← Chapters

ကျုပ်က မိန်းကလေးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံများတယ်

Vol. 31 Ch. 425

ကျုပ်က မိန်းကလေးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံများတယ်

Vol. 31 Ch. 425

နဂါးငိုကျွန်း ၊ မြစ်ကမ်းနံဘေး။

မြစ်ရေလှိုင်းများက ကမ်းခြေပေါ်သို့ မြင့်တက်လာလိုက် နောက်ပြန်ဆုတ်သွားလိုက်ဖြင့် သဲအလွှာများကို ဖြည်ဖြည်းချင်း တိုက်စားသွားသည်။

လိပ်တစ်ကောင်မှာလည်း ရေလှိုင်းနှင့်အတူ ကမ်းခြေသို့ မျောပါလာသည်။ လိပ်က ရေထဲပြန်ဆင်းရန် ကြိုးစားနေချိန် ရုတ်တရက် ကောင်းကင်တစ်ခုလံး မှောင်မိုက်သွား၏။

ထို့နောက် လိပ်ငယ်လေးရှေ့သို့ ခြေထောက်တစ်ဖက်ကျရောက်လာလေရာ လိပ်လေးမှာ ကြောက်ရွံ့သွားပြီး အခွံထဲသို့ ဝင်သွားတော့သည်။

"ဗွမ်း…"

အကြေးခွံများပါရှိသည့် ပင်လယ်မိစ္ဆာတစ်ကောင် ကမ်းခြေပေါ်သို့ လှမ်းတက်လာခြင်း ဖြစ်သည်။

"ငါတို့ရောက်ပြီ…"

ထိုမိစ္ဆာက မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏မျက်စံများက ထူးခြားစွာ ဒေါင်လိုက်အစင်းဖြစ်ကာ လျှာကိုလည်း ပြူတစ်ပြူတစ် ထုတ်နေသေးသည်။

မြွေမိစ္ဆာမယ်။

ဟုတ်ပေ၏။ သူမက ညှို့ငယ်နိုင်စွမ်းရှိသည့် မြွေမိစ္ဆာမယ်တစ်ယောက်ပင် ဖြစ်သည်။

သူမ၏ခန္ဓာကိုယ်ထက်တွင် နဂါးရောင်ဝါတစ်ခု ရှိနေပြီး ထိုနဂါးက အနက်ရောင်နဂါးဖြစ်သလို ကိုယ်ပိုင်အသိဉာဏ်လည်း ရှိပုံရသည်။

"ကျုပ်တို့ကြောင့် မင်းရဲ့စွမ်းအားကို အပြည့်အ၀ အသုံးပြုနိုင်မှာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ တန်ခိုးစွမ်းအားမြင့်မားသူတွေ အများကြီးနဲ့ ရင်မဆိုင်ရသရွေ့တော့ ပြဿနာ မရှိပါဘူး"

နဂါးနက်အရိပ်က စကားပြောလိုက်သည်။

မြွေမိစ္ဆာမယ်က နူးညံ့သည့်လေသံဖြင့်...

"ကျွန်မတို့အားလုံး ဒီနေရာကနေ ထွက်သွားခွင့်ရမျာလား"

နဂါးနက်က ခေါင်းညိတ်လိုက်ရင်း...

"ဟုတ်တယ် ၊ ဒါပေမဲ့ မင်းတို့ ပစ်မှတ်ကို ရှာဖွေဖို့ ကြိုးစားရလိမ့်မယ်"

မြွေမိစ္ဆာမယ်က...

