ငါ့ဓားကသွေးဆာနေပြီ
Vol. 31 Ch. 424
ကျန်းလန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုရောင်ဝါများအားလုံးကို လက်ထဲတွင် စုစည်းလိုက်သည်။ အနီးကပ်စစ်ဆေးကြည့်ပြီးနောက် ထိုရောင်ဝါက တစ်စုံတစ်ခုနှင့် ဆက်စပ်နေသည်ကို သဘောပေါက်လိုက်သည်။
"တစ်ဖက်လူက ငါတို့ရဲ့တည်နေရာကိုသိနိုင်ဖို့ ဒီရောင်ဝါကို အသုံးပြုလိုက်တာပဲ"
ကျန်းလန် တွေးလိုက်သည်။
ဤနေရာတွင် ထိုသို့သောအရာတစ်ခု ရှိနေသည်ကို ကျန်းလန် မအံ့သြမိပေ။ ကျောက်စိမ်းရေကန်နတ်ဘုရားမကို အန္တရယ်ပြုလိုသူများ လောကတွင် အများအပြားရှိနေသည် မဟုတ်လား။
သို့သော် နဂါးမျိုးနွယ်များက လွယ်ကူသည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ (၂)ယောက်၏ တည်နေရာကို ရန်သူက သိရှိသွားသည်နှင့် တိုက်ခိုက်ရန် တစ်ဝက်အောင်မြင်သည်ဟု ဆိုနိုင်သည်။
နဂါးမျိုးနွယ်များ၏ ပိုင်နက်အတွင်းမှ ထွက်ခွာသွားသည်နှင့် သူတို့ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိသည်။ ကျန်းလန် ထိုအကြောင်းများကို သိပ်မတွေးတော့ဘဲ သူ့လက်ထဲမှ ရောင်ဝါကို အာရုံခံကြည့်လိုက်သည်။
သို့သော် တစ်ဖက်လူ၏ တည်နေရာကို သိရှိနိုင်ခြင်း မရှိခဲ့သဖြင့် လှုပ်ရှား၍ မရနိုင်ခဲ့ပေ။ ရန်သူက စတင်လှုပ်ရှားမည်ဆိုလျှင်တော့ ဤရောင်ဝါက တုံ့ပြန်လာမည်ဖြစ်ပြီး သူ့အနေဖြင့် တည်နေရာကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
နောက်ဆက်တွဲလှုပ်ရှားမှုများကို အချိန်ကျမှ ဆုံးဖြတ်နိုင်မည်ဖြစ်သည့်တိုင် ရန်သူကို လျှော့တွက်၍ မရနိုင်လေရာ အစစအရာရာ ပြင်ဆင်ထားရမည် ဖြစ်သည်။
နဂါးဓားသိုင်းကို အသုံးပြုကာ ရန်သူကို တိုက်ခိုက်နိုင်မည် ဖြစ်ပြီး ထိုဓားသိုင်း မည်မျှ အစွမ်းထက်ကြောင်း ကျန်းလန် သိချင်နေမိသည်။
ထို့နောက် ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်အာရုံထဲမှ နဂါးဓားသိုင်းကျမ်းစာအုပ်ကို ကြည့်လိုက်သည်။ ထိုခဏမှာပင် အေးစိမ့်သည့်အငွေ့အသက်တစ်ခုက သူ့စိတ်အာရုံတစ်ခုလုံးဆီသို့ ပျံ့နှံ့ဝင်ရောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလံးကို ဖုံးလွှမ်းသွားသည်။
ဓားသိုင်းက လုံး၀ အားနည်းခြင်း မရှိပေ။
