည်လည်း နေဝင်ဆည်းဆာချိန်ကို ငေးမောကြည့်ရင်း ခဏမျှ တိတ်ဆိတ်သွားသည်။
"အင်း… ဆောင်းဦးရဲ့ဆည်းဆာမှာ ပျံသန်းနေတဲ့ ငှက်တွေက အရမ်းလှတယ်"
ထို့နောက် လုန်ယွိက စကားပြန်မပြောသဖြင့် သူက သူမကို လှည့်ကြည့်လိုက်သည်။
လုန်ယွိက သူ့ကို အကြာကြီးစိုက်ကြည့်နေလေရာ ကျန်းလန်မှာ ပဟေဠိ ဖြစ်သွားသည်။
ကျန်းလန် : "???"
လုန်ယွိက တိုးလျသည့်လေသံဖြင့်…
"တစ်မျိုးမထင်နဲ့ ၊ ဒီ လုန်ယွိပုံစံနဲ့ဆိုရင် ကျွန်မက စကားသိပ်မပြောဘဲ အဲဒီလိုပဲ လူတွေကို စိုက်ကြည့်နေတတ်တယ်"
ကျန်းလန် : "……"
ဒီလိုပုံစံဖြင့် လုန်ယွိ သူ့ကို စိုက်ကြည့်ခြင်းကတော့ ကျန်းလန် မည်သို့မှ မခံစားရပေ။ နဂါးပုံစံဖြင့် သူ့ကို စိုက်ကြည့်လာလျှင်တော့ ဖိအားအနည်းငယ် ခံစားကောင်း ခံစားရနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူမ နဂါးအသွင်ပြောင်းလဲသွားလျှင် မျက်လုံးများက လက်သီလုံးလောက် ပြူးကျယ်သွားမည် မဟုတ်ပါလား။
လုန်ယွိက…
"ဒါနဲ့… ဂိုဏ်းတူမောင်လေး ကျောင်းတက်ဖူးတယ်လို့ အရင်တုန်းက ပြောဖူးတယ်နော်"
ကျန်းလန်က…
"အင်း… ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခင်တုန်းက အချိန်အတိုင်းအတာတစ်ခုအထိ စာသင်ခဲ့ဖူးတယ်လေ ၊ ဒါပေမဲ့ ကျင့်ကြံသူဖြစ်လာပြီးတဲ့နောက်ပိုင်းကျမှ စာဖတ်ဝါသနာပါသွားတာ ၊ အခုဆို စာအုပ်တွေဖတ်လာတာ နှစ်ပေါင်းရာနဲ့တောင် ချီနေပြီ"
ကျန်းလန်စကားကိုကြားသည်နှင့် လုန်ယွိ၏ နားရွက်ဖျားလေးများ ပန်းရောင်သွေးဖြာသွားပြီး…
"အဲဒါဆို… ကျွန်မနားမလည်တဲ့ ဟိုကိစ္စတွေကိုရော စာအုပ်တွေကနေ လေ့လာထားတာလား"
ကျန်းလန် : "……"
လုန်ယွိဘာတွေမေးနေမှန်း ကျန်းလန် နားမလည်ပေ။
သို့သော် သူ ခေါင်းညိတ်အဖြေပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်များထဲတွင် သင်ယူနိုင်သည့်အရာ များစွာရှိသည် မဟုတ်လား။
လုန်ယွိပြောတဲ့ ဟိုကိစ္စဆိုတာ…
ကျန်းလန်အတွေးများ ရုတ်တရက် ရပ်တန့်သွားသည်။
လင်နှင့်မယား ဘာလုပ်ရန်လိုအပ်သည်ဆိုသည့် အကြောင်းအရာများကို လုန်ယွိက ပြောနေခြင်းလား။
သေပါတော့… မဖြစ်သင့်တဲ့အရာတစ်ခုကို စာအုပ်များထဲမှလေ့လာသည်ဟု ဝန်ခံလိုက်သလို ဖြစ်သွားခဲ့ရပြီ။
"ဟူး…"
ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် ကျန်းလန် အတွေးများ ပြတ်တောက်သွားသည်။