"ဒါပေမဲ့ ပစ်မှတ်ကို ရှာတွေ့ဖို့က ကံတရားအပေါ်လည်း မူတည်တယ် မဟုတ်လား"

သူမ မေးခွန်းကို နဂါးနက်က ပြန်လည်ဖြေဆိုခြင်း မရှိပေ။ ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်ခြင်းသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပင်လယ်မိစ္ဆာများစွာ မြစ်ကမ်းပါးတွင် ထွက်ပေါ်လာကြသည်။ သူတို့က မြွေမိစ္ဆာမယ်နှင့်အတူ ကျွန်းပေါ်သို့တက်သွားပြီး ပျောက်ကွယ်သွားသည်။

သူတို့ ဦးတည်ရာက အရှေ့ဆီမှ တောအုပ်အတွင်းသို့ ဖြစ်၏။

***

"ဟူး"

တောအုပ်ထဲတွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး လေပြင်းတစ်ချက်တိုက်ခတ်သွားကာ ရွက်ကြွေများ လွင့်ပျံသွားကြသည်။

လူတစ်စု ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။ အဋ္ဌမမင်းသား ၊ ကျန်းလန်နှင့် လုန်ယွိတို့ အုပ်စုဖြစ်သည်။

ရွက်ကြွေများ ပျံ့ကျဲသွားပြီး ကျန်းလန်နှင့် အခြားသူများ တည်ငြိမ်စွာပင် မြေပြင်ထက်သို့ ဆင်းသက်လိုက်ကြသည်။

အဋ္ဌမမင်းသားက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

"ကျုပ်တို့ ကန့်သတ်နယ်မြေအစွန်းကို ရောက်လာကြတာထင်တယ်"

ကျန်းလန်အနောက်တွင်ရပ်နေသည့် လုန်ယွိက ရှောင်ယွိအသွင်ပြောင်းကာ ရှေ့သို့ ထွက်လာသည်။

သူမက ကျန်းလန်အနားသို့ ခုန်ဆင်းလိုက်ပြီး ရယ်မောလိုက်သည်။

"ဒီလို အပြင်ထွက်ရတာ ကောင်းတော့ကောင်းသားပဲ"

အဋ္ဌမမင်းသားက...

"အစ်မ ၊ ဒီနေရာမှာ အစ်မရဲ့ တန်ခိုးစွမ်းအား အပြည့်အဝကို အသုံးပြုနိုင်ပါ့မလား"

ရှောင်ယွိက...

"ဟင့်အင်း ၊ ဒါပမဲ့ အဲဒါက ပြဿနာမရှိပါဘူး ၊ မြစ်နားကိုမသွားရင် ဘာမှ မဖြစ်ဘူးမဟုတ်လား"

သူတို့၏ မိခင်ဖြစ်သူက မြစ်တစ်ဖက်ကမ်းသို့ မသွားရောက်ရန် သူတို့ကို မှာကြားထားသည် မဟုတ်ပါလား။

ပုံမှန်ဆိုလျှင် မြစ်တစ်ဖက်ကမ်းမသွားလျှင် သူတို့အနေဖြင့် တိုက်ခိုက်ရန် မလိုအပ်ပေ။

ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ လောလောဆယ်တော့ ပြဿနာ မရှိနိုင်သေးပေ။

သူနှင့် လုန်ယွိနေထိုင်သည့် အခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာသည့် ရောင်ဝါကို ကျန်းလန်က သိပ်သည်းအောင်ပြုလုပ်ပြီး သိမ်းဆည်းထားခဲ့သည်။ ယခု ထိုရောင်ဝါ တုံ့ပြန်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။

ကြည့်ရသည်မှာ သူတို့ သေချာပေါက် အန္တရယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ရန်သူများက သေချာပေါက် လှုပ်ရှားကြမည်ဖြစ်သည်။ မြစ်တစ်ဖက်ကမ်းမှ ရန်သူသည် အချိန်မရွေး သူတို့ရှိရာသို့ ရောက်ရှိလာနိုင်သည်။

ရှောင်ယွိက...