ကျန်းလန် စိတ်အာရုံထဲမှစာအုပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သို့သော် စာအုပ်က တစ်ချက်လှုပ်ရှားသွားပြီး ဓားသိုင်းပညာတစ်ခုလုံးက သူ့စိတ်ဝိညာဉ် ၊ ရုပ်ခန္ဓာ အားလုံးနှင့် ပေါင်းစည်းသွားသည်။
ထိုခဏတွင် ကျန်းလန်သည် ပင်လယ်လေးစင်းအထက်၌ ရပ်တန့်လျှက် ကောင်းကင်ထက်တွင် ထွန်းလွင်းတောက်ပနေသည့် ဓားရှည်တစ်လက်ကို တွေ့မြင်လိုက်ရ၏။
ဓားရှည်က သူ့အရှေ့သို့ ဆင်းသက်လာသည်။ ထို့နောက် ဓားသွားမှ နဂါးအရိပ်တစ်ခု ထွက်ပေါ်လာပြီး ရောင်ဝါတစ်ခုက ပျံ့နှံ့လွှမ်းမိုးသွားသည်။
ကျန်းလန်က ချက်ချင်းပင် လက်ကို ဆန့်တန်းလိုက်ပြီး ဓားသွားကို ကိုင်လိုက်သည်။ ဓားနှင့်လက် ထိမိသည်နှင့် ပင်လယ်လေးစင်းကို ထိုဓားဖြင့် ခုတ်ပိုင်းပစ်နိုသည်ဟု ခံစားလိုကရသည်။
ခံစားချက်က မယုံကြည်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။
"ဟူး…"
ဓားရှည်မှ ထွက်ပေါ်လာသည့် ဓားဝိညာဉ်က ကျန်းလန်ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သွေးကြောဆုံချက်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ဓားတစ်လက်၏ ပုံရိပ် ထင်ဟပ်နေပြီး အလွန်လျှင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
ကျန်းလန် သူ့ဘေးမှ ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။ သူမ အိပ်ယာမှ မနိုးသေးကြောင်း သေချာသည်နှင့် နဂါးဓားသိုင်းပညာနှင့် ကျွမ်းဝင်မှုရှိစေရန် ဆက်လက်ကျင်ကြံလိုက်သည်။
နဂါးဓားသိုင်း (၃)ကွက်ကို စိတ်အာရုံထဲတွင် အာရုံခံ ကျင့်ကြံပြီးသည့်နောက် ဓားသိုင်းက အလွန်တရာ စွမ်းအားမြင့်မားကြောင်းနားလည်လိုက်သည်။
ဓားသိုင်းက အကန့်အသတ်များစွာ ရှိနေပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပါက ဓားနှင့်လူ တစ်သားတည်းကျသွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ခန္ဓာကိုယ်က တောက်ပကြည်လင်သည့် သလင်းနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော် ကျန်းလန်ကတော့ ထိုအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။ သူက နဂါးမျိုးနွယ်တစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် ဓားသိုင်းကို ကျင့်ကြံနိုင်သည့်တိုင် သလင်းနဂါးအဖြစ်သို့ ကူးပြောင်းနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လာမည့်ရက်အနည်းငယ်အတွင်း နဂါးဓားသိုင်းကို ပိုမိုကျွမ်းကျင်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