ပင်လယ်ကြမ်းပြင်ထက်မှ ကျောက်ကလပ်ကြီးတစ်ထွက်ပေါ်လာပြီး ကျန်းလန်တို့ စီးနှင်လာသည့် မှော်ဝင်ယဉ်ပျံကြီးရှေ့သို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် မှော်ဝင်ယဉ်ပျံသည်လည်း နေရာတွင် ရပ်တန့်သွား၏။
လုန်လီက…
"အားလုံးပဲ ကျောက်ကလပ်ပေါ်ကို တက်ကြပါ"
ကျန်းလန်နှင့်လုန်ယွိ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျောက်ကလပ်ကြီးထက်သို့ တက်လိုက်ကြသည်။
ကျောက်ကလပ်က အလွန်ကျယ်ပြန့်ပြီး ကျွန်းကြီးတစ်ကျွန်းအလား ထင်မှတ်ရသည်။
အခြားသူများသည်လည်း ကျောက်ကလပ်ကြီးပေါ်သို့ ဆင်းသက်လာကြသည်။
မြောင်ယွဲ့နှင့် ကျိုးကျုန်းထျန်းတို့ကလည်း နောက်မှ လိုက်လာကြသည်။
လုန်လီက…
"နောက်ပိုင်းကျ ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်ကို လက်ခံကြရမယ် ၊ ဒါကြောင့် အခု ဘိုးဘေးနဂါး အနားကိုသွားတဲ့အခါ ဆူညံသံမပြုလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်"
အားလုံးက ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ကျောက်ကလပ်ကြီးက ရေထဲသို့ ပြန်လည်နစ်မြုပ်သွားပြီး ရေလှိုင်းသံများနှင့်အတူ ပင်လယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
နေဝင်ဆည်းဆာရှုမျှော်ခင်းမှသည် နက်ရှိုင်းသည့် ပင်လယ်ရေအောက်မြင်ကွင်းသို့ ပြောင်းလဲသွားသည်။
ကျောက်ကလပ်ထက်တွင် မတ်တတ်ရပ်နေကြရသော်လည်း ပတ်ဝန်းကျင်တွင် တောင်များဖြင့် ဝန်းရံလျှက် ရှိသည်။ ကုန်းမြေထက်မှ တောင်များမဟုတ်ဘဲ ပင်လယ်ရေအောက်တွင် ဖြစ်ပေါ်နေသည့် တောင်တန်းများ ဖြစ်သည်။
ကြီးမားသည့် ဧရာမနဂါးကြီးတစ်ကောင်ရစ်ပတ်ထားသည့် တောင်တစ်လုံးကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။ ၎င်း ဧရာမနဂါးကြီးက သက်ရှိနဂါးတစ်ကောင်ဟု ထင်မှတ်ရသလို ရုပ်တုတစ်ခုနှင့်လည်း ဆင်တူနေပြန်သည်။
ထိုနဂါးကြီးကို တွေ့မြင်လိုက်ရသည်နှင့် ဖော်မပြနိုင်သည့် ဖိအားတစ်ခုကို အားလုံး ခံစားလိုက်ကြရ၏။ သို့သော် ဖိအားများက ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျိုးကျုန်းထျန်းက နဂါးကြီးကို ခေါင်းမော့ကြည့်လိုက်ရင်း…
"အရမ်း တန်ခိုးစွမ်းအားမြင့်မားလွန်းတယ်"
ပြောပြီးသည်နှင့် သူက သေရည်တစ်ငုံသောက်လိုက်၏။
ထိုနဂါးကြီးက ဘိုးဘေးနဂါးလား ဘာလား သူ စိတ်မဝင်စားပေ။
မြောင်ယွဲ့က ပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်ကို ၊ ဒီလိုအချိန်မှာ သေရည်သောက်နေတာ ခဏရပ်ထားစမ်းပါ ၊ နဂါးမျိုးနွယ်တွေအပေါ် အလေးအနက်ထားပြီး ဆက်ဆံသင့်တယ်"