"ဂိုဏ်းတူမောင်လေး ၊ ဒီနားတစ်ဝိုက်မှာ အန္တရယ်တစ်ခုခု ရှိနိုင်မလား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ခဏမျှ တုံဆိုင်းနေပြီးနောက် ကျန်းလန်က စာရွက်အပိုင်းအစလေးတစ်ခု ထုတ်ယူလိုက်ပြီး လုန်မန်ကို ပေးလိုက်သည်။

"အဋ္ဌမမင်းသား ၊ ဒီစာရွက်ကို ယူထားပါ ၊ မင်း ရင်မဆိုင်နိုင်တဲ့ ပြဿနာတစ်ခခု ကြုံခဲ့ရင် စာရွက်ပေါ်ကနာမည်ကို ရွတ်လိုက်ပါ"

ထိုစကားကို ကြားသည့်အခါ အဋ္ဌမမင်းသား အံ့အားသင့်သွားသည်။

သူက လက်သီးနတ်ဘုရားနာမည်ကို ချက်ချင်း တွေးလိုက်သည်။ သို့သော် ထိုနာမည်က သူ သိရှိထားပြီးသား ဖြစ်လေရာ ယောက်ဖက ဘာလို့ထပ်ပြီး သတိပေးနေရပါသနည်း။

"မင်းထင်တာနဲ့ မတူဘူး ၊ အန္တရယ်ကြုံလာတဲ့အခါ ဖွင့်ကြည့်လိုက်ပါ"

ကျန်းလန်က တီးတိုးပြောလိုက်သည်။

အဋ္ဌမမင်းသားကလည်း ကျန်းလန်ပြောသည့် ဆိုလိုရင်းကို သဘောပေါက်သွားသည်။

တကယ်တော့ စာရွက်ပေါ်မှ နာမည်ကို သူ မသိရှိလျှင် အကောင်းဆုံး ဖြစ်သည်။ သူ သိရှိလျှင်တောင်မှ ဆိုးရွားသည့် အခြေအနေတစ်ရပ် ကျရောက်ခြင်းမရှိဘဲ မရွတ်ဖတ်သင့်ပေ။ သို့သော် စာရွက်ပေါ်မှ အမည်ကို သူ အမှန်တကယ် သိချင်နေမိသည်။

"မင်းထင်တာနဲ့ မတူဘူး" ဟု ကျန်းလန်က ပြောသောကြောင့် ထိုနာမည်က လက်သီးနတ်ဘုရားမဟုတ်သည်မှာ သေချာသည်။

ထိုသို့ဆိုလျှင် မည်သူဖြစ်နိုင်ပါသနည်း။

လုန်မန်မှာ သိချင်လွန်းသဖြင့် ချက်ချင်းပင် အန္တရယ်နှင့် ရင်ဆိုင်လိုစိတ်ပေါက်မိတော့သည်။

ရှောင်ယွိက သူတို့ (၂)ယောက်ကို လှမ်းကြည့်လိုက်ရင်း…

"အရမ်း လျှို့ဝှက်ကြတာပဲ"

ဟု ပြောလိုက်သည်။

သို့သော် သူတို့ (၂)ယောက်ပြောနေသည့် အကြောင်းအရာများကို သူမ သိလိုစိတ် မဖြစ်မိပေ။

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…

"ဒီစာရွက်ကို ဆရာက ကိုယ့်ကိုပေးလိုက်တာ ၊ အန္တရယ်ကြုံတဲ့အခါ စာရွက်ပေါ်က နာမည်ကို အဋ္ဌမမင်းသားကပဲ ရွတ်ဖတ်ရမယ်တဲ့"

ထိုစဉ်…

"ဟူး…"

ကောင်းကင်ထက်မှ လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် နဂါးအရိပ်တစ်ခုက ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အဋ္ဌမမင်းသားက နဂါးအရိပ်ကိုကြည့်ပြီး ရေရွတ်လိုက်သည်။

"ကောင်းချီးလက်ဆောင်ပေးပွဲ စတင်တော့မယ်ထင်တယ်"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် နဂါးအရိပ်က ဘိုးဘေးနဂါး၏ ရောင်ဝါ ဖြစ်နိုင်သည်။