***
အချိန် (၇)ရက် ကြာပြီးနောက်…။
ပင်လယ်လေးခု အပြင်ဘက်ရှိ ချောက်နက်ကြီးအတွင်း အမှောင်ထုထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘိုးဘေးနဂါး ကောင်းချီးလက်ဆောင်ပေးအပ်မယ့် အခမ်းအနား စတင်တော့မယ် ၊ နဂါးမျိုးနွယ်တွေ ရွေးချယ်ထားတဲ့နေရာက နဂါးငိုကျွန်းတဲ့… ၊ နဂါးတွေက ငါတို့ရှိတဲ့နေရာကိုများ တမင်သက်သက် ရောက်လာကြသလားပဲ"
"နဂါးငိုကျွန်း ဟုတ်လား ၊ ကျုပ်တို့ ဌာနခွဲတစ်ခုလည်း အဲဒီနေရာမှာ ရှိတယ် မဟုတ်လား ၊ ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမ ကျုပ်တို့ ပိုင်နက်ထဲကို ဝင်မလာရင် ဘာမှလှုပ်ရှားလို့ရမှာ မဟုတ်ဘူး ၊ အဲဒါဆိုရင် တခြားအခွင့်အရေးပဲ ရှာရလိမ့်မယ်"
"နဂါးမျိုးနွယ်တွေက သိပ်ပြီး မရက်စက်တတ်ကြဘူး ၊ သူတို့က ခွန်လွန်တောင်ကို အားနည်းသွားစေချင်တဲ့ ဆန္ဒမျိုးတော့ ရှိမယ်မထင်ဘူး ၊ ဟုတ်တယ်မလား"
"ကျုပ်တို့ အစီအစဉ်အောင်မြင်သွားတယ်ဆိုရင် ကျုပ်တို့ပဲ အပြစ်တင်ခံရမှာလေ ၊ ဒါပေမဲ့ ဒီလိုလုပ်လိုက်လို့ ပျော်နေမယ့်သူတွေမှ အများကြီးပဲ ၊ ဘာပဲဖြစ်ဖြစ် နဂါးငိုကျွန်းဆိုရင်တော့ အခွင့်အရေး ရနိုင်ပါတယ် ၊ နတ်မိစ္ဆာတွေလည်း အနားမှာ ရှိနေကြတာပဲ မဟုတ်လား ၊ သူတို့နဲ့ပူးပေါင်းပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမကို ကျုပ်တို့ပိုင်နက်ထဲ ဆွဲခေါ်ကြတာပေါ့"
"အမှန်ပဲ… နတ်မိစ္ဆာတွေလိုချင်တဲ့အာကလည်း ကျွန်းပေါ်မှာပဲ ရှိနေတာလေ"
"ဘယ်လောက် အကျပ်အတည်းကြုံပါစေ ကျုပ်တို့ လှုပ်ရှားနိုင်ပါတယ် ၊ ဒါပေမဲ့ အချိန်အကြာကြီး ထင်ထင်ပေါ်ပေါ် လှုပ်ရှားလို့တော့ မရဘူး ၊ ဘာလို့လဲဆိုတော့ နဂါးမျိုးနွယ်တွေနဲ့ ခွန်လွန်တောင်ကလူတွေရဲ့ တုံ့ပြန်မှုက ဘယ်လောက်မြန်မလဲဆိုတာ မသိနိုင်ဘူး"
"အင်း… သူတို့ဘက်က တုံ့ပြန်မှု အရမ်းမြန်လွန်းရန် အစီအစဉ်တွေအကုန် အလကားဖြစ်ကုန်မယ် ၊ ဒါပေမဲ့ ဒီလိုအခွင့်အရေးရဖို့ကလည်း ခက်ခဲတယ်ဆိုတော့ နတ်မိစ္ဆာတွေလည်း လက်လျှော့မှာ မဟုတ်သလို ကျုပ်တို့လည်း လက်မလျှော့နိုင်ဘူး"
"အဟက်ဟက်… အောင်မြင်ချင်တယ်ဆိုရင်တော့ တိုက်ခိုက်ကြတာပေါ့"
"အဟက်ဟက်…"