သူမလေသံတွင် ကြောက်ရွံ့ခြင်း ရှိမနေသော်လည်း ကျိုးကျုန်းထျန်း ပြဿနာရှာမည်ကို စိုးရိမ်နေဟန် ရှိသည်။
ကျန်းလန်က မြောင်ယွဲ့နှင့် ကျိုးကျုန်းထျန်း ပြောနေသည့်စကားများကို ကြားနေရပြီး သူ့စိတ်ထဲ တစ်စုံတစ်ရာ တွေးလိုက်မိသည်။
ဆရာဦးလေးကျိုးကျုန်းထျန်းက ဘိုးဘေးနဂါးနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်ဟန် ရှိသည်။ အနိုင်ရဖို့ ခက်ခဲသည့်တိုင် ရှုံးနိမ့်မည်လည်း မဟုတ်ပေ။
"မဟုတ်သေးဘူး… ၊ ဘိုးဘေးနဂါးဘက်က အားသာချက်က နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားတာပဲ ၊ ဒါကြောင့်… သူလည်း ဧကရာဇ်ရှီးဟယ်လိုပဲ နယ်မြေပိုင်နက် ကန့်သတ်ခံထားရတယ်ထင်တယ် ၊ သူ့နယ်မြေမှာတော့ သူ အကောင်းဆုံး တိုက်ခိုက်နိုင်မှာပဲ"
ခွန်လွန်တောင်မှ ကျန်ရှိသည့် တပည့်များကတော့ ထိုအကြောင်းများကို အသေးစိတ် သိရှိကြမည် မဟုတ်ပေ။ သို့သော် ဖိအားများ ပျောက်ကွယ်သွားသည့်အတွက် သူတို့အားလုံး စိတ်သက်သာရာရသွားကြသည်။
အခြားမျိုးနွယ်စု၏ ပိုင်နက်ထဲတွင် ဖိအားများ မခံစားရသည်က အကောင်းဆုံးပင် ဖြစ်သည်။ သို့သော် ကျိုးကျုန်းထျန်းနှင့် မြောင်ယွဲ့တို့ သတိမပေးသရွေ့ သူတို့ စိတ်ချထားနိုင်သည်။
နဂါးဧကရီရန်ကျင်းက…
"ရှေ့မှာ စင်မြင့်တစ်ခုရှိတယ် ၊ ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်ကို ရယူချင်တယ်ဆိုရင် အဲဒီမှာ မင်းတို့ရဲ့ရောင်ဝါကို ဘိုးဘေးနဂါး သိရှိအောင်ထားခဲ့ပြီးမှ ရှေ့ဆက်သွားပါ ၊ ပြီးတော့ ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်ကို ရရှိပြီးပြီဆိုရင် မင်္ဂလာပွဲအတွက် ခန်းဝင်လက်ဆောင်ကလည်း ပြီးပြည့်စုံသွားပါပြီ"
ကျန်းလန်က အရှေ့ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ တောင်တစ်လုံးပမာ မြင့်မားသည့် စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
လုန်ယွိကလည်း ထိုနေရာသို့ စိတ်ဝင်တစားဖြင့်ကြည့်နေ၏။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ သွားကြရအောင်"
လုန်ယွိက ခေါင်းညိတ်ပြပြီး ကျန်းလန်နှင့်အတူ စင်မြင့်ဆီသို့ လျှောက်သွားသည်။
နဂါးမျိုးနွယ် လူငယ် (၅)ယောက်လည်း ရှိလေရာ ခွန်လွန်တပည့် (၁၀)ယောက်နှင့်ဆိုလျှင် စုစုပေါင်း (၁၅)ယောက် စင်မြင့်ဆီသို့ လျှောက်သွားကြသည်။
ကျန်းလန် စင်မြင့်ထက်သို့ လှမ်းတက်လိုက်သည်နှင့် မကြားရသည်မှာ ကြာပြီဖြစ်သော အသံတစ်သံထွက်ပေါ်လာသည်။
[ဒင်!]
[ မဟာတာအိုလမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိပါတယ် ၊ စနစ်ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ တရားဝင် အမြဲတမ်း စနစ်မှတ်ပုံတင်နိုင်ပါတယ် ]
[ စနစ်မှတ်ပုံတင်လိုပါသလား ]
မဟာတာအိုလမ်းကြောင်း။
ကျန်းလန် အံ့အားသင့်သွားသည်။
နဂါးမျိုးနွယ်များထံလာရောက်လည်ပတ်ရင်း မဟာတာအိုလမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိလိမ့်မည်ဟု ကျန်းလန် မျှော်လင့်မထားခဲ့ပေ။
ခွန်လွန်တောင်တွင်လည်း မဟာတာအိုလမ်းကြောင်းများ ရှိလေသည်။
နဂါးမျိုးနွယ်များက ခွန်လွန်တောင်လောက် အင်အားမကြီးသည့်တိုင် နဂါးမျိုးနွယ်များပိုင်နက်တွင် မဟာတာအိုလမ်းကြောင်းတစ်ခု ရှိနေသည်မှာ မဆန်းလှပေ။
သို့ပေသိ ရောက်ရောက်ချင်း မဟာတာအိုလမ်းကြောင်းနှင့် ပက်ပင်းကြုံတွေ့ရသည်က အံ့သြစရာ ဖြစ်သည်။
"ကြည့်ရတာ ဒီစင်မြင့်ကြီးက ဘိုးဘေးနဂါးနေထိုင်တဲ့ နေရာများလား"
ကျန်းလန် တွေးလိုက်သည်။
ခွန်လွန်တောင်တွင် ထူးခြားသည့်နေရာမှာ ကျောက်စိမ်းရေကန်ဖြစ်သည်။ မည်သူမှ ဝင်ရောက်ခွင့် မရှိကြပေ။ ဤနေရာသည်လည်း နဂါးမျိုးနွယ်များအတွက် ထူးခြားသည့်နေရာတစ်ခု ဖြစ်ရပေမည်။
ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ စနစ်တွင် မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။ စင်မြင့်ကြီးထက်တွင် ကြာကြာနေရမည်မဟုတ်လေရာ ခပ်မြန်မြန် စနစ်မှတ်ပုံတင်မှ ဖြစ်ပေမည်။
မည်သို့သောပစ္စည်းမျိုး ရရှိမည်ကို မသိရသော်လည်း ထူးခြားသည့်ပစ္စည်းတစ်ခုတော့ သေချာပေါက် ရရှိပေလိမ့်မည်။
[ဒင်!]
[စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သင်ရရှိတာကတော့ နဂါးမျိုးနွယ်များ၏ မူလဓားသိုင်းကျင့်စဉ်တစ်ခုဖြစ်တဲ့ "နဂါးဓားသိုင်း" ပဲ ဖြစ်ပါတယ်]
[နဂါးဓားသိုင်း - နဂါးမျိုးနွယ်များနှင့်အတူ ဖြစ်တည်မွေးဖွားလာတဲ့ ပထမဆုံးသော မူလဓားသိုင်းတစ်ခု ဖြစ်ပါတယ် ၊ ဓားသိုင်းက နှလုံးသားထဲမှ ထွက်ပေါ်လာပြီး သက်ရှိများအားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိပါတယ် ၊ ဓားကိုလက်ထဲတွင်ကိုင်ကာ ကောင်းကင်ကို လွှမ်းမိုးလိုက်တာနဲ့ မျိုးနွယ်စုအသီးသီးတို့က သင့်ထံ ဦးညွှတ်လာပါလိမ့်မယ်]
ထိုခဏတွင် ကျန်းလန် စဉ်းစားမိသည်မှာ နဂါးတစ်ကောင်က ဓားကို မည်သို့ကိုင်ဆောင်နိုင်ပါမည်နည်းဆိုသည့် အချက်ပင်။ လုန်ယွိကို သစ်သားဓားလေးကိုင်ဆောင်ထားသည့် အဖြူရောင်နဂါးတစ်ကောင်အဖြစ် ကျန်းလန် စိတ်ကူးကြည့်လိုက်သည်။
ထိုအချိန်…
"ရပြီ…"
ရန်ကျင်း၏အသံက အနောက်ဘက်မှ ထွက်ပေါ်လာသည်။
သူတို့ (၁၅)ယောက်လုံး တည်ငြိမ်စွာဖြင့်ပင် စင်မြင့်အောက်သို့ ပြန်ဆင်းလာကြသည်။