ဘိုးဘေးနဂါး သူ့ကို အာရုံမစိုက်လျှင် အကောင်းဆုံး ဖြစ်သည်။ သို့မှသာ မြစ်တစ်ဖက်ကမ်းမှ ရန်သူများကို စိတ်အေးလက်အေး ရှင်းပစ်နိုင်မည် ဖြစ်၏။

မည်သို့ပင် ဖြစ်စေ ကျန်းလန် ဘိုးဘေးနဂါးကိုတော့ သတိထားရမည် ဖြစ်သည်။

လက်ရှိ ဘိုးဘေးနဂါးသည် ပင်လယ်လေးခုကို အုပ်စိုးသည့် နဂါးမင်း ဖြစ်ဟန်တူသည်။ သို့ဆိုလျှင် သူက ရှောင်ယွိနှင့် လုန်မန်တို့၏ ဖခင် ဖြစ်၏။

ဘိုးဘေးနဂါးဟု ခေါ်ဆိုသည်မှာ နတ်ဘုရားရာထူးကို ရယူထားသောကြောင့် ဖြစ်နိုင်သည်။ နဂါးမျိုးနွယ်များ၏ နတ်ဘုရားရာထူးနာမည်မှာ "ရှေးဟောင်းပင်လယ်လေးခုနန်းတော်မှ အထွတ်ထိပ်ချန်ယွမ်နဂါးမင်း" ဖြစ်သည် မဟုတ်ပါလား။

ဤသည်က ဧကရာဇ်ရှီးဟယ်လိုပဲ ဖြစ်သည်။ သူ၏ နာမည်အရင်းကို ကျန်းလန် မသိရှိပေ။

ထို့အတူ လက်သီးနတ်ဘုရား၏ အမည်ရင်းကိုလည်း မည်သူမှ မသိရှိကြပေ။  သို့ပေသိ လက်သီးနတ်ဘုရားအမည်က သူ၏ ကိုယ်ပိုင်လက္ခဏာတစ်ခုကို ကိုယ်စားပြုသည်။

ရှောင်ယွိလည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ကောင်းချီးလက်ဆောင်ပေးအပ်သည့် အစီအစဉ်သည် လုပ်ငန်းစဉ်အတိုင်း ပြုလုပ်ရမည်ဖြစ်သောကြောင့် ထိုအချိန်အတွင်း သူမတို့ ကျွန်းပေါ်မှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ကျွန်မတို့ အခု ဘယ်သွားကြမလဲ"

ကျန်းလန်က နေရာအရွေးတော်သူ ဖြစ်သည်။ အများအားဖြင့် သူ ရွေးချယ်သည့် နေရာလေးများက ရှုမျှော်ခင်းများ လှပတတ်သည်။

ကျန်းလန်က မြစ်ကမ်းစပ်သို့ လှမ်းကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ ၊ ပုံမှန်ပုံစံအတိုင်း ပြန်ပြောင်းလိုက်ပါလား"

ထိုစကားကိုကြားသည့်အခါ ရှောင်ယွိက ချက်ချင်းပင် လုန်ယွိ အသွင်ပြောင်းလိုက်သည်။ ထို့နောက် ကျန်းလန်ကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်၏။

သို့သော် မည်သည့်ထူးခြားချက်မှ မတွေ့ရှိရပေ။

ကျန်းလန်က အလွန်သတိရှိသူတစ်ယောက်ဖြစ်သည်။ အန္တရယ်ကိုရှောင်တိမ်းတတ်သလို အန္တရယ်အငွေ့အသက်ကို အာရုံခံရာတွင်လည်း တော်လွန်းသည်။

သူမ၏ ဆရာ ၊ ဆရာဒေါ်လေးမြောင်ယွဲ့နှင့် အခြားသူများက ထိုသို့ပင် ပြောလေ့ရှိကြသည်။

အဋ္ဌမမင်းသားက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…

"အပြင်ဘက်မှာ ဖိအားတစ်ခု ရှိနေတယ် ၊ ရန်သူရောက်လာပြီ ထင်တယ်"