ထို့နောက် ဤကိစ္စကို ချိန်ဆနေသည့်အလား အမှောင်ထုထဲမှ အသံများ ပျောက်ကွယ်သွားကြသည်။
***
ပင်လယ်ရေအောက်မှ ကျောက်ကလပ်ကြီးတစ်ခု ရေပြင်ထက်သို့ ထိုးထွက်လာသည်။
ကျောက်ကလပ်ပေါ်တွင် လူများ မတ်တတ်ရပ်လျှက် လိုက်ပါလာကြပြီး နဂါးမျိုနွယ်များနှင့် ခွန်လွန်တောင်မှ ဧည့်သည်များ ဖြစ်ကြ၏။
ကျန်းလန်နှင့် လုန်ယွိသည်လည်း ကျောက်ကလပ်ထက်တွင် လိုက်ပါလာကြသည်။
ဤအချိန် (၇)ရက်အတွင်း ကျန်းလန်က အခန်းအောင်းကာ ကျင့်ကြံခြင်း မပြုလုပ်ခဲ့ပေ။ သူက လုန်ယွိနှင့်အတူ ဟိုဟိုဒီဒီ လျှောက်လည်လေ့ရှိသည်။
ဤနေရာက နဂါးမျိုးနွယ်များ၏ ပိုင်နက်ဖြစ်ပြီး လုန်ယွိကလည်း နဂါးမျိုးနွယ်တစ်ယောက် ဖြစ်သည်။ သူမအနေဖြင့် မွေးရပ်မြေသို့ ပြန်လာရသည်မှာ ရှားပါးအခွင့်အရေးဖြစ်သောကြောင့် လျှောက်လည်ချင်စိတ်ရှိမည်က အမှန်ပင်။
သို့သော် သူမတစ်ယောက်တည်း လျှောက်သွား၍ မသင့်တော်ပေ။ ထို့ကြောင့် ကျန်းလန်က အလိုက်သိစွာပင် သူမနှင့်အတူ အဖော်ပေးခြင်း ဖြစ်သည်။
လုန်ယွိ၏ မိခင်ဖြစ်သူကလည်း တစ်ခါမှ ရောက်မလာခဲ့ပေ။
အခြားသော နဂါးမင်းသားများ ၊ နဂါးမင်းသမီးများသည်လည်း လုန်ယွိထံသို့ တစ်ခါမှ လာရောက်လည်ပတ်ကြခြင်း မရှိပေ။ လုန်ယွိထံသို့ လာရောက်လည်ပတ်သူများမရှိခြင်းက ပဋိပက္ခများကို ရှောင်ရှားနိုင်သဖြင့် ကျန်းလန်အတွက်တော့ အဆင်ပြေလေသည်။
နေရာအတော်များများသို့ သူတို့ (၂)ယောက် သွားရောက်လည်ပတ်ခဲ့ကြသည်။ သို့သော် လုန်ယွိကတော့ မည်သည့်နေရာကိုမှ မမှတ်မိတော့ပေ။
ငယ်စဉ်ကပင် ခွန်လွန်တောင်သို့ ရောက်ခဲ့သည်ဖြစ်ရာ မွေးရပ်မြေသို့ ပြန်ရောက်သည့်တိုင်း ရင်းနှီးသည့်နေရာ ၊ ရင်းနှီးသည့်မိတ်ဆွေအပေါင်းအသင်း တစ်ယောက်မှ မရှိတော့ပေ။ သူမ၏ မိခင်သည်ပင် သူမနှင့် ရင်းနှီးခြင်း မရှိခဲ့ပေ။
လုန်ယွိကတော့ မိခင်ဖြစ်သူနှင့် ရင်းနှီးလိုစိတ်ရှိခဲ့သည့်တိုင် သူမ ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပေ။ မိခင်ဖြစ်သူက သူမကို တစ်ခေါက်တစ်လေပင် လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။
အချိန် (၇)ရက် ကုန်ဆုံးသွားပြီးနောက် လုန်ယွိ ထိုကိစ္စကို ခေါင်းထဲ မထားတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမကို အဖော်ပြုပေးနေသည့် ကျန်းလန် ရှိလေသည်။