ကျန်းလန်က အနည်းငယ် အံ့အားသင့်နေမိသော်လည်း သူ့မျက်နှာထက်တွင် မည်သည့်မူမမှန်မှုကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။
နဂါးမျိုးနွယ်များ၏ ပထမဆုံးသော မူလဓားသိုင်းပညာ။
သူ သင်ယူနိုင်ပါမည်လား မသေချာပေ။
ပုံမှန်အရ ဖြစ်နိုင်ခြေရှိသော်လည်း အမြင့်ဆုံးအဆင့်ထိရောက်ရှိရန် မဖြစ်နိုင်ပေ။ သို့သော် သိပလည်း အရေးမကြီးလှပေ။
အမှန်တော့ ကျန်းလန်က ကျင့်စဉ်များ ၊ မန္တန်များနှင့်ပတ်သက်လျှင် သိရှိမှုနည်းပါးခြင်း မရှိခဲ့ပေ။ သို့ရာတွင် သူက ထိုကျင့်စဉ်များနှင့် မန္တန်များကို အသုံးမပြုသည်မှာ နွားရိုင်းကိုးကောင်စွမ်းအားထက် သာလွန်သည့် တန်ခိုးစွမ်းအား မရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူက သိရှိသည့်တိုင် အသုံးပြုခြင်း မရှိခဲ့ပေ။ ပြီးတော့ အသုံးပြုရန် အခွင့်အရေးလည်း မရခဲ့သောကြောင့် ဖြစ်သည်။
လုန်လီက…
"နောက်ရက်တွေမှာတော့ မင်းတို့တွေ ဘာမှလုပ်စရာရှိမှာ မဟုတ်ပါဘူး ၊ နဂါးပြည်ပိုင်နက်ထဲမှာ ကြိုက်တဲ့နေရာ လျှောက်လည်လို့ရပါတယ် ၊ အကြမ်းဖျင်း (၇)ရက်လောက်နေမှ ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်ပေးအပ်တဲ့ အခမ်းအနား ပြုလုပ်လိမ့်မယ်…"
ခဏနားပြီးမှ လုန်လီက ဆက်ပြောသည်။
"အဲဒီအချိန်ကျရင်တော့ လှည့်ကွက်လေးတွေ နည်းနည်းပါးပါး ရှိနိုင်တယ် ၊ မင်းတို့အားလုံး ပြင်ဆင်ထားကြပေါ့"
ထို့နောက် လုန်လီက ဧည့်သည်များကို လိုက်ပါပို့ဆောင်ရန် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
ခွန်လွန်တောင်မှလူငယ်များ ထွက်ခွာသွားကြသော်လည်း မြောင်ယွဲ့နှင့် ကျိုးကျုန်းထျန်းတို့ကတော့ လိုက်ပါသွားခြင်း မရှိကြပေ။
သူတို့ နေထိုင်ရမည့်နေရာကို နဂါးဧကရီ ရန်ကျင်းကိုယ်တိုင် လိုက်ပို့ပေးမည် ဖြစ်သည်။ အခြားသူများကို လိုက်ပို့ခိုင်းမည်ဆိုလျှင် နဂါးမျိုးနွယ်များက ဧည့်သည်များအပေါ် မယဉ်ကျေးရာရောက်ပေလိမ့်မည်။
နဂါးမျိုးနွယ်များသည် ရန်သူမဟုတ်ပါက ဧည့်သည်များအပေါ်တွင် မာနကြီးတတ်သူများ မဟုတ်ကြပေ။
***
ကျန်းလန်နှင့် အခြားသူများကတော့ အပြင်ဘက်တွင်ရှိနေသည့် နဂါးမျိုးနွယ်များနောက်သို့ လိုက်ပါသွားကြသည်။ သူတို့ စင်မြင့်နေရာမှ ထွက်ခွာလိုက်သည်နှင့် သလင်းရုပ်တုတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
ရုပ်တုကြီးက အလွန်မြင့်မားပြီး ကောင်းကင်ထက်သို့ ပျံတက်နေသည့် နဂါးတစ်ကောင်ပုံသဏဏ္ဍန် ထုလုပ်ထားခြင်း ဖြစ်သည်။
နဂါးကြီး၏ နောက်ကျောဘက်တွင် ဓားတစ်လက် ရှိနေလေသည်။ ထိုဓားက သာမန်ဓားတစ်လက် ဟုတ်ဟန်မတူပေ။
"အဲဒါ နဂါးဓားပဲ"
ရုတ်တရက် အသံတစ်သံက ကျန်းလန်ရဲ့ နားထဲသို့ ဝင်ရောက်လာသည်။
အဋ္ဌမမင်းသား၏ အသံပင် ဖြစ်ပေတော့၏။
***