ထို့နောက် လုန်မန်၏လက်ထဲတွင် လှံရSည်တစ်လက်ပေါ်လာပြီး လျှပ်စီးများလည်း လင်းလက်တောင်ပလာသည်။ တစ်ချိန်တည်းမှာပင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး တောအုပ်ကို ဖြတ်သန်းကာ မြွေရိပ်တစ်ခု ဆင်းသက်လာသည်။

"ဘုန်း…"

မြွေရိပ်နှင့် လှံရှည်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်။

ရောက်ရှိလာသည့် ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုက်သည်နှင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ သို့ရာတွင် ရန်သူ၏ တန်ခိုးစွမ်းအားက ဖိနှိပ်ခံထားရပြီး အစစ်အမှန်အင်မော်တယ်အဆင့်ထက် တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် မိုးကောင်းကင်အင်မော်တယ်အောက် အားနည်းကြောင်း သိလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် ရန်သူကို ရင်ဆိုင်ရန်မလွယ်ကူပေ။ သူမက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားလွန်းသည်။

"မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ကိုတောင် တိုက်ခိုက်ဖို့ စေလွှတ်လိုက်တာပဲ ၊ ကြည့်ရတာ မြစ်တစ်ဖက်ကမ်းက ရန်သူက မိုးကောင်းကင်အင်မေယ်တယ်တွေကိုတောင် ထိန်းချုပ်နိုင်တဲ့သူမျိုး ဖြစ်ရမယ် ၊ သူက ဘယ်လိုလူစားမျိုးလဲ ၊ တာ့လော်အင်မော်တယ်တစ်ယောက်များလား ၊ သိချင်လိုက်တာ"

ကျန်းလန် တွေးလိုက်သည်။

ထိုခဏတွင် ပြင်းထန်လှသည့် ဖိအားတစ်ခု မြင့်တက်လာပြီး လုန်ယွိမှာ မခံနိုင်ဘဲ အဝေးသို့ ဆုတ်သွားရသည်။ အစစ်အမှန်အင်မော်တယ်နှင့်အထက် ကျင့်ကြံသူများတိုက်ပွဲတွင် သူမ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

အဋ္ဌမမင်းသားက…

"ယောက်ဖနဲ့အစ်မ ၊ အရင်သွားနှင့်တော့ ၊ သူက တန်ခိုးစွမ်းအား အရမ်းမြင့်မားပေမယ့် ကျုပ်လောက်တော့ အစွမ်းမကြီးပါဘူး ၊ သူ့ကို ကျုပ် တိုက်ခိုက်နိုင်မှာပါ"

ပြောပြီးသည်နှင့် လုန်မန်က လှံရှည်ကို ဝှေ့ယမ်းကာ ရန်သူကို တိုက်ခိုက်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ လုံး၀ တန်ခိုးစွမ်းအား နည်းပါးဟန် မရှိပေ။

ကျန်းလန်က ရန်သူကို လှမ်းကြည့်လိုက်သည်။ ထိုသူက မြွေမိစ္ဆာတစ်ယောက်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ထက်တွင် အနက်ရောင်နဂါးရောင်ဝါတစ်ခု လွှမ်းမိုးထားသည်။ ထိုနဂါးရောင်ဝါက ဤကျွန်းသို့ နတ်မိစ္ဆာများ ဝင်ရောက်လာနိုင်ရန် ကူညီပေးခြင်း ဖြစ်ဟန်တူသည်။

သို့ပေသိ အဋ္ဌမမင်းသားကတော့ ရင်ဆိုင်တိုက်ခိုက်နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

"သွားကြစို့ ဂိုဏ်းတူအစ်မ ၊ ဒီနေရာက အရင်ဆုံး ထွက်သွားကြမယ်"

ကျန်းလန်က လုန်ယွိကို ပြောလိုက်သည်။

လုန်ယွိက…

"လုန်မန် ဒီကိစ္စကို ဖြေရှင်းနိုင်ပါ့မလား"