မိခင်ဖြစ်သူကြောင့် သူမ မပျော်ရွှင်ခဲ့ရသော်လည်း ကျန်းလန်ကြောင့်တော့ သူမ ပျော်ရွှင်ခဲ့ရလေသည်။ သူမ ပျော်ရွှင်သည့်လူနှင့်သာနေထိုင်ရန် လုန်ယွိ ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ဘေးနားတွင်နေရလျှင် သူမ ပျော်ရွှင်လေသည်။
ကျောက်ကလပ်ကြီး ပင်လယ်ပြင်ထက်သို့ ရောက်ရှိလာသည်နှင့် ကျန်းလန်က လုန်ယွီကို လှမ်းကြည့်လိုသည်။ ထိုအခါ သူ့ကိုကြည့်နေသည့် လုန်ယွိနှင့် အကြည့်ချင်းဆုံသွားသည်။
ရှောင်ယွိသာဆိုလျှင် ပြောင်စပ်စပ်အမူအရာဖြင့် သူ့ကို လျှာထုတ်ပြမည်ဖြစ်သော်လည်း လုန်ယွိကတော့ တည်ငြိမ်အေးစက်နေခဲ့သည်။
သူမသာ နဂါးအသွင်ပြောင်းသွားပြီး သူ့ကို လျှာထုတ်ပြလျှင် မည်သို့ရှိမည်နည်းဟု ကျန်းလန် တွေးလိုက်သည်။ မြွေတစ်ကောင် လျှာထုတ်ပြသကဲ့သို့ ဖြစ်နေမည်လား။ ချစ်စရာတော့ ကောင်းမည် မဟုတ်ပေ။
လုန်ယွိက မည်သည့်စကားမှမဆိုဘဲ ကျန်းလန်အနားသို့ အသာတိုးကပ်လိုက်သည်။
ထိုအချိန်…
နဂါးဧကရီရန်ကျင်း၏အသံ ထွက်ပေါ်လာသည်။
"ရှင်တို့တွေအားလုံး ဟိုးအဝေးကကျွန်းကို တွေ့ကြသလား"
ကျန်းလန် လှမ်းကြည့်လိုက်တော့ ကျွန်းငယ်တစ်ခုကို တွေ့မြင်ရသည်။
ထိုကျွန်းက သူတို့ရောက်ရှိနေသည့်နေရာနှင့် အလွန်တရာဝေးကွာပြီး အလင်းရောင်ခပ်မှိန်မှိန်တောက်ပနေသည်။ ထိုအလင်းရောင်က နဂါးမျိုးနွယ်များ၏ ရောင်ဝါ ဖြစ်သည်။
"ဒီကျွန်းက သာမန်ကျွန်းတစ်ကျွန်းတော့ မဟုတ်ဘူးပဲ"
ကျန်းလန် တွေးလိုက်သည်။
အခြားသူများသည်လည်း ထိုအချက်ကို သတိပြုမိကြသည်ပင်။
ရန်ကျင်းက…
"ဒီကျွန်းပေါ်မှာ စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိတယ် ၊ အဲဒီမြစ်က ကျွန်းကို နှစ်ပိုင်းခွဲပေးထားတယ် ၊ မြစ်တစ်ဖက်က အန္တရယ်ရှိတဲ့ဘက်ခြမ်းဖြစ်တယ် ၊ ဒီတော့ အားလုံးပဲ အန္တရယ်ကင်းတဲ့ဘက်မှာပဲ နေထိုင်ဖို့လိုတယ် ၊ ဒါဆိုရင် အန္တရယ် ကျရောက်လာရင်တောင်မှ လွတ်မြောက်ဖို့လွယ်မှာ ဖြစ်တယ်"
သတိပေးစကားဆိုပြီးသည်နှင့် ရန်ကျင်းက စကားဆက်ပြောသည်။
"ကျွန်းပေါ်ကိုရောက်တာနဲ့ ကျွန်းကို လွှမ်းခြုံထားတဲ့ နဂါးပုံရိပ်တစ်ခုကို တွေ့ရလိမ့်မယ် ၊ ပြီးရင်တော့ ကောင်းချီးလက်ဆောင်ပေးအပ်တဲ့ပွဲ စတင်မှာဖြစ်တယ် ၊ အားလုံးပဲ ကျွန်းပေါ်မှာ အချိန် (၁)လခွဲလောက်တော့ နေကြရလိမ့်မယ်"
ကျန်းလန် အခြေအနေကို အကြမ်းဖျင်းနားလည်လိုက်သည်။
ဘိုးဘေးနဂါး၏ ကောင်းချီးလက်ဆောင်ပေးအပ်သည့် အခမ်းအနားကို ကျွန်းငယ်ထက်တွင် ပြုလုပ်မည် ဖြစ်သည်။ ကောင်းချီးလက်ဆောင်ခံယူမည့်သူများ၏ ရောင်ဝါကို နဂါးများ၏ပိုင်နက်နယ်မြေသို့ ရောက်ခါစအချိန်က ဘိုးဘေးနဂါး၏ စင်မြင့်ကြီးထက်တွင် အသိအမှတ်ပြုထားသည်။
ထို့ကြောင့် သတ်မှတ်ထားသူများမှလွဲပြီး အခြားသူများ ကောင်းချီလက်ဆောင်ရရှိသွားမည်ကို စိတ်ပူစရာ မရှိပေ။
အခြေအနေများကို အတည်ပြုပြီးနောက် ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ကျောက်ကလပ်ပေါ်မှ လူများအားလုံးကို ရစ်ပတ်သွားသည်။
မြောင်ယွဲ့က…
"အားလုံးပဲ လျှောက်မသွားကြဖို့ သတိရပါ ၊ ပြီးတော့ ဖုံးကွယ်တဲ့ အစီအရင်တွေကိုလည်း အသုံးမပြုကြနဲ့ ၊ အန္တရယ်ကြုံလာရင် ရှာမတွေ့ဘဲ ဖြစ်နေဦးမယ်"
ကျန်းလန် : "……"
ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကိုများ တည့်တည့်ပြောနေလေသလား။
ရန်ကျင်းက ကျိုးကျုန်းထျန်းကို ကြည့်လိုက်ပြီး…
"အကုန်လုံး စုသွားလို့မရဘူး ၊ လူခွဲသွားကြရမယ်"
ကျိုးကျုန်းထျန်းက ချက်ချင်းပင် လူငယ်များကို အုပ်စုဖွဲ့ပေးလိုက်သည်။
ခွန်လွန်တပည့် (၁၀)ယောက် ၊ နဂါးလူငယ် (၅)ယောက် ၊ စုစုပေါင်း (၁၅)ယောက် ဖြစ်သည်။ ကျိုးကျုန်းထျန်းက အဖွဲ့ (၄)ဖွဲ့ခွဲလိုက်၏။
လုကျန်း ၊ ဟုန်လွမ် ၊ လင်စီးယာနှင့် မုရှိုးတို့ကတစ်ဖွဲ့ ဖြစ်သည်။
လင်အန်းနှင့် ပေဖန်းတို့က ကျိကျန်နှင့် ကျင်းထင်တို့ကို ခေါ်ဆောင်သွားသည်။
ကျန်းလန် ၊ လုန်ယွိနှင့် အဋ္ဌမမင်းသားတို့က တစ်ဖွဲ့ဖြစ်ပြီး ကျန်ရှိသည့် နဂါးလူငယ် (၄)ယောက်က တစ်ဖွဲ့ဖြစ်သည်။
အုပ်စုခွဲလိုက်သည်က အတော်လေး လူညီသည်။
အဋ္ဌမမင်းသားက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူဖြစ်ပြီး တိုက်ခိုက်မှုအတွေ့အကြုံလည်း ထိပ်တန်းအဆင့်တွင် ရှိသည်။
ထို့ကြောင့် ကျန်းလန်နှင့် လုန်ယွိကို ကောင်းကောင်း ကာကွယ်နိုင်မည် ဖြစ်သည်။
လုကျန်းက…
"ဆရာ… ကျွန်တော်တို့ ကျွန်းပေါ်မှာ ရန်သူနဲ့ တွေ့နိုင်မလား"
ဖြေရခက်သည့်မေးခွန်းဖြစ်လေရာ ကျိုးကျုန်းထျန်းက ရန်ကျင်းကို လှမ်းကြည့်လိုက်သည်။
ရန်ကျင်းက ခေါင်းညိတ်လိုက်ရင်း…
"တွေ့နိုင်ပါတယ်"
အဖြေကိုရသည့်အခါ လုကျန်း ဝမ်းသာသွားသည်။ သူက ရန်သူနှင့် တိုက်ခိုက်ကာ လက်ရည်စမ်းလိုသည်။