ကျန်းလန်က…

"စိတ်မပူပါနဲ့ ၊ အန္တရယ်ရှိရင်တောင်မှ ကိုယ်ပေးလိုက်တဲ့စာရွက်က သူ့ကို ကာကွယ်ပေးနိုင်ပါတယ်"

ထို့ပြင် ဘိုးဘေးနဂါး၏ နတ်ဘုရားရာထူးကိုလည်း လုန်မန်အနေဖြင့် အသုံးပြုကောင်းပြုနိုင်မည် ဖြစ်သည်။

ကျန်းလန်စကားကိုကြားတော့မှ လုန်ယွိ စိတ်သက်သာရာရသွားပြီး ကျန်းလန်နှင့်အတူ ထွက်ခွာသွားသည်။ ယောက်ဖနှင့်အစ်မ ထွက်ခွာသွားတော့မှ အဋ္ဌမမင်းသားလည်း စိတ်သက်သာရာရသွား၏။

မဟုတ်ပါက သူတို့ (၂)ယောက်က လူသားအင်မော်တယ်များ ဖြစ်လေရာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည် အမှန်ပင်။ ထွက်ခွာသွားခြင်းအားဖြင့် သူတို့ (၂)ယောက် အန္တရယ်ကျရောက်မည်ကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။

ယောက်ဖက လက်သီးနတ်ဘုရားကိုလည်း သိရှိသူ ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ဒေသတွင် သေရည်ဆိုင်မှကောင်ငယ်လေး အန္တရယ်ကျရောက်စဉ်ကပင် လက်သီးနတ်ဘုရားထံမှ အကူအညီ ရရှိခဲ့သေးသည်။

ထို့ကြောင့် လိုအပ်လျှင် ယောက်ဖအနေဖြင့် လက်သီးနတ်ဘုရားကို အကူအညီ တောင်းနိုင်မည် ဖြစ်သည်။

ထို့ပြင် ယောက်ဖနှင့် အစ်မက တစ်ယောက်နှင့်တစ်ယောက် အလွန်တရာ ချစ်မြတ်နိုးကြပြီး မိုးကောင်းကင်မှ တွဲဖက်ပေးထားသည့် စုံတွဲဖြစ်သည်။ သို့ဖြစ်ရာ ယောက်ဖ အဆင်ပြေလျှင် အစ်မဖြစ်သူလည်း သေချာပေါက် အဆင်ပြေပေလိမ့်မည်။

မြွေမိစ္ဆာမယ်က အဋ္ဌမမင်းသားရှေ့တွင် မတ်တတ်ရပ်ရင်း ပြုံးလိုက်သည်။

"နဂါးမျိုးနွယ်တွေရဲ့ အဋ္ဌမမင်းသားကိုး ၊ ရှင်လည်း အတော်လေး အသုံးဝင်တဲ့သူတစ်ယောက်ပဲ"

လုန်မန်ကလည်း လှံရှည်ကို ဝှေ့ယမ်းရင်း ပြုံးလိုက်၏။

"အဟက်… မင်းက ညှို့တတ်တဲ့ မြွေမတစ်ယောက်ပဲ"

သူက ဆက်ပြောသည်။

"ကံမကောင်းတာက ကျုပ်က မိန်းကလေးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံများတယ် ၊ မင်းလို မြွေမိစ္ဆာလေးတစ်ကောင်က ကျုပ်ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားတယ်ဆိုရင်တောင်မှ ကျုပ်အပေါ် လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး"

ပြောပြီးသည်နှင့် အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး မြွေမိစ္ဆာမယ်ဆီသို့ ဝင်ရောက်သွားသည်။

တန်ခိုးစွမ်းအား ရိုက်ခတ်မှုများကြောင့် မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။

တိုက်ပွဲစတင်ပြီ ဖြစ်လေ၏။

***

All Chapters