ဟုန်လွမ်က…
"ဂိုဏ်းတူအစ်ကို ၊ ဆရာဦးလေးက ကျွန်မတို့ကို ဂိုဏ်းတူညီမလေး (၂)ယောက် အန္တရယ်ကင်းအောင် ခေါ်သွားစေချင်တာ ၊ ပြဿနာရှာပြီး တိုက်ခိုက်ဖို့ မစဉ်းစားနဲ့နော်"
မုရှိုးက ခပ်တိုးတိုးလေသံဖြင့်…
"ဂိုဏ်းတူအစ်မ… တိုက်ခိုက်ရလည်း ကိစ္စမရှိပါဘူး ၊ ကျွန်မတို့ တိုက်ခိုက်နိုင်ပါတယ်"
ဟုန်လွမ် : "……"
လုကျန်းက…
"စိတ်မပူနဲ့ ၊ အခုမတိုက်ရလည်း နောက်ကျ ဟို နဂါး (၄)ယောက်အုပ်စုကို သွားတိုက်မယ် ၊ အချင်းချင်းပညာဖလှယ်တယ်ဆိုတာ နှစ်ဖက်လုံးအတွက် ကောင်းတာပဲလေ"
ဘေးမှ နဂါးလူငယ်များ : "……"
လင်စီးယာက လုန်ယွိကို လှမ်းကြည့်လိုက်သည်။
သနားစရာ အဋ္ဌမမင်းသားလေးကတော့ လင်မယား (၂)ယောက်ကြား ကြားညပ်မည့် တတိယလူ ဖြစ်သွားခဲ့ပြီဟု သူမ ခံစားလိုက်ရသည်။
သူမကတော့ တိုက်ချင်ခိုက်ချင်စိတ်ရှိသည့် လုကျန်း၏ အဖွဲ့ထဲတွင် ဖြစ်သော်လည်း အဆင်ပြေလေသည်။ သူမက တိုက်ပွဲအတွ့အကြုံသိပ်မရှိလေရာ အခွင့်အရေးရတုန်း အတွေ့အကြုံယူရန် ဆုံးဖြတ်ထားသည်။
နဂါးလူငယ်များကတော့ ခွန်လွန်တောင်မှ တပည့်များက အတော်လေး ကြမ်းတမ်းလှသည်ဟု ခံစားလိုက်ရသည်။ တိုက်ခိုက်ကြမည်ဆိုလျှင်လည်း သူတို့ဘက်မှ အရင်စတင်လှုပ်ရှားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အမေရေ အဖေရေ တ ကာ ငိုကြွေးကြသည်အထိ ထို ခွန်လွန်တပည့်များကို သူတို့ ရိုက်ပစ်ချင်နေကြသည်။
သို့သော် သူတို့က ကျောက်စိမ်းရေကန် နတ်ဘုရားမကိုတော့ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။
ကျန်းလန်ကလည်း ထိုနဂါးလူငယ်များကို အရေးမစိုက်ပေ။
လွန်ခဲ့သည့်ရက်များက သူနှင့်လုန်ယွိနေထိုင်ရာအခန်းထဲသို့ ရောက်ရှိလာသည့် ရောင်ဝါ၏တည်နေရာသည် ထိုကျွန်းပေါ်မှဖြစ်ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
"ကြည့်ရတာ ရန်သူကလည်း လှုပ်ရှားဖို့ အသင့်ပြင်ထားတယ်ထင်တယ် ၊ ဒါပေမဲ့ ငါ တစ်ယောက်တည်း ဒီကောင်တွေကို ရင်ဆိုင်သင့်လား ၊ ဒါမှမဟုတ် ဂိုဏ်းတူအစ်မနဲ့ တခြားသူတွေကိုရော ခေါ်သွားသင့်သလား"
ရန်သူက မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း သူ မသိရှိသေးပေ။
သို့သော် ကျန်းလန်၏ဓားက တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။
ထိုဓားက ထက်ရှလွန်းလှေလ၏။